2 3 4 5 6 7 8 9 10

Saturday, November 5, 2011

စိတ်ကျန်းမာမှ ချမ်းသာရ

…စိတ်သည် အရာရာတိုင်းကို ဦးဆောင်နိုင်သည်။
“ စိတ်ဆန္ဒသာ
ပြင်းပြပါစေ၊ မပြီးမြောက်နိုင်သောကိစ္စဟူ၍ မရှိ ” တဲ့။
စိတ်တစ်လုံးဆောင်မှသာ မိမိရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည် ဖြစ်သည်။
ကျွန်မတို့၏ နေ့စဉ်ဘ၀များတွင် စိတ်ချမ်းသာမှုမရှိဘဲ နေထိုင်ရပ်တည်နေရမည်ဆိုပါက ဘ၀သည်
အဓိပ္ပါယ် ကင်းမဲ့နေမည်မှာ အမှန်ပင်ဖြစ်သည်။ စိတ်သည် လူတိုင်း၏ ကျန်းမာရေးအတွက်
အဓိကသော့ချက်နေရာမှ ပါဝင်နေသည်။ “ စိတ်ထောင်းတော့ ကိုယ်ကြေ၊ စိတ်လေတော့ ကိုယ်လွင့်”
ဆိုသကဲ့သို့ စိတ်ကြောင့် ခန္ဓာကိုယ်မှာ ရောဂါကပ်ရောက်သော သာဓကတွေ များစွာရှိပါသည်။ ရင်ကျပ်၊ ပန်းနာ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါတို့သည် စိတ်က ရုပ်အပေါ်ကိုလွမ်းမိုးမှုကြောင့်ဖြစ်ပွားလာသည်မှာ ထင်ရှားပါသည်။ ရုပ်ပိုင်းဆိုင်ရာတစ်ခုခု ချို့ယွင်းပါကဆေးစား၊ ဆေးသောက်၊ လေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် ကုစားလျှင် အမြန် ပြန်လည်၍ ကောင်းမွန်လာနိုင်သည်။
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာရရှိပါက ကုသရန် မလွယ်ကူလှပါ။ စိတ်ကို စိတ်ဖြင့်သာ ကုသ၍ ရသည်။
စိတ်ဒဏ်ရာအား ကုသပျောက်ကင်းရန် အချိန်များစွာ ပေးရပေလိမ့်မည်။ ထို့ကြောင့် စိတ်ကျန်းမာရေးကို
များစွာဂရုစိုက်ရမည်။ စိတ်ကျန်းမာမှသာ ကိုယ်ခန္ဓာကျန်းမာနိုင်မည်။ ကိုယ်စိတ်နှစ်ပါးလုံး
ကျန်းမာမှသာလျှင် ချမ်းသာခြင်း အစစ်အမှန်ကို ရရှိခံစားနိုင်မည်ဖြစ်ပါသည်။

…စိတ်ချမ်းသာမှု နှင်းမှုန်လေးများနှင့်တွေ့လျှင် အေးမြခြင်းကို ခံစားရသကဲ့သို့ စိတ်ဆင်းရဲမှု မီးတောင်ကြီးကို ကျော်ဖြတ်နေရသည့်အချိန်များသည် မီးခဲငုံထားရသကဲ့သို့ ပူလောင်လှစွာ ခက်ခက်ခဲခဲ ဖြတ်သန်းရပြန်သည်။ ပညာရေး၊ စီးပွားရေး၊ လူမှုရေးဆက်ဆံရေး စသဖြင့်မိမိတို့ လုပ်ဆောင်နေရ သည့်ကဏ္ဍတိုင်း တွင် ပျော်ရွှင် ကြည်နူးဖွယ်ရာ တိုးတက်အောင်မြင်မှုများရှိသကဲ့သို့ ကြေကွဲဝမ်းနည်းဖွယ်ရာ ရှုံးနိမ့်မှုများနှင့်လည်း ကြုံတွေ့နေကြရပါသည်။ အရာရာ အဆင်ပြေ ချောမွေ့နေသောအခါများတွင် မိမိကိုယ်ကို ယုံကြည်မှုများ နှင့်အတူ အားတက်ရွှင်လန်းမိသည်။ ရှေ့ဆက်လျှောက်လှမ်းရမည့် ဘ၀ခရီးအတွက် စီမံကိန်းများ ချမှတ်ကာ အနာဂါတ် မျှော်လင့်ချက်များဖြင့် အရာရာကို ရင်ဆိုင်လိုသောစိတ်များ ထက်သန်လာရပါသည်။ ဒါကအောင်မြင်မှုများ ရနေချိန်တွင် ချမ်းသာပျော်ရွှင်နေတတ်သော စိတ်သဘာဝတစ်ခုဖြစ်မည်ထင်ပါသည်။ ထိုစိတ်ကပင် အရှုံးများနှင့် ရင်ဆိုင်ကြုံတွေ့လာရသည့်အခါများတွင် စိတ်ဓါတ်ကျတတ်ပြန်သည်။ မိမိကိုယ်မိမိ ရှုံးနိမ့်မှုအတွက်
သိမ်ငယ်စိတ်၊ အားငယ်စိတ်များဖြင့် ညှိုးနွမ်းရပြန်သည်။ စိတ်ဓါတ်ကြံ့ခိုင်သည် ဆိုသူများသည်ပင်
လောကဓံ၏ ရိုက်ခတ်မှု၊ လှိုင်းတံပိုးများနှင့်
ကြုံဆုံလာရသောအခါ ခံနိုင်ရည်ရှိအောင် ကြိုးစားရသည်မှာ လွယ်ကူလှသည်တော့ မဟုတ်ပါ။

…စိတ်၏ ဖြစ်တည်မှု၊ စဉ်းစားတွေးခေါ်မှု၊ ထွေပြားဆန်းကြယ်မှု၊ အပြောင်းအလဲ မြန်ဆန်မှု၊ တည်ငြိမ်
အေးချမ်းစွာနေလိုမှုနှင့် စေလိုရာစေခိုင်းတတ်သော၊ ထိန်းချုပ်ရန် ခက်ခဲသော စိတ်တွင်းဖြစ်စဉ်များသည်
စက္ကန့်တိုင်း၊ မိနစ်တိုင်း အချိန်နှင့်အမျှ ပြောင်းလဲနေသော စိတ်၏သဘော၊ သဘာဝကို သိမြင်စေပါသည်။ ကျွန်မ၏စိတ်တွင်းဖြစ်စဉ်နှင့် ပတ်ဝန်းကျင်ရှိ အခြားသူများ၏ စိတ်နေသဘောထား ပြောင်းလဲမှုများစွာကိုလည်း စိတ်ဝင်စားစွာဖြင့် စူးစမ်း လေ့လာနေမိမြဲ ဖြစ်ပါသည်။ ကျွန်မအများဆုံးတွေ့ထိ ခံစားရသည်က စိတ်နေသဘောထား မြင့်မြတ်သော၊ ရင့်ကျက် တည်ငြိမ် အေးဆေးသော၊ အရာရာကို အကောင်းမြင်သော စိတ်ဖြင့် ရှုမြင်တတ်သော၊ စိတ်ကောင်းနှလုံးကောင်း ရှိကြသည့် ဆရာသမားကောင်းများ၏ မွန်မြတ်သော စိတ်ဖြင့် လုပ်ဆောင်မှုများပင်
ဖြစ်ပါသည်။ ဆရာသမားများ၏ စိတ်ငြိမ်းအေးစွာထားတတ်မှု၊ ပျော်ရွှင်သောစိတ်ထားဖြင့် အရာရာကို
ရင်ဆိုင်တတ်မှုများသည် ကျွန်မအား ကောင်းသောစိတ်အစဉ်ကို မွေးဖွားရန် အားဖြစ်စေပါသည်။ ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အများကောင်းကျိုး သယ်ပိုး ဆောင်ရွက်ခြင်းများသည် မိမိစိတ်ကို ကြည်နူးချမ်းမြေ့စေနိုင်ကြောင်းကို သိမြင်စေပါသည်။

…အချို့သူများသည် မိမိကိုယ်ကို အလွန်ထိန်းချုပ်စောင့်စည်းတတ်ကြသည်။
စိတ်ပျော်ရွှင်ဖွယ်ရာကိစ္စများနှင့် ကြုံတွေ့ရလျှင်လည်း လွတ်လပ်ပေါ့ပါးစွာ မပျော်ရွှင်တတ်ကြပေ။ အဆင်မပြေသည့်ကိစ္စများနှင့် တွေ့ကြုံ ရလျှင်လည်း မကျေနပ်စိတ်များကို မြိုသိပ်ထားတတ်ကြသည်။ ထိုသို့မကျေနပ်သည့်စိတ်များ၊ အလိုမကျ သည့်စိတ်များ၊ အလွန်အမင်း ထိန်းချုပ်တတ်လွန်းသည့်
စိတ်များသည် အချိန်ကြာလာသည်နှင့်အမျှ မိမိ၏ မသိစိတ်တွင် တဖြည်းဖြည်းကြီးထွားလာပြီး စိတ်ရောဂါများဖြစ်လာတတ်သည်ကို ကျွန်မ၏ချစ်ခင်ရင်းနှီးသောသူများစွာတွင် ကိုယ်တိုင် တွေ့ကြုံခဲ့ရဖူးပါသည်။ အချို့သူတို့သည် စိတ်ရောဂါဖြစ်နေသည်ကို သူတို့ကိုယ်တိုင် မသိပါ။ ၄င်းတို့၏မိသားစု အသိုင်းအ၀ိုင်းများကလည်း မရိပ်မိသည့်အခြေအနေမျိုး ဖြစ်နေတတ်သည်။ သူတို့ကိုယ်တိုင် စိတ်ရောဂါဖြစ်နေမှန်း သိသည့်အချိန်တွင် ရောဂါမှာ အပြင်းစား အဆင့်ရောက်နေပြီး ထိုအခါမှ ဆေးပြင်းများ သောက်ရခြင်း၊ ဆေးရုံတက် ကုသရခြင်းများသည် ကာယကံရှင်နှင့်
၎င်း၏မိသားစုများအား စိတ်ဆင်းရဲခြင်းဒုက္ခကို ပို၍ဖြစ်စေသည့်အပြင် ၀န်ထုပ်ဝန်ပိုးတစ်ခုသဖွယ် လည်းဖြစ်စေပါသည်။ ဤကဲ့သို့ ဆိုးရွားလှသည့်
စိတ်ရောဂါဝေဒနာအား မည်သူ့ကိုမျှ မခံစားစေလိုသော စေတနာဖြင့် ဤပိုစ့်အား ရေးသားခြင်းဖြစ်ပါသည်။
 
…ထို့ကြောင့် ကျွန်မတို့သည် စိတ်ညစ်စရာများ ကြုံတွေ့လာရပါက စိတ်ကိုတတ်နိုင်သမျှ ထိန်းသိမ်း၍
ပျော်ပျော်နေတတ်အောင် ကြိုးစားကြရပေမည်။ သောကစိတ်ကို ထိန်းချုပ်နိုင်ရပေမည်။ စိတ်ညစ်နေသော
အာရုံအား ပြောင်းလဲပစ်ရမည်။ အလည်အပတ်ခရီးသွားခြင်း၊ ပျော်ပွဲရွှင်ပွဲများသို့သွားခြင်း၊ ဈေးဝယ်ထွက်ခြင်း၊ သီချင်းနားထောင်ခြင်း၊ သူငယ်ချင်းများနှင့် ၀ိုင်းဖွဲ့စကားပြောဆိုခြင်းတို့သည် စိတ်အာရုံကို အပြောင်းအလဲဖြစ်စေသဖြင့် စိတ်ညစ်နေချိန်များတွင် လုပ်ဆောင်သင့်ပါသည်။ မိမိတစ်ဦးတည်း တွေးချင်ရာတွေး၊ ငေးချင်ရာငေးပြီး စိတ်ဆင်းရဲနေမည့်အစား ခင်မင်ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများအား မိမိခံစားချက်များ မျှဝေခံစားစေခြင်းဖြင့် သောကများကို လျော့နည်းသွားစေနိုင်ပါသည်။

…အချို့ကား ရုတ်တရက်ကြုံတွေ့လိုက်ရသောကိစ္စများကြောင့် စိတ်ထိခိုက်သွားသည်။ စဉ်းစားချင့်ချိန်ရန်
အချိန်မပေးနိုင်တော့ပေ။ ထို့ကြောင့်စိတ်ညစ်စရာများ တွေ့ကြုံလာရပါက တဖြည်းဖြည်း စဉ်းစားချင့်ချိန်၍
စိတ်တွင်ဖြေသိမ့်နိုင်အောင် ကြိုးစားရပေမည်။ မိမိအလုပ်အကိုင်တွင် အမှားအယွင်းများရှိလာပါက
စိတ်ညစ်စရာများဖြစ်လာတတ်သည်။ ထို့ကြောင့် မည်သည့်ကိစ္စတွင်မဆို စဉ်းစဉ်းစားစားဖြင့်
ဖြည်းဖြည်းမှန်မှန် လုပ်ကိုင်သွားရန်လိုသည်။ ယင်းသို့လုပ်ကိုင်ခြင်းဖြင့် အတိမ်းအစောင်း
အမှားအယွင်း တွေ့ကြုံနိုင်စရာ မရှိတော့ပေ။ တွေ့သည့်တိုင်အောင် ဆိုးဆိုးရွားရွား မဖြစ်နိုင်ပေ။

…လူ့ဘ၀သက်တမ်းတစ်လျှောက်တွင် အခက်အခဲများသည် အမြဲတစေ ရှိနေတတ်သည်။
“ ရေပတ်လည် ၀ိုင်းရံလျက်ရှိသော ကုန်းမြေကိုကျွန်း…’’ဟုခေါ်သကဲ့သို့ အခက်အခဲများ ၀ိုင်းရံလျက်ရှိသော သတ္တ၀ါကို “လူ” ဟုခေါ်သည်ဟု ဆိုရပေလိမ့်မည်။စိတ်အနှောက်အယှက်ဖြစ်မှု၊ အခက်အခဲ အကျပ်အတည်းတွေ့မှုများကို ဘ၀ တစ်လျှောက်တွင် အမြဲတမ်းရင်ဆိုင်နေရမည်။ ဘ၀အစမှ ဘ၀နိဂုံးချုပ်သည့်တိုင်အောင် ဤကိစ္စများကို မလွဲမသွေ တွေ့ဆုံနေကြရမည်ဖြစ်ပေသည်။ ယင်းသို့နိယာမတရားဖြစ်သော အခက်အခဲ အကျပ်အတည်း များကို တွေ့ကြုံရတိုင်း စိတ်ညစ်နေရန်မလို။ ၄င်းတို့ကို ကြိုးစား၍ ကျော်လွှားဖြတ်သန်းရမည်။

…အခက်အခဲသည် နေရာတိုင်းတွင်ရှိနေသည်။ လူသည် ဦးနှောက်ဖြင့်စဉ်းစား၍ ခန္ဓာကိုယ်နှင့်
ရင်းနှီင်္းကာလှုပ်ရှားရုန်းကန်နိုင်၏။ ဇွဲ၊ လုံ့လ၊ ၀ီရိယရှိသောလူတို့သည် အခက်အခဲကြုံတွေ့ရသော်လည်း
ပြေလည်အောင် ဖြေရှင်းနိုင်သော အစွမ်းအစရှိကြသည်။ အခက်အခဲဆိုသည်မှာလည်း လူ့ဘ၀အတွက် ရုန်းကန်ရန်ခွန်အားကို ဖြစ်စေသည်။ အခက်အခဲတွေ့တိုင်း၊ ပြဿနာရင်ဆိုင်ရတိုင်း စိတ်ညစ်နေရန်မလိုပေ။စိတ်ညစ်နေလျှင် အလုပ်မပြီး။ စိတ်ပျော်လက်ပျော်နှင့် ကိုယ်တွယ်ဖြေရှင်းရန်သာလျှင် အကြောင်းရှိသည်။သတ္တိမွေးကာ အခက်အခဲဟူသမျှကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရမည်။ “ဒုက္ခပါဘဲ” ဟု ညည်းတွားကာ မျက်နှာကိုရှုံမဲ့နေရုံမျှဖြင့် ပြဿနာသည် ပြေလည်မသွားပေ။ အခက်အခဲ အစိုင်အခဲသည် ပြေပျောက်မသွား။ရင်ဆိုင် ယှဉ်ပြိုင်၍ အနိုင်ယူမှသာလျှင် အခက်အခဲကို ကျော်လွှားနိုင်သည်။ အခက်အခဲမှ ဖြတ်ကျော်အနိုင်ရလျှင်ပျော်ရွှင်သည်။ လူ့ဘ၀တွင် ပျော်ပျော်ရွှင်ရွှင် နေထိုင်သွားရန်မှာ အရေးကြီးဆုံးအချက်ပင်ဖြစ်သည်။

…လူပျင်းလူညံ့တို့၏ သဘောကား စိတ်ဓါတ်ပျော့ညံ့၏။ စိတ်ဓါတ်ပျော့ညံ့လျှင် စိတ်ဓါတ်ကျဆင်းကာ အားငယ်
လာတတ်ကြသည်။ ဤတွင်စိတ်ဆင်းရဲကာ စိတ်သောက ရောက်ကြကုန်၏။ ထိုအခါ ပျော်ရွှင်မှုနှင့် ကင်းဝေးကြရလေသည်။
“ လူ့ဘ၀သည် မျက်ရည်နှင့် ရယ်မောခြင်းတို့အကြားတွင် တည်ရှိနေသည်…”ဟု ခါလေလ်ဂျီဘယန်းက
ဆိုခဲ့သည်။ လူသားများသည် သုခ၊ ဒုက္ခနှစ်မျိုးစလုံးကို ပြုလုပ်နေသူများဖြစ်ကြ၏။ ကံကြမ္မာသည်
သူ့လမ်းအတိုင်းရှိသည်။ ကံကောင်းခြင်း၊ ကံဆိုးခြင်းဆိုသည်မှာ မြင်နိုင်စွမ်းသောအရာမဟုတ်။
ကံဆိုးခြင်းသည် သောကရောက်စေ၏။ ကံကောင်းခြင်းသည် ပျော်ရွှင်စေ၏။ စိတ်ထဲမှာ တွေးတောရာ၌
ကံကြမ္မာကို ရိုးမယ်ဖွဲ့ကာ အဆိုးချည်းသက်သက်တွေးနေလျှင် ကံဆိုးသည်ဟု စိတ်စွဲလာမည်။ စိတ်ပူပင်
သောကရောက်လာမည်။

…စိတ်တွင် ကြည်ကြည်လင်လင်တွေးတောကာ “ ကံကောင်းပြီ ” ဟုယူဆလျှင်
စိတ်သောကမရောက်နိုင်ပေ။ စိတ်အစွဲအလမ်းတစ်ခုခု၏အကောင်းဖက်ကို လှည့်ထားပြီး သောကကို လုံးဝမေ့ဖျောက်ထားလျှင် ပျော်ရွှင်မှုသည် အလွယ်တကူရောက်ရှိလာတတ်ပေသည်။ သောကပျောက်ကွယ်စေရန် စိတ်ကူးပြောင်း ပေးရန်လိုသည်။ စိတ်အစွဲအလမ်းဖျောက်ကာ စိတ်ညစ်စရာများ ကို တွန်းလှန်ဖယ်ရှားပြီး စိတ်ပြေ လက်ပျောက် ဖြစ်စေရမည်။ သောကပျောက်ကွယ်သွားလျှင် စိတ်ညစ်ခြင်းမရှိတော့ဘဲ ပျော်ရွှင်လာပေမည်။

…လူသားတစ်ဦးအနေဖြင့် စိတ်တိုစရာကိစ္စများ၊ ဒေါသဖြစ်စရာကိစ္စများနှင့်လည်း ကြုံတွေ့ရမည်။ လက်လွတ်ဆုံးရှုံးစရာကိစ္စများနှင့်လည်း ရင်ဆိုင်ရမည်။ စိုးရိမ်ပူပန်စရာကိစ္စများနှင့်လည်း အချိန်မရွေး ထိပ်တိုက်တွေ့ကြုံနိုင်သည်။ ထိုသို့ကြုံတွေ့လာသောအခါများတွင် မိမိကိုယ်မိမိ သတိဖြင့် ဖြေသိမ့်တတ်ရမည်။ ခွင့်လွတ်သင့်သည့်အရာများကို ခွင့်လွတ်နိုင်ရမည်ဖြစ်ပြီး လက်လွတ်သင့်သည့်အရာများကိုလည်း လက်လွတ်နိုင်အောင် ကြိုးစားသွားရပေမည်။

…ငယ်စဉ်ခလေးဘ၀မှသည် အိုမင်းရင့်ရော်ချိန်ထိ အရွယ်မရွေး စိတ်ကျန်းမာရေးကို ဂရုစိုက်ပေးရမည်။
ခလေးဘ၀ကပင် မိဘများနှင့် ဆရာ.ဆရာမများက မိမိခလေးအကျင့်စရိတ္တ ကောင်းမွန်တိုးတက်ရေး၊
အသိအမြင် မှန်ကန်ရေးအတွက် အနီးကပ် ဂရုစိုက်၍ လမ်းညွှန်မှုပေးနေရမည်။

…အပျိုဖော်၊ လူပျိုပေါက်အရွယ်ရောက်သည့်အခါတွင်လည်း ဟိုမုန်းဓါတ်အပြောင်းအလဲများကြောင့် တက်ကြွမှုလွန်ကဲခြင်း၊ ပူပင်သောကများခြင်း၊ အထီးကျန်ဝေဒနာခံစားရခြင်း စသည့် အပြုအမူပိုင်းဆိုင်ရာ
စိတ်ဓါတ် ပြောင်းလဲလာမှုများကို သတိမူပေးရမည်။

…လူလတ်ပိုင်းအရွယ်တွင် အလုပ်တာဝန်များပြားခြင်းကြောင့် အလုပ်၏ ဖိစီးမှုဒဏ်ခံစားရခြင်း၊
အိမ်ထောင်ပြု၍ အလုပ်ကတစ်ဖက်၊ ခလေးငယ်ပြုစု စောင့်ရှောက်ခြင်းကတစ်ဖက်နှင့် စိတ်ဖိစီးမှု
တိုးလာခြင်းများသည် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ခလေးအရွယ်၊ ကြီးကောင်ဝင်သည့်အရွယ်၊လူလတ်ပိုင်းအရွယ် များတွင် အပြောင်းအလဲများကြောင့် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်သကဲ့သို့သက်ကြီးပိုင်း အရွယ်တွင်လည်း ဟိုမုန်းအပြောင်းအလဲကြောင့် ၀မ်းနည်းခြင်း၊ မိမိခင်ပွန်းအပေါ်၊ သားသမီးများအပေါ်တွင် ယခင်ကကဲ့သို့ မပြုစု မလုပ်ပေးနိုင်တော့သည်ကို အားငယ်ခြင်း၊ အားမလို အားမရဖြစ်ခြင်း၊ စိတ်အလိုမကျ ဖြစ်တတ်ခြင်းများကို တွေ့ရကြောင်း ကျန်းမာရေးဆောင်းပါးများတွင် ဖတ်ခဲ့ရဖူးပါသည်။ စိတ်ဓါတ်ပြင်းထန် ထက်မြက်သော လူကြီးလူအိုများသည် ပင်စင်ယူသွားသောအခါများတွင် စိတ်ကျရောဂါများဖြစ်တတ်ကြသည်။


…အမေရိကန် စိတ်ကျန်းမာရေး အဖွဲ့အစည်းမှလည်း စိတ်ပိုင်းဆိုင်ရာ ကောင်းမွန်တိုးတက်စေရေးအတွက် လိုက်နာသင့်သည့်အချက်များအား လမ်းညွှန်မှုပြုထားသည်ကို ဖတ်ခဲ့ဖူးပါသည်။
(၁) အာဟာရပြည့်ဝစွာ စားသောက်ခြင်း ၊ (၂) နှစ်ခြိုက်စွာ အိပ်စက်ခြင်း ၊
(၃) စိတ်ဖိစီးမှု လျော့ချခြင်း ၊
(၄) ပြဿနာအများစုနှင့် ကင်းဝေးအောင် နေထိုင်ခြင်း ၊ (၅) မိမိစိတ်ကို ထိန်းချုပ်ခြင်း ၊ (၆) လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း ၊ (၇) ဈေးဝယ်ထွက်ခြင်း ၊ (၈) တရားထိုင်ခြင်း ၊ (၉) အများအကျိုး များများဆောင်ရွက်ခြင်း ၊

*** Tips For Mental Health…
(၁) ယုံကြည်မှုကို တည်ဆောက်ပါ ၊
(၂) အခက်အခဲတွေကို လက်ခံလိုက်ပါ ၊ (၃) မိသားစု (သို့) သူငယ်ချင်းများအတွက် အချိန်ယူပါ ၊
(၄) ၀င်ငွေထွက်ငွေ မျှတပါစေ… ၊ …လိုအပ်တာတွေထက် လိုချင်တာတွေအတွက် အသုံးအစွဲကြီးခြင်းဟာ
ငွေကြေးပြဿနာကို အဓိက
ဖန်တီးပေးတဲ့ တရားခံပါဘဲ။
(၅) စေတနာဝန်ထမ်း လုပ်ဆောင်ပါ… ၊
…စေတနာ့ဝန်ထမ်းအလုပ်တွေဟာ ၀င်ငွေရတဲ့လုပ်ငန်းမဟုတ်ပေမယ့် အသင်းအဖွဲ့တွေကနေ
ပြန်ရတဲ့ ပျော်စရာကောင်းတဲ့ စိတ်ကျေနပ်နှစ်သိမ့်မှုဟာ ဘာနဲ့မှ လဲလို့မရနိုင်တဲ့
ပျော်ရွှင်မှုတစ်မျိုးပါဘဲ။
(၆) Stress ကို ကိုင်တွယ် ဖြေရှင်းပါ ၊ (၇) ကြံ့ခိုင်ခြင်းနှင့် ခွန်အားကို ရှာပါ… ၊
…မိမိချစ်ခင်ရင်းနှီးသော မိတ်ဆွေများကို မိမိပြဿနာများ ဝေငှခံစားစေပါ။
ဆွေးနွေးတိုင်ပင်ပြောကြားပါ။
(၈) ကဏ္ဍတွေ ခွဲခြားထားပါ… ၊ …၀မ်းနည်းခြင်း၊ ပျော်ရွှင်ခြင်း၊ ဒေါသဖြစ်ခြင်း၊ ကြောက်ရွံ့ခြင်းတွေကို အချိန်တိုင်း
ခေါင်းထဲ ထည့်မထားပါနဲ့၊
အပိုင်းလိုက်ထားပါ။
(၉) မိမိကိုယ်ကို ဆန်းစစ်ပါ… ၊
…သင်ဟာ ဘယ်လိုလူမျိုးလဲဆိုတာ အရင်ဆန်းစစ်ပါ။ ဘာတွေကို သင်ပြောင်းလဲနိုင်သလဲ၊
ဘာတွေကို မပြောင်းလဲနိုင်ဘူးလဲ၊ ဘာတွေ လုပ်ဆောင်မှ သင့်ဘ၀မှာ ငြိမ်းချမ်းမှုနဲ့ ပျော်ရွှင်မှုတွေ
ရမှာလဲဆိုတာ ကိုယ့်ကိုယ်ကို သိဖို့ အရေးကြီးပါတယ်။

…လူသည် ပျော်ရွင်မှုကိုလည်း ဖန်တီးသည်။ စိတ်ဆင်းရဲမှုကိုလည်း ဖန်တီးသည်။
“ မည်သူမပြု မိမိမှု” သာလျှင်ဖြစ်ချေ၏။
လူတို့သည် “ လိုလျှင်ကြံဆ နည်းလမ်းရ” ဆိုသကဲ့သို့
ကြံစည်သင့်သည်ကို ကြံစည်ကြရမည်။ ပျော်ရွှင်မှုကို လိုချင်သည်။
မိမိ၏စိတ်တိုင်းကျဖြစ်စေရန် မိမိကိုယ်တိုင် ဖန်တီးယူရပေမည်။ ၀မ်းနည်းမှုကို တွေ့လျှင်
တတ်နိုင်သမျှစိတ်ကို ထိန်းသိမ်းနိုင်ရမည်။ တရားဓမ္မဖြင့် ဖြေသိမ့်ရမည်။ ၀မ်းသာပျော်ရွှင်စရာရှိလျှင်လည်း
သတိရှိရမည်။
အတိုင်းအဆနှင့် ပျော်ရွှင်ခြင်းသည် မှန်ကန်၏။ သို့ဖြစ်ပေရာ ပျော်ရွှင်ခြင်း၊ ၀မ်းနည်းခြင်းတို့သည်
ခံယူသောသူ၏စိတ်တွင်သာ မူတည်နေပေသည်။ လူတိုင်း စိတ်ချမ်းသာအောင်ထားတတ်၊ ခံယူတတ်မှသာ ကိုယ်ခန္ဓာကျန်းမာခြင်းကို ဆောင်ရွက်နိုင်မည်ဖြစ်ပြီး လောကီလောကုတ္တရာ နှစ်ဖြာသောကောင်းကျိုးကို
စိတ်တိုင်းကျ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ထို့ကြောင့် ချမ်းသာခြင်းအစစ်အမှန်ကို ရရှိစေရန်
စိတ်ကျန်းမာရေးကို အလေးအနက်ဂရုပြုသင့်ပါကြောင်း ကမ္ဘာသစ်သူငယ်ချင်းများအားလုံးအား
မျှဝေပေးလိုက်ပါသည်။

…Ref; People Magazine & ပျော်ရွှင်မှုနည်းပညာ ( စိုးထိုက် )…

…သူငယ်ချင်းများအားလုံး စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာကြပါစေ…

မေတ္တာဖြင့်…

* Posted by ayeayemoemeeku on October 29, 2010 at 8:00am 

အနေထိုင် အပြုအမူ အပြောအဆို တွေက ကုသိုလ် အကုသိုလ်ဖြစ်နိုင်









လူရယ်လို့ဖြစ်လာရင် လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲက ရုန်းထွက်ဖို့ဆိုတာ အင်မတန်မှ ခက်ခဲလှပါတယ်။ ဘုရားကျောင်းကန်တွေသွားမယ် ဒါနကုသိုလ်တွေ ပြုမယ် တရားထူးတရားမြတ်တွေ နားကြားမယ် ၀ိပသနာတွေကျင့်ကြံ အားထုတ်နိုင်တဲ့ ရှေးက ကုသိုလ်ထူးတွေ ပါရမီတွေ အလုံအလောက်ပါခဲ့ရင်တော့ ဒီလူဟာ ဒီဘ၀မှာ လူဖြစ်ရကျိုးနပ်ရုံမကပါဘူး အပယ်ကလွတ်မယ်ဆိုတာလည်း သံသယဖြစ်ဖွယ်မရှိပါဘူး။
အတိတ်ဘ၀က ကုသိုလ်ပါရမီ နည်းခဲ့လို့ဒီဘ၀မှာ စားဝတ်နေရေးတွေနဲ့ ရုန်းကန်ရတဲ့အခါမှာတော့ ကုသိုလ်ဘက်မှာလည်း အားနည်းမိမယ် တနေကုန်ပင်ပန်းလို့ ညဘက်မှာ သမထလေးတောင် မလုပ်နိုင်တဲ့သူတွေလည်း ရှိမှာပါ။သာမာန်လူတန်းစားတစ်ယောက်အနေနဲ့ ဘ၀ကို ထိန်းကျောင်းရင်း ကုသိုလ်ဖြစ်မဲ့ အလေ့အထများဖြစ်အောင်နေထိုင်ရင်လည်း အလှူမလုပ်နိုင်ပေမဲ့ မြတ်သော စိတ်ထားလေးသာမွေးမြူနိုင်ရင် ကုသိုလ်ဖြစ်နိုင်တယ်လို့ ယုံကြည်မိပါတယ်။
လူတစ်ယောက်မှာ ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် မိမိကို မြင်တာနဲ့ လေးစားချစ်ခင်ဖွယ်ဖြစ်အောင် နေထိုင်ခြင်းကြောင့် မြင်ရသူဟာ စိတ်ချမ်းသာမယ်ဆိုရင် ကုသိုလ်ဖြစ်နိုင်ပါတယ်။ယောက်ျားတစ်ယောက်ဟာ သောက်စားနေမယ် ခန္ဒာကိုယ်မှာ အချိုးမကျ ၀တ်စားထားမယ် သွားတာလာတာနေတာထိုင်တာ ပရမ်းပတာဖြစ်နေရင် မြင်တာနဲ့ ကြည့်မိသူလည်း အကုသိုလ်ဖြစ်မယ် စိတ်လည်းဆင်းရဲမယ် ဆိုရင် မိမိအတွက်ကော ပတ်ဝန်းကျင်အတွက်ပါ အကျိုးမရှိပါဘူး။အထူးသဖြင့် မိန်းကလေးတွေ ရဲ့ဝတ်စားဆင်ယင်မှုက ပိုပြီး အရေးပါ ပါတယ်။ရှေးက ဒါနတွေကောင်းလို့ ဒီဘ၀မှာ လူဖြစ်လာတာတောင် ရုပ်ရည်ချောမောလှပပြီး မြတ်သောအတိတ်ဘ၀က ကုသိုလ်ထူးတွေခံစားနေရတဲ့အဖြစ်ကနေ ပုရိသတွေ အတွက် လိင်ဆွဲဆောင်မှုမဖြစ်အောင် နေထိုင်ပါကပိုပြီးမြင့်မြတ်ပါတယ်။ ယောက်ျားလေးအကြည့်ကို လိုချင်မက်မောကြတဲ့ မိန်းကလေးများလည်း ရှိကောင်းရှိနိုင်ပါတယ်။မိမိမှာ လှပတင့်တယ်မှု ရှိရင်တောင် လျှို့ဝှက်ထားသင့်တာပါ။

ကျနော်တို့က ယဉ်ကျေးမှုမြင့်မားတဲ့ အာရှတိုင်းသားပါ ဒီထက်ပိုတာက မြန်မာမိန်းကလေးဆိုတော့ ပိုပြီးအရှက်အကြောက်ကြီးသင့်ပါတယ်။အနောက်တိုင်းသူတွေက လိင်ဆွဲဆောင်နိုင်အောင် ၀တ်စားကြပေမဲ့ ဘာသာမတူတာရယ်အယူအဆ ခြားနားတာရယ် သူတပါးစိတ်ကို မနောကံဖြင့် ပြစ်မှားခြင်းမရှိအောင် နေထိုင်ရင် ကုသိုလ်ဖြစ်ပါတယ်။သူတပါးက တဏှာရမ္မက်ဖြစ်ရင် ကိုယ်တိုင်လဲ အကုသိုလ်ကင်းမှာမဟုတ်ပါဘူး။ဘ၀မှာ ရိုးရိုးလေးနေထိုင်ခြင်းက အန္တရာယ် လည်းမကျရောက် နိုင်သလို မြင်ရသူလည်း စိတ်ချမ်းသာမယ်ဆိုရင် ကိုယ်တိုင်လည်း ကြည်နူးရမှာပါ။

ရက်စက်ကြမ်းတမ်းတဲ့ အပြုအမှုတွေ ကို လုပ်ရတော့မယ်ဆိုရင်တောင် သတိလေးနဲ့ မြိုသိပ်တတ်ရပါမယ်။သတ္တ၀ါ တွေကို ညှင်းဆဲတာလူအချင်းချင်းရိုက်ပုတ်တာ စတာတွေဟာ မိမိအတွက်ရော တပါးသူအတွက်ပါ စိတ်မနှက်မြို့စရာပါ။ဒါတွေကို ရှောင်ကြဉ်ခြင်းဖြင့် ကံတွေကိုလည်း လုံအောင်ထိန်းပြီးသားလည်းဖြစ်ပါတယ်။ကံကို လုံအောင်ထိန်းမှတော့ ကုသိုလ်လည်း ရနေမှာပါ။
အရေးကြီးဆုံးက အပြောအဆိုပါ ပြောမိတဲ့ အမှားကြောင့် ၀ဇီကံ ကို ကျူးလွန်မိသလို တဖက်က မခံမရပ်နိုင်အောင်ဖြစ်ပြီးတုံ့ပြန်လာရင် သူတပါးလည်းအပြစ် ဖြစ်ရတယ်။ ကိုယ်လည်းအပြစ်ဖြစ်ပါတယ်။ ကြမ်းတမ်းတဲ့စကားညစ်ညမ်းတဲ့စကား ရိုင်းစိုင်းတဲ့စကားလုံးတွေကို ဘယ်တော့မှ မပြောဖြစ်အောင် ထိန်းသိမ်းသင့်ပါတယ်။တဖက်သားကို ပြောတဲ့အခါ ပုံမှန်စကားလုံးများနှင့်ပြောလည်း နာတတ်သူဟာ နာပါတယ်။မနာတတ်သူကတော့ ဘယ်လိုဘဲပြောပြောမနာပါဘူး။
ဒီလိုကြုံတဲ့အခါ ရှောင်လွဲလို့မရရင်တောင် ကြမ်းတမ်းတဲ့ စကားတွေ မပြောမိအောင်ထိန်းသိမ်းပါလို့ တိုက်တွန်းပရစေ။

လူတိုင်းမိမိရဲ့ အပြုအမှုကြောင့် ကုသိုလ်မဖြစ်ရင်တောင် အကုသိုလ်ကင်းဝေးကြပါစေ။လေးစားစွာဖြင့်.........။

ကိုလင်း

* Posted by kolynn on October 27, 2010 at 9:00am 

အနာဂတ်ကမ္ဘာ ( The earth of embryo )


 

လူသားတို့ရှင်သန်ရာ မြေကမ္ဘာ

တစ်ချို့က လောဘကို အတောမသတ်


သဘာဝတရားဆီက သယံဇာတတွေကို


လိုအပ်တာထက်ပိုပြီး အနိုင်ကျင့်ယူတယ် ။


သည်းခံတယ်


သူ ..........သည်းခံခဲ့တယ် ။


နောက်ဆုံး ............


သည်းမခံနိုင်တဲ့အဆုံး


ဒေါသကရုန်းကြွ


ကုန်းထလို့ လာခဲ့ပြီ ။


ယူတတ်တုန်းက သူကူတယ်


အယူမတတ်တော့ သူပူလာပြီ ။


ဖောက်ပြန်လာတဲ့ လူတွေကို


ဖောက်ပြန်လာတဲ့ သဘာဝတရားက


ဒဏ်ခတ်မှုတွေ ပြင်းထန်လာပြီထင်ပါရဲ့ ။


လူတွေယူခဲ့တာ သယံဇာတ


ပြန်ပေးဆပ်နေရတာ ဘေးဒုက္ခ


အသက်နဲ့အိုးအိမ် ၊ စည်းစိမ်နဲ့အနာဂတ်


အန္တရာယ်တွေဝိုင်းလို့လာတယ်


အနာဂတ်တွေပွန်းပဲ့လာမယ် ။


မသိတဲ့သူက ဇွတ်ယူတုန်း


သိတဲ့သူက တွေးပူမဆုံး ။ ။



( သန်းထွန်းလင်း )



( P .S - ဖန်တီးထားသော ပန်းချီ ( The earth of embryo ) အား စေတနာဖြင့် အသုံးပြုခွင့်ပေးသော ညီမ ပုံ့ပုံ့ အား ကျေးဇူးတင်ပါသည် )

* Posted by သန်းထွန်းလင်း on October 27, 2010 at 6:00am


ရင်ထဲက စကားများ


လူ့ဘ၀ဆိုတာ ခဏလေးပါ ။
တစ်ခါတစ်လေမှတွေ့ရတာ
ဘာကြောင့်များတစ်ယောက်ကိုတစ်ယောက် အနိုင်လိုချင်ကြရတာလဲ ။
တစ်ယောက်ကိုတစ်ယောက် မုန်းကြတာလဲ ။
စိတ်နာကြတာလဲ ။
မနာလိုစိတ်တွေနဲ့ ရန်ငြိုးတွေသို တမာလိုခါးကြတာလဲ ။
ချစ်သည်ဖြစ်စေ မုန်းသည်ဖြစ်စေ
တစ်နေ့မှာ ခွဲခွါခြင်းနဲ့ အဆုံးသတ်ရမှာပဲလေ။
ချစ်ခြင်းတရား
ပွားများလေ့ကျက် နေ့ရက်ဆက်ကြည့်
မြင်မိသမျှ သဘာဝ
ထာဝရအေး ငြိမ်းချမ်းဆေးပေါ့ .... ။
အမုန်းတရား
ပွားများလေ့ကျက် ကိုယ့်မျက်နှာကိုယ်
အမုန်းပိုမိ ရှိရှိသမျှ
ဒေါသစိတ်ပွား ခံစားနာကျင်
အမုန်းပင်စိုက် မုန်းလိုက်မှာလား ... ။
စဉ်းစားတွေးမိ
ရှိသည့်အဖြေ ပေးမျှဝေမိ ..... ။ ။ 

* Posted by Moe Zaw Thura on October 25, 2010 at 9:00am 

စိတ်အားဖြည့်ဓမ္မအတွေးများ ( သီတင်းကျွတ် လက်ဆောင် )

ဆရာတော် အရှင်ဆန္ဓာဓိက ရဲ့ စိတ်အားဖြည့်ဓမ္မအတွေးလေးတွေကို
ကမ္ဘာသစ်က သူငယ်ချင်းများနဲ့ လာရောက်ဖတ်ရှုကြတဲ့ မိတ်ဆွေများအတွက်ပါ ဝေမျှဖတ်ရှုလို့ ရအောင် ရေးသားဖော်ပြပေးလိုက်ပါတယ် ..။




မိဘကျေးဇူးအကျေဆပ်နည်း

စိတ်မထားတတ်တဲ့မိဘ
စိတ်ထားတတ်အောင်၊
စိတ်ထားတတ်ပြီးသားမိဘ
ပို၍ပို၍ စိတ်ထားတတ်အောင်
လမ်းညွှန်ဖေးမ ပေးရင်
မိဘကျေးဇူး ကျေပါတယ်။
ကုသိုလ်မလုပ်သေးတဲ့ မိဘ
ကုသိုလ်လုပ်အောင်၊
ကုသိုလ်လုပ်နေတဲ့ မိဘ
ပို၍ပို၍ ကုသိုလ်လုပ်အောင်
ကူညီပံ့ပိုးပေးရင်
မိဘကျေးဇူးကျေပါတယ်။
တရားမရှိသေးတဲ့ မိဘ
တရားရှိအောင် ၊
တရားရှိပြီးသား မိဘ
ပို၍ပို၍ တရားရှိအောင်
စွမ်းဆောင်ဖြည့်ဆည်းပေးရင်
မိဘကျေးဇူးကျေပါတယ် ။
www.newworldnanda.ning.com
______________________________________________________________

ကျေးဇူးသိစိတ်မြင့်မားသူတိုင်း သိစိတ်ကျေးဇူးဖြင့် တုံ့ ပြန်ကြသည်

စိတ်မထားတတ်တဲ့ မိဘ စိတ်ထားတတ်အောင် ၊
ကုသိုလ်နည်းပါးတဲ့ မိဘ ကုသိုလ်တိုးပွားအောင် ၊
ကူညီ ပံ့ပိုးပေးတာကို ဓမ္မနဲ့ ကျေးဇူးဆပ်တယ်လို့ ခေါ်ပါတယ်။
မိဘရဲ စိတ်ဓာတ် မြင့်မားရေးအတွက်
စိတ်အာဟာရတွေနဲ့  ကျေးဇူးဆပ်တာမို့ 
စိတ်ပိုင်းဆိုင်ရာ ကျေးဇူးဆပ်နည်း လို့ 
ခေါ်ဆိုနိုင်ပါတယ် ။
ကိုယ့်ရဲ့ ကူညီပံ့ပိုးပေးမှုကြောင့်
မိဘရဲ့ စိတ်ဓာတ်မြင့်မားမှုနဲ့  ကုသိုလ်တိုးပွားမှုက
ဘ၀လွတ်မြောက်မှု အဆင့်အထိ တတ်လှမ်းသွားနိုင်ပြီဆိုရင်
အဲဒီလို တတ်လှမ်းနိုင်အောင်
ဓမ္မနည်းနဲ့ ကျေးဇူးဆပ်တဲ့ သားသမီးအနေနဲ့ 
မိဘကျေးဇူးကို အကျေဆပ်ပြီးသား ဖြစ်သွားတော့တာပါပဲ ။
www.newworldnanda.ning.com
________________________________________________________

စေတနာကောင်းရင် အကျိုးပေးကောင်းတယ်

ဘယ်သူဘယ်လောက်ပဲ အလုပ်များတယ်ပြောပြော

လူတိုင်း လူတိုင်းမှာ
ကိုယ်အလုပ်၊ နှုတ်အလုပ်၊ စိတ်အလုပ်ရယ်လို့ 
အလုပ်သုံးမျိုးပဲ ရှိပါတယ် ။
အဲဒီအလုပ်သုံးမျိုး လုပ်တိုင်း လုပ်တိုင်း
စေ့ဆော်တိုက်တွန်းမှုဆိုတဲ့
စေတနာဓာတ်လေး အမြဲပါပါတယ်။
ကောင်းတာလုပ်ရင် ကောင်းတဲ့စေတနာ၊
ဆိုးတာလုပ်ရင် ဆိုးတဲ့စေတနာ
တွဲပါနေပါတယ် ။
အလုပ်တိုင်းမှာ တွဲပါနေတဲ့ အဲဒီစေတနာဓာတ်လေးကို
ကံ လို့ ခေါ်ပါတယ် ။
စေတနာကောင်းရင် ကံကောင်းပြီး
စေတနာဆိုးရင် ကံဆိုးပါတယ်။
ကံကောင်းရင် အကျိုးပေးကောင်းပြီး
ကံဆိုးရင်တော့ အကျိုးပေး ညံ့ပါတယ် ..။
www.newworldnanda.ning.com
_________________________________________________


စိတ်ဓာတ်မြင့်မားလေ အများအကျိုးဆောင်ရွက်လေ


ကြုံတွေ့ လာသမျှ လူသားတိုင်းရဲ့ အကျိုးစီးပွားကို

ကိုယ်စွမ်းနိုင်သမျှ မေတ္တာစေတနာအပြည့်နဲ့ 
ကူညီဆောင်ရွက်ပေးတာကိုပဲ
ဒီဘ၀ ကျေးဇူးရှင် ၊သံသရာ့ ကျေးဇူးရှင်တွေကို
ကျေးဇူးတုံ့ ပြန်နေတာမို့ 
ကျေးဇူးဆပ်တယ် လို့ ခေါ်ပါတယ် ..။
မျက်မှောက်မျက်ကွယ် ကျေးဇူးရှင်တွေကို
ကျေးဇူးဆပ်နေရတာကိုပဲ
ပေးဆပ်နေရတယ်လို့ ပေါ့ပေါ့ပါးပါး သုံးနှုန်းကြပါတယ်..။
ကျေးဇူးတရားကို သိနားလည်တဲ့ သူတော်ကောင်းမှန်သမျှ
ကိုယ်နဲ့ ထိတွေ့ ပတ်သတ်လာသူတွေရဲ့  အကျိုးစီးပွားကို
ကိုယ်စွမ်းနိုင်တဲ့ဘက်က
သို့ မဟုတ်
ကိုယ်စိတ်ဝင်စားတဲ့ အခန်း ကဏ္ဍက
အတတ်နိုင်ဆုံး ကူညီ ဆောင်ရွက်ပေးရင်း
ကျေးဇူးတရားကို တုံ့ ပြန်ပေးဆပ်နေကြတာမို့ 
လောကအတွက်ပေးဆပ်နေကြတဲ့
ပရဟိတ သူတော်ကောင်းတိုင်းကို
မြင့်မြတ်စွာ ပေးဆပ်နေသူများလို့ 
ကမ္ပည်းထိုးနိုင်ပါတယ် …။
www.newworldnanda.ning.com
_____________________________________________

သူ့ အနာဖျောက်ရင် ကိုယ့်အနာပျောက်တယ်


သူတစ်ပါးရဲ့ နာရေးကို

ကူညီစောင့်ရှောက်ပေးတဲ့သူဟာ
ဘ၀ရဲ့ နာရေး ဒုက္ခ အမျိုးမျိုးမှ
လွတ်မြောက်နိုင်ပါတယ် ။
စီးပွားဥစ္စာ မပြည့်စုံတဲ့ ဘ၀နာရေး၊
ကျန်းမာရေး ညံ့ဖျင်းတဲ့ ဘ၀နာရေး၊
အသိအလိမ္မာ ဥာဏ်ပညာ
ချို့ တဲ့တဲ့ ဘ၀နာရေး၊
အချစ်ကံ
အိမ်ထောင်ရေးကံမကောင်းတဲ့ ဘ၀နာရေး
အစရှိတဲ့ ဘ၀ရဲ့ နာရေးဒုက္ခ အမျိုးမျိုးဟာ
နာရေးကူညီသူ ကုသိုလ်ရှင်ရဲ့ ဘ၀ထံပါးမှာ
ပိန်းကြာရွက်တွင် ရေမတင်လျှောကျသကဲ့သို့ 
ကင်းစင်လွင့်ပျောက်
မကျမရောက်ပဲရှိမှာ သေချာပါတယ် …။

www.newworldnanda.ning.com

_______________________________________________


စိတ်ထားတတ်မှ စိတ်ချမ်းသာမယ်


ယောနိသောမရှိတဲ့သူ၊ စိတ်မထားတတ်တဲ့သူဟာ

ကိုယ်ကိုယ်တိုင်လည်း စိတ်ချမ်းသာအောင်မနေတတ်သလို
ကိုယ့်ပတ်ဝန်းကျင်ကိုလည်း
စိတ်ချမ်းသာအောင် ဖန်တီးမပေးနိုင်ဘူး ..။
ဒါကြောင့် မိမိရော၊ မိမိ ပတ်ဝန်းကျင်ပါ
စိတ်ချမ်းသာမှု အမြဲ ရှိစေဖို့ အတွက်
လူသားတိုင်း
စိတ်ကျန်းမာရေးကောင်းအောင်
ကြိုးစားဖို့ လိုအပ်လှပါတယ် ..။
သိပ်မခက်ခဲပါဘူး
အရာရာကို ယောနိသောမနသိကာရ ထားလိုက်ယုံပါပဲ ။
စိတ်ထားတတ်ရင် စိတ်ကျန်းမာပါတယ် ။
ယောနိသောမနသိကာရ ဆိုတာ
စိတ်ထားတတ်တာကိုပြောတာပါ ..။
ကောင်းတဲ့အခြေအနေနဲ့ ပဲ တွေ့ တွေ့ ၊
ဆိုးတဲ့ အခြေအနေနဲ့ ပဲ တွေ့ တွေ့ ၊
တွေ့ သမျှ အခြေအနေထဲက ကောင်းတဲ့အချက်ကို
မရရအောင် ရှာကြံတွေ့ ပြီး
စိတ်ချမ်းသာအောင် ထားတတ်တာကို
စိတ်ထားတတ်တယ်လို့ ခေါ်ပါတယ် ။
စိတ်ထားမတတ်ရင်
စိတ်ချမ်းသာစရာနဲ့  တွေ့ နေတာတောင်မှ
စိတ်ဆင်းရဲ နေတတ်ပါတယ် …။
www.newworldnanda.ning.com
___________________________________________


အမှန်ပြောရင် သံယောဇဉ်လည်းရှိပါတယ်


မေတ္တာအခံမှာ သံယောဇဉ်ရှိမှ၊

သံယောဇဉ်အခံမှာ မေတ္တာရှိမှ
အကျွမ်းဝင်သူ ဖြစ်နိုင်ပါတယ် ။
မေတ္တာနှင့်ယှဉ်သော သံယောဇဉ်
သံယောဇဉ်နှင့် ယှဉ်သောမေတ္တာဟာ
အကျွမ်းဝင်ခြင်းရဲ့ လက္ခဏာပါ ။
မေတ္တာသာရှိပြီး သံယောဇဉ်မရှိရင်လည်း
ကိုယ့်အပေါ်ဆက်ဆံတာဟာ
အားလုံးအပေါ်ဆက်ဆံတာထက်
ပိုပြီးဂရုတစိုက်ရှိမှာ မဟုတ်ပါဘူး ။
သံယောဇဉ်သာရှိပြီး မေတ္တာမရှိရင်လည်း
ကိုယ့်ရဲ့ ကောင်းကျိုးဆိုးကျိုး၊
ကောင်းမှု ဆိုးမှုတွေကို
ဝေမျှခံစားနားလည်နိုင်စွမ်း၊
အကျိုးဆောင်ပေးနိုင်စွမ်း၊
ရှိမှာမဟုတ်ပါဘူး ။

www.newworldnanda.ning.com

________________________________________________

အရာရာ အဆင်ပြေချင်ရင် အရာရာတိုင်းမှာ သဒ္ဓါတရားရှိပါ


စားဝတ်နေရေးနဲ့ ပတ်သတ်လို့ 
အစစအရာရာ အဆင်ပြေချင်ရင်
ဒါနကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။
ကျန်းမာရေးနဲ့ ပတ်သတ်လို့ 
အစစအရာရာ အဆင်ပြေချင်ရင်
သီလကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။
စိတ်ဓာတ်ရေးရာမှာ
အစစအရာရာ အဆင်ပြေချင်ရင်
သမထကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။
အသိဥာဏ်ပညာမှာ
အစစအရာရာ အဆင်ပြေချင်ရင်
ဝိပဿနာကောင်းမှုမှာ သဒ္ဓါတရားအားကောင်းရပါမယ် ..။


www.newworldnanda.ning.com

______________________________________________________

သဒ္ဓါသာဝင်နေရင် အရာရာအဆင်ပြေပါတယ်

သဒ္ဓါတရားသာရှိရင်

အာရုံတိုင်းဟာ ကုသိုလ်အာရုံတွေ ချည်းပါ ..။
သဒ္ဓါတရားသာရှိရင်
နေရာတိုင်းဟာ ကုသိုလ်နေရာတွေ ချည်းပါ..။
သဒ္ဓါတရားသာရှိရင်
အလုပ်တိုင်းဟာ ကုသိုလ်အလုပ်တွေချည်းပါ ..။
သဒ္ဓါတရားသာရှိရင်
အချိန်တိုင်းဟာ ကုသိုလ်အချိန်တွေ ချည်းပါ ..။
ကုသိုလ်စီးပွားနဲ့ တရားရတနာဟာ
သဒ္ဓါအရင်းအနှီး ရှိသူတွေအတွက်သာ
သီးခြားဖြစ်ထွန်းနေတဲ့
သဘာဝ အခွင့်အရေးတွေပါပဲ …။

www.newworldnanda.ning.com

_____________________________________

တရားအလှူကမ်းပါမှ အများလူချမ်းသာမယ်

သံသရာမှာ ဘ၀ကောင်းရတယ်

ချမ်းသာကောင်းခံစားရတယ်ဆိုတာ
ကုသိုလ်ကံကောင်းရှိလို့ ပါ ။
ကုသိုလ်ကံကောင်းသာမရှိရင်
ချမ်းသာကောင်း ခံစားရတဲ့
ဘ၀ကောင်းကို လုံးဝမရနိုင်ပါဘူး ။
ကုသိုလ်ကံကောင်းရဖို့ ဆိုတာကလည်း
ကုသိုလ်ကံကောင်းတွေကို
စိတ်လိုလက်ရ ပြုလုပ်အားထုတ်မှ ရှိနိုင်ပါတယ် ။
ကုသိုလ်ကံကောင်းတွေကို
စိတ်လိုလက်ရ ပြုလုပ်အားထုတ်ဖြစ်ဖို့ ဆိုတာကလည်း
ကုသိုလ်ကံကောင်းတွေကို
စိတ်လိုလက်ရ ပြုလုပ်အားထုတ်သင့်တယ်လို့ 
နားလည်သဘောပေါက်တဲ့
အသိဥာဏ်ရှိမှ ဖြစ်နိုင်ပါတယ် ..။
အဲဒီ အသိဥာဏ်ကို
တရားအလှူ ( ဓမ္မဒါန ) ကသာ
ပေးစွမ်းနိုင်ပါတယ် ..။

www.newworldnanda.ning.com

__________________________________________________

ရွှင်လန်းချမ်းမြေ့ကြပါစေ...
နန္ဒ

* Posted by Nanda on October 21, 2010 at 9:00am 

အင်းလေးဖောင်တော်ဦးဒေသစာရီဘုရားပွဲ


ဝါလကင်းလွတ်၍ သီတင်းကျွတ်လဆန်း ပွင့်လင်းရာသီရောက်ပြီဆိုသည်နှင့် ရှမ်းပြည်နယ်တွင်
လစဉ် ရိုးရာပွဲတော်များ တစ်ပွဲပြီးတစ်ပွဲ ကျင်းပပြုလုပ်ကြသည်မှာ ပျော်စရာကောင်းလှသည့် ယဉ်ကျေးမှု
ဓလေ့ထုံးတမ်းစဉ်လာတစ်ရပ်ဖြစ်ပါသည်။ မိုးလေကင်းစင်၍ ရာသီဥတု သာယာလှပသော
သီတင်းကျွတ်လဆန်းတွင် ကျင်းပမြဲဖြစ်သည့် ပထမဦးဆုံးပွဲတော်မှာ အင်းလေးဖောင်တော်ဦးဘုရား ဒေသစာရီ လှည့်လည်သည့်ဘုရားပွဲဖြစ်ပါသည်။ ဖောင်တော်ဦးဘုရားပွဲတော်ပြီးသည်နှင့် တန်ဆောင်မုန်းလတွင်ကထိန်သင်္ကန်းကပ်လှူပွဲနှင့် မြန်မာတစ်နိုင်ငံလုံးတွင် အကြီးကျယ်ဆုံးသော တောင်ကြီးမီးပုံးပျံလွတ်ပွဲ၊နတ်တော်လတွင် ညောင်ရွှေမြို့၌ ရဟန်းသံယာတော်တို့၏ စာပြန်ပွဲ (စာဆိုတော်ပွဲ)၊ တပို့တွဲလတွင်ရာသီဥတု အလွန်အေးချမ်းလွန်းသဖြင့် ဗုဒ္ဓရှင်တော်မြတ်ဘုရားအား ရှားမီးဖြင့် မီးပူဇော်ပွဲ၊ထမနဲထိုးပြိုင်ပွဲ၊ တပေါင်းလတွင် ပင်းဒယမြို့ တပေါင်းပွဲတော်၊ မီးရှူးလွတ်ပွဲ (မီးလုံးပွဲ)စသဖြင့် ဆယ့်နှစ်လရာသီပွဲတော်များနှင့် အမြဲစည်ကားလျှက်ရှိပါသည်။ ဒေသခံတိုင်းရင်းသားလူမျိုးပေါင်းစုံတို့မှာ ပွဲတော်တိုင်းတွင် မိမိတို့ တတ်အားသရွေ့ လှူဒါန်းကြသည်သာမက မိမိတို့၏ လုပ်အားဖြင့်လည်း တက်ကြွစွာ ပါဝင်ကူညီ ဆောင်ရွက်ကြသည်မှာ ဘာသာတရားအား ရိုသေကိုင်းရှိုင်းခြင်း၊ ရိုးရာဓလေ့များအား လက်ဆင့်ကမ်း၍ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ခြင်း၊ ချစ်ခင်လေးစားကြခြင်း ပြယုဂ်တစ်ခုပင်ဖြစ်ပါသည်။ “တစ်မူးရလို့ တစ်ပဲလှူ၊ တို့ရှမ်းတောင်သူ တူနိုင်ရိုးလား”
ဟူသော စကားအတိုင်း ကျွန်မတို့ ရှမ်းပြည်နယ်မှ တိုင်းရင်းသားများအားလုံးတို့သည် ပင်ပန်းဆင်းရဲစွာဖြင့်လည်းလုပ်ကိုင် ရှာဖွေကြသည်။ ခက်ခက်ခဲခဲ ရရှိလာသည့် မိမိတို့၏ ချွေးနည်းစာများကိုလည်း စေတနာ.သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းပေးကမ်းတတ်ကြသည်။
…မြန်မာနိုင်ငံတွင်းရှိ အားလုံးသော တန်ခိုးကြီးဘုရားပွဲများသည် ပွင့်လင်းရာသီတွင် ကျင်းပကြသည့်အနက် ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသတွင် ပြုလုပ်သော အင်းလေးဖောင်တော်ဦးဒေသစာရီ လှည့်လည်သည့် ဘုရားပွဲသည် ပထမဆုံးပြုလုပ်သော ထူးခြားသည့် ဘုရားပွဲတော်ဖြစ်သည်။

...သာမန်ဘုရားပွဲများကဲ့သို့ ဘုရားတည်ရှိရာဒေသတွင် မကျင်းပဘဲ စံကျောင်းတော်ပေါ်မှ ရုပ်ပွားတော်များကို ကရ၀ိတ်ဖောင်တော်သို့ ရွှေ့ပြောင်းတင်ကာ တစ်ရွာဝင် တစ်ရွာထွက် ဒေသစာရီ
ရေလမ်းခရီးသာ လှည့်လည်သောပွဲတော်လည်းဖြစ်သည်။ နှစ်စဉ်သီတင်းကျွတ်လဆန်း(၁)ရက်နေ့တွင် စံကျောင်းတော်မှထွက်ကာ (၁၅) ရက်တိုင်တိုင် (၁၉)ဌာနေ ရွာစဉ်များသို့ လှည့်လည်၍
လပြည့်ကျော်(၂)ရက်နေ့တွင်မူ ပြီးဆုံးကာ စံကျောင်းတော်သို့ ပြန်ဝင်သည်။

…သမိုင်းအရ ပုဂံခေတ် နရပတိစည်သူမင်းလက်ထက် သီဟိုဠ်နိုင်ငံမှရသော သရက္ခန်နံ့သာနှစ်ဖြင့် ထုလုပ်ခဲ့သည့် ရုပ်ပွားတော်ငါးဆူကို ဤအင်းသားတို့ဌာနေတွင် ဖောင်တော်ဦးဘုရားအဖြစ် ဌာပနာပြုခဲ့သည်ဟုဆိုသည်။

…ရုပ်ပွားတော်ငါးဆူအနက် လေးဆူသာ ဒေသစာရီလှည့်ပွဲတွင် ပါဝင်ရပြီး ကျန်တစ်ဆူမှာ စံကျောင်းတွင် အမြဲထားခဲ့ရသောအဖြစ်မှာလည်း စိတ်ဝင်စားဖွယ်ရာကောင်းလှပါသည်။ အင်းလေးရေကန်အတွင်း၌သာ
ခက်ခဲစွာ လှည့်လည်၍ ရွာစဉ်တစ်လျှောက် ကျင်းပသောပွဲဖြစ်ရာ ရောက်လေရာရွာရှိ ဘုရားပွဲများ၌
ဒေသန္တရဗဟုသုတမျိုးစုံကို တွေ့မြင်ရရှိနိုင်ပါသည်။ ထူးခြားသော စိတ်လှုပ်ရှားဖွယ်ရာ အမျိုးမျိုးတို့အပြင်
ရုပ်ပွားတော်များအား ဖူးမျှော်ရသဖြင့် ရရှိသည့် စိတ်ကြည်နူးချမ်းမြေ့မှုမှာလည်း မည်သည့်အရာနှင့်မျှ
မလဲနိုင်သော ၀မ်းမြောက်သည့်ခံစားမှုတစ်မျိုးပင်ဖြစ်ပါသည်။
…ဖောင်တော်ဆိုက်ရာ လက်ခံသောရွာများက အပူဇော်ခံဘုရားတို့၏ နံနက်ဆွမ်း၊ နေ့ဆွမ်းနှင့်
ညစံတော်မူခြင်း စသည့် ပူဇော်ဖွယ်ရာ ကိစ္စအ၀၀တို့ကို အားလုံးဝေမျှ တာဝန်ယူကြရသည်။
သက်ဆိုင်ရာ သာသနာရေး အရာရှိများနှင့်ဒေသခံအဖွဲ့အစည်းများ၊ အသင်းအဖွဲ့များကလည်း
ပွဲတော်အစမှအဆုံးတိုင် လှုပ်ရှားမှုအားလုံး တို့ကို အစစအရာရာ အလေးပေးကူညီဆောင်ရွက် ပေးကြသည်။သက်ဆိုင်သူများအားလုံး ဘက်စုံထောင့်စုံမှ တက်ညီလက်ညီ ၀ိုင်းဝန်းဆောင်ရွက်ကြသဖြင့်
နှစ်စဉ်ဒေသစာရီဘုရားပွဲကြီးကို ယနေ့ထိ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြခြင်း ဖြစ်ပါသည်။

…ပွဲတော်စတင်သော သီတင်းကျွတ်လဆန်း (၁)ရက်နေ့ရောက်ပါက မူလနမ်းဟူးရွာစံကျောင်း
ပလ္လင်ထက်မှ ရုပ်ပွားတော်လေးဆူတို့ကို ကရ၀ိတ်ဖောင်တော်ပေါ်သို့ ရွှေ့ပြောင်း၍ တစ်ညတာ စံနေစေတော်မူခြင်းဖြင့် ဘုရားပွဲကို စတင်သည်။ နောက်တစ်နေ့ လဆန်း(၂)ရက်နေ့မှစ၍
အောက်ပါရွာစဉ်များအတိုင်း ဖောင်တော် ဒေသစာရီကြွချီရာ လပြည့်ကျော်(၃)ရက်နေ့တွင်
စံကျောင်းတော်သို့ ပြန်ဝင်သည်။ ရွာစဉ်တို့မှာ ကြေးပေါခုံရွာ၊ ဟဲယားရွာမကျောင်း၊ ငါးဖယ်ချောင်ကျောင်း၊
ကျေးစားကုန်းရွာ၊ ပွဲစားကုန်း၊ လင်းကင်းကျောင်း၊ ညောင်ရွှေမြို့၊ နန်းသဲရွာကျောင်း၊မိုင်းသောက်ရွာ၊ သလဲဦးရွာ၊ ကေလာရွာ၊ ဇရပ်ကြီးရွာ၊ အလိုတော်ပေါက်ကျောင်း၊ နမ့်ပန်ရွာ၊မန်ကျည်းဆိပ်ပင်၊ ကျိုင်းခန်းရွာ၊ မိုင်းပျိုးရွာ၊ နောင်တောကျောင်း၊ အင်းပေါခုံ၊ ရေသာရွာနှင့်နမ်းဟူးရွာ ဖောင်တော်ဦး စံကျောင်းတော်တို့ဖြစ်ပါသည်။

…ဖောင်တော်ဦးဘုရား ကြွချီရာလမ်းတစ်လျှောက်တွင် ဆွဲလှေတော်သားများ၏ ညာသံပေးသံများ၊ လှော်တက်ရှည်များကို ခြေဖြင့် လှော်ခတ်သံများ၊ ရေပြင်ကို လှေဦးထိုးခွဲသံများနှင့် အင်အားနှင့် ချီတက်လှော်ခတ်လာကြသော ရီးလေးယို အားပေးသံများမှာ အင်းလေးရေပြင်တစ်ခွင်တွင် ပဲ့တင်သံများဖြင့် ဆူညံလျက်ရှိသည်။

...ဗြက်ကျယ်၍ ပက်နေသည့် ပိန်းကောလှေရှည်ကြီးများအလယ်ရှိ လက်ကိုင်ဝါးတန်းများပေါ်တွင်
ငှက်ပျောပင်များ၊ ပန်းပင်နှင့် ကြာနွယ်ပင်များတို့ဖြင့် အလှဆင်ထားကြသည်။ ရှမ်းရိုးရာ ပင်နီဘောင်းဘီ၊
တိုက်ပုံနှင့် ခေါင်းပေါင်းများ ၀တ်ဆင်ထားကြသူ ဆွဲလှေတော်သားများကား ရာချီမကပင် ရှိသည်။
ဆွဲလှေများကို တစ်စင်းမှတစ်စင်း ကြိုးရှည်ကြီးများဖြင့် ဆက်နွယ်ထားသည်။ ထိုဆွဲလှေကြီးများ၏
နောက်ဆုံးတွင်ကား ရွှေရောင်တ၀င်းဝင်းဖြင့် ကရ၀ိတ်ဖောင်တော်ကြီးသည် ထီးဖြူများ မြောက်မြားစွာ
မိုးခြံရံလျက် တငြိမ့်ငြိမ့်နှင့် ၀တ်ဖောင်တော်ကြီးနှင့်အတူ တရွေ့ရွေ့တအိအိဖြင့် ရေဇလာလမ်းတွင်
ရှေ့ဆင့်နောက်ဆင့်လှမ်းကာ မြင်ကွင်းသို့ပေါ်လာသည်ကို ကြည့်နေရသည်မှာ အသက်ရှုရမည်ကိုပင်
မေ့နေကြသည်။ မြင်ကွင်းကို မျက်ခြည်ပြတ်သွားမည်စိုး၍ မျက်တောင်ပင်မခတ်မိကြပေ။

…၀တ်အဖွဲ့သားများ အပြည့်ပါရှိသော ရှေ့ပြေးကရ၀ိတ်ဖောင်ပေါ်မှ အေးငြိမ့်သာယာသော ပူဇော်သံတို့မှာ
ကောင်းကင်ယံအထိ ဘ၀ဂ်ညံလျက်ရှိသည်။ ရုပ်ပွားတော်လေးဆူမှာလည်း ပလ္လင်ထက်ဝယ် ၀င်းဝါလုံးဝိုင်းသော အသွင်ဖြင့် သပ္ပာယ်စွာ စံပယ်နေကြသည်။ ဖောင်တော်ပေါ်တွင် များစွာသော အသည်သားတို့က ၀တ်စုံဖြူများဆင်တူဖြင့် တက်ရှည်ကြီးများကို ညီညာစွာ ဟန်ရေးပြလှော်ခတ်နေကြသည်မှာ ကျက်သရေအဆင်းနှင့် ပြည့်စုံလှပါသည်။

…နတ်၊ ဗြဟ္မာအစောင့်အရှောက်အသီးသီးတို့ကလည်း တောက်ပသစ်လွင်သော ၀တ်စုံများဖြင့် သူ့နေရာနှင့်သူ တာဝန်ယူကာ သီလ၀တ်၊ ဒါန၀တ်တို့ကို တစ်လမ်းလုံး ပြုလျက်လိုက်ပါလာကြသည်။ ရေဇလာ လမ်းတစ်လျှောက် ဖောင်တော်ကြီး ဖြည်းညင်းစွာ တအိအိကူးခတ်သွားရာတွင် ဒေသခံအင်းသားလူမျိုးများက မိမိတို့အိမ်ရှေ့ရေကပြင်မှဖြစ်စေ၊ လှေဦးတွင် ယွန်းဆွမ်းအုပ်ဖြင့်ဖြစ်စေ ဆွမ်းခဲဖွယ် ပူဇော်ဖွယ်ရာများထည့်ကာ ဖောင်တော်ဦးဘုရားသို့ ရည်မှန်း၍ ဦးခိုက်ဖူးမျှော်နေကြသည်ကို မြင်တွေ့ရသည်မှာ စိတ်ကြည်နူးဖွယ်ရာ ကောင်းလှပါသည်။

…ညောင်ရွှေမြို့သို့ရောက်ပါက ဘုရားဖူးများ ကမ်းလုံးညွှတ် ကြိုဆိုဖူးမြော်ပူဇော်ကြသည်။ မြို့တွင်း ဒေသစာရီ ကြွချီခြင်းအမှုကိုပြုပြီးနောက် ညောင်ရွှေမြို့ရှိ အဋ္ဌဒိသာဒေသစာရီကျောင်းတွင် သုံးညတာ အပူဇော်ခံထားရှိသည်။ ဘုရားဖူးပြည်သူများ၏ နံနက်အာရုံဆွမ်း၊ နေ့ဆွမ်းဖြင့် ရည်စူးကာ ကပ်လှူပူဇော်ကြသော ရွှေဖလား၊ ငွေဖလား၊ ဘော်ဖလား ဆွမ်းတော်အုပ်ကြီးများနှင့် ပန်း၊ ဆီမီး၊ ရေချမ်း၊ ခဲဖွယ်ဘောဇဉ်တို့မှာ ဘုရားစံကျောင်းတော် ပတ်ပတ်လည်တွင် နေရာလပ် မရှိလောက်အောင်များပြားလှပါသည်။ ညဖက်ကျင်းပသော ဘုရားပွဲတော်ကား ညောင်ရွှေတစ်မြို့လုံး ပုန်းစရာမရှိအောင်ပင် စည်ကားလှတော့သည်။

…ကျိုင်းခန်းရွာမှ မိုင်းပျိုးရွာသို့ အသွားတွင် ဖောင်တော်သည် ရေဆန်ကို တစ်ဖန်ပြန်ကာ မြောက်ဘက်ရှိ
မူလစံကျောင်းတော်သို့ ပြန်ဝင်ရသဖြင့် ဤခရီးစဉ်မှာ အခက်ခဲဆုံးဖြစ်ပါသည်။ ဤနှစ်ရွာကြားခရီးမှာ
ကွာဝေးရုံမျှ မက ဆွဲဖောင်များမှာ ရေဆန်ကိုလှော်ရသောကြောင့် အပင်ပန်းဆုံး ဒေသစာရီ ခရီးစဉ်လည်းဖြစ်သည်။နေ့ဆွမ်းမမီမှာစိုးကြ၍ မိုင်းပျိုးရွာမှ နံနက် (၃)နာရီ ဆွမ်းထချက်ကာ ကျိုင်းခန်းရွာသို့ ဆွမ်းတော်တင် ကရ၀ိတ်ဖောင်ဖြင့် အတူသွားရောက် ကြိုဆိုကြရသည်။

…ဒေသစာရီကြွချီရာ ရွာစဉ်တစ်လျှောက် ဖူးမျှော်ရန် အခွင့်အရေးမရလိုက်သူများနှင့် ကမ္ဘာလှည့်ခရီးသည်
များသည် လပြည့်ကျော်(၃)ရက်နေ့မှစ၍ စံကျောင်းတော်တွင် ပြန်လည်ရောက်ရှိနေကြသော
ရုပ်ပွားတော်များကို လာရောက်ဂါရ၀ပြုနိုင်ကြသည်။ တစ်ချိန်တည်းတွင် ဘုရားပွဲကာလတစ်လျှောက်လုံး ဒါနကုသိုလ်ပြုပါဝင်ခဲ့ကြသော ဆွဲလှေမြောက်မြားစွာတို့မှ လှေတော်သားတို့အတွက် လှေပြိုင်ပွဲနှင့်
ဆုပေးပွဲ အခမ်းအနားများကို နှစ်စဉ် ကျင်းပပြုလုပ်လေ့ရှိရာ ပွဲတော်၏ အမြင့်ဆုံးသော
စိတ်လှုပ်ရှားဖွယ်ရာများ ဖြင့် ကြက်ပျံမကျ အလွန်စည်ကား သိုက်မြိုက်လှပါသည်။
…ဧည့်လမ်းညွှန်များစီစဉ်ပေးမှုကြောင့် ဤဒေသစာရီဘုရားပွဲတွင် ခရီးသွားဟန်လွှဲအဖြစ်
ကြုံဆုံလိုက်ရသော ကမ္ဘာလှည့်ခရီးသည်အပေါင်းတို့မှာ အလွန်ကံကောင်းသူများဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤပွဲတော်ကို ဆင်နွဲရန် ကမ္ဘာအရပ်ရပ်မှ ခရီးသည်များ အထူးအစီအစဉ် အဖြစ် ကြိုတင်၍ငွေများစွာ ပေးဝယ်ယူရသောကြောင့်ဖြစ်သည်။

…ဖော်တော်ဦးဘုရားပွဲကြောင့် ဒေသခံတိုင်းရင်းသားများအားလုံးသည် ကုသိုလ်ကောင်းမှုပြုရန်
အခွင့်အရေး ရရှိကြရသည်။ ဒေသခံအချို့ဆိုလျှင် ရွှေစင်ရွှေခေါက်များကို ကိုယ်တိုင်ယက်ခတ်ပြီး
ဘုရားရုပ်ပွားတော်များကို ရွှေသင်္ကန်းများ ၀ိုင်းအုံကပ်လှူနေကြသည်မှာ ပကတိရုပ်ပွားတော်ကိုပင်
မမြင်နိုင်တော့ပါ။ ရွှေလုံးရွှေတုံးများ သဏ္ဍာန်ဖြစ်နေသည်။ ဒေသခံတိုင်းရင်းသား အင်းသားလူမျိုးတို့၏
အစားအစာများဖြစ်သည့် ၀က်သချဉ်သုပ်၊ ငါးထမင်းချဉ်၊ အင်းမုန့်တီ(အင်းမုန့်ဟင်းခါး)၊ တို့ဟူးကြော်၊
နေကြာစေ့လှော်၊ ကင်ပေါင်းကြော် (ကြက်သွန်မိတ်ကြော်)၊ ပဲထွန်ကြော်၊ မုန့်လုံးစက္ကူကပ်၊
အင်းလေးရိုးရာထမင်းဆိုင်များမှ ပဲလုံးဆေးခါးဟင်း၊ ဂျူးမြစ်သုတ်၊ ၀က်သားဟင်းနှင့် ထောပတ်သီးရနံ့တို့မှာ ဘုရားပွဲခင်းဈေးနေရာအနှံ့ မွှေးပျံ့လျက်ရှိရာ ဘုရားဖူးဧည့်သည်များကို စားချင်စဖွယ်ဖြစ်အောင်
ဆွဲဆောင်နေပါတော့သည်။

...ဤအင်းလေးကန်ဒေသသည် ပြည်ပထုတ်ကုန် တစ်စုံတစ်ရာမျှ မထုတ်လုပ်၊ သဘာဝနယ်မြေ ဘာမှ
မယိုယွင်းစေရဘဲ နိုင်ငံခြားဝင်ငွေများစွာ ရနေသောဒေသတစ်ခုလည်းဖြစ်သည်။ ကမ္ဘာလှည့်ခရီးသည်များ မြန်မာပြည်သို့ရောက်လျှင် အင်းလေးဒေသသို့ ရောက်လာကြစမြဲပင်။
…အင်းလေးကန်ကြီး၏တည်ဟန်သည် ပင်လယ်ရေပြင်အထက် အမြင့်ပေ (၂,၈၈၀) တွင် တည်ရှိသောကြောင့်
တောင်ပေါ်မှ ကြာပေါက်သော ထူးခြားသည့် ရေကန်ကြီးတစ်ကန် ဖြစ်ပေသည်။ သာယာလှပသော
သဘာဝ ပတ်ဝန်းကျင်များနှင့် ကမ္ဘာတွင် ရေပန်းစားနေသော (Bird Watching) အတွက်
ရေပျော်ငှက်မျိုးစုံတို့ ခိုလှုံ ကျက်စားရာနေရာဖြစ်သည်။ အင်းလေးကန်တစ်လျှောက်
လှေသွားရာနောက်သို့ လိုက်နေကြသော ဇင်ယော်များကို အစာပစ်ကျွေးရသည်မှာလည်း ပျော်စရာကောင်းလှပါသည်။ မြတ်နိုးဖွယ်ရာ အင်းလေးလူမျိုး တိုင်းရင်းသားပေါင်းစုံတို့၏
ရိုးရာဓလေ့ထုံးစံများ တည်မြဲရာနေရာလည်းဖြစ်ပေသည်။ စိတ်ဝင်စားဖွယ်ရာ ကျွန်းမျောများ၊
ရေလည်ကျွန်းကြီးများကိုလည်း တွေ့မြင်နိုင်ပါသည်။

…တန်ခိုးကြီးသမိုင်းဝင် အလိုတော်ပေါက်ဘုရား ရုပ်ပွားတော်မြတ် တည်ထားစံပယ်တော်မူရာ
အလိုတော်ပေါက်ကျောင်းမှာလည်း ပြန်လည်တူးဖော်တွေ့ရှိထားသော သမိုင်းဝင် ရှေးဟောင်းဘုရားများစွာ တို့ကို ဖူးမျှော်နိုင်သဖြင့် ဘုရားဖူးလာသူများအတွက် အထူးပင် စိတ်ဝင်စားဖွယ်ကောင်းလှပါသည်။
…ထို့အပြင် မြန်မာပြည်အရပ်ရပ်သို့ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေသော လောပိတရေအားလျှပ်စစ်
စက်ရုံကြီးသည်လည်း အင်းလေးကန်ကို အမှီပြုနေရသော ဘီလူးချောင်းကိုသာ အားထားနေရသဖြင့်
အထူးအရေးပါသော တောင်ပေါ်ရေကန်ကြီးတစ်ကန်လည်းဖြစ်ပေသည်။

…အင်းလေးကန်အတွင်းရှိ ငါးဖယ်ချောင် ဘုန်းကြီးကျောင်းမှာလည်း ကမ္ဘာလှည့်ခရီးသည်များနှင့်
ဘုရားဖူးခရီးသည်များအားလုံး ၀င်ထွက်သွားလာလျက်ရှိသောကျောင်းဖြစ်သည်။ ကျောင်းရှိ
မြောက်များစွာသော ကြောင်တို့၏ သံကွင်းများအတွင်းသို့ ခုန်ပျံဝင်ရောက်ကျော်လွှား ပြကြသည်များကို
မြင်တွေ့ကြရသော ကမ္ဘာလှည့်ခရီးသွားများမှာ အံ့သြဖွယ်ရာဖြစ်နေသောကြောင့်
“Cats Jumping Monastry” ဟူ၍ပင် ကမ္ဘာတွင် နာမည်ကျော်ကြားလျက်ရှိပါသည်။

…ရှေးခေတ်မြန်မာစာဆိုတော် ဦးပုညသည် သူ၏မေတ္တာစာတွင် အင်းလေးကန်ကို
တာဝတိံသာနတ်ပြည်ရှိ နန္ဒာကန်နှင့်တူကြောင်း နှိုင်းယှဉ်ရေးသားထားခဲ့ပါသည်။
ကမ္ဘာလှည့်ခရီးသည်များကမူ ဒေသစာရီဘုရားပွဲ ကျင်းပရာ အင်းလေးကန်ကို
ဥရောပရှိ အီတလီနိုင်ငံတွင် ရေမြုပ်နေသောမြို့ကြီးနှင့်တင်စားကာ “ Veneice Of The East ” ဟူ၍ ဂုဏ်ယူဝင့်ကြွားစွာ အမည်ပေးထားကြပါသည်။ သို့ဖြစ်၍ နှစ်စဉ်ဘုရားပွဲတော်နှင့်စည်ကားလှသည့် အင်းလေးဖောင်တော်ဦးနှင့် အလိုတော်ပေါက်ဘုရား ဗုဒ္ဓရုပ်ပွားတော်မြတ်များကိန်းဝပ် စံပယ်တော်မူရာ သတင်းမွှေးသည့် မြန်မာ့ဂုဏ်ဆောင် ရွှေအင်းလေးကန်ကြီးအား ဘယ်သောအခါမှ မတိမ်ကောဘဲ မြန်မာတည်သ၍ တည်တန့်နေစေရန် ၀ိုင်းဝန်းထိန်းသိမ်းကြရမည်ဖြစ်ပါသည်။
…ကမ္ဘာသစ်သူငယ်ချင်းများအားလုံးအားလည်း အင်းလေးဖောင်တော်ဦး ဒေသစာရီဘုရားပွဲသို့ ဘုရားဖူး သွားရောက်နိုင်ကြစေရန်နှင့် ဒေသခံတိုင်းရင်းသား ညီအစ်ကို၊ မောင်နှမများ၏ ချစ်စရာကောင်းလှသော
ရိုးရာဓလေ့ထုံးစံများကို သိရှိနိုင်ကြပါစေကြောင်း စေတနာဖြင့် မျှဝေပေးလိုက်ပါသည်။

…ဦးတင်သန်းယုနှင့် ဦးသောင်းညွန့်သစ်တို့၏ ဆောင်းပါးများအား မှီငြမ်း၍ ရေးသားပြုစုပါသည်။

…သူငယ်ချင်းများအားလုံး ကိုယ်စိတ်နှစ်ဖြာချမ်းသာကြပါစေ…

ကလေးများကို နားလည်ပါ



"ဖျန်း ..ဖျန်း..ဖျန်း" ဟူသောအသံနှင့်အတူ ကလေးငယ်တယောက်ငိုသံ အမေရဲ့ဆူပူကြိမ်းမောင်းသံတို့ကိုပါ တဆက်တည်းကြားလိုက်ရပါတယ်။
 

ကလေးက ထမင်းပန်းကန်မှောက်ကျမှုအပြစ်ကြောင့် အရိုက်ခံရတာပါ။ ဘာကြောင့်မှောက်ကျတာလဲ ဆိုတော့ ထမင်းပန်းကန်ကိုင်ပြီး အိမ်ရှေ့က ကလေးတွေကစားတာငေးကြည့်ရင်း မှောက်ကျသွားတာပါတဲ့။ အမေကတော့ ထမင်းစားနေတာတောင် အဆော့မက်တဲ့ကလေးဆိုပြီး အပြစ်ရှိတယ်ပေါ့လေ ။
ကျမတို့မြန်မာပြည်မှာ ကလေးတွေအမှားလုပ်တဲ့အခါ အပြစ်ပေးနည်း (ယေဘူယျအားဖြင့်ပေါ့လေ)
မိဘတွေက ရိုက်တယ်။ ကလေးတွေက နာကျင်စွာနဲ့အရိုက်ခံလိုက်ရတယ် ။ ငယ်ငယ်ကတည်းကနေ တချို့ဆို တက္ကသိုလ်တက်နေတဲ့ ထိတောင် အရိုက်ခံထိတုန်း။ သိတတ်တဲ့အရွယ်မှာတော့ထားပါဦးလေ။ ကိုယ်ဘာကြောင့်ရိုက်ခံရတယ်၊ ဆူခံရတယ်ဆို တာနားလည်သေးတယ်။ ငယ်ငယ်တုန်းကဆို ဘာလို့ရိုက်မှန်း ကိုယ်ကဘာမှားလိုက်မှန်း မသိခဲ့ဘဲ အရိုက်ခံလိုက်ရတာတွေ ရှိတတ်ပါသေးတယ်။ ဆရာမက ရိုက်တာ၊ အဖေအမေက ရိုက်တာပေါ့။
ကျမငယ်ငယ်ကမှတ်မိသေးတယ်။ ငယ်ငယ်ဆိုပေမဲ့ (၈)တန်းတော့ရောက်နေပါပြီ။ စာမေးပွဲနီးလို့ ဆရာတွေကလဲ သင်ခန်းစာကပြတ်တော့ တချို့အချိန်တွေဆို ကိုယ်ပိုင်ချိန်ပါပဲ။ ကြိုက်ရာနေရာလေးတွေမှာ စာကျက်သူကကျက်၊ စကားပြောသူကလဲပြော၊ အိပ်သူတချို့လဲ အိပ်ပေါ့လေ၊ ကျမလဲအဲဒီနေ့က ဆရာ့စားပွဲခုံအောက်ဝင်ပြီး ခက်ဆစ်တွေကို ပြန်နွှေးနေပါတယ်။ ဆရာ့စားပွဲက စားပွဲခင်းကကြီးနေတဲ့အတွက်အပြင်လူက ကျမကိုမမြင်နိုင်သလို ကျမကလဲ အပြင်ကလူတွေဘာလုပ်နေတယ်ဆိုတာကို မမြင်ရပါဘူး။ (အထဲမှာနဲနဲတော့မှောင်နေတာပေါ့လေ) ဒါပေမဲ့ကျမကလဲ မျက်စေ့နောက်ရင်စာမကျက်တတ်၊ နောက်ပြီးအသစ်ကျက်တာလဲ မဟုတ်ပြန်နွှေးနေရုံဆိုတော့ အဆင်ပြေနေပါတယ်။
အဲ တအောင့်လောက်ကြာတော့ တခန်းလုံးတိတ်ဆိတ်သွားခြင်းနှင့်အတူ အတန်းပိုင်ဆရာရဲ့အသံကို စားပွဲခုံအောက်က ကျမ ကြားလိုက်ပါတယ်။ " ထွက်၊ အားလုံးအလံတိုင်ရှေ့သွား" ဆိုပြီး အလံတိုင်ရှေ့မှာ တခန်းလုံး (ကျမအပါအ၀င်ပေါ့လေ) အရိုက်ခံရပါတော့တယ်။ တချို့ကျောင်းသူလေးတွေလဲ ဘာကြောင့်ဆရာက လာရိုက်သွားမှန်းမသိကြဘူးတဲ့လေ။ ကဲ ကောင်းကြသေးရဲ့လား။ (အမှန်က ပြတင်းပေါက်နားထိုင်ပြီးစာကျက်နေတဲ့
ကောင်မလေးတွေကို အခန်းပြင်ကနေတမျိုး၊ အခန်းတွင်းကတမျိုး ကောင်လေးတချို့စကြရင်းက ကောင်မလေးတွေက မကျေနပ်လို့ ပြန်ပြီးသူတခွန်းကိုယ်တခွန်း ရန်ဖြစ်နေတာကို မြင်တဲ့ဆရာမတယောက်က သွားတိုင်ရင်း ခုလိုအားလုံးကို ဆရာက ရိုက်တာပါ။) ဒါပေမဲ့ဆရာက ဘာဖြစ်သလဲ ဘယ်ကစလဲ ဘယ်သူတွေပါလဲ အဲဒါတွေမမေးရုံမက ဘာကြောင့်ဘယ်လိုအပြစ်ကြောင့်ရိုက်တယ်ဆိုတာပါ မပြောတော့ မသိဘဲ ခံလိုက်ရတဲ့သူက ခံလိုက်ရပါတယ်။
ကျမပြောချင်တဲ့အရာကလည်း အဲဒီကစပါတယ်။ တခါတလေ မိဘတွေကပဲ ဖြစ်ဖြစ် ဆရာ၊ ဆရာမတွေကပဲ ဖြစ်ဖြစ် အပြစ်ပေး ရိုက်ကြပါတယ်။ ဒါပေမဲ့ အပြစ်နဲ့ အကျိုးကို သေချာနားမလည်ဘဲ အရိုက်ခံအပြစ်ပေးခံလိုက်ရတာတွေရှိတတ်ပါတယ်။ (သေချာသုံးသပ်စဉ်းစားကြည့်ပါ) အဲဒီရဲ့အကျိုးရလဒ်ကဘာဖြစ်လာသလဲ ဆိုတော့ အဖန်တလဲလဲ ထပ်ထပ်ပြီး အဲလိုအဖြစ်မျိုးကျူးလွန်နေတာပါပဲ။ တကယ်လို့ အပြစ်ပေးသူတွေကသာ အပြစ်ကိုသေချာပြောပြမယ်၊ နောက်နောင် ဘယ်လိုလုပ်သင့်တယ်ဆိုတာသာပြောပြခဲ့ရင်ကလေးတွေဟာလဲ တမျိုးတဖုံပြောင်းလဲ ကောင်းပြောင်းလဲ နိုင်ပါတယ်။
နည်းရှိတယ်လို့ ကျမထင်ပါတယ်။ ဆူခြင်း နဲ့ ရိုက်နှက်ခြင်း ပါ။ အပြစ်သိပ်မကြီးတဲ့အခါ ဆူပြီး အပြစ်ကြီးသွားရင်တော့ ရိုက်တာပေါ့လေ။

ခုလိုအခြေအနေမျိုးမှာတော့ နောက်ပိုင်းမှာ ကလေးတွေဟာ ဘာတွေဖြစ်လာသလဲဆိုရင် လိမ်ပြောလာတတ်ပါတယ်။ ငါအမှန်ပြောလဲ အရိုက်ခံရမယ့်အတူတူ ငါလိမ်လိုက်မယ်။ ကလေးက စမ်းသပ်လာတာပါ။ ပထမဦးဆုံးကျမပြောခဲ့တဲ့ထမင်းပန်းကန်မှောက်ကျတဲ့ကလေး ဆိုပါစို့၊ သူကငေးရင်းလမ်းလျှောက်မိလို့ ပန်းကန်ပြုတ်ကျတာပါ မပြောဘူး။ ကြောင်တိုက်တာ (ကြောင်မရှိခဲ့ရင်တောင်) ခုံကမငြိမ်လို့ အပြစ်ကို သူများအပေါ် ပုံချတော့မယ်။ အဲဒီအခါအမေက ကလေးကို မရိုက်တော့ဘူး။ ကြောင်ကိုပဲ အပြစ်တင်လိုက်မယ်။ အဲလိုနဲ့ပဲ ကလေးက သူအမှန်ပြောတုန်းက အရိုက်ခံထိတယ်။ ညာပြောလိုက်တော့ အပြစ်ကလွတ်တယ်လို့မြင်ပြီး နောက်တကြိမ်တွေမှာတော့ဖြင့် လိမ်ပြောဖို့ကြိုးစားလာပါတော့မယ်။
ကျမတို့ပတ်ဝန်းကျင်မှာဖြစ်ပျက်တတ်တဲ့သဘောလေးပါပဲ။ သတိထားကြည့်ရင်မြင်လာမှာပါ။
ကလေးလိမ်တတ်သွားတာရဲ့ အဓိကတရားခံက အချစ်ဆုံးအမေဖြစ်နေပြီလေ။ "သတိမမူ ဂူမမြင်" ဆိုတဲ့အတိုင်း ဘာရယ်မဟုတ် အပြစ်ရှိုလို့အပြစ်ပေးလိုက်တာပါပဲ ဒါပေမဲ့ကလေးစိတ်ထဲမှာ ငါ့ရဲ့အပြစ်က ဘာ၊ ငါဘယ်လိုနေရမယ်၊ ငါဘယ်လိုဆင်ခြင်ရမယ်၊ ဆိုတဲ့အသိလေး ၀င်သွားအောင် ပေးတတ်ဖို့လဲ လိုပါတယ်။ ကလေးပဲ ဒါတွေဘယ်လိုပေးမှာလဲ ဘယ်လိုသိမှာလဲ လို့တော့မတွေးစေချင်ပါဘူး။
ကလေးလေးတွေက တကယ်ပုံသွင်းလို့ရအောင်ကို သိနားလည်ကြပါတယ်။ နေ့စဉ်နဲ့အမျှ ကလေးတွေနဲ့ ကလေးတွေနဲ့အတူ နေနေရတဲ့ ကျမအဖို့တော့ အဲဒါကို ယုံကြည်လက်ခံပါတယ်။ ကလေးလေးတွေမှာ ဘာဆိုဘာမှာမရှိသေးတဲ့အတွက် ထည့်ပေးဖြည့်ပေးလို့ အကောင်းဆုံးပါပဲ၊

ကောင်းတဲ့အရာတွေဖြည့်မပေးမိဘဲ ခုနကလို လိမ်ဖို့လမ်းကြောင်းပေးလိုက်သလို ဖြစ်မှာစိုးရပါတယ်။ ကျမပြောတဲ့သာဓက ကတခုတည်းမို့ မမြင်သာဘေူးဘူးဆိုရင် ပတ်ဝန်းကျင်ကို နဲနဲလေးကြည့်လိုက်ပါ။ မိဘ (သို့) ဆရာ၊ဆရာမတွေကြောင့် လိမ်တတ်သွားတဲ့ လိမ်လိုက်တဲ့ကလေးလေးတွေကို တွေ့လာမှာပါ။ သူတို့လေးတွေရဲ့အပြစ်ကို သိရှိပြီးနောက်တကြိမ် မလုပ်မိအောင်ဘဲ ကျမတို့ပြောပြသွန်သင်နိုင်ဖို့ ကြိုးစားကြစေချင်ပါတယ်။ လိမ်တတ်သွားအောင်တော့ ဘယ်သူကဖြစ်စေချင်ပါ့မလဲနော် ။ ဒါပေမဲ့အဲလို ဖြစ်သွားစေတယ်ဆိုတာကို သိမြင်စေချင်လို့ ဒီပိုစ့်လေးကို တင်ဖြစ်သွားတာပါ။ 


* Posted by zinthubobo on October 14, 2010 at 7:30pm 

ကျောင်းသားအမြင်

(၁)
ကထိကရဲ့ အဓိပ္ပါယ်က ဘာလဲ?
... .... ..... ကထိကဆိုတာ အခြားလူတွေအိပ်နေတဲ့အချိန်မှာ အလိုက်ကမ်းဆိုးမသိ ပြောချင်ရာတွေ ပြောတတ်တဲ့အကျင့်ဆိုးရှိတဲ့ လူတစ်ယောက် ဖြစ်ပါသည်။


(၂)
စာမေးပွဲဆိုတာ ချစ်သူမိန်းကလေးလိုပါပဲ။
မေးခွန်းတွေအများကြီးမေးတယ်။ နားလည်ဖို့ ခက်ခဲတယ်။ အများကြီး ရှင်းလင်းဖြေဆိုရတယ်။ နောက်ဆုံးရလဒ်ကတော့ အမြဲတမ်း ကျရှုံးမှုပဲ။


(၃)
တက္ကသိုလ်ကောလိပ် ဥပဒေသ (၃)ချက်



စာသင်ခန်းများအတွင်း၌ ဆူညံမှုမပြုရ၊ တိတ်ဆိတ်ငြိမ်သက်စွာ နေရမည်။
အဘယ်ကြောင့်ဆိုသော် အခြားသူများ အိပ်မောကျနေသောကြောင့် ဖြစ်သည်။ စာသင်ခန်းလာရာတွင် သင်တို့၏ လွယ်အိတ်များကို မမေ့မလျော့ ယူဆောင်လာရမည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ကို ခေါင်းအုံးအဖြစ် အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ ကျောင်းပုရိဝုဏ်ကို သန့်ရှင်းအောင် လုပ်ဆောင်ရမည်။ ထို့ကြောင့် ညစ်ပတ်အောင် အရင်လုပ်ရမည်။


(၄)
မေး - သူလျှိုတစ်ယောက်ရဲ့သား စာမေးပွဲကျလာတဲ့အခါ သူ့အဖေကို ဘာပြောမယ်ထင်သလဲ?
ဖြေ - အဖေ၊ သူတို့တွေ ကျွန်တော့်ကို (၃)နာရီလုံး မေးခွန်းတွေ မေးကြတယ်၊ ဒါပေမယ့် ကျွန်တော် သူတို့ကို ဘာတစ်ခွန်းမှ ပြန်မပြောဘဲ နေနိုင်ခဲ့တယ်။
(၅)
ကျွမ်းကျင်ထက်မြက်တဲ့ ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက် ဖြစ်ဖို့အတွက် ကျောင်းစာတွေကို အမြဲတမ်း စာမေးပွဲနီးမှပဲ ပြင်ဆင်ကျက်မှတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလို စာမေးပွဲနီးမှ ဖုတ်ပူမီးတိုက်ပြင်ဆင်ခြင်းက အချိန်ကို ဘယ်လိုစီမံခန့်ခွဲရမယ်ဆိုတာနဲ့ အရေးပေါ်အခြေအနေတွေကို ဘယ်လိုဖြေရှင်း ကိုယ်တွယ်ရမယ်ဆိုတာကို သင်ကြားပေးလို့ပါပဲ။
(၆)
ကားမောင်းသူတစ်ဦး အမှားတစ်ခုလုပ်မိရင် မတော်တဆမှုတစ်ခု ဖြစ်တယ်။ သိပ္ပံပညာရှင်တစ်ယောက်က အမှားလုပ်မိရင်တော့ တီထွင်မှုတစ်ခု ဖြစ်တယ်။ စက်ချုပ်သမားတစ်ယောက်က လုပ်မိရင် ဖက်ရှင်အသစ်တစ်မျိုး ဖြစ်တယ်။ ပရော်ဖက်ဆာတစ်ယောက်က အမှားလုပ်မိရင် သီအိုရီအသစ်တစ်ခု ဖြစ်တယ်။ ကျောင်းသားတစ်ယောက်က အမှားလုပ်မိရင်ကော.... ? အဲဒါဆိုရင်တော့ အမှားက အမှားပဲဖြစ်ပါတယ်။ အပြစ်ပေးခံရမလား၊ တိုင်စာပို့ခံရမလား၊ စာမေးပွဲကျမလား တစ်ခုခုတော့ ဖြစ်လာမှာပါပဲ။
(၇)
ဆရာမ - ကဲ... သီတာ၊ ဆရာမကို ရေသတ္တ၀ါ (၅)မျိုး ပြောပြပါဦး။
သီတာ - ငါး။ ဆရာမ - မှန်တာပေါ့။ ကျန်တဲ့ (၄)ကောင်ကို ပြောပြပါဦး။ သီတာ - ငါးအဖေ၊ ငါးအမေ၊ ငါးညီလေး၊ ငါးညီမလေး။


(၈)
ငါ... ဘာများ အမှားလုပ်ခဲ့မိသလဲကွာ။
မင်းဘာကြောင့် ငါ့ကို ရှောင်ဖယ်ပစ်ခွါနေရတာလဲ။ တစ်ပတ်မှာ တစ်ကြိမ်လောက်ပဲ မင်း...ငါ့ကို သတိရတဲ့အတွက် ငါ...ဘယ်လောက် နာကျင်ကြေကွဲရတယ်ဆိုတာ မင်းသိရဲ့လား။ အချစ်များစွာဖြင့် မင်းရဲ့ ပြဋ္ဌာန်းစာအုပ် (Text book)


(၉)
ကထိကတစ်ယောက်မှာ မိခင်တစ်ယောက်ထက် သာတဲ့အချက်တွေများ ရှိသလား? ရှိတာပေါ့။ မိခင်တစ်ယောက်က သားတစ်ယောက်ကိုပဲ အိပ်ပျော်အောင် ချော့သိပ်နိုင်တယ်။ ကထိကတစ်ယောက်ကတော့ တစ်ခန်းလုံးကို အိပ်မောကျစေနိုင်တယ်လေ။


(၁၀)
သမိုင်းဆရာ - ၁၉၁၅ မှာ ဘာဖြစ်ခဲ့သလဲ။
ကျောင်းသား - ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့ပါတယ်ဆရာ။ သမိုင်းဆရာ - ကောင်းပြီ၊ ၁၉၂၀ မှာရော ဘာဖြစ်ခဲ့သလဲ။ ကျောင်းသား - ဗိုလ်ချုပ်အောင်ဆန်း အသက်(၅)နှစ် ပြည့်ပါတယ်ဆရာ။

* Posted by Tun Aung Kyaw on October 13, 2010 at 7:00am 

ကန့် သတ်ချက်မရှိသော စွမ်းအား

ကျွန်မတို့ဘ၀ကိုနေရာအခန်းစုံ ပုံစံမျိုးစုံနဲ့ရင်ဆိုင်လှုပ်ရှားနေကြတဲ့အခါမှာ စိတ်ဓါတ်ကျစရာပြသနာ
ဒုက္ခတွေနဲ့ရင်ဆိုင်ရတဲ့အခါ မိမိစိတ်ဓါတ်စွမ်းအားကိုပြန်လည်မြှင့်တင်ပေးဖို့လိုအပ်သလို ရင်ဆိုင်ဖြေရှင်းဖို့ အင်အားစွမ်းအင်တွေလိုအပ်ပြန်ပါတယ်။
ဘ၀ကိုတန်ဖိုးထားပြီး ရင်ဆိုင်နိုင့်ဖို့စွမ်းအားတွေကိုတော့ စာပေများဖတ်ခြင်းမှတော်တော်များများ ရရှိပါတယ်။
ကျွန်မစိတ်ကူးဖြင့်ပုံဖေါ်ထားတဲ့ စာစုလေးကိုဖတ်လိုက်ရတဲ့အတွက်အင်အားတစ်ရပ်ဖြစ်ပါစေသူငယ်ချင်း..................

ကျွန်မတို့တွေ့ကြုံရတဲ့ဝန်းကျင်မှာတွေ့ရတာကတော့လူဘ၀ကိုတန်ဖိုးထားသူတွေနဲ့ တန်ဖိုးမထားသူတွေဆိုပြီး နှစ်မျိုးတွေ့ရပါတယ်။
တကယ်တော့ဘ၀ဟာတန်ဖိုးရှိပါတယ်၊ ဒီတန်ဖိုးကိုမသိကြတာဆိုးပါတယ်။ ဒီတန်ဖိုးဟာအင်မတန်ကြီးလွန်းလို့
လူဘ၀ဟာရခဲတယ်လို့ ဘာသာတရားစာပေတွေမှာဆိုထားပါတယ်။
ကျွန်မဖတ်ရတဲ့စာစုထဲမှာတော့ လူမှာရှိတဲ့စွမ်းရည်ဟာ ယနေ့ ထက်တိုင်ဘယ်သတ္တ၀ါဘယ်စက်ပစ္စည်းတွေထက်မဆိုသာပါတယ်။ လူတွေရဲ့ဦးနှောက်နဲ့တီထွင်ထားတဲ့စက်တွေဟာလူတွေခိုင်းတာလုပ်ရတယ်။
ကွန်ပျူတာဆိုတာလူတွေရဲ့ဦးနှောက်အစားထိုးလို့ဆိုနိုင်ကြောင်းဆိုထားပါတယ်။ ဒါပေမဲ့ဆင်ခြင်နိုင်မှုမရှိလှတဲ့စက်တွေက လူကိုမလွှမ်းမိုးနိုင်ပါဘူး။

လူတိုင်းမှာမေတ္တာ၊ကရုဏာ၊ စေတနာအပြင် အခြေအနေအချိန်အခါ ကိုလိုက်လျက် လုပ်ကိုင်ဆုံးဖြတ်နိုင်တဲ့စိတ် ဆိုတဲ့ဝိညာဉ်ဆိုတာရှိနေပြန်တယ်။
လူတွေနဲ့စက်တွေရဲ့ကွာခြားချက်တွေပါပဲ။ နောက်ထပ်ကွာခြားချက်ကတော့ ကန့်သတ်ချက်ပါပဲ။
စက်တစ်ခုကိုလုပ်ရင် သူဘာလုပ်နိုင်တယ်ဆိုတာကန့်သတ်ချက်ရှိပြန်တယ်။
သတ္တ၀ါအများစုမှာလည်းကန့်သတ်ချက်ရှိတယ်။
လူကတော့ကန့်သတ်ချက်အတော်နည်းလှပါတယ်။
ဆင်းရဲသားဟာလည်းဘုရင်ဖြစ်နိုင်သလို၊ အင်မတန်ဆင်းရဲ့တဲနိုင်ငံကလူတွေမှာလည်း ကမ္ဘာအဖွဲအစည်းတွေမှာ ခေါင်းဆောင်ဖြစ်နိုင်တယ်။
လူတွေမှာပညာရှင်ဆိုတာ ပညာရှင်ကနေမွေးဖွားလာတာမဟုတ်သလို၊ လူရဲ့ဦးနှောက်ထဲမှာ ဆင်ခြင်ဥာဏ်ပါလာပြီး၊ တတ်ကျွမ်းမှုတွေ ပါမလာဘူးနော်။
စာဘူးတောင်းဌက်ကလေးဆိုရင်တော့ မွေးကတည်းသူရဲ့အသိုက်ကိုလှပစွာရက်လုပ်တတ်တဲ့ အတတ်ပညာကန့်သတ်ချက် ကတော့ပါလာလေတယ်၊ အတတ်ပညာဘက်ကကြည့်ရင်တော့ နောက်ထပ်သူဘာမှ လုပ်တတ်မှာမဟုတ်ဘူးလေ။
လူတွေရဲ့စွမ်းရည်ကတော့ ရပ်တန့်မသွားဘဲ နောက်ထပ်ဘာသင်မလဲ ဘာဖြစ်လိုသလဲသာစဉ်းစားပါ၊ ဖြစ်လာမှာပါပဲ၊ သင်ကလူပဲကိုးးးးး

* There is no limitation on what you can be.

ဆုံးဖြတ်ရမှာကတော့ကိုယ်တိုင်ပါပဲ၊
တကယ်လို့ လိုအပ်ချက်ဟာတီထွင်ခြင်းရဲ့မိခင်ဆိုရင်တော့.......................
နာကျင်ခြင်းဟာ သင်ယူခြင်းရဲ့ဖခင်ပဲပေါ့.............


ကိုယ်ရောက်နေတဲ့နေရာ ဟာကိုယ်အဆုံးအဖြတ်ကြောင့်သာရောက်နေခြင်းပါပဲ၊
တခါတရံလူတစ်ယောက့်ရဲအရည်အချင်းကို အင်တာဗျူး( IQ )နဲ့ဆုံးဖြတ်ကြပြန်တယ်၊ လူတစ်ယောက်လောကကြီးထဲရောက်လာရင်10 နှစ်ကနေနှစ်20 လောက်သူတပါးကိုမှီခိုနေရတယ်။ကြီးပြင်းလာတဲ့အခါ လူရဲ့ခွန်အားဟာ ကာယမဟုတ်ဘူး၊ဥာဏသာဖြစ်နေပြန်တယ်၊ လူတိုင်းမှာသင့်တင့်လျောက်ပတ်တဲ့ အရည်အသွေးတွေရှိကြတာပါပဲ၊ အဲဒီအရည်အသွေးထဲမှာကျန်တဲ့သတ္တ၀ါမှာမရှိတဲ့ဘာသာစကားပြောတတ်တဲ့ language ရှိတယ်။ တွေးတောဆင်ခြင်တတ်တဲ့စိတ်ရှိတယ်။

သင်ကြားပေးရင် တတ်မြောက်နိုင်တဲ့အရည်အသွေးဆိုတာ ကျွန်မတို့အတွက်အင်မတန်ခွန်အားကြီးတဲ့ ဘ၀ပေးလက်ဆောင်ကောင်းတစ်ခုပါပဲ၊

ဒါပေမဲ့လူတွေဟာ အမှားနဲ့အမှန် ဆိုတဲ့လမ်းကျဉ်းထဲမှာကျင်လည်နေကြတယ်၊ ဒီလမ်းကျဉ်းလေးဟာအလင်းရောင်နည်းတယ်၊
ဘယ်ဟာမှန်တယ်၊မှားတယ်ဆိုတာကို မြင်နိုင်စွမ်းမရှိသလိုပါဘဲ၊ မမြင်တာလည်းရှိနေပြန်တယ်။
အမှားကိုတိုးမိရင် မင်းဘာလုပ်မလဲ..........

သတ္တိမရှိသူတွေကတော့ အပြစ်ပုံချဖို့နေရာရှာတော့တာပါပဲ။ ဘယ်သူကြောင့်လဲ၊ တရားခံရှာတဲ့အခါ မိမိကိုယ်ကို ကွက်ပြီးချန်ထားတတ်ပြန်တယ်။
ဝင်စတန်ချာချီပြောခဲ့တဲ့စကားကိုအမှတ်တရပြောရရင် .................

Courage is rightly considered the foremost of the virtues , for upon it, all other depend.
လူတိုင်းမှားဖူးတယ်၊ မှားရင်သူများကိုလက်ညိုးမထိုးနဲ့၊ မှန်မှန်ကန်ကန်ဆန်းစစ်ပါ၊
သတ္တိရှိလာခဲ့အခါ မိမိဟာသူတစ်ပါးအားကိုးရာဖြစ်လာမှာပါ။
ဘ၀မှာအောင်မြင်နေရုံနဲ့မပြီးသလို ပျော်ရွှင်လိုကြတယ်ဆိုရင် သူတစ်ပါးကိုအပြစ်မတင်ဖို့လိုပါတယ်။

သူများကိုအပြစ်မတင်ပါနဲ့၊ အပြစ်တင်ဖို့လည်းစိတ်မကူးပါနဲ့၊ သဘာဝကမျှတပါတယ်၊ မိမိအကျိုးပေးမိမိမြင်ရမှာပါ။
သင်ရဲ့ကြောက်ရွ့ခြင်းဟာ သင်ရဲ့စိတ်ထဲကဖြစ်တာပါ၊ ဒါကိုတကယ်ဘ၀မှာ သိထားဖို့ပါပဲ၊ သတ္တိဆိုတာဘ၀အတွက် အရေးပါဆုံးသောခွန်အားပါ။
ဒီသတ္တိပေါ်မှာပဲ ကျန်တာတွေအားလုံးမူတည်နေပြန်ပါတယ်။

* Make your life a masterpiece:
imagine no limitation on what you can be , have or do,
You have the ability, right now,
to exceed all your previous levels of accomplishement.

ဘ၀ကိုအထူးခြားဆုံးလို့ခံယူထားပါ၊ ခံယူထားတဲ့အတိုင်းလဲဆောင်ရွက်ပါ။
ဘာမှကန့်သတ်ချက်မရှိဘူးရယ်လို့စိတ်ကူးလိုက်ပါ။
သင်မှာစွမ်းအားရှိတယ်၊ ယခုလည်းရှိနေတာပါပဲ၊ သင်ရဲ့စွမ်းရည်ဟာ ယခင်သင်အောင်မြင်ထားတာတွေထက်ပိုပါတယ်။

သူငယ်ချင်းတို့တွေအားလုံးသတ္တိအပြည့်အ၀ဖြင့် ဘ၀ကိုရင်ဆိုင်ယှဉ်ပြိုင်နိုင်ပါစေ......

* Posted by khin soe htut on October 11, 2010 at 6:30am 

သက်တန့် အိပ်မက်

ကောင်းကင် ကံကြမ္မာက
ကြွေတစ်လှည့် ကြက်တစ်ခုန်
တိမ်ထူလိုက် ..... နေသာလိုက်
ရာသီစက်ဝန်းထဲ ငါ့ကို ထားခဲ့တယ် ။
မိုး ..................မိုး .................... မိုး
နေရောင်ခြည်ကို မြတ်နိုးပါတယ်
တိမ်တိုက်တွေပဲ လွှမ်းခြုံထားခဲ့တယ်
ငါ့စိတ်တွေ အုံ့မှိုင်းသွားတဲ့အထိ ။
တိမ်တိုက်တွေ ပြိုရမလား လွင့်ရမလား မုတ်သုန်ရေ .......
အမြင့်ပေါ်တက်ကစားရင်း
မြေကြီးနဲ့ ပိုနီးလာတယ် ။
တိမ်တိုက်တွေ အရည်ဖျော်ပြီးချိန်
ရောင်စဉ်တွေ ငါ့ကို ကြိုလှည့်ပါ ။
မြေကြီးပေါ်မှာ မအိပ်စက်ခင်
သက်တန့်တစ်စင်းလောက်တော့ ထမ်းသွားချင်တယ် ။ ။


( သန်းထွန်းလင်း )
* Posted by သန်းထွန်းလင်း on October 10, 2010 at 6:00am 


ရယ်ကြမယ်

1.
အင်တာဗျူးတစ်ခုတွင်....
မန်နေဂျာ။ ။ မင်းမွေးနေ့ ပြောပါ
ကိုထုံ ။ ။ အောက်တိုဘာ ၁၃
မန်နေဂျာ။ ။ ဘယ် နှစ်လဲ
ကိုထုံ ။ ။ နှစ်တိုင်း

2.
နိုင်ငံခြားခရီးမှ ပြန်ရောက်လာသော ကိုထုံက သူမိန်းမကိုမေးတယ်...
"ငါက နိုင်ငံခြားသားနဲ့များ တူနေလား"
"တူပါဘူး၊ ဘာလို့ လဲ"
"လန်ဒန်မှာ အမျိုးသမီးတယောက်က ငါ့ကို နိုင်ငံခြားသားလားလို့ လာမေးနေလို့"

3.
အမေရိကန်တိုးရစ် တစ်ယောက်က ကိုထုံကို မေးကြည့်တယ်....
အမေရိကန်။ ။ ဒီရွာမှာ ကြီးကျယ်မြင့်မြတ်တဲ့လူ တစ်ယောက်ယောက်များ မွေးခဲ့ဘူးသလား
ကိုထုံ ။ ။ ဟင့်အင်း...ကလေးလေး တွေပဲ မွေးတာ

4.
စာသင်ခန်းအတွင်း၌ဖြစ်သည်...
ဆရာ ။ ။ ဂန္ဒီ ဂျရမ်သီ အကြောင်း မှတ်ချက် ရေးပါ
ကိုထုံ ။ ။ ဂန္ဒီ ဟာကြီးကျယ်မြင့်မြတ်တဲ့ ပုဂ္ဂိုလ်တစ်ဦးပါ။ ဂျရမ်သီ ကိုတော့ ကျနော် မသိပါဘူး။


5.
ကိုထုံနဲ့ သူ့ဇနီးသည်တို့ ကားငှားစီးလာစဉ်ဖြစ်သည်။
ကားဒရိုင်ဘာက နောက်ကြည့်မှန်ကို ချိန်နေပါတယ်။ ဒါကိုမြင်တဲ့ကိုထုံက...
"မင်းက ငါ့မိန်းကို ခိုးကြည့်မလို့ပေါ့လေ၊ ဘယ်ရမလဲကွာ...ဖယ်စမ်း ငါမောင်းမယ်၊ ဒီမှာလာထိုင်"


6.
အင်တာဗျူးတစ်ခုတွင်....
မန်နေဂျာ။ ။ မင်းဟာ သုံးထပ်တိုက်ပေါ်ရောက်နေတယ်လို့ စိတ်ကူးကြည့်လိုက်၊ အဲဒီတိုက်ကိုမီးလောင်နေပြီဆိုပါတော့၊ မင်းဘာဆက်လုပ်မလဲ
ကိုထုံ ။ ။ လွယ်လွယ်လေး၊ စိတ်ကူးနေတာကို ရပ်လိုက်မှာပေါ့၊


7.
ကိုထုံ ။ ။ အဲဒီကောင်မလေးက နားလေးနေတယ်ထင်တယ်ကွ
သူငယ်ချင်း ။ ။ ဘာလို့ လဲ
ကိုထုံ ။ ။ ငါက သူ့ကိုချစ်တယ်လို့ပြောတာကို...သူ့ ထီးက အသစ်ကြီးနော် လို့ပြန်ပြောတယ်လေ



8.
စာသင်ခန်းအတွင်း၌ဖြစ်သည်...
ဆရာ ။ ။ ကမ္ဘာပေါ်မှာ ရှေးအကျဆုံး သတ္တဝါကို ပြောပါ
ကိုထုံ ။ ။ မြင်းကျား

 

ဆရာ ။ ။ ဘာလို့လဲ
ကိုထုံ ။ ။ သူက ခုထိ အဖြူအမဲပဲရှိသေးတယ်လေ...


9.
ကွန်ပြူတာကုမ္မဏီ ၏ အင်တာဗျူးတစ်ခုတွင်....
မန်နေဂျာ။ ။ မင်း MS office ကို သိသလား
ကိုထုံ ။ ။ လိပ်စာသာပေးလိုက်ပါ၊ ရအောင်ရှာသွားလိုက်ပါမယ်...


10.
စာသင်ခန်းအတွင်း၌ဖြစ်သည်...
ဆရာ ။ ။ လိမ္မော်သီး နဲ့ ပန်းသီး ရဲ့ခြားနားချက်ကိုပြောပါ
ကိုထုံ ။ ။ လိမ္မော်သီးရဲ့ အရောင်က လိမ္မော်ရောင်ဖြစ်ပေမယ့် ပန်းသီးရဲ့အရောင်က ပန်းရောင်မဟုတ်ဘူးလေ။ 


* Posted by Tun Aung Kyaw on October 9, 2010 at 11:30am 

မလွန်ဆန်နိုင်သော


* သစ်ရွက်ဝါလျှင်....
လေမှာလွင့်လျက်ကြွေရသည်။* သစ်ပင်ကိုင်းလျှင်...
မုန်တိုင်းတိုက်ကာပြိုရသည်။

* ပန်းပွင့်ကြွေလျှင်...
စမ်းရေစိးတွင်မျှောရသည်။

* လူသန်စွမ်းလျှင်....
အားခန်းမြေဆီဖြစ်ရသည်။

* သိန်းစွန်ရဲလျှင်.....
ပျံဝဲလွန်းလျက်သေရသည်။

* သင်္ခါရနှင့်သတ္တလောက...
သြကာသတွင်....
မြင်ရတဆုံး သက်ရှိလုံးသည်..
အရူုံးပေးရာ အနိစ္စကို...
မလွန်ဆန်နိုင်ပါတကား....။


 

* Posted by khin soe htut on October 6, 2010 at 6:30am

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>