2 3 4 5 6 7 8 9 10

Thursday, May 28, 2015

ဘ၀အမောကို ဖြေနိုင်စွမ်းသည့်အရာ



ဘ၀ကိုဆင်ခြင်သုံးသပ်ပြခဲ့သော ပြည်မြို့ နိဗ္ဗိန္ဒ ကန်သာယာတောရကျောင်းဆရာတော် ဆိုမိန့်ခဲ့ဘူးသော အမိန့်တစ်ခုလိုပါပဲ တချို့ကဘ၀ကိုပုခုန်းနဲ့ ထမ်းနေရတယ်၊ တချို့ကတော့ ဘ၀ကို ဦးဏှောက်နဲ့ ရွတ်ထားကြတယ်။
ထိုဆုံးမစကားကို အမှတ်ရရင်းဖျတ်ကနဲဝင်လာခဲ့သော ငယ်ဘ၀က အဆိုအမိန့်များကို တွေးမိပါတယ်။ ငယ်စဉ်အခါပညာရှာ။ ပညာရွှေအိုးလူမခိုး။ ပညာမရှိ သူ၏၀န်ထမ်း။ ပညာရဲရင့် ပွဲလည်တင့်။
စသည်စကားပုံများကို ယုံကြည်ချက်ခွန်အားတစ်ခု အဖြစ်လိုက်နာကြိုးစားခဲ့ ပါသော်လည်း ပညာရှာမိခဲ့ သည်အတွက် မှားများသွားပြီလားဟုတစ်ခါတစ်ခါမတွေးကောင်းတွေး ကောင်းတွေးမိပြန်သည်။



ကျွန်မကို ငယ်စဉ်ကတည်းကမွေးစားခဲ့ပြီး အတူနေလာတဲ့ ကျွန်မရဲ့မွေးစား အမေပြောသလိုပေါ့။
ပညာမကြိုးစား၊ ဆယ်တန်း မအောင်ခဲ့တဲ့ငါသားကတော့ ငါနဲ့ရင်အုပ်မကွာနေရတယ်၊ ဆယ်တန်းအောင် သွားတဲ့ ငါ့သမီးကတော့ မိသားစုနဲ့ခွဲပြီးကျောင်းတက်၊ကျောင်းပြီးပြန်တော့အလုပ်လုပ်၊ ခုချိန်ထိပေါ့ အဝေးမှာ မိသားစုနဲ့ခွဲပြီးနေရတယ်၊ ငါပညာသင်ပေးမိတာ ငါပဲရင်ပူရတယ်။ ငါပညာသင်ပေးမိတာ မှားသွားပြီလားမသိပါဘူးလို့ အိမ်ပြန်ရင်အမြဲညည်းတတ်တဲ့ ဒေါ်လေးမေ စကားကိုကြားယောင်မိပြန်တယ်။ ပညာရဲ့တန်ဖိုး ဘ၀ကို ဦးဏှောက်နှင့် ရွက်နိုင်စွမ်း ရှိသော လူတစ်ယောက် ဖြစ်နိုင်ရန် ကြိုးစားရင်း ငွေကြေးနှင့် ပညာ ၊ ပြဿနာ ညီမျှခြင်း မညီမျှခြင်း အတွေးများကို ဖယ်ရှား နိုင်ဖို့ကြိုးစား ရုန်းကန်ရတာ ခက်ခဲလှပါတယ်။



မိုးသည်ကိုယ်ရေကိုယ်မချိုး၊
မြစ်သည် ကိုယ်ရေကိုယ်မသောက်။
သစ်ပင်သည် ကိုယ့်အသီးကိုယ်မစား။ 

ထို့အတူပင် ပညာရှိတို့သည် ကိုယ့်စွမ်းအားကိုယ်အတွက်မသုံးပေ.. ဟု 
ငယ်စဉ်ကျွန်မကို ဆရာတစ်ဦးပြောခဲ့တာကို မှတ်မိ နေပြန်သည်။ ပညာကိုမျှဝေ သင်ကြားဆုံးမပေးသော ဆရာတစ်ယောက်၏ဘ၀သည် စင်စစ် မွန်မြတ်လှသည်။ တပည့်များအပေါ်ထားရှိသောဆရာတစ်ယောက်၏ စိတ်ထားသည် သစ်ပင်တစ်ပင်၏ အမြစ်နှင့် တူပြန်သည်။ သစ်တစ်ပင်၏အခြေမူလမှာ သစ်မြစ်များပင်ဖြစ်သည်။ ရေသောက်မြစ်၊ အစာမြစ်တို့သည် မြေလွှာအောက်မှ နေလျက်သစ်ပင်အတွက် အဓိကလိုအပ်သော အစာ၊အဟာရ မျိုးစုံ တို့ကို စုပ်ယူပြီး ပင်စည်၊သစ်ကိုင်း ၊သစ်ရွက်တို့ဆီ သို့အရောက်ပို့ ပေးကြသည်။အချိန် တန်မှ သစ်ပင်ကြီးတွင် အရွက်အသီးတို့ဝေစည်လာသောအခါ သူကိုယ်တိုင်မြင်တွေ့နိုင်ခွင့် မရသော် လည်း မြေလွှာအောက် မှနေ တိတ်တိတ်လေးကြိတ် ၀မ်းသာ ပီတိဖြစ်ရသည်။ သစ်မြစ်၏အချစ်မျိုးဖြင့် ချစ်တတ်ကြသော ဆရာတစ်ယောက်၏ဘ၀ သည် မြင့်မြတ်လှပေသည်။ ကျွန်မ၏ ဆရာများ အားလုံးသည်လည်း ကျွန်မကို သစ်မြစ်၏ အချစ်မျိုး ဖြင့်ချစ်ခဲ့ကြသည်ဟု ယုံကြည်ခဲ့ပါသည်။

လောကတွင်လူတို့သည် ဘ၀ကိုမျက်စိ အမြင်၃ မျိုး ဖြင့်ကြည့်လေ့ရှိသည်။
- ဆာလောင်မွတ်သိမ်မှု၊ထောင်လွှားမှု၊ တွေဝေမှုများပြည့်လျှံစွာကြည့်တတ်ခြင်း။
- နှောင်ကြိုးမဲ့ချစ်ခြင်း၊ ကြင်နာခြင်း၊ ၀မ်းသာတတ်ခြင်း၊ နားလည်တတ်ခြင်းများထုံမွမ်းနေသော မျက်ဝန်းဖြင့်ကြည့်ခြင်း။
- အရာရာကိုအကောင်းမြင် ကျေးဇူးတင်တတ်သောနှလုံးသားအရိပ်များထင်ဟပ်နေသည့် မျက်ဝန်းဖြင့် ကြည့်ခြင်း။
စာကောင်းပေမွန်တို့၏ကျေးဇူးဖြင့် ဆာလောင်မွတ်သိမ်မှု ၊ထောင်လွှားမှု ၊ တွေဝေမှု များပြည့်လျှံစွာ ကြည့်တတ်ခြင်းမှ ကင်းလျက်၊ နှောင်ကြိုးမဲ့ချစ်ခြင်း၊ ကြင်နာခြင်း၊ ၀မ်းသာတတ်ခြင်း၊ နားလည်တတ်ခြင်း များထုံမွမ်းနေ သော မျက်ဝန်းနှင့် အရာရာကို အကောင်းမြင် ကျေးဇူးတင်တတ်သောနှလုံးသား အရိပ်များ ထင်ဟပ်နေသည့် မျက်ဝန်းဖြင့် ကြည့်တတ်စေဖို့ရန် ကိုယ့်ကိုယ်သတိပေး ဆုံးမတတ်လာပြန်သည်။


လောကတွင်လူတို့သည် သေဖို့မွေးဖွားလာကြခြင်းဖြစ်သည်။
ကွေကွင်းဖို့ရန် တွေ့ဆုံနေကြခြင်းဖြစ်ပြန်သည်။
မုန်းဖို့ရန်လဲ ချစ်နေကြခြင်းဖြစ်သည်။
ဒေါသတရားသည် မိုက်မဲခြင်းနှင့်စတင်လျက် နောင်တနှင့်ဆုံးတတ်ပြန်သည်။
တစ်ဦးနှင့်တစ်ဦးခွင့်လွတ်ခြင်းသည် မိမိကိုယ်ကျိုးကို စွန့်လွှတ်ခြင်းဖြစ်သည်။
ခွင့်လွှတ်သူနှင့် ခွင့်လွှတ်ခံရသူ နှစ်ဦးတွင် ခွင့်လွှတ်သူက မြင့်မြတ်နေပြန်သည်။


လူအချင်းချင်း ခွင့်လွှတ်တတ်ခြင်းဖြင့် မြင့်မြတ်အောင်ကြိုးစားဖို့ လူတိုင်းသတိထားတတ်လာအောင် လမ်းညွှန်ပေးသော ဆရာသမားတို့နှင့် စာကောင်းပေမွန်တို့အားကျေးဇူးတင်ရပြန်ပါသည်။

ရသစာပေသည်စာဖတ်သူကိုခံစားမှုစည်းစိမ်၊အသိအမြင်ထက်မြက်စေခြင်း၊မှန်ကန်သောဘ၀အမြင်တို့ကိုပေးသည် ဟု ဆရာတက္ကသိုလ်ဘုန်းနိုင်ပြော ဆိုခဲ့သည်ကိုအမှတ်ရမိသည်။
ဦးဏှောက်နှင့်နှလုံးသား၏ အဆင်တန်ဆာသည် စာကောင်းပေမွန်ဖြစ်သည်။
စာကောင်းပေမွန်၏ အစွမ်းသည် အသိဥာဏ်ကိုလင်းကနဲလက်စေပြီး၊စိတ်ကိုဖွေးကနဲ ဖြူစေနိုင်သည်။
ထက်မြက်သောအသိဥာဏ်၊ဖြူဖွေးသောနှလုံးဓါတ်အိမ်တို့ဖြင့် ဘ၀ကို ရွက်နိုင်စွမ်း ရှိအောင် ကြိုးစားကြရမှာပေါ့ သူငယ်ချင်း။


ကိုယ်တိုင်မျက်ရည်ကျဖူးပြီး.........သူတစ်ပါး၏ရှိုက်သံကို နားလည်တတ်သော...........
ကိုယ်တိုင်ဒဏ်ရာရဘူးပြီး............ သူတစ်ပါး၏အမာရွတ်ကို ကိုယ်ချင်းစာတတ်သော.....
ကိုယ်ချင်းစာနားလည်တတ်သော လူကောင်းတစ်ယောက်ဖြစ်ဖို့လိုပါတယ်။
စာပေမှ....ဘ၀အမြင်များ........
ဘ၀အမြင်မှ..........အသိတရား....
အသိတရားမှ..........သတိတရား တို့ဖြင့်နိုးကြားတက်မြက်စွာ ဘ၀အမောမှန်သမျှကိုဖြေနိုင်စွမ်းသော ပညာကိုတန်ဖိုးထားနိုင်ကြပါစေ....


 

Posted By ခင်စိုးထွဋ်

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>