2 3 4 5 6 7 8 9 10

Sunday, October 16, 2011

စိန်တံချူ နှင့် ကျမ၏ အဓိဌာန်

သူငယ်ချင်းများအားလုံး ၂၀၁၀ နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ပါစေ.. အရာရာအောင်မြင်ပါစေလို့.. နှုတ်ခွန်းဆက် ဆန္ဒပြုပါတယ်... ခရစ်စမတ်ရက် ကလည်းတဖြည်းဖြည်း နီးလာတော့ အလိုလိုပျော်နေမိတယ်... ထို့အတူ မှတ်မှတ်ရရ အဲဒီရက်မှာ ဖြစ်ခဲ့တဲ့ ကျမရဲ့ အကြောင်းလေးကို သူငယ်ချင်းအားလုံးကို ပြောပြချင်လာမိတယ်...အဓိက ကတော့ အားလုံး သတိ ရှိစေချင်တာပါ...
လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်လောက်က ကျမ သံရုံးဝန်ထမ်းလုပ်တုန်းကဖြစ်ပါတယ်..... လခကို လစဉ် ၂၅ ရက်နေ့ဆို ပေးပါတယ်.. ဒါပေမဲ့ ဒီဇင်ဘာ (၂၅)ရက်နေ့က ခရစ်စမတ်နေ့ ဖြစ်နေတော့ (၂၄)ရက်နဲ့ ကြိုပေးလိုက်ပါတယ်.... လစာတွေကို စာအိတ်နဲ့ထုပ်....staple နဲ့ ပိတ်ပြီး ပေးတာဆိုတော့ ချက်ချင်းမဖေါက်မိပါ... အဲဒီအတိုင်း ပိုက်ဆံအိတ်ထဲကို ထည့်ပြီး အိမ်သို့ ယူသွားမိပါတယ်...
အိမ်ရောက်တော့ ညနေဖြစ်နေပြီဆိုတော့ ကျမက အဲဒီပိုက်ဆံအိတ်ကို အိပ်ခန်းထဲက အိပ်ယာပေါ် ဒီတိုင်း ထားပြီး မေ့သွားပါတယ်.... ရေချိုး၊ ထမင်းစား၊ တီဗွီကြည့်၊ မိသားစုနဲ့ စကားတွေပြောပြီး တော်တော်နဲ့ အခန်းထဲကို ပြန်မ၀င်လာမိတော့ပါ.... ညပိုင်းလဲ တော်တော်ညနက်မှ လူချင်းခွဲပြီး အိပ်ယာဝင်လိုက်ကြတယ်... ကျမ ခေါင်းထဲမှာ ပိုက်ဆံလခကို သိမ်းဘို့ကို လုံးဝမေ့သွားမိတာပါ... နောက်နေ့ကလဲ ရုံးပိတ်တော့ အေးအေးဆေးဆေးနဲ့ ဘာမှကို မစဉ်းစားဘဲ အိပ်ချပစ်လိုက်တာ...
မနက်ကျတော့.. ကျမတို့ အိမ်ကို အစ်မတစ်ဝမ်းကွဲမိသားစုလာတဲ့ အချိန်.. ကလေးတွေ တူမလေးတွေကို မုန့်ဘိုးပေးမယ်ဆိုပြီး.. ကျမ ပိုက်ဆံအိတ်ကို သတိရတဲ့ အချိန်ကျမှ ကျမရဲ့ ပိုက်ဆံအိတ်ကို ရှာလို့ မတွေ့တော့ပါ.. လက်ရှိလွယ်နေကျ ပိုက်ဆံအိတ် အပြင် .. အခန်းထဲမှာ ရှိတဲ့ တခြား ပိုက်ဆံအိတ် (စလင်းဘတ်အိတ်) (၂)လုံးလဲ ရှာမတွေ့တော့ဘဲ ပျောက်နေပါပြီ.....
အဲဒီတော့မှ ကျမ အရမ်းထိပ်လန့်သွားပါတယ်...ပြီး.... ပြူးပြူးပြာပြာနဲ့ လုပ်ကြပါဦး... ရှာပေးကြပါဦး... မနေညနေက .. အိပ်ခန်း.. အိပ်ယာပေါ်တင်ထားတာ... အခုဘယ်ရောက်သွားပြီလဲ... လုပ်ပါ.. ရှာပေးပါ... တအိမ်လုံးအနှံ့ရှာပေးပါ...ကျမဘဲ အထားမှားလို့လား.. ဆိုပြီး တွေ့တဲ့သူတိုင်းကိုမေးမိပါတယ်..... အဖေ.. အမေ.. အမ.. အိမ်က ကောင်မလေးပါမကျန်... မြေလှန်ရှာကြပါတယ်....အိမ်ထဲမှာတော့ လုံးဝမရှိတော့ပါ... နောက်ဆုံးတော့ ပျောက်သွားတဲ့ ပိုက်ဆံအိတ်ကို ကားခေါင်မိုးပေါ်ကနေတွေ့ပါတယ်... ဘေးမှာလည်း ၀ါးတံချူ တစ်ချောင်းနဲ့ အတူတူတွေ့ရတယ်... စိန်တံချူ သူခိုးက ကားရုံအမိုးပေါ်ကို မှောင်ရိပ်ခိုပြီး တက်... ကပ်လျှက် ကျမအခန်းထဲမှာ လူမရှိတဲ့ အချိန်မှာ...တံချူနဲ့ ကျူပြီး ပိုက်ဆံအိတ်တွေကို တံခါးပေါက် သံတိုင်ကြားကနေ ယူပုံရတယ်...နောက်ထပ်ကျန်တဲ့ ပိုက်ဆံအိတ် (၂)လုံးကိုတော့ ခြံထောင့်က ခြုံပုတ်အပင်တွေကြားထဲမှာ ပြန်တွေ့ပါတယ်.... ပိုက်ဆံအိတ်တွေထဲမှာ ဘာမှ မရှိတော့ပါ... အကုန်သမပြီး ယူသွားပြီဖြစ်ပါတယ်.... အဲဒီနေ့ကလဲ မှတ်မှတ်ရရ မှတ်ပုံတင်.. ၀န်ထမ်းကဒ်.. အားလုံးကို ထည့်ထားမိတော့... အခုတော့ .. စိန်တန်ချူ က အားလုံးကို ယူသွားခဲ့ပြီ... ကျမအလွန်နှမျောသွားခဲ့ပါတယ်... ကျမရိုးသားစွာရှာထားတဲ့ ပိုက်ဆံတွေ သူတပါး ခိုးလို့ ပါသွားတာကို စဉ်းစားရင်းနဲ့ တနုံနုံခံပြင်းမိတယ်...
မငိုချင်ဘူး... အဲဒီပိုက်ဆံတွေပြန်ရချင်တယ်...မြင်တောင်မမြင်လိုက်ရလို့ ပိုပိုပြီး ဒေါသထွက်မိတယ်....ဒါပေမဲ့ ကျမ...သူတို့ကို မကျိန်ဆဲခဲ့ပါ... အော် ..ယူသွားတဲ့သူကတော့ အခုလောက်ဆို အထုတ်ကို ဖွင့်ပြီး ပျော်နေလောက်ပြီ... ငွေကို အထုပ်လိုက်ကို ရလိုက်တယ် .. .. ငါကွ ဆိုပြီး လက်ခမောင်းများခတ်ချင်ခတ်နေဦးမှာဘဲ လို့ .... တွေးမိတယ်... အားလုံးကလည်း စိတ်တံချူ ကတော့ ကောင်းကောင်းကြီး ပျော်နေမှာ ....ဆိုပြီး ပြောနေကြလေရဲ့....
ကျမကတော့ တစ်နေ့မှ မမေ့ပါ..... ငါဘာလုပ်ရမလဲ... ငါဘယ်လို လုပ်ရင်ကောင်းမလဲဆိုပြီး နေ့တိုင်း ကျမအခန်းထဲ မှာ အိပ်ယာပေါ်ရောက်ရင် အမြဲ စဉ်းစားတွေးတောမိပါတယ်.... အဲဒီ ပိုက်ဆံတွေကို ပြန်ရချင်ပါတယ်... ဘယ်နည်းနဲ့မဆို ဒီ Amount လောက်ကို ပြန်လိုချင်ပါတယ်... ဒီထက်ပိုပြီးလဲ လိုချင်စိတ်မရှိပါ...ဘယ်သူကမှလဲ ပြန်မပေးပါဘူး... ဒီတော့ ...ကျမ အတွေးထဲမှာ ငါ ဘုရားမှာ သစ္စာဆိုရင်ကောင်းမလား...... အဓိဌာန်ဝင်ကြည့်ရင်ကောင်းမလားဆိုပြီး.. ဖြစ်လာပါတယ်.. အဲဒါနဲ့ ပိုက်ဆံ ပျောက်ပြီး (၅)ရက်မြောက်နေ့မှာ ကျမ အဓိဌာန် ၀င်ဘို့ဆုံးဖြတ်ပြီး ပထမဆုံး (၉)ရက် ၀င်ပါတယ်.. တနေ့ကို မနက်တိုင်း ရုံးမသွားခင် အခန်းတံခါးပိတ်ပြီး မေတ္တာသုတ် (၉)ခေါက် .....ညဖက် (၉)နာရီမှာ ပဌာန်းဒေဿနာတော် (၅)ခေါက်၊ ပရိမိတ္တဇာလသုတ် (၃) ခေါက်နဲ့ ဓါရဏပရိတ် (၃) ခေါက် အချိန်မှန်မှန် ရွတ်ပြီး သစ္စာဆိုပြီး ဆုတောင်းပါတယ်... ဘုရားစာဆိုနေတဲ့အချိန်မှာ အခန်းထဲကို ဘယ်သူမှ ၀င်လာလို့မရအောင် lock ချထား ပြီး လုပ်ပါတယ်.. ကျမရဲ့ သစ္စာဆိုပုံကတော့ ရိုးရိုးလေးပါ... ဖြစ်သမျှအကြောင်း အတိုချုပ် ကိုစာစီလိုက်ပြီး တစ်ကြောင်းထဲနဲ့ ထိထိမိမိကျစ်ကျစ်လစ်လစ်ဖြစ်အောင်.. ချရေးလိုက်ပါတယ်.. စိန်တံချူကိုလည်း အပြစ်စကား တခွန်းမှ မပါပါ.. ကျမ ရဲ့ အဖြစ်အပျက်၊ လုပ်နေတဲ့ အဓိဌာန် တနေ့စာအောင်မြင် ခဲ့ပြီ ဖြစ်တဲ့အတွက် ကျမပျောက်ဆုံးသွားသော ပိုက်ဆံ Amount အတိုင်း ပြန်ရ ရပါလို၏ ဟုဘဲ တိုတိုတုတ်တုတ် ဆုတောင်းပါတယ်.......ဒီအတောအတွင်း ငါးပါးသီလလည်း မြဲအောင်နေထိုင်ပါတယ်..
ဒီလိုနဲ့ (၉)ရက်အဓိဌာန် (၃)ပတ်မြောက် တနင်္ဂနွေနေ့ ...နေ့လည် ကျမ ရေချိုးခေါင်းလျှော်ပြီး အိမ်ရှေ့ဝရန်တာကို ထွက်လိုက်တဲ့အချိန်မှာ ထီရောင်းတဲ့ကားတစ်စီး ကျမတို့ အိမ်ရှေ့ တည့်တည့်ကို ရောက်လာတာနဲ့ကြုံပါတယ်.. ကျမ စိတ်မှာ သိပ်ပြီး ထီ ထိုးချင်သွားပါတယ်... ကိုယ်က လိုချင်စိတ်ရှိနေသူဖြစ်လို့... အကျိုးအကြောင်းတိုက်ဆိုင်ချင်လို့ဖြစ်မယ်ဆိုပြီး စိတ်ထဲဖြစ်မိတယ်... အဲဒါနဲ့ ကျမ မင်္ဂလာစုံတွဲ တစ်အုပ်ထိုးလိုက်ပါတယ်... အဓိဌာန်ကတော့ ဆက်ပြီး မပျက်မကွက်လုပ်နေတုန်းပါဘဲ... ဒီလိုနဲ့ လကုန်သွားပါတယ်.. ထီဖွင့်တော့ ကျမ ထီမတိုက်ပါဘူး.. ဘယ်တုန်းကမှလဲ ထီပေါက်စဉ်နဲ့ မတိုက်ဘူးပါ... ပေါက်ရင် သူတို့လာပြောမှာဘဲဆိုပြီး ဒီတိုင်းနေပါတယ်... ကျမ (၉)၇က်အဓိဌာန်နောက်ထပ် (၁)ခေါက် ပြည့်သွားပြန်ပါပြီ... လဆန်း (၅)ရက် (၆)ရက်နေ့လောက်တောင် ရောက်နေပါပြီ... ကျမကတော့ မျှော်လင့်နေဆဲပါ... ငါပိုက်ဆံ ပြန်ရရင်သိပ်ကောင်းမှာဘဲ... ပြန်ရရင် တတ်နိုင်သလောက် အလှူလုပ်မယ်... အမျှဝေမယ်... ...အင်း တကယ်လို့ ထီမပေါက်ရင်လဲ တနေရာရာကနေ ငွေဝင်လာနိုင်တာဘဲ.. ဆိုပြီးတွေးမိနေတယ်...
အမှတ်တရ ဖေဖေါ်ဝါရီ လ (၉)ရက်နေ့.. အဲဒီနေ့က ကျမရုံးကနေပြန်လာတော့ အိမ်ရှေ့မှာ Pick Up ကားတစီး ရပ်ထားတာ အဝေးကြီးထဲက တွေ့ရတယ်... ရုံး ferry က အဲဒီကားအနောက်မှာ ကပ်ရပ်လိုက်တော့မှ ထီရောင်းတဲ့ ကားမှန်း သိရတယ်.. ကျမစိတ်ထဲမှာ ဒိတ်ကနဲ ဖြစ်သွားပြီး ကျမဆီလာတာများလား လို့....ရင်တွေတောင် တုန်သွားမိတယ်... အိမ်ထဲဝင်သွားတော့ ထီဆိုင်က အရောင်းမန်နေဂျာ နဲ့ ကျမ အဖေနဲ့ အမေ ညီအမများ... ဧည့်ခန်းမှာ ကျမကို စောင့်နေကြတာ.. ကျမ ဆုအသေးတစ်ခု ပေါက်တယ်တဲ့... ကျမ၀မ်းသာလိုက်တာ တကယ်ပါ...ထီလက်မှတ်က ကျမဆီမှာဆိုတော့ သူတို့အားလုံး စောင့်နေကြတာပါ.... ကျမတောင်းတဲ့ဆု ပြည့်ခဲ့ပြီ.... ငွေ ကလည်း ကျမ ပျောက်သွားတဲ့ Amount လောက်ဘဲ ပြန်ရခဲ့ပါတယ်... အဲဒီ လအတွက်ကတော့ (၂)လခစာ လောက် ရလိုက်ပြီ ဖြစ်လို့ နှစ်သစ်မှာ ပိုပြီး ပျော်ခဲ့ရပါတယ်... မမေ့နိုင်တဲ့ အဖြစ်အပျက်တခုပါဘဲ...
အခုဆို ကျမ အခန်းပြူတင်းပေါက်ကို ပိတ်တဲ့ အကျင့်လဲရသွားပါပြီ.. ပိုက်ဆံကိုလည်း လက်လွတ်စပယ် မထားတော့ပါဘူး...
နောက်ကိုလည်း ကျမ အတွေ့အကြုံတွေ အဓိဌာန်ဝင်ပြီး အောင်မြင်ခဲ့တာတွေကို အားလုံးသော သူငယ်ချင်းတွေကို ပြောပြချင်ပါသေးတယ်.... သူငယ်ချင်းတို့ကို လဲ စိန်တံချူဆိုတာ တကယ်ရှိပါတယ်.... သတိရှိကြပါလို့ မှာချင်ပါတယ်....
ခင်မင်စွာဖြင့်
C.D 

Posted by Celine Dion on December 22, 2009 at 6:00pm 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>