2 3 4 5 6 7 8 9 10

Friday, February 13, 2015

ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း






...(၁၉၁၅) ခု၊ ဖေဖော်ဝါရီလ (၁၃)ရက်၊ မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ်၊
တပေါင်းလဆန်း ၁ ရက်နေ့၊ စနေနေ့တွင် မကွေးခရိုင်၊ နတ်မောက်မြို့တွင် ဖွားမြင်သည်။

...မိဘမှာ အမိန့်တော်ရရှေ့နေ ဦးဖာ၊ ဒေါ်စုတို့ဖြစ်သည်။ အသက် ခုနှစ်နစ်အရွယ်တွင် နတ်မောက်မြို့ ဆရာတော်ဦးသောဘိတ ကျောင်းတွင် ပညာသင်၍ အသက် (၁၄)နှစ်အရွယ်တွင် ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်း၍ ၁၉၃၂ ခုနှစ်၊ အသက် ၁၈ နှစ်တွင် အထက်တန်းပညာကို အောင်မြင်သည်။ ထိုနှစ် ဇွန်လတွင် ရန်ကုန်တက္ကသိုလ်သို့ရောက်သည်။

၁၉၃၅ ခုနှစ်တွင် တက္ကသိုလ်သမဂ္ဂအမှုဆောင်နှင့် သမဂ္ဂမှ ထုတ်ဝေသော အိုးဝေစာစောင် စာတည်း အဖြစ် ဆောင်ရွက်သည်။ ၁၉၃၆-၃၇ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌ အဖြစ် ရွှေးချယ်တင်မြောက်ခြင်းခံရသည်။ ၁၉၃၇-၃၈ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြောက်ခြင်းခံရသည်။ ၁၉၃၈ ခုနှစ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ အဖြစ်မှ ထွက်၍ ဒို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ပြီး
အတွင်းရေးမှူး အဖြစ် ဆောင်ရွက်သည်။
၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး နယ်ချဲ့ လက်အောက် မှ လုံးဝလွတ်မြောက်ရမည်ဟူသော အဓိဋ္ဌာန်ဖြင့် ၁၉၄၀ ပြည့်နှစ်၊ သြဂုတ်လတွင် ပြည်ပသို့ တိတ်တဆိတ် ထွက်ခွာသွားပြီးနောက် မြန်မာပြည်ကို လွတ်လပ်ရေးရစေရမည်ဟု ကတိပေးသော ဂျပန်အစိုးရ၏ အကူအညီကိုယူကာ ရဲဘော်သုံးကျိပ်နှင့်အတူ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် တွင် ယိုးဒယား (ထိုင်း)နိုင်ငံ၊ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းသည်။



..ဗိုလ်ချုပ်အောင်ဆန်းကြီးမှူးရှေ့ဆောင်သော ဗမာ့လွတ်လပ်ရေးတပ်မတော်သည် ဂျပန်စစ်တပ်များနှင့် အတူ ပူးတွဲချီတက်လာပြီး နယ်ချဲ့အင်္ဂလိပ်များလက်အောက်မှ
မြန်မာနိုင်ငံတော် ကြီး ကို သိမ်းပိုက်လိုက်သည်။ သို့ရာတွင် ဂျပန်များက ကတိမတည်၊ လူထုအား နှိပ်စက် ညှင်းပန်းမှုပြုသဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ဗမာ့လွတ်လပ်ရေး တပ်မတော်နှင့် တစ်နိုင်ငံလုံး ကို ခေါင်းဆောင်ကာ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ဖက်ဆစ် ဂျပန်တို့အား အတိအလင်း စစ်ကြေညာပြီး တိုက်ခဲ့ သည်။ ပြည်သူလူထုလည်း ဖက်ဆစ်တို့၏ ညှဉ်းပန်းမှုအောက်မှ လွတ်မြောက်ခဲ့ သည်။
ဖက်ဆစ်တို့ မြန်မာနိုင်ငံမှ ထွက်ခွာပြီးနောက် ဗြိတိသျှတို့ ၀င်ရောက်လာပြန်သည်။  ဗိုလ်ချုပ်သည် ဖက်ဆစ်ဂျပန်ကို တိုက်ခိုက်ခဲ့သော ဖတပလ ခေါ် ဖက်ဆစ်တိုက်ဖျက်ရေး ၊ ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ကြီးကို အမျိုးသားတပ်ပေါင်းစုကြီးအဖြစ် ပြန်လည်ဖွဲ့စည်းပြီး လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲသည်။
.ထို့နောက် ယာယီကြားဖြတ်အစိုးရအတွင်းသို့ ၀င်ရောက်ဆောင်ရွက်၏။ လွတ်လပ်ရေးအတွက် အရေးဆိုရာ ၁၉၄၆ ခုနှစ်၊ ဇန်န၀ါရီလ ၂၀ ရက်တွင် ဘိလပ်သို့ ဖိတ်ကြားခြင်းခံရသည်။ ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ ၂ ရက်တွင် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့သို့သွားပြီး လွတ်လပ်ရေးအတွက် အရေးဆို၍ အောင်ဆန်း - အက်တလီ စာချုပ်ချုပ်ဆိုခဲ့သည်။
တစ်နှစ်အတွင်း လွတ်လပ်ရေးရရမည်ဟူသောကတိကို ပြည်သူလူထုအားပေးသည်။ ထို့နောက် ပင်လုံညီလာခံကို ကျင်းပသည်။ ထိုညီလာခံတွင် ပြည်ထောင်စုကြီးတစ်ခုလုံး လူမျိုးစု၊ လူနည်းစုပါမကျန် လွှတ်တော်ကြီးကျင်းပပြီး မြန်မာနိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကြီးကို ရေးဆွဲသည်။
ထိုသို့ ပြည်ထောင်စုကြီးတစ်ခုလုံး၏ အကျိုးကို ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်နေစဉ်
အာဏာမက်မောသူ ဂဠုန်ဦးစောနှင့် အပေါင်းပါတို့က နယ်ချဲ့အင်္ဂလိပ်၏ မြှောက်ထိုးပင့်ကော်လုပ်မှုကြောင့် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ရက်တွင်              ထိုမသမာသူတစ်စု၏ လက်ချက်ဖြင့် လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း       ကွယ်လွန်ခဲ့ရသည်။


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>