2 3 4 5 6 7 8 9 10

Thursday, August 16, 2012

မကာရ ရာသီဖွား မောင်ငယ့်စိတ်ထား


***  မကာရ ရာသီဖွား မောင်ငယ့်စိတ်ထား…
(မကာရရာသီ-Capricorn)…
 ပြာသိုလဖွား ( December 22nd  to  January 20th )

…ဒီဇင်ဘာ ၂၂ ရက်နေ့က စပြီး ဇန်န၀ါရီ ၂၀ ရက်နေ့ အတွင်း မွေးဖွားသူတွေကို မကာရရာသီဖွားလို့ ခေါ်ရမယ်။ မကန်းရုပ်ပုံကို အစွဲပြုခေါ်တွင်တာဖြစ်ပြီး မြေဓါတ်ကြီးစိုးချိန် ဖြစ်တဲ့အပြင် စနေဂြိုလ်စိုးမိုးချိန်ဖြစ်တာမို့ အဲဒီလကို မကာရရာသီလို့ ခေါ်တွင်ကြတယ်။ မြန်မာအခေါ်က ပြာသိုလ ဖြစ်တယ်။


  • ရုပ်သွင်…
…အရပ်ပုသူ ဖြစ်တတ်တယ်။ ရင်အုပ်တွေ မကျယ်တဲ့အပြင် သာမန်ထက် ကျဉ်းမြောင်းဟန်ရှိတယ်။ ဒါကြောင့် ၀င့်ကြွားထည်ဝါတဲ့ ဟန်ကို မတွေ့နိုင်ဘူး။ အထက်ပိုင်းကြီးသူဖြစ်လျှင် အောက်ပိုင်းအားနည်း ကြုံလှီကြသူများ ဖြစ်တယ်။ အရပ်အမောင်း အဆင်ပြေ အချိုးကျသူ နည်းပါးတဲ့သူတွေဖြစ်တယ်။ သူတို့ရဲ့သွားများ ကြီးတတ်တယ်။ သို့မဟုတ် သွား မြင့်မောက်စွာ ဖွဲ့စည်းတတ်တယ်။ မျက်ခုံးမွေး ထူထဲ နက်မှောင်သလို ဆံပင်လည်း နက်မှောင်တတ်တယ်။ အချို့ထိပ်ပြောင်တတ်သူတွေ ဖြစ်မယ်။ လည်ပင်းကတော့ သေးသွယ်မယ်။ ရှည်လျားမယ်။
  • အမူအရာ…
…လူငယ်ယောက်ကျားတွေဖြစ်ပေမယ့် လောကကို ပေါ့ပေါ့ဆဆ မနေတတ်သူများဖြစ်ပြီး အလေးအနက် ရှုမြင်တတ်သူမို့ သူတို့ဟန်ပန် အမူအရာဟာ အသက်ထက်ပိုကြီးနေတတ်တယ်။ တည်ကြည်ခန့်ညားစွာ နေတတ်ကြတယ်။ ရည်မွန်တဲ့ဟန်ရှိပြီး ပြည့်ဝတဲ့ စိတ်ထားရှိသူရဲ့ အသွင်ကို ဆောင်နေတတ်တယ်။ ပျင်းရိလေးတွဲ့တဲ့ ဟန်ကို ဘယ်တော့မှ မတွေ့ရဘူး။ အလုပ်တွေကို လေးလေးစားစား လုပ်ကိုင်နေတာ တွေ့ရမယ်။ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကို နှစ်သက်စွာ လိုက်နာပြီး ပြုမူပြောဆိုလိမ့်မယ်။ လူကြီးများ အသက်ဂုဏ်ကြီးသူတွေကို ကျိုးနွံစွာ ဆက်ဆံတတ်တယ်။
  • စိတ်ထား…
…စိတ်ထားလူကြီးဆန်တာမို့ ကိုယ်နှင့်စိတ်ကို လွတ်လပ်စွာ တွေးခေါ်တယ်။ ဇွဲ၊ ၀ီရိယ၊ သတ္တိရှိသူဖြစ်တယ်။ လူတွေကို မယုံလွယ်တတ်ဘူး။ လူတစ်ဦးကို သံသယရှိလာလျှင် ယုံကြည်ဖို့ ခက်ခဲတတ်တယ်။ သူတစ်ပါးကိစ္စတွေကိုလည်း ၀င်ရောက် မစွက်ဖက်တတ်ဘူး။ စည်းကမ်းရှိတယ်။ သူ့ကိစ္စကို မဆိုင်သူ ၀င်စွက်ရင်လည်း သည်းမခံတတ်ဘူး။ သူဂရုစိုက်ပြီး ပြုမူနေထိုင်ရင် သူ့ကိုလည်း ပြန်ဂရုစိုက်မှ ကြိုက်တယ်။ သူက ဥပဒေသမား၊ ဥပဒေအတိုင်း လိုက်နာမှကြိုက်တယ်။ အသန့်အပြန့်နဲ့ စနစ်တကျ နေထိုင်တတ်သူဖြစ်တယ်။ လောဘမကြီးတတ်ဘူး။ ငွေရဲ့ သြဇာအာဏာရှိတာကိုတော့ သိနားလည်သူဖြစ်တယ်။
  • ဆန္ဒသဘောထား…
…သူ့ဆန္ဒက သူ့ရဲ့ နာမည်စန်းရှိနေဖို့ လိုလားတယ်။ ဒုတိယလိုလားချက်ကတော့ သြဇာအာဏာရှိနေဖို့ပဲ။ သူက ဦးဆောင်ညွှန်ပြ သင်ကြားပေးနေရရင် ကျေနပ်နေသူဖြစ်တယ်။ အလုပ်တစ်ခုကို စွဲမြဲလုပ်ကိုင်လိုသူဖြစ်ပြီး မြို့ရွာနေရာထိုင်ခင်းကို စွဲမြဲခင်တွယ် တတ်သူဖြစ်နေတယ်။ ဒါကြောင့် ပြောင်းလဲရွှေ့ပြောင်းနေရခြင်းကို မလိုလားဘူး။ ဒါကြောင့် သူခင်မင်သူများက  သူနဲ့လုပ်ငန်း သဘာဝ တစ်ပေါင်းတည်းနေမှ နှစ်သက်တယ်။ မိတ်ဆွေဆို မိတ်ဆွေဝတ္တရား၊ အိမ်ရှင်ဆို အိမ်ရှင်ဝတ္တရားကျေပွန်မှ နှစ်သက်တယ်။ မိန်းမ ပီသသူတွေကို နှစ်သက်တတ်တယ်။
  • အကြိုက်…
…သူကသာ ခပ်အေးအေး မှန်မှန်နေပေမယ့် သူ့အကြိုက်ကတော့ သွက်လက်ရွှင်လန်းနေတဲ့ မိန်းကလေးမျိုးကိုမှ မျက်စိ ကျတတ်တယ်။ လှပသပ်ရပ်စွာ တင့်တယ်စွာ ၀တ်ဆင်တတ်တာကို ကြိုက်တယ်။ အကျီင်္ီကိုတောင် တိကျသပ်ရပ်အချိုးတဲ့ ၀တ်ဆင်မှုကို ကြိုက်တယ်။ ရေမွှေးနံသင်းသင်းကို နှစ်သက်တယ်။ အမူအရာ မယဉ်ကျေးတာနှင့် ပျံတံတံ နေတတ်တာတွေကို မကြိုက်ဘူး။ စာရေးရင်တောင် စာရွက်ကောင်းကောင်းမှာ ဖျက်ရာမပါတဲ့ သပ်ရပ်မှုကို လိုလားတယ်။ ယဉ်ကျေးသိမ်မွေ့စွာ ပြောဆိုဆက်ဆံတာတွေကို ကြိုက်နှစ်သက်ပြီး ရွှေအိုရောင်၊ ဇော်ဂျီရောင်တွေကို နှစ်သက်တယ်။
  • အစား…
…နွားနို့ပါသောအစာများ၊ နွားနို့များကို နှစ်သက်စွာ စားတတ်တယ်။ မိတ်ဆွေများနှင့် စားသောက်ရင်း ညှိနှိုင်းပြောဆိုရတာကို လိုလားသူဖြစ်တယ်။ အေးအေးဆေးဆေး စကားပြောပွဲကို အစားအသောက်ပွဲကလေးနှင့် ကျင်းပတာကို လိုလားတယ်။ ထမင်း ဟင်းအချက်ကောင်းတဲ့သူကလေးတွေ၊ အိမ်မှုနိုင်နင်းသူတွေ၊ ဧည့်ဝတ်ပြုတတ်တာတွေကို တန်ဖိုးထားတတ်တယ်။ အရက်သေစာကို ရှောင်ကြဉ်တတ်ကြတယ်။ စိတ်ဖြေစရာတစ်ခုအဖြစ်သာ ထင်မှတ်သူဖြစ်တယ်။ စွဲမြဲမသောက်တတ်ဘူး။
  • ရင်းနှီးမှု…
…သူ့ကို ဂရုစိုက်သူကို သူက ပြန်ဂရုစိုက်ပါလိမ့်မယ်။ ဒါပေမယ့် ပျာယာခတ် အပြုအမူတွေကို မကြိုက်တတ်သူမို့ သူအားနာလောက်အောင်၊ အနေကျပ်အောင် ပြုမူလို့ မရဘူး။ ဂီတ၊ ကဗျာလင်္ကာတွေကို နှစ်သက်တာမို့ တီးပြ ဆိုပြနိုင်သူဆိုရင် သူက ရင်းနှီးကျွမ်းဝင်လိုတယ်။ သူ့ကို ပရိယာယ်နဲ့ မဆက်ဆံပါနှင့်။ သိပ်ပြီး အကဲခပ်တော်တယ်။ သူသံသယရှိသွားရင် ပြန်ယုံဖို့ ခက်သွားပြီ။ ဘာကိုမဆို သူနှင့် တစ်ပေါင်းတည်း ပူးပေါင်းလုပ်ကိုင်နိုင်သူကို ရင်းနှီးခင်မင်တတ်တယ်။ သူ့မှာ မနာလိုတာ၊ ဒေါသကြီးတာတွေ မရှိတတ်ဘူး။
  • ၀ါသနာ…
…စာဖတ်တာ ၀ါသနာရှိတယ်။ စာဖတ်နေရင် လုံးဝ မနှောက်ယှက်သင့်ဘူး။ အလင်းရောင်ကောင်းကောင်းနဲ့ စာဖတ်ချင်စဖွယ် နေရာလေးတွေကို နှစ်သက်ခုံမင်တယ်။ အလုပ်တစ်ခုကို စွဲမြဲစွာ ကျောက်ချပြုလုပ်တတ်သူဖြစ်တယ်။ သုတေသနလုပ်ငန်းတွေ၊ စီမံကိန်းမန်နေဂျာတွေ၊ ကျောင်းဆရာတွေလို ရေရှည်လုပ်ငန်းတွေကို ၀ါသနာပါတတ်တယ်။ ပျင်းရိလေးတွဲ့ မနေတတ်ဘဲ လှုပ်ရှားရုန်းကန်ရတဲ့အလုပ်တွေကိုလည်း ၀ါသနာပါသေးတယ်။ ပိုက်ဆံရဖို့တစ်ခုတည်းအတွက် အလုပ်မလုပ်တတ်သလို ပိုက်ဆံများများရမှ ဆိုတဲ့စိတ်နှင့်လည်း အလုပ်မလုပ်တတ်ဘူး။ ဒါပေမယ့် ဦးဆောင်ရသူ၊ ညွှန်ကြားရသူအဖြစ်နှင့် တာဝန်ယူချင်သူ ဖြစ်တယ်။

  • စရိုက်…
…သူတို့ဟာ အများနှင့် ညှိနှိုင်းလုပ်ဆောင်ရတာတွေကို နှစ်သက်ကြတယ်။ ဆွေးနွေးရတာတွေ၊ စုပေါင်းလုပ်ရတာတွေကို လိုလား နှစ်သက်တယ်။  သူစိတ်ထင်တာတစ်ခုတည်း ဇွတ်မလုပ်တတ်ဘူး။ အများအကြိုက်ဓလေ့ကိုပဲ စွဲမြဲလိုက်နာတတ်တယ်။ အလုပ်လုပ်နေချိန်မှာ တည်တည်ခံ့ခံ့ နေတတ်သလောက် အားချိန် နားချိန်တွေမှာ ပေါ့ပါးရွှင်လန်းစွာနေတတ်ပြီး ရွှင်ရွှင်ပျပျ နေတတ်တာမို့ သူ့စရိုက်ကို မသိရင် အကဲခတ်မှားသွားလိမ့်မယ်။ ဒါပေမယ့်တွေ့ပြီး ခင်ပြီးလို့ နောက်ပြန်တွေ့ပြီး နာမည်မေ့တာတို့ ဘာတို့ဖြစ်လာရင် မအံ့သြလေနှင့်။ သူက လူစွဲ မကြီးဘူး။ ပုဂ္ဂိုလ်စွဲ မကြီးဘူးလို့ ဆိုလိုတာ။ သစ္စာတော့ရှိတယ်။ တည်တံ့တယ်။ ပေါ့ပေါ့ဆဆ စကားတွေနှင့် မစ မနောက်လေနှင့်။  လုံးဝမကြိုက်ဘူး။

  • အတွေးစိတ်ကူး…
…အချစ်ကို အိပ်မက်ကမ္ဘာတစ်ခုလို တည်ဆောက်ပြီး စိတ်ကူးယဉ်တတ်တဲ့ လူစားမျိုးဖြစ်တယ်။ ဒါကြောင့်သူ့ရဲ့ စိတ်ကူးယဉ် ကမ္ဘာထဲကလို ချစ်သူက သူ့ကို ဆက်ဆံစေလိုတယ်။ စိတ်ကူးထဲက အချစ်ကမ္ဘာကို ဖန်တီးဖို့ ကြိုးစားချင်သူလည်းဖြစ်တယ်။ ဒါကြောင့်သူ့ချစ်သူဟာ သူ့ကို ယုယကြင်နာပြီး နူးညံ့တဲ့စကားတွေနှင့် တေးကဗျာတွေဖွဲ့ဆိုတတ်သူကို သူမျှော်လင့်တယ်။ သူ့ရဲ့စိတ်ကူးယဉ်ကမ္ဘာ တည်ဆောက်ဖို့ကို ပိုက်ဆံကုန်မှာကိုလည်း နှမြောတွန့်တိုမယ့်သူ မဟုတ်ဘူး။ အချစ်ရေးကိစ္စကို စီးပွားရေး၊ ငွေရှာရတဲ့ လုပ်ငန်းတာဝန်နှင့် အတူတူ သဘောထားတတ်သူဖြစ်တယ်.....။
…ဥမ္မာရီ ( မဟာဝိဇ္ဇာ လက္ခဏာပါရဂူ )၏ "ပျိုလေးရည်းစားမောင့်စိတ်ထား" မှ ကမ္ဘာသစ်သူငယ်ချင်းများအတွက် မျှဝေပေးပါတယ်…

Posted by ayeayemoemeeku on February 2, 2012 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>