2 3 4 5 6 7 8 9 10

Thursday, August 16, 2012

ကုမ် ရာသီဖွား မောင်ငယ့်စိတ်ထား

 
 ကုမ် ရာသီဖွား မောင်ငယ့်စိတ်ထား…
(ကုမ် ရာသီ - Aquarius)…
 တပို့တွဲလဖွား ( January 21st  to  February 19th )

…ဇန်န၀ါရီ ၂၁ ရက်နေ့က စပြီး ဖေဖော်ဝါရီ ၁၉ ရက်နေ့ အတွင်း မွေးဖွားသူတွေကို ကုမ် ရာသီဖွားလို့ ခေါ်တယ်။ မြန်မာလအခေါ် တပို့တွဲလဖြစ်တယ်။ အဲဒီအချိန်ကောင်းကင်မှာ လေဓာတ်ကြီးစိုးနေပြီး ကောင်းကင်မှာ ရေထမ်းသမားပုံ နက္ခတ် ထွန်းလင်းနေတယ်။ စိုးမိုးတဲ့ ဂြိုလ်က ယူရေးနပ်စ် ဖြစ်တယ်။ စနေဂြိုလ်လို့လည်း သတ်မှတ်နိုင်တယ်။



  • ရုပ်သွင်…
…အရပ် ပိန်ပါးပါး ရှည်သွယ်သွယ်နှင့် အရပ်မြင့်မားသူ စာရင်းဝင်တွေ ဖြစ်ကြတယ်။ ခိုင်ခန့်သန်မာတဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံနှင့် မျက်နှာရှည်သွယ်တာနှင့် လိုက်လျောညီထွေ ရှိကြတယ်။ အရပ်မြင့်၍ ကြည့်ကောင်းသူများလို့ ဆိုနိုင်တယ်။ မျက်လုံးများ ရီဝေပြီး ဆွဲဆောင်မှုရှိတယ်။ နှုတ်ခမ်းအရောင် စိုပြည်နေတယ်။ အညိုရောင်ဘက်လုတဲ့ ဆံပင်တွေရှိတတ်ပြီး အသားက ပန်းရောင်သွေး ရှိတတ်တယ်။ အချို့မှာ ခြေသလုံး ကြွက်သားတွေ ခိုင်ခံ့တောင့်တင်းတတ်ပြီး ပါးရဲ့အကျယ်အ၀န်းဟာ သူများထက် ပိုပြီး ကျယ်ဝန်း တတ်တယ်။

  • အမူအရာ…
…သိမ်မွေ့တဲ့ အမူအရာရှိပြီး ယောက်ကျားတွေ တော်တော်များများ မရှိတတ်တဲ့ ရှက်တတ်တဲ့အမူအရာ ရှိတတ်သေးတယ်။ ပရဟိတ လုပ်ငန်းတွေ နှစ်သက်တဲ့အတွက် လူတွေနဲ့ ရောနှောပြောဆိုနေတာကို တွေ့ရမယ်။ သူ့တစ်ယောက်တည်း ရှိတဲ့အခါမှာတော့ အတွေးနှင့် ငေးငိုင်နေတတ်တယ်။ ရေမြေတောတောင်အလှကို ငေးမောတွေဝေစွာ ကြည့်နေတတ်တယ်။ စကားပြောရင် လေသံပျော့ပျော့နှင့် ဖြည်းဖြည်းပြောတတ်တယ်။ ခေတ်သစ်အယူအဆတွေကို နှစ်သက်စွာ တီထွင် လှုပ်ရှားနေထိုင်တတ်တယ်။

  • စိတ်ထား…
…ရှေးဟောင်း အယူအဆတွေကို စွန့်ပယ်ပြီး အတွေးသစ် အယူအဆ အသစ်တွေနှင့် နေထိုင်သူမို့ သူဟာ စကားပြောရင် တဲ့တိုး မပြောဘဲ သွယ်ဝိုက်တင်ပြတတ်တယ်။ ပြုပြင်ပြောင်းလဲရေးကိစ္စတွေ၊ ပရဟိတလုပ်ငန်းတွေမှာ သူ့ကိုအမြဲတွေ့နိုင်တယ်။ အစုအဖွဲ့ကို တွယ်တာတတ်တယ်။ နိုင်ငံရေး၊ စည်းရုံးရေးလုပ်ငန်းတွေ လုပ်လိမ့်မယ်။ လူတစ်ဦးတည်းအတွက်ဆိုရင်တော့ သိပ်အချိန်ကုန်ခံမှာ မဟုတ်ဘူး။ မွမ်းမံခြယ်သ၊ ပကာသနကိစ္စတွေကို မလုပ်ဘူး။ စိတ်မ၀င်စားဘူး။ လူကြီးလူကောင်းဆန်ဆန် စိတ်ထားလိမ့်မယ်။

  • ဆန္ဒသဘောထား…
…လူအများကို ကူညီဖို့၊ ကယ်တင်ဖို့ ဆန္ဒရှိတဲ့ ဂရုဏာရှင်ဖြစ်တယ်။ သတ္တ၀ါအားလုံး တိုးတက်ကောင်းမွန်စွာ နေထိုင်ဖို့ ဆန္ဒရှိတယ်။ လူတွေကို ပျော်ရွှင်စေလိုတယ်။ အချို့ လူရွှင်တော်၊ ဟာသမင်းသား နာမည်ကြီးတွေဟာ တပို့တွဲလဖွားတွေ ဖြစ်ကြတယ်။ သူတို့ဟာ တီထွင်မှုရှိကြပြီး သူတစ်ပါးကို မမှီခိုလိုသူတွေဖြစ်ကြတယ်။ ဗေဒင် လက္ခဏာနှင့် အကြားအမြင်ဆရာတွေကိုတော့ ဆည်းကပ် ကိုးကွယ်ကြတယ်။ အမှန်တရားထဲက စိတ်ဝင်စားစရာတွေကို ရှာဖွေစူးစမ်းတတ်တဲ့ သဘောထားကြောင့်ဖြစ်တယ်။ လူများတဲ့ နေရာတိုင်းမှာ မရှိတတ်ဘူး။ ကျော်ကြားသောနေရာတွေမှာ ထင်ပေါ်မှုအတွက် မနေတတ်ဘူး။ စူးစမ်းလိုမှုအတွက်ပဲ ရှိတယ်။ ဒါကြောင့် ကစားကွင်းတွေထဲမှာ မတွေ့နိုင်ဘူး။ ထင်ပေါ်တဲ့ လူတွေကိုလည်း စိတ်မ၀င်စားတတ်ဘူး။ လူထဲက လူတွေအဖြစ်သာ လူတွေကို သူ သိကျွမ်းလိုတယ်။

  • အကြိုက်…
…ရေမွှေး ထုံမွှမ်းပြီး ဆေးဆိုး ပန်းရိုက်မျက်နှာတွေကို မကြိုက်ဘူး။ အရောင်ဆိုးတဲ့ လက်သည်းတွေကိုလည်း မနှစ်သက်တတ်ဘူး။ သဘာဝနဲ့ သန့်စင်လန်းဆန်းတဲ့ အသားအရေတွေကို နှစ်သက်တယ်။ ရိုင်းစိုင်း ကြမ်းတမ်းတဲ့ စရိုက်ကို လုံးဝ လက်မခံဘူး။ နားမခံသာတဲ့ စကားလုံးတွေကအစ ပျံတံတံ အမူအရာမျိုး၊ မျက်ရည်စစနဲ့ စကားပြောတတ်တာမျိုး၊ ရွရွကလေး နေထိုင်တတ်တဲ့ မိန်းမမျိုးတွေကို ဝေးဝေးက ရှောင်လိမ့်မယ်။ အရောင်အသွေးမှာ အပြာရောင်၊ လျှပ်စစ်ပြာရောင်တွေ၊ မီးခိုးရောင်မျိုး၊ နီဝါရောင်၊ ရွှေအိုရောင်မျိုးတွေကို နှစ်သက်တယ်။ ရှေးဆန်တာတွေကို မကြိုက်သလို သဘာဝ မကျတာတွေကိုလည်း မကြိုက်ဘူး။


  • အစား…
…အသားထက် အသီးကို ပိုနှစ်သက်တတ်တယ်။ သတ်သတ်လွတ်စားတတ်တဲ့အကျင့်ကလေး အနည်းနဲ့အများ ရှိလိမ့်မယ်။ သူက သူစိတ်ဝင်စားတာကို ပြောနေရရင် အစားအသောက်ကို မစားဘဲကို ပြောတော့တာမို့ အစားထက် စကားလက်ဆုံကျတာကို နှစ်သက်သူဖြစ်တယ်။ သူ့အတွက် အစားအသောက်ဆိုတာ အထူးတလည် စဉ်းစားရမယ့်ကိစ္စ မဟုတ်သလိုပါပဲ။ အစားကြိုက်တတ်ရင်တော့ ကိုယ်ကသာ ၀အောင်စားပြီးမှ သူပြောမှာကို နားထောင်ဖို့ သွားတွေ့ပါ။ တွေ့စရာ၊ သွားစရာ၊ လုပ်စရာတွေက များနေတာမို့ အေးအေးဆေးဆေး စားသောက်ဖို့၊ ချိန်းဖို့ကို တော်တော်စဉ်းစားပြီးမှ စီစဉ်သင့်တယ်။ ပျက်ဖို့က များတယ်။

  • ရင်းနှီးမှု…
…သူ့ရဲ့ အစီအစဉ် မကျတတ်မှု၊ ရောက်တတ်ရာရာ သွားလာနေမှု၊ စကားအေးအေးဆေးဆေး ပြောမနေတတ်မှုတွေကို နားလည် လက်ခံနိုင်ရင်တော့ သူနဲ့ခင်မင်တဲ့ မိတ်ဆွေအဖြစ် နေနိုင်လိမ့်မယ်။ တယ်လီဖုန်းပြောရင်လည်း သူပြောချင်တာတွေကို ကတိုက်ကရိုက် ပြောပြီး ဖုန်းချသွားတာတို့၊ ချိန်းဆိုထားရင်လည်း သူ့မှာ တခြားသူနှင့်သွားစရာ၊ လုပ်စရာတွေ အရေးတကြီး ပေါ်လာတတ်တာတို့ကို နားလည်စွာ လက်ခံနိုင်ရင်တော့ သူဟာ အချိန်တန် အိမ်ပြန်လာတတ်တဲ့သူလို မေ့သွားတာ မဟုတ်တဲ့ ညီမငယ်ဆီကို ပြန်ရောက်လာမှာ သေချာတယ်။ လူတစ်ဦးကို ခင်ပြီး လွယ်လွယ်နှင့် မမေ့တာကတော့ သူ့ရဲ့ အလုပ်များတဲ့ အထဲက ကောင်းတဲ့ စရိုက်ကလေးတစ်ခုပါပဲ။ ခင်မင်စရာတော့ ကောင်းပါတယ်။

  • ၀ါသနာ…
…သူများကိစ္စကို ထမင်းမစား၊ ဟင်းမစား လုပ်ပေးချင်တဲ့ ၀ါသနာကြောင့် ပြဇာတ် ကပြရင်တောင် မင်းသားနေရာမှာ မရှိဘဲ ဇာတ်ဆရာ၊ ညွှန်ကြားသူနေရာမှာသာ သူ့ကို တွေ့ရလိမ့်မယ်။ လူစုလူဝေးတွေကို နှစ်သက်တယ်။ အားကစားပွဲတွေကလွဲလို့ တခြား လူစုလူဝေးနေရာတွေမှာ သွားလာလှုပ်ရှားနေတာ တွေ့ရမယ်။ ကျော်ကြားမှုအတွက် မဟုတ်ဘဲ ၀ါသနာအရ လှုပ်ရှားကူညီ နေလိမ့်မယ်။ ပါတီတွေ၊ လူမှုဝန်ထမ်းလုပ်ငန်းတွေ၊ လုပ်အားပေး နေရာတွေမှာ သူမမြဲရှိလိမ့်မယ်။ နံနက်ဦးကိုတော့ အလုပ်လုပ်ဖို့ ၀ါသနာနည်းတယ်။ ညပိုင်းမှာ လုပ်ရတဲ့ကိစ္စတွေကို နှစ်သက်တယ်။ ထူးဆန်းတဲ့ သိပ္ပံပညာ၊ ဗေဒင် လက္ခဏာ၊ အကြားအမြင်တွေနောက်ကိုလည်း ၀ါသနာပါစွာ လိုက်စားလိမ့်ဦးမယ်။

  • စရိုက်…
…ပျော်ပျော်ရွှင်ရွှင် နေတတ်တဲ့စရိုက်ရှိပြီး လူအားလုံးနဲ့အဆင်ပြေအောင် ပြောဆိုတတ်တယ်။ တချို့ကျွမ်းကျင်တဲ့ ဟာသ စကားတွေကို အသုံးချပြီး ရယ်မောစရာတွေနှင့် လူချစ်လူခင်ပေါသူ ဖြစ်နေသေးတယ်။ သူ့တစ်ကိုယ်တည်းမှာ ငြိမ်ငြိမ်ကလေး တွေးနေ ငေးနေတတ်ပေမယ့် ကိစ္စကြုံလာရင် ချက်ချင်း နိုးကြားတက်ကြွသူအဖြစ် ပြောင်းလဲပစ်နိုင်သူ ဖြစ်တယ်။ လူတွေကြားထဲမှာ နေတတ်ပြီး လူတွေရဲ့ကိစ္စတွေကို လိုက်လံကူညီ လုပ်ကိုင်ပေးနေသူဖြစ်တယ်။ သူက ပြင်ဆင်ထားတဲ့ အလှအပတွေကို မမြင်တတ်ဘူး။ ဒါကြောင့်လည်း လှအောင်၊ ထူးခြားအောင် ပြင်ဆင်သွားပေမယ့် သူ့အတွက်တော့ ဘာမှ ထူးခြားတယ်လို့ ထင်မှာ မဟုတ်ဘူး။ ဒီစရိုက်ကို သိထားသင့်တယ်။

  • အတွေးစိတ်ကူး…
…သူက သူ့ရဲ့မိန်းကလေးဟာ ရှေးရေစက်ကြောင့်သာ ယခုတွေ့ဆုံရတယ်လို့ ယုံကြည်တဲ့ သူလိုပဲ ချစ်မိရင် ဘာတွေ လုပ်နေနေ၊ ဘယ်ကိုရောက်နေနေ အလုပ်ပြီးတာနှင့် ချစ်သူကို သတိရတဲ့သူပါပဲ။ ဒါကြောင့် နောက်ကျရင် ကျမယ်။ ဒါပေမယ့် ရောက်အောင် ပြန်လာမယ့် လူစားမျိုးမို့ သူ့ကို နားလည်သူ စိတ်ရှည်တဲ့ မိန်းကလေးအတွက် သူဟာ စိတ်ချရတဲ့ ချစ်သူမျိုးပါပဲ။ အလုပ်မှာလည်း အလုပ်ကလွဲလို့ အာရုံမများတတ်တာမို့ တစ်ခုတည်း၊ တစ်အာရုံတည်း စွဲမြဲသူအဖြစ် သူ့ရဲ့ချစ်ကမ္ဘာလေးဟာ တည်တန့်ခိုင်မြဲ တတ်ပါတယ်။ သူက လေ့လာစုံစမ်းပြီး အတွင်းသိပြီးမှ ချစ်ခင်တတ်သူမို့ သူ ဖွင့်ပြောလာတဲ့အချိန်ဟာ အားလုံးစုံစမ်းပြီးနေပြီမို့ စိတ်ချရသူပါပဲ.........။

 ……ဥမ္မာရီ (မဟာဝိဇ္ဇာ လက္ခဏာပါရဂူ)၏  "ပျိုလေးရည်းစားမောင့်စိတ်ထား" မှ ကမ္ဘာသစ်သူငယ်ချင်းများအတွက် မျှဝေပေးပါတယ်…

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>