2 3 4 5 6 7 8 9 10

Thursday, November 6, 2014

မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ၏ ဓမ္မစာစု


                 မိမိတို့မှာ စိတ်ဖြစ်နေတာဟာ သုံးမျိုးပဲ ဖြစ်နေတယ်နော်၊ ကုသိုလ်စိတ်၊အကုသိုလ်စိတ်၊ ၀ိပါက်ကိရိယာ ဆိုတဲ့ အဗျာကတစိတ်၊ အချိန်ရှိသ၍အဲဒီသုံးမျိုးပဲရှိတယ်။ ဘယ်လောက်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ဖြစ် ကုသိုလ်ဖြစ်မယ်၊ သို့မဟုတ် အကုသိုလ်ဖြစ်မယ်၊ သို့မဟုတ် ၀ိပါက်၊ကိရိယာဖြစ်မယ်။ ဘယ်လောက်သေးသိမ်တဲ့ ကလေးကလေးဖြစ်ဖြစ်၊တိရစ္ဆာန်သတ္တ၀ါပဲဖြစ်ဖြစ် ကုသိုလ်ဖြစ်မယ်၊ အကုသိုလ် ဖြစ်မယ်၊၀ိပါက်ဖြစ်မယ်၊ ကိရိယာဆိုတဲ့ အဗျကတဖြစ်မယ်၊ အင်မတန် သေချာတယ်၊အင်မတန်သေချာ။

အကုသိုလ်စိတ် ။ ။ ဖြစ်တိုင်း၊ ပျက်တိုင်း အာရုံပါရမယ်၊ အဲဒါကြောင့်အကုသိုလ်ဆိုတာ ဘယ်လိုတရားပါတုန်းလို့ဆိုရင် -

'' ဖြစ်သော်ညစ်ထေး၊ အပြစ်ဘေးနှင့် ကျိုးပေးဒုက္ခ၊ ဆယ့်နှစ်ဝ၊ မုချ အကုသိုလ်ခေါ်''တဲ့ အပြစ်တွေ ဖြစ်တုန်း က ဒေါသရင်လဲပါနေပြီ၊ ဣဿာ၊ မစ္ဆရိယရင်လဲပါနေပြီ၊ မာနရင်လဲ ပါနေပြီ၊ ဖြစ်တုန်းက အဲဒီ အညစ်အကြေးတွေ ပါနေတယ်၊ အကုသိုလ်ဖြစ်တုန်းကအညစ်အကြေးတွ ပါနေမှတော့ အပြစ်က မကင်းဘူး၊ ဖြစ်တုန်းကကို အပြစ်မကင်းဘူး၊ နောက်အကျိုးပေးရင် မကောင်းကျိုးကိုပေးမယ်၊ ကောင်းကျိုးကို မပေးဘူး၊
ဒီအကုသိုလ်က ခုဘ၀ဖြစ်ဖြစ်၊ နောက်ဘ၀ဖြစ်ဖြစ် မကောင်းကျိုးကိုပေးမယ်၊ဒါကြောင့် အကုသိုလ်ဆိုတာ ဘယ်လို ဘာလိမ့်မတုန်းဆိုရင် ကိုယ့်စိတ်ကိုစဉ်းစားကြည့် '' ဖြစ်သော်ညစ်ထေး၊ အပြစ်ဘေးနှင့် ကျိုးပေး ဒုက္ခ၊ ဆယ့်နှစ်ဝ၊မုချ အကုသိုလ်ခေါ်'' ဖြစ်တယ်နော်၊ လောဘရင်လဲပါမယ်၊ ဒေါသရင်လဲပါမယ်ဒါအပြစ်ပဲ၊ မာနရင်လဲပါမယ် ဒါအပြစ်ပဲ၊ တစ်ယောက်နှင့်တစ်ယောက် မနာလိုတဲ့ဣဿာရင်လဲ ပါမယ်၊ ဒါအပြစ်ပဲ၊ သူတစ်ပါးကို မကြီးပွားစေလိုတဲ့ မစ္ဆရိယရင်လဲပါမယ်၊ ဒါအပြစ်ပဲ၊ အိပ်ချင်မူးတူး ငိုက်မျဉ်းနေတဲ့ထိနမိဒ္ဓရင်လဲ ပါမယ်၊ ဒါအပြစ်ပဲ၊ ဘုရားကို ဟုတ်မှဟုတ်ပါ့မလားလို့ ဘုရားအစစ်ကို ယုံမှားနေတဲ့ ၀ိစိကိစ္ဆာရင်လဲပါမယ်၊ ဒါအပြစ်ပဲ၊ ဖြစ်တုန်းက အပြစ်တစ်ခုခုနဲ့ ညစ်ပေနေတဲ့တရားမျိုး၊ ဒါအကုသိုလ်ခေါ်တယ်၊ နောက်အကျိုးပေးရင်လဲ မကောင်းကျိုးကိုပေးမှာပဲ။

ကုသိုလ်စိတ် ။   ။ ကိုယ့်စိတ်ဟာ ဘာဖြစ်တယ်ဆိုတာ သိပ်ပြီးတော့လေ့လာဖို့ကောင်းတယ်၊ အဲ-တစ်ခါ ကုသိုလ်က ဘယ်လိုပါလိမ့်မတုန်းလို့ဆိုတော့ -

'' ဖြစ်သော်သန့်ရှင်း၊ အပြစ်ကင်း၍၊ ကောင်းခြင်းသုခ၊ ကျိုးပေးက၊ ကုသလဟုခေါ်'' တဲ့။

ဖြစ်တုန်းက သန့်ရှင်းလိုက်တာ၊ မေတ္တာစိတ်နဲ့နော်၊ မေတ္တာစစ်စစ်နဲ့၊ချမ်းသာပါစေ.. ချမ်းသာပါစေ၊ ဖြစ်တုန်းက တယ်သန့်ရှင်းတယ်၊ တစ်ခါအလှူဒါနပေးနေရင် အင်း.. ငါ့အလှူ အကြောင်းပြုပြီးတော့ စားကြပါစေ...၊စွန့်ကြဲပေးကမ်းရင်ပဲ မေတ္တာက ပါနေတယ်၊ သန့်ရှင်းတယ်၊ သိပ်သန့်ရှင်းတယ်၊


..သြော်... မိမိတို့ အလှူဒါန အကြောင်းပြုပြီးတော့ သာသနာတော်ကြီး တိုးတက်ပါစေ၊ တည်တံ့ပါစေ၊ ခိုင်မြဲပါစေ...၊ အဲဒီလို ဖြစ်တုန်းကလဲ ကုသိုလ်စိတ်တွေ ထပ်ဖြစ်တယ်၊ နောက်ဆုံး ကိုယ့်သားကလေး သမီးကလေးကို မိခင်အဖြစ်နဲ့ တကတဲ ကျန်းမာစေချင်လွန်းလို့၊ ၀စေချင်လွန်းလို့ နို့တိုက်ပြီးတော့ နေတယ်၊ ချစ်နေတဲ့ လောဘက အကုသိုလ်၊ ကလေးကျန်းမာစေချင်တာ၊ ၀ဖြိုးစေချင်တာက ကုသိုလ်၊ စေတနာမေတ္တာက ကုသိုလ်၊ ကုသိုလ်နဲ့အကုသိုလ် ကပ်နေတာပဲ၊ ကပ်နေတာပဲ၊ သားကလေးချစ်လွန်းလို့ ဒါက အကုသိုလ်၊ ကျန်းမာစေချင်လွန်းလို့ ၀ဖြိုးစေချင်လွန်းလို့ နို့တိုက်ပြီးနေတာက ကုသိုလ်၊ ဖြစ်နေတုန်းမှာလေ အညစ်အကြေးလုံးလုံးမပါတဲ့အပိုင်းက ကုသိုလ်ပဲ၊ အကျိုးပေးရင် ကောင်းကျိုးပေးမှာ - " ဖြစ်သော်သန့်ရှင်း၊ အပြစ်ကင်း၍၊ ကောင်းခြင်းသုခ၊ ကျိုးပေးက၊ ကုသလဟုခေါ်''

အဗျာကတစိတ်။ ။ အဗျာကတဆိုတာက ဘယ်လိုစိတ်တုန်းဆိုတော့ ၀ိပါက်၊ဘုန်းကြီးတို့ ရုပ်တရားတွေလဲ အဗျာကတခေါ်တယ်၊ သူဖြစ်တော့လဲ ညစ်ထေးတာလဲမဟုတ်ဘူး၊ သန့်ရှင်းတာလဲမဟုတ်ဘူး၊ သူတို့ကို ကုသိုလ်လို့လဲ မဆိုရဘူး၊
အကုသိုလ်လို့လဲ မဆိုရဘူး၊ ရုပ်တရားတွေဟာ အဗျာကတ၊ ခုနက စိတ်စေသိက်ထဲမှာလဲပဲ ၀ိပါတ်စိတ်တွေ၊ ဘုရားရဟန္တာမှာဖြစ်တဲ့ ကိရိယာစိတ်တွေ၊အဲဒါတွေက အဗျာကတ၊ ဘုရားရဟန္တာတို့ သန္တာန်မှာတော့ ကုသိုလ်စိတ်မဖြစ်ဘူး၊မဖြစ်ဘူး၊ ဘုရားရဟန္တာမှာ မေတ္တာမပွားဘူးလား၊ မေတ္တာပွားလို့ရှိရင်လဲကုသိုလ်မခေါ်ဘူး၊ ကိရိယာအဗျာကတခေါ်တယ်၊ ဘုရားရဟန္တာတွေက သတ္တ၀ါတွေ
ချမ်းသာအောင်လို့ တရားဟောတယ်၊ ဗုဒ္ဓမြတ်စွာ တရားဟောတော်မူတယ်၊ကုသိုလ်မဟုတ်ဘူး၊ ဒါကကိရိယာအဗျာကတလို့ခေါ်တယ်၊ ဘာဖြစ်လို့တုန်း နောက်အကျိုး မပေးဘူးလေ၊ ကုသိုလ်ဆိုရင် ပဋိသန္ဓေအကျိုးပေးမယ်၊ဗုဒ္ဓမြတ်စွာမှာ နောက်ဘ၀သံသရာ အကျိုးမရှိတော့ဘူး၊ ဘ၀သံသရာအကျိုးမရှိလို့အကျိုး မပေးလို့ ကောင်းတာလုပ်လဲပဲ ကိရိယာအဗျာကတ၊ မကောင်းတာ ကျတော့ လုပ်ကိုမလုပ်ဘူး၊ တစ်ခါ ၀ိပါက်စိတ်တွေ ဘုန်းကြီးတို့မှာ ဖြစ်နေတယ်၊အိပ်ပျော်နေတယ်၊ ၀ိပါက်စိတ်ဖြစ်နေတယ်၊ ၀ိပါက်စိတ်ဖြစ် နေတာ့ ခုနကဟိတ်တွေမပါဘူးလား? ပါတယ်၊ နောက် တဖြည်းဖြည်း မှ နားလည်မယ်နော်၊ဟိတ်တွေပါနေတယ်၊ စိတ်တွေဖြစ်နေတယ်၊ အိပ်ပျော်နေတုန်းမှာ ကောင်းတဲ့စိတ်တွေလဲ ဘာမှမဖြစ်ဘူး၊ မကောင်းတဲ့စိတ်တွေလဲ ဘာမှမဖြစ်ဘူး၊ဒါဖြင့်ရင်  အိပ်ပျော်နေတဲ့အခါ ဖြစ်တဲ့စိတ်ဟာ ဘာခေါ်တုန်း၊ ၀ိပါက်အဗျာကတခေါ်တယ်၊ ခုလို ရှင်းလွန်းလို့ ဘုန်းကြီးတို့ တရားတော်ကရှင်းလွန်းလို့ ကဲ... ဒါ နားလည်ပြီနော်။

မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ 
.........................................................
ရွှင်လန်းချမ်းမြေ့ကြပါစေ....
Posted by Zar Li Tun on June 15, 2011 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>