2 3 4 5 6 7 8 9 10

Friday, October 28, 2016

လေဖြတ်ရောဂါအကြောင်း သိကောင်းစရာများ


               

     ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့သည် ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့ ( World Stroke Day ) ဖြစ်ပါသည်။ ကျန်းမာခြင်းသည် လူတိုင်းအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည်နှင့် အညီ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်၊ သန်စွမ်း၍ အသက်ရှည်ရှည်နေနိုင်ခြင်းသည် အနှိုင်းမဲ့ဆုလာဘ်တစ်ပါး ဖြစ်ပါသည်။ ကျန်းမာခြင်း၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်သန်စွမ်းခြင်းတို့၏ တန်ဖိုးကို မကျန်းမာသောအခါ၊ မသန်မစွမ်းဖြစ်ကြသောအခါတွင်မှ ပို၍ သိနားလည်လာတတ်ကြသည်။
          လေဖြတ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် သေဆုံးခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သကဲ့သို့ နာတာရှည် မသန်မစွမ်းဖြစ်ကျန်ရစ်စေသော အကြောင်းအရင်းတွင်လည်း အဓိက အချက်တစ်ခု ဖြစ်ပါသည်။ ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးအဖွဲ့ကြီး ( World  Stroke Organization ) ၏ အဆိုအရ ကမ္ဘာပေါ်တွင် လူခြောက်ဦးလျှင် တစ်ဦးနှုန်း တစ်ချိန်ချိန်တွင် လေဖြတ်ရောဂါ ဖြစ်နိုင်ပါသည်။


                 အချိန်ခြောက်စက္ကန့်တိုင်းတွင် လေဖြတ်ရောဂါကြောင့် လူတစ်ဦးနှုန်း သေဆုံးနေပါသည်။ အသက်အရွယ် ကျား၊ မ မရွေး လူမျိုးဘာသာမရွေး၊ နေရာဒေသမရွေး စက္ကန့်မလပ် လေဖြတ်ရောဂါ ဖြစ်နိုင်ပါသည်။ ကမ္ဘာပေါ်တွင် နှစ်စဉ်လူဦးရေ ၁၅ သန်းခန့် လေဖြတ်ရောဂါခံစားနေရပြီး ၎င်းတို့ အနက် ခြောက်သန်းခန့်မှာ အသက်ဆုံးရှုံးနေပါသည်။
        ယခုအခါ လူဦးရေ သန်း ၃၀ခန့်သည် လေဖြတ်ရောဂါ ဖြစ် ခဲ့ပြီး အများစုမှာ နာတာရှည် မသန်မစွမ်း ဖြစ်ကျန်နေခဲ့ပါသည်။ လေဖြတ်ရောဂါ ခံစားကြရသည့် လူနားများ၏ ၈၀ ရာခိုင်နှုန်းမှာ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဖြစ်ကြသည်။
            မြန်မာနိုင်ငံတွင်လည်း ဦးနှောက်နှင့်အာရုံကြောအထူးကုဌာနများတွင် ဆေးရုံတက်ရောက် ကုသနေကြသည့် အတွင်းလူနာများ၏ ၃၅ ရာခိုင်နှုန်းသည် လေဖြတ်ရောဂါ ခံစားနေကြရသည့် လူနာများ ဖြစ်နေသည်ကို တွေ့ရှိရပါသည်။ လေဖြတ်ရောဂါသည်အရေးပေါ်ကုသရန်လိုအပ်သည့် ရောဂါဖြစ်သည်။ လေမဖြတ်မီ ကြိုတင်သတိပေးသည့် ရှေ့ပြေးလက္ခဏာများရှိပါသည်။ ထိုလက္ခဏာများသည် ၂၄ နာရီအတွင်း ပြန်ကောင်း သွားတတ်သည်။ ထိုလက္ခဏာများထဲမှ တစ်မျိုးမျိုးကိုခံစားရလျှင် ချက်ချင်း စနစ်တကျ ကုသမှု ခံယူရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက အချိန်ကြာလာသည်နှင့်အမျှ ဦးနှောက်၏ လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းပြီး လေဖြတ်ခြင်းအဆင့်သို့ ရောက်ရှိနိုင်ပါသည်။
            ထို့ကြောင့် လေမဖြတ်မီ သတိပေးသည့် ရှေ့ပြေးလက္ခဏာများကို သိရှိထားရန် လိုအပ်ပါသည်။ ၎င်းတို့မှာ -
-       ရုတ်တရက် မျက်နှာ၊ လက်၊ ခြေတစ်ဖက် ထုံခြင်း၊ လေးလံခြင်း
-       ရုတ်တရက် စကားပြောမရခြင်း၊ ပြောသောစကားကို နားမလည်ခြင်း၊ စကားဗလုံးဗထွေးဖြစ်ခြင်း
-       ရုတ်တရက် အမြင်အာရုံေ၀၀ါးခြင်း၊ အမြင်နှစ်ထပ်ဖြစ်ခြင်း
-       ရုတ်တရက် လမ်းမလျှောက်နိုင်တော့ခြင်း၊ ဒယိမ်းဒယိုင်ဖြစ်ခြင်း
-       ရုတ်တရက် မူးဝေခြင်း
-       ရုတ်တရက် အကြောင်းမဲ့ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း  ….  တို့ ဖြစ်ကြသည်။


လေဖြတ်ရောဂါ၏ လက္ခဏာများမှာ -
-       မျက်နှာ၊ လက်၊ ခြေတစ်ဖက် ထုံခြင်း၊ လေးလံခြင်း၊ လုံးဝမလှုပ်ရှားနိုင်တော့ခြင်း
-       စကားပြောဆို ဆက်ဆံရာတွင် အခက်ခဲရှိပြီး၊ အစာ၊ ရေ မျိုရခက်ခြင်း
-       ဆီး၊ ၀မ်း၊ မထိန်းနိုင်ခြင်း
-       ထိတွေ့မှု အာရုံပျက်ယွင်းခြင်း
-       အမြင်အာရုံ ချို့ယွင်းခြင်း
-       မှတ်ဥာဏ် ချို့ယွင်းခြင်း၊ အာရုံစူးစိုက်မှုအားနည်းခြင်း
-       စိတ်မထိန်းချုပ်နိုင်ခြင်း
-       မျက်ဖြူလန်၍ တက်ခြင်း၊ သတိလစ်မေ့မြောခြင်း …. တို့ ဖြစ်ကြသည်။
လေဖြတ်ရောဂါလက္ခဏာများကို ခံစားရပါက ကျွမ်းကျင်သော ဆရာဝန်၊ သူနာပြု၊ အကြောအဆစ် ပြန်လည် သန်စွမ်းရေး ကျွမ်းကျင်သူများရှိသော လေဖြတ်ရောဂါ အထူးကုဌာန(သို့) ဆေးရုံသို့ သွားရောက် ၍ အလျင်အမြန်ကုသမှုခံရန် လိုအပ်ပါသည်။ ထိုသို့စနစ်တကျကုသခြင်းဖြင့် အသက်ဆုံးရှုံးမှုမှ လွတ်မြောက်ခြင်း ၊ ခန္ဓာကိုယ် ပြန်လည်သန်စွမ်းကျန်းမာမှုနှုန်းမြန်ပြီး လှုပ်ရှားမှုကောင်းမွန်ခြင်း စသော ကောင်းကျိုးများကို ခံစားနိုင်မည် ဖြစ်ပါသည်။

            ထို့ပြင် လေဖြတ်လူနာများသည် စိတ်ကျရောဂါ၊ စိတ်တို၊ စိတ်ဆိုးလွယ်သော စိတ်ပိုင်း ဆိုင်ရာ ဝေဒနာများလည်း ခံစားရနိုင်ပါသည်။ ၎င်းလူနာများ၏ စိတ်ပိုင်းဆိုင်ရာနှင့် ဘ၀ အရည်အသွေး မြင့်မားရန်အတွက် မိသားစု၊ မိတ်ဆွေ၊ အသိုင်းအ၀ိုင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၏ အားပေးကူညီမှု အမြဲရရှိရန် လိုအပ်ပါသည်။ လေဖြတ်လူနာများသည် နောက်တစ်ကြိမ်လေဖြတ်ရန် အခွင့်အလမ်း ပိုများသောကြောင့် တတ်ကျွမ်းနားလည်သော ကျန်းမာရေးဝန်ထမ်းများ၏ ပုံမှန်စောင့်ရှောက်မှုခံယူရန် အရေးကြီးပါသည်။ လေဖြတ်စေနိုင်သော အကြောင်းရင်းများကို ထိရောက်စွာ ကုသခြင်း၊ ကျန်းမာရေး အသိနှင့်ယှဉ်သော နေထိုင်မှုပုံစံတို့ကို လိုက်နာခြင်း၊ ခန္ဓာကိုယ် ပြန်လည်သန်စွမ်းရေး လေ့ကျင့်ခန်းများကို ပုံမှန်လုပ်ပေးခြင်းဖြင့် နောက်တစ်ကြိမ်လေထပ်မဖြတ်ရန် ကာကွယ်နိုင်ပါသည်။

            လေဖြတ်ရောဂါသည် ကာကွယ်နိုင်သော ရောဂါတစ်ခုဖြစ်သည်။ လေဖြတ်ရောဂါကို ကာကွယ်နိုင် ရန် လူတိုင်းလုပ်ဆောင်နိုင်သည့် အချက် ( ၆ ) ချက်ရှိသည်။ ၎င်းတို့မှာ -
( ၁ ) လေဖြတ်ခြင်းကို ဖြစ်စေနိုင်သော အကြောင်းအရင်းများကို သိရှိနားလည်ပြီး မိမိတွင် ထိုအကြောင်းအရင်းများ ရှိပါက စနစ်တကျ ကုသမှု ခံယူပါ။ ( ဥပမာ - သွေးတိုးရောဂါ၊ သွေးချိုရောဂါ၊ သွေးအတွင်း အဆီဓာတ်များခြင်း )
( ၂ ) ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများကို မှန်မှန်လုပ်ပါ။
( ၃ ) ကျန်းမာရေးနှင့် ညီညွတ်သော အစာအဟာရများကို စားသုံးခြင်းဖြင့် အ၀လွန်ခြင်းကို ရှောင်ကြဉ်ပါ။
( ၄ ) အရက်အလွန်အကျွံ သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
( ၅ ) ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ၊ ဆေးလိပ်သောက်သူဖြစ်က ဖြတ်နိုင်အောင် ကြိုးစားပါ။
( ၆ ) လေဖြတ်ရောဂါ၏ ရှေ့ပြေးလက္ခဏာများကို သိရှိရန် လေ့လာပါ။ ထိုပြဿနာများ ဖြစ်ပေါ်လာပါက ဆောလျင်စွာ စနစ်တကျ ကုသမှုခံယူပါ..။ 
            စသည်တို့ ဖြစ်ပါသည်။
အထက်ပါ အချက်များသည် တစ်နည်းအားဖြင့် ဆိုသော် အသက်ရှည်ရာ အနာမဲ့ကြောင်း နည်းလမ်းကောင်း များ ဖြစ်ပါသည်။ လေဖြတ်ခြင်းသည် နှလုံးသွေးကြော ဆိုင်ရာရောဂါနှင့် ဆက်စပ်နေ သဖြင့် နှလုံးသွေးကြော ပိတ်သူများ၊ နှလုံးရောဂါအခံရှိသူများ၊ နှလုံးခုန်မမှန်သောသူများသည် လေဖြတ်ရောဂါ မဖြစ်ပွားအောင် ကာကွယ်ရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှု မှန်မှန်ခံယူရန် လိုအပ်ကြောင်း ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေးအဖွဲ့မှ အကြံပြူထားပါသည်။
            လေဖြတ်ခြင်းသည် နာတာရှည်ရောဂါဖြစ်ပြီး လူ့ဘ၀သက်တမ်းတစ်လျှောက်တွင် အချိန်မရွေး ဖြစ်နိုင်သော ရောဂါဖြစ်ပါသည်။ လူငယ်များတွင် ဖြစ်လျှင် မိသားစုအတွက်၊ တိုင်းပြည်အတွက် တန်ဖိုးရှိ သည့် စွမ်းဆောင်ရည်များ ဆုံးရှုံးရသကဲ့သို့ သက်ကြီးရွယ်အိုများတွင် ဖြစ်လျှင်လည်း ၎င်းတို့၏ မိသားစု အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်စေပြီး လူနာအနေဖြင့်လည်း လူမှုဘ၀၀န်းကျင်တွင် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်နိုင်များလည်း ဆုံးရှုံးရမည်ဖြစ်ပါသည်။
ထို့ကြောင့် တစ်ဦးချင်းမှ တစ်မိသားစု၊ မိမိ၏ပတ်ဝန်းကျင်မှသည် တစ်ပြည်လုံး အတိုင်းအတာ အထိ လေဖြတ်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်ခြင်းများကို ကြိုးပမ်း လုပ်ဆောင်ကြခြင်း ဖြင့် လေဖြတ်ရောဂါဒဏ်ကို ခံစားရမှုနှုန်းများ လျော့ကျသွားပြီး လူမှုဘ၀၀န်းကျင်ကို သာယာဝပြောအောင် တစ်ဖက်တစ်လမ်းမှ စွမ်းဆောင်နိုင်မည် ဖြစ်ပါသည်။
            အောက်တိုဘာ ၂၉ ရက်နေ့တွင် ကျရောက်သော “ ကမ္ဘာ့လေဖြတ်ရောဂါ ကာကွယ်ရေးနေ့” သည် ကမ္ဘာနှင့်အ၀န်း လေဖြတ်ရောဂါ ဖြစ်ပွားနေမှုနှုန်းနှင့် လေဖြတ်ရောဂါဒဏ်ကို ခံစားနေရသောသူများ လက်တွေ့လူနေမှုဘ၀တွင် အများအပြားရှိနေသည်ကို အသိပေးရုံမျှမက ဤရောဂါသည်.. ကာကွယ်နိုင်သည်၊ ကုသနိုင်သည်၊ လေဖြတ်ပြီးသောသူများကိုလည်း ပြန်လည်သန်စွမ်းလာနိုင်အောင် ကူညီပံ့ပိုးမှု၊ ပြုစုစောင့်ရှောက်မှုများပေးနိုင်သည်.. ကို မီးမောင်းထိုးပြသည့် နေ့တစ်နေ့ ဖြစ်ကြောင်း အသိပေးတင်ပြအပ်ပါသည်။
ဒေါက်တာဖြူဖြူလေး ( ဦးနှောက်နှင့်အာရုံကြော )


No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>