2 3 4 5 6 7 8 9 10

Saturday, February 16, 2013

မိဿ ရာသီဖွား မောင်ငယ့်စိတ်ထား

မိဿ ရာသီဖွား မောင်ငယ့်စိတ်ထား…
(မိဿ ရာသီ - ARIES)…
 တန်ခူးလဖွား ( March 21st  to  April 20th )

…မတ် ၂၁ မှ ဧပြီ ၂၀ ရက်အတွင်း မွေးဖွားသူ ပျိုလေးရဲ့ ချစ်သူမောင်ကို မိဿ ရာသီဖွားလို့ ခေါ်ဆိုရမယ်။ မြန်မာလ အခေါ်က တန်ခူးလဖြစ်တယ်။ မြန်မာနှစ်ကူး လတန်ခူးမို့ ကောင်းကင်မှာ မြန်မာအယူအဆအရ တောင်ဆိတ်ရုပ်ပုံ နက္ခတ် ထွန်းလင်းနေတယ်။ အင်္ဂလိပ်အယူအဆက သိုးရုပ်ပုံ နက္ခတ် ထွန်းလင်းနေတယ်လို့ သတ်မှတ်ကြတယ်။ မီးဓာတ်ကြီးစိုးချိန်၊ အင်္ဂါဂြိုလ် စိုးမိုးနေချိန် ဖြစ်တယ်။
 
  • ရုပ်သွင်…
…အရိုးဖွဲ့စည်းမှု ကြီးမားတဲ့သူတွေဖြစ်တာမို့ သူတို့ဦးခေါင်းဟာ ကြီးမားတတ်တယ်။ ဒါကြောင့် မျက်နှာလည်း ကြီးတယ်။ “မျက်နှာကြီးမျိုး” လို့ ပြောစမှတ်ပြုရမယ့် လူစားတွေပဲ။ လက်မောင်း၊ ခြေတံတွေ သန်မာကြီးမားကြပေမယ့် ကိုယ်ခန္ဓာဟာ မကြီးမားကြဘူး။ ပိန်သွယ်တဲ့ဟန် ရှိတယ်။  အရပ်မနိမ့်မမြင့်နှင့် ကြည့်ကောင်းရုံအသွင်ရှိတယ်။ သူ့မျက်လုံးတွေဟာ ၀ိုင်းနေပြီး အညိုရောင် ရှိတတ်တယ်။ ဆံပင်ကလည်း နီညိုရောင် တောက်ပပြီး နည်းနည်းလိမ်တွန့်တွန့် ရှိတယ်။ ပခုံးကျယ်ဝန်းဟန် ရှိသမို့ ဒူးမှာ အားနည်းသွားသလို ရှိနေမယ်။ မျက်နှာသွင်ပြင် လှပကြတယ်။

  • အမူအရာ…
…လျင်မြန်ဖျတ်လတ်တဲ့ အမူအရာနှင့် ပေါ့ပါးပျော့ပျောင်းစွာ သွားလာတတ်သူဖြစ်တယ်။ လူအများကြီးနှင့် ဟေးလားဝါးလား မနေတတ်ဘူး။ အချိုးကျကျ ၀တ်စားပြီး စမတ်ကျကျ ကိုယ်ဟန်နှင့် နေတတ်တယ်။ ဦးဆောင်လုပ်ရတဲ့ အလုပ်တွေကို လုပ်ပြီး နောက်လိုက်အဖြစ် မနေတတ်ဘူး။ လှုပ်ရှားတက်ကြွသူအနေနှင့် တွေ့ရမယ်။ သူ့ကိုယ်သူ ယုံကြည်ဟန်အပြည့်နှင့် နေထိုင်တတ်ပြီး သူ့ကို ဂရုတစိုက်ရှိတာကို ကျေနပ်နေတတ်တယ်။ ပြောဆိုရာမှာ အလုပ်လုပ်ရာမှာ လွန်စွာ တိကျ ပြတ်သားသူ ဖြစ်မယ်။ စည်းကမ်းရှိသူတစ်ယောက်ရဲ့ အမူအရာတွေကို  တွေ့ရမယ်။

  • စိတ်ထား…
…လူတိုင်းတွေးတဲ့ အတွေးအခေါ်တွေကို မကြိုက်ဘူး။ အဆန်းအသစ် တီထွင်နေချင်သူ ဖြစ်တယ်။ သမားရိုးကျကိစ္စတွေကို ဒီလို ပြင်လို့မရဘူးလား၊ လုပ်ကြည့်ရင် ပိုကောင်းမယ်ဆိုတဲ့ စိတ်ထားကြောင့် သူ့ အယူအဆ အတွေးတွေကို သိပ်ရှေးဆန်သူတွေက ကြိုက်မှာ မဟုတ်ဘူး။ သူက ပြိုင်ဆိုင်ရတာကို ကြိုက်ပြန်တဲ့အတွက် စိတ်အင်အား၊ လူအင်အား ပြိုင်ဆိုင်လိုတယ်။ အပေါင်းအသင်းတွေထဲမှာ ရှေ့ပြေးဖြစ်ပြီး သူသာ ဦးဆောင်ရမှ ကြိုက်တယ်။ တစ်ခေတ်သာအောင် ခေတ်မီပစ်လိုက်ချင်သူ ဖြစ်တယ်။ ပျော့ပျောင်းခြင်းနှင့် တင်းမာခြင်း အရည်အချင်းနှစ်ခုကို တစ်ပြိုင်တည်း ထားရှိသူဖြစ်တယ်။

  • ဆန္ဒသဘောထား…
…ဟောင်းသွားတာကို မနှစ်သက်သူဖြစ်တာမို့ အမြဲတမ်း ဆန်းသစ်တာတွေကို စိတ်လှုပ်ရှားစရာတွေကို ရှာဖွေ စူးစမ်းနေသူ ဖြစ်တယ်။ တုံးဆိုတိုက်၊ ကျားဆိုကိုက် ဆိုသလို ဘာမဆို အစွမ်းကုန်စိတ်နှင့် လှုပ်ရှားတတ်၊ ကြိုးစားတတ်တယ်။ သူ့ကို အပြစ်ပြောသည်ကို လုံးဝမကြိုက်တတ်ဘူး။ သူကိုယ်တိုင်က မမှန်ဘူးဆိုတာ သိပေမယ့် အပြစ်ပြောလာရင် ဆက်ပြီး လုပ်လိမ့်မယ်။ နောက် မဆုတ်တတ်ဘူး။ ဒါကြောင့် နောက်ဆုတ်စေချင်ရင် ပျော့ပျော့ပျောင်းပျောင်း ပြောမှ ရမယ်။ ခေါင်းမာတယ်လို့ဆိုတဲ့ စကားလုံးကို သုံးသင့်တဲ့သူ ဖြစ်တယ်။ ဇွဲကြီးပြီး အတိုက်အခိုက် စိတ်ကြီးမားသူဖြစ်တယ်။ စိတ်ထား မကောက်ကျစ်ဘဲ တိုက်ရိုက် ရင်ဆိုင်ဖြေရှင်းတတ်တယ်။

  • အကြိုက်…
…အနီရောင်၊ လိမ္မော်ရောင်၊ နီညိုရောင်ရင့်ရင့်တွေဟာ သူ့ရဲ့ စိတ်အာရုံကို နိုးကြားစေတာမို့ နှစ်သက်တယ်။ ပန်းရောင်နုနု၊ ပြာလဲ့လဲ၊ ခရမ်းပြာရောင်တွေကိုလည်း နူးညံ့မှုအတွက် နှစ်သက်ပြန်တယ်။
…သဘာဝကျတဲ့ အပြင်အဆင်၊ ဖက်ရှင်တွေကို နှစ်သက်ပြီး ခေတ်နှင့် လျော်ညီစွာ ဝတ်စားပြင်ဆင်တာကို ကြိုက်တယ်။ သူ့စိတ်ကို တစ်ခုခုနှင့် လှုပ်ရှားအောင် ပြုလုပ်နိုင်ရင် သူနှင့် အဆင်ပြေမယ်။ သူ့ကို အေးအေးငြိမ်ငြိမ်၊ တိတ်တိတ်ဆိတ်ဆိတ် နေတတ်သူတစ်ဦး အဖြစ် ဘယ်တော့မှ တွေ့ရမှာ မဟုတ်ဘူး။ အဲဒီလို နေတတ်တဲ့သူကိုလည်း သူ မကြိုက်ဘူး။



  • အစား…
…အစားမမက်ဘူး။ နည်းနည်းပဲ စားတတ်သလို စွဲစွဲမြဲမြဲ မစားတတ်ဘူး။ ရသာစုံလေးမှ ကြိုက်တတ်တယ်။ သူ့ကို ဘာစားမလဲလို့ မေးတာ အဆင်ပြေတယ်။ ဒါစားပါလို့ ပြောတာကို မနှစ်သက်ဘူး။
…သူက အစားကိုတောင် ကိုယ့်ဘာသာ စဉ်းစားပြီး စားချင်တဲ့သူ၊ သူများ စားတိုင်း စားတဲ့သူ မဟုတ်ဘူး။ မကြိုက်ရင် တို့တောင် မကြည့်ဘူး။ ဒါပေမယ့် စားစားသွားသွား အဖော်လေးနှင့်တော့ နေထိုင်စားသောက်ချင်သူဖြစ်တယ်။ တူတူသွားပြီး မှာချင်ရာ မှာစားဆိုတဲ့ လူတန်းစားပေါ့။

  • ရင်းနှီးမှု…
…ကိုယ်ပိုင် လွတ်လပ်ခွင့်ကို သိပ်တန်ဖိုးထားပြီး လွတ်လပ်ပျော်ရွှင်ခြင်းကို ဖန်တီးနေသူဖြစ်တာမို့ သူ့ကို သိပ်မစပ်စုဘဲ ခင်မင်ရင် ကောင်းတယ်။ သူ့ ဘာသာသူပြောလာရင် နားထောင်ပြီး အေးအေးဆေးဆေးနေရင် သူ နှစ်သက်တယ်။ အကြံအစည် အလုပ်အကိုင်တွေကို မေးတာ မြန်းတာ မကြိုက်ဘူး။ သူ့ဘာသာသူလည်း တရားသေအလုပ်တစ်ခုကို စိတ်ကူးမထားသူမို့ ဘယ်နေရာမှာ ဘာတွေလုပ်နေသလဲဆိုတဲ့ မေးခွန်းတွေ မေးတတ်သူဟာ သူ့ရဲ့ ရင်းနှီးကျွမ်းဝင်သူ ဖြစ်မလာနိုင်ဘူး။ ကြုံရင် ဆုံကြတာပေါ့ဆိုတဲ့ စိတ်နှင့် သူ့ကို ကျွမ်းဝင် ရင်းနှီးလို့ရတယ်။

  • ၀ါသနာ…
…သူတကာထက် သာမှ သူများနှင့် ပြိုင်ရင် နိုင်မှဆိုတဲ့ စိတ်ထား အခြေခံရှိသူမို့ သူ့ဝါသနာဟာ ယှဉ်ပြိုင်မှုတွေ စိန်ခေါ်မှုပွဲတွေ ဖြစ်တယ်။ အရေးပေး ကြင်နာယုယတာကို ခံယူလိုတဲ့အတွက် သူ့ကို ဂရုတစိုက်ရှိတဲ့ နေရာတွေကို ရောက်အောင်သွားပြီး ကျက်စားနေထိုင် တတ်တယ်။ သူ့ရဲ့ လှုပ်ရှားမှုမှာ လွတ်လပ်မှုတွေ ပါဝင်နေတာမို့ ဘယ်သွားတယ်၊ ဘာလုပ်တယ်ဆိုတာကို ပြောမှာ မဟုတ်ဘူး။ မေးတာလည်း မကြိုက်ဘူး။ ငယ်ရွယ်စဉ်မှာ အချစ်ရေးရာတွေကို စိတ်ပါဝင်စား ၀ါသနာတစ်ခုလို ခံယူတတ်ပေမယ့် အသက် ၄၀ ကျော်သွားရင် စိတ်ကုန်သွားတတ်တယ်။

  • စရိုက်…
…တိုက်ရိုက်သမား၊ တည့်တည့် ရင်ဆိုင်တတ်သူမို့ လူတွေက သူ့ကို မုန်းကြလိမ့်မယ်။ မာယာပရိယာယ် မရှိဘူး။ ဗြောင်ကျကျ ရှင်းတတ်တယ်။ သူ့ကို ယှဉ်ပြိုင် စိန်မခေါ်လေနှင့်။ ဘယ်တော့မှ ရှောင်ထွက်မယ့်သူ မဟုတ်ဘူး။ သူ စိတ်ထွက်လာရင် မုန်တိုင်းလို အရှိန်ကြီးတယ်။ သူ့အရည်အသွေးကို သူ့ဘာသာ ယုံကြည်သူဖြစ်လေတော့ သူ့ အရည်အချင်းနှင့် အားနည်းချက်တွေကို ဝေဖန် မခံနိုင်ဘူး။ အိမ်ပြင်ထွက်ပြီး ခရီးသွားလာ လှည့်ပတ်နေတတ်သူမို့ ငြိမ်ငြိမ်အေးအေးနေဖို့ မဖြစ်နိုင်ဘူး။ စွန့်စွန့်စားစား လှုပ်လှုပ်ရှားရှားတွေနှင့် နေလိမ့်မယ်။

  •  အတွေးစိတ်ကူး…
…ချစ်သူကို အစွမ်းကုန် ကြင်နာယုယတတ်ပြီး သူမတူအောင် ဂရုစိုက်ပြီးရင် တစ်ခါတည်း လှည့်မကြည့်တောဘဲ နောက် တစ်ယောက်ဆီ ရောက်သွားတတ်တယ်။ သူ့ရဲ့အတွေးကမ္ဘာထဲမှာ  အချစ်ရေးကို စစ်ပွဲတစ်ခုလို သဘောထားတယ်။ တိုက်နေတဲ့ အချိန်မှာ အသက်ကို လုရတာမို့ စွမ်းစွမ်းတမံ ရှိသလောက် နိုင်ပြီးရင်ပဲ ဖြစ်ဖြစ်၊ ရှုံးပြီးရင်ပဲဖြစ်ဖြစ် ပွဲပြီးသွားတော့တာပဲ။ သူ့ စိတ်ကူးအတွေးထဲမှာ စွဲလမ်းခြင်း၊ အောက်မေ့ လွှမ်းဆွတ်ခြင်းမျိုး မရှိတတ်သော လူတစ်မျိုးဖြစ်တယ်…..။

  ဥမ္မာရီ (မဟာဝိဇ္ဇာ လက္ခဏာပါရဂူ)၏  “ပျိုလေးရည်းစား မောင့်စိတ်ထား” မှ ကမ္ဘာသစ်သူငယ်ချင်းများအတွက် မျှဝေ ပေးပါတယ်

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>