2 3 4 5 6 7 8 9 10

Tuesday, June 9, 2015

ခန္ဓာကိုယ်၏ ဇီဝနာရီ ပုံမှန်လည်ပတ်စေဖို့


“အိပ်ရာဝင်စတွင် အိပ်ပျော်ရန် ခက်ခဲခြင်း၊ 
ညအချိန်မတော် တစ်ရေးနိုးပြီး ပြန်အိပ်မရခြင်း၊
တစ်နေကုန် အိပ်ငိုက်ကာ ပင်ပန်းနွမ်းနယ်နေခြင်း
စသည့် ခံစားမှုမျိုးကို
အသက်အရွယ်မရွေး​ လူတိုင်း ကြုံတွေ့ကြဖူးပေသည်။”




အိပ်မပျော်ခြင်းဆိုရာတွင် ညဦးပိုင်း၌ တော်တော်နှင့် အိပ်မပျော်ဘဲ သန်းခေါင်ကျော်မှ အိပ်ပျော်ခြင်း၊
အိပ်လိုက် နိုးလိုက်နှင့် ကြက်အိပ်ကြက်နိုး ဖြစ်နေခြင်း၊ တစ်ညလုံး အိပ်မရ၍ ငုတ်တုတ်ထိုင်နေရခြင်း
စသည်ဖြင့် ပုံမှန်အကြောင်းရင်း တစ်ခုခုကြောင့်သော် လည်းကောင်း၊ စိတ်ဖိစီးမှုကြောင့်သော်
လည်းကောင်း၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ဆိုင်ရာ ရောဂါဝေဒနာ တစ်ခုခုကြောင့်သော်လည်းကောင်း
အိပ်မပျော်သည့် အကြောင်းရင်း မျိုးစုံ ရှိပေသည်။

နေ့အချိန်တွင် အိပ်ငိုက်ခြင်းမှာ ပုံမှန်မဟုတ်သည့် ခံစားမှုဖြစ်ပြီး ညဘက်က အိပ်မပျော်ခြင်း (သို့မဟုတ်)
အိပ်ရာနိုး ထချိန်တွင် မလန်းဆန်းခြင်းကြောင့်ဖြစ်သည်။ အိပ်စက်မှု ပြဿနာကို ကာလရှည်ကြာအောင် 
ဆွဲမထား သင့်ဘဲ နေ့ အချိန်တွင် ပြုလုပ်သည့် အမူအကျင့်များနှင့် ညအချိန် အတွက် လုပ်ရိုးလုပ်စဉ်များကို
 ပြုပြင်ပြောင်းလဲ ရန် လိုအပ်သည်။
 “ခေါင်းမူး ခေါင်းကိုက်တို့၊ ဦးနှောက်က ခြေဖ၀ါးအဆုံး ရောဂါတစ်ခုခုက နှောင့်ယှက်နေမယ်ဆိုရင်
အိပ်မပျော် ပါဘူး။ ဘာရောဂါမှ မရှိဘဲ အိပ်မပျော်ဘူးဆိုရင် စိတ်ဖိစီးတာကြောင့်လည်း ဖြစ်တတ် ပါတယ်။ လူ့လောကရဲ့ ဖိစီး မှုကြောင့် ဟိုတွေးဒီတွေးနဲ့ အိပ်ခါစမှာ အိပ်ရခက်တတ်တယ်။ 
ပူပင်သောကများတဲ့ ကိုယ်ရည်ကိုယ်သွေး ရှိတဲ့ သူတွေ အိပ်မပျော်ဘူး။ ထမင်းစားရေသောက်က
အစ တွေးပြီးပူတယ်။ အစစအရာရာ စိတ်ပူနေတော့ လွင့်မျောနေ တဲ့ သောကတွေက ပျောက်တယ်မရှိဘူး။ အိပ်နေမှပဲ ရပ်မယ်။ အဲလိုလူတွေမှာ သာမန် အိပ်မပျော်ခြင်း မျိုးလို့ ဆိုနိုင်ပါတယ်။ အတွေးလွန်ပြီး 
အိပ်မပျော်သလို အချို့က ဆေးလိပ်၊ ကွမ်းစားတဲ့သူတို့၊ မူးယစ်ဆေးသုံးတဲ့သူတွေဆိုရင်လည်း
အိပ်မပျော်တာဖြစ်တယ်။ ခုနောက်ပိုင်းဆိုရင် လစ်ပိုတို့၊ ကျွဲရိုင်းတို့လို အချိုရည်တွေကလည်း အိပ်ချင်
စိတ်ကို မဖြစ်စေဘူး။ တစ်ညလုံး ဘောလုံးပွဲကြည့်နေရင်လည်း ကြည့်တဲ့လူအပြင် ဆူညံသံ တွေကြောင့်
 ဘေးလူတွေ အိပ်မရတာမျိုးတွေ၊ အိပ်ခါနီး လက်ဖက်ရည်၊ ကော်ဖီ၊ လက်ဖက်တို့စားရင် လူက
လန်းပြီးတော့ မအိပ်ချင်တာမျိုးတွေ၊ အသံချဲ့စက် ဆူညံသံတွေကြောင့်လည်း အိပ်လို့မရ ဖြစ်တတ်တယ်။ ဒါက သာမန်လူတွေဖြစ်တဲ့ အိပ်မရဘူးဆိုတာတွေပေါ့” ဟု ဦးနှောက်နှင့် စိတ်ပိုင်းဆိုင်ရာ အထူးကုဆရာဝန်ကြီးတစ်ဦးက ပြောသည်။
 အိပ်စက်ခြင်းသည် ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာရေးအတွက် တိုင်းတာပေးသည့် ဘာရိုမီတာ
တစ်ခုဟု ဆိုလျှင် မမှားနိုင်ပေ။ ကျန်းမာရေး ကောင်းစေရန်အတွက် ကောင်းမွန်စွာ အိပ်စက်ရန်
လိုအပ်ပြီး အိပ်မပျော်သည့်ကာလ ကြာရှည်သွားပါက ကျန်းမာရေးထိခိုက်မှု၏ အခြေခံ (သို့မဟုတ်)
စိတ်ကျန်းမာရေးထိခိုက်မှု အနေအထားပါဖြစ်နိုင် သည်ဟု ဆိုသည်။


 လူတိုင်း၏ ခန္ဓာကိုယ်တွင် ၂၄ နာရီအတွင်း အိပ်ချိန်၊ နိုးချိန်ကို ပုံမှန်လည်ပတ်နေစေသည့် ဇီဝနာရီ
ရှိပြီး အလင်းရောင် က ဇီဝနာရီ၏ ပုံမှန်စက်ဝန်းကို မှန်ကန်အောင် အဓိက လုပ်ဆောင်ပေးသည်။
နံနက်ချိန်ခါ နေထွက် လာ ချိန်တွင် ဦးနှောက်က ခန္ဓာကိုယ်ကို နိုးထ လာအောင် အချက်ပေးသည်။ 
ညအချိန်ရောက်သောအခါတွင် အိပ်ချင်စိတ်ကိုဖြစ်သော မယ်လတိုနင်ခေါ် ဟိုမုန်းတစ်မျိုးကို
ထုတ်လုပ်ပေး ကာ အိပ်စက်သည့်အလုပ်ကို လုပ်စေ သည်။ အများအိပ်ချိန် မအိပ်ဘဲ အလုပ်
လုပ်သူများလည်းရှိပြီး ညဘက်အလုပ်လုပ်သူများ အနေဖြင့်လည်း နေ့ ဘက် တွင် ပြန်အိပ်ရန်
လိုအပ်သည်။
 ခရီးဝေးသွားသည့်အခါများတွင် အချိန်ဇုန် မတူသည့်အရပ်သို့ ရောက်ရှိပါက ဇီဝနာရီ လည်ပတ်မှုမှာ
ပုံမှန်မဖြစ် သည့် အတွက် အိပ်မပျော်သည့် အခြေအနေကို ယာယီဖြစ်စေသည်။
 စိတ်ကသိကအောင့်ဖြစ်ခြင်း (သို့မဟုတ်) နေ့အချိန်တွင် အိပ်ငိုက်ခြင်း၊ ထိုင်နေစဉ်၊ တီဗီကြည့်နေစဉ်
(သို့မဟုတ်) စာဖတ်နေစဉ် တွင် နိုးနိုးကြားကြားနေရန် ခက်ခဲခြင်း၊  ကားမောင်းနေစဉ် အိပ်ပျော်
သွားခြင်း (သို့မဟုတ်) ပင်ပန်းနွမ်းနယ်နေခြင်း၊ အာရုံစူးစိုက်ရန် ခက်ခဲခြင်း၊ ပင်ပန်းနွမ်းနယ်ပုံ
 ပေါက်နေခြင်း၊ လှုပ်ရှားမှု နှေးကွေးခြင်း၊  စိတ်ခံစားမှုများကို ထိန်းချုပ်ရန် ခက်ခဲနေခြင်း၊ တစ်မှေးလောက်
 မှေးရန် နေ့စဉ် ဆန္ဒရှိခြင်း၊ အလုပ်ဆက် လုပ်နိုင် ရန် ကဖိန်းဓာတ်ပါသည့် အစားအစာများ စားပေးရန်
လိုနေခြင်း မျိုး ဖြစ်နေပါလျှင် အိပ်စက်မှုဆိုင်ရာတွင် ပြဿနာ ရှိနေသည်ကို သိရှိရမည်ဖြစ်သည်။

ကောင်းမွန်စွာ အိပ်ပျော်ခြင်းသည် ခန္ဓာကိုယ် ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုအတွက် ကောင်းကျိုးပြုပြီး
စိတ်ခံစားမှု ကိုလည်း ကောင်းမွန်စေ သည်။ အိပ်ရေးအနည်းငယ် ပျက်သည်နှင့်ပင် စိတ်အနေအထား၊
ခွန်အားနှင့် စိတ်ဖိစီးမှု ကို ထိန်းချုပ်နိုင်သည့် စွမ်းအင်များပါ လျော့ကျနိုင် သည်ဟုသိရသည်။ 
အိပ်မပျော်ခြင်းနှင့် အအိပ်မမှန်ခြင်းကို လျစ်လျူ မရှု သင့်ဘဲ ယင်းနှင့်ဆက်စပ်၍ ကျန်းမာရေးချို့တဲ့ခြင်း၊
မတော်တဆ ထိခိုက်မှုများ ဖြစ်ပွားခြင်း၊ လုပ်ကိုင်စွမ်းရည်ကို ထိခိုက်ခြင်းနှင့် အခြားသော လူမှုရေး 
ကိစ္စများတွင် ပြဿနာရှိလာနိုင်သည်ဟုဆိုသည်။
“အိပ်မပျော်တာက ရောဂါကြောင့်လား၊ ဘေးပတ်ဝန်းကျင်ကြောင့်လား ဆိုတာကို အရင်ဆုံး
ဆန်းစစ် ပြီးတော့မှ ကုသရတယ်။ အကြောင်းရင်းရှိတဲ့ဟာတွေကျတော့ အကြောင်းရင်းကို ရှာပြီး
ကုရတာပေါ့။ အိပ်ဆေးတွေကို မလိုအပ်ဘဲ မပေးရဘူး။ အိပ်ဆေးက စွဲသွားစေတယ်။ ၂လ-
၃လ ထက် ပိုပြီး မပေးသင့်ဘူး” ဟု အထက်ပါ အထူးကုဆရာဝန်ကြီးက ပြောကြားသည်။
 ဇီဝနာရီ ပုံမှန်လည်ပတ်နိုင်စေရန်အတွက် နေ့စဉ်ပုံမှန် အိပ်ရာဝင်၊ အိပ်ရာထချိန်ကို သတ်မှတ်
အိပ်စက်ခြင်း၊ အိပ်ချိန်ကို ၇ နာရီမှ ၈ နာရီအထိ ယူခြင်း၊ အိပ်ခန်းနှင့် အိပ်ရာကို သက်တောင့်
သက်သာနှင့် လေ၀င်လေထွက် ကောင်းအောင် ဆောင်ရွက်ထားခြင်း၊ အာဟာရ ပြည့်ဝအောင်
စားသောက်ခြင်း၊ လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ မူးယစ်ဆေးနှင့် အရက်သေစာများ ရှောင်ရှားခြင်း၊
ပုံမှန်ထက် လွန်ကဲစွာ အိပ်မပျော်မှုဖြစ်ပါက မိမိသဘောနှင့် အိပ်ဆေးများ သောက်သုံးသည့်
အလေ့အထကို ရှောင်ရှားသင့်ပြီး ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်းများကို ပြုလုပ်သင့်သည်။
လူတိုင်းအတွက် ကျန်းမာပြီး အကောင်းဆုံးသော စိတ်ခံစားမှု အခြေအနေကို ရယူလိုပါက
ဇိမ်ခံခြင်းသက်သက် မဟုတ်သည့် ခန္ဓာကိုယ်အတွက် လိုအပ်သော အိပ်စက်ခြင်း စက်ဝန်း
 ကောင်းမွန်အောင်  လုပ်ဆောင်ကြရမည်ဖြစ်သည်။
မမေ၀င်းမွန်

2 comments:

Unknown said...

ဆက်​လက်​ဖတ်​ရှုပါရန်​က နှိပ်​ရင်​ ဒါပဲပန်​​ရောက်​​နေပါတယ်

မြန်မာ ကမ္ဘာသစ် said...

ဒီလိုစမ်းကြည့်ပါဦး တခြားသူငယ်ချင်းတစ်ယောက်ယောက်ဘေးမှာ ရှိရင် သူ့ဖုန်းနဲ့ အဲဒီပိုစ့်ကို ၀င်ကြည့်ပါ
ပိုစ့်အပြည့်တက်လာရင်တော့ kyawkyawlinn ph က browser အဆင်မပြေတာဖြစ်မယ်

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>