2 3 4 5 6 7 8 9 10

Tuesday, February 19, 2013

ကျောက်ကပ် ကျောက်တည်ခြင်း

“ကျောက်ကပ် ကျောက်တည်ခြင်း” ဆိုတဲ့ ဝေဒနာဟာ လူတိုင်း ကြားဖူးနားဝ ရှိပြီးသားဖြစ်မှာပါ။ ဆိုးရွားပြင်းထန်တဲ့ ရောဂါဆိုး မဟုတ်ပေမယ့် ဂရုပြုရမယ့် ဝေဒနာဖြစ်ပါတယ် ။  ကျောက်ကပ် ကျောက်တည်ခြင်းဟာ ကယ်လစီယမ် ၊ အောက်စလိတ်၊ ယူရစ်အက်စစ် စတာတွေပေါင်းပြီး ဆီးထဲမှာ အစိုင်အခဲဖြစ်သွားတာပါ။  အဲဒီအစိုင်အခဲလေးတွေ



များပြားလာပြီး ပေါင်းစည်းသွားတဲ့အခါ ကျောက်ကပ်ထဲမှာ  ကျောက်ခဲလေးတွေပုံစံမျိုး ဖြစ်သွားပါတယ်။ သေးငယ်တဲ့ ကျောက်တုံးဆိုရင် ဆီးသွားတဲ့အခါ အလွယ်တကူ ပါသွားနိုင်လို့ သိတောင်သိလိုက်မှာ မဟုတ်ပါဘူး။


ဒါပေမယ့် ကျောက်တုံးအရွယ် ကြီးနေမယ်ဆိုရင် လူကို မအီမသာဖြစ်စေပြီး ကျောက်ကပ်က တစ်ဆင့် ဆီးအိမ် ကိုသွားရာ ဆီးလမ်းကြောင်းကို ဆန့်ထုတ်စေပါတယ်။ ဒါ့ပြင် ဆီးသွားဖို့ အဟန့် အတားဖြစ်စေပြီး ပြင်းထန်တဲ့ နာကျင်မှုမျိုးကိုပါ ခံစားရနိုင်ပါတယ်။ ရှားရှားပါးပါး ဖြစ်စဉ်မျိုးကတော့ ဆီးလမ်းကြောင်းကိုတောင် မဖြတ်နိုင်လောက်အောင် ကျောက်က ကြီးနေပြီး ကျောက်ကပ်ထဲမှာ ကျန်နေတာမျိုးဆိုရင် ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

…ကျောက်ကပ် ကျောက်တည်ခြင်းဟာ အသက်ကြီးသူတွေထက် အသက်ငယ်ရွယ်သူနဲ့ လူလတ်ပိုင်း အရွယ်မှာ ပိုအဖြစ်များတတ်ပါတယ်။ မိန်းမနဲ့ ယောက်ျား နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယောက်ျားတွေမှာ ပိုအဖြစ် များ ပါတယ်။ နေထိုင်ရာဒေသရဲ့ ရာသီဥတု အပူချိန်ကို လိုက်ပြီးလည်း  ရောဂါဖြစ်နှုန်း ကွာခြား သွားပါတယ်။ ပူတဲ့ဒေသက လူတွေမှာ ရေဓာတ်ခန်းခြောက်တဲ့ပြဿနာ ရှိတာကြောင့် အေးတဲ့ ဒေသက လူတွေက ပိုဖြစ်နိုင်တယ် လို့ ဆိုပါတယ်။ ဆီးလမ်းကြောင်း ပိုးဝင်တာ တာရှည်ခဲ့မယ် ဆိုရင်လည်း ကျောက်တည်နိုင်ပါတယ်။ လူတစ်ယောက်ဟာ ကျောက်တစ်ခါတည်ဖူးရင် ဆယ်နှစ် အကြာမှာ နောက်ထပ် ကျောက်တည်ဖို့ အခွင့်အလမ်း ပိုများပြီး ၁၅ ရာခိုင်နှုန်း အန္တရာယ်ပိုရှိပါတယ်။

ကျောက်ကပ် ကျောက်တည်ခြင်း ဖြစ်ပွားရတဲ့ ယေဘုယျအကျဆုံး အကြောင်းရင်းကတော့ ရေကောင်းကောင်း မသောက်လို့ပါပဲ။ သင့်ရဲ့ ဆီးလမ်းကြောင်း ရှင်းလင်းစေဖို့ဆိုရင် တစ်နေ့ကို ရေ ရှစ်ဖန်ခွက်ကနေ ဆယ်ဖန်ခွက် အထိ သောက်ရပါမယ်။ တစ်ချို့လူတွေကတော့ ကျန်းမာရေး အခြေအနေ အကြောင်းတစ်ခုခုကြောင့် ဒါမှမဟုတ် မိသားစုမျိုးရိုးကြောင့်လည်း ဖြစ်တတ်ကြပါတယ်။ ဒီဝေဒနာဟာ မျိုးရိုးလိုက်တတ်တာမို့ ကိုယ့်မိသားစု ထဲမှာ ဖြစ်ပွား ဖူးတဲ့ ရာဇ၀င်ရှိရင် ကိုယ်လည်း ဖြစ်နိုင်တယ်ဆိုတာ မမေ့ပါနဲ့။

ကျောက်ကပ်ထဲမှာ ကျောက်ရှိနေရင် နာကျင်တဲ့ဝေဒနာ မခံစားရပေမယ့် အဲဒီကျောက်တွေက ဆီးအိမ်ကို သွားတဲ့ အခါ ရုတ်တရက် ပြင်းထန်တဲ့ နာကျင်မှုမျိုး ခံစားရတတ်ပါတယ်။ သင့်ရဲ့ နံနှစ်ဖက်၊ ဗိုက်၊ ပေါင်ခြံတွေမှာ နာကျင်မှု ခံစားရနိုင်ပြီး ဆီးအရောင်ကလည်း အနီရောင်ဘက် သန်းလာပါ လိမ့်မယ်။ နောက်ပြီး အစာအိမ် မအီမသာဖြစ်ပြီး ပျို့အန်ချင်လာတတ်ပါတယ်။



ကျောက်ကပ် ကျောက်တည်တာဟာ ကျောက်အရွယ်သေးရင် ဆရာဝန်ညွှန်ကြားတဲ့ ဆေးကို သောက်၊ အရည်များများ သောက်ရုံနဲ့တင် ရပါတယ်။ အရွယ်ကြီးရင်တော့ ကျောက်ခြေစက်ကို သုံးပြီး ကုသနိုင်သလို ဆီးလမ်းကြောင်းထဲ ပိုက်ထည့်ပြီး ကျောက်တုံးလေးတွေ ဆင်းအောင် ပြုလုပ် နိုင်ပါတယ်။

   ကျောက်ကပ် ကျောက်တည်တဲ့ ဝေဒနာမဖြစ်ပွားရအောင် ကာကွယ်ရမယ့်နည်းလမ်းတွေကတော့ အရည် များများ သောက်ပါ။ ရေများများ သောက်ရင် ဆီးအရောင်က ပုံမှန် ၀ါကျင့်ကျင့်အရောင်သာ ရှိပါတယ်။ အ၀ါ ရင့်ရင့်အရောင်ဖြစ်လာပြီဆိုရင် ရေသောက်တာ နည်းလို့ပါပဲ။ နောက်ပြီး သင့်ရဲ့ စားသောက်မှု ပုံစံကို ပြောင်းလဲပါ။ ဒီနည်းလမ်းကလည်း အထောက်အကူပြုမှာ အသေအချာပါပဲ။ အမျှင်ဓာတ်များများပါတဲ့ အစားအသောက်တွေကို ပိုမိုစားသုံးပါ။

     အမဲသား၊ ၀က်သား၊ ဥနဲ့ ဥထွက် ပစ္စည်းတွေကို  နည်းနည်းပဲ စားသုံးပါ။ ကယ်လစီယမ် ကြွယ်ဝတဲ့ အစား အစာတွေကို ပိုစားပါ။ ဥပမာ- နို့နဲ့ နို့ထွက်ပစ္စည်းတွေပေါ့။ အောက်စလိတ် ကြွယ်ဝတဲ့၊ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီး ဟင်းရွက်တွေ၊ အစေ့တွေ၊ ချောကလက်တွေကို ရှောင်ပါ။ ဆားလျှော့စားပါ။

 မိမိ ကျန်းမာရေးကောင်းဖို့ဆိုရင် ကိုယ်တိုင်လိုက်နာ ဆောင်ရွက်မှ ဖြစ်တာကြောင့် ဂရုပြုဖွယ်ရာ ကျန်းမာရေးဝေဒနာ အကြောင်းကို တင်ဆက်လိုက်ပါတယ်။


မခင်နွယ်ဝင်း

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>