2 3 4 5 6 7 8 9 10

Sunday, March 17, 2013

သင်္ဘောသီးချိုချို


        နွေရာသီရောက်ပြီ။ ပူအိုက်သော ရာသီဥတုတွင် လူသားအားလုံး အပူကိုရှောင်၊ အချိုကိုစား၊ အရိပ်တွင် နားလိုကြသည်ချည်း ဖြစ်သည်။ ယခုကဲ့သို့ နွေရာသီတွင် ပေါပေါများများစားနိုင်သည့် အရသာ ချိုချို၊ ရနံ့မွှေးမွှေး သင်္ဘောသီး အေးအေးလေးကို စားလိုက်ရလျှင် စိတ်ချမ်းသာမှု သုခပြည့်စုံလှသည်ဟုပင် တွေးထင်မိပါလိမ့်မည်။
သင်္ဘောသီးသည် မြန်မာနိုင်ငံတွင်သာမက တစ်ကမ္ဘာလုံးတွင်ပင် လူကြိုက်များသော စားသုံးသီးနှံဖြစ်သည်။ သင်္ဘောသီးသည် အရသာချိုသည်။ ၀မ်းမှန်စေသည်။ စားကောင်းရုံမျှမက လူကို ကျန်းမာစေကာ အသက် ရှည်၍ ရောဂါကင်းဝေးစေနိုင်သော သတ္တိထူးများရှိသည်။ ထိုသို့ ဂုဏ်သတ္တိ ပေါများသော သင်္ဘောပင် ကို နေရာ အနှံ့တွင် စိုက်ပျိုးနိုင်သည်။ အထူးသဖြင့် ပူနွေးစိုစွတ်သော နေရာများတွင် စိုက်ပျိုးလျှင် ပို၍ ဖြစ်ထွန်းသည်။


    သင်္ဘောသီး၊ သင်္ဘောပင်နှင့်ပတ်သတ်၍ အင်တာနက် ၀က်ဘ်ဆိုက် တွင် ဒေါက်တာခင်ရွှေ ဘာသာပြန် တင်ပြသော ဆောင်းပါး တစ်ခု၌ သင်္ဘောပင်ကို အမေရိကန်နိုင်ငံ၏ အပူပိုင်းဒေသတွင် စတင် စိုက်ပျိုး ခဲ့ကြကြောင်း သိရသည်။ သင်္ဘောသီး၏ မူလအစသည် မြောက်အမေရိကတိုက်တွင် ရှိသော သင်္ဘောပင်မျိုးမှ ဆင်းသက်လာသည်။ လက်တင်ဘာသာအားဖြင့် ( Carica papaya ) ခေါ်ပြီး သြစတြေးလျနှင့် နယူးဇီလန်တွင် ပေါပေါဟု ခေါ်ဆိုသည်။




ယင်းအပင်သည် မြောက်အမေရိကရှိ သင်္ဘောပင်မျိုးကို လက်တင်ဘာသာအားဖြင့် ( Asiminatirbola ) နှင့် မတူချေ။ သို့သော် ယင်းမျိုးစိတ်ကိုလည်း ပေါပေါ ဟု ခေါ်သည်။

    ခရီးသည်ကြီး မာကိုပိုလိုသည် သူ၏ သင်္ဘောသားများတွင် ဖြစ်ပွားသည့်သွားဖုံးသွေးယိုရောဂါနှင့်  ရေစီး ကမ်းပြို ရောဂါများသည် သင်္ဘောသီးစားရုံဖြင့် ပျောက်ကင်းကြောင်းကို ၁၅ ရာစုနှစ်များက မှတ်တမ်းတင်ခဲ့သည်။ သင်္ဘောသီး အမှည့်တွင် အမြောက်အမြားပါဝင်သည့် ဗီတာမင်အေသည် မျက်စိကို အားကောင်းစေပြီး ဗီတာမင် စီ သည် ကိုယ်ခံအားအတွက် ကောင်းခြင်းတို့အပြင် ကင်ဆာရောဂါကို ကာကွယ်နိုင်သော ( Antioxident ) အင်တီအောက်ဆီဒင့် ပါဝင်သည်ဟု သိရှိရသည်။ သင်္ဘောသီးတွင် ပါဝင်သော အင်ဇိုင်းများနှင့် ဗီတာမင်အေတို့က အရေပြားအတွက် အကောင်းဆုံး သဘာဝဆေးတစ်လက်ဖြစ်ပြီး မျက်နှာပြင်ပေါ်မှ အမည်းစက်များကိုလည်း ဖယ်ရှားပေးနိုင်သော သတ္တိထူးများ ရှိသည်။ အစာကြေလွယ်သော အင်ဇိုင်းများ အဓိကပါဝင်ပြီး အခြားရှားပါးသော သတ္တုဓာတ်များဖြစ်သည့် မင်ဂနိ(စ်)၊ သွပ်နှင့်ထုံးဓာတ်များ ပါဝင်သည်ဟု သိရသည်။

    ရှေးမြန်မာလူကြီးများက နံနက်သင်္ဘော၊ ညငှက်ပျောဟု အဆိုစကား ထားခဲ့ကြသည်။ နံနက်စာစားပြီး သင်္ဘောသီးမှည့် စားပေးလျှင် အစာကြေစေပြီး ရင်တောင့်ခြင်း၊ ရင်ခံခြင်းမှ သက်သာစေသည်။ ၀မ်းသက်လေကြေစေသည်ဟု ယူဆကြသည်။ တရုတ်ဆေးကျမ်းများ အဆိုအရ သင်္ဘောသီးသည် အစာကြေခြင်း၊ အားအင် ပြန်လည်ဖြည့်စွမ်းပေးခြင်း စသည့် အာနိသင်များရှိသည်ဟု ဆိုသည်။


 သင်္ဘောသီးသာမက ထွက်ခါစ သင်္ဘောရွက်နုများနှင့် အဖူးတို့ကို ပြုတ်ပြီး တို့စရာအဖြစ် စားသုံးနိုင်သည်။ အရွက်နုများကို ကတ်ကြေးနှင့် ပါးပါးညှပ်ပြီး လက်ဖက်သုပ်ကဲ့သို့ အသုပ်ပြုလုပ်၍လည်း စားနိုင်သည်။ အာရှတိုက် အချို့ဒေသများတွက် သင်္ဘောရွက်ကို ပေါင်း၍ လေထိုးလေအောင့်ခြင်းကို ကာကွယ်ရန်အတွက် စားသုံးသည်။ သင်္ဘောရွက်တွင် ခါးသော အရသာရှိ၍ လေကို ဖွပေးသော ဓာတ်သဘောရှိသည်။ စားသုံးမှု များလျှင် ခေါင်းမူးတတ်သဖြင့် သင့်တင့်ရုံသာ စားသုံးသင့်သည်။

      

                သင်္ဘောရွက်ခြောက်ကို လက်ဖက်ခြောက်ကဲ့သို့ ရေနွေးကြမ်းတွင်ခတ်၍ သောက်သုံးနိုင်သည်။ သင်္ဘောသီးသာမက သင်္ဘောရွက်သည် မြန်မာ့ရေမြေသဘာဝနှင့် ကိုက်ညီသော စားသုံး သီးနှံ တစ်မျိုး ဖြစ်ပြီး သုံးတတ်လျှင် ဆေးတစ်လက်ဖြစ်စေသည်။


      သင်္ဘောသီး၊ သင်္ဘောရွက်နှင့် သင်္ဘောတစ်ပင်လုံးကို လူသားတို့၏ နေ့စဉ်စားသုံးမှုပုံစံတွင် အထောက် အကူပြုသော စားသုံးသီးနှံအဖြစ်သာမက နေ့စဉ်ကြုံတွေ့နေရသည့် ကျန်းမာရေးဆိုရာ ကိစ္စရပ်များတွင်လည်း အားကိုးလောက်ဖွယ်ရာ အသုံးပြုနိုင်မှုများကို ကျန်းမာရေးသုတအဖြစ် တင်ပြလိုက်ရပါသည်။

လပြည့်သော်တာ


ကမ္ဘာသစ် မြန်မာ Fan Page

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>