2 3 4 5 6 7 8 9 10

Monday, June 22, 2015

သတ္တ၀ါ အနန္တ ( ဘာသာရေး အမေး၊ အဖြေများ )


မေး။    ။ အရှင်ဘုရား
      မြတ်စွာဘုရား တစ်ဆူလျှင် ဝေနေယျသတ္တ၀ါပေါင်း ၂၄ သင်္ချေ၊ ကုဋေ ခြောက်ဆယ်၊ ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင်အောင် တရားဓမ္မ ဟောပြခဲ့သည်ဟု ဖတ်ရှု မှတ်သားရပါသည်။ ထို့သို့ဆိုက နောက်လာမည့် ကမ္ဘာ အသင်္ချေ၌ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြမည့် ဘုရားရှင်တို့က ဤမျှ များပြားသော သတ္တ၀ါတို့ကို ချွတ်သွားကြလျှင် သတ္တ၀ါများ ကုန်ခန်း၍ သွားစရာသာ ရှိပါသည်။ အကယ်၍ သတ္တ၀ါများ ကုန်ခန်းသွားလျှင် နောက်ထပ်သတ္တ၀ါများ မည်သို့ ဖြစ်လာနိုင်မည်ကို သိလိုပါသည် ဘုရား။
                                                                                              မောင်လှဝေ၊ မိတ္ထီလာမြို့။

ဖြေ။    ။ ဗုဒ္ဓစာပေတွင် အနန္တလေးပါးဟု ရှိပါသည်။ အဆုံးအပိုင်းအခြား မရှိ။ မကုန်နိုင်၊ မခန်းနိုင်သော အရာများဟု ဆိုပါသည်။ ၎င်းမှာ ( ၁ ) အာကာသ အနန္တ၊ ( ၂ ) စက္က၀ါဠ အနန္တ၊ ( ၃ ) သတ္တ၀ါ အနန္တ၊ ( ၄ ) ဉာဏ်တော် အနန္တ ဟူ၍ ဖြစ်ပါသည်။ ကောင်းကင်ကြီးကို ဤ၍ ဤမျှကျယ်သည်ဟု တိုင်းတာ၍မရ။ စကြ၀ဋ္ဌာ ဤမျှ များသည်ဟု ရေတွက်၍မရ။ သတ္တ၀ါ ဤမျှ အရေအတွက်ရှိသည်ဟု ဂဏန်းချပြ၍မရ။ မြတ်စွာဘုရားရှင်တို့၏ ဉာဏ်တော် ဤ၍ ဤမျှ ကြီးကျယ်သည်ဟု နှိုင်းယှဉ်၍ မရ။



    ဤတွင် သတ္တ၀ါ အနန္တကို ဆိုရသော် သတ္တ၀ါတို့တွင် လူသတ္တ၀ါသည် အနည်းဆုံးပင် ဖြစ်သည်။ ဤကမ္ဘာ တွင် ကြည့်လျှင် လူဦးရေသန်းပေါင်း ၇၀၀၀ ဟုဆိုသည်။ တိရစ္တာန်တစ်မျိုး၏ အရေအတွက်မျှပင် မရှိသေး။ ပုရွက်၊ ခြပုန်း စသော တိရစ္တာန်များ နှိုင်းယှဉ်၍လည်းကောင်း၊ အ၀ီစိ ငရဲကြီးတွင် အကြားမရှိ တည်နေသော သတ္တ၀ါတို့နှင့် ယှဉ်၍ လည်းကောင်း ကြည့်နိုင်သည်။ ထို့အတူ အသင်္ချေပေါင်းများစွာသော နတ်ဗြဟ္မာများလည်း ရှိသေးသည်။ သံသရာ ရှည်လွန်းလှ၍သာ ဘုရားပေါင်း ဂင်္ဂါဝါဠု သဲစုမကဟု ဆိုရသည်။ ဘုရားတစ်ဆူ တစ်ဆူ ပွင့်ဖို့ရာကလည်း ကမ္ဘာအသင်္ချေ တွက်ရေမှန်းဆ ဂဏန်းချ၍ မပြီးအောင် စောင့်ရပါမည်။ ထို့ကြောင့် သတ္တ၀ါတွေ ကုန်ခန်းသွားလိမ့်မည်ဟု ကြံစည်မိခြင်းပင် လွန်လှပြီ။ သတ္တလောက၌ သတ္တ၀ါများ မည့်သည့်အခါမှာမျှ ကုန်ခန်းသွားလိမ့်မည် မဟုတ်ဟု မှတ်သားသင့်ပါသည်။


ဦးတိလောကဿရ 
( မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ )
ကမ္ဘာသစ် မြန်မာ Fan Page



No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>