2 3 4 5 6 7 8 9 10

Sunday, December 28, 2014

Goodbye December



ဒီဇင်ဘာရေ ...
နင့်အကြည့်မှာ နူးညံ့ခြင်းတွေ မနိုးထနိုင်သေးဘူး ...
ဒီဇင်ဘာရေ ...
နင့်ရင်ခွင်မှာ လွမ်းဆွတ်ခြင်းတွေ မထွန်းကားသေးဘူး ...
ဒီဇင်ဘာရေ ...
နင့်ခြေလှမ်းမှာ သံယောဇဉ်တွေ မနွေးထွေးနိုင်သေးဘူး ...
အခုဆိုနင်က
ချမ်းဆီးလွန်းတဲ့ ဆောင်းရဲ့ရင်ခွင်ထဲ
အပြုံးတစ်ချက်နဲ့ ငါ့ကိုချွေးသိပ်ခဲ့ပြီး
ကိုယ်လွန်ရုန်းသွားတော့မယ်လေ ... ။

ဆောင်းရယ် ...
တတ်နိုင်သမျှတော့ ငါလဲပြေးလိုက်ဦးမယ်
ဒီနာကျင်ခြင်းတွေထဲ
နောက်တစ်ကြိမ် ချော်လဲကျတဲ့အခါ
မဖြေသာနိုင်သေးရင်တောင်မှ
တည်ငြိမ်စွာနဲ့ ရှေ့ဆက်သွားချင်လို့ ... ။
                                                
                                       ကောင်မလေး13


ချစ်သူ့ဒိုင်ယာရီ




တစ်လှမ်းလှမ်းလျှင်
ပန်းပွင့်ပွင့်သလို ၀င့်ဝင့်ပါဝါ
မကြာမနှေး မဖြည်းမညင်း
လေကိုခွင်းမည်..။

တစ်ခါရယ်လျှင်
လွင်လွင်မြမြ လှလှထယ်ထယ်
မကျယ်မတိုး မြတ်နိုးငြိစွဲ
ဆည်းလည်းလေးတွေ ဝေးမြေအနှံ့
ပေးဝေဖြန့်မည်..။

တစ်ခါပြောလျှင်
အမောပြေသေး ရေမွှေးဖျန်းလျက်
ပန်းခက်တစ်ရာ လှမ်းပက်လာသလို
ရင်မှာမြေ့ချမ်း အလွမ်းပြေပျောက်
ပန်းကြွေကောက်သလို သူ့နောက်လိုက်နေ
သောကပြေမည်..။

တစ်ခါကြည့်လျှင်
ရင်ထိထိုးဖောက် ဒိုးယိုပေါက်ခဲ့
မိုးသောက်မျက်လုံး အလက်ဆုံးမှာ
ရှက်ပြုံးလည်းပါ အကြင်နာလွှမ်း
ရင်မှာချမ်းမြ  စမ်းကျသောရေ
အေးစိမ့်နေမည်..။

ရုပ်မြင်သံကြား ခံစားစေ့ငု
ချစ်သူ့ရှေ့မှာ အနေကြာတော့
ကိုယ်ရေးဖွဲ့သီ ဒိုင်ယာရီမှာ
ရာဇ၀င်သစ် အကြောင်းသစ်နှင့်
ချစ်သူအကြောင်းတွေချည်းကွယ်…။

မောင်မောက် ( ဥက္ကလာ )


Friday, December 5, 2014

ပင်ပန်းမှု၊ စိတ်ဖိစီးမှုများနှင့် သွေးပေါင်ကျခြင်း

“နေပူထဲကနေချွေးစိုစိုနဲ့ပြန်လာပြီး အဲကွန်းနဲ့အေးနေတဲ့ ရုံးခန်း ထဲကိုဝင်လိုက်ရာကနေ သူငယ်ချင်းတစ်ယောက် သွေးပေါင်တွေ ကျ ၊ခေါင်းတွေမူးပြီးသတိလစ်သလို ဖြစ်သွားတယ်”
“အအိပ်ပျက် ၊ အစားမမှန်၊ အလုပ်နဲ့   စိတ်ဖိစီးမှုတွေ များပြီး သွေးပေါင်တွေကျပြီး    အန်လို့၊ ဆေးသွားသွင်းလိုက် ရတယ်”စသည်ဖြင့်  ယခုရက်ပိုင်းအတွင်း အနီးပတ်ဝန်းကျင်တွင် ရာသီဥတုပူပြင်းခြင်းကြောင့် သော်လည်းကောင်း၊ စိတ်ခံစားမှုနှင့်နေ ထိုင်စားသောက်မှုပုံမှန်မဟုတ် ခြင်း စသည့်အကြောင်းရင်းများ ကြောင့်သော်လည်းကောင်း သွေးပေါင်ကျမှုများအဖြစ်များလျက်ရှိသည်။
“ပူပြင်းတဲ့ရာသီဥတုမှာသွားလာလှုပ်ရှားရင်း ချွေးထွက်များတာတွေ၊ လေ့ကျင့်ခန်းတွေ မနားတမ်းလုပ်တာတွေ၊   အစားအသောက်မမှန်တာတွေ၊ အအိပ်ပျက်တာများရင်လည်း သွေးပေါင်ကျ တတ်တယ်။ ကိုယ်နေထိုင်တဲ့ ပတ်
ဝန်းကျင်တို့၊ လုပ်ငန်းခွင်တို့မှာလည်း စိတ်ဖိစီးမှုတွေများလို့လည်း ဖြစ်တတ်ပါတယ်”ဟု အထွေထွေ
ရောဂါကုဆရာဝန် ဒေါက်တာခင် ဇော်ကပြောသည်။

Thursday, December 4, 2014

နှင်းဝေတဲ့ဆောင်း


ဆောင်းလေကလေး
တချက်အဝေ့.....
နှင်းငွေ့ငွေ့နဲ့
ဖွဖွအေးတဲ့
မြောက်ပြန်လေက
လာလှုပ်နိုးတယ်......
နှင်းရည်ဆမ်းတဲ့
စံပါယ်ပွင့်ကလေး
ပျံ့ပျံ့သင်းလို့
ရနြံ့ဖာပေးတယ်.......
ကြည့်လေရာ
မြူဆိုင်းတဲ့
ဒီရာသီ
ဆောင်းပေမို့.....
ခရေတွေလည်းဖူးပြန်လို့
ရာသီဦးမှာ
ပွင့်ခဲ့တယ်......
မြမြအေးတဲ့
ငွေ့နှင်းထဲက
ဆောင်းအလယ်
သဇင်တခေါက်
ပွင့်ပြန်တယ်.......
နွေရာသီ
တစ်ခေါက်ပြောင်း
မိုးရာသီ
တစ်လှည့်ဟောင်းလို့
သြော်...
.....
နှင်းဝေတဲ့
တစ်ဆောင်းသစ်ပြန်ပြီလေ.....။

blackroze




Tuesday, December 2, 2014

မှော်ရုံတော



ဘယ်ကဝေမျိုးတွေ
သဝေထိုးလို့ 
ဘဝက…
ဒီလောက်ဆိုးနေရတာလဲ။

ဟန်ဆောင်မှုဗရပွနဲ့ 
အပြံုးတုတွေ
တနင့်တပိုး…
တွေ့ တွေ့ နေရတယ် ။

ဈေးကောင်းလွန်းတဲ့
ရိုးသားမှူတွေ
အထပ်ထပ်ထုတ်ရလို့ 
ဘဝက…
နွမ်းဖပ်ဖပ်ဖြစ်နေပြီ ။

ဖေဖေရေ…
ပြန်လာချင်ပြီ
ဒီဇင်ဘာနဲ့ ယာကိုလွမ်းလို့ …
ခေါင်ရည်နဲ့ကြိလှည့်နော်….။


Sunday, November 30, 2014

ရင်ထဲက ပန်း (သို့မဟုတ်) ကိုယ်ထဲက စိတ်ကို ပျိုးထောင်ပါ


တကယ်တမ်းကျတော့လည်း လူ့ဘ၀ကဆန်းကြယ်လှပါတယ်။ ကိုယ်လိုချင်တာလေး တခုရဖို့ရင်းလိုက်ရတာလည်း အများကြီး။ တခါတခါလည်း ဆန်းစစ်မိသေးတယ်။ ငါဘာလိုချင်တာလဲ။ ငါဘာဖြစ်ချင်တာလဲ။ငါဘာဖြစ်သင့်သလဲ စသည်ဖြင့်ပေါ့။ 
အဓိက အရေးကြီးဆုံးကတော့ ငါဘာကောင်လဲ ဆိုတာ သိဖို့အရေးကြီးဆုံးပါ။ ကိုယ့်ကိုယ်ကိုမှ မသိရင် ကိုယ့်ကိုယ်ကိုမှ မဆင်ခြင်နိုင်ရင် ကိုယ့်ရဲ့ရည်ရွယ်ချက်တွေလည်း ပျောက်ကွယ်သွားတတ်ပါတယ်။ ငါအဖြစ်ချင်ဆုံးကို ပြောဖို့မလွယ်ပါဘူး။ ငါအဖြစ်သင့်ဆုံးကိုဘဲ စဉ်းစားသင့်တာပါ။
ဆယ်တန်းကျောင်းသား တစ်ယောက်အတွက် ငါဆယ်တန်းကို အောင်မှဖြစ်မယ်ဆိုတာဘဲ တွေးသင့်ပါတယ်။ ဒါလေးက ဘာမှမဟုတ်တဲ့ကိစ္စလို့ မထင်စေချင်ဘူး။ ဆယ်တန်းထိကျောင်းထားလာတဲ့မိဘတွေရဲ့ကုန်ကျစရိတ်၊သူတို့တွေဖြစ်ချင်တဲ့ ပညာတတ်ဘ၀၊သူတို့မှာ သားသမီးတစ်ယောက်ထူးချွန်အောင် မပြည့်စုံလို့ မဖြည့်ဆည်းနိုင်ပေမဲ့ သာမန်ဘွဲ့ရ ပညာတတ် တစ်ယောက်တော့ ဖြစ်စေချင်ကြမှာဘဲ။ ဒီထက်ပြည့်စုံတဲ့ မိသားစုကပေါက်ဖွားလာရင် ဖြည့်ဆည်းမှုလည်းပေးနိုင်ရင် ရည်ရွယ်ချက်လည်း ပိုလို့ကြီးမားမှာ အမှန်ပါ။ ဒါကမိဘတွေရဲ့ အပိုင်း သူတို့က ပြည့်စုံအောင် ဘာမှလုပ်မပေးဘူး လို့ ထင်နေတဲ့ လူငယ်အများစုလည်း ရှိပါသေးတယ်။ ဒါက လုံးဝမှားယွင်းပါတယ်။ ဒီလို အတွေးမျိုးကို ရှိမနေသင့်ပါဘူး။ ဒီလို အတွေးတွေရဲ့ဆိုးကျိုးတွေကို ဆယ်တန်းကို ရောက်ပြီးမှ မအောင်မြင်လို့ အလုပ်ဝင်တဲ့အခါ ခြေတစ်လှမ်းနောက်ဆုတ်ပေးရဖို့ ပြင်ဆင်ထားရတော့မယ်လေ။
အလုပ်ခေါ်စာတွေမှာ ပညာအရည်အချင်း လုပ်ငန်းအတွေ့အကြုံ စတဲ့အလုပ်တွေအတွက် အရည်အချင်းတွေနဲ့ခေါ်လေ့ရှိပါတယ်။ လုပ်နိုင်ပါလျက် အလုပ်လဲ လိုချင်ပါလျက်နဲ့ စတင်ပြီး မဆိုင်သလိုနေကြရပြီ။ ကိုယ်နဲ့သက်တူရွယ်တူ တစ်ယောက်နဲ့ အလုပ်ခွင်ထဲမှာ တွေ့ကြပြီဆိုပါတော့။ ဒီလူက ဘွဲ့ရပညာတတ်ဖြစ်နေမယ် ကိုယ်ကဆယ်တန်းမအောင်ခဲ့ဘူးဆိုပါတော့ ဘာဘဲဖြစ်ဖြစ် ဒီလူကို မကြည်ညိုမလေးစားရင်တောင် ဆယ်တန်းကိုအောင်မြင်အောင်ဖြေခဲ့လို့ ပညာတတ်ဘွဲ့ရဖြစ်ခဲ့တာပါလားလို့ဘဲ တွေးသင့်တာပါ။ ။
လူတစ်ယောက်အတွက် အတွေးအခေါ်ဆိုတာ လိုအပ်ပါတယ်။ စံနမူနာလည်းလိုပါသေးတယ်။ အတွေးအခေါ်တွေက မှန်ကန်သလို ဆုံးဖြတ်ချက်တွေလည်း မှန်ကန်ဖို့လိုပါတယ်။

Saturday, November 29, 2014

လှချင်တဲ့ သမီးကလေးများသို့ (လူထုဒေါ်အမာ )

..
ပြင်ဦးလွင်မှာ အနားယူနေရတော့ အားနေတဲ့အချိန်မှာတီဗွီကလာတဲ့ အနောက်က ရုပ်ရှင်ကားတွေကို တစ်ခါတလေ ဝင်ကြည့်မိတယ်။
ကြည့်တဲ့အခါ ပစ်ခတ်နေတာတွေကလည်း များမှများ၊ အဲဒီလို ပစ်ခတ်တာတွေမဟုတ်ပြန်တော့လည်း ယောင်္ကျားနဲ့မိန်းမ တွေ့ခန်းတွေ၊ အဲဒါတွေကလည်း။တော်ရုံမဟုတ်ဘူး၊ ရေချိုးကန်ထဲမှာလည်း ပါရဲ့၊ အိပ်ရပေါ်မှာလည်းပါရဲ့၊ပြီးတော့ တွေ့နေလိုက်ကြတာက အမေတို့ အဘွားကြီးတွေအနေနဲ့ ကြည့်ရတာစိတ်ဆင်းရဲစရာကြီးကိုးလူမျိုးစုံ ဝင်ကြထွက်ကြတဲ့စားသောက်ဆိုင်လိုနေရာမျိုးတွေ၊ ကပွဲခန်းတွေပြပြန်တော့လည်း မိန်းကလေးတွေ ကပြနေကြရတာမှာ ဝတ်စားထားရတာက ခန္ဓာကိုယ်ကို ဖုံးတယ်ဆိုရုံ၊ အထက်ကလည်းရင်သားလေး နှစ်ခုကာရုံ၊ အောက်ကလည်း လက်တစ်ဝါးစာလောက် ကာပြီးတော့ လှုပ်ရှားကပြရတာကလည်း ပြောဝံ့စရာမရှိဘူး။ အဲဒီတော့ အမေက သြော်သူတို့နိုင်ငံတွေမှာ မိန်းကလေးတွေ ဝမ်းရေးအတွက် ရှာဖွေစားသောက်ရပုံကလည်း စိတ်ဆင်းရဲစရာ ကောင်းလှပါကလား။ သနားပါတယ် သူတို့ဘဝ လို့ အောက်မေ့မိတယ်။ ဒါနဲ့ ရန်ကုန်ကလာတဲ့ မိတ်ဆွေနဲ့ ခုခေတ်မိန်းကလေးတွေ
ဝတ်ကြစားကြတာနဲ့ ပက်သက်လို့ ပြောမိတော့ အဲဒီမိတ်ဆွေက ရန်ကုန်မှာ မိန်းကလေးတစ်ချို့ရဲ့ခါးပေါ်မှာ ထဘီမရှိတော့ဘဲ ဘောင်းဘီအတို၊ မတိုမရှည်နဲ့ဘောင်းဘီအရှည် ဝတ်တဲ့လူက ဝတ်တယ်၊ စကတ်ဆိုပြီး ၂ ကွဲ ၃ ကွဲ အတိုကွဲအရှည်ကွဲတွေကို ဝတ်တဲ့လူက ဝတ်တယ်။ အဲဒါထက် အခုမြင်ရတဲ့ ရုပ်ရှင်ထဲက မိန်းကလေးတွေလိုပဲ အင်္ကျီတိုနဲ့ ချက်ဖော်ဝတ်တဲ့ ကလေးမမျိုးတစ်ယောက်တလေတောင် ပေါ်နေပြီ။ အဲဒီချက်ဖော်တဲ့ မိန်းကလေးတွေက ချက်မှာ ကျောက်မျက်ရတနာလည်း ကပ်ထားဆင်ထားသတဲ့ လို့ အင်မတန်ဆန်းတဲ့ သတင်းကို ပြောပြတော့ အမေက ဘုရားတမိတယ်။အမေတို့ မြန်မာမိန်းကလေးတွေရဲ့ ခါးပေါ်မှာ ထဘီလေးတော့
လုံလုံခြုံခြုံ ရှိစေချင်သေးတယ်လို့ ပြောနေ ရေးနေပေမယ့် မိန်းကလေးတွေဒူးပေါ်ပေါင်ပေါ်ဖြစ်အောင် ဝတ်စားနေကြတဲ့ အကွဲတွေအခွဲတွေကို မတော်ပါဘူးလို့ ရေးတဲ့ပြောတဲ့လူက နည်းပြီး မဂ္ဂဇင်း တစ်ချို့နဲ့ ဂျာနယ်များကမိန်းကလေးတွေရဲ့ ဝတ်စားဆင်ပြင်ပုံ အသစ်အဆန်းအမျိုးမျိုးကို ဖော်ပြရေးသား အားပေးနေကြတာက အများသားကိုး။

မဂ္ဂဇင်း ဂျာနယ်တွေသာမက ရုပ်မြင်သံကြားတွေမှာကလည်းကြည့်လိုက်ရင် အတုခိုးမှားစရာတွေကိုသာ အားပေးအားမြှောက်ပြုနေတဲ့ပြကွက်တွေကို မြင်ရတယ်။ လူဆိုတာ မြင်ဖန်များတော့ ငယ်သတဲ့၊ နမ်းဖန်များတော့ ပြယ်သတဲ့အဲဒီတော့ အမေက စကားရိုင်းရိုင်းနဲ့ မေးချင်လာတယ်။ လူဟာ ရှိတာကို ဖော်တာ၊ မဖုံးတော့တာက ယဉ်ကျေးတာလား၊ ဖုံးတာက ယဉ်ကျေးတာလားလို့။

Monday, November 24, 2014

နှလုံးသားမိတ္တူ


ဆရာတော်အရှင်ဆန္ဒာဓိက(ရွှေပါရမီတောရ)ရေးသားသောစာအုပ်မှ ကမ္ဘာသစ်သူငယ်ချင်းများအတွက် ပြန်လည်မျှဝေ လိုက်ပါတယ်။




အရှင်ဘုရား . . .

ဂုဏ်တော်ပွားခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးတရားများကို လက်တွေ့ကျကျ ရှင်းပြပေးပါရန် ရိုသေလေးစားစွာ လျှောက်ထားအပ်ပါတယ် ဘုရား။

မောင်မင်းသီဟသော်၊ လှိုင်မြင့်မိုရ်အိမ်ရာ။

ဒကာမင်းသီဟသော်ရေ . . .

ဘုရား၊ တရား၊ သံဃာ လို့ ရတနာသုံးပါးရှိတဲ့အတွက် ဂုဏ်တော်ကလည်း ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်၊ သံဃာဂုဏ်တော် လို့ သုံးမျိုးရှိပါတယ်။ ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်အများစုက ဘုရားဂုဏ်တော်ကိုပဲ ပုတီးစိပ်ကြ၊ ပွားများကြတဲ့အတွက် ဂုဏ်တော်ပုတီးစိပ်တယ်၊ ဂုဏ်တော်ပွားများတယ်လို့ ပြောလိုက်ရင် ဘာဂုဏ်တော်လဲလို့ မေးနေစရာမလိုဘဲ ဘုရားဂုဏ်တော် ဆိုတာ ချက်ချင်းသိကြပါတယ်။

အခုဒကာ မင်းသီဟသော် သိချင်တဲ့ ဂုဏ်တော်ပွားခြင်းအကျိုးဆိုတာလည်း ဘုရားဂုဏ်တော်ပွားခြင်း အကျိုးပဲလို့ ယူဆပါတယ်။

ဂုဏ်တော်ပွားတယ်ဆိုတာ တကယ်တော့ မိတ္တူကူးတာပါ။ မြတ်စွာဘုရားရှင်မှာရှိတဲ့ စိတ်ကောင်းစိတ်မြတ်တွေ၊ ဓာတ်ကောင်း ဓာတ်မြတ်တွေကို ကိုယ့်စိတ်ထဲ ကိုယ့်နှလုံးသားထဲမှာ စိမ့်ဝင်ပျံ့နှံ့လာအောင် မိတ္တူကူးယူတာပါ။ မြတ်စွာဘုရားရှင်ရဲ့ စိတ်ဓာတ် အရည်အသွေးတွေ၊ လုပ်ရပ် အရည်အသွေးတွေ ကိုယ့်ဘ၀ထဲ ရောက်လာအောင် မိတ္တူကူးယူတာပါ။

Sunday, November 16, 2014

အမျိုးပျက်ဘဝ ဘာသာပျက်ဘဝမရောက်ရလေအောင်


စာရေးသူဟာ မိမိရေးသားထားတဲ့  စာအုပ် ကလေး ပြီးဆုံးသွားတဲ့အခါ စာဖတ်ပရိသတ် များကို စကားလက်ဆောင်အဖြစ်  ပြောလေ့ ရှိပါတယ်။ အခုလည်းပဲ ဒီစာမူလေး ရေးပြီးသွားတဲ့အခါ စာဖတ် ပရိသတ်တွေကို မိမိတို့ အမျိုးဘာသာ တည်တံ့ ပြန့်ပွားဖို့ အတွက် ဘာစကား လက်ဆောင် ပြောရမလဲလို့ စဉ်းစား မိတဲ့အခါ အမတ်ကြီး ဦးပေါ်ဦးက ဘိုးတော် ဘုရားမင်းကို လျှောက်တင်တဲ့ ဥပမာ စကားလေး တစ်ခုကို အမှတ်ရမိ ပါတယ်။

ဘိုးတော်ဘုရားဟာ အမတ်ကြီး ဦးပေါ်ဦးကို ပညာရှိ အမတ်ကြီး နေတာက တစ်ကြောင်း ငယ်ကျွန် လည်း ဖြစ်တာက တစ်ကြောင်းဆိုတော့ အလွန်ပဲ ခင်မင်ရင်းနှီး ပါတယ်။ ဦးပေါ်ဦး အနေဖြင့်လည်း မှန်ရာ ကို လျှောက်တင်ရ မယ်ဆိုရင် ရှင်ဘုရင်ကိုပင် ချမ်းသာ မပေးတတ်သလို တစ်ခါတစ်ရံ မှာလည်း အပျင်းတော်ပြေစေ ရန် ဟာသနှောပြီးလည်း လျှောက်တင်တတ်ပါတယ်။

Saturday, November 15, 2014

ဘာသာစကား စစ်မြေပြင်မှာ နောက်ဆုတ်ပေးခဲ့ရသည့် နယ်မြေတချို့ (မောင်သာချို)

  
“ လူမျိုးတစ်မျိုး၏ ဥပဓိရုပ်(Identity) သို့မဟုတ် ထင်ရှားသည့် အမှတ်အသားများကို ဖော်ပြပြောဆိုရာ၌ ထိုသူတို့ မည်သို့စား၊ မည်သို့ဝတ်၊ မည်သို့နေထိုင်၊ မည်သို့သွားလာ၊ မည်သို့ ယုံကြည်ကိုးကွယ်၊ မည်သို့ ကခုန်တီးမှုတ်၊ မည်သို့ ရေးသားဖတ်ရှု စသည်ဖြင့် ထိုအခြေခံများပေါ်၌ မူတည်ကာ ယင်းလူမျိုး၏ ဥပဓိရုပ်(Identity)ကို ဖမ်းယူရပါသည်။ ယခု ကျွန်တော်တို့၏ ၀တ်မှု၊ စားမှု၊ နေမှု၊ ထိုင်မှု၊ ကခုန်တီးမှုတ်မှုများကအစ ဥပဓိရုပ်များ ပျောက်ဆုံးသွားခဲ့ပြီဆိုတာ အမြော်အမြင်ကြီးသူတို့ ရိပ်စားမိခဲ့ပြီး ဖြစ်ပါသည်။ ”



Friday, November 14, 2014

မြန်မာကို မြန်မာသိစေဖို့ ( လူထုစိန်ဝင်း )

 မဖွံ့ဖြိုးသေးတဲ့ ကျေးလက်ဒေသကျန်းမာရေးဆိုင်ရာ အခြေခံ လုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုမှာ အလုပ်လုပ်နေသူ တပည့်ကျောင်းသူ တစ်ယောက်က သတင်းကောင်း တစ်ခု ပေးလာပါတယ်။
 သူတို့အဖွဲ့က တောင်ကြီးဒေသရုံးစိုက် ရှမ်းပြည်တောင်ပိုင်း ကျန်းမာရေးစောင့်ရှောက်မှု စီမံချက်အတွက် ဆရာဝန် ၃ ဦး လိုအပ်နေတယ် ဆိုတဲ့ အကြောင်း သတင်းကောင်း ဖြစ်ပါတယ်။

  
“ဆရာ့တပည့်တွေထဲက လျှောက်ချင်သူရှိရင် ပြောလိုက်ပါရှင့်” တဲ့။ ကျောင်းဆရာဆိုတာ တစ်ခါတလေ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီ အလုပ်လည်း လုပ်ရပါသေးတယ်။ တစ်ခါတလေကျတော့လည်း အတိုင်ပင်ခံ အကြံပေး ဖြစ်လိုက်၊ ကလေးထိန်း ဖြစ်လိုက်၊ လူငယ်ထိန်းသိမ်းရေးမှူး ဖြစ်လိုက် ကိုယ်ပွားမိဘ ( Surrogate parents ) ဖြစ်လိုက်နဲ့ ဇာတ်ထဲက သေတ္တာမှောက်လို ဖြစ်နေပါတော့တယ်။
    အလုပ်လိုချင်တဲ့ ဆရာဝန်လေးတွေလည်း ကျောင်းမှာ အတော်များများရှိနေလို့ အားလုံးကို အသိပေးလိုက် ပါတယ်။ ဒါပေမယ့် တစ်ယောက်မှ အလုပ်ရဖို့ဆိုတာထား။ လျှောက်လွှာတောင် မတင်လိုက်ရပါဘူး။ ဘာကြောင့်လည်း ဆိုတော့ အလုပ်ရှင်ရဲ့  လိုအပ်ချက်နဲ့ ကိုက်ညီသူ တစ်ယောက်မှ မရှိလို့ပါ။

Wednesday, November 12, 2014

မင်းတစ်ယောက်တည်း



* နှလုံးသားတစ်နေရာမှာ
မပြည့်နိုင်တော့တဲ့ကွက်လပ်တစ်ခုနဲ့ ...
ခြေသံတွေကြားပေမဲ့လည်း
အဝေးဆုံးကိုသာတိုးတိုးသွားတော့ ... ။
* အရင်ကလှပခဲ့တဲ့နေရာတွေ ...
မြတ်နိုးခဲ့ဖူးတဲ့အပြုံးတွေ ...
အတူလျှောက်နေကျလမ်းတွေ ...
အရိပ်တစ်ခုလို
နာကျင်မှုတွေနဲ့ငြိပါနေဆဲ ... ။
အခုထိမင်းတစ်ယောက်တည်းကိုပဲချစ်တယ် ... ။
* ပတ်သက်ဖူးသမျှတွေသာမေ့ပစ်လိုက်ရရင်
ငါ့အတွက် ...
အနာဂတ်ဆိုတာတောင်ရှိမယ်မထင်တော့ဘူး ... ။
ဒီလိုရင့်ကျက်မလာတဲ့အလွမ်းတွေနဲ့
အသက်ဆက်နေရတဲ့ဘ၀မှာ
အသည်းကွဲသီချင်းတွေနဲ့ မုတ်သုံရာသီကိုမုန်းတယ် ... ။
* အပျင်းပြေအချစ်ခံရတဲ့နှလုံးသားကတော့
ဒဏ်ရာဗလပွနဲ့ပက်ကြားအက်လို့ ... ။

ကောင်မလေး 13


Posted by kaungmalay13 

 
 

Tuesday, November 11, 2014

လွမ်းသူ





ငွေလရောင်မိုး ရွာသွန်းဖြိုးစဉ် 
ရွက်လွင့်စိတ်ကူး နှင်းရည်လူးသည် 
သခင်သို့ရည် လွမ်းတေးသီကာ 
သာစေမာစေ တောင်းဆုခြွေသည် 
သာသည့်မြေသို့ အပြုံးတို့ပါ 
လိုက်ပါစေကြောင်း ဆုမွန်တောင်း၏ 
လက်ပဂုဏ်ရည် ရွှေရည်များကြား 
အတိတ်ကိုမေ့ ဘ၀မေ့လို့ 
လွမ်းသူကိုပါ မေ့ပစ်မှာကို 
တွေးယူပူကာ စိုးရွံ့ပါ၏ 
သခင်သိပါ လွမ်းသူမှာလည်း 
သွေးနှင့်သားနှင့် နှလုံးဖြင့်ပါ 
နွေဦးလေပြည် လွမ်းငွေ့ဝေ 
ဆွေးနေငေးနေ မေမိုးတွေအောက် 
ဆောင်းညများထဲ မှန်းဆသည်း၏ 
နွေရောမိုးရယ် ဆောင်းလရယ်ပါ 
သခင့်အရိပ် သခင့်စိတ်မိုး 
တစ်နေ၀င်သော် တမ်းတမျှော်သည် 
သခင်ရောက်နိုး တိတ်တခိုးနှင့် 
ထမ်းရွက်တာဝန် ကျေပြွန်လျှင်ဖြင့် 
မွေးရပ်ဌာနေ အမိမြေသို့ 
စိတ်ရောကိုယ်ပါ သွက်လက်စွာ 
သခင်အမြန် ပြန်ခဲ့ပါ

သခင်အမြန်ပြန်ခဲ့ပါ။
Posted by ဘုန်းမြင့်ငြိမ်း

Sunday, November 9, 2014

တိမ်တွေရဲ့ ပြေးလမ်း



ရေပေါက်ကလေးရယ်
အမြင့်ရောက်ချင်တာလား
ငါတားပါရစေ ။
တက်လမ်းတွေကို
ပိတ်ပင်တယ်လို့မပြောပါနဲ့ ။
လက်မခံရင်လဲ
မတားတော့ပါဘူး ။
ပူလောင်မှုနဲ့ပဲ
အငွေ့ပျံလိုက်ပါတော့ ။

ငါက
ဖမ်းဆုပ်ဖို့တောင်ခက်တဲ့
ရိုးရိုး...လေ...ရယ်ပါ ။
ခုတော့...လေပူ...ပေါ့
ငါ... အေး...ချင်ပါတယ်
ဒါပေမဲ့
မင်းအတွက် ငါ... ပူ...တယ် ။
ပူမှပဲ မင်းအနောက်ကို
ငါလိုက်ခွင့်ရမယ် ။
ငါ...လေး...ချင်ပါတယ်
ဒါပေမဲ့
မင်းအတွက် ငါ...ပေါ့...တယ် ။
ပေါ့မှပဲ အမြင့်ကတိမ်တွေကို
ငါစောင့်ရှောက်ခွင့်ရမယ် ။

" ပူသောလေသည် ပေါ့၍ အထက်သို့တက်၏ "
စာသင်ခန်းထဲက
သင်ခန်းစာတစ်ခု ။

တို့ဖေဖေ ပြောပြတက်သော ပုံပြင်လေးများ



........." Familiarity breeds contempt ".....
          ရင်းနှီးကျွမ်းဝင်မှု့မှ အားမနာမှု့ အမြင်သေးမှု့ပေါက်ဖွားသည်။
အရောဝင်လျှင် အရိုသေတန်သည်၊ လူရင်းဆိုရင် အထင်မကြီး၊ နီးလွန်းလျှင်မမြင် စသည်ဖြင့် ကျွန်မတို့ ပြောလေ့ရှိကြပါတယ်...။ ...ဒီအကြောင်းနဲ့ပတ်သက်ပြီး ကျွန်မအဖေက ပုံပြင်တစ်ပုဒ်ကို နှစ်ပိုင်းခွဲပြောပြဖူးတယ်။ တစ်ပိုင်းက မြေခွေးနဲ့ ခြသေ့င်္ အကြောင်း... ခြသေ့င်္ဆိုတာကို တစ်ခါမှ မတွေ့ဖူးတဲ့ မြေခွေးတစ်ကောင်က အမှတ်မထင် တစ်နေရာမှာ ပထမဆုံးအကြိမ် ခြသေ့င်္နဲ့ကြုံတော့ အကြောက်လွန်ပြီး သေမတက်တောင်ဖြစ်သွားတာတဲ့...ဒုတိယအကြီမ်ဆုံတော့ ကြောက်တော့ ကြောက်သေးတယ် ဒါပေမဲ့ သူကြောက်တယ်ဆိုတာကို ဟန်မပျက်နေနိုင်ခဲ့တယ်တဲ့...တတိယအကြိမ်တွေ့တဲ့အခါမှာတော့ ခြသေ့င်္နားသွားပြီး နေကောင်းလား ဘာ ညာ နဲ့တောင် နှုတ်ဆက်စကာြးေ့ပာခဲ့တယ်ဆိုပဲ။ ....ဒီလိုပဲ သစ်ကုလားအုတ်ကို ပထမစမြင်ဖူးတဲ့လူတစ်ယောက်က ဘာကောင်ကြီးမှန်းမသိဘူးဆိုပြီး လန့်ထွက်ပြေးတယ်တဲ့...ဒုတိယအကြိမ်ကျတော့ အနားတိုးရဲသွားပြီ။ ..အဲ..တတိယအကြိမ်လဲ ရောက်ရော လည်ပင်းကို ကြိုးကွင်းစွပ်ပြီး ဖမ်းဖို့တောင် ကြိုး စားလာတယ်တဲ့......
...............အတွေ့အမြင်များတဲ့အခါ အကြောက်အရွံနည်းပါးလာပြီး အားမနာ ပါးမနာ ဖြစ်တက်သလိုပဲ ကိုယ်နဲ့မရင်းနှီးမယဉ်းပါးတဲ့သူများကျတော့ အထင်ကြီးတက်ကြတဲ့သဘောကို အဖေက နောက်ပုံပြင်တစ်ပိုင်းနဲ့ ထပ်ြေ့ပာပြတယ်။ တစ်ခါက ကမ်းခြေမှာ ကင်းစောင့်တာဝန်ယူကြတော့ ကမ်းခြေ မျှော်စင်ကနေပြီး ပင်လယ်ပြင်ထဲစောင့်ကြည့်ရတဲ့လူတစ်ယောက်က
ဟိုးအဝေးရေပြင်ကြားက တရွေ့ရွေ့လာတဲ့ ထိုးထိုးထောင်ထောင် အရာကို မြင်တော့ ရုတ်တရက် "ရွက်တိုင်မြင်တယ်၊ စစ်သဘောင်္တစ်စင်းလာနေတယ်"လို့ ထအော်တယ်။ နောက်ထပ် မိနစ် အနည်း ငယ်စောင့်ကြည့်တော"့ စစ်သဘောင်္တော့ မဟုတ်ဘူး..ကမ်ရိုးတန်းသွားသဘောင်္ငယ်တစ်စင်းဖြစ်မယ်" လို့ပြောတယ်။ အဲဒီထက် နီးလာတော့ "တစ်တက်လှော်လှေငယ်ထင်တယ်" လို့ပြောတယ်။ တကယ်လည်း အနီးကပ်ရောက် လာတဲ့အခါ ကျတော့မှ ထင်းစည်းတစ်စီးမျောလာတာ ဖြစ်နေသတဲ့လေ.....
................နီးနီးစပ်စပ်လူ၊ ကိုယ်နဲ့ရင်းနှီးကျွမ်းဝင်သူဆိုရင် အထင်မကြီးတက်ပေမယ့် အဝေးက လူတစိမ်း ကျတော့ ထင်းစည်းကို စစ်သဘောင်္ထင်သလို မတန်တဆ ရမ်းသမ်းအထင်ကြီးတက်ကြကြောင်းကို ဆိုလို ချင်တာပါ...နီးလွန်တဲ့အခါ မမြင်ဖြစ်တက်ပြီး တွေ့ဖန်များလာတဲ့အခါ တန်ဖိုးမရှိဖြစ်တက်ပါတယ်။ ဒီသဘောကို လူအများလည်း သိကြတာပါပဲ၊ ဒါပေမဲ့ သိတာသိတာ လက်တွေ့တော့ မကျင့်ကြံနိုင်ကြ ဘူးလေ။ အမှု့မဲ့အမှတ်မဲ့ပဲဖြစ်နေတက်ကြတာများပါတယ်။ ထားပါ...ဒါတွေကလည်း သိသင့်တယ် ထင်လို့ ရေးပြလိုက်တဲ့ အကြောင်းအရာလေးပေါ့နော်။
...............တခါတရံမှာ ပတ်ဝန်းကျင်ရဲ့ပြောဆိုဒဏ်ကြောက်လို့ဆိုပြီး ဆင်ခြင်လိုက်လို့ အဆင်ပြေသွား တက် ကြပေမယ့် တခါတရံကျတော့လည်း ပတ်ဝန်းကျင်ရဲ့ထိုးနှက်မှု့မှ ဆင်ခြင်ရင်း အဆင်မပြေတာတွေ လညိး အများကြီး၇ှိတာပဲလေ။ ကိစ္စ တစ်ခုရဲ့ ရိုးရှင်းမှု့ ဒါမှ မဟုတ် ရှုပ်ထွေ့းမှု့ပေါ်မှာ မူတည်မလားတော့ မသိဘူး။

................တစ်ခါက သူ့အသံကိုလူတွေမကြိုက်လို့သည်၇ွာကြေ့ပာင်းမယ်ဆိုပြီး ထွက်လာတဲ့ဇီးကွက်ကို ငုံးငှက်က အကြံပေးတယ် “ စဉ်းစားစမ်းပါဦး၊ ဒီအသံလူတွေ မကြိုက်လို့ဆိုပြီးပြောင်းပါပြီတဲ့ ၊ နောက်တစ်ရွာရောက်တော့ရော လူတွေက ခင်ဗျားအသံကိုကြိုက်ကြမှာလား၊ သူတို့မကြိုက်ဘူး ဆိုတိုင်း ပြောင်းနေလို့ကတော့ ခင်ဗျားပြောင်းလို့ဆုံးမှာ မဟုတ်ဘူး။ အဲဒီတော့ ရွာပြောင်းမဲ့အစား ခင်ဗျား အသံ ကို လူအများနားခံသာအောင်ပြုပြင်ပြောင်းလဲဖို့ ကြိုးစားကြည့်ရင် မကောင်းဘူးလားတဲ့
...ဟုတ်ပါတယ်။ ကိစ္စတော်တော်များများမှာ ဖြေရှင်းရန်နည်းလမ်း တစ်မျိုးထက်မက ရှိပါတယ်။ အဲဒီ နည်းလမ်းတွေထဲကမှ အကောင်းဆုံး၊ အဆင်ပြေဆုံးနည်းလမ်းကို ရွေးချယ်ရတာပါ။ ကိုယ်နေတဲ့ ပတ်ဝန်းကျင် မှာက ငုံးငှက်လို အကြံကောင်း၊ ဥာဏ်ကောင်းပေးနိုင်တဲ့ သူရှိရင်တော့ ကောင်းတာပေါ့။ တစ်ခါတစ်လေတော့လည်း လောကမှာ ကြုံရတဲ့ကိစ္စ၊ နေရ တွေ့ရတဲ့ ပတ်ဝန်းကျင်သဘော အလိုကျအရ ဆင်ခြင်နေထိုင်ပြန်တော့လည်း တော်တော်ဂွကျတဲ့ ပုံစံကို မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက် ပုံပြင်အရသိနိုင်ပါတယ်။ တော်တော်များများလည်း ရင်နှီးပြီးသားပုံပြင်ပါ။
သားအဖနှစ်ယောက်..
မြည်းတစ်ကောင်ရောင်းဖို့ ဈေးပွဲတော်မောင်သွားကြတယ်။ နှစ်ဦးလုံးမြည်းနဲ့ အတူတူ လမ်းလျှောက်လာကြတာပေါ့။ လမ်းမှာ မိန်ကလေးတစ်သိုက် ရယ်ရယ်မောမော စကားတွေပြောပြီးလာရာက သူတို့ကိုတွေ့တော့ “ဟယ်..အရူးတွေတော့...မြည်းကြီးတစ်ကောင်လုံးပါလာတာကို မစီးဘူး၊ ခြေညောင်းခံလမ်းလျှောက်လာကြတယ်“ လို့ မကြားတကြားနဲ့ အားမနာ ပါးမနာပြောသတဲ့။
ဒါနဲ့ ဖအေလုပ်သူက သားလေးကို မြည်းပေါ်တက်ခိုင်းပြီး သူက ဘေးက လျှောက်လာလိုက်တယ်။ တစ်နေရာရောက်လို့ လူကြီးတစ်သိုက်နဲ့တွေ့တော့
ကြည့်စမ်း...ကာလသားသမီးတွေ လူကြီးမိဘကို အရိုအသပေးရကောင်းမှန်းမသိဘူး၊ လူငယ်က လမ်းမလျှောက်ပဲ ဖအေက လမ်းလျှောက်နေရတယ်” ဆိုတော့ ဖအေလုပ်သူက သားကိုဆင်းခိုင်းပြီး သူကတစ်လှည့် စီးပြန်တယ်။ သိပ်များများတောင် မသွားရသေးဘူး မိန်းမ လေးငါးယောက်နဲ့တွေ့တော့ “ ဟိုမှာ တစ်ကိုယ်ကောင်းဆန်လိုက်တဲ့လူကြီး၊ ကိုယ်ကတော့ မြည်းပေါ်မှာ အခန့်သားထိုင်လို့ ကလေးခမျာ အမောတကောနောက်က လိုက်နေရရှာတယ်” ဆိုကြပြန်တော့ သူတို့ကျေနပ်အောင် ဖအေက ရှေ့နည်းနည်းတိုးပေးပြီး သားလေးကိုနောက်နားက ကပ်ထိုင်ခိုင်းတယ်။ ဒီလိုနဲ့သွားလာတာ ဈေးနဲ့ သိပ်မဝေးတဲ့နေရာလည်းရောက်ရော လူကြီးတစ်ယောက်က “ ဒါ ခင်ဗျားမြည်းလားဗျ” တဲ့ အဲဒီလူကမေးတယ် “ ဟုတ်ပါတယ် ” ဆိုတော့
စီးလာပုံ ကြည့်ရတာ ကိုယ့်မြည်းမဟုတ်သလိုပဲဗျာ၊ မြည်းခမျာသနားစရာ၊ တကယ်ဆို ခင်ဗျားတို့ သားအဖက သန်သန် မာမာကြီးပဲ၊ သူ့ကိုတောင် တလှည့်ထမ်းပိုးသွားဖို့ကောင်းတယ်” ဆိုပြီး အတည်ပေါက်နဲ့အကြံပေးတော့ သားအဖနှစ်ယောက်လည်း မြည်းခြေထောက်တွေစုပြီး ကြိုးနဲ့ချည်၊ တုတ်ကြီးကြီးတစ်ချောင်းနဲ့ လျိုပြီး မြည်းကို ထမ်းလာကြတယ်။ ဈေးအ၀င်က ချောင်ကူး တံတားလည်းရောက်ရော သားအဖနှစ်ယောက်ကလည်း မနိုင်မနင်း ကိုးယို့ကားယား ဖြစ်နေတဲ့ အချိန်၊ ဘေးကလူတွေကလည်း လက်ညှိုးထိုး လှောင်ကြ ပြောင်ကြနဲ့ဆိုတော့ စောစောက အနေရ အထိုင်ရ ခက်နေတဲ့ မြည်း အလန့်တကြား၊ ရုန်းရင်းဆန်ခတ် လုပ်ရာက ကြိုးတွေပြေ၊ အောက်က ရေထဲ ထိုးကျကုန်သတဲ့။ ကျန်မတို့ ကျင်လည်နေကြတဲ့ ပတ်ဝန်းကျင်မှ ရှိတဲ့လူတွေ ထဲမှာလည်း တန်ဖိုးရှိတဲ့ အကြံပေးချက်တွေ ပေးနိုင်တဲ့သူတွေ ရှိတက်ကြသလ၊ို လမ်းကြုံလူတို့ရဲ့ အကြံပေး တိုက်တွန်းချက်တွေက တစ်ခါတစ်ရံ ချောက်တွန်းသလိုဖြစ်နေတက်ပါတယ်။ ပတ်ဝန်းကျင်ကို ဂရုမစိုက်လို့ မရဘူးဆိုရင် ပတ်ဝန်းကျင်ကို ဂရုစိုက်လို့ မြည်းတစ်ကောင်နဲ့ သားအဖနှစ်ယောက် ပုံပြင်ထဲကလို အဖြစ်အပျက်ကျတော့ရော....
ဘယ်လိုလုပ်ရမလဲ။ ဘေးလူတွေရဲ့ ပြောစကားကျတော့ရော အခါခပ်သိမ်း ဂရုမစိုက်ပဲနေနိုင်မလား.??? ထားဦး။ အဲဒီပုံပြင်ထဲမှာဆိုရင်ရော သားအဖနှစ်ယောက်အတွက် ခရီးလမ်းမှာ အဆင်ပြေအောင် ဆောင်ရွက်ဖို့ဆို ဘယ်လိုအခြေအနေက အမှန်ဆုံးဖြစ်နိုင်မလဲ.???
...............တော်တော်တော့ စဉ်းစားရခက်တယ်နော်။ “အာာ မခက်ပါဘူး။ အသင့်အတင့်ကြည့်လုပ်ပေါ့၊ တရားသေ မထားနဲ့၊ သူများပြောတိုင်းချည်းလည်းလိုက်မလုပ်နဲ့။ ဘယ်သူပြောပြောဆိုတဲ့ သဘောလည်း မထားနဲ့၊ တစ်ခါတစ်လေ သူတို့ သဘောနဲ့လုပ်၊ တစ်ခါတစ်လေ ကိုယ့်သဘောနဲ့ကိုယ်လုပ်၊ မြွေမသေ၊ တုတ်မကျိုးပေါ့ဗျာ ” ဆိုရင် ဟုတ်ပါပြီ၊ လက်ခံသင့်တာပဲ။ ဒါပေမဲ့ မယုတ်မလွန်ဆိုတာ တော်တော် မတိကျတဲ့ကိစ္စ၊ ပြောတဲ့သူလွယ်သလောက် တကယ်လုပ်ရတဲ့သူအတွက်က ခက်ခဲမယ်ထင်တယ်။ အဲဒီ မယုတ်မလွန်ဆိုတာကရော ဘယ်အတိုင်းအတာကို မယုတ်မလွန်လို့ ဆိုလိုချင်တာလဲ.??? လက်တွေ့မှာ လူတွေက တိတိကျကျ သိချင်တက်ကြတဲ့သဘောရှိတော့ ဒီလိုလား.??? ဟိုလိုလား.??? နှစ်ခုထဲက တစ်ခုပြောပါ ဆိုတဲ့ လူတွေကများတာ။ အဲဒါဆိုရင် အဲဒီ မယုတ်မလွန်ဆိုတဲ့သူတွေ၊ မြွေမသေ တုတ်မကျိုးဆိုတဲ့သူတွေက ဘယ်လိုများ တိတိကျကျ ဖြေပေးနိုင်မလဲ။ အဲ..ဖတ်တဲ့သူတွေတော့ မသိဘူး၊ ရေးတဲ့သူကတော့ ရေးရင် စဉ်းစားရင်းနဲ့ကို တိုင်ပတ်နေပြီ။ ကဲထားတော့ ..ဒီပြဿ     နာ ဒီမှာမှ မရပ်ရင် တစ်နေကုန်လို့တောင် ပြီးသွားမှာ မဟုတ်ဘူး။ ရေးရင် ရေးရင်းနဲ့ စာတွေလည်း ဦးတည်ချက်တွေက ဘယ်ရောက်ကုန်လဲ မသိတော့ဘူး။
...နောက်ဆုံးတော့ လိုက်နာ သင့်တာ လိုက်နာ၊ ဆင်ခြင်သင့်တာ ဆင်ခြင်ပြီး ဆွေးနွေးသင့်တာလေးကိုလည်း ကွန်မကို ဆွေးနွေးပေးခဲ့ပါဦးလို့ အကြံဥာဏ်တောင်းရင်းနဲ့ပဲ
ကမ္ဘာသစ်ကမောင်နှမအားလုံး ကျန်းမာ ချမ်းသာ ကြပါစေ
ခင်မင်လျက်
ကြည်မျိုးခိုင် (မကွေး)

Posted by KyiMyoKhaing on January 26, 2011 at 10:30am

လူငယ်နှင့် ဘာသာရေး (ဒေါက်တာကျော်စိန်)


လောကတွင် အောင်မြင်နေသူတို့သည် လောကဓံ၏ အထုအထောင်း အပုတ်အခတ်တို့ကို အပြုံးမပျက်ဘဲ ခံယူကာ ဘ၀တိုက်ပွဲကို ဆက်လက်ဆင်နွှဲနိုင်စွမ်းရှိသည့် စိတ်ဓာတ်ရင့်ကျက် တည်ငြိမ်သူများဖြစ်ကြ၏။ ဘာသာရေးက လောကဓံတရားကို ရဲဝံ့စွာ ရင်ဆိုင်တတ်ရန် သင်ကြားပေးသည်။

ဘာသာရေးဟူသည်
 ဘာသာရေးဟူသည် ရင့်ကျက်သော ပုဂ္ဂိုလ်တစ်ဦးက အမှန်တရားနှင့် ပတ်သက်၍ တွေးခေါ် စဉ်းစားခြင်း၊ လက်တွေ့ ကျင့်ကြံ အားထုတ်ခြင်း၊ အတွေ့အကြုံနှင့်ယှဉ်၍  ဆင်ခြင်စဉ်းစားခြင်း၊ ယုတ္တိဗေဒ ဥပဒေသ များနှင့် အညီ ကောက်ချက်ချခြင်းများ ပြုလုပ်ပြီးနောက် မိမိတွေ့ရှိသည့် တရား ဓမ္မကို မိမိနောက်လိုက်များ အား သွန်သင်ဆုံးမ ဟောပြောရာမှ ဘာသာ အမျိုးမျိုး ပေါ်ထွန်း လာခြင်းဖြစ်သည်။ ဗြဟ္မာ ၊ ဗိဿနိုးနှင့် သီဝဘုရား တို့၏ ဟောကြားချက်များတွင် အခြေခံသော ဟိန္ဒူဘာသာ၊ ဗုဒ္ဓရှင်တော်၏ ဟောကြားချက် ဓမ္မအပေါ် အခြေခံသော ဗုဒ္ဓဘာသာ၊ ခရစ်တော်၏ ဟောကြားချက်များအပေါ် အခြေခံသော ခရစ်ယာန် ဘာသာ ၊ အလ္လာသခင်နှင့် တမန်တော်မိုဟာမက်တို့ ဟောကြားချက်များအပေါ် အခြေခံသော အစ္စလာမ် ဘာသာတို့သည် ထင်ရှားပေသည်။

ချစ်သူသိလေ





( ၁ )


ပန်းပွင့်ရှိမှ ရနံရတာ မဟုတ်ပါဘူး
ဖူးသည့်ဝတ်ငုံ ထုံသည့်တစ်ပွင့်
နမ်းခွင့်တစ်ရှိုက် ရသည့်ခိုက်မှာ
ထာဝရတည် ကာလရှည်လျား
နှလုံးသားမှာ စွဲမြဲစွာဖြစ်
ထုံနံ့ယစ်ဝေ ပျံ့ဆွတ်စေ၏
ချစ်သူသိလေ..။

မျက်နှာတွေ့မှ မြင်ခွင့်ရတာ မဟုတ်ပါကွယ်
ဘယ်ကိုသွားသွား ဘယ်နားရောက်ရောက်
ဘယ်လောက်ဝေးဝေး အတွေးမှာရှိ
အကြည့်မှာမြင် သူပဲထင်တယ်
ကောင်းကင်လိုပဲ မော်ကြည့်ဆဲမှာ တွေ့နိုင်ပါ၏
ချစ်သူသိလေ..။



အသံကြားမှ နားမှာဆတ်ဆတ်
ကြားလာတတ်တာ မဟုတ်ပါလေ
စမ်းရေသံကြား သူ့စကားရှိ
ငှက်၏ တေးမှာ သူ့သံသာတွေ
နှုတ်ခြွေစကား နားမှားတီးတိုး
ဟိုး အရင်လို ရွှင်ချိုကြည်မြ
ကြားနေရ၏ ချစ်သူသိလေ..။

ချစ်သူသိလေ
သတိရလျှင် ဒေသအကွာ
နေရတာကွဲ ဘယ်လိုခွဲခွာ
ဘယ်လောက်ကွာမလဲ
ဘယ်မှာဖြစ်ဖြစ် တွယ်တာရစ်ငင်
ထာဝရထင်သော ရင်ထဲအရိပ်
စွဲလမ်းစိတ်ဖြင့်
အိပ်မက်တိုင်းမှာ ရှိနေသူ…။

 ( မောင်စိန်ဝင်း - ပုတီးကုန်း )

Saturday, November 8, 2014

နက္ခတ်ဆရာ ( ရာဘင်ဒြာနတ်တဂိုး )



ကျွန်တော်က မေးရုံ မေးပါတယ်။
“ညဥ့်ဦးယံမှာ လပြည့်ဝန်းကြီးဟာ သစ်ကိုင်းတွေကြားမှာ ထွေးငြိနေတဲ့အခါ ဘယ်သူမှ သူ့ကို ဖမ်းမယူနိုင်ဘူးလား”
ဒါပေမယ့် ကိုကိုက ကျွန်တော့်ကို ပြောင်တယ်။
“ကောင်လေး.. မင်းလောက် မိုက်တာ ရှိသေးမယ် ငါမထင်ဘူး၊ ဖိုးလမင်းဟာ ငါတို့နဲ့ အင်မတန် ဝေးလံတဲ့ဟာကို ဘယ်သူက ဖမ်းယူနိုင်မလဲကွ”
ကျွန်တော်က ပြန်ပြောတယ်။
“ကိုကို ဘာသိလို့လဲ၊ ကျွန်တော်တို့ ကစားစဉ် ပြတင်းပေါက်က ပြူပြီးတော့ မေမေ ပြုံးရယ်တဲ့အခါ .. မေမေ့ကို ဝေးတယ်လို့ ဆိုမလား”
ဒါပေမယ့် ကိုကိုက ပြောသေးတာပဲ။
“အ သေးတဲ့ ညီရယ်၊ လမင်းကို ဖမ်းယူနိုင်လောက်အောင် ကြီးကျယ်တဲ့ ကွန်ကြီးကို ဘယ်သွားရှာမလဲ”
ကျွန်တော်က ပြောတယ်။
“လက်နှစ်ဖက်နဲ့ ဖမ်းမှာပေါ့”
သည်တော့ ကိုကိုက တအားရယ်ပြီး ပြောတယ်။
“မင်းလောက် မိုက်တာ ရှိသေးမယ် ငါ မထင်ဘူး၊ လမင်းဟာ ငါတို့အနားကို ရောက်နိုင်ရင် ဘယ်လောက် ကြီးတယ်ဆိုတာ မင်း သိလိမ့်မယ်”
ကျွန်တော်က ပြန်ပြောတယ်။
“ကိုကိုတို့ကျောင်းမှာ သင်တာ အလကားတွေပါ၊ မေမေဟာ ကျွန်တော်တို့ကို ငုံ့နမ်းတဲ့အခါ မေမေ့မျက်နှာက အင်မတန်ကြီးလို့လား”
ကိုကိုကတော့ ပြောတုန်းပါပဲ။
“မင်းဟာ အ ကို အ ပါတယ်ကွာ”

ရာဘင်ဒြာနတ်တဂိုး

Thursday, November 6, 2014

မဟာဂန္ဓာရုံဆရာတော်အရှင်ဇနကာဘိဝံသ၏ ဓမ္မစာစု


                 မိမိတို့မှာ စိတ်ဖြစ်နေတာဟာ သုံးမျိုးပဲ ဖြစ်နေတယ်နော်၊ ကုသိုလ်စိတ်၊အကုသိုလ်စိတ်၊ ၀ိပါက်ကိရိယာ ဆိုတဲ့ အဗျာကတစိတ်၊ အချိန်ရှိသ၍အဲဒီသုံးမျိုးပဲရှိတယ်။ ဘယ်လောက်ကြီးကျယ်တဲ့ ပုဂ္ဂိုလ်ဖြစ်ဖြစ် ကုသိုလ်ဖြစ်မယ်၊ သို့မဟုတ် အကုသိုလ်ဖြစ်မယ်၊ သို့မဟုတ် ၀ိပါက်၊ကိရိယာဖြစ်မယ်။ ဘယ်လောက်သေးသိမ်တဲ့ ကလေးကလေးဖြစ်ဖြစ်၊တိရစ္ဆာန်သတ္တ၀ါပဲဖြစ်ဖြစ် ကုသိုလ်ဖြစ်မယ်၊ အကုသိုလ် ဖြစ်မယ်၊၀ိပါက်ဖြစ်မယ်၊ ကိရိယာဆိုတဲ့ အဗျကတဖြစ်မယ်၊ အင်မတန် သေချာတယ်၊အင်မတန်သေချာ။

အကုသိုလ်စိတ် ။ ။ ဖြစ်တိုင်း၊ ပျက်တိုင်း အာရုံပါရမယ်၊ အဲဒါကြောင့်အကုသိုလ်ဆိုတာ ဘယ်လိုတရားပါတုန်းလို့ဆိုရင် -

'' ဖြစ်သော်ညစ်ထေး၊ အပြစ်ဘေးနှင့် ကျိုးပေးဒုက္ခ၊ ဆယ့်နှစ်ဝ၊ မုချ အကုသိုလ်ခေါ်''တဲ့ အပြစ်တွေ ဖြစ်တုန်း က ဒေါသရင်လဲပါနေပြီ၊ ဣဿာ၊ မစ္ဆရိယရင်လဲပါနေပြီ၊ မာနရင်လဲ ပါနေပြီ၊ ဖြစ်တုန်းက အဲဒီ အညစ်အကြေးတွေ ပါနေတယ်၊ အကုသိုလ်ဖြစ်တုန်းကအညစ်အကြေးတွ ပါနေမှတော့ အပြစ်က မကင်းဘူး၊ ဖြစ်တုန်းကကို အပြစ်မကင်းဘူး၊ နောက်အကျိုးပေးရင် မကောင်းကျိုးကိုပေးမယ်၊ ကောင်းကျိုးကို မပေးဘူး၊
ဒီအကုသိုလ်က ခုဘ၀ဖြစ်ဖြစ်၊ နောက်ဘ၀ဖြစ်ဖြစ် မကောင်းကျိုးကိုပေးမယ်၊ဒါကြောင့် အကုသိုလ်ဆိုတာ ဘယ်လို ဘာလိမ့်မတုန်းဆိုရင် ကိုယ့်စိတ်ကိုစဉ်းစားကြည့် '' ဖြစ်သော်ညစ်ထေး၊ အပြစ်ဘေးနှင့် ကျိုးပေး ဒုက္ခ၊ ဆယ့်နှစ်ဝ၊မုချ အကုသိုလ်ခေါ်'' ဖြစ်တယ်နော်၊ လောဘရင်လဲပါမယ်၊ ဒေါသရင်လဲပါမယ်ဒါအပြစ်ပဲ၊ မာနရင်လဲပါမယ် ဒါအပြစ်ပဲ၊ တစ်ယောက်နှင့်တစ်ယောက် မနာလိုတဲ့ဣဿာရင်လဲ ပါမယ်၊ ဒါအပြစ်ပဲ၊ သူတစ်ပါးကို မကြီးပွားစေလိုတဲ့ မစ္ဆရိယရင်လဲပါမယ်၊ ဒါအပြစ်ပဲ၊ အိပ်ချင်မူးတူး ငိုက်မျဉ်းနေတဲ့ထိနမိဒ္ဓရင်လဲ ပါမယ်၊ ဒါအပြစ်ပဲ၊ ဘုရားကို ဟုတ်မှဟုတ်ပါ့မလားလို့ ဘုရားအစစ်ကို ယုံမှားနေတဲ့ ၀ိစိကိစ္ဆာရင်လဲပါမယ်၊ ဒါအပြစ်ပဲ၊ ဖြစ်တုန်းက အပြစ်တစ်ခုခုနဲ့ ညစ်ပေနေတဲ့တရားမျိုး၊ ဒါအကုသိုလ်ခေါ်တယ်၊ နောက်အကျိုးပေးရင်လဲ မကောင်းကျိုးကိုပေးမှာပဲ။

Monday, September 29, 2014

❃ မဇ္ဇျိမပဋိပဒါ အရိယာမဂ်တရား ရှစ်ပါး



၁။ အယူအမြင် မှန်ကန်ခြင်း ( သမ္မာဒိဋ္ဌိ )
၂။ အပြစ်မရှိသော အကြံကောင်းများကို ကြံစည်ခြင်း ( သမ္မာသင်္ကပ္ပ )
၃။ မမှန်သောစကားကို ရှောင်၍ မှန်သောစကားကိုသာ ပြောဆိုခြင်း ( သမ္မာဝါစာ )
၎။ မမှန်ကန် အပြစ်ရှိသော အလုပ်ကိုရှောင်၍ မှန်ကန်၍ အပြစ်ကင်းသော အလုပ်ကိုသာ ပြုလုပ်ခြင်း ( သမ္မာကမ္မန္တ)
၅။ တရားသဖြင့် ရှာဖွေရရှိသော ပစ္စည်းဖြင့်သာ ကောင်းမွန်မှန်ကန်စွာ အသက်မွေးခြင်း ( သမ္မာအာဇီဝ )
၆။ မှန်ကန်စွာ ကြိုးစားအားထုတ်ခြင်း ( သမ္မာဝါယာမ )
၇။ မှန်ကန်သော အောက်မေ့မှုသတိ အမြဲရှိနေခြင်း ( သမ္မာသတိ )
၈။ မှန်ကန်စွာတည်ကြည်သော သမာဓိရှိနေခြင်း ( သမ္မာသမာဓိ )


မှတ်စု ဖတ်စရာ


ကျန်းမာခြင်းသည် အမြတ်ဆုံးလာဘ်ဖြစ်ကြောင်း

အခါတစ်ပါး၌ မြတ်စွာဘုရားသည် ကုရုတိုင်း၊ သမ္မာသဓမ္မအမည်ရှိသော အရပ်တွင် ဘာရဒွါဇဂေါတ္တ ပုဏ္ဏား၏ မီးတင်းကုတ်အတွင်း မြက်အခင်း၌ သီတင်းသုံးနေတော်မူ၏။ ထိုအချိန် အညောင်းအညာပြေ လမ်းလျှောက်ရင်း ဘုရားထံမှောက်သို့ ရောက်လာသော မာဂဏ္ဍယပရိဗိုဇ်အား အောက်ပါတရားကို ဟောကြားတော်မူသည်။
လာဘ်ဟူသမျှတို့တွင် အနာကင်းရှင်းကျမ်းမာခြင်းသည် အမြတ်ဆုံးအသာဆုံးလာဘ်ဖြစ်၏။
ချမ်းသာဟူသမျှတို့တွင် နိဗ္ဗာန်ချမ်းသာသည် အမြတ်ဆုံးအသာဆုံးဖြစ်၏။
နိဗ္ဗာန်ရောက်ကြောင်း လမ်းအပေါင်းတို့တွင် အင်္ဂါရှစ်ပါးရှိသော မဂ္ဂင်လမ်းကောင်းသည် အမြတ်ဆုံးအသာဆုံးဖြစ်၏
အာရောဂျ ပရမာ လာဘာ၊ နိဗ္ဗာနံ ပရမံ သုခံ
အဋ္ဌင်္ဂီကောစ မဂ္ဂါနံ၊ ခေမံ အမတဂါမိနံ။
{ မဇ္စိုမပဏ္ဏာသပါဋ္ဌိ၊ မာဏ္ဍိယသုတ် }



ကျန်းမာခြင်းသည် ရခဲ့သည့်အရာ

မြတ်စွာဘုရားသည် တပည့်ရဟန်းများအား ရခဲ့သည့် ( ဒုလ္လဘ ) တရားဆယ်ပါးကို ဟောကြားတော်မူခဲ့၏။ ထိုတရားဆယ်ပါးတွင် “အနာကင်းရှင်းကျန်းမာခြင်း” သည်လည်း တစ်ပါးအပါအ၀င်ဖြစ်၏။ သတ္တ၀ါများ ကျန်းမာရေးနှင့် ပတ်သက်၍ ကျန်းမာခြင်းကို ရခဲနိုင်ပုံ၊ ကျန်းမာခြင်း၏ ရန်သူနှင့် ကျန်းမာခြင်း၏ အကြောင်းတရားတို့ကို ညွှန်ကြားဆုံးမတော် မူခဲ့ပါသည်။
ရောဂါကင်းရှင်းကျန်းမာခြင်းကို လူတိုင်းအလိုရှိသင့်၏။ နှစ်သက်သင့်၏။ ကျန်းမာခြင်းသည် လူတိုင်း၏ စိတ်နှလုံးကို ရွှင်ပြုံးစေနိုင်၏။ ယင်းကျန်းမာခြင်းကား လောကတွင် ရခဲသောအရာ တစ်ခုပင် ဖြစ်၏။
စား၊ ၀တ်၊ နေရေး၊ သွားရေးလာရေး စသော အရေးကိစ္စဟူသမျှ၌ သင့်တင့်လျောက်ပတ်စွာ မပြုလုပ်ခြင်း၊ မဆင်မခြင် ပြုလုပ်ခြင်းသည် ကျန်းမာခြင်း၏ ရန်သူဖြစ်၏။ ထို စားဝတ်နေရေး စသည်တို့၌ လျော်ကန်သင့်မြတ်စွာ ပြုလုပ်ခြင်းသည် လူတိုင်းအဖို့ ကျန်းမာကြောင်း ဖြစ်ပေသည်။

ဗုဒ္ဓ၏ ကျန်းမာရေးလမ်းညွှန်တရားတော်များမှ / မဟာသဒ္ဓမဇောတိကဓဇ ဓမ္မစရိယဦးအေးနိုင်




Sunday, June 15, 2014

အဖေသို့ လွမ်းချင်း



           လူတိုင်းလိုလို အဖေရှိခဲ့ကြပါတယ်။ ဒါပေမယ့် အဲဒီအဖေနဲ့  အတူတကွနေခွင့်ရတဲ့သူတွေ ရှိသလို၊ နေခွင့်မရကြတဲ့သူတွေလည်း ရှိပါတယ်။ တစ်ချို့ ကြတော့ အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ကအဖေကို စွန့် ခွာထားရစ်ခဲ့တာမျိုးလည်းရှိတယ်။ တမလွန်ကနေ စောင့်ရှောက်နေတဲ့ အဖေမျိုးလည်းရှိတယ်။ ကွယ်ရာကနေ လွမ်းမိုးစွေရတဲ့ အဖေမျိုးလည်း ရှိပါတယ်။ အဲဒီ အဖေတွေအားလုံးကို သတိရတမ်းတ လွမ်းဆွတ်တဲ့ စာလေးတစ်ပုဒ် ရင်ထဲမှာ ခံစားဖြစ်ပေါ်လာတဲ့အတွက် စာမျက်နှာပေါ် ရေးတင်လိုက်မိ ပါတယ်။ အဖေလွမ်းသူများ အလွမ်းပြေကြပါစေ။

အဖေသို့ လွမ်းချင်း

လွမ်းတယ်အဖေ
ဟိုး အဝေးတစ်နေရာမှာ
အဖေရှိတယ်ဆိုတာ အသေအချာသိပေမယ့်
တွေးမိတိုင်းကြေကွဲ... ၀မ်းနည်း..တမ်းတ..
သတိရနေဆဲပါ အဖေ...။

အဖေ့ရဲ့  အကြင်နာမေတ္တာ
စေတနာ ဂရုဏာတွေကို
ငယ်စဉ်တောင်ကျေး ကလေးဘ၀ကတည်းက
ထိတွေ့ ခံစား နှလုံးသားမှာ
မှတ်သားစွဲငြိ သတိရနေဆဲပါ အဖေ...။


Tuesday, May 13, 2014

ရေစက် ( ဘာသာရေး အမေးအဖြေများ )


မေး။       ။ အရှင်ဘုရား ရေစက် ဆိုတာ ဘာကိုခေါ်ပါသနည်း။ နောင်ဘ၀တွင် တစ်ဦးနှင့်တစ်ဦး ပြန်လည် ဆုံဆည်းနိုင်ဖို့ရန်အတွက် ရေစက်အတူတကွ ချရမည်လား၊ သို့မဟုတ် သည်ဘ၀တွင် ပြုလုပ်သည့် ကုသိုလ် ညီမျှမှသာ ပြန်လည်ဆုံစည်းနိုင်မည်လား။ သည်ဘ၀တွင် မိသားစုတစ်စုအဖြစ် ဆုံစည်းနေကြ သည်မှာ အတိတ်ဘ၀က ရေစက်အတူချခဲ့၍လား။ ကုသိုလ်ချင်းညီမျှခဲ့၍ပေလား။ သိလိုပါ၍ ဖြေကြားပေးတော်မူပါ ဘုရား။      ( သဉ္ဖာ - ရန်ကုန် )

ဖြေ။       ။ရှေးရှေးဘ၀များက အတူကုသိုလ်ပြုခဲ့၊ ဆုတောင်းဆုယူ ပြုခဲ့ဖူးကြသည်ကိုပင် ရေစက်ဆုံသည် ဟု ပြောဆိုကြပါသည်။ ကုသိုလ်အတူပြု၍ စိတ်တူကိုယ်တူ ရေစက်ချခဲ့ကြသည်ဟု ဆိုလိုပါသည်။ ဘ၀ပေါင်းများစွာ မိသားစုအဖြစ် တွေ့ကြကြုံကြလိုလျှင်
( ၁ ) သမသဒ္ဓါ = ယုံကြည်မှု တူမျှခြင်း
( ၂ ) သမသီလ= အကျင့်သီလ တူမျှခြင်း
( ၃ ) သမစာဂ  = စွန့်ကြဲလှူဒါန်းမှု တူမျှခြင်း
( ၄ ) သမပညာ = ကမ္မသကတပညာ = အသိဥာဏ်ခြင်း တူမျှခြင်း များရှိဖို့လိုကြောင်း ဘုရားဟော ရှိပါ သည်။ အလွန်တူမျှနိုင်ခဲပါသည်။ ဘုရားလောင်းနှင့် ယသော်ဓရာအလောင်းတို့ပင် အတူတကွ ဆုတောင်း ခဲ့သော်လည်း ဘ၀တိုင်း မတွေ့ရ၊ မဆုံဆည်းရပါ။ ဤသည်မှာ ဘုရားလောင်း၏ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တို့ကို ယသော်ဓရာ အလောင်းက မမီနိုင်၍ ဖြစ်ပါသည်။ အရှင်မဟာကဿပအလောင်းနှင့် ဘဒ္ဒါကာပိလာနီ အလောင်းမှာ အားလုံးတူမျှ၍ လူ့ပြည်တွင်လည်းကောင်း၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့တွင် လည်းကောင်း ၊ နောက်ဆုံးနိဗ္ဗာန်ဝင်ရာမှာလည်း မကွဲမကွာ ဖြစ်ရကြောင်း အဆိုရှိပါသည်။ ၎င်းကိုပင် ရေစက်ဆုံသည်ဟု ဆိုရမည် ဖြစ်ပါသည်။ ဤသို့ဖြင့် ရေစက် ဆိုသည်ကို မှတ်သားထားနိုင်ပါသည်။

ရဝေထွန်း 
(ဘာသာရေး အမေးအဖြေများ၊ မြတ်မင်္ဂလာ )

Thursday, May 1, 2014

အချစ်ထောင် .. ♪

ပျော်ရွှင်သော အသက် ၁၀၀ သို့



(၁)   စောစောအိပ်ရာထပါ။
(၂)   အလွန်အကျူး မစားပါနှင့်။ ခန္ဓာကိုယ်ကို ၀န်ပိစေပါတယ်။
(၃)   စိတ်မရွှင်မပျ ဖြစ်ရင် အပန်းဖြေခရီးတစ်ခုကို စိတ်ကူးနဲ့ဖြစ်ဖြစ်သွားကြည့်လိုက်ပါ။
(၄)   အရက်သောက်ရင် သင့်တင့်ရုံသာ သောက်ပါ။
(၅)   မိမိပတ်ဝန်းကျင်မှာ ပြောင်းလဲနေတာကို လက်ခံပါ။ လိုက်လျောစွာ နေတတ်ပါ။
(၆)   ပင်စင်ယူတော့မယ်ဆိုရင် မိမိဝါသနာပါ ထက်သန်တဲ့ အလုပ်တစ်ခုရှိပါစေ။
 (၇)   မိမိကံကြမ္မာကို မိမိထိန်းချုပ်နိုင်လေ၊ ပိုပြီးကျန်းမာလေပါ။
(၈)   ဆေးဝါးကို နည်းနိုင်သမျှ နည်းနည်းသာ မှီဝဲပါ။
 (၉)   နာမကျန်းဖြစ်မှာ၊ သေဆုံးမှာကို စိုးရိမ်သောက ဖြစ်မနေပါနဲ့။
(၁၀)  အစားအသောက်ကို တိုးစားလိုက်၊ လျော့စားလိုက် မလုပ်ပါနဲ့။
(၁၁)  ဆေးလိပ်၊ ဆေးတံ မသောက်ပါနဲ့။
(၁၂)  နှစ်သက် သဘောကျတဲ့ ၀ါသနာတစ်ခု ရှိနေရင် စိတ်တက်ကြွ ရှင်သန်နေပါမယ်။
(၁၃)   သကြား၊ အချိုများတဲ့ အစားအသောက် ရှောင်ပါ။
(၁၄)  အဆီအဆိမ့်များတဲ့ အစားအသောက် ရှောင်ပါ။
(၁၅)  ထုတ်ပိုးပြုပြင်ထားသောအစားများ ရှောင်ပါ။
(၁၆)  သစ်သီး၊ ဟင်းသီးဟင်းရွက် အစိမ်းများများ စားပါ။
(၁၇)  ရေတွေ၊ အရည်တွေ များများသောက်ပါ။
(၁၈)  တစ်နေ့ ငှက်ပျောသီးတစ်လုံး စားဖြစ်အောင်စားပါ။ (ငှက်ပျောသီးက ပန်းသီးထက်
ခန္ဓာကိုယ်အတွက် ပိုကောင်းပါတယ်)
(၁၉)  တတ်နိုင်သမျှ အသားစားတာ လျော့ပါ။
(၂၀)  မိမိရင်ထဲခံစားရတဲ့ ဝေဒနာတွေကို အရင်းနှီးဆုံး လူတွေထံ ရင်ဖွင့်ပါ။
(၂၁)  မိမိအချစ်ဆုံးသူကို အနည်းဆုံး တစ်နေ့တစ်ခါ “ချစ်တယ်” လို့ ဖွင့်ပြောပါ။
(အမုန်းတရားတွေ ပြည့်နှက်နေတဲ့ ဆင်ခြင်ကင်းမဲ့သော ကမ္ဘာကြီးတွင် ချစ်မေတ္တာထားခြင်းသည်
စိတ်ဖိစီးမှုကို သက်သာစေပါတယ်)
(၂၂)  တစ်ပတ်  အနည်းဆုံး (၃)ကြိမ်လောက် ကိုယ်လက်လေ့ကျင့်ခန်း
(လမ်းလျှောက်၊ ရေကူး) လုပ်ပေးပါ။
(၂၃)  တစ်ပတ်မှာ နေ့တစ်ဝက်လောက် မိမိစိတ်ချမ်းသာတာကို လုပ်လိုက်ပါ။
(၂၄)  ဘ၀ကို ပျော်ရွှင်စရာ စွန့်စားခန်းတစ်ခုလို သဘောထား ခံစားပါ။
(၂၅)  အဆိုးဆုံးကို ရင်ဆိုင်ဖို့ မကြောက်ပါနဲ့။ (အဆိုးဆုံးကို သိရှိလက်ခံလိုက်တာနဲ့
ကြောက်ရွံ့တုန်လှုပ်စိတ်တွေအတော်များများ
ပျောက်ကွယ်သွားတာ အံ့သြဖွယ် တွေ့ရမှာပါ)
(၂၆)  ဘ၀ကို အလဟသ မဖြုန်းတီးပဲ မိမိ လုပ်ချင်တာတွေအတွက် အချိန်ပေးပါ။
(၂၇)  တယ်လီဖုန်းတွေက မိမိတို့ဘ၀ကို လွှမ်းမိုးခြယ်လှယ်နေတာ ခွင့်မပြုပါနဲ့။
(၂၈)  မိမိစိတ်ကြိုက် ရေးချင်ရာရေးနိုင်ဖို့ နေ့စဉ်မှတ်တမ်းစာအုပ်ထားပါ။

Friday, April 25, 2014

ပရဟိတ မွန်မြတ်လှ



နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။

မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။

မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြတ်မြတ်လှ။

မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။

ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။

ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။

ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။


(မင်းယုဝေ)


Friday, April 4, 2014

ငှက်တေလေ ကဗျာများ ( ရာဘင်ဒြာနတ်တဂိုး )



နွေဦး ငှက်ငယ်ကလေးသည် ငါ၏ ပြတင်းပေါက်သို့ လာရောက်နားကာ တေးသီကြ၏။ ပြီးလျှင်လိုရာသို့ ပျံသန်းထွက်ခွာကြတော့၏။
ဆောင်းဦးရွက်ဝါများသည် တေးသီချင်းကား လုံးဝ မသီကြ။
သို့သော် ငါ့ထံပါးသို့ ၀ဲပျံ ကြွေကျလာခဲ့သည်တကား…။
နေမင်းကြီးနှင့် လွဲရသည့်အတွက် အဆွေ မျက်ရည်ကျနေပါက ကြယ်တာရာများနှင့်လည်း အဆွေ လွဲရပေဦးတော့မည်။

Tuesday, March 25, 2014

သွေးလက်နဲ့ဝေး







ရှင်မတောင် နံ့သာမွှေး
ပေးခဲ့တဲ့ ဘွားအမွေ
သင်းပျံ့ဝေေ၀..
မွှေးကြူစေ
ဆော်လေက အသွေး..
သို့လည်းလေ အမြင်ထိတ်ပါဘိ
စိတ်ဓာတ်မှာ အတုမှားဝင်လို့
မိတ်ကပ်သာ အုထားချင်သတဲ့
နုပါးပြင် လွှမ်းကာခြယ်တော့
ခန်းသာလယ် နံ့သာမွှေးမှာဖြင့်
ဘွားဒွေးရယ်..
သွေးလက်နဲ့ဝေး..။


ပြင်စည်အောင်
 

Sunday, March 23, 2014

သင်သေသွားသော် ( ဇော်ဂျီ )




ဪ..... လူ့ပြည်လောက၊
လူ့ဘဝကား၊ အိုရနာရ၊
သေဦးမည်၊ မှန်ပေသည်တည်း။


သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ ။
သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတိုးမြင့်၊
ကျန်ကောင်းသင့်၏။

သင် ... ဦးချ၍၊
အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဉာဏ်တန်ဆောင်သည်
ပြောင်လျက်၊ ဝင်းလျက်
ကျန်စေသတည်း။


ဇော်ဂျီ ။


Thursday, February 13, 2014

General Aung San


လူမှာ အရေးအကြီးဆုံး နှစ်ခုပဲရှိတယ် .. ။ 
အဲဒါက ကိုယ်ကျင့်တရားရယ်၊ အမှန်တရားကို မြတ်နိုးမှု  (Love of truth) ရယ် ..ဒါပဲဖြစ်တယ်။ ဘယ်နေရာမှာမဆို အမှန်ကို အမှန်အတိုင်း ပြောရဲရမယ်။ ပြောရဲတဲ့ သတ္တိလဲရှိရမယ်။

ဗိုလ်ချုပ်အောင်ဆန်း 

Saturday, January 4, 2014

သခင်အောင်ဆန်းတရား



ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏ သားငယ်၊ မင့်သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။
ဆန်း၏ သမာဓိ၊ ဆန်း၏ပညာ
ဟောစရာကား၊ အလွန်များ၏
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့ အစွမ်းကို
ပန်းကောင်းတစ်ပွင့်၊ ပန်ဆင်တင့်သို့ 
မင့်သား သိစေချင်လှ၏။
သူ့ အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ၊
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျလောင်မြိုက်၊ သူမီးတိုက်၏။
ခေတ်လိုက်ခါညီ၊ ခေတ်မှီပညာ
ကြုံရာဘ၀၊ မုတလုံလောက်၊ ခံမြို့ ဆောက်၏
ထိုနောက်တစ်ဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ၊ သူ့ အလံတည့်
ပျံတလူလူ၊ သူ ထူခဲ့ကြောင်း၊
ခေါင်းဆောင်သဘော မင့်သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ..။ ။

ဇော်ဂျီ ( ၁၅.၇.၁၉၆၆ )


Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>