2 3 4 5 6 7 8 9 10

Wednesday, May 20, 2015

အညာမြေတောင်တန်းဆီသို့ နှုတ်ဆက်မှတ်တမ်း



စစ်ကိုင်းတိုင်းထဲဝင်ပါပြီဆို ကတည်းက သတိထားမိတယ်။ စစ်ကိုင်း မုံရွာ တစ်ကြောက တောတောင်ပေါတဲ့ အရပ်ပဲ။ 
ကျွန်မတို့ အညာဘက်ကလို တောင်တွေရှိပြီး ကတုံးဖြစ်နေတာမျိုးမဟုတ်ဘဲ တောင်တိုင်းက စိမ်းညို့ပြီးလှနေတယ် 
မိုးရေလေးကလည်း ဖြန်းထားပြန်တော့ အဝေးကနေလှမ်းကြည့်ရင် ရေညှိလေးတွေ ပုံထားသလိုပဲ ...
ရန်ကုန်ကနေ မနက်ကားစီးလာတာဆိုတော့ စစ်ကိုင်းတံတားကို ဖြတ်တဲ့အချိန်က အလင်းရောင်ကောင်းကောင်း
ရှိသေးတယ်။ စစ်ကိုင်း တံတားပေါ်က လှမ်းကြည့်လိုက်တော့ တောင်လေးတစ်တောင်တည်းမှာ စေတီတွေ
အများကြီးနဲ့ စစ်ကိုင်းတောင်ရိုးက တစ်ကယ်ကြည်နူးစရာကောင်းနေတယ်။
မိုးရာသီ တိမ်ညိုတိမ်မည်းတွေအောက်မှာ ခရီးသွားရတာလည်း ရသ တစ်မျိုးပဲ။ မိုးသားမည်းမည်းတွေက
ကျွန်မတို့ စီးလာတဲ့ကားနဲ့ အပြိုင် အနိုင်လုပြီးလိုက်နေတယ်။ ရွာချဖို့တော့ မေ့နေတယ်နဲ့ တူပါရဲ့။
ဟိုး လက်ဝဲဘက်ချမ်းမှာတော့ တိမ်မည်းတွေကြားကနေ တောင်တန်းတွေပေါ် နေခြည်တွေဖြာဆင်းနေတယ်။
လက်ယာဘက် ခပ်ဝေးဝေးမှာတော့ တိမ်ညို့ညို့တွေ အုံ့နေပြီး တစ်ချို့နေရာတွေမှာ ကွက်ကြားမိုးကပြိုကျနေတယ်။
ခရီးသွားတိုင်း ဒီလိုပတ်ဝန်းကျင်ကိုမြင်ရင် ဟေမာနေဝင်း ရဲ့သီချင်းချိုချိုလေးနားထဲ တိုးတိုးဝင်လာတယ်။
" မြန်မာ့ရေမြေ သဘာဝ အမြဲလှပနေ ...
တို့ဘိုးဘွား အဆက်ဆက်က ဆင်းသက်လာပေ .."
နှုတ်ကလည်း အလိုလိုညည်းမိသွားတယ်။
ဟုတ်ပါတယ်။ တကယ်ကို လှပါတယ်။


ရောက်တဲ့ညက ကျွန်မတို့အဖွဲ့ မုံရွာမှာတည်းပြီး မနက်ကျ ကားလေးနဲ့ ယင်းမာပင်ဘက်ခရီးဆက်ခဲ့တယ်။
ယင်းမာပင်ဘက်လမ်းကြောက ဘုတလင်ဘက်လမ်းကြော နဲ့ မိုင်တူတူလောက်ပါပဲ။
ဒါပေမယ့် ဒီဘက်လမ်းကြောက တောင်တွေပိုထူပြီး လမ်းကပိုကွေ့ကောက်တယ်။
ရှုခင်းကလည်းပိုလှတယ်။

မုံရွာမြို့ကအထွက် နည်းနည်းကျော်တာနဲ့ လမ်းဘေးဝဲယာမှာ မြေပုံထားတာလေးတွေ အများကြီးတွေ့ရတယ်။
 မြေပုံတွေကြားထဲမှာ တဲလေးတွေလည်းအများကြီးပဲ ။ ကားဆရာကြီးကိုမေးကြည့်တော့မှ ကြေးသန့်ယူတဲ့နေရာ လို့
သိရတယ်။ ဟုတ်သားပဲ ကျွန်မရောက်နေတာ ကြေးသတ္ထုထွက်တဲ့ဒေသပဲ ။ အဲ့ဒီမှာ ကြေးနဲ့ရောနေတဲ့ မြေသားတွေကို
တူးယူပြီးမှ မြေသားထဲကနေ ကြေးသတ္ထုကို ပြန်ခွဲယူကြရတာမျိုးပေါ့။ အဲ့လိုကြေးသန့်တဲ့ နေရာလေးတွေကတော့
လမ်းတစ်လျောက်ပါပဲ။
အဲ့ဒီ လမ်းမနံဘေးက ကြေးသန့်နေတဲ့မြင်ကွင်းကနေ မျက်လုံးပင့်ကြည့်လိုက်တယ်ဆိုရင် မြေနိမ့်ကနေကြည့်ကြည့်
 မြေမြင့်ရာကမူပေါ်ကနေပဲကြည့်ကြည့် မြင်ရတဲ့ စိမ်းညို့နေတဲ့ တောင်ညီနောင်လေးကိုတွေ့ရတယ်။
အဲ့ဒိဝန်းကျင်မှာ တစ်ခြားဘာတောင်မှလည်းမရှိတော့ ထင်းလင်းနေတာပဲ။ ခပ်ဝေးဝေးကကြည့် တာကိုပဲ
အထင်းသားဆိုတော့ တော်ရုံထုထည်တော့မဟုတ်တာသေချာတယ်။
" ဟယ် တောင်နှစ်လုံးက လှလိုက်တာနော် ထင်းနေတာပဲ .. တောင်ကတုံးလည်း မဟုတ်ဘူးနော်
 တောင်နှစ်ခုလုံးက စိမ်းညို့လို့ ဒီဘက်က သစ်တောမပြုန်းဘူးပဲ ညီမတို့ ဘက်မှာဆို တောင်တော့ရှိတယ်
 ကတုံးတွေ ... ဒီတောင်တွေကျ လှလိုက်တာနော်"
မျက်လုံးကမြင်ဆို စကားများတဲ့နှုတ်ကလည်း မနေဘဲပြောလိုက်တော့ ရှေ့ခန်းမှာ စီးတဲ့ ဆရာကပြောပါတယ်
"လှရင်ဝအောင်ကြည့်ထား နောက်ဆိုတွေ့ ရတော့မှာ မဟုတ်ဘူး"
" ဟာဆရာကလည်း ဒီလောက်စိမ်းညို့နေတဲ့တောင် ခဏခြင်းတော့ မပျောက်ပါဘူးး ဘာလို့မရှိရမှာလည်း "
သူတစ်ခွန်းပဲပြန်ပြောပါတယ်
" ဒါ ကြေးနီတောင်လေ"
ကျွန်မလည်း တစ်ခွန်းသာနှုတ်က ထွက်လာပါတယ်။
" သြော်"
ကျွန်မတို့ ကားလေးထဲမှာ လည်ပတ်နေတဲ့ စက်ရုံတစ်ရုံရဲ့ မီးပျက်သွားတဲ့ အချိန် တစ်ခဏလို စိတ်ငြိမ် သွားတယ်။
အားလုံးရဲ့ အတွေးတွေ တစ်နေရာစီပြန့် လွင့်ကုန်တယ်ထင်ပါရဲ့ အကြည့်တွေကတော့ စိမ်းညို့နေဆဲ တောင်နှစ်လုံး
ဆီမှာ စုံမိနေတယ်။
လမ်းကွေ့လမ်းကောက်အတိုင်း မောင်းလာရင်း တောင်ခြေနဲ့နီးလာတော့ စောနက တောင်တွေဘေး ပက်လည်က
 မြေသားဆိုင် အပိုင်းမပြတ်ပြင်ကြီးကိုတွေ့ရတယ် ...
မြစိမ်းယောင်ထနေတဲ့ ကြေးနီတောင်ကို ဟိုးမျက်စိတစ်ဆုံးကနေ မြင်နိုင်သလိုပဲ ဒီမြေသားဆိုင် ကုန်းပြင်ကြီးကိုလည်း ဟိုးးးမျက်စိတစ်ဆုံး ထိ တွေ့ရတယ်။ စတုရန်းဧရိယာအားဖြင့်တော့ မခန့်မှန်းတတ်ပေမယ့် မိနစ် ၃၀ သာသာလောက်
 ပတ်မောင်းလိုက်ရတယ်ဆိုတော့ နည်းတဲ့ဧရိယာလို့ တော့ မဆိုသာဘူးပေါ့။ ဟိုး တိပြတ်နေတဲ့ မြေသား
ကမူတွေပေါ်မှာတော့ အစိတ်အပိုင်းတစ်ပိုင်းချင်းဆီ ကွန်တိန်နာနဲ့သယ်ယူပြီး ဒီမှာမှ ပြန်လည်တပ်ဆင်ရတဲ့
 မြေတူးဆက်ကြီးတွေကိုတော့ ကျွန်မတူလေးဆော့နေကျ ကော်ရုပ်လေးလောက်ပဲ မှုန်ပြပြလှမ်းမြင်ရတယ်။
 မြေနေရာက တစ်ကယ်ကို မြင့်ပြီးကျယ်ပြန့်လွန်းပါတယ်။ ကြီးမားကျယ်ပြန်တဲ့ လွင်တီးပြင်ခေါင်ကြီးပေါ့။
ဘယ်သူထင်မှာလည်း ဒီမြေပြန်ကြီးမှာ သစ်တောထူတဲ့ စိမ်းညို့တဲ့တောင်ကြီးရှိခဲ့ပါတယ်လို့...။ 
စိတ်ကူးနဲ့ ပန်းချီပြန်ချယ်ကြည့်မိတော့ ဒီနေရာမှာ မြစိမ်းရောင်တောက်နေတဲ့ ဟိုတောင်နှစ်လုံးရဲ့
ညီနောင်တွေရောက်လာခဲ့တယ် ။ ထိုတောင် နှစ်လုံးသာ ရှိနေခဲ့လျင်....
" ဟိုရှေ့ က လက်ပန်းတောင်းတောင်လေ "

ကားဆရာကြီးပြောတော့မှ ကျွန်မအတွေးစတွေပျက်သွားတယ်။ ကြေးနီတောင်နဲ့ ဒါးလွယ်ခုတ်လောက်မှာ
လက်ပန်းတောင်းတောင်တန်းကြီး ရှိနေတယ်။ သူလည်းထုထည်အကြီးကြီးပါပဲ။ သူလည်း စိမ်းညို့နေလေရဲ့။
 သူ့မှာလည်း ဘေးဘက် တောင်ကြောလည် ဟိုးအောက်ခြေတို့မှာ ဒါးခုတ်ရာတွေနဲ့ .....။
လွင်ပြင်ကျယ်ဖြစ်သွားတဲ့ ကြေးနီတောင်ကို ငေးကြည့်ရင်း ကိုယ်တိုင် သားသတ်စင်ပေါ်ရောက်နေသူ တစ်ယောက်ပမာ..။
ထိုထိုမြင်ကွင်းတွေ ကျော်လာတော့ကျွန်မတို့ကားလေး ယင်းမာပင်မြို့ထဲကိုဝင်လာခဲ့တယ်
ညနေမုံရွာကိုပြန်တော့ အလာလမ်းမြင်ကွင်းကို တစ်ကြော့ပြန်ကြည့်ပြီး အတွေးတွေကလည်း
တစ်ကြော့ပြန်လာခဲ့ပြန်တယ်....
ထန်းတောကြီးတွေ ချင်းတွင်းမြစ်စီးရေ
စိမ်းလဲ့တဲ့လယ်ကွင်းတွေ
မြစိမ်းရောင်ချယ် တောင်တန်းတွေ
ဒါ့အပြင်....
စိမ်းစိမ်းစိုစို တောင်တန်းကြီးဘ၀ကနေ မြေသားတလင်းပြင် ဖြစ်ခဲ့ရသောကြေးနီတောင်
ကြိုးစင်ပေါ်ရောက်နေသာ လက်ပြန်ကြိုးတုပ်ခံထားရတဲ့ လက်ပန်းတောင်းတောင်.......
ထိုမှ တဆင့် ... သစ်တောပြုန်းတီးမှုနှင့် သစ်တောကြိုးဝိုင်းများအကြောင်း...ရာသီဥတုနှင့် အညာမြေစိုက်ပျိုးရေး
အတွေးတို့ အတွေးတို့ နယ်ချဲ့ကာ ချဲ့ကာသာနေတော့တယ်...

"မြန်မာ့ရေမြေ သဘာဝ အမြဲလှပနေ
တို့ဘိုးဘွား အဆက်ဆက်က ဆင်းသက်လာပေ ..."
အဘိုးအဘွားတို့ဆီမှ လှပသော ရေမြေသဘာဝတို့ ဆင်းသက်လာပေသည်။
ကျွန်မတို့ ကောင်းစွာ ခံစားခွင့်ရပေပြီ။ သို့သော် ၄င်းရေမြေ သဘာဝတို့  တစ်ကယ်ပဲ အမြဲလှနိုင်ပါ့မလား။
နောက်မျိုးစက်သစ်များ " တို့ဘိုးဘွားအဆက်ဆက်က ဆင်းသက်လာပေ" ဆိုသော တေးသွားအား
ဆက်လက်ရွတ်ဆိုကြဦးမလား.....
ယခုတော့ ကျွန်မတို့ကားလေး မိုးလေး တစ်ဖျောက်ဖျောက်ကြားမှာ အပြေးလေးသွားနေတယ်
...နောက်နောင်များမှာလည်း
မိုးရာသီရဲ့ သဘာဝအတိုင်း ဒီဒေသကို မြစိမ်းရောင်တောင်တန်းတို့ရဲ့ ပျူငှာမှုနဲ့ မိုးပုလဲတို့ သယ်ဆောင်လာတဲ့
 တိမ်သားတိမ်စိုင်တို့ နှစ်စဉ်နှစ်တိုင်း အလည်လာစေဖို့ မရဲတရဲလေးမျှော်လင့်လိုက်ပါတယ်...... 

မိုးပုလဲတို့ရွာပါစေ
မြစိမ်းရောင်တို့ ဆက်လက်တောက်ပနိုင်ပါစေ.....

နှင်းမြတ်





No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>