2 3 4 5 6 7 8 9 10

Tuesday, June 23, 2015

မေတ္တာတွဲသော ပေးခြင်း၊ လှူခြင်း ( ယော ဆရာတော် )



(၁) ကိုယ့်ကျေးဇူးရှင်
(၂) အတူနေသူ
(၃) မိတ်ဆွေ
(၄) ကောင်းမှုမျိုးစေ့ ကြဲဖြန့်ရာ အကျင့်သိက္ခာ ကြီးသော သူတော်ကောင်း
(၅) ခိုကိုးရာမဲ့သူ စတဲ့
ပေးသင့်သူတွေ အတွက် ပေးတဲ့ လှူတဲ့ နေရာမှာ သူတို့ဆီက ဘာတစ်ခုမှ မျှော်လင့် မထားပဲ မေတ္တာစစ်စစ်နဲ့ ပေးတတ်ရမယ်။ သဒ္ဓါ၊ မေတ္တာ၊ ပညာ မွှမ်းထုံ ထားတဲ့ စေတနာအား ကောင်းရမယ်။ သဒ္ဓါ ပညာ ကောင်းမှ ကိုယ့်အတွက် ရအောင် ယူတတ်မယ်။ သူ့ဆီက ပေးမှာ မဟုတ်ပဲ ကိုယ့် စေတနာ ကသာ ပေးမှာ ဖြစ်လို့ ကိုယ့် စေတနာကိုသာ အစွမ်းကုန်သန့်စင် မြှင့်တင် ပေးရမယ်။ လိုချင်တဲ့ လောဘကင်းမှ ဒါမှမဟုတ် မလိုချင်မှ အကျိုးပေး ဖွံ့ဖြိုး ကြီးကျယ်မယ်လေ။ ပေးသင့်တဲ့ သူတွေထဲမှာ ဘယ်သူ့ကိုပဲ ပေးပေး သန့်စင် အေးမြတဲ့ မေတ္တာစစ်စစ်နဲ့ ပေးရမယ်။ လူ့ဘဝမှာ ကုသိုလ်တရားဟာ အဖိုးအတန်ဆုံး ဖြစ်လို့ ကုသိုလ် ရနိုင်သည်ထိ မေတ္တာကို မြှင့်ပေးမှ ကိုယ့်မေတ္တာ အထွတ်အထိပ် ရောက်နိုင်မယ်လေ။ ဒါမှရတဲ့ ကုသိုလ်လည်း အထွတ်အထိပ် ရောက်မှာပါ။ ဒါကြောင့် ပေးတိုင်း လှူတိုင်း မေတ္တာ လွှမ်းခြုံ မွှမ်းထုံ ပေးရမယ်။ ပစ္စည်းနှင့် လူထိတော့ သတိလွတ်ရင် လောဘ ဝင်တတ်တယ်။ လောဘ အလို မပြည့်ရင် ဒေါသမီးပါ တောက်လောင်လာတတ် ပါတယ်။ ဒီတော့ ရရှိလာတဲ့ ပစ္စည်းကြောင့် မပြေမလည် ဖြစ်လို့ အပူသာ တိုးလာ တတ်တယ်။ ချမ်းသာ ပျောက်လို့ ဆင်းရဲရောက် တတ်တယ်။ ဒါကြောင့် မေတ္တာ ဖြန့်ထားရတယ်။ “ငါတို့ ပေးတဲ့၊ လှူတဲ့ ဒီပစ္စည်းနဲ့ ပစ္စည်း လက်ခံသူ ထိတွေ့သွားရင် လောဘ စတဲ့ အပူတွေ မငြိပါစေနဲ့၊ ကုသိုလ်ရရှိ တိုးပွား လာနိုင်လောက်အောင် နှလုံး စိတ်ဝမ်း အေးချမ်းပါစေ။ ဒီပစ္စည်းရဲ့ တန်ခိုး အရှိန်အဝါ စွမ်းအားကြောင့် ဘဝရဲ့ အနှစ် ကုသိုလ်တွေ တိုးပါစေ၊ ကုသိုလ် ကောင်းကျိုးတွေ ရရှိ တိုးပွားပါစေ၊ ချမ်းသာပါစေ။ ဒီပစ္စည်းကို လှေခါးထောင်၊ ငြမ်းဆင်လို့ ကုသိုလ် ပန်းတိုင် အရောက် တက်လှမ်း နိုင်ပါစေ။ ပစ္စည်း ကိုင်ထား မေတ္တာပွားလို့ အများ ကောင်းကျိုး ရအောင် စွမ်းဆောင် ပေးနိုင်ပါစေ။ ဒီမေတ္တာ စွမ်းကြောင့် ကုသိုလ် ထပ်တိုးလို့ ကောင်းကျိုး ဖွံ့ဖြိုးပါစေ၊ ချမ်းသာပါစေ” လို့ ကုသိုလ်နဲ့ အထွတ်တင်ပြီး မေတ္တာဓါတ်တွေ လွှမ်းခြုံ ပေးရမယ်။ သူရော ကိုယ်ပါ ရေတွက် မရအောင် များလှတဲ့ ကောင်းကျိုး စွမ်းအားတွေ ရလာမှာ သေချာ ပါတယ်။ မေတ္တာလည်း ပိုမြင့်မား သွားမယ်လေ။

~ အရှင် သိရိန္ဒာဘိဝံသ ( ယောဆရာတော် )

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>