2 3 4 5 6 7 8 9 10

Tuesday, December 6, 2016

ပုလဲဆိပ်ကမ်း

  ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက်။
တနင်္ဂနွေနေ့ နံနက်ခင်း။
အမေရိကန်ကြည်းတပ်မတော်နှင့် ရေတပ်မတော်သားများအတွက် လခထုတ်ပြီးသည့်နောက် ပထမဆုံးသော တနင်္ဂနွေနေ့ ဖြစ်သည်။ ပြီးခဲ့သည့် တစ်ညလုံး ပုလဲဆိပ်ကမ်း၌ ကပွဲခန်းမများနှင့် ဘားခန်းများတွင် လူတွေနှင့် မဆံ့အောင် ဖြစ်ခဲ့သည်။
ရေတပ်မှ သင်္ဘောအုပ်စုကြီးသည် တမြန်နေ့ကမှ ဆိပ်ကမ်းသို့ ရောက်ရှိလာခဲ့သည်။ ဒီဇင်ဘာလ ၆ ရက်နေ့ ဆိုလျှင် ဟာဝိုင်အီကျွန်းတွင် သင်္ဘောများနှင့် ပြည့်နှက်နေခဲ့သည်။ ကျွန်းပေါ်တွင်လည်း ပျော်ပွဲစား ထွက်လာ ကြသည့်နှယ် စစ်သားများနှင့်အပြည့် ဖြစ်နေသည်။
နံနက် ၀၃း၄၅ နာရီတွင် ပိုကာဝိုင်းကစားနေသူအချို့နှင့် မိမိတို့ရိပ်သာအသီးသီးဆီသို့ ပြန်သွားနေကြ သူများလောက်သာ ရှိနေသည်။
မြူနှင်းများဆိုင်းနေသည့် ပင်လယ်ပြင်ကို မျက်နှာမူကာ တောင်စောင်းတွင် တည်ဆောက်ထားသည့် တဲငယ် တစ်လုံးတွင်းမှ နာရီနှိုးစက်သံက အဆက်မပြတ် မြည်နေသည်။ စက်/လက် တပ်ကြပ် ( တတိယအဆင့် ) ဂျိုးလော့ကဒ်နှင့် တပ်သားအဲလွိုက်တို့ ကွေးနေကြရာမှ ငြီးတွာကာ ထလာကြသည်။ ကိုယ်လက် သန့်စင် ကြပြီးနောက် တာဝန်ကျရာနေရာသို့ အေးမြသော နံနက်ခင်းလေကို ရှူရှိုက်ရင်း လျှောက်လာကြသည်။


        သူတို့တဲအနီးတွင် သတ္တုချောင်းများဖြင့် ပြုလုပ်ထားသည့် ပြတင်းများ တပ်ဆင်ထားသော လေးမြှောင့် ပုံသဏ္ဌာန် ကြီးမားသော ယဉ်နောက်တွဲတစ်ခု ရှိသည်။ ထိုနောက်တွဲတွင် ရေဒါစက်ကိရိယာကို တပ်ဆင် ထားသည်။ ခေါင်မိုးပေါ်တွင် တာပေါ်လင်စဖြင့် ဖုံးအုပ်ထားသော သဏ္ဌာန်အားဖြင့် အုပ်ဆောင်းပုံ ခပ်ဆင်ဆင် ရှိသည့် အတော်အတန်ကြီးမားသော ရေဒီယိုလှိုင်းများ လွှင့် - ဖမ်းသည့် ကောင်းကင်ကြိုးခွက် တစ်ခုရှိသည်။ Radar Aerial ရေဒါကောင်းကင်ကြိုး ဟုလည်း ခေါ်သည်။ သူတို့နှစ်ယောက်သည် ဖုံးအုပ် ထားသော တာပေါ်လင်စကို ဖယ်လိုက်သည်။ မကြာသေးမီက အင်္ဂလန်မှ ရောက်လာသည့်  စမ်းသပ်အဆင့် ရေဒါကိရိယာ သုံးခုအနက်မှ တစ်ခုဖြစ်သည်။ ရေဒါကိရိယာ တီထွင်ပေါ်ပေါက် ခဲ့သည်မှာ မကြာသေးသည့်အလျှောက် လူသိနည်းသေးသည့် အပြင် စိတ်ဝင်စားမှုလည်း သိပ်မရှိခဲ့ကြချေ။ အရပ်သားဘ၀ တွင် အပျော်တမ်းရေဒီယို တည်ဆောက်သူဖြစ်သည့် ဂျိုးလော့ကဒ်အတွက်မူ ထို ရေဒါကိရိယာတွင် လေ့လာစရာတွေ အများကြီး ရှိနေသည်။ သို့သော် သူ့လို စိတ်ဝင်စားမည့်သူမျိုးကတော့ ရှားသည်။

Friday, November 11, 2016

လတန်ဆောင်မုန်း



လတန်ဆောင်မုန်း

ဥတုရာသီ
စင်ကြည်ဝင်းပ
အေးမြစ။

နက္ခတ်စုံလင်
အာနိသင်ပြ
ဆေးပေါင်းခ။

ဗြိစ္ဆရာသီ
စုံညီကျင်းပ
ကထိန်လ။

အချိန်သည်ကား
ထူးခြားလှူဒါန်း
မသိုးသင်္ကန်းနှင့်
ခ၀ဲပန်းလှိုင်
တန်ဆောင်တိုင်။


မောင်ငယ်ညီထွေး

 
Posted by yangonthulay.13 

Friday, October 28, 2016

လေဖြတ်ရောဂါအကြောင်း သိကောင်းစရာများ


               

     ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်နေ့သည် ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးနေ့ ( World Stroke Day ) ဖြစ်ပါသည်။ ကျန်းမာခြင်းသည် လူတိုင်းအတွက် အခြေခံ လိုအပ်ချက်ဖြစ်သည်နှင့် အညီ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်၊ သန်စွမ်း၍ အသက်ရှည်ရှည်နေနိုင်ခြင်းသည် အနှိုင်းမဲ့ဆုလာဘ်တစ်ပါး ဖြစ်ပါသည်။ ကျန်းမာခြင်း၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်သန်စွမ်းခြင်းတို့၏ တန်ဖိုးကို မကျန်းမာသောအခါ၊ မသန်မစွမ်းဖြစ်ကြသောအခါတွင်မှ ပို၍ သိနားလည်လာတတ်ကြသည်။
          လေဖြတ်ရောဂါသည် ကမ္ဘာတစ်ဝန်းတွင် သေဆုံးခြင်း၏ အဓိကအကြောင်းရင်း ဖြစ်သကဲ့သို့ နာတာရှည် မသန်မစွမ်းဖြစ်ကျန်ရစ်စေသော အကြောင်းအရင်းတွင်လည်း အဓိက အချက်တစ်ခု ဖြစ်ပါသည်။ ကမ္ဘာ့လေဖြတ်ရောဂါကာကွယ်ရေးအဖွဲ့ကြီး ( World  Stroke Organization ) ၏ အဆိုအရ ကမ္ဘာပေါ်တွင် လူခြောက်ဦးလျှင် တစ်ဦးနှုန်း တစ်ချိန်ချိန်တွင် လေဖြတ်ရောဂါ ဖြစ်နိုင်ပါသည်။

Friday, October 21, 2016

ကထိန် အကြောင်းသိကောင်းစရာ


အနာမန္တစာရ စသည်ငါးပါးသောသိက္ခာပုဒ်တို့ ကိုသံဃာအတွင်း၌ပြုခြင်းငှါစွမ်းနိုင်၍ မြဲမြံ ခိုင်ခံ့ တည်တံ့သောအနက်။ မှီငြမ်းမရှိ၊ မိမိချည်းသာ၊ လိုရာအလျောက်၊ ပေါက်ရောက်စည်ကား၊ ကြီးပွားလေပြီ၊ သစ်ပင်ကြီးတမျှ၊ ခိုင်ခံ့ လှသောအနက်။ ဘုရားကအစ၊ အရိယာအပေါင်း၊ အရှင်ကောင်းတို့ သည်၊ ကောင်း၏ ကောင်း၏ဟု ချီးမွမ်းအပ်သောကြောင့် ကထိန်မည်ပါသည်။
သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်၌ မြတ်စွာဘုရားသီတင်းသုံးတော်မူသောကာလ၀ယ် ပညတ်တော်မူပါသည်။ ပါဝေယျကရဋ္ဌ၀ါသီ ဘဒ္ဒ၀ဂ်သခင်ညီနောင်သုံးကျိပ်တို့ ကို အကြောင်းပြု၍ ခွင့်ပြုခဲ့ပါသည်။ ဘဒ္ဒ၀ဂ်သခင် အရှင်တစုတို့ သည် သဗ္ဗညုဘုရားရှင်ကိုခူးမြင်ခြင်းငှါ ပါဝါမြို့ မှသာဝတ္တိ သို့ အလာတွင် ၀ါလနီးသောကြောင့် သာဝတ္ထိပြည်ကြီးသို့ မရောက်နိုင်ကြ၍ သာကေတမြို့ တွင် ၀ါဆိုပြီး ၀ါကျွတ်သော်ဇေတ၀န်ကျောင်းအသွား မိုးမိ၍ ရွှံ့ နှစ်ညွန်စေးညစ်ကြေးစွဲကပ်သောသင်္ကန်းဖြင့် ပင်ပန်းသောသဘောရှိသော ထိုရဟန်းတို့ ကိုမြင်လျှင် အလွန်ပင်သနားတော်မူလှ၍ နောင်လာ သံဃာတော် တို့ အားလည်း အကျိုးစီးပွါးများစေခြင်းငှါ ကထိန်ကို ခွင့်ပြုတော်မူခဲ့သည်။
သီိတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ မှစ၍ တန်ဆောင်မုန်းလပြည့်နေ့ အထိ တစ်လအတွင်း ခင်းအပ်သောကာလဖြစ်ပါသည်။ အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော ရဟန်းပုဂ္ဂိုလ်မှသာ ကထိန်ခင်းခြင်းငှါ ထိုက်ပါသည်။ သံဃာသည် ကထိန်၏မူလမည်ပါသည်။
ကိုးထည်သောသင်္ကန်းတို့ တွင် ဒုကုဋ်.ကိုယ်ဝတ်.သင်းပိုင်အားဖြင့် သုံးထည်သောသင်္ကန်းသာ ကထိန်၏၀တ္ထုမည်ပါသည်။ (၀တ္ထု = အကြောင်း၊ တည်ရာမှီရာ၊ ဥစ္စာပစ္စည်း) ခေါမမည်သော လျှော် တမည် ၀ါချည်တမျိုးပိုးချည်တရပ် သက္ကလတ် တတန် ပိုက်ဆံလျှော်တချက် ငါးပါးစုံရောယှက်၍ ရက် အပ်သော ပုဆိုးဟူ၍ ဇာတိဗေဒအားဖြင့် ခြောက်ထည်အပြားရှိပါသည်။ လျှော်ဖွပ်စီရင် ဖြတ်ယှဉ် ချုပ် ဆိုး ဗိန္ဒုထိုးဖြင်းဟုဆိုအပ်သောပုဗ္ဗကရဏ ခုနှစ်ပါးသည် အစ၊ ပစ္စုဒ္ဓိုရ်ပြုခြင်း အဓိဋ္ဌာန်တင်ခြင်းသည် အလယ်၊ ၀စီဘေဒမုခလှစ်ဖွင့် နှုတ်ဆိုမြွက်၍ခင်းခြင်းသည် ကထိန်၏အဆုံးဖြစ်ပါသည်။
ဤသိမ်ဥပစာရအတွင်း၌ တည်သောရဟန်း၊ အနုမောဒနာပြုသောရဟန်း၊ သူတပါးကိုကြားသိ စေသောရဟန်း၊ ဤရဟန်းသုံးယောက်တို့ သည် ကထိန်ခင်းခြင်းကြောင့်ဖြစ်သော အကျိုးဂုဏ်အင် အာနိသင် တို့ ကိုရထိုက်ပါသည်။ ငါးပါးအရေအတွက်ရှိသောရဟန်း၊ ထို့ ထက်သင်္ချာအရာအထောင် ဖြစ်သောရဟန်းတို့ သည် ကထိန်ခင်းခြင်းငှါထိုက်ပါသည်။ ပုရိမ၀ါသို့ မပြတ်၊ ကပ်သောဝါရှိသဖြင့်၊ ပဌမပ၀ါရဏာနေ့ ၌၊ ချမ်းမြေ့ သာယာ၊ ပ၀ါရဏာပြုကြသော ရဟန်းတို့ သည်ကထိန် ခင်းထိုက် ပါသည်။ (၀ါမကျိုးသောရဟန်းကိုဆိုလိုသည်) သဒ္ဓါကြည်ဖြုလှူအပ်သော သင်္ကန်းပင်ဖြစ်စေ၊ ဗြဟ္မာအများ ညွတ်တွားကော်ရော် ပူဇော်အပ်သော သက်န်းပင်ဖြစ်စေ၊ သီတင်းသုံးဖော်ငါးယောက် တို့ တွင် တစ်ယောက်ယောက်သောသူ လှူအပ်သောသင်္ကန်းပင်ဖြစ်စေ၊ အမှတ်မရှိသောသူ လှူအပ်သောသင်္ကန်းပင်ဖြင့်ပင် ဖြစ်စေခင်းအပ်ပါသည်။

 

ကထိန်အလှူရှင်များ ရရှိသောအကျိုးငါးပါး

၁။ အဆီးအတားမရှိ မိမိလိုရာသို့ လွယ်ကူစွာသွားနိုင်ခြင်း၊ မင်းဒဏ်စိုးဒဏ်မှ လွတ်ကင်းချမ်းသာရခြင်း၊
၂။ ၀န်ထုတ်မပါ ပေါ့ပါးစွာ သွားတဲ့နေရာချမ်းသာမှုနဲ့ တွေ့ ရခြင်း၊
၃။ ခဲဖွယ်ဘောဇဉ် ချိုချဉ်ရသာ အဖြာဖြာတို့ မှန်စွာမယွင်း ပေါများခြင်း၊
၎။ အဘိုးတန် ဆန်းကြယ်ခေတ်ပေါ်သော အ၀တ်အစားကောင်းများ ၀တ်ဆင်ရခြင်း၊
၅။ မိမိပိုင်ငြား ပစ္စည်းများကို ရန်သူမျိုးငါးပါးတို့ မှ မဖျက်ဆီးနိုင်ခြင်း။

* Posted by Win Thida Oo
 

Friday, August 5, 2016

ပြန်လျော်ပေး



ပြန်လျော်ပေး
အဖေ့ကို ပြန်လျော်ပေး
အမေ့ကို ပြန်လျော်ပေး
ဘိုးဘိုးကို ပြန်လျော်ပေး
ပြန်လျော်ပေး..။
ညီ ညီမလေးတွေကို
ပြန်လျော်ပေး
ကျွန်တော့်ကို ပြန်လျော်ပေး
ကျွန်တော်နဲ့ ဆက်စပ်တဲ့
လူသားအားလုံးကို ပြန်လျော်ပေး
လူ့လောကမှာ ပျက်စီးသွားတဲ့
ငြိမ်းချမ်းရေးကို ပြန်လျှော်ပေး...။

Toge Kichi
တော်ဂဲကိကျိ ဟူသော ဂျပန် ကျောင်းသားလေး ဟီရိုရှီးမား အနုမြူဗုံးဒဏ်ကြောင့် ၀ဒနာ ခံစားနေရစဉ် မသေဆုံးမီ ကာလတွင်း ..  ဆးရုံပေါ်တွင် ဤကဗျာလေးကို ရေးစပ်သွားခဲ့သည်။ ဟီရိုရှီးမား ငြိမ်းချမ်းရေးပန်းခြံအတွင်းရှိ သူ၏ အုတ်ဂူတွင် ရေးထိုးထားပါသည်။


Monday, July 11, 2016

မိုးသည်းနေ့


တောင်ပေါ်မြို့လေးက ပိုအေးနေခဲ့သလား။
မြို့ပြရန်ကုန်လို ကားအန္တရာယ်သိပ်မပူရပေမယ့်
အလွမ်းတွေနဲ့ 
မကြာခဏ တိုက်မိပြန်ကော။

ပျော်ရာမနေ တော်ရာမှာနေကြတဲ့
ခြေဦးတည့်ရာ မသွားချင်ပါဘူး
စိတ်ကူးလှည့်ရာတော့ နေချင်မိပြန်တယ်။
မြင်ကွင်းက
မြူခိုးလား တိမ်လားမသဲကွဲ
အနေအထားတွေ ဝေဝါးနေဆဲ။

ပကာသနဆန်တဲ့ အမြန်လမ်းမကြီးပေါ်မှာ
ရေလား တံလျှပ်လား....။ဲ
ဘဝပေးကိုက ရင်နာနာနဲ့ တံလျှပ်ဖြစ်ဖို့သာ 
ဆုတောင်းရမယ့် အခြေအနေမျိုး။
အေးမြတဲ့ဖြားယောင်းမှုကြောင့်သာ
ဦးတည်ရာတွေ ယိမ်းယိုင်သွားစေမှာ။ု
စီးနေရတဲ့ ယာဉ်ကို မယုံကြည်ရင်တောင်
လျှောက်လှမ်းရမယ့် ဖဝါးတွေကိုသာ
ယုံကြည်လိုက်တော့တယ်။

ခြေဖဝါးတွေ စူးခံရမှ
ဖိနပ်လေးပါးလာမှန်း သတိထားမိတယ်။ှ
အသစ်တစ်ရံတော့လဲဦးမှ.....။ှ
ယုံကြည်ချက်တွေ စူးခံရမှ မျှော်လင့်ချက်တွေ
ပါးလာမှန်း သတိထားမိတယ်
စိတ်ဓာတ်လေးနဲ့ ဖာဦးမှ။ ။

( သန်းထွန်းလင်း ) 

Monday, June 27, 2016

ဖွဲ့ဆိုခြင်း




ချစ်ခြင်းမေတ္တာကို
သံယောဇဉ်နဲ့ ဖွဲ့ပါ ..
အမေ့ကို
ကျေးဇူးတရားနဲ့ ဖွဲ့ပါ ..
ချစ်သူကို
အိပ်မက်နဲ့ ဖွဲ့ပါ ..
အမေ့ကို
မေတ္တာတရားနဲ့ ထပ်မံဖွဲ့ပါ ..
ချစ်သူကို
မြတ်နိုးခြင်း သစ္စာတရားနဲ့ ထာဝရဖွဲ့ပါ..
ယုံကြည်ချက်ကို
အသွေး ... အသား ... ဘဝတခုလုံးနဲ့ဖွဲ့ပါ..
ကိုယ့်ကိုယ်ကိုယ်တော့
စင်ကြယ်ခြင်း သမိုင်းလိပ်ပြာနဲ့ ဖွဲ့ပါလေ ...။  


ကမာပုလဲ

Monday, June 6, 2016

ရှေ့ဆက်၍သာ


ခရီးလမ်းလျှင်
ကြမ်းတမ်းနက်ရှိုင်းနေသော်လည်း
ခရီးလမ်းလျှင်
ဖြောင့်တန်းမညီညာသော်လည်း
ခရီးလမ်းလျှင်
ရောပြွမ်းဆူးခက် ထူသော်လည်း
ခရီးလမ်းလျှင်
မျှော်မှန်းမမြင်ရသော်လည်း
အားမပျက်နှင့်
ရှေ့ဆက်၍သာ လှမ်းခဲ့ပါလျှင်
ကြယ်ပြာကွန့်မြူး လ၀ါထူးနှင့်
လေရူးသုန်သုန် သင်းပျံ့ထုံကို
တွေ့ကြုံခံစားရလိမ့်တကား..။

( လှဝင်းညို )

စာပေလောက



စာပေလောက၊ ကျယ်ပြောလှ၏
သူကတစ်ဖြာ၊ ငါကတစ်ဖုံ
ထုံတတ်သည်မှာ၊ ဓမ္မတာတည့်။
ငါ့ဥာဏ် ငါ့ယူ၊ သူနှင့်မညီ
ဖီတတ်သည်မှာ၊ ဓမ္မတာတည့်။
အထုံအဖီ
စုံညီအတွဲ၊ ရှိစမြဲတည့်
ငါစွဲမသို၊ ကိုယ်စွဲမထား
စာပေအားသာ၊ ပွားပါစေချင်
ကြိုးစေချင်သည်
ငါ့တွင်ဆန္ဒ ကြီးနိုင်မှ..။

ဇော်ဂျီ 
မြ၀တီ အတွဲ ၁၁၊ အမှတ် ၁၊ ၁၉၆၂

ထိကရုံးပင် ( ဇော်ဂျီ )


ခရမ်းရောင် ငွေမှုန်လဲ့နှင့်
နွဲ့ပါဘိ သူ့ဟန်သွင်
ဆွတ်ချင်လို့မေး..။

ထိစမ်းနှင့်လေ
ပွေလာလျှင် တကယ် မုန်းပါငဲ့
ရုန်းလိုက်မယ်လေး.. ။

ဇော်ဂျီ 
ဂန္တလောက၊ ၁၉၃၆


Saturday, May 21, 2016




အတိတ်ကိုတွေး
မဆွေးလေနဲ့..
အတိတ်ဆိုတာ ပြန်မလာဘူး..။

အနာဂတ်ကိုမှန်း
မလွမ်းလေနဲ့....
အနာဂတ်ဆိုတာ မသေချာဘူး..။

လက်ရှိချိန်မှာ ကြုံတွေ့ရာဝယ်
ပညာလုံ့လ အသုံးချလျက်
ဘ၀တန်ဖိုး အားမာန်ကိုးကာ
မြတ်နိုးကြည်ဖြူ အရယူစို့...။



ဒေါက်တာနန္ဒမာလာဘိဝံသ

Thursday, May 19, 2016

ရာသီဦးအလှ



နွေနှောင်း လွန်သော်
သစ်ပင်ပေါ်၌ ရွက်ရော် ကင်းလျက်
အနုအသစ် ဖူးပုရစ်တို့
မိုးစက်ပွင့်သို့ မျှော်ရှာလေပြီ..။
ဆွေပေါင်းမွန်ဖော်
ကျောင်းနေပျော်ပါး စာသင်သားတို့
ကြွားကြွားဝင့်လျက် အားအင်သစ်နှင့်
ကျောင်းဖွင့်ရက်သို့ မျှော်ရှာလေပြီ..။
ရာသီအစ ၀သန္တမှာ
ပုရစ်ဖူးစ စိမ်းမြမြနှင့်
လူငယ်အလှ စိမ်းမြမြတို့
လောကတခွင် အလှဆင်၍
အမြင်အေးမြ ပေဦးမည်..။
ခိုင်ညီသွေး( ကျေးလက် )

Wednesday, May 18, 2016

ထူးမြတ်သာစွ လကဆုန်


မြူခိုးမင်းလွင်
ဇာမျှင်ပိုးသား၊ ယှက်သန်းထားလို့
ခြုံလွှားဝန်းကျင်၊ တံလျှပ်နှင်လျက်
ရွက်ကျင်ကြွေညောင်း၊
ရွက်သစ်လောင်းသည့်
နွေနှောင်းအလှ၊ နုသစ်မြသည်
သာစွကဆုန် လပေကို..။
ရွက်ကျန်ကြွေလွင့်
မိုးပွင့်အခြွေ၊ လေရူးမွှေခိုက်
မြေသင်းရနံ့၊ ရပ်လုံးဖြန့်လျက်
ကပ်လှန့်လျှပ်မြူး၊ မိုးသံကျူးကာ
မိုးဦးနိဒါန်း၊ မုတ်သုံကမ်းသည်
ချမ်းမြကဆုန် လပေကို..။
နက္ခတ်ယှဉ်လာ
“၀ိသာခါ” တည့်၊ ရာသီ “ပြိဿ”
နွေလမမည်၊ မိုးမပီသေး
လေပြေရှင်းသန့်၊ ခင်းအဖြန့်တွင်
နံ့သာထုံမွမ်း၊ စကားပန်း တို့
မြိုင်ထန်းတောရပ်၊ ပွင့်စုံဟပ်သည်
ထူးမြတ်ကဆုန် လပေကို..။
မြတ်စွာဗုဒ္ဓ
ဤလမြတ်ထူး၊ လပြည့်ဦးဝယ်
မီးရှူးသန့်စင်၊ ဖွားတော်မြင် ခဲ့
ဉာဏ်စဉ်တော်ပွား၊ သစ္စာတရားနှင့်
ဘုရားအဖြစ်၊ ပေါ်ထွန်းရစ်ခဲ့
မေတ္တာစွမ်းပြည့်၊ ဓမ္မအသိနှင့်
ပရိနိဗ္ဗာန်၊ ကိန်းဝပ်စံခဲ့
သုံးတန်သုံးရပ်၊ ကြောင်းစုံထပ်သည်
လမြတ်ကဆုန်၊ ထူးမြတ်စုံစွ
လူ့ဘုံချမ်းမြ၊ ဘယာဝအောင်
ပူပင်သောက၊ အေးငြိမ်းရအောင်
ဗုဒ္ဓရည်မှန်း၊ ရေစင်ချမ်းနှင့်
တစ်ဝန်းပြည်ရွာ၊ ခြိမ့်သဲစွာပင်
စဉ်လာမပျက်၊ သွန်းဖျန်းပက်သည်
ချစ်မက်တွယ်တာ ဆင်ယင်နွှဲ
ဗောဓိညောင်ရေ သွန်းသည့်ပွဲ…။

မင်းသွေးနွယ်

ဗုဒ္ဓ နှင့် ဗုဒ္ဓ၀ါဒ ( ရာဘင်ဒြာနတ်တဂိုးအမြင် )


   ကဆုန်လပြည့် ဗုဒ္ဓနေ့ ၀ိသာခါ အခါတော်ပွဲ ဆင်နွှဲရန် အကျွန်ုပ်လာရောက်ရာ၌ အကျွန်ုပ် ၏ နှလုံးသည်းပွတ် ထဲတွင် ဗုဒ္ဓရှင်တော်မြတ် ဘုရားအား ဤလောက၌ မွေးဖွားပြီးသော လူအပေါင်း တို့တွင် အကြီးဆုံး အမြတ်ဆုံးလူသား အဖြစ် မှတ်ယူ ကာ ဦးညွှတ်ဂါရ၀ပြုရန် ဖြစ်ပါသည်။ အကျွန်ုပ်က ဤသို့ ဂါရ၀ပြုခြင်းသည် သမားရိုးကျဝတ်ပြုသည့် သဘောမျှ မဟုတ်ပါ။ ထိုဗုဒ္ဓ မြတ်စွာဘုရားအား အကျွန်ုပ်၏ နှလုံးသည်းပွတ်တွင်းက ယုံကြည်ကိုးကွယ် ဆည်းကပ် ကြောင်းကို ထုတ်ဖော်ပြသရန်အတွက်လည်း ဖြစ်ပါသည်။

    တစ်ခါက အကျွန်ုပ်သည် ဗုဒ္ဓဂယာသို့ ရောက်ခဲ့ဖူးပါသည်။ ထိုစဉ်အခါ၌ အကျွန်ုပ်၏စိတ်တွင် ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှားပွင့်စဉ်အခါ မိမိမှာလူဖြစ်ပြီး မြတ်စွာဘုရား၏ တရားတော်များကို နှလုံးပြည့်ဝစွာဖြင့် တိုက်ရိုက်မနာကြား ခဲ့ရခြင်းအတွက် ရင်ထုမနာ ဖြစ်ခဲ့ရပါသည်။
     ဗုဒ္ဓဂယာတွင် ဝေးလံလှစွာ ပင်လယ်ရပ်ခြား ဂျပန်နိုင်ငံမှ သမုဒ္ဒရာကို ဖြတ်ကျော်ကာ ရောက်လာသော တံငါသည် သူဆင်းရဲ တစ်ဦးကို တွေ့ခဲ့ရပါသည်။ သူသည် မိမိပြုဖူးသော အကုသိုလ် ဒုစရိုက်များအတွက် နောင်တ ကြီးစွာရလျက် ဗုဒ္ဓဂယာသို့ ဘုရားကိုကြည်ညိုစိတ်ဖြင့် ရောက်လာခြင်းဖြစ်ကြောင်း ထင်ရှားပါသည်။ သူသည် ညနေခင်းမှစ၍ ညဥ့်နက် သန်းခေါင်ကျော်သည့်တိုင်အောင် တင်ပျဉ်ခွေထိုင်ကာ “ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ” ဟူ၍ သရဏဂုံ ဆောက်တည်ကာ နှုတ်မှဖွဖွ ရွတ်ဆိုနေရှာပါသည်။


Thursday, May 12, 2016

သဘာဝ ပတ်ဝန်းကျင် ကျေးဇူးရှင်

သဘာဝ ပတ်ဝန်းကျင် ကျေးဇူးရှင်မှန်း မသိသား ဆိုးဝါး အိုလူသားတို့ 
စာရေးသူနေထိုင်ရာ နေပြည်တော် ပျဉ်းမနားမြို့၊ ရွှေချီရပ် အရှေ့မစိုးရိမ် ဥုတံ္တတားလမ်းဘေး ဓမ္မာစရိယစာသင်တိုက် (ရှေး အခေါ် သစ်ကျိတ်ကျောင်း) ဘေးရှိ လမ်းပခုံးခေါ်ကတ္တရာလမ်းဘေးတွင် ပေါက်နေသော စိမ်းစိမ်းစိုစို မြေစာနှင့် မုံညင်းရော ရာ မြက်ခင်း ကလေးများကို မည်သည့် ပညာရှင်များက ပေါင်းသတ်ဆေးဖျန်းထားသည်မသိပါ၊ ညိုးနွမ်းနေသည်။ အချို့က မီးပင်ရှို့ ထားသေး သည်။
လမ်းပခုံး (Road Shoulder) ခေါ်သော ယာဉ်နှင့် လူသွား ကတ္တရာလမ်းဘေး (မာကျင်) မြေများပေါ်တွင် သင့်တင့် သလောက် ပေါက်နေသော မြက်ခင်းကလေး များသည် စိမ်းစိုရွှန်းမြ၍ ပူပြင်း သော ဝန်းကျင်တွင် အေးမြသော မြင်ကွင်းကို ရစေ သည်။ စိတ် ကြည်နူးမှုရသည်။ ထိုမြက်ခင်း ကလေးများရှိနေခြင်းဖြင့် မိုးပြင်း မိုးသည်းရွာ၍ လမ်းပေါ်မှ ရေများ လမ်းဘေးမြောင်း တွင်း စီးဆင်းရာတွင် လမ်းပေါ်ကပါလာသော ဖုန်၊ သဲ၊ ကျောက်စရစ်ခဲငယ်များကို ဖမ်းယူတားဆီးထားသဖြင့် လမ်း ဘေးရေနုတ်မြောင်း များ သဲနုန်းပို့ ပိတ်ဆို့ခြင်းလည်း မဖြစ်တော့ပေ။
ထိုထိုသော လမ်းဘေးလမ်း ပခုံး (Road Shoulder or Road Margin) ပေါ်ရှိ  မြက်များကို အ လုပ်မရှိ အလုပ်ရှာပြီး စည်ပင် ဝန်ထမ်းတို့က ပေါက်တူးဖြင့် ပေါက်ထုတ်ရှင်းလင်းပစ်နေသော ကြောင့် လမ်းပခုံးတွေမို့ ရေတိုက် စားပြီး ရေနုတ်မြောင်းတွေ သဲနုန်း ပို့ကာ ပိတ်ဆို့မှုဖြစ်ရပါသည်။ ဤ အခြေအနေကို အမှန်မသိ၍လော၊ အလုပ်သမားကို အလုပ်ချပေးရန် သာ အဓိက တာဝန်ဟု ယူဆ၍ လော။ ထိုထိုသော လမ်းဘေး လမ်း ပခုံး (Road Shoulder or Road Margin) များပေါ်ရှိ ပေါင်းမြက် များကို မြို့ပြတွင်သာမက မြို့ပြင်၊ ဌာနဆိုင်ရာ ရုံးများဘေးရှိ အဝေး ပြေးလမ်းဘေးများ၊ တပ်ရင်းတပ်ဖွဲ့၊ ရဲစခန်းများ၏ ဘေးနားတွေမှာ လည်း မြင်ခဲ့ရဖူးပါသည်။အမြင်မ ဆိုးလှပဲ အန္တရာယ်လည်း မဖြစ် လောက်သော လမ်းပခုံးမြက်ခင်း များကို မရှင်းသင့်ပါ။
သုတေသီတို့သည် နှစ်လကြာ မြင့်စွာမှသည် ယခုတိုင် သစ်ပင်၊ သီးနှံ၊ မြက်ခင်းစသော သစ်ပင်မျိုး စုံတို့၏ ပတ်ဝန်းကျင် (လူသားနှင့် သက်ရှိလောကဝန်းကျင်) အကျိုး ပြုနေပုံကို စနစ်တကျလေ့လာထား ခဲ့ကြပြီးဖြစ်သည်။
သစ်ပင် (ကြီးငယ် မရွေး) အ စိမ်းရောင်ရိုးတံနှင့် အရွက်ရှိ အ ပင်များသည် လေထုထဲမှ ကာဗွန် ဒိုင်အောက်ဆိုဒ်ကို စုပ်ယူပြီး အ ပင်အာဟာရ (အစားအစာ)အဖြစ် ကစီကို ချက်လုပ်ကြရသည်။ ထိုသို့ချက်လုပ်ရာတွင် စိမ်းလန်းစိုပြေစွာ တက်ကြွ စွာ ပေါက်ရောက် ရှင်သန်နေသော မြက်အမျိုးအစား အ ပါအဝင် သီးနှံပင်စိုက်ခင်း ဧရိယာ တစ်ဟက်တာ (၂.၄၇ ဧက) ရှိ သောမြေကွက်မှ အပင်များသည် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် (Carbondioxide) ခုနစ် တန်မှ ရှစ်တန်ကို ဝန်းကျင်လေထုမှ စုပ် ယူ အသုံးပြုရသည်၊

သို့အားဖြင့် ပတ်ဝန်းကျင်တွင် လေထုညစ်ညမ်း စေသော ကာဘွန်ဒိုင်အောက်ဆိုဒ် ဓာတ်များကို လျော့နည်း သွားစေ သည်။ ထိုသို့ ကာဘွန်ဒိုင်အောက် ဆိုဒ်ကို စုပ်ယူအသုံးချနေစဉ်မှာပဲ ထို (၂.၄၇ ဧက) အရွယ်ရှိ သစ် ပင်များ၊ သီးနှံခင်းမှ Oxygen အောက် ဆီဂျင် ဓာတ် ငါးတန်မှ ခုနစ်တန်ကို ထုတ်ပေးလိုက်သည်။ ထိုမျှသော Oxygen ပမာဏသည် လူ ၁၂ ဦး တစ်နှစ်စာ အသက်ရှူ သုံးနိုင်သည်ဟု ဆိုပါသည်။ စိမ်း စိမ်းစိုစို ရိုးတံရွက်အုပ်ရှိသော အ ပင်များသည် အစာအာဟာရ အလို့ငှာ သွက်သွက်လက်လက် အလင်းဖြင့် အစာဖွဲ့နေစဉ် မြေ တွင်းမှ စုပ်ယူရရှိပြီး ကစီဖွဲ့၍ပို သောရေများကို ရေငွေ့အဖြစ် ထုတ်ပေးသော (Transpire) လုပ် ပေးရ သည်။ ထို Transpiration water vapour များသည် သီးနှံခင်း ၏ လေထုထဲသို့ ရေများအဖြစ် ရောက်သွားရာ၊ ထိုရေငွေ့တွေ ရေ ဖြစ်သွားသောအခါ စုစုပေါင်းရေ ပမာဏသည် စိုက်ခင်းတစ်ဟက် တာ (၂.၄၇ ဧက) ရှိ စိုက်ကွက်အ တွက် မိုးရေချိန် (Rainfall) နှင့် တွက်လျှင် ၂ဝ မှ ၄ဝ စင်တီမီတာ (၈ လက်မမှ ၁၆ လက်မ) နှင့် ညီ မျှသည်ဟု ဆိုပါသည်။
သို့ဖြစ်လျှင် လူသားတို့၏ နေထိုင်ရာ ရပ်ကွက်၊ လမ်းဘေး အိမ်ခြံမြေများရှိ မြက်ခင်း၊ သစ်ပင်၊ ခြုံနွယ် စိုစိုစိမ်းစိမ်းတို့သည် ကတ္တရာ ခင်း၊ ကွန်ကရစ်ခင်းထား ခြင်းထက် လူသားနှင့် သက်ရှိဝန်းကျင်အတွက် ကာဘွန်ဒိုင်အောက်ဆိုဒ်ဖယ် ရှားပေးခြင်း၊ အောက်ဆီ ဂျင် ဓာတ် (လေကောင်းလေသန့်) ပံ့ပိုးပေးခြင်း၊ လေထုနှင့် မြေသားအ တွက် စိုစွတ်မှု ရေငွေ့ရေ စက် ဖြည့် စွက်ပေးခြင်းဟူသော အကျိုးကျေး ဇူးများကို သဘောပေါက်လျှင် မသိသားဆိုးရွားသော အထင်အ မြင်များဖြင့် ပတ်ဝန်းကျင်ကို မပြု ပြင်ကြစေလိုပါ။
သက်ရှိ လူသားတို့နေထိုင်ရာ သြကာသလောကကြီး ထာဝစဉ် ရှင်သန်စေရေးအတွက် တင်ပြ အပ်ပါသည်။

သုတကျော်

Monday, May 9, 2016

ကာသိမင်း နှင့် ကောသလမင်း ( ရာဘင်ဒြာနတ်တဂိုး )


ကောသလမင်းသည် သူဆင်းရဲများနှင့် ခိုကိုးရာမဲ့များကို အဆွေခင်ပွန်းသဖွယ် ကူညီစောင့်ရှောက်သူအဖြစ် ဝေးနီးအနှံ့ ထင်ရှား ကျော်စောလေသည်။
ဤသတင်းကို ကြားရသောအခါ ကာသိမင်းသည် လွန်မင်းစွာ မနာလိုဝန်တိုခြင်း ဖြစ်မိ၏။
            “ငါ၏ ပြည်သူတို့သည် ကောသလမင်းက ငါ့ထက် တန်ခိုးကြီးမြင့်သည် ဟူ၍ မှတ်ထင်နေကြသည်၊ ကောသလမင်းသည် အလှူဒါန ပြုဟန်ဆောင်လျက် ပြည်သူတို့ကို သူ့ဘက်ပါလေအောင် ကြံဆောင်ဘိ၏ ၊ ရှက်ဖွယ်အပြုအမူသာတကား၊ အို စစ်သည်တို့.. စစ်ပြုရန် ပြင်ကြလော့၊ မည်သူက ပို၍ တန်ခိုးကြီးမြင့်ကြောင်းကို ဓားလှံလက်နက်ဖြင့် စစ်ဆေးပြပါအံ့”..။
            ဤသို့ သူသည် ကြုံးဝါးပြီးလျှင် ကောသမင်းကို စစ်ပြုလေသည်။ မကြာမီ စစ်ပွဲသည် ပြီးဆုံးသွားလေသည်၊ ကောသလမင်းသည် စစ်ရှုံးသဖြင့် တောတွင်းသို့ ပြေးဝင် ပုန်းအောင်နေရလေသည်။ ဤတွင် ကာသိမင်းက “အလှူဒါနသည် မအောင်မြင်နိုင်၊ လက်နက်အင်အား ခိုင်မာတောင့်တင်းပြီးသူသာလျှင် အောင်နိုင်လေပြီတကား” ဟူ၍ ကျူးရင့်လေသည်။


            သို့သော် ပြည်သူတို့က မချမ်းမြေ့ကြ။
            “တရားကို နတ်မစောင့်တော့ပြီ အမှန်တရားသည် ဆိတ်သုဉ်းနေပြီ၊ မကြာမီ ဤကမ္ဘာသည် ပျက်စီးခြင်း သို့ ရောက်ရပေတော့မည်” ဟူ၍ သူတို့သည် ဆိုမြည်ကြလေသည်။
            ထိုအခါ ကာသိမင်းသည် ပြင်းစွာ အမျက်ထွက်ပြန်လေသည်။
            “အဘယ်ကြောင့် သူတို့သည် ရန်သူ့အတွက် စိတ်မချမ်းမြေ့ခြင်း ဖြစ်နေရပါသနည်း၊ အဘယ်ကြောင့် ငါ့ကို အချည်းနှီးတည်းဟု ယူမှတ်နေကြပါသနည်း၊ ရန်သူ၏ ကြံစည်မှုပင် ဖြစ်တန်ရာ၏ ၊ ရန်သူသည် အရေးနှိမ့်လျက်မှပင် ငါ့အား အောင်နိုင်ရန်ကြံဘိ၏ ၊ အို .. စေတမန်တို့ .. ကောသလမင်း၏ ဦးခေါင်းကိုဖြတ်လျက် ငါ့ထံယူဆောင်လာနိုင်သူအား ဆုတော် ရွှေစင်တစ်ရာ ပေးသနားမည့်အကြောင်း ပြည်လုံးအနှံ့ ကြေညာချေလော့..”
            ဘုရင့်အမိန့်ကို နာခံလျက် စေတမန်တို့သည် ပြည်လုံးအနှံ့ လိုက်လံကြေညာကြလေသည်။ ပြည်သူတို့ကား နားတို့ကို ဆို့ပိတ်လျက် စေတမာန်တို့နှင့် ဝေးရာသို့ ရှောင်ရှားသွားကြလေသည်။
ကောသလမင်းသည် တောတွင်း၌ သူတော်စင်တရားကို ကျင့်လျက် တစ်ကိုယ်တည်း လှည့်လည်နေထိုင်နေရလေသည်။
            တစ်နေ့တွင် ခရီးသည်တစ်ဦးသည် ကောသလမင်းကိုတွေ့ ရှိသည်တွင် မင်း ဟူ၍မသိပဲ သူတော်စင်အမှတ်ဖြင့်ပင် ဤသို့မေးမြန်းလေသည်။
            “အို..သူမြတ်၊ ကောသလနိုင်ငံသို့သွားရာ ခရီးလမ်းကို ကျွန်ုပ်အား ညွှန်ပါလော့”
“ခရီးသည်၊ အဘယ်ကိစ္စအလို့ငှာ ကောသလနိုင်ငံကို သွာလိုပါသနည်း”
“သူမြတ်..ကျွန်ုပ်သည် ကုန်သည်တစ်ဦး ဖြစ်ပါသည်၊ ကျွန်ုပ်၏ ကုန်သင်္ဘောမှာ မုန်တိုင်းဒဏ်ကို ခံရပါသဖြင့် ကျွန်ုပ်၏ ပစ္စည်းဥစ္စာဟူသမျှ ဆုံးရှုံးခဲ့ပါသည်၊ ကောသလမင်းသည် ခိုကိုးရာမဲ့တို့ကို ကူညီသူ ဖြစ်ပါသည်၊ ကျွန်ုပ်၏ ဒုက္ခကို ကြားသိရပါက မုချကူညီမည်သာ” ဟု ဆိုလေသည်။
            သူတော်စင်သည် မျက်ရည်တို့ကို ဖုံးကွယ်လိုသဖြင့် ပြုံးရယ်လိုက်လေသည်။ သူသည် ခေတ္တစဉ်းစားပြီးနောက် သက်ပြင်းချလျက် ဤသို့ ဆိုလိုက်လေသည်။
            “ခရီးသည်.. ငါ့နောက်သို့လိုက်ခဲ့ပါလော့၊ သင်၏ ဆန္ဒကို ဖြည့်စွမ်းနိုင်သူအထံသို့ ယခု သင့်ကို ငါ ခေါ်ဆောင်သွားပါအံ့”
            သူတော်စင်သည် နန်းတော်သို့ဝင်ပြီးလျှင် ကာသိမင်းကို ဦးညွှတ်လျက် ဤသို့ဆို၏။
            “အို.. ကာသိမင်း၊ ကျွန်ုပ်ကား ကောသလမင်းပေတည်း၊ သင်သည် ကျွန်ုပ်အား ဖမ်းဆီးဆက်သနိုင်သူကို ဆုတော်ရွှေစင်တစ်ရာ ပေးသနားမည် ဟူ၍ ကြေညာခဲ့သည် မဟုတ်ပါလော၊ ယခု ကွန်ုပ်သည် သင့်လက်သို့ရောက်ပြီ၊ ကတိအတိုင်း ဆုတော်ကို ကျွန်ုပ်၏ အဖော်အားပေးပါလော့”
            မှုးမတ်တို့သည် အံ့အားသင့်လျက် ငြိမ်သက်နေကြသည်။ စစ်သည်တော်တို့သည် သူတို့၏ လှုပ်ရှားလျက်ရှိသော စိတ်ကို ထိန်းချုပ်ထားကြသည်။
            ဘုရင်သည် သူတော်စင်ကို အတန်ကြာမျှ စူးစိုက်ကြည့်နေမိသည်။ ထိုနောက် သူသည် နေရာမှထလျက် ရယ်မော လိုက်လေသည်။
            “အို.. ကောသလမင်း၊ သင်သည် သေခြင်းတရားကို ရင်ဆိုင်လျက် ကျွန်ုပ်အား အောင်နိုင်ရန် ကြံဆောင်သည် မဟုတ်ပါလော၊ သင်၏ မျှော်လင့်ချက်တို့ကို ကျွန်ုပ်ချေဖျက်ပါအံ့၊ ကျွန်ုပ်သည် ယနေ့အောင်နိုင်သူ ဖြစ်လေပြီ၊ ယခုပင် ကောသလနိုင်ငံကို အသင် ပြန်လည်သိမ်းပိုက်ပါချေလော့”
            ဤသို့ဆိုပြီးလျှင် သူသည် သူတော်စင်အား လက်ကိုဆွဲလျက် ရာဇပလ္လင်ပေါ်တွင် ထိုင်စေသည်။ ထို့နောက် ကျောက်မျက် ရတနာ တို့ဖြင့် အတိပြီးသော သရဖူကို မြူမှုန်အလိမ်းလိမ်းကပ်နေသော သူတော်စင်၏ ဦးခေါင်းထက်သို့ တင်ဆောင်ပေးလိုက်လေ၏။
ရာဘင်ဒြာနတ်တဂိုး


Friday, May 6, 2016

ပုဂံအလှ မြန်မာ့တာဝန်



ကောက်ကြောင်းမှာ ဆေးရည်ဆိုး
ဂူပုထိုး နံရံမှာ။
နိပါတ်တော် ထုပ္ပတ္တိ
အဘိုး၏ လက်ရာ ။
ဝါးနှီး ခွေကာ
သစ်စေးကာ လူး။
ကနုတ်နွယ် ထည်ကာကြွလို့
အဘွား လက်ရာလှ
ချစ်စရာ့ ယွန်းဘူး။

ပန်းချီကား ဘိုးလက်ရာ
ဆေးစက် ဖြာလို့ကြည်။
ခံ့ထည်စွာ တီထွင်ပန်း
သန်စွမ်း ဝေစီ။
ရှုစမ်းတော့ညီ
ပီလေရဲ့  ရောင်စုံကား။
မြန်မာ့ဟန် ပီပီနှိုး
ဘိုး ပုဂံသား။

ယွန်းဘူးလေး ချစ်စရာ
တစ်မျိုး သာလှသည်။
ရိုးရာညီ တီထွင်လုပ်
အရုပ် စုံသည်။
ရှုစမ်းတော့ညီ
ရေကြည်ထည့် သောက်မှာလား။
လက်ဆောင်ပေးချင်လည်း
အသွေးယဉ် အဆင်ကွဲဟန်တစ်မူနဲ့
ပုဂံသူ အဘွား။

တို့အဘိုး တို့အဘွား
ပုဂံသား ရာဇ၀င်
အယဉ်မှာ အစဉ်သာလို့
မြန်မာတို့ ဂုဏ်လွင်။
ပန်းမျိုးစုံလင်
အမျိုးဂုဏ်တင်လို့ သစ်လွင်ဟိန်း။
ရှေးအတီ ပုဂံအလှကိုက
မွှေးကြည်ကြည် မြန်မာဆန်လှပါပကော
ကြံဆကာ တီထွင်ထားလေတဲ့
ဘိုးဘွားမွေ ရိုးရာဟန်ကိုဖြင့်
ရိုးညှာတံ အရွက်မဖုံးရအောင်
မက်ဆုံးမပြေ ရွှေအလှကိုကွယ်
သက်ဆုံးလေ ဝေကြွအောင်တဲ့
ညီရယ်
ကြွေမကျအောင်ထိန်း..။    ။

ပြင်စည်အောင်

Wednesday, May 4, 2016

မိုးဦး


ကြာပြီလေ
တာရှည်နွေထဲ၊ ကြွေဆဲခြွေရွက်
နေလည်း အနေခက်သူ၊ အပူခံဘဝ
အပူဒဏ်ခ လို့၊ ညှိုးလျနွမ်းသွေ့
မချမ်းမြေ့နိုင်၊ မြူငွေတံလှပ်
မိုးခေါင်ရပ်က၊ ရွက်ချပ်မဝေ
နွေသစ်ပင်ပါ၊ သခင်လာမှ
ဖူးညှာမြသစ်၊ ဝေစည်ဖြစ်မည်
မျှော်လင့်ရည်ကိုး၊ အမြတ်နိုးဆုံး
မိုးဦးအချစ် လာပါကွယ်..။

နွေရက်တွေက၊ ကြွေသမျှလေ
ဝေပါရစေကွယ်၊ ရေစင်မိုးစက်
မေတ္တာလက်ဖြင့်၊ ဖျန်းပက်ပွေ့ထွေး
ငြိမ်းအေးသာကြည်၊ ရာသီအသစ်
တာရှည်ဖြစ်ပါ၊ ထုံယစ်ပျံ့ဝေ
နံ့သာရည်ချိုး၊ ရွက်နုတိုးအောင်
မိုးဦးအချစ် လာပါကွယ်..။

လာပါအချစ်၊ မိုးဦးသစ်ရယ်
ပုရစ်ဖူးစို့၊ ပန်းငုံတို့ဝေ
လောကမြေကို၊ ငြိမ်းစေချမ်းစေ
အနွမ်းပြေလျက်၊ ပန်းတွေပွင့်အောင်
စွမ်းရွက်ဆောင်ပါ၊ သနားညှာမထောက်
ရာသီဖောက်ပြန်၊ မုန်တိုင်းထန်လျက်
အကိုင်းခက်တွေ၊ ဖျက်ခြေရိုက်ချိုး
အငြိုးတကြီး၊ မိုးမသည်းနှင့်
လျှပ်စီးနွယ်ခက်၊ မချုန်းပြက်နှင့်
မိုးသက်လေနု၊ ယုယမှုဖြင့်
လွမ်းသူ့ရင်ကို ငြိမ်းပါလှည့်…။

မောင်စိန်ဝင်း ( ပုတီးကုန်း )

                                                        Page

Monday, May 2, 2016

ပီတိ ( ရာဘင်ဒြာနတ်တဂိုး )




မေလ၏ နေ့လယ်ခင်းသည် ဆုံးစမထင် ပူပြင်းလှချေ၏။ အပူလှိုင်းကြောင့် မြေပြင်သည် ခြောက်လျက်၊
သွေ့လျက်၊ ပတ်ကြားအက်လျက်။

    ကျွန်ုပ်သည် မြစ်ကမ်းပါးတစ်ဖက်မှ အသံတစ်သံကြားလိုက်သည်။
    “အချစ်ရေ လာပါ၊ လာပါ”

ထို့ကြောင့် စာအုပ်ကို ပိတ်ပြီးလျှင် ပြတင်းပေါက်ကို ဖွင့်လျက် အပြင်သို့ ငေးမျှော်ကြည့်လိုက်၏။
မြစ်ထဲသို့ ဒူးဆစ်အထိ ဆင်းနေသော လူငယ်တစ်ဦးသည် မြစ်ကမ်းစပ်တွင် ပေကပ်ကပ်ရပ်နေသော ရွှံ့များ လူးနေသည့် ကျွဲကြီးတစ်ကောင်ကို ရေချိုးပေးရန်အတွက် ခေါ်ငင်နေသည့် အဖြစ်ကို တွေ့လိုက်၏။

ကျွန်ုပ်သည် အားပါးတရ ပြုံးလိုက်မိ၏။ ရင်တွင်း၌ကား ပီတိများ ဖြာဝေမိ၏။

ရာဘင်ဒြာနတ်တဂိုး

မြတ်စွာဘုရား ၏ ကိုယ်ရည်ကိုယ်သွေးသတ်မှတ်ချက်


 မြတ်စွာဘုရားသည် လောကီလောကုတ္တရာ နှစ်ဖြာသော အကျိုးအတွက် လူမှုရေး၊ 
စီးပွားရေး၊ ဘာသာရေး ပါမကျန် ဟောကြား ညွှန်ကြားပေးတော်မူခဲ့သည်။ 
စိတ်နေစိတ်ထား မြင့်မားရေးသာမက လူနေမှု ဘ၀မြင့်မားစေရန်အတွက်ပါ 
ဟောကြားတော်မူခဲ့သည်။ မိဘနှင့် သားသမီး ဆက်ဆံရေး၊ အလုပ်ရှင်
အလုပ်သမား ဆက်ဆံရေး၊ အိမ်ထောင်ရှင်များ၏ ဆက်ဆံရေးပါမကျန်
 ဟောကြားဆုံးမပေးခဲ့သည်။ အနာဂါတ်တွင် သာယာ ငြိမ်းချမ်းတိုးတက်သော
ဘ၀ များကို တည်ဆောက်နိုင်ရန် လူငယ်လူရွယ်များတွင် ကိုယ်ရည်ကိုယ်သွေး
 ပြည့်ဝဖို့ အလွန်အရေးကြီးပါသည်။ ထို့ကြောင့် မြတ်ဗုဒ္ဒ၏ ကိုယ်ရည်ကိုယ်သွေး
သတ်မှတ်ချက်များမှ မှတ်သားမိသည်များအား မျှဝေလိုက်ပါသည်။


၁။ ဆုံးမလွယ်သူဖြစ်ခြင်းဆိုတဲ့ အရည်အချင်းတစ်ရပ် 
( သူ့ရဲ့ ဆန့်ကျင်ဘတ် ဆုံးမခက်ခဲသူဖြစ်ခြင်း သဘောကိုပါ နားလည်ရမယ်)
၂။ အဆွေခင်ပွန်းကောင်း ရှိသူဖြစ်ခြင်း
၃။အကြောင်းဟုတ်သည် မဟုတ်သည်ကို လိမ္မာသောသူဖြစ်ခြင်း
၎။ဖြောင့်မတ်သောသူဖြစ်ခြင်း
၅။နူးညံ့ပြေပြစ်သောသူဖြစ်ခြင်း
၆။သည်းခံနိုင်သူဖြစ်ခြင်း
၇။ကောင်းသောအမှု၌ မွေ့လျော်သူဖြစ်ခြင်း
၈။ချစ်ခင်ပြေပြစ်သော စကားကို ပြောဆိုတတ်သူဖြစ်ခြင်း
၉။ပျူငှာ ဖော်ရွေသူဖြစ်ခြင်း
၁၀။မျက်စိက္ကနြေ္ဒကို စောင့်ထိန်းတတ်သူ ဖြစ်ခြင်း
၁၁။စားဖွယ် (ဘောဇဉ်) ၌အတိုင်းအရှည်ကို သိသူဖြစ်ခြင်း
၁၂။သတိမမေ့လျော့သူ ဖြစ်ခြင်း
၁၃။သမ္ဗဇဉ် (ဆင်ခြင်) ၊ဥာဏ်ကောင်းသူ ဖြစ်ခြင်း (မတုန်မလှုပ် ဆင်ခြင်နိုင်ခြင်းရှိသူ ဖြစ်ခြင်း)

 မြတ်ဗုဒ္ဓရဲ့ ကိုယ်ရည်ကိုယ်သွေး သတ်မှတ်ချတ်များနှင့် ပြည့်စုံပြီး အနာဂါတ်နိုင်ငံတော်အတွက် အားကိုးအားထားရသော နိုင်ငံသားကောင်းသမီးကောင်းများ ဖြစ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း

 Posted by khaingsukyi 

Wednesday, April 27, 2016

နိုင်ငံချစ်စိတ်ကို မိမိကစ


နိုင်ငံချစ်စိတ်ဆိုသည်မှာ အလွန်ကြီးကျယ် ခမ်းနားသော ကိစ္စတစ်ခု မဟုတ်ပါ။ ရှေးဦးစွာ မိမိ 
ကိုယ်မိမိ ပြန်သုံးသပ်ရန် ဖြစ်ပါ၏။ မိမိသည် မိမိနေထိုင်သော ပတ် ၀န်းကျင်ရှိ လူများနှင့် 
သင့်တင့်စွာ ဆက်ဆံနေထိုင်တတ်သူဖြစ်သည် လား ဆိုခြင်းက ပထမနှင့် အဓိက အခြေခံအချက်ဖြစ်၏။

မိမိသည် မိမိပတ်ဝန်းကျင်ရှိ လူများနှင့် ချစ်ခင်ရင်းနှီးစွာ ဆက် ဆံတတ်သည့်စိတ်၊ အနစ်နာခံ 
သည့် စိတ်၊ ကူညီပေးလိုသည့် စိတ်၊ ပတ်ဝန်းကျင် သန့်ရှင်းမှုကို မိမိ မည်မျှလုပ်ပေးလိုသည့် စိတ်များ 
မရှိပါဘဲလျက် နိုင်ငံချစ်စိတ်ရှိသည် ဆိုခြင်းမှာ လားလားမှ မဖြစ်နိုင်ပါ။

မိမိ မိသားစုနှင့် မိမိသည် တစ်သားတည်းဖြစ်ရမည်။ မိမိပတ် ၀န်းကျင်နှင့် တစ်ညီတည်းဖြစ်ရ မည်။ 
ထိုသူများကို မိမိက ချစ်ခင် ပါမှ၊ သွေးရင်းသားရင်းကဲ့သို့ စိတ် ထားရှိမှ ပတ်ဝန်းကျင်က မိမိကို 
အသိအမှတ်ပြုမည်။ ရင်းနှီးချစ်ခင် မည်၊ လေးစားရိုသေမည်၊ ယင်း အခြေခံ အချက်ပြီးပြည့်စုံမှ 
အလုပ် လုပ်၍ ရမည်။

မိမိက စိတ်ကောင်းရှိသည်။ ထိုသူများက စိတ်ကောင်းမရှိ။ မိမိ က အနစ်နာခံသည်။ ထိုသူများက 
အလကားရယူသည်။ ထိုသို့သော စိတ်ထားမျိုးရှိနေသရွေ့ မိမိနှင့် ပတ်ဝန်းကျင်သည် သင့်တင့်ဖွယ်မရှိ၊ 
အလုပ်မဖြစ်။အလုပ်ဖြစ်ချင် လျင် မိမိက ရှေးဦးစွာ လုပ်ပြရ မည်။

ပတ်ဝန်းကျင်နှင့် မိမိသည် တစ်တန်းတည်း၊ တစ်သားတည်း ဖြစ်ရေး၌ မိမိသည် ပေးဆပ်သူ ဖြစ်ရမည်။ 
ရယူသူမဖြစ်ရ။ မိမိ သည် အနစ်နာခံသည် ဆိုသည့် စိတ်ထားကပင် မိမိစိတ်သည် မသန့်ရှင်းသေးဟု 
ဆိုရမည်။ ပေး ဆပ်သူသည် ထိုသို့သော သူမျိုး မဟုတ်၊ ဤသို့စိတ်ထားနှင့် နိုင်ငံ ကို ချစ်သည်ဆိုသည့် 
စကားကား မိုး နှင့်မြေပမာ ဝေးလွန်းလှ၏။

အလုပ်နှင့် လက်တွေ့ပြရ သည်။ ထိုစကားသည် အလွန် လွယ်သည်။ သို့သော် အလုပ်ဖြစ် ရေးဆိုသည့် 
စကားလုံး၏ နောက် ကွယ်၌ မည်မျှ စေတနာရှိသည်၊ မည်မျှ မေတ်္တာထားသည် ဆိုသည့် အတိုင်းအတာ
ပမာဏ မရှိလျှင် မည်သို့သော အလုပ်တစ်ခုမှ ဖြစ် မလာနိုင်ပေ။ ဤသည်ကိုလည်း သဘောပေါက်ထားမှ
  ဖြစ်မည်။

လူအများအပေါ် မေတ်္တာထား သူ၊ စိတ်ကောင်းစေတနာထားသူ သည် အချိန်ပြည့် မိမိအတွက် မစဉ်းစား၊ 
သူတစ်ပါးအတွက် သာစဉ်းစားသည်၊ တွေးတော သည်။ သို့မှ လူအများအတွက် အလုပ်များ 
လုပ်ပြနိုင်သည်။ အချိန် ကြာလာသည့်အခါ သူ့စိတ်ထားနှင့် သူ့အလုပ်သည် တစ်သားတည်း ဖြစ်သွား၏။ 
တစ်သားတည်းဖြစ် သွားမှ လူအများက အသိအမှတ်ပြု မည်။ သူ့စကားမှန်ကြောင်း လက် ခံမည်။

စိတ်ထားနှင့် လုပ်ရပ် တစ် သားတည်းဖြစ်သွားသော သူများကို ယနေ့ကာလ၌ အလွယ်မတွေ့ရနိုင် ပါ။ 
အဘယ်ကြောင့်ဆိုသော် ပတ် ၀န်းကျင်တစ်ခုလုံးသည် စိတ် ကောင်းစေတနာထားမှုများနှင့်
 ဝေးကွာနေ၍ ဖြစ်သည်။ ပတ်ဝန်း ကျင်သည် သဘာဝဖြစ်၏။ ညစ် ညမ်းသော စိတ်ထားနှင့် အပြုအမူက 
သဘာဝကို ပြုပြင်ပေးထား၍ ဖြစ်သည်။

မည်သို့ ဆိုးသွမ်း၊ ကြမ်းတမ်း သော သဘာဝရှိသည့် ပတ်ဝန်း ကျင်ဖြစ်စေ၊ စိတ်ကောင်း၊ စိတ် တနာကို 
တစ်ဦးတစ်ယောက်က စတင်ပြသရမည်။ ထိုမှ တစ်ဦးမှ နှစ်ဦး၊ နှစ်ဦးမှ သုံးဦး၊ မှန်ကန်သော စိတ်ထားသည် 
သဘာဝကိုပင် ပြု ပြင်ပေးနိုင်၏။ တစ်စထက်တစ်စ လူများလာရမည်။ စေတနာထား သူများလာလျှင် 
ပတ်ဝန်းကျင် လည်း ပြောင်းသွားမည်။

မည်သို့ဆိုဆို၊ မိမိက စရမည်။ မိမိက စိတ်ထားကောင်းမွေးပြရ မည်။ ထိုစိတ်ထားနှင့် အလုပ်လုပ် ပြရမည်။ 
ထိုအခါ ထိုသို့သော စိတ် ထား၊ ထိုသို့သော အပြုအမူကို သဘောကျသူရှိလာမည်။ တစ် ယောက်တိုး၊
 နှစ်ယောက်တိုးဖြင့် စေတနာရှိသည့် ၀န်းကျင်တစ်ခု ဖန်တီးယူရမည်။

နိုင်ငံချစ်စိတ်ကို စေတနာနှင့် ပြရမည်။ မိမိက စရမည်။ အခြား သူများအပေါ်မြင်ခြင်းထက်၊ မိမိ ကိုယ်မိမိ
ပြန်ကြည့်ရမည်။ မိမိမည် မျှ နိုင်ငံကို ချစ်သနည်း။ ၀န်းကျင် ကို မည်မျှ မိမိချစ်သနည်း။ ထိုသို့ ဖြင့် စရမည်။

Mg ZayGwet

Friday, April 1, 2016

အလွမ်းသင့်စေ ... တန်ခူးလေ

အလွမ်းသင့်စေ ... တန်ခူးလေ




မိုးတစ်ပေါက်နဲ့
ပိတောက်တွေပွင့်တဲ့ .. နွေ ... ။
ပင့်သက်တို့ ကြွေစေဖို့
တကျော့ပြန် ရောက်လာခဲ့ပေါ့ ... ။
ခုချိန်လောက်ဆို
ဧပရယ်လ်ရဲ့နှလုံးသားဗဟိုချက်က
ရေသဘင်မဏ္ဍပ်တွေဆီိမှာ
စည်းချက်ညီ တူးပို့သံတွေနဲ့
ဘယ်ညာချီ ယိမ်းနွဲ့ကခုန်လို့
အစွမ်းကုန် ပျော်နေကြရော့မယ် ... ။
သြော် ...
ခြစ်ခြစ်တောက်ပူနေတဲ့ ရေနဲ့
ဒီမြေမှာ ပိတောက်ပန်းမရှိပေမဲ့
နွေလယ်ခေါင် ကောင်းကင်ပြင်မှာတော့
လေယာဉ်ပျံတွေကအဆက်မပြတ်ပျံသန်းဆဲ ... ။
အတွေးထဲ ...
အိမ်အလွမ်းတွေနဲ့ ပြန်လာချင်ပေမဲ့
လှမ်းလက်စခြေလှမ်းတွေက
ဟိုးအဝေးကိုသာ ခေါ်ဆောင်သွားကြ ... ။
ဒီလိုနဲ့ ...
တစ်ရက်ပြီး တစ်ရက်
နွေသစ်ရွက်တွေလို
အဆက်မပြတ် ကြွေခဲ့ကြပေမဲ့
အိမ်နဲ့ဝေးနေဆဲ နေ့ရက်တွေမှာ
ပိတောက်ပန်းမပွင့်တဲ့မြေက
လေယာဉ်သံတွေကိုပဲ
ငါအကြိမ်ကြိမ် မုန်းနေမိတော့တယ် ... ။

ကောင်မလေး13

 

Saturday, March 26, 2016

တိုက်ပွဲပျော်

တိုက်ပွဲပျော်

ပုခက်ထဲကအူဝဲဟစ်ကာ
စစ်ကြေညာပြီး၊လောကကြီး၏
ခါးသီးတွေ့ကြုံ၊အလုံးစုံကို
မဖြုံအံခဲ၊ပွဲဆက်နွှဲရင်း
လူလည်းတော်တော်
ကြီးခဲ့ပေါ့။
မိုက်လည်းမိုက်လို့၊တိုက်လည်း
တိုက်ခဲ့……။
ရှုံးလိုက်တာလည်းအသင်္ချေ။
ရဲလည်းရဲလို့၊နွှဲလည်းနွှဲခဲ့
အောင်ပွဲတွေလည်းအနန္တ။
သည်လိုပဲပေါ့
တိုက်ပွဲဆိုတာ
သာချင်သာမည်
တိုက်ပွဲဆိုတာနာချင်နာမည်
ဘယ်မှာခန့်မှန်းသိနိုင်မလဲ။
နာနာသာသာ
ဘာမျှမဖြုံ၊စိတ်လုံခြုံရင်
မတုံမလန့်ဖျပ်ပါဘူး၊
အဟုန်မတန့်ရပ်ပါဘူး။
ရှေ့ကဆီး၍ခရီးလမ်းထဲ
သစ်ပင်လှဲမလား။
ရှေ့ကကန့်၍အဟန့်အတား
ဆူးတွေထားမလား။
ယောက်ျားဟေ့နော်၊
တိုက်ပွဲပျော်။
ကျွန်တော်တိုက်ရင်း
တက်မှာပဲ ..။


  အီကြာကွေး

Friday, March 11, 2016

လူငယ့်ကြေးမုံ ( တင်မိုး )


လူငယ့်ကြေးမုံ ( တင်မိုး )


‘ငါသည် ငါ၏ကိုယ်ကျိုးအတွက် သက်သက်ငှာ အသက်ရှင်အောင်မမွေး…။ 
ငါ့တိုင်းပြည်၊ ငါ့စာပေ၊ ငါ့သာသနာအတွက် ရသမျှအချိန်ကလေးကိုယူ၍ ဆောင်ရွက်ရင်း 
အသက်ရှင်အောင် ငါမွေးအံ့…။’

ဒါဟာအဓိဌာန်တခု၊ ဒါဟာ‘သစ္စာ’ဆိုတဲ့ပွဲတခု၊ ဒါဟာ ဆုံးဖြတ်ပြဌာန်းချက်တခု။
ဒီလိုနဲ့ လူငယ်တွေဟာ မိမိသီလကိုဆောက်တည်မယ်ဆိုရင် ကိုယ်ကျိုးတဖက်မြင်
သမားမဖြစ်နိုင်။ အမြင်ကျဉ်းမြောင်းသူမဖြစ်နိုင်။

ငါ့ဟာမှငါ့ဟာ။ ငါ့သာသနာမှ ငါ့သာသနာဟု ငါစွဲတန်းလန်းနှင့် မျက်ကန်းသမားမဖြစ်နိုင်။ 
လူငယ်တွေဟာ အကြောင်းကြောင်းကြောင့် အမိမြေစွန့်ခွာပြီး နိုင်ငံတကာရောက်ခဲ့ကြ 
ရတယ်။ ကြုံရာကျပန်း သက်မွေးဝမ်းကျောင်းပြုကြရတယ်။ ငါတို့နိုင်ငံသားတွေ အလွန်
သနားဖွယ်ကောင်းတယ်။
ဒါပေမယ့် တို့လူငယ်တွေရဲ့စိတ်ဓါတ်က မွန်မြတ်တယ်၊ သန့်ရှင်းတယ်၊ အများအကျိုး
အတွက် တလက်ခုပ် တလက်ချ ရရာတာဝန်ထမ်းဆောင်ချင်တဲ့ စေတနာအပြည့်ရှိတယ်၊ 
ပင်ကိုယ်စိတ်ကောင်းရှိသူများပါ။

ကျွေးချင် မွေးချင် ပေးကမ်းချင်တဲ့စေတနာ၊ ကူညီစောင့်ရှောက်ချင်တဲ့ သဒ္ဓါတရား
အားကြီးတဲ့တို့လူမျိုး။ တို့နိုင်ငံသားစရိုက်ကို ဘယ်တော့မှမစွန့်လွှတ်။ ပင်ကိုယ်သနေ
ကောင်းပြီးသား လူမျိုးဖြစ်တယ်။

အဖြူအမည်းမရွေး၊ အနူအဝဲမရွေး၊ သွေးကွဲခြင်းမရှိ၊ အခန့်အညား အဟန့်အတားတွေ
မလုပ်တတ်။ မြင့်မြတ်တဲ့စိတ်ဓါတ်ပိုင်ရှင် သခင်နိုင်ငံသားတွေဖြစ်တယ်။ ဒီစိတ်ဓါတ်၊ 
ဒီစေတနာ၊ ဒီအစဉ်အလာကို ငါချစ်တယ်။
ဒီသွေးကို ငါလေးစားတယ်..။ မိမိတို့ရဲ့ ဇာတိသွေး အမြဲပူနွေးနေစေဖို့ သတိပေးရခြင်း
ဖြစ်တယ်။ အားလုံးသိတဲ့အတိုင်း အခုအခါမှာ တို့နိုင်ငံအမှောင်ကျလို့ ဒုက္ခတွေပင်လယ်
ဝေနေတဲ့အချိန်မဟုတ်လား။

ဒီတော့- အမှောင်ကိုတန်ဆောင်လင်းပြီး အမှောင်ခွင်းဖို့အရေး ကြိုးစားပေးကြရမှာပဲ၊ 
ဒါလည်း တို့တာဝန် တရပ်ပေပေါ့။

တို့ငယ်ငယ်တုန်းက သွေးသောက်မဂ္ဂဇင်းရဲ့ဆောင်ပုဒ်ကလေးကို သဘောကျမိတယ်။ 
အဲဒါက တော့-‘သွေးသောက်ပီပီ တာဝန်သိသိ သစ္စာရှိရှိ…’တဲ့။

အဲဒီဆောင်ပုဒ်ကလေးလိုပါပဲ။ တို့တတွေဟာ ‘တာဝန်သိသိ၊ သစ္စာရှိရှိ’ဆိုတဲ့စိတ်ဓါတ်ကို 
အညွန့်တလူလူဖြစ်အောင်ပျိုးထောင်ရင်း အကျင့်ဆိုး စရိုက်ဆိုးတွေ မစိုက်ပျိုးမိအောင် 
ကာကွယ်ထိန်းသိမ်းရမယ်။

လူငယ်အလှဟာ နိုင်ငံရဲ့ အသရေတပါးမဟုတ်ပါလား။
လူငယ်တွေထွန်းတောက်မှ တို့နိုင်ငံ တမိုးသောက်မှာ မဟုတ်ပါလား…။

တင်မိုး
၅-၃-၂ဝဝ၃
မိုးသောက်ကြယ်ဂျာနယ်၂၀၀၅ ခုနှစ်၊ မတ်လ )

Tuesday, February 16, 2016

လက်ဆောင် ( ရာဘင်ဒြာနတ်တဂိုး )




ကာမသြဃ၊ ဤလောကဟု
အ၀ကျယ်ပြော၊ ပင်လယ်ကြော၌
မျောကာရွေ့ရွေ့၊ တူဆုံတွေ့စဉ်
တစ်နေ့ခွဲခွာ၊ တို့ကွဲကွာက
စိတ်မှာမပျောက်၊ နောက်ကြောင်းလျှောက်၍
တွေးထောက်နိုင်မှု၊ တစ်ခုခုကို
မှတ်ရှုသင့်အား၊ ပေးလိုတကား..။

သို့ပါသော်လည်း၊ ချစ်မငြီး၏
အသည်းနှလုံး၊ ချိုချိုပြုံးကို
သိမ်းကျုံးပိုင်အောင်၊ မျှော်ကိုးယောင်၍
လက်ဆောင်ကိုပြ၊ ၀ယ်သော်ရဟု
ဤမျှထွေထူး၊ ငါ့စိတ်ကူးသည်
မရူးမမိုက်သေးပါတကား..။

သင့်အသက်ကား
ညွန့်ခက်နုကွေး၊ အငယ်လေးတည့်..။
သင့်ခရီးလည်း
မနီးမဆုံး၊ ရှည်လျားတုန်းတည့်..။
ငါ၏ထံမှ၊ အေးကြည်လှသည့်
ချမ်းမြဝေမောက်၊ ရေကြည်ပေါက်ကို
သောက်ကာစို့ပြီး၊ လိုခရီးသို့
ပြန်ပြီးတစ်ခါ၊ ပြေးခဲ့ပါ၏..။

အသင့်မှာကား
ရွှင်ရာရွှင်ကြောင်း၊ ဖော်အပေါင်းနှင့်
သောင်းသောင်းညာညာ၊ ပျော်နေပါ၍
တစ်နေ့ယွင်းယို၊ စိတ်နုပျိုဝယ်
တို့ကိုသွေကွက်၊ မေ့နေရက်လည်း
အတွက်ဘယ်မှာ ရှိပါအံ့နည်း..။
ငါတို့မှာမူ
နားယူကာသာ
လွန်လာသည့်သက်၊ အရက်ရက်ကို
ပြန်လျက်တွေးရ၊ မျှော်မှန်းဆ၍
တမ်းတ ကာသာ၊ နေရပါ၏..။

မြစ်မငွေစင်၊ ကြည်ရေပြင်ကား
ချိုလွင်သာယာ၊ တေးလင်္ကာဖြင့်
လျင်စွာကျော်လွှား၊ ဖြတ်၍သွား၏..။
မြင့်မားမောက်မို၊ ဤတောင်ညိုမူ
နဂိုမတ်မတ်၊ မားမားရပ်၍
တွက်မှတ်အောက်မေ့၊ တစေ့စေ့ဖြင့်
ချမ်းမြမေတ္တာ၊ ရေစင်ဖြာကို
သွန်းကာလောင်းလျက် ပင်တကား…။

ရာဘင်ဒြာနတ်တဂိုး

ကမ္ဘာသစ်  

Friday, February 12, 2016

တိုင်းပြည်နှင့် ဖေဖေ့ကျေးဇူးကိုဆပ်ခြင်း ( အောင်ဆန်းစုကြည် )




             နိုင်ငံရေးအသိုင်းအ၀ိုင်းအတွင်းတွင် မွေးလာ၊ ကြီးပြင်းလာသူတစ်ဦး အနေနှင့် နိုင်ငံရေးလောကတွင် စိတ်ဝင်စား
လာခြင်းသည် အထူးရှင်းပြရန်လိုမည့် အကြောင်းအရာတစ်ခု မဟုတ်ပါ။ ကျွန်မသိတတ်စ အရွယ်ကပင် မြန်မာပြည် နိုင်ငံရေး 
လှုပ်ရှားမှုများ၊ အထူးသဖြင့် ကျွန်မ၏ဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ တိုင်းပြည်အတွက် ကြိုးပမ်းမှုများနှင့် နိုင်ငံအတွက် ထားရှိ 
ခဲ့သော မျှော်မှန်းချက်များနှင့် ပတ်သတ်သော ဆွေးနွေးစကားများကို နေ့စဉ်မပြတ် ကြားနေရပါသည်။ ထိုသို့ ကြားခဲ့ရခြင်းဖြင့် 
မြန်မာနိုင်ငံ၏ တည်မြဲတိုးတက်ရေးသည် ပြည်သူလူထု၏ ညီညွတ်မှု အကျင့်စာရိတ္တကောင်းမွန်မှုနှင့် စီးပွားရေးခိုင်လုံမှု 
တို့အပေါ်တွင် တည်ရှိကြောင်းကို သဘောပေါက်ခဲ့ပါသည်။

    ၎င်းအပြင်လည်း ဖေဖေသည် တိုင်းသူပြည်သူအချင်းချင်း ရှုတ်ချတိုက်ခိုက်သည့် အာဏာလုနိုင်ငံရေးမျိုးကို လုံးဝ မနှစ်သက်၊
 မကြိုက်ခဲ့ကြောင်း၊ လွတ်လပ်ရေးရပြီးကာလ၌ နိုင်ငံရေးလောကကို ကျောခိုင်း၍ သတင်းစာ ဆရာ၊ စာရေး ဆရာ တစ်ယောက် အနေနှင့် အသက်မွေးဝမ်းကြောင်းရှာဖို့ရန် ရည်ရွယ်ခဲ့ကြောင်း၊ နိုင်ငံအရပ်ရပ်သို့ သွားရောက်၍` မြန်မာပြည်သူလူထုအတွက် 
ပညာပွားစေ၊ အမြင်ကျယ်စေမည့် ဗဟုသုတများ ရှာဖွေရန် မှန်းဆခဲ့ကြောင်းများကို သိရှိခဲ့ ပါသည်။



         ဖေဖေ၏ မဖြစ်မြောက်နိုင်ခဲ့သော ရည်ရွယ်ချက်များကို စိတ်ဝယ်ထား၍ ကျွန်မလည်း မြန်မာတိုင်းသူပြည်သား အချင်းချင်း စပ်ကြား၊ အာဏာလုပွဲ ဖြစ်ပွားစေမည့် နိုင်ငံရေးမျိုးတွင် မပါဝင်ပဲ နိုင်ငံတကာအသိအမှတ်ပြုခြင်း ခံရမည့် စာပေလောက 
အတွင်းမှ မြန်မာကို ကမ္ဘာက သိစေရေး၊ မြန်မာပြည်သူလူထုအတွက် အသုံးဝင်နိုင်မည့် စာအုပ်စာတမ်းများ ပြုစုရေးတို့နှင့်
 တိုင်းပြည်အကျိုးဆောင်ဖို့ရန် ရည်ရွယ်ခဲ့ပါသည်။ ထိုရည်ရွယ်ချက်နှင့်အညီ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုနှင့် ဆက်စပ်သော စာပေအထွေထွေနှင့် ဖေဖေ့ဘ၀၊ ဖေဖေ့နိုင်ငံရေး လုပ်ဆောင်ချက်များနှင့် သက်ဆိုင်သော စာအုပ်စာတမ်းတို့ကို လေ့လာ၍ 
သုံးသပ်ချက်များ ရေးထားခဲ့ပါသည်။

         ထိုကဲ့သို့ စာပေလောက၌ အေးချမ်းပြည့်စုံစွာ နေခွင့်ရခဲ့ပါသော်လည်း မြန်မာနိုင်ငံမှာ ဖေဖေမျှော်မှန်းခဲ့သော ညီညွတ်
 ခိုင်ခံ့သည့် ပြည်ထောင်စုကြီး၊ တိုးတက်သာယာသည့် တိုင်းပြည်ကြီးအဖြစ်သို့ မရောက်လာခဲ့ခြင်းကြောင့် စိတ်ကျေနပ်မှု 
မရနိုင် ခဲ့ပါ။ အမှန်စင်စစ်ပင် ကျွန်မ၏စိတ်ထဲတွင် တိုင်းပြည်နှင့်ဖခင်ကို ခွဲ၍ မစဉ်းစားနိုင်ပါ။ မြန်မာနိုင်ငံအတွက် 
စိတ်မချမ်းမြေ့ဖွယ်ရာ အရေးအခင်းများ ပေါ်ပေါက်နေလျှင် ဖေဖေ့ကိုပင် ထိခိုက်နေသကဲ့သို့ ခံစားရပါသည်။ အထူးသဖြင့်
 ဖေဖေပြုစုပျိုးထောင်ခဲ့သော တပ်မတော်နှင့် ဖေဖေ့အပေါ် အင်မတန်မှ မေတ္တာထားသော လူထုအကြားတွင် 
စိတ်ဝမ်းကွဲစေနိုင်မည့် အခြေအနေမျိုး ဖြစ်ထွန်းလာသည်ကို မြင်ရသောအခါ ပိုမို၍စိုးရိမ်ပူပန်မိပါသည်။
တိုင်းသူပြည်သား  အားလုံးတို့သည် မိမိတို့ စွမ်းအားရှိသရွေ့   တိုင်းပြည်အကျိုးထမ်းဆောင်ဖို့ရန် တာဝန်ရှိကြပါသည်။ 
ထို့ကြောင့် မြန်မာပြည်၌ စိတ်မချမ်းမြေ့ဖွယ်ရာ အရေးအခင်းများ ပေါ်ပေါက်လာသောအခါ ကျွန်မ၏တာဝန် မည်သို့မည်ပုံ
 ဖြစ်သည်ကို သုံးသပ်ဆင်ခြင်ရပါတော့သည်။ တိုင်းသူပြည်သား အချင်းချင်း အာဏာလုပွဲကဲ့သို့ ဖြစ်မည့် နိုင်ငံရေးမျိုးကို
 ရှောင်ကြဉ်လို ပါသော်လည်း ကြီးမားလှစွာသော တိုင်းပြည်ကျေးဇူး၊ ဖခင်ကျေးဇူးတို့ကို ဆပ်သည့်အနေနှင့် အများပြည်သူ 
လူထုအတွက် အကျိုးရှိစေမည့် နိုင်ငံရေးစနစ် အမြစ်တွယ်စေဖို့ ကြိုးပမ်းပါတော့မည်ဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။

အောင်ဆန်းစုကြည်
( ၄.၉.၈၈   သတင်းမဂ္ဂဇင်း )

ရွှေဒေါင်းတောင် [ 24/7 News ]

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>