2 3 4 5 6 7 8 9 10

Saturday, January 9, 2016

ဥယျာဉ်မှုး ( ရာဘင်ဒြာနတ်တဂိုး )



သုဒ္ဒါမည်သော ဥယျာဉ်မှုးသည် ဆောင်း၏ လုယက်ဖျက်ဆီးခြင်းဝယ် ကျန်ရစ်သော နောက်ဆုံးကြာပွင့်ကို သူ၏ရေကန်မှခူးလျက် ဘုရင်မင်းအားရောင်းရန် နန်းတော်တံခါးဝသို့ ရောက်လာသတည်း။
အကြင်နေရာ၌ တစ်ယောက်သော ခရီးသည်ကို တွေ့ရာ ခရီးသည်က ဤသို့ဆို၏။
“သင်၏ နောက်ဆုံးကြာပွင့်အတွက် အဖိုးစားနားကို ပြောကြားပါ၊ ငါသည် ဗုဒ္ဓရှင်တော်မြတ်အား လှူဒါန်းပူဇော်လို၍ ဖြစ်၏။”
            သုဒ္ဒါဆို၏ ။ “သင်သည် ရွှေတစ်ပြားပေးလျှင် သင်၏ကြာပွင့် ဖြစ်မည်သာတည်း”
ခရီးသည်လည်း ပေးလေသတည်း။
ထိုရောအခါ ပြည့်ရှင်မင်းသည် ထွက်လာလေလျှင် ဗုဒ္ဓရှင်တော်အား ဖူးမြော်ရန်လမ်းခရီးတွင်ဖြစ်၍ ကြာပွင့်ကို ၀ယ်ယူလိုသောကြောင့် ဤသို့တွေး၏။
            “ဆောင်းရာသီတွင် ပွင့်သော ကြာပန်းခိုင်ကို ရှင်တော်ဘုရား၏ ခြေတော်ရင်းဝယ် ခင်းကပ်ရန် လွန်စွာပင် တင့်တယ်လျောက်ပတ်ပေမည်”
ဥယျာဉ်မှုးက..သူ့အား ခရီးသည်မှ ရွှေတစ်ပြားပေးကြောင်း ပြောပြသောအခါ ဘုရင်မင်းမြတ်သည် တစ်ဆယ်ပေးလေ၏။ သို့ရာတွင် ခရီးသည်က နှစ်ဆထက်ပေးပြန်သည်။
            ဥယျာဉ်မှုး သုဒ္ဒါသည် ရှင်တော်ဘုရားကိုအကြောင်းပြု၍ သူတို့နှစ်ဦး၏ အပြိုင်ဆင့်ဆိုနေကြသည်ကို တွေးမိသည်။ သူသည် ခေါင်းကိုညွှတ်ကာဆို၏။
            “ငါသည် ဤကြာပန်းကို မရောင်းနိုင်ပါ”

     မြို့ တော်တံတိုင်း၏ အပြင်ပ သရက်ပင်ရိပ်တွင်ကား သုဒ္ဒါသည် ဗုဒ္ဓရှင်တော်မြတ်၏ရှေ့ဝယ် ရပ်၍နေသည်။ မြတ်စွာဘုရား၏ နှုတ်ဖျားတော်ဝယ် မေတ္တာ၏တည်ငြိမ်ခြင်းသည် တည်ကုန်လျက် မျက်လုံးတော်ဝယ် မိုးရာသီဦး၏ မိုးသောက်တာရာကဲ့သို့ ငြိမ်းချမ်းခြင်းသည် ၀င်းလက်၍နေကုန်သည်။
            အဘယ်သုဒ္ဒါသည် ရှင်တော်ဘုရား၏ မျက်နှာတော်ကို ဖူးမြင်ကာ ခြေတော်ရင်းဝယ် ကြာပန်းခိုင်ကို ခင်းကပ်လျက် ဦးခေါင်းမှ မြေသို့တိုင် ဦးညွတ်ကော်ရော်လေသတည်း။
            ဗုဒ္ဓဘုရားရှင်က ပြုံး၍မေးတော်မူ၏။ “ချစ်သား သုဒ္ဒါ၊ ချစ်သား၏ အလိုဆန္ဒကား အဘယ်သို့နည်း”
            သုဒ္ဒါသည် ဖြေလေ၏။ “အရှင်တော်ဘုရား၏ ခြေတော်နှင့် အနီးဆုံး ဦးခိုက်တွေ့လိုခြင်းပင် ဖြစ်ပါသည် ဘုရား”

ရာဘင်ဒြာနတ်တဂိုး

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>