2 3 4 5 6 7 8 9 10

Friday, February 13, 2015

ဗိုလ်ချုပ်အောင်ဆန်း၏ အတ္ထုပ္ပတ္တိအကျဉ်း






...(၁၉၁၅) ခု၊ ဖေဖော်ဝါရီလ (၁၃)ရက်၊ မြန်မာသက္ကရာဇ် ၁၂၇၆ ခုနှစ်၊
တပေါင်းလဆန်း ၁ ရက်နေ့၊ စနေနေ့တွင် မကွေးခရိုင်၊ နတ်မောက်မြို့တွင် ဖွားမြင်သည်။

...မိဘမှာ အမိန့်တော်ရရှေ့နေ ဦးဖာ၊ ဒေါ်စုတို့ဖြစ်သည်။ အသက် ခုနှစ်နစ်အရွယ်တွင် နတ်မောက်မြို့ ဆရာတော်ဦးသောဘိတ ကျောင်းတွင် ပညာသင်၍ အသက် (၁၄)နှစ်အရွယ်တွင် ရေနံချောင်းမြို့ အမျိုးသား အထက်တန်းကျောင်းသို့ ပြောင်း၍ ၁၉၃၂ ခုနှစ်၊ အသက် ၁၈ နှစ်တွင် အထက်တန်းပညာကို အောင်မြင်သည်။ ထိုနှစ် ဇွန်လတွင် ရန်ကုန်တက္ကသိုလ်သို့ရောက်သည်။

၁၉၃၅ ခုနှစ်တွင် တက္ကသိုလ်သမဂ္ဂအမှုဆောင်နှင့် သမဂ္ဂမှ ထုတ်ဝေသော အိုးဝေစာစောင် စာတည်း အဖြစ် ဆောင်ရွက်သည်။ ၁၉၃၆-၃၇ ခုနှစ်တွင် တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌ အဖြစ် ရွှေးချယ်တင်မြောက်ခြင်းခံရသည်။ ၁၉၃၇-၃၈ တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြောက်ခြင်းခံရသည်။ ၁၉၃၈ ခုနှစ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂဥက္ကဋ္ဌ အဖြစ်မှ ထွက်၍ ဒို့ဗမာအစည်းအရုံးသို့ ၀င်ရောက်ပြီး
အတွင်းရေးမှူး အဖြစ် ဆောင်ရွက်သည်။
၁၉၃၉ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားလာရာ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး နယ်ချဲ့ လက်အောက် မှ လုံးဝလွတ်မြောက်ရမည်ဟူသော အဓိဋ္ဌာန်ဖြင့် ၁၉၄၀ ပြည့်နှစ်၊ သြဂုတ်လတွင် ပြည်ပသို့ တိတ်တဆိတ် ထွက်ခွာသွားပြီးနောက် မြန်မာပြည်ကို လွတ်လပ်ရေးရစေရမည်ဟု ကတိပေးသော ဂျပန်အစိုးရ၏ အကူအညီကိုယူကာ ရဲဘော်သုံးကျိပ်နှင့်အတူ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက် တွင် ယိုးဒယား (ထိုင်း)နိုင်ငံ၊ ဘန်ကောက်မြို့တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖွဲ့စည်းသည်။

Sunday, February 8, 2015

ယဉ်ကျေးစေလို

         ဗုဒ္ဓပိဋကတ်တော်တွင် ဝိနယဟူသော စကားလုံးမှာ အဆုံးအမ၊ သာသနာ၊ စည်းကမ်း၊ အကျင့် စသဖြင့် အဓိပ္ပါယ်ဖွင့်ဆို နိုင်လေသည်။ စည်းကမ်းဟူသည် ယဉ်ကျေးစေလိုသောကြောင့် ပညတ်ရသော ဥပဒေသပင် ဖြစ်လေသည်။
ထို့ကြောင့် ဝိနယပိဋကကို လေ့လာကြည့်ပါက အဆုံးအမများ၊ စည်းကမ်းများ၊ ကျင့်စဉ် လမ်းညွန်ချက်များကို တွေ့နိုင်ပေသည်။ ဝိနည်းဒေသနာတော်တွင်ဗုဒ္ဓခေတ် အိန္ဒိယယဉ်ကျေးမှုများကိုသာ မကဘဲ လူနေမှု အကျင့်စရိုက်များပါ တွေ့မြင်နိုင်လေသည်။ ထိုခေတ်က အကျင့်စရိုက် သဘာဝ တရားများနှင့် လူသားတို့၏ ယဉ်ကျေးမှု အသွင်အပြင်ကို ထဲထဲဝင်ဝင် သိလိုသူများသည် ဝိနယဒေသနာကို လေ့လာရပေမည်။ ဒီဃာဝုမင်းသား ဇာတ်လမ်းကဲ့သို့ လိုက်နာကျင့်ကြံဖွယ် မှတ်သားစရာ ဇာတ်ကောင်များကို ဝိနယဒေသနာတွင်တွေ့နိုင်ပေသည်။ တနည်းအားဖြင့် ဗုဒ္ဓရှင်တော်သည် ထိုခေတ်က အမျိုးမျိုးသော လူသားအနွယ်မှ ပေါင်းစည်းလာသော သံဃာ့ အဖွဲ့အစည်းနှင့် ဇာတ်အမျိုးမျိုး အသွင်သဏ္ဍာန် အမျိုးမျိုးရှိနေသော လူသားတို့ကြား သဟဇာတကျကျ နေထိုင်တတ်စေရန်၊ ယဉ်ကျေးသော လူ့သားကမ္ဘာ ဖြစ်လာစေရန် ဝိနယဒေသနာတော်ကို ပြဋ္ဌာန်းတော်မူခဲ့သည်။
             အထက်တန်းကျသော အဖွဲ့အစည်းတစ်ခုတွင် စည်းကမ်းချက်များနှင့်လက်တွေ့ကျင့်ကြံမှုများသည် မဖြစ်မနေ လိုအပ်လှပေသည်။ ဗုဒ္ဓရှင်တော်၏သံဃာ့အဖွဲ့အစည်းအတွက် ဥပဒေဆိုသည်မှာ ဝိနယ သို့မဟုတ်
The Monastic Code ပင် ဖြစ်လေသည်။ ကိုယ်ကျင့်သိက္ခာ မြင့်မြတ်လာစေရန် ကိုယ်ကျင့်တရားဟူသော လိုက်နာဖွယ်ကို ပညတ်ရလေသည်။ ဗုဒ္ဓရှင်တော်မြတ်သည် သံဃာ့အဖွဲ့အစည်းကို ယဉ်ကျေးသော လူ့အဖွဲ့အစည်းများ၏ ဝေဖန် ကဲ့ရဲ့ အပြစ်တင်ခြင်းမှ ကင်းလွတ်စေရန် သို့မဟုတ် ပုတ်ခတ်လှောင်ပြောင်ခြင်း မပြုနိုင်စေရန် ကျင့်စဉ်ဝိနယကို ပညတ်ရလေသည်။
              ဗုဒ္ဓ၏ ရည်ရွယ်ချက်တစ်ခုတွင် မကြည်ညိုသေးသောသူများ ကြည်ညိုလာစေရန်ဟူသော ရည်ရွယ်ချက် တစ်ခု ပါလေသည်။ ရှင်တော်ဘုရားသည် လူ့အသိုင်းအဝိုင်းကြား သံဃာ့အဖွဲ့အစည်းကို အထင်သေးအမြင်သေးကဲ့ရဲ့ရှုတ်ချ မခံစေလို၊ မြင့်မြတ်ခြင်း အဆင့်အတန်းရှိခြင်း၊ လေးစားဖွယ် ဂုဏ်ရည်တို့ဖြင့် တင့်တင့်တယ်တယ် ဖြစ်စေလိုပေသည်။ အမြင်မကြည်သူများ ပင်မော်ကြည့်အားကျလောက်သော ဂုဏ်သိက္ခာရှိသော အဖွဲ့အစည်း ဖြစ်စေချင်သည်။
             နောက်ရည်ညွန်းချက် တစ်ခုမှာ လေးစားပြီးသူများ ပိုမိုလေးစားအတုယူ လိုက်နာကျင့်ကြံစေရန် ဖြစ်သည်။ ရိုသေခြင်း၊ တန်ဘိုးထားခြင်းနှင့် မြတ်နိုးဂုဏ်ယူခြင်းဟူသော နှလုံးသားခေါ်သံများပို၍ပို၍ စီးဆင်းလာစေရန်ဖြစ်လေသည်။ ကြည်ညိုပြီး သူတို့၏ ထပ်ဆင့်အားကျလောက်စရာ ယဉ်ကျေးမှုပြယုဂ် ဖြစ်စေနိုင်သောဖွဲ့စည်းပုံမျိုးကို အခြေခံထားပေသည်။
              ဗုဒ္ဓရှင်တော်သည် သူ၏ တပည့်သားသံဃာတော်များကို တန်းဘိုးနိမ့်သူများ၊စည်းကမ်းမဲ့သူများ၊ ယဉ်ကျေးမှု   ခေါင်းပါးသူများအဖြစ် တန်းဘိုးမဖြတ်စေချင်ပေ။ လူသားကမ္ဘာတွင် ယဉ်ကျေးမှု စံပြအဖြစ်သာမက လူသား အားလုံးကို ခေါင်းဆောင်နိုင်သော နှလုံးသားမြင့်မြတ်သူများအဖြစ်ပါဝင်စေချင်သည်မှာ ဗုဒ္ဓ၏ ရည်ရွယ်ချက် ဖြစ်လေသည်။ ခေါင်းဆောင်ခြင်း အနုပညာရပ်တွင် ဖြူစင်နုညံ့ခြင်းနှင့် ထပ်တူထပ်မျှ အပြစ်ကင်းစင်ခြင်း၊ စင်ကြယ်   သန့်ရှင်းခြင်း ဟူသော ရေသောက်မြစ်တို့ စီးဝင်နေလေ့ရှိပေသည်။ စင်ကြယ်သန့်ရှင်းနေစေရန် ဝိနယဒေသနာတော်တွင် အပြစ်ပေးဒဏ်ခတ်ခြင်းနှင့် ဂုဏ်ပြုချီးမြှောက်ခြင်းဟူသော ကြီးမားသည့် စည်းနှစ်ခုကို ခွဲခြားထားခဲ့လေသည်။ အပြစ်ကင်း၍ မွန်မြတ်သော ခေါင်းဆောင်ကောင်းတို့သည်သာ ယဉ်ကျေးသောလူသားကမ္ဘာကို    ဦးဆောင်နိုင်ပြီး ငြိမ်းချမ်းသော အနာဂတ်ပန်းတိုင်ဝယ် အောင်ပန်း ဆင်နိုင်ပေသည်။
             ဗုဒ္ဓရှင်တော်မြတ်သည် သံဃာ့အဖွဲ့အစည်းကို တည်ထောင်စဉ်ကအရေအတွက် တစ်ခုတည်းအတွက်သာ ဖွဲ့စည်းခဲ့သည် မဟုတ်။ အရည်အချင်းနှင့် ရဲရင့်စွန့်စားခြင်းများကိုပါ ဖေါ်ပြခဲ့သည်။ စည်းကမ်းရှိစေရန် လိုက်နာကျင့်ကြံခြင်း ဟူသော စွန့်စားခန်းများကို စနစ်တကျမိန့်ကြားတော်မူခဲ့သည်။ ဥပဒေသ တစ်ခုကို ပညတ်ရန် ခိုင်လုံသောအကြောင်းပြ   ချက်များ၊ လိုက်နာခြင်းဖြင့် ရရှိလာမည့် ကောင်းကျိုးများနှင့်လူ့ယဉ်ကျေးမှုအသိုင်းအဝိုင်းကြား အသိဉာဏ်မြှင့်မားလာစေရန် ပုံဆောင်ဝတ္ထုများကို ဝိနယဒေသနာတွင် များစွာဖေါ်ပြထားလေသည်။
      အစအဦး သံဃာ့အဖွဲ့အစည်းကြားတွင် ပြစ်မှုကြီးငယ်များကို မကျူးလွန်ကြသော်လည်း တဖြေးဖြေးများပြားလာသော အဖွဲ့ဝင်များ၏ ဘဝနေထိုင်မှု ပုံစံများပြောင်းလဲလေသည်။ ဘဝရှင်သန်ခြင်း ပြဿနာသည်ပင် ပြစ်မှုဖြစ်စေရန်  တွန်းအားဖြစ်   လာစေသည်။ နေ့စဉ်ဘဝတွင် ရင်ဆိုင်ကြရသော လူ့မှုပြဿနာကို လွယ်လွယ်ဖြေရှင်းခြင်းသည် ဗုဒ္ဓ၏ အန္တိမ ရည်မှန်းချက် မဟုတ်ပေ။ ထိုအခါမျိုးတွင် ဗုဒ္ဓရှင်တော်သည် ရဟန်းဘဝ၏ မြင့်မြတ်ခြင်းနှင့် တန်းဘိုးရှိသော ကောင်းကျိုး အတွက် ဘဝ လမ်းညွန်ချက်အဖြစ် ဝိနယဒေသနာကို ပညတ်လေတော့သည်။ ရဟန်းတစ်ပါး၏ အကျင့်စရိုက် ဂုဏ်သိက္ခာနှင့်   လူဝတ်ကြောင်၏ ဘဝကျင့်စဉ်တို့ ခြားနားချက်ကို ခွဲခြားပြခဲ့ပေသည်။

            ဗုဒ္ဓရှင်တော် ပရိနိဗ္ဗာန်စံတော်မူပြီးသော်လည်း ဝိနယဟူသော မူဘောင်အတွင်း အတူတကွ ငြိမ်းချမ်းစွာ လက်တွဲ နေထိုင်နေခြင်းဖြင့်သာသနာတော် တိုးတက်ထွန်းကား လာစေရန် သံဃာအဖွဲ့အစည်းအဆက်ဆက်က   စည်းကမ်းများကို အဆင့်ဆင့် စောင့်ထိန်းခဲ့ကြလေသည်။ လူ့အဆင့်အတန်းဟူသော ယဉ်ကျေးမှုနှင့် ဘဝနေထိုင်မှုကို ထိန်းငြိနိုင်စေရန် အကျင့်ဟူသော နှလုံးသွေးကြောကို သွေးအသစ်တို့ဖြင့် အားဖြင့်တော်မူခဲ့ကြသည်မှာ ယနေ့အထိပင် ဖြစ်သည်။  မွန်မြတ်သော အကျင့်ကို လိုက်နာကြသူများမှာ လူသားများပင်ဖြစ်သောကြောင့်
(ရဟန်းတော်များ ဖြစ်သော်လည်း) ဘဝခန္ဓာ၏ လိုအပ်ချက်များကို နေ့စဉ်ဖြည့်ဆည်း ပေးရသည်မှာ ဓမ္မတာပင် ဖြစ်သည်။ ထိုအခါ လူဒကာဒကာမများ၏ အကူအညီများ အထောက်အပံ့များကို မဖြစ်မနေ မီခိုကြရသည်။
လူဝတ်ကြောင်များ အပေါ် မိမိ၏ ဖြူစင်သော အကျင့်မြတ်ဖြင့် ကျေးဇူးတုံ့ပြန်တတ်စေရန် ဗုဒ္ဓရှင်တော်က အမျိုးမျိုး မှာကြားတော်မူခဲ့သည်။
ကျေးဇူးတရား၏ လေးနက်သိမ်မွေ့ခြင်းနှင့် ကျေးဇူးသိတတ်သူ၏ခန်းနားမြှင့်မားခြင်း ဂုဏ်ရောင်အရှိန်တို့ကြောင့်သာ ဤသာသနာတော်တောက်ပနေမည် ဖြစ်ကြောင်းကို ဆုံးမတော်မူခဲ့ပေသည်။ ဤကဲ့သို့ဆရာဒကာဟူသော တွဲလက်တို့ ခိုင်မြဲနေစေရန် ခေါင်းဆောင်သံဃာ့အဖွဲ့အစည်းအတွက် ဝိနယဟူသော စည်းကမ်းများကို
ချမှတ်ခဲ့ခြင်း ဖြစ်လေသည်။
ဗုဒ္ဓရှင်တော်ဘုရား၏ လိုလားချက်မှာ ခေါင်းဆောင်ကောင်းဟူသောအရည်အသွေးတွင် ယဉ်ကျေးမှုနှင့် မြင့်မြတ်ခြင်းကို စွမ်းရည်သတ္တိအဖြစ်ဖြင့် ဂုဏ်ပြုခဲ့ပေသည်။ ရဲရင့်သတ္တိဆိုသည်မှာ ယဉ်ကျေးမှုပုံစံကောင်း ဖြစ်စေလိုချင် ဖြစ်ပေမည်။
ဘိက္ခုဉာဏိန္ဒ
 ၂.၂.၂၀၁၅

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>