2 3 4 5 6 7 8 9 10

Wednesday, March 27, 2019

သည်မီးအိမ်

သည်မီးအိမ်


တို့ရင်ထဲဝယ်
ဆွဲချိတ်တည်ငြိမ်၊ ၀င်းလဲ့ထိန်သော
မီးအိမ်ကလေးရှိပါသည်။

မုန်တိုင်းတိုက်တိုက်၊ မိုးမိုက်မိုက်လည်း
စိုက်စိုက်ရှေ့မှ၊ လမ်းကိုပြသည်
ဝင်းပရွှန်းထိန်၊ သည်မီးအိမ်။

ကျားရဲလှုပ်လှုပ်၊ တောအုပ်အုပ်သည်၊
မဆုတ်အံတင်း၊ လမ်းပြထင်းသည့်
ဝင်းလဲ့ရွှန်းထိန်၊ သည်မီးအိမ်။

ရေစီးသန်သန်၊ လှိုင်းထန်ထန်လည်း
မာန်တင်းဝံ့ရဲ၊ လမ်းပြမြဲတည့်
လင်းမြဲလင်းထိန်၊ သည်မီးအိမ်။

သည်မီးအိမ်ကြောင့်
မနှောင့်ခရီး၊ ရှေ့သို့နီးခဲ့
မိုးမည်းမုန်တိုင်း လွန်ခဲ့သည်။

သည်မီးအိမ်ကြောင့်
မထောင့်တို့လမ်း၊ ရှေ့သို့လှမ်းခဲ့
ဆူးပြွမ်းခလုတ် ကျော်ခဲ့သည်။

သည်မီးအိမ်ကြောင့်
မကြောင့်စိတ်ထဲ၊ ၀ံ့ဝံ့ရဲခဲ့
ကျားရဲတောအုပ် လွန်ခဲ့သည်။

သည်မီးအိမ်ကြောင့်
မထောင့်ခရီး၊ တဆစ်နီးခဲ့
လှိုင်းကြီးရေဆန် ကျော်ခဲ့သည်။

ဒုက္ခပြွမ်းတီး၊ တို့ခရီးဝယ်
မညည်းမစိုက်၊ စိုက်စိုက်ရှေ့မှ
လမ်းကိုပြယင်း၊ ရှေ့သို့ချဉ်းခဲ့
လင်းလုအရုဏ်၊ နေခြည်မှုန်စ
အာရုံမင်သက်၊ ရုတ်တရက်လျှင်
မျက်ရည်စို့ဝဲ၊ ရင်ထဲဗြောင်းဆန်
သည်းအူလန်မျှ၊ မီးလျှံရဲရဲ
ရင်မှာစွဲပြီး
ကြေကွဲတသ၊ ကြောင်းမလှလေ
ဝင်းပမီးအိမ် ငြိမ်းခဲ့ပြီတကား။

သြော်.. မီးအိမ်ငြိမ်းပြီ၊ မှန်ပါသည်လည်း
ယုံကြည်မရှိ၊ တို့သာသိ၏
တို့သိသည်လည်း၊ တို့ရင်ထဲ၌
ဆွဲချိတ်တည်ငြိမ်၊ သည်မီးအိမ်
ရွှန်းထိန်ဝင်းပ၊ ထာဝရ
လမ်းပြဦးဆောင်နေဆဲတကား…။

အောင်သန့်


မင့်အိမ် ( ဇော်ဂျီ )




ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်းက မင့်အိမ်၊ လွန်သေးသိမ်ဟု
မငြိမ်မသက်၊ စိတ်စက် မကောင်း
စိတ်ထောင်း ကိုယ်ကြေ၊ တခွေခွေသည်
နေထိ ကြွေမည့် ပန်းယဉ်အိ..။

လှိုင်း၏အယောင်
ဆောင်ပြိုင် သာမော၊ သူ့အိမ်ချောသို့
စကြောသပ်ရပ်၊ စပယ်ထပ်နှင့်
ပန်းကပ် ပန်းကြွ၊ သူ့အိမ်လှသို့
ဝေးက မျှော်မှန်း၊ မင်း ယော်ယမ်းသည်
ပန်းအိ နေထိ ကြွေတော့မည့်..။

မကောင်း မင့်အိမ်၊ ကောင်း မင့်အိမ်တည့်
မင့်အိမ် ရွှဲစို၊ အမိုးယိုသော်
မငြိုသင့်ပါ၊ မင်း တက်ဖာပေါ့
အကာ အခင်း၊ ပျက်ပြိုယွင်းသော်
မငြင်းစေချင်၊ မင်းဆက်ပြင်ပေါ့
အခွင် အနဲ့၊ အရွဲ့အစောင်း
မကောင်း မပြေ၊ ဟောင်းထွေထွေကို
အခြေနှင့်မျှ၊ ဉာဏ်ဖြင့်ဆ၍
လုံ့လသက်သွင်း သစ်စေမင်း..။     

ဇော်ဂျီ ( ၁၉၆၈ ) 

သူ့မှာတမ်း



သူတို့အဆုတ်၊ ထားခဲ့မြှုပ်သည့်
ဗုံးငုတ်တိုက်မှား၊ မောင်ပြောက်ကြားကို
ရွာသားရွာသူ၊ မေးကြမြူသည်
အူအူယမ်းငွေ့၊ ထတုန်းတည်း..။

"အမောင်ပြောက်ကျား၊ ချစ်သူအားကို
ဘာများမှာကြားလိုသနည်း"

"ငယ်ကကြင်မြတ်၊ မိသက်မှတ်ကို
ခွင့်လွှတ်ခဲ့ကြောင်း ပြောပါလေ..။

"အမောင်ပြောက်ကျား၊ မိဘအားကို
ဘာများမှာကြားလိုသနည်း"

"မွေးသည့်မိခင်၊ မွေးဖခင်ကို
ဦးတင်ခဲ့ကြောင်း ပြောပါလေ.."

"အမောင်ပြောက်ကျား၊ တိုင်းပြည်အားကို
ဘာများမှာကြားလိုသနည်း"

"ခရီးမတ်တတ်၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ရှောင်ခွာ၊ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ.."

ယမ်းငွေ့အူအူ၊ တလူလူနှင့်
မေးမြူကြတုန်း၊ အနောက်ကုန်းဝယ်
နေလုံးကွယ်လေပြီတကား ...။

( မင်းသုဝဏ် )



Wednesday, March 20, 2019

အညာ တပေါင်းပွဲ



နွှဲကြညီညာ၊ ပျော်စရာ
အညာ တပေါင်းပွဲ။
ရွာစဉ်ဖြတ်ကျော်၊ ယောချောင်းကျော်
ပွဲတော်သွားစို့ခဲ။
နွားလှည်းကြော့ယဉ်၊ အသော့နှင့်
ကြည်ရွှင်သူငါပဲ။
ရွှေပေါင်လောင်ရှင်၊ ဆွမ်းဘောဇဉ်
ကပ်တင် အလှူပွဲ။
အက စုံညီ၊ တီးမှုတ်မြည်
လာပြီ တဖွဲဖွဲ။
စိန်ဒိုးမွှေသံ၊ အုန်းကျွတ်ညံ
နဘံ မိုးသို့ကဲ။
မြိုင်မြိုင်ဆိုင်ဆိုင်၊ ရွာချင်းပြိုင်
အနိုင်စွမ်းကုန်ကြဲ။
ထွန်တုံးထယ်ဖျာ၊ ၀ယ်စရာ
များစွာစုံလင်ပဲ။
ဇာတ်ရုပ်သေးပါ၊ ခြိမ့်ခြိမ့်သာ
ပွဲမှာလူတွေခဲ။
တိုးကြိတ်မနိုင်၊ ချွေးဖြိုင်ဖြိုင်
မွှေးကြိုင် ပန်းနံ့ကဲ။
တေးသုံစုံတီး၊ ၀ိုင်းတော်ကြီး
မငြီးနိုင်အောင်ပဲ။
မင်းသားသံဝါ၊ ဟန်ရေးပါ
ရှုလာ နှစ်ခြိုက်စွဲ။
ပရိသတ်ဘုံ၊ မောင်မယ်စုံ
စောင်ခြုံ နွေးနိုင်ပဲ။
ရောင်နီလည်းသန်း၊ ဗျောသံဆန်း
ဆွမ်းလောင်းလှူပြီပဲ။
စရိုက်ရိုးရာ၊ စောင့်ထိန်းကာ
စဉ်လာ ကျင်းပမြဲ။
တစ်နှစ်တစ်ခါ၊ ပျော်စရာ
အညာ တပေါင်းပွဲ။

တင်မောင်အေး ( ပခုက္ကူ )
အညာမြေမှ ပန်းလက်ဆောင်ကဗျာများ

အညာလမ်းက ရေချမ်းစင်



အညာလမ်းက၊ ရေချမ်းစင်သည်
ကြည်လင်အေးချမ်း၊ စိုပြည်လန်း၍
မောပန်းလာသူ၊ များရှင်လူအား
ထောက်ကူဖြည့်စွမ်း အားသစ်ကြွယ်..။
အညာလမ်းက၊ ရေချမ်းစင်သည်
ကြည်လင်ပြည့်ဖြိုး၊ အလှတိုး၍
အကျိုးဆောင်ရွက်၊ အများတွက်မို့
နှစ်သက်စိတ်ဝမ်း၊ အားဖြည့်ဖွယ်..။
ထနောင်းပင်တန်း၊ တမာလမ်း၌
ထန်းလက်ကာမိုး၊ ၀ါးတိုင်ထိုးလျက်
ရှေးရိုးစဉ်လာ၊ မပျက်ပါသည်
ဝမ်းသာကြည်နူး ချမ်းမြေ့ဖွယ်..။
အညာလမ်းမှ ..
လက်ကမ်းပေးဝေ၊ ရေချမ်းရေလျင်
ပန်းဖြေချွေးသိပ်၊ အမောတိတ်သည်
ပြုံးရိပ်ဆင်မြန်း ရွှင်လန်းဖွယ်..။

တင်မောင်အေး ( ပခုက္ကူ )
၁၉၇၃ ၊ ငွေတာရီ



Monday, February 4, 2019

ယုံကြည်ခြင်း သဒ္ဓါ


ယုံကြည်ခြင်း သဒ္ဓါသည်
အသိဉာဏ်မပါလျှင် ခိုင်မာခြင်းမရှိ။
ပြောင်းလဲနိုင် ပျောက်ပျက်နိုင်၏။
ရှင်မောဂ္ဂလာန်ကဲ့သို့သော တန်ခိုးရှင်သည်ပင်
သဒ္ဓါကို အာမမခံ။
အသိပညာသည်သာ ခိုင်မာ၏။
အသိဉာဏ်အခြေခံရှိသူများသည်
ယုံကြည်ချက် လွဲမှားစေကာမူ
အမှားအမှန် ဆုံးဖြတ်နိုင်၏။
အသိပညာ ကြီးမားအောင် ကြိုးစားကြပါလေ။


ဘဒ္ဒန္တနန္ဒမာလာဘိဝံသ
( ပါမောက္ခချုပ်ဆရာတော် )

Friday, February 1, 2019

အသိဉာဏ်ကို ဆိုးဆိုးရွားရွား ထိခိုက်စေသော ဆေး




လူသားတို့၏ ပုံမှန်အသိဉာဏ်ကို ဆိုးဆိုးရွားရွား 
ထိခိုက်စေသောဆေးမှာ
စိတ်ကြွဆေးဖြစ်သည်။
စိတ်ကြွဆေးကြောင့် လူသားများ ပျက်စီးဆုံးရှုံးခဲ့ကြသည်။
စိတ်ကြွဆေးဆိုသည်မှာ အက်ဗီဒရင်း၊ ကာဖင်းစသော
ဓာတုဗေဒပစ္စည်းများကို အခြေခံကာ
လူတို့ဖန်တီးပြုလုပ်ထားသော ဆေးတစ်မျိုးဖြစ်သည်။
Amphetamine Type Stimulants (ATS) ခေါ်
စိတ်ကြွဆေးသည် ဗဟိုနပ်ကြောအဖွဲ့ကို လှုံ့ဆော်ပါသည်။

သမိုင်းကြောင်းကိုတင်ပြရသော် အဖက်တမင်းကို
၁၈၈၇ ခုနှစ်တွင် ထုတ်လုပ်ခဲ့ပြီး အသက်ရှူကျပ်ခြင်းကို သက်သာစေရန် ဆေးအဖြစ်

၁၉၃ဝ ပြည့်နှစ်ခန့်တွင် သုံးစွဲခဲ့သည်။ ၎င်းဆေးသည် ဗဟိုနပ်ကြောအဖွဲ့ကို လှုံ့ဆော်မှုပေးနိုင်ကြောင်းကို
၁၉၃၃ ခုနှစ်တွင် သိရှိပြီးနောက် တရားမဝင်သုံးစွဲမှုများ စတင်ခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်းတွင် အမေရိကန်၊ ဗြိတိန်၊ဂျာမန်နှင့် ဂျပန်စစ်တပ်တို့တွင် အမောပန်းခံနိုင်ရန်၊

စိတ်ဓာတ်တက်ကြွစေရန်နှင့် အပင်ပန်းခံနိုင်ရန်အတွက် အသုံးပြုခဲ့ကြသည်။ ဒုတိယကမ္ဘာစစ် ပြီးသည့်နောက်ပိုင်းတွင်
တရားမဝင်ဈေးကွက်ဖြင့် ထရပ်ကား ဒရိုင်ဘာများ၊ စက်ရုံလုပ်သားများ၊ ဆောက်လုပ်ရေး လုပ်သားများ၊
ငါးဖမ်းသမားများနှင့် အားကစားသမားများသည် လန်းဆန်းတက်ကြွ၍ အပင်ပန်းခံနိုင်ရန် သုံးစွဲခဲ့ကြသည်။
၁၉၅ဝ နှင့် ၁၉၆ဝ ပြည့်နှစ်တို့တွင် နိုင်ငံအတော်များများ၌ တရားမဝင်ဆေးအဖြစ် ဥပဒေများဖြင့် ကန့်သတ်ခဲ့သည်။



ဆက်လက်၍ စိတ်ကြွဆေး၏ အမျိုးအမည်များကို တင်ပြရသော် -
- အဖက်တမင်း (Amphetamine)
- မက်အမ်ပီတမင်း (Methamphetamine)
- မိသိုင်းလ်ဖင်နိဒိတ် (Methylphenidate)
- ဒက်တရိုအမ်ဖီတမင်း (Dextroample tamine)နှင့်
- အက်စ်တာစီ Ecstasy) တို့ဖြစ်ကြသည်။
အထူးသဖြင့် မက်အမ်ဖီတမင်းကို ယေဘုယျအနေဖြင့်
- အိုက်စ် (Ice)
- ရှဘူး (Shabu)
- ရာဘ (Yaba)
- ရာမ (Yama)
- စပီဒ် (Speed) ဟူ၍လည်း ခေါ်ဝေါ်ကြသည်။

စိတ်ကြွဆေးကို သုံးစွဲကြခြင်းမှာ လန်းဆန်းတက်ကြွခြင်း၊ မောပန်းခံနိုင်ခြင်း၊ ကိုယ်ကာယ

လုပ်ဆောင်နိုင်စွမ်း မြင့်မားလိုခြင်းတို့ကို ခံစားလိုခြင်းကြောင့် ဖြစ်သည်။

ထို့ပြင် အငွေ့ပြန်လွယ်ခြင်း၊ အပူဒဏ်ခံနိုင်ခြင်းတို့ကြောင့် စိတ်ကြွဆေးကို သောက်သုံးခြင်း၊

ထိုးဆေးအနေဖြင့် သုံးစွဲခြင်းတို့ပြုလုပ်ကြသည်။ ထို့ပြင် အခြားမူးယစ်ဆေးများထက်
ကုန်ကျစရိတ်နည်းပါးခြင်းနှင့် အလွယ်တကူ ရနိုင်သဖြင့် သုံးစွဲမှု ပိုများလာသည်။

ထိုစိတ်ကြွဆေးကို သုံးစွဲခြင်းဖြင့် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်ပေါ်နိုင်သည်။

လတ်တလောအနေဖြင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုများမှာ မျက်စိသူငယ်အိမ် ကျယ်ခြင်း၊
ချွေးထွက်များခြင်း၊ အစားအသောက် ပျက်ခြင်း၊ အသက်ရှူမြန်ခြင်း၊
သွေးတိုးခြင်း၊မထင်မှတ်ဘဲ ကြမ်းတမ်းသော အမူအရာများ
ဖြစ်တတ်ခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင် သုံးစွဲပါက သန္ဓေသားပျက်စီးခြင်း၊ အချိန်မတိုင်မီ

မွေးဖွားခြင်း၊ ပေါင်မပြည့်သော ကလေးမွေးဖွားခြင်းနှင့် မွေးဖွားသော ကလေးတွင်
ရင်းထသော လက္ခဏာများ ဖြစ်ပေါ်နိုင်သည်။





ထို့ပြင် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများ ဖြစ်သည့် စကားများခြင်း၊ မိမိကိုယ်ကို အထင်ကြီးစိတ်ဝင်ခြင်း၊

ဘဝင်မြင့်ခြင်း၊ လှုံ့ဆော်မဲ့အာရုံရခြင်း၊ ရုတ်တရက် ရူးသွပ်ခြင်း၊ ဂဏှာမငြိမ်ခြင်းနှင့်
စိုးရိမ်ကြောက်လန့်စိတ်များခြင်း၊ ရန်လိုခြင်းနှင့် ဒေါသထွက်ခြင်းများကို ဆေးသုံးစွဲပြီးသည့်
လတ်တလော အချိန်များတွင်ပင် တွေ့ကြုံရနိုင်သည်။

ရေရှည်သုံးစွဲသူများတွင်ကား ရှူခြင်း၊ ရှုံ့ခြင်းကြောင့် နှာခေါင်းကြွက်သားမျှင် ပျက်စီးခြင်း၊

ရှူရှိုက်ခြင်းကြောင့် အသက်ရှူ လမ်းကြောင်းထိခိုက်ခြင်းနှင့် အဆုတ်ကင်ဆာ ပိုမိုဖြစ်ပွားခြင်း၊
ဆေးထိုးသုံးစွဲပါက HIV၊ အသည်းရောင် အသားဝါဘီနှင့် စီအပါအဝင် သွေးမှတစ်ဆင့်
ကူးစက်တတ်သော ဗိုင်းရပ်ရောဂါပိုး အန္တရာယ် ပိုမိုများပြားစေခြင်း၊ ခံတွင်းပျက်သောကြောင့်
အာဟာရချို့တဲ့ခြင်း၊ ကိုယ်ခန္ဓာပိန်ချုံးခြင်း၊ အရေပြားရောဂါ ဖြစ်ခြင်း၊ သွားများထိခိုက်
ပျက်စီးခြင်း ဟူသော ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများကို ခံစားရမည်မလွဲပါ။

ထို့ပြင် မှတ်ဉာဏ်စွမ်းရည်ဆုံးရှုံးခြင်း၊ ရေရှည်အိပ်ပျက်ခြင်းကြောင့် မှန်မှန်ကန်ကန် မဝေခွဲ

မဆုံးဖြတ်နိုင်ခြင်း၊ မသုံးစွဲရ မနေနိုင်အောင် စိတ်ပိုင်းဆိုင်ရာ စွဲလမ်းလာခြင်း၊ပျော်ရွှင်မှုခံစားနိုင်စွမ်း
လျော့ပါးလာခြင်း၊ စိတ်ဝေဒနာရှိသူဖြစ်ပါက စိတ်ရောဂါပိုမိုဆိုးရွားနိုင်ခြင်း၊ သံသယလွန်စိတ်ရောဂါ
ခံစားရခြင်းနှင့် စိတ်ဓာတ်ကျ၍ သတ်သေချင်စိတ်များဖြစ်ပေါ်ပြီး ရေရှည်သုံးစွဲမှု၏
ရလဒ်ဆိုးများကိုလည်း ကြုံတွေ့နိုင်သည်။ လူမှုရေးဆိုးကျိုးအပြင် ရာဇဝတ်မှုများ
ကျူးလွန်သည်အထိလည်း ဖြစ်နိုင်သည်။

မြန်မာနိုင်ငံတွင် စိတ်ကြွဆေးသုံးစွဲမှုကို ၁၉၉၆ ခုနှစ်တွင် စတင်ဖမ်းဆီးရာမှ သိရှိခဲ့ပြီး

ထိုဆေးဝါးသည် မြန်မာနိုင်ငံ၏ ၁၉၉၄ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော
ဆေးဝါးများ ဥပဒေအရ တားမြစ်ထားသော ဆေးဝါးလည်းဖြစ်သည်။

အစပြုသုံးစွဲမိပါက ဆိုးကျိုးကိုသာပေးသော
ထိုဆေးဝါးတို့၏ အန္တရာယ်ကို ကာကွယ်ရန်မှာ
အရေးကြီးဆုံး ကဏ္ဍတစ်ခုဖြစ်သည်။
ဆေးသုံးစွဲသူတို့၏ ၁ဝ ရာခိုင်နှုန်းခန့်သာ ဆေးရုံ၊ ဆေးခန်းများတွင် ကုသမှုခံယူသည်ကိုလည်း

တွေ့ရှိရသဖြင့် အစမပြုမိစေရန်သာ အဓိကဦးစားပေး ကာကွယ်ရမည်ဖြစ်သည်။ 
ထိုသို့ကာကွယ်ရန် စိတ်ကြွဆေးသည် ဆိုးကျိုးကိုဖြစ်ပေါ်စေကြောင်း လက်ဆင့်ကမ်းပညာပေးရန်၊ 
လူငယ်များ၏ စူးစမ်းလိုစိတ်ကို အခွင့်ကောင်း ယူကာ ဖြားယောင်းမြှူဆွယ်တတ်သည်ကု
ရှောင်ကြဉ်တတ်စေရန်နှင့် မိဘနှင့် ဆရာ၊ ဆရာမများမှ ဝိုင်းဝန်းကူညီပံ့ပိုးပေးရန်တို့ အထူး
လိုအပ်လှပါကြောင်း ရေးသား တင်ပြလိုက်ရပါသည်။ ။

မြဝတီ ကျန်းမာရေးသတင်းစာစု

ရေးသားသူ ထိပ်တင်ချို

Thursday, January 31, 2019

အတွေးအမြင် ဖတ်စရာ ( ဦးရွှေအောင် )



ရှေး​ခေတ်​အခါက..
အံသြထိတ်​လန့်​ဖွယ်​​တွေကို ပြသနိုင်​တဲ့အတွက်
အနယ်​နယ်​အရပ်​ရပ်​မှာ ထင်​ရှား​ကျော်​ကြားတဲ့
ကျွမ်းဘားပညာရှင်​ဆရာတပည့်​နှစ်​ဦး ရှိခဲ့ဖူးပါတယ်​။
သူတို့ ပြကွက်​​တွေထဲမှာ မြင့်​မြင့်​မားမားစိုက်​ထူထားတဲ့
ဝါးတိုင်​ထိပ်​ဖျားကို​ရောက်​လို့ မတ်​တတ်​ရပ်​​နေတဲ့
ဆရာရဲ့ ပခုံးထက်​ကို ​ရောက်​​အောင်​ တပည့်​ဖြစ်​သူက
တက်​လိုက်​သွားပြီးတဲ့​နောက်​ ဆရာတပည့်​နှစ်​ဦးဟာ
တစ်​ဦးကိုတစ်​ဦး ထိန်းမတ်​ရင်း ရင်​သပ်​ ရှု​မောဖွယ်​ရာ​တွေကို ပြသတဲ့

ဝါးတိုင်​ထက်​မှ ပြကွက်​လည်း ပါတယ်​။

တစ်​ခါမှာ ဆရာတပည့်​နှစ်​ဦး တိုင်​ပင်​ပြီး
ယခင်​ ပြသခဲ့တဲ့ ပြကွက်​​တွေထက်​ ပိုပြီး
အံသြဖွယ်​​ကောင်းတဲ့ ပြကွက်​တစ်​ခုကိုပြဖို့
အစီအစဉ်​တစ်​ခု ပြုခဲ့ကြပါတယ်​။
အဲဒီ အစီအစဉ်​က​တော့ ဆရာဖြစ်​သူက
အံဖွယ်​​ကောင်း​လောက်​​အောင်​ ထိန်းမတ်​​ပေးထားမယ့်
ဝါးတိုင်​ထိပ်​မှာ တပည့်​ဖြစ်​သူက တကယ့်​ ဓား၊ လှံ၊
သန်​လျက်​​တွေကို ကစားပြ၊ ထိန်းမတ်​ပြရမယ့်
အင်​မတန်​အန္တရာယ်​များတဲ့ ပြကွက်​ကိုပြဖို့ အစီအစဉ်
ဖြစ်​ပါတယ်​။

စီစဉ်​ထားတဲ့အတိုင်း ပြပွဲ​နေ့​ရောက်​လို့ တခြားပြကွက်​​တွေကို
ပြသပြီး​တဲ့နောက်​ အဲဒီအန္တရာယ်​များပြားတဲ့ ပြကွက်​ကို
ပြရမယ့်​ အလှည့်​ကို ​ရောက်​လာပါတယ်​။

တပည့်​ဖြစ်​သူဟာ ကြိုတင်​​လေ့ကျင့်​မှု​တွေ
လုပ်​ထားခဲ့​ပေမယ့်​လဲ တကယ့်​ ဓား၊ လှံ၊ သန်​လျက်​​တွေကို
အသုံးပြုပြီး ပြသရမှာ ဖြစ်​တဲ့အတွက်​ ထိတ်​လန့်​မှု
အနည်းငယ်​​တော့ ဖြစ်​လာဟန်​ တူပါတယ်​။
တိုင်​ထိပ်​မှာ သူပြသ​နေတုန်း ​အောက်​က ဆရာဖြစ်​သူရဲ့
ထိန်းမတ်​​ပေးမှု နည်းနည်းက​လေး ချွတ်​​ချော်​တိမ်းပါးသွားရင်
ချွန်​ထက်​တဲ့ ဓား၊ လှံ၊သန်​လျက်​​တွေနဲ့အတူ အောက်​ကို
ကျသွားနိုင်​တယ်​။ ကျသွားရင်​ အသက်​အန္တရာယ်​ကို
ထိခိုက်​နိုင်​တယ်​လို့ တပည့်​ဖြစ်​သူဟာတွေးပြီး
ထိတ်​လန့်​ဟန်​တူပါတယ်​။
တကယ်​​တော့ ဓား၊ လှံ၊ သန်​လျက်​​တွေနဲ့ ​အောက်​ကို
သူကျရင်​​ အောက်​မှာရှိတဲ့ သူ့ဆရာဟာလဲ သူ့လိုပဲ
အသက်​အန္တရာယ်​ထိခိုက်​နိုင်​တယ်​ ဆိုတာကို သူ
မ​တွေးမမြင်​မိဘူး။ ဒီလို မ​တွေးမြင်​မိဘဲနဲ့ သူ့အန္တရာယ်​ကိုပဲ
သူ​တွေးမြင်​ ထိတ်​လန့်​ပြီး
''ဆရာ ဒီတစ်​ခါ
အ​ကောင်းဆုံးထိန်းမတ်​ ​ပေး​စေလိုပါတယ်​''လို့ ဆရာကို
မ​ပြောစဖူး ​ပြောပါတယ်​။
ဒီလို​ပြောတဲ့အခါမှာ ဆရာဖြစ်​သူက
တည်​ငြိမ်​​အေး​ဆေးတဲ့ ​လေသံနဲ့တပည့်​ကို
''တပည့်​ သင်​ကိုယ်​သင်​သာ ​စောင့်​​ရှောက်​ပါ
သင်​လုပ်​ရမယ့်​ အလုပ်​ကို သင်​ဂရုစိုက်​ပြီး
အ​ကောင်းဆုံးလုပ်​ပါ
ငါလည်း ငါ့ကိုယ်​ငါ ​စောင့်​​ရှောက်​မယ်
ငါ့ဘက်​က ငါလုပ်​ရမယ့်​ အလုပ်​ကိုလဲ
ငါ အ​ကောင်းဆုံး လုပ်​ပါ့မယ်
မိမိကိုယ်​မိမိ ​စောင့်​​ရှောက်​ခြင်း၊ မိမိအလုပ်​ကို
မိမိ ဂရုစိုက်​ခြင်းဟာ မိမိ​ရော သူတစ်​ပါးပါ
အကျိုးများ​စေနိုင်​ပါတယ်​ "လို့ ပြန်​​ပြောပါတယ်​။

ဆရာဖြစ်​သူဟာ မိမိ စကားအတိုင်း
မိမိကိုယ်​ကို စောင့်​​ရှောက်​ရင်း ဝါးတိုင်​ကို
အံဖွယ်​​ကောင်း​လောက်​​အောင်​ ထိန်းမတ်​​ပေးတယ်​။
ဆရာဟာ သူလုပ်​ရမယ့်​ အလုပ်​ကို
အ​ကောင်းဆုံး လုပ်​​ပေးတာပါပဲ။
တပည့်​ဟာလည်း ဆရာ့စကားကို နာယူပြီး
ထိန်းမတ်​​ပေးထားတဲ့ ဝါးတိုင်​​ပေါ်ကို
ရဲဝံ့တည်​ကြည်​စွာနဲ့ တက်​တယ်​။
အ​ပေါ်​ရောက်​တဲ့အခါမှာ သူ့ကိုယ်​သူ ​စောင့်​​ရှောက်
ထိန်းမတ်​ရင်း သူပြရမှာကို အ​ကောင်းဆုံးပြသတယ်​။
သူလုပ်​ရမယ့်​ အလုပ်​ကို အ​ကောင်းဆုံး လုပ်​တာပါပဲ။

မိမိကိုယ်​မိမိ ​စောင့်​​ရှောက်​ရင်း
မိမိတို့ လုပ်​ရမယ့်​အလုပ်​ကို အ​ကောင်းဆုံး လုပ်​ခြင်းအားဖြင့်
ဆရာတပည့်​နှစ်​ဦးဟာ ယခင်​ပွဲ​တွေနဲ့မတူတဲ့ တစ်​မူထူးခြားတဲ့
အံ့ဖွယ်​သူရဲ ပြကွက်​ကို​အောင်​မြင်​စွာနဲ့ ပြသနိုင်​ခဲ့ကြပါတယ်​။

( ''နန္ဒာသိန်းဇံ'' ၏ မှန်​​သောစကားကိုဆိုခြင်းနှင့် ပတ်သတ်သောမှတ်ချက်များမှ )

Wednesday, January 30, 2019

''ကံ နဲ့ အကျိုးပေးခွင့်'' ( ရဝေနွယ် - အင်းမ )

''ကံ နဲ့ အကျိုးပေးခွင့်''
 
တစ်ခါတစ်လေတော့လဲ ကံတရားက နားလည်ရအခက်သား
ကောင်းကံတွေ ပြုနေပေမယ့် အဆင်မပြေမှုတွေနဲ့ချည်းပဲ တွေ့နေရတတ်ပါတယ်။
မကောင်းကံတွေနဲ့ ယှဉ်နေပေမယ့်လည်း ဘာပဲလုပ်လုပ် အဆင်ပြေနေတတ်ပါတယ်။
ဒီအဖြစ်မျိုးတွေက ၀န်းကျင်တိုင်းမှာ တွေ့နေရတာဖြစ်လေတော့ အမြင်အားဖြင့်
သိပ်ပြီးဆန်းလှတယ်လို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဆန်းတာက ကံရဲ့သဘော တရားပါ။
ဥပမာပဲ ထားပါတော့  ကိုယ့်ဝန်းကျင်မှာ ရှိနေတဲ့ လူတစ်ယောက်၊
မကောင်းကံမှန်သမျှ အကုန်လုပ်နေတယ်၊  ဒါကို သူ့ဝန်းကျင်ကလည်းသိနေကြတယ်၊
ဒါပေမယ့် အဲဒီလူမှာ ချမ်းသာလိုက်တာ  မပြောပါနဲ့တော့၊ လုပ်ငန်းကိုင်ငန်းတွေ ကြည့်ဦးမလား၊
အားလုံးချောမွေ့လို့၊ဘာဆိုဘာမှ အခက်အခဲမရှိ။
ဒါမျိုးတွေမြင်ရတော့ ကိုယ်ပြုနေကျ ကောင်းကံလေး အပေါ်မှာတောင် သံသယ၀င်ချင်စရာ၊
ကံအပေါ် နားလည်ရ ခပ်ခက်ခက်။
ဟိုး… စောစောပိုင်း ကာလတွေကတော့ မိမိလည်း ဒီအတိုင်းပါပဲ။ နောက်ပိုင်းစာတွေဖတ်ရင်း
“သမ္ပတ္တိလေးပါးနဲ့ ၀ိပတ္တိလေးပါး” အကြောင်း ဖတ်မိတော့မှာပဲ ထိုက်သင့်သလောက်
နားလည်ခဲ့ရပါတယ်။ နားလည်သလောက် ပြန်ရေးပြပါရစေဦး။
ကံဆိုတာ “ကုသိုလ်ကံနဲ့ အကုသိုလ်ကံ”ဆိုတာ ရှိပါတယ်။ ကောင်းကံနဲ့ မကောင်းကံပေါ့၊
အဲဒီ ကံနှစ်ခုဟာ ပြုတိုင်းတော့ ပုံသေ အကျိုးမပေးပါဘူး။ သမ္ပတ္တိလေးပါးနဲ့ ကြုံနေရင် မိမိပြုထားတဲ့
အကုသိုလ်ကံဟာ အကျိုးမပေးနိုင်သလို ၊ ၀ိပတ္တိလေးပါးနဲ့ ကြုံနေရင်လဲ မိမိပြုထားတဲ့
ကုသိုလ်ကံက အကျိုးမပေး နိုင်သေးပါဘူး။
“သမ္ပတ္တိ” ရဲ့ အနက်က “ပြည့်စုံခြင်း”၊ “၀ိပတ္တိ” ရဲ့ အနက်က “ချွတ်ယွင်းခြင်း”ပါ။
''သမ္ပတ္တိ-လေးပါး''ဆိုတာက
၁။ ဂတိသမ္ပတ္တိ
၂။ ဥပဓိသမ္ပတ္တိ
၃။ကာလသမ္ပတ္တိ
၎။ ပယောဂသမ္ပတ္တိ
အဲဒီအထဲမှာ “ဂတိသမ္ပတ္တိ” ဆိုတာလူ့ပြည် နတ်ပြည်၊ ဗြဟ္မာပြည်ကိုပြောတာပါ။
ဘ၀ကောင်းကိုရရှိခြင်းပေါ့၊ ဂတိသမ္ပတ္တိမှာဖြစ်နေရင် “အကုသိုလ်ကံ”က
အကျိုးပေးခွင့်မသာတော့ဘူး။ ကုသိုလ်ကံရဲ့အလှည့်ရောက် နေပါတယ်။
“ဥပဓိသမ္ပတ္တိ” ဆိုတာက “ရုပ်အဆင်းလှပခြင်း” ကို ပြောတာပါ၊
လောကမှာ ဥပဓိသမ္ပတ္တိကလဲ အရေးကြီးပြန်ပါတယ်၊ အဲဒီ ဥပဓိသမ္ပတ္တိ ကိုရနေရင် အကုသိုလ်ကံ
အကျိုးပေးခွင့် မသာတော့ဘူး၊
သီဟိုကျွန်းမှာ“ဘာတိကမင်း”ဆိုတာရှိပါတယ်။အဲဒီမင်းက တိုင်းသူပြည်သားတွေကို
“နွားသားမစားရဘူး”လို့ အမိန့်ထုတ် ထားပါတယ်။ နွားသားစားခဲ့ရင် ဖမ်းပြီး ဒဏ်ငွေတပ်တယ်။
ဒဏ်ငွေမဆောင်နိုင်ရင် နန်းတော်ထဲကိုခေါ်ပြီး အမှိုက်ကျုံးတာတို့၊မြေတူးတာတို့ကိုလုပ်ရတယ်။
တစ်နေ့ မိသားစုတစ်စုက တားမြစ်ထားတဲ့ကြားက  နွားသားခိုးစားကြတယ်။
ဒီလိုနဲ့ ဘုရင့်ရဲမက်တွေက မိရောဆိုပါတော့။ ဒီတော့ ထုံးစံအတိုင်း ဒဏ်ငွေဆောင်ပေါ့။
ဒါပေမယ့် အဲဒီမိသားစုက ဆင်းရဲတော့ ဒဏ်ငွေမဆောင်နိုင်ဘူးတဲ့။
ဒဏ်ငွေမဆောင်နိုင်တော့ နန်းတော်ခေါ်ခဲ့ကြတာပေါ့၊ နန်းတော်မှာက သူတို့မိသားစုတင်မကဘူးတဲ့။
သူတို့လိုပဲ နွားသားခိုးစားကြတဲ့ တခြားမိသားစုတွေလည်းပါတယ်။အဲဒီနွားသားခိုးစားတဲ့ သူတွေကို
ဒဏ်ပေးတဲ့အနေနဲ့ အမှိုက်သိမ်း၊ မြေတူး၊ မြက်နှုတ်ပေါ့။ ဒါကိုဘာတိကမင်းက
လေသာပြတင်းက ကြည့်နေပါတယ်၊
စောစောက ပြောခဲ့တဲ့ မိသားစုထဲမှာ တော်တော်ရုပ်အဆင်းလှတဲ့ ကောင်မလေး ပါတယ်၊
နေပူကြဲကြဲမှာ ချွေးသံတရွှဲရွှဲနဲ့ ဒဏ်ထမ်းနေတဲ့ အဲဒီရုပ်လှလှကောင်မလေးကိုမြင်တော့ ဘုရင်က
“ဒီရုပ်ရည်နဲ့ ကြမ်းတမ်းတဲ့ အလုပ်တွေ မတန်ဘူး” ဆိုပြီး မင်းချင်းတစ်ယောက်ကို ခေါ်ခိုင်းလိုက်တယ်။
“သမာဒေ၀ီ” ဆိုတဲ့ ဘွဲ့ပေးပြီး ဘုရင်က သူ့အနားမှာ ခစားဖို့ထားလိုက်တယ်၊
သူ့ရဲ့မိသားစုကိုလည်း ဒဏ်ထမ်းနေရာကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့အပြင်
အသက်မွေး နိုင်လောက်အောင် ငွေကြေးတွေနဲ့ မစလိုက်တယ်တဲ့။
ဒါ “ဥပဓိသမ္ပတ္တိ”က အကျိုးပေးလိုက်တာပါပဲ၊
လူတစ်ယောက်ရဲ့ ဥပဓိသမ္ပတ္တိဟာ သူနဲ့နွယ်တဲ့ မိသားစုကိုလည်း အကျိုးပေးသွားတယ်၊
အဲဒီလို “ဥပဓိသမ္ပတ္တိ”နဲ့ ပြည့်စုံနေရင်လဲ“အကုသိုလ်ကံ”က အကျိုးပေးခွင့် မသာပြန်ပါဘူး။
“ကာလသမ္ပတ္တိ” ဆိုတာက မြတ်စွာဘုရားပွင့်ရာအခါ၊ စကြ၀တေးမင်းပေါ်ရာအခါ၊ မင်းကောင်းမင်းမြတ်တွေ
ပေါ်ရာအခါကို ပြောတာပါ၊
မြတ်စွာဘုရား ပွင့်နေရင် နိဗ္ဗာန်ရောက်ကြောင်းတရားတွေ 
နာကြားခွင့်ရနေမယ်စကြာဝတေးမင်းပေါ်နေတဲ့ ကာလဆိုရင်လဲ သူ့ဘုန်းကံအလျောက် တိုင်းပြည် ချမ်းသာကြွယ်ဝနေမယ်
မင်းကောင်းမင်းမြတ်တွေ အုပ်စိုးနေတဲ့ ကာလဆိုရင်လဲ
တိုင်းသူပြည်သားတွေ စားဝတ်နေရေး၊ စီးပွားရေးတွေ
ပြေလည်နေမယ်၊ ကျန်းမာရေးတွေ ကောင်းနေမယ်။
ပညာတွေ စိတ်ကြိုက်သင်ခွင့်ရနေမယ်ပေါ့။အဲဒီ ကာလ
သမ္ပတ္တိနဲ့ ပြည့်စုံနေရင်လည်း
“အကုသိုလ်ကံ”က အကျိုးပေးခွင့် မသာပြန်ဘူး။
“ပယောဂသမ္ပတ္တိ” ဆိုတာက “သတိ၊ ၀ီရိယ၊ ဉာဏ်”တွေနဲ့ 
ပြည့်စုံနေတာကို ပြောတာပါ။
လောကမှာနေသမျှ ကာလပတ်လုံး အမြဲတမ်း သတိရှိနေမယ်
သွက်သွက်လက်လက် နိုးနိုးကြားကြားနဲ့ လုံ့လ၀ီရိယရှိနေမယ်
အရာရာကို နားလည်သဘောပေါက်ပြီး ထက်မြတ်တဲ့ ဉာဏ်ပညာရှိနေမယ်၊
သတိဝီရိယဉာဏ်တွေ ယှဉ်ပြီး အားကြီးတဲ့ ကုသိုလ်တွေပြုနေမယ်။ အဲဒီလိုဆိုပြန်ရင်လဲ
အကုသိုလ်ကံက အကျိုးပေးခွင့် မသာပြန်ဘူး။
လောကမှာ ကြီးပွားချမ်းသာနေတဲ့သူတွေကို ကြည့်လိုက်ရင် ပယောဂသမ္ပတ္တိဆိုတဲ့
သတိ၊ ၀ီရိယ၊ ဉာဏ်ပညာနဲ့ ပြည့်စုံနေတဲ့သူတွေ ဖြစ်နေမယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
ဒီနေရာမှာ သတိထားရမှာက“အတိတ်ကံရဲ့သတ္တိက တစ်မတ်သား”လောက်ပဲပါတယ်။
ယခုပစ္စုပ္ပန်ဘ၀၊ သတိ၊ ၀ီရိယ၊ ဉာဏ်ဆိုတဲ့ ပယောဂသမ္ပတ္တိက “သုံးမတ်သားလောက် ပါရှိတယ်”ဆိုတာ
ကောင်းကောင်း သတိထားရမယ့်အကြောင်း
“မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ” က အထူးသတိ ပေးထားပါတယ်၊
ဆိုလိုတာက ဒီပစ္စုပ္ပန်ဘ၀မှာ ပယောဂသမ္ပတ္တိနဲ့
ကုသိုလ်ကံအကျိုးတွေကို ခံစားနိုင်ခွင့် ရှိသလို အကုသိုလ်ကံတွေကိုလဲ တားဆီးထားနိုင်တယ်၊
ဥပမာ- “အဇာတသတ်မင်း” ကိုကြည့်၊အဖကိုသတ်ထားတဲ့ ပါဏာတိပါတကံကြီးက
အ၀ီစိငရဲကို ကျိန်းသေမုချကျရမယ်။ဒါပေမယ့် သတိတွေဥာဏ်တွေဝင်လာပြီး
မြတ်စွာဘုရားကိုသွားပြီး ဆည်းကပ်လိုက်တော့
ဘုရားရှင်ကို ဆည်းကပ်လိုက်တဲ့“ပယောဂသမ္ပတ္တိ”ကြောင့် အ၀ီစိငရဲမကျတော့ဘဲ
အ၀ီစိငရဲထက်ငယ်တဲ့ “လောဟကမ္ဘီုငရဲ” မှာပဲ
ကျရတော့တယ်။နောက်အကျိုးတစ်ခုက အဲဒီငရဲက လွတ်လာရင် “၀ိဇိတာဝီ”ဆိုတဲ့
ပစ္စေကဗုဒ္ဓါဖြစ်ပြီး ပရိနိဗ္ဗာန်စံဝင်ရမယ်တဲ့။ဒါ ပယောဂသမ္ပတ္တိရဲ့ အစွမ်းသတ္တိတွေပါပဲ။
နောက် “၀ိပတ္တိလေးပါး”ထဲမှာ “ဂတိသမ္ပတ္တိ ”ဆိုတာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဆိုတဲ့
အပါယ်လေးဘုံကို ပြောတာ၊ မကောင်းတဲ့ဘ၀ကို ရရှိတယ်ပေါ့
အဲဒီလို အပါယ်လေးဘုံဆိုတဲ့ ဂတိသမ္ပတ္တိနဲ့ ကြုံနေရင်လဲရှေးရှေးဘ၀က ကုသိုလ်ကံတွေ ရှိနေပေမယ့်
ကုသိုလ်ကံက အကျိုးပေးခွင့် မသာတော့ဘူး။
“ဥပဓိဝိပတ္တိ” ဆိုတာက ရုပ်အဆင်းမလှတာပါ၊
“ဒီပရာ” ဆိုတဲ့ ၀တ္တုမှာ မင်းကြီးက “ဒီပရာဇာ”ဆိုတဲ့ မင်းသားကို ဖွားမြင်တော့ မင်းကြီးက
သားကိုချစ်တာရော၊ မိဖုရားကိုချစ်တာရော ပေါင်းပြီး မိဖုရားကို “လိုရာဆုကို တောင်းပါ” လို့ ပြောတယ်။
မိဖုရားကလဲ “ကောင်းပြီ၊ အခုမယူသေးပါ၊ နောင်မှယူမယ်” လို့ ပြန်လျှောက်တယ်။
အဲဒီ “ဒီပရာဇာမင်းသား”က ခုနစ်နှစ်၊ ရှစ်နှစ်အရွယ်မှာ ကြက်တိုက်တမ်းကစားသတဲ့။
မင်းသားဖြစ်ပြီး မကစားသင့်တဲ့ အရာကို ကစားတော့ ကြက်က နောက်ပြန်ဆုတ်ရင်း 
မင်းသားရဲ့ မျက်စိကို ခွပ်လိုက်တာ မျက်စိပျက်ရော။
ဒီလိုနဲ့ မင်းသားတစ်ဆယ့်ခြောက်နှစ်သားအရွယ်ရောက်လာတော့ မယ်တော်မိဖုရားက
မင်းကြီးဆီကပ်ပြီး “အရှင်မင်းကြီး သားဖွားစဉ်ကာလက လိုရာဆုကို
တောင်းပါလို့ အမိန့်ရှိထားပါတယ် ယခုထိုဆုကို တောင်းလိုပါတယ်”ပေါ့ ။
မင်းကြီးကလည်း “မိဖုရားမြတ်ဆုယူလော့” ဆိုတော့ မိဖုရားက
“အရှင်မင်းကြီး အကျွန်ုပ်သားအားမင်းအဖြစ်ကို ပေးတော်မူပါလော့”လို့တောင်းတယ်။
ဒီတော့ မင်းကြီးက ဘာပြန်ပြောသလဲဆိုတော့
“မိဖုရား-သင့်သားဟာ စက္ခုမစုံ၊ အင်္ဂါမြုံတဲ့သူဖြစ်တယ်။
တိုင်းပြည်နဲ့မတန်ဘူး၊ ဒါကြောင့် မင်းအဖြစ်ကိုမပေး”လို့ပြန်မိန့်လိုက်ပါတယ်။
မိဖုရားကလဲ မလျော့ဘူး၊ ထပ်တလဲလဲ တောင်းနေတော့ နောက်ဆုံး မင်းကြီးလည်း
နှုတ်ဂတိကလဲ ရှိထားဖူးတော့ “သင့်သားကန်းအား ဒီအလုံးစုံသော
သီဟိုဠ်ကျွန်းကိုတော့ မပေးနိုင်၊ အခြံအရဖြစ်တဲ့
“နာဂဒီပ ကျွန်းငယ်”၌သာ မင်းပြုလေ”လို့ ကျွန်းငယ်တစ်ခုကို ပေးလိုက်တယ်။
ဒီဝတ္တုကိုကြည့်၊ တကယ်လို့သာ “ဒီပရာဇာ မင်းသား” ဟာ ဥပဓိဝိပတ္တိနဲ့ ပြည့်စုံခဲ့ရင်
ယူဇနာသုံးရာလောက်ရှိတဲ့ သီဟိုဠ်တစ်ကျွန်းလုံးကို
မင်းအဖြစ်နဲ့ အုပ်စိုးရမှာ။ခုတော့ ဥပဓိဝိပတ္တိဖြစ်နေတော့ ကုသိုလ်ကံက
အကျိုးပေးခွင့် မသာတော့ဘူး။“ကာလ၀ိပတ္တိ” ဆိုတာက - မြတ်စွာဘုရားရှင်နဲ့ 
ဝေးနေတဲ့ကာလ၊ ဆုတ်ကပ်ကာလ၊ မကောင်းတဲ့ မင်းတွေ အုပ်စိုးတဲ့ကာလကို ခေါ်တာပါ၊
အဲဒီကာလတွေမှာ“ဒါန၊ သီလ၊ ဘ၀နာ၊ သမာဓိ၊ ပညာ”ဆိုတဲ့ ကုသိုလ်တရားတွေကို ပြုခွင့်မရ၊
စားဝတ်နေရေးတွေ ကျပ်တည်း၊ ပြည်တွင်းစစ်တွေဖြစ်။ဥပမာ အာဖဂန်နစ္စတန်တို့
ပါလက်စတိုင်းတို့လို နိုင်ငံမျိုးပေါ့။ အမြဲတမ်း စစ်တွေဖြစ်နေတော့ ပညာသင်ကြားခွင့်မရ။
စီးပွားရေးလုပ်ခွင့်မရ။ တစ်သက်လုံး ဒုက္ခသည်စခန်းမှာပဲ ရွက်ဖျင်တဲတွေထိုးပြီး နေကြရတာ။
အဲဒီကာလဆိုးတွေနဲ့ ကြုံနေရင်လဲ
ကုသိုလ်ကံက အကျိုးပေးခွင့် မရပြန်ဘူး။
“ပယောဂ၀ိပတ္တိ” ဆိုတာက “သတိမရှိ၊ ၀ီရိယမရှိ၊ ဉာဏ်မရှိတာ”ကို ပြောတာပါ၊
သတိ၊ ၀ီရိယ၊ ဉာဏ်ကင်းတဲ့သူဟာ ပညာပဲသင်သင်၊ စီးပွားရေးပဲ လုပ်လုပ်၊ အောင်မြင်မှု 
လမ်းကြောင်းနဲ့ ဝေးတတ်ပါတယ်။ ဒါပြောသာပြောရတယ်။
သတိ၊ ၀ီရိယ၊ဉာဏ်ကင်းပြီဆိုရင် ပညာလည်း ကောင်းကောင်းသင်မှာမဟုတ်တော့သလို
စီးပွားရေးလဲ ကောင်းကောင်းလုပ်တော့မှာ မဟုတ်ပါဘူး၊ငွေလွယ်လွယ်ရတဲ့ အကုသိုလ်နဲ့ မကင်းတဲ့
အလုပ်တွေပဲ လုပ်တော့မှာ။ ဒီတော့ ကုသိုလ်ကံက ဘယ်လိုလုပ်လာပြီး အကျိုးပေးတော့မလဲ။
အထက်ကပြောခဲ့တဲ့ စကားတွေကို ပြန်အနှစ်ချုပ်လိုက်ရင် “သမ္ပတ္တိလေးပါး နဲ့ ပြည့်စုံနေမယ်” ဆိုရင်
အကုသိုလ်ပြုခဲ့ရင်တောင် အကုသိုလ်အကျိုးပေးခွင့်မသာဘဲ ကုသိုလ်ကံကချဉ်း အကျိုးပေးနေပါလိမ့်မယ်။
“၀ိပတ္တိလေးပါး” နဲ့ ကြုံနေမယ်ဆိုရင်လည်းကုသိုလ်ကံအကျိုးပေးခွင့်မသာဘဲ အကုသိုလ်ကံကချည်း
အကျိုးပေးနေပါလိမ့်မယ်။ဒီနေရာမှ အဓိက ပြောချင်တာကတော့
“ပယောဂသမ္ပတ္တိ”ပါ၊ လူတစ်ယောက်အတွက်“ဂတိသမ္ပတ္တိ၊ ဥပဓိသမ္ပတ္တိ၊ ကာလသမ္ပတ္တိ”ဆိုတဲ့
တရားသုံးပါးက ပြုပြင်ယူလို့ ခက်ခဲပေမယ့် “ပယောဂသမ္ပတ္တိ” ကတော့ ပြုပြင်ယူလို့ ရပါတယ် ။
ဒါကို ကိုယ်က သိထားဖို့ပါပဲ။
“အတိတ်ပယောဂသမ္ပတ္တိ”ကတော့ ပြုပြင်ယူလို့မရတော့ ထားလိုက်ပါတော့၊
ပြုပြင်ယူလို့ရတဲ့ “ ပစ္စုပ္ပန်ပယောဂ သမ္ပတ္တိ”ကို ပြုပြင်သွားဖို့ ပါပဲ၊
ဥပမာ ကိုယ်က ရုပ်မလှခဲ့ရင်“အော် … ငါဟာ အတိတ်ဘ၀က စိတ်ထားညံ့ခဲ့လို့
ဒီဘ၀မှာ ရုပ်မလှတာ၊ ဒီဘ၀မှာ စိတ်ထားလှအောင်နေမယ်။ရုပ်လှရာ လှကြောင်း 
ကုသိုလ်တွေကို ပြုမယ်”ဆိုပြီး
● သတိယှဉ်တာ၊ စိတ်ချမ်းသာအောင်နေတာ၊
● ဥတုနဲ့ သင့်လျော်တဲ့ အစာအဟာရကို စားတာ၊
● အချိန်မှန်အိပ်ပြီး၊ အချိန်မှန်စားတာ၊
● ပညာကို ၀ီရိယရှိရှိ ကြိုးကြိုးစားစားနဲ့ သင်ယူတာ ၊
● အခွင့်သင့်တိုင်း စွမ်းနိုင်တဲ့ ကုသိုလ်တွေကို
စေတနာပါပါနဲ့ ပြုတာ၊
● နိုးနိုးကြားကြားနဲ့ သတိရှိရှိနေတာ စသည်ဖြင့်ပေါ့။
ဒါတွေဟာ “ပစ္စုပ္ပန်ပယောဂသမ္ပတ္တိ” ကို ကောင်းအောင် ပြုပြင်ယူတာပါပဲ။
ကျန်တာတွေတော့ ထားလိုက်ပါတော့လေ။ ပြုပြင်ခွင့်ရှိတဲ့ “ပစ္စုပ္ပန်ပယောဂသမ္ပတ္တိ” ကိုတော့
ပြုပြင် တည်ဆောက်တတ်ဖို့ ပါပဲလေ။ဒါဆို ရသင့်ရထိုက်တဲ့ အကျိုးကတော့
အခွင့်သင့်လာပါလိမ့်မယ်။
ဆရာတော် ရဝေနွယ်(အင်းမ) ရေးသားသော
“သံသရာခရီးဖော်” စာအုပ် စာမျက်နှာ ၅၂ - ၆၁ မှ
#Credit to Young Buddhist's Association

Tuesday, January 29, 2019

ဤမြေကြီး ( မင်းသုဝဏ် )




"ဤမြေကြီး"
လူတို့စားဖို့ စပါးစိုက်ခင်း၊ ဤလယ်ကွင်းကား ဝင်းဝင်းမှည့်ခါ၊ မြတ်သြဇာကို ကမ္ဘာသို့ပေး၊ သူလုပ်ကျွေးလည်း ကျေးဇူးတုံ့ကို၊ မတောင်းဆိုတည့်။ လူတို့သွားဖို့ အလျားမှောက်ခင်း၊ လမ်းကောက်စင်းကား ဆင်မြင်ယာဉ်သာ၊ စီးနင်းရာကို ကမ္ဘာသို့ပေး၊ သူလုပ်ကျွေးလည်း ကျေးဇူးတုံ့ကို မတောင်းဆိုတည့်။ ကျေးဇူးမဆို၊ ဂုဏ်မလိုသည် ကြည်ညိုဖွယ်ခင်း၊ ဤလယ်ကွင်း။ ကျေးဇူမမျှော်၊ ဂုဏ်မဖော်သည် တော်ပါဘိခြင်း၊ ဤလယ်ကွင်း..။ မင်းသုဝဏ် ( ၁၉၀၉ - ၂၀၀၄ )

Thursday, January 24, 2019

အလှမှန်ကူကွက်များ



မင်းလက်တံမှာ စုတ်တံ
ဖန်လာတဲ့ ပန်းချီကား
စေတနာဆေးတစက်နဲ့
မင်းစုတ်ချက် တိုင်းပြည်မှုကို
ကျိုးပြုစေသား..။

မင်းနှုတ်မှာ တေးသံ
ဝဲပျံလို့လှုပ်ရှား
စေတနာတေး တစနဲ့
မင်းဂီတ နိုင်ငံတွက်
ကျိုးသက်စေသား..။

မင်းလက်မှာ ကလောင်
ပြောင်မြောက်တဲ့စာသား
စေတနာစာတသွဲ့နဲ့
မင်းဖွဲရာ စာအနုရယ်က
ပြည်သူ့ဝန်ကျေအောင်ထမ်း
လမ်းပြစေသား..။

မင်းရှေ့မှာ ကင်မရာ
အမြင်မှာ မင်းသား
စေတနာ ရင်တခုန်နဲ့
မင်းရုပ်ပုံ ပြည်သူလမ်းမှာ
ဖြည့်စွမ်းစေသား..။

ပုံသဏ္ဌာန် သရုပ်ခြားလည်း
လှုပ်ရှားတော့အတူပါ
စွမ်းရာရာ ဖန်တီးပြု
အနုပညာ..
သဲတပွင့် အုတ်တလွှာ
ပါဝင်မယ်ငါတို့
အလှပန်း ကိုယ်စီပန်လို့
ဒို့နိုင်ငံ ဒို့ပြည်ကျိုးကို
သယ်ပိုးပါစို့..။

မောင်ဟန်တင့် ( ပင်လယ်ဘူး )

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>