သည်မီးအိမ်
တို့ရင်ထဲဝယ်
ဆွဲချိတ်တည်ငြိမ်၊
ဝင်းလဲ့ထိန်သော
မီးအိမ်ကလေးရှိပါသည်။
မုန်တိုင်းတိုက်တိုက်၊
မိုးမိုက်မိုက်လည်း
စိုက်စိုက်ရှေ့မှ၊
လမ်းကိုပြသည်
ဝင်းပရွှန်းထိန်၊
သည်မီးအိမ်။
ကျားရဲလှုပ်လှုပ်၊
တောအုပ်အုပ်သည်၊
မဆုတ်အံတင်း၊
လမ်းပြထင်းသည့်
ဝင်းလဲ့ရွှန်းထိန်၊
သည်မီးအိမ်။
ရေစီးသန်သန်၊
လှိုင်းထန်ထန်လည်း
မာန်တင်းဝံ့ရဲ၊
လမ်းပြမြဲတည့်
လင်းမြဲလင်းထိန်၊
သည်မီးအိမ်။
သည်မီးအိမ်ကြောင့်
မနှောင့်ခရီး၊
ရှေ့သို့နီးခဲ့
မိုးမည်းမုန်တိုင်း
လွန်ခဲ့သည်။
သည်မီးအိမ်ကြောင့်
မထောင့်တို့လမ်း၊
ရှေ့သို့လှမ်းခဲ့
ဆူးပြွမ်းခလုတ်
ကျော်ခဲ့သည်။
သည်မီးအိမ်ကြောင့်
မကြောင့်စိတ်ထဲ၊
ဝံ့ဝံ့ရဲခဲ့
ကျားရဲတောအုပ်
လွန်ခဲ့သည်။
သည်မီးအိမ်ကြောင့်
မထောင့်ခရီး၊
တဆစ်နီးခဲ့
လှိုင်းကြီးရေဆန်
ကျော်ခဲ့သည်။
ဒုက္ခပြွမ်းတီး၊
တို့ခရီးဝယ်
မညည်းမစိုက်၊
စိုက်စိုက်ရှေ့မှ
လမ်းကိုပြယင်း၊
ရှေ့သို့ချဉ်းခဲ့
လင်းလုအရုဏ်၊
နေခြည်မှုန်စ
အာရုံမင်သက်၊
ရုတ်တရက်လျှင်
မျက်ရည်စို့ဝဲ၊
ရင်ထဲဗြောင်းဆန်
သည်းအူလန်မျှ၊
မီးလျှံရဲရဲ
ရင်မှာစွဲပြီး
ကြေကွဲတသ၊
ကြောင်းမလှလေ
ဝင်းပမီးအိမ်
ငြိမ်းခဲ့ပြီတကား။
သြော်..
မီးအိမ်ငြိမ်းပြီ၊ မှန်ပါသည်လည်း
ယုံကြည်မရှိ၊
တို့သာသိ၏
တို့သိသည်လည်း၊
တို့ရင်ထဲ၌
ဆွဲချိတ်တည်ငြိမ်၊
သည်မီးအိမ်
ရွှန်းထိန်ဝင်းပ၊
ထာဝရ
လမ်းပြဦးဆောင်နေဆဲတကား…။
အောင်သန့်