2 3 4 5 6 7 8 9 10

Friday, June 29, 2012

မေတ္တာ၏အကျိုးကျေးဇူးများ

စာပေမှာဖော်ပြတဲ့ မေတ္တာ၏အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်းဖြစ်တယ်…

(၁) ချမ်းချမ်းသာသာ အိပ်ပျော်ရတယ်။
(၂) ကိုယ်မှာ ဖောက်ပြန်မှုမရှိဘဲ ချမ်းချမ်းသာသာ အိပ်ရာက နိုးရတယ်။
(၃) အိပ်မက်ကောင်းတွေကိုပဲ မြင်မက်နိုင်ပြီး ယုတ်ညံ့ရွံ့မုန်း ကြောက်လန့်ဖွယ် အိပ်မက်များ မမက်ရဘူး။
(၄) လူအပေါင်းက ချစ်ခင်မြတ်နိုးတယ်။
(၅) မမြင်ရတဲ့ နတ်များကလည်း ချစ်ခင်ကြတယ်။
(၆) မိဘက သားသမီးကို စောင့်ရှောက်သလို နတ်များကလည်း မေတ္တာပွားသူကို စောင့်ရှောက်ကြတယ်။
(၇) မေတ္တာဘာဝနာပွားတဲ့သူကို မီး၊ အဆိပ်၊ လက်နက်တွေရဲ့ ဘေးရန် မကျရောက်ဘူး။
(၈) မေတ္တာဘာဝနာနှင့်နေလေ့ရှိတဲ့ပုဂ္ဂိုလ်ဟာ စိတ်တည်ကြည်လွယ်ပြီး သမာဓိဖြစ်လွယ်တယ်။
(၉) မျက်နှာ အမြဲပဲ ကြည်ကြည်လင်လင်ရှိတယ်။
(၁၀) အိပ်ပျော်သွားသလိုပဲ မတွေမဝေ မပင်မပန်း သေလွန်ရတယ်။
(၁၁) နိဗ္ဗာန်ကို မရသေးသော်လည်း ယခုလူ့ဘ၀စုတေပြီးနောက် အိပ်ပျော်ရာမှနိုးလာသလိုပဲ ဗြဟ္မာ့ပြည်မှာ ဖြစ်ရတယ်။

မေတ္တာဘာဝနာပွားပြီးနေတဲ့သူဟာ အသက်ရှင်နေဆဲဘ၀မှာ လူချစ်တယ်၊ နတ်ချစ်တယ်၊ကြံတိုင်းအောင်ပြီး ဆောင်တိုင်းမြောက်တယ်။ ဒါ့ကြောင့် မေတ္တာကမ္မဋ္ဌာန်းကဘ၀မှာ နေဖို့ရော၊ သေဖို့ကိုပါ အားကိုးနိုင်လောက်တဲ့ ကမ္မဋ္ဌာန်းဖြစ်ပါတယ်။မေတ္တာပွားပြီးနေတဲ့ပုဂ္ဂိုလ်တစ်ဦးဟာ ပတ်ဝန်းကျင်လောကတစ်ခုလုံးမှာရှိတဲ့မြင်ရမမြင်ရသတ္တ၀ါအားလုံးရဲ့အကျိုးကို သယ်ပိုးဆောင်ရွက်နေသူလည်းဖြစ်တယ်။သူ့ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်းချမ်းတယ်၊ အေးမြတယ်၊ နတ်များလည်းအချင်းချင်း ချစ်ခင်ကြတယ်ဆိုတဲ့ သာဓကတွေ အများကြီးရှိတယ်၊ ယုံယုံကြည်ကြည်ကြိုးကြိုးစားစား အားထုတ်ကြပါ။

နိုင်ငံခြားသွားပြီး အလုပ်လုပ်တဲ့သူတွေ ဘေးရန်ကင်းဖို့၊ အစိုးရဌာနတွေမှာကုမ္ပဏီတွေမှာ ရာထူးရဖို့၊အထက်လူကြီးရဲ့ချစ်ခင်မျက်နှာသာပေးမှုရလာဖို့ဆိုပြီးအဆောင်တွေလက်ဖွဲ့တွေလုပ်ကြတာထက် မိမိရဲ့မေတ္တာဘာဝနာစွမ်းအားကိုသာတင်းတင်းရင်းရင်း ၀ီရိယစိုက်ပြီး ကြိုးစားအားထုတ်လိုက်ကြပါ။ ရန်လည်းလုံ၊လူလည်းချစ်၊ နတ်လည်းချစ်၊ စိတ်အကြံလည်း ပြီးမြောက်အောင်မြင်လို့ပီယသိဒ္ဓိအောင်နေသူလို့ကို ဘေးက ထင်ရလာပါလိမ့်မယ်။ ဒီ့ထက်ကောင်းမွန်တဲ့ယတြာလက်ဖွဲ့မရှိပါဘူး။ မေတ္တာကမ္မဋ္ဌာန်း လက်တွေ့ရှုပွားနည်း တစ်ဖက်သားကိုချမ်းသာစေလိုတဲ့စိတ်တွေ၊ ကောင်းစားစေလိုတဲ့စိတ်တွေ၊ဘေးရန်ကင်းစေလိုတဲ့စိတ်တွေ အကြိမ်ကြိမ် အထပ်ထပ် အဖန်ဖန် ဖြစ်စေတာကိုမေတ္တာဘာဝနာလို့ ဆိုနိုင်ပါတယ်။အဲဒီလိုစိတ်တွေပွားအောင် များအောင်အကြိမ်ကြိမ်အဖန်ဖန် ပြုလုပ်နေတာကိုတော့ မေတ္တာဘာဝနာပွားတယ်လို့ဆိုနိုင်ပါတယ်။

စိတ်ရဲ့အပေါ်ယံပိုင်းကနေ ပွားနေရုံမျှ မဖြစ်စေဘဲ မိမိစိတ်ရဲ့ အတွင်းပိုင်း၊အနက်ရှိုင်းဆုံးကနေ မေတ္တာပွားရင် မေတ္တာအင်အား စူးရှထက်မြက်လာမှာဖြစ်တယ်၊နှုတ်ကနေ သာမာန်ရွတ်ဆိုရုံမျှနဲ့ မေတ္တာဘာဝနာ ပွားတယ် မမည်သေးပါဘူး။ပါဠိဝေါဟာရအနေနဲ့ ပွားများမယ်ဆိုရင်တော့..“အဝေရာ ဟောန္တု အဗျာပဇ္ဇာ ဟောန္တု အနီဃာဟောန္တု သုခီအတ္တာနံ ပရိဟရန္တုလို့ အကြိမ် ရာထောင်မက နှလုံးသွင်းပွားများနေရပါမယ်။ မေတ္တာကမ္မဋ္ဌာန်းရှုပွားမည့်သူဟာ မေတ္တာရဲ့အင်အားမေတ္တာရဲ့စွမ်းအင်ကို သံသယမရှိ ယုံကြည့်ဖို့က အရင်းခံ ပဓာနကျပါတယ်။မေတ္တာကမ္မဋ္ဌာန်း ရှုပွားရာမှာ ဝေါဟာရစကားလုံးရဲ့အနက် ပေါ်လွင်ထင်ရှားမှုကလည်းအရေးပါတယ်။ ဒါ့ကြောင့် အတိုဆုံးနှင့် အနက်ထိမိပြီး အဓိပ္ပာယ်လည်းကျယ်ပြန့်တဲ့ မြန်မာဝေါဟာရကတော့ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ပဲသုံးနှုန်းပြီး မေတ္တာဘာဝနာ ပွားနိုင်ပါတယ်။

ကြိုတင်သိထားရမယ့် အချက်တွေကတော့..

၁။ မေတ္တာရဲ့အင်အားစွမ်းအင်ကို ယုံကြည်ဖို့ ကြိုတင်လေ့လာဆည်းပူးထားရမယ့်အပြင်

၂။ မေတ္တာခံယူမယ့် သက်တော်ထင်ရှားပြီး မိမိအပေါ် အကျိုးကျေးဇူးကြီးမားတဲ့လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂိုလ် (၅)ဦးခန့်ကို ဦးစွာရွေးချယ်ထားပြီးဖြစ်ရပါမယ်။

၃။ မေတ္တာကို အရပ်မျက်နှာများနှင့် လူပုဂ္ဂိုလ်များကို ပို့လွှတ်တဲ့အခါမှာမိမိပို့လွှတ်ရာကို မေတ္တာလှိုင်းများ ရောက်နိုင်တယ်လို့လည်းကြိုတင်သိထားရမယ်။နောက်ပိုင်း မေတ္တာဘာဝနာပွားတာအလေ့အကျင့်အားကောင်းသွားတဲ့အခါမှာတော့ မေတ္တာလှိုင်းတွေ မိမိခန္ဓာကိုယ်ကဖြာထွက်ပြီး ပို့တဲ့ဆီကို ရောက်တယ်လို့ ကိုယ်တိုင် သဘောကျနိုင်ပါတယ်။

၎။ ဒါပေမယ့် မေတ္တာပွားတဲ့နေရာမှာ ကိုယ်ကျိုးစီးပွားရလိုမှု လုံးလုံးကိုမပါသင့်ပါဘူး။ မေတ္တာခံယူသူအတွက် ချမ်းသာစေလိုတဲ့စိတ်၊ကောင်းစားစေလိုတဲ့စိတ်သာ ရှိနေရပါမယ်။

၅။ “သြဓိသမေတ္တာ” ပုဂ္ဂိုလ်ရည်ညွှန်းပြီး ပို့တဲ့အခါမှာတော့မေတ္တာခံယူမည့်ပုဂ္ဂိုလ် မိမိရှေ့မှာ မျက်နှာချင်းဆိုင် ထိုင်နေတယ်လို့ကိုစိတ်ညွတ်ပြီး အဲဒီပုဂ္ဂိုလ် မျက်နှာသဏ္ဍာန်ကို စိတ်ထဲပုံဖော်မြင်အောင်ကြည့်ပြီး ရာထောင်မက မေတ္တာပွားရပါတယ်။

၆။ မေတ္တာကမ္မဋ္ဌာန်းမပွားခင် ဦးစွာ ဘုရားရှိခိုးတာ သီလခံယူဆောက်တည်တာ စတဲ့ပုဗ္ဗကိစ္စ ကြိုတင်ပြင်ဆင်မှုများကိုတော့ ဆောင်ရွက်မြဲအတိုင်းဆောင်ရွက်နိုင်ပါတယ်။

၇။ အစပိုင်း လေ့ကျင့်ခါစမှာတော့ တစ်ကြိမ်ကို မိနစ်၃၀စီ သတ်မှတ်ပြီးအကြိမ်များများကို ထိုင်တဲ့ ဣရိယာပုထ်နှင့်သာ ပွားသင့်ပါတယ်။နေရာကျပြီဆိုရင်တော့ နောက်ပိုင်း သိပ်ကို လွယ်ကူပါတယ်။ မေတ္တာပွားပြီးနေရတာသက်သာတယ်၊ ပေါ့ပါးတယ်၊ ငြိမ်းချမ်းတယ်၊ ဒီလိုအတွေ့အကြုံရှိလာတဲ့ယောဂီပုဂ္ဂိုလ်ဟာ မေတ္တာကမ္မဋ္ဌာန်းကို မပွားဘဲ မနေနိုင်တော့ပါဘူး။ အလိုလိုပဲစိတ်က မေတ္တာကမ္မဋ္ဌာန်း ပွားပြီးသားဖြစ်နေတတ်ပါတယ်။

၈။ လျောင်း၊ ထိုင်၊ ရပ်၊ သွားဆိုတဲ့ ဣရိယာပုထ် ၄မျိုးထဲမှ အလျဉ်းသင့်သလိုတစ်မျိုးမျိုးနဲ့ ပို့နိုင် ပွားနိုင်ပါတယ်။လေးလေးနက်နက်ဖြစ်ဖို့ရာအတွက်သာ ထိုင်တဲ့ဣရိယာပုထ်ကို ညွှန်ပြတာပါ။(တိဌံစရံနိ သိန္နောဝ သယာနော- မေတ္တာသုတ်)

၉။ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရဘူး။ သေပြီးသူဟာ မေတ္တာအာရုံယူဖို့မဖြစ်နိုင်တော့တာမို့ သေပြီးသူကို အာရုံပြုပြီး မေတ္တာမပွားရပါဘူး။(အမျှဝေလိုက ဝေဖို့ပဲရှိပါတယ်)

၁၀။ ရှေးဦးစွာ မေတ္တာအာရုံနိမိတ်ယူပြီး မပွားရတဲ့ပုဂ္ဂိုလ်၎မျိုးကတော့ (၁)မုန်းသူ (၂) အလွန်ချစ်သူ (၃) မချစ်မမုန်းသူနှင့် (၄) ရန်သူတို့ဖြစ်တယ်။အကြောင်းမှာ- မုန်းနေတဲ့သူ၊ ရန်သူတွေကိုချမ်းသာကောင်းစားစေလိုတဲ့စိတ်ဖြစ်ဖို့ ခက်တဲ့အပြင် ဦးစွာ မေတ္တာပို့မိရင်မေတ္တာရဲ့ဆန့်ကျင်ဘက် ဒေါသ၊ အာဃာတတို့သာ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့်ဒီသူ၂ဦးကို ဦးစွာ မေတ္တာမပွားရပါဘူး။အလွန်ချစ်ခင်တဲ့သူ အပေါ်မှာလည်းတဏှာပေမစိတ် ရင့်သန်ကြီးထွားနေလို့ မေတ္တာစိတ် မဖြစ်နိုင်ပြန်ဘူး။အလယ်အလတ်မချစ်မမုန်းသူရဲ့အကျိုးစီးပွားကို လိုလားတဲ့မေတ္တာစိတ်ဖြစ်ဖို့လည်းခက်ခဲပြန်ပါတယ်။ဒါ့ကြောင့် ဒီပုဂ္ဂိုလ်မျိုးတွေကို ဦးစွာမေတ္တာမပွားရပါဘူး။ မေတ္တာစိတ်အစစ်အမှန်ဖြစ်ပြီးတဲ့အခါမှာပဲ သူတို့ကိုမေတ္တာပွားရပါမယ်။

၁၁။ ဆန့်ကျင်ဘက်လိင်(ယောက်ျားက မိန်းမကို၊ မိန်းမက ယောက်ျားကို)မေတ္တာပွားမယ်ဆိုရင်လည်း မေတ္တာစိတ်မဖြစ်ဘဲရာဂစိတ်ရိုင်းတွေဖြစ်လာနိုင်တဲ့အတွက် သတိပြုရပါမယ်။


သို့သော် အမျိုးသမီးများအနေနှင့် သက်တော်ထင်ရှားကျေးဇူးရှင်ဆရာတော်ကြီးများကို မေတ္တာအာရုံထားပြီး ဘာဝနာပွားတဲ့အခါမူမမှန်တဲ့စိတ်ရိုင်းများ မဖြစ်လာရင်တော့ မေတ္တာပွားနိုင်ပါတယ်။မေတ္တာကမ္မဋ္ဌာန်းစတင်ပွားများခြင်း(သီးသန့်ကျင့်ခြင်း) မိမိကိုယ်ကိုပဲမေတ္တာစတင်ပွားပို့ရပါမယ်၊ “ကျန်းမာပါစေ၊ ချမ်းသာပါစေ”လို့ အကြိမ်ရာထောင်မက မိမိကိုယ်ကို ဦးစွာ မေတ္တာပွားပါ။ မိမိကိုယ်ကို မေတ္တာပွားရတာအားရကျေနပ်ထားရင် သူတစ်ပါးကို မေတ္တာပွားရတာ လွယ်ကူပါလိမ့်မယ်။ဘာကြောင့်လဲဆိုရင် အရပ်များကို စိတ်ဖြင့် လှည့်လည်ရှာသော်လည်းမိမိကိုယ်ထက်သာပြီး ချစ်ခင်မြတ်နိုးသူကို မတွေ့နိုင်ဘူးလို့ ဘုရားရှင်မိန့်တော်မူထားပါတယ်။ ဒါ့ကြောင့် မိမိကိုယ်ကို သက်သေပြုပြီး မေတ္တာပို့တာဟာမေတ္တာကမ္မဋ္ဌာန်းမှာ အသင့်တော်ဆုံးဖြစ်ပါတယ်။ ပြီးမှ သက်တော်ထင်ရှားရှိပြီးမေတ္တာစတင်မပွားရမည့် ပုဂ္ဂိုလ်က လွတ်ကင်းပြီး မိမိအပေါ် ကျေးဇူးကြီးမားတဲ့ဆရာသမား မိဘဘိုးဘွားတွေထဲက (၅)ဦးခန့်ကို ကြိုတင်ရွေးချယ်ထားရမယ်။မိမိကိုယ်ကို မေတ္တာပို့ပြီးနောက် ရွေးချယ်ထားတဲ့ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကိုမိမိအနား မျက်နှာချင်းဆိုင်ထိုင်နေသလို စိတ်ဝယ်မှတ်ပြီး “ကျန်းမာပါစေ၊ချမ်းသာပါစေ၊ ကျန်းမာပါစေ၊ ချမ်းပါစေ”လို့ အကြိမ်ကြိမ် မေတ္တာပွားရပါမယ်။မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးအပေါ် ကျေနပ်ပြီးမှ နောက်တစ်ဦးကိုပြောင်းရမယ်၊ အကယ်၍ မေတ္တာပွားရတာ အခက်အခဲရှိလာရင်တော့ မိမိကိုယ်ကိုပဲမေတ္တာပြန်ပွားပါ၊ ပြီးမှ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပြောင်းယူပါ။ တခါတရံအချို့ပုဂ္ဂိုလ်ကို မေတ္တာပွားရတာ လွယ်ကူပြီး မျက်နှာပုံပန်းသဏ္ဍာန်ကွက်ကွက်ကွင်းကွင်း ပြုံးပြုံးရွှင်ရွှင် မြင်လာတတ်သော်လည်းအချို့ပုဂ္ဂိုလ်တွေမှာကျတော့ အခက်အခဲရှိနေတာလည်း ကြုံရတတ်တယ်။ အဲဒီအခါကျရင်လွယ်ကူတဲ့ မေတ္တာအာရုံခံပုဂ္ဂိုလ်တွေကို ဦးစားပေး ပွားရပါမယ်။ မေတ္တာစိတ်ညီညွှတ်မျှတနေပြီဆိုရင်တော့ ရန်သူ၊ မုန်းတဲ့သူ၊ အလွန်ချစ်တဲ့သူတွေကိုလည်းပွားနိုင်ပါပြီ။ မိမိစိတ်ကို မိမိကြည်ညိုဖူးမလားတော့မသိဘူး။မေတ္တာခံယူမည့်ပုဂ္ဂိုလ်တစ်ဦးကို စူးစိုက်ပြီးတော့ ကျန်းမာပါစေ၊ချမ်းသာပါစေ၊ ကျန်းမာပါစေလို့ ကြိမ်ဖန်များစွာ မေတ္တာပို့နေရင်မိမိစိတ်ထဲမှာ တခြားအာရုံတွေ၊ တခြားစိတ်ကူးတွေ ဘာမှပေါ်မလာတော့ဘူး၊အဲဒီမေတ္တာခံပုဂ္ဂိုလ်အပေါ်မှာသာ စိတ်က စုပြုံစူးစိုက် နစ်နေတယ်၊အဲဒီအချိန်မှာ လိုချင်တပ်မက်တဲ့စိတ်၊ စိတ်ပျက်စိတ်ဆိုးစိတ်အလိုမကျတဲ့စိတ်၊ အိပ်ချင်ငိုက်မြည်း ပျင်းရိတဲ့စိတ်၊စိတ်ပူပန်ပျံ့လွင့်တဲ့စိတ်၊ ကြောင့်ကြတဲ့စိတ်နှင့် ရတနာသုံးပါးအပေါ်သို့လောသို့လော မပြတ်သားတဲ့စိတ်ဆိုတဲ့ တားဆီးပိတ်ပင်တတ်တဲ့နိဝရဏတရားငါးပါး ကင်းကွားနေတတ်တယ်။ မေတ္တာအင်အား ကောင်းသထက်ကောင်းအောင်လေ့ကျင့်လာရင် မေတ္တာခံပုဂ္ဂိုလ်နဲ့ မိမိဟာ ပြုံးရွှင်ကြည်လင်တဲ့သွင်ပြင်နဲ့မျက်နှာချင်းဆိုင် ထိုင်နေသလိုပဲ စက္ကန့်ပိုင်း မိနစ်ပိုင်းကြာတဲ့ထိအသိစိတ်ထဲ စွဲမြဲသက်ဝင် တည်နေနိုင်ပါလိမ့်မယ်။

တခြား ဘာအာရုံခံမှ မရှိဘဲ မေတ္တာခံယူမည့်ပုဂ္ဂိုလ်ကို ပကတိကျန်းမာစေလိုတဲ့စိတ် ပျော်ရွှင်ချမ်းသာ ပြည့်စုံစေလိုတဲ့စိတ်တွေအလိုလိုဖြစ်နေတာဟာ တမင်တကာစိတ်ကူးကြံဆပြီး ဖြစ်နေတဲ့ စိတ်အဆင့်မျိုးမဟုတ်တော့ဘူး။ ၀ီရိယသန်သန် တိုး၍ ကြိုးစားလေ့ကျင့်ပွားများတဲ့ ယောဂီများဟာမိနစ်ပိုင်းမှ နာရီပိုင်းထိ ကြည်လင်ချမ်းမြေ့တဲ့ မေတ္တာစိတ်နဲ့နေနိုင်လာပါတယ်။ အိပ်ငိုက်တာမဟုတ်ဘူး၊ စိတ်က ကြည်လင်သန့်စင်နေတယ်။မိမိရည်မှန်းထားတဲ့ အချိန်နာရီးကာလတလျှောက်လုံး ဘာစိတ်မှမရှိဘူး၊မေတ္တာစိတ်မျှပဲ ရှိတော့တယ်။ မေတ္တာစိတ်မျှပဲ ရှိနေတာ အချိန်ကြာလာရင်တော့တခါတရံ ငါ့မှာ ဘာစိတ်တွေ ဖြစ်နေပါလိမ့်မလဲလို့လည်း တစ်ချက်တစ်ချက်စစ်ဆေးမိရက်သားဖြစ်နေတယ်။ ဒီလို (၀ိတက်)၀င်လာခိုက်တော့ မေတ္တာစိတ်အစဉ်ခဏပျက်တယ်၊ ဒါပေမယ့် ပြန်ပြီး ထူထောင်ရတာ ဘာမှ မပင်ပန်းဘူး၊ကြောင့်ကြစိုက်ရတယ်လို့တောင် ပြောလို့မရဘူး။

အဲဒီလို အချိန်တွေ တော်တော်ကြာသွားပြီး မေတ္တာစိတ်မှအပ ကျန်တဲ့စိတ်တွေမဖြစ်တောကို သိရလို့လည်း ယောဂီသဘောကျမိတတ်တယ်။ အဲဒီအခါမှာတော့မိမိစိတ်ကိုမိမိ လှိုက်လှိုက်လှဲလှဲ ကြည်ညိုတယ်ဆိုတဲ့သဘောကိုယောဂီကိုယ်တိုင် သဘောကျနိုင်ပါပြီ။ လူပုဂ္ဂိုလ်များကို ကျေပွန်အောင်မေတ္တာပွားပြီးပြီဆိုရင်တော့ ဦးစွာ မိမိထိုင်နေတဲ့ အခန်းရဲ့မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။

- မိမိထိုင်ရာမှ အရှေ့ကနေပြီး မေတ္တာ စ,ပွားတာ လွယ်ကူပါတယ်။ ဒါကိုအထပ်ထပ်ပွားလို့ ကျေပွန်ရင် - အိမ်ဝန်းရဲ့အရပ်မျက်နှာအားလုံးကိုမေတ္တာပွားရပါမယ်။- ပြီးရင် ရပ်ကွက်ကျေးရွာနယ်နိမိတ်ထိ မေတ္တာပွားရပါမယ်။-အဲဒီနောက် မြို့နယ်၊ ခရိုင်၊ တိုင်းနယ်၊ ပြည်နယ်၊ နိုင်ငံနယ်နိမိတ်အထိအရပ်မျက်နှာအားလုံးကို မေတ္တာပွားရပါမယ်။- ဆက်ပြီးတော့ ကမ္ဘာကနေအနန္တစကြ၀ဠာထိအောင် စိတ်ကို မြှင့်မြှင့်ပြီးတော့ ချဲ့ချဲ့ပြီးတော့အရပ်မျက်နှာအားလုံးကို မေတ္တာပွားရမယ်။- အလေ့အကျင့်ရလာတဲ့အခါမှာတော့အရပ်မျက်နှာဘောင်တွေ မရှိတော့ဘဲ စက်ဝန်းကြီးအတိုင်း မေတ္တာလှိုင်းများချဲ့ချဲ့ပြီး သွားနေတယ်လို့ ခံစားရတတ်ပါတယ်။- အဲဒီအ၀န်းက ရံခါ လင်းနေတယ်၊ရံခါ ဖွေးနေတယ်လို့လည်း ထင်ရတတ်ပါတယ်။ မိမိကိုယ်ကနေ မေတ္တာလှိုင်းများပို့တဲ့ဆီကို အမှန်တကယ် ရောက်နေပြီလို့လည်း ခံစားရတတ်ပါတယ်။-

အထူးသတိပြုဖို့လိုတာကတော့ မိမိရဲ့မေတ္တာကြောင့်ရန်သူငုပ်လျှိုးပြိုလဲစေရမယ်၊ ရန်သူ ဒုက္ခရောက်ရမယ်၊ ငါ့မေတ္တာစူးရင်သင်ရူးပြီလို့ မတွေးမကြံရဘူး၊ မရည်ရွယ်ရဘူး၊ ဒီလိုစိတ်သဘောထားနှင့်မေတ္တာပို့ရင်တော့ မေတ္တာမဖြစ်နိုင်တော့ပါဘူး၊ ဆန့်ကျင်ဘက် ဒေါသအာဃာတရန်ငြိုးတွေသာ ဖြစ်ဖွယ်ရှိတယ်။ ပို့တဲ့သူဆီကို မေတ္တာရောက်မှာမဟုတ်တော့တဲ့ပြင် မိမိမှာပဲ ပူလောင်ပင်ပန်းစေတဲ့ အကုသိုလ်ကိလေသာစိတ်တွေဖြစ်ပြီး ပင်ပန်းဖွယ်ပဲရှိပါတယ်။မေတ္တာရဲ့ငြိမ်းအေးချမ်းသာမှုနဲ့တော့ ဆန့်ကျင်ဘက်ပါပဲ။ နေ့စဉ်ဘ၀ထဲ၌လုပ်ရင်းကိုင်ရင်း ပွားများခြင်း မေတ္တာဘာဝနာပွားတာ ဦးစွာ မနော(စိတ်)ကနေပွားနေခြင်းဖြစ်ပါတယ်။ အလေ့အကျင့်ရလာတဲ့အခါကျတော့ နေ့စဉ်ဘ၀ထဲကိုမေတ္တာရောက်ရှိနေပါပြီ။ ဒီလိုရောက်လာဖို့အထောက်အကူဖြစ်နိုင်ဖို့နည်းလမ်းကတော့ လူတစ်ယောက်ကို တွေ့ရင် မိမိက ဦးစွာမေတ္တာပို့ပါ။ တစ်နေရာရာသွားရင် မေတ္တာပို့ပြီးမှ သွားတဲ့ အလေ့အကျင့်လုပ်ပါ။အိပ်ရာဝင်ရင်လည်း အိပ်မပျော်မချင်း မေတ္တာပို့နေပါ။ မေတ္တာပို့ရင်းပဲအိပ်ပျော်ပါစေ၊ နိုးလာရင်းလည်း မေတ္တာစိတ်နှင့်ပဲ နိုးနိုင်ဖို့လေ့ကျင့်ပေးပါ။ စားသောက်တဲ့အခါလည်း ချက်ပြုတ်ပြင်ဆင်သူများကိုမေတ္တာပွားပြီးမှစားပါ၊ တစ်ယောက်ယောက်ကို သတိရရင်လည်း မေတ္တာအရင်ပွားပါအုံး။

ဒီလိုနဲ့ အလေ့အကျင့် အားကောင်းလာတဲ့အခါမှာတော့ မိမိတမင်တကာမေတ္တာစိတ်ဖြစ်အောင် လုပ်စရာမလိုဘဲ အလိုလိုပဲ မေတ္တာစိတ်ဖြစ်နေတာသတိထားမိပါလိမ့်မယ်။ စိတ်ထဲ သူ့အလိုလိုပဲ ကျေးဇူးတင်စိတ်တွေ ဖြစ်လာတတ်တယ်။ဆင်းရဲဒုက္ခရောက်သူကို တွေ့ရင်လည်း လှိုက်လှိုက်လှဲလှဲ သနားကရုဏာစိတ်တွေရင်ထဲ အလိုလိုပဲ ဖြစ်လာတတ်တယ်။

မေတ္တာရဲ့ ကျေးဇူးနှင့် သာဓကကို ဖော်ပြရင်တော့ အများကြီးပါပဲ..။မြတ်စွာဘုရားရှင်က လက်တစ်ဖျစ်တီးကာလမျှ မေတ္တာစိတ်ကိုပွားများဖြန့်ဖြူးပို့သ မှီဝဲနေတဲ့ ရဟန်းကို ဈာန်မှ မဆိတ်သုဉ်းသောရဟန်း၊ပြည်သူ့ဆွမ်းကို အကျိုးရှိအောင် ဘုဉ်းပေးသုံးဆောင်သောရဟန်းဆိုပြီးအထူးချီးမွမ်းတော်မူပါတယ်။ ထင်ရှားတဲ့သာဓကအနေနှင့်တော့ဓမ္မစင်္ကြာဒေသနာဦးကို မဟောကြားခင် ပဉ္စ၀ဂ္ဂီငါးပါးနှင့်ဘုရားရှင်ရဲ့မေတ္တာတော်ဟာ အံ့ဖွယ်မှတ်သားစရာပါပဲ။“မြတ်စွာဘုရားရှင်သည်ထိုပဉ္စ၀ဂ္ဂီငါးဦးတို့၏ စိတ်ထားကို သိမြင်တော်မူလေလျှင် အလုံးစုံသောသတ္တ၀ါတို့အပေါ်၌ မည်သည့်သတ္တ၀ါအတွက်ဟု ရည်မှတ်ပိုင်းခြားမှု မထားသောအားဖြင့်သိမ်းကျုံးဖြန့်လွှမ်းထားနိုင်သော မေတ္တာစိတ်ဓာတ်တော်ကို အကျဉ်းချုံးရုံးစု၍ သီးသန့်ပိုင်းခြား သတ်မှတ်သောအားဖြင့်ပဉ္စ၀ဂ္ဂီငါးဦးတို့အပေါ်၌သာလျှင် မေတ္တာဖြန့်ပို့တော်မူ၏။ ဘုရားရှင်မေတ္တာဓာတ်ထိခိုက်ခြင်းကြောင့် ထိုပဉ္စ၀ဂ္ဂီတို့သည် ဘုရားရှင်ကြွလာတော်မူလျှင်(သိဒ္ဓတ္ထလာလျှင် ခရီးဦးအကြိုမပြုတော့ဘူးဟူသော)မိမိတို့ မူလကတိအတိုင်းမရပ်တည်နိုင်ကြတော့ဘဲ ရှိခိုးခြင်း၊ ခရီးဦးကြိုဆိုခြင်းစသောအမှုကိစ္စအားလုံးကို ပြုမိကြလေပြီ” ဒါက မေတ္တာရဲ့သာဓကပါပဲ။နောက်သာဓကတစ်ခုကလည်း မြတ်စွာဘုရားဟာ စင်္ကြာဝဠာအနန္တတို့အပေါ်၌ဖြန့်လွှမ်းပို့နိုင်တဲ့ မေတ္တာစိတ်ဓာတ်ကိုနာဠာဂီရိဆင်တစ်ကောင်တည်းအပေါ်မှာသာ စုပြုံဖြန့်လွှမ်းတော်မူပါတယ်။နာဠာဂီရိဆင်ဟာ ဘုရားရှင်၏မေတ္တာစိတ်ကို ထိခိုက်နေပြီဖြစ်လို့ ဘေးရန်ကင်းစွာဘုရားရှင်ရဲ့ခြေတော်အစုံမှာ ခိုလှုံတုပ်ဝပ်ပါတော့တယ်။
မေတ္တာကမ္မဋ္ဌာန်းအားထုတ်မည့်သူ သတိထားရမည့် အရေးအကြီးဆုံးအချက်ကတော့..မေတ္တာစွမ်းအားဟာ ရှေးအခါကသာ စွမ်းတယ်၊ ယခု မစွမ်းတော့ဘူးလို့ မမှတ်ယူရဘူး၊တရားတို့မည်သည် ပုဂ္ဂိုလ်သတ္တ၀ါ၊ အချိန်ကာလ၊ နေရပ်ဒေသဟူ၍ မရှိကောင်းပါဘူး။အရင်လည်း စွမ်းတယ်၊ ခုလည်း စွမ်းတယ်၊ နောင်လည်း စွမ်းပါတယ်။ဘုရားရှင်ဟောတော်မူတဲ့ တရားတော်မှန်သမျှဟာ.. တကယ်ကျင့်ကြံရင် တကယ့်ကိုပဲအစွမ်းထက်လှပါတယ်။ ကျင့်ကြံအားထုတ်နေသူတွေ ရှိသရွေ့လည်း သာသနာဟာမကွယ်ပျောက်ပါဘူး။ ဒါကို သေသေချာချာသိပြီး လေးလေးနက်နက် ယုံကြည်ထားမှထိထိရောက်ရောက်လုပ်ဖြစ်မှာပါ။ နောက်ပြီး မေတ္တာပွားများတဲ့ကံဟာလည်းဘ၀သံသရာမှာ အလွန်ကြီးကိုပဲ အကျိုးပေးသန်လှပါတယ်ဆိုတာကို အထက်မှာရှင်းပြခဲ့ပြီးပါပြီနော်..။

အရှင်ခေမာနန္ဒ(မဟာမြိုင်တောရ) မေတ္တာကမ္မဋ္ဌာန်းလက်တွေ့ရှုပွားနည်းစာအုပ်မှ

ဇာတ်ခုံပေါ်မှာ


ဇာတ်ညွှန်းတွင် လောဘရုပ်
ဇာတ်ထုပ်က ကိလေသာ
အသိက မသေချာ
သံသရာဟိုသည်အစ
မောဟမှီဘ၀ဖုံး
အရှုံးကိုပြ
ဇာတ်ညွှန်းတွင် ဒေါသရုပ်
ဇာတ်ထုတ်က ကိလေသာ
အသိက မသေချာ
သံသရာ ဟိုသည်အစ
မောဟမှီ ဘ၀ဖုံး
အရှုံးကိုပြ
ဇာတ်ညွှန်းတွင် မာနရုပ်
ဇာတ်ထုတ်က ကိလေသာ
အသိက မသေချာ
သံသရာ ဟိုသည်အစ
မောဟမှီ ဘ၀ဖုံး
အရှုံးကိုပြ
ဆုံးရှုံးမှု များပြီလေ
ကြာတော့လေ အရင်းပျောက်
ရှုထောက် မရေရာ ထူးသည်နဲ့
ဲပြုရောက် ဝေဒနာကျူးသည်ပ
ဘုံခမ်းဝါ သံသရာဦးဆီက
အရူး တစ်ယောက်။      ။

ဦးချိုဦး


ဝိဇ္ဇာသိပ္ပလူ့ကိစ္စ ( မောင်သာချို )

ဝိဇ္ဇာသိပ္ပလူ့ကိစ္စ

…ထိုနေ့က စကားဝိုင်းတွင်ကား ဆရာမောင်ကြည်သစ်က သူ့ဘ၀ကိုယ်တွေ့အကြောင်းအရာများကို အခြေခံကာ ပညာရေးအကြောင်းကို တော်တော်ကလေးပြောပါသည်။ သူက ဒဿနိကဗေဒ ပါမောက္ခဘ၀ဖြင့် အငြိမ်းစားယူခဲ့သူဖြစ်ရာ သူဆယ်တန်းအောင်စဉ်က
ဒဿနိကဗေဒ ဘာသာရပ် လျှောက်ဖြစ်ခဲ့ပုံအကြောင်း ကလေးကို သောရင်းမောရင်း ပြန်ပြောပြပါသည်။
သူတို့ ဆယ်တန်းအောင်စက လော်ဂျီ (Logy)တို့၊ ဆော်ဖီ(Sophy)တို့နှင့်
ဆုံးသော ဘာသာရပ်တွေကို ဘာမှန်းမသိဘဲ အထင်ကြီးနေမိကြပါလေသတဲ့။ ဥပမာ သတ္တဗေဒ (Zoology)၊ ဘူမိဗေဒ (Geology)၊ စိတ်ပညာ (Psychology)၊ ဒဿနိကဗေဒ (Philosophy)၊ ရှေးဟောင်းသုတေသန (archaeology)၊ မနုဿဗေဒ (Anthropology)
စသည့်ဘာသာရပ်များ၊ English, Chemistry, Maths, Physics စသည့်တို့သည် ဆယ်တန်းတွင် သင်ယူခဲ့ဖူးပြီးသော ဘာသာရပ်များဖြစ်ရာ အဆင့်နိမ့်ပြီး လော်ဂျီ၊ ဆော်ဖီပါသော ဘာသာရပ်များသည် နာမည်ကြီးတွေကအစ ထူးဆန်းနေသဖြင့်
အဆင့်မြင့်ပုံရပေရာ လူငယ်တို့ ဘာသာဘာဝ အထင်ကြီးမိကာ မိမိအနေနှင့် ဖီလော်ဆော်ဖီ (Philosophy) ဆိုသည်ကြီးကို ယူလိုက်မိခြင်းဖြစ်ကြောင်း ပြောပါသည်။ ထို့နောက်တွင်မှ ဆရာမောင်ကြည်သစ်က နောက်ပိုင်းတွင်ကား သင်ရင်းသင်ရင်းနှင့် ထိုဘာသာရပ်ကို ချစ်သွားမိကြောင်း အမောဖြင့် ၀န်ခံပါသည်။ တော်ပါသေးရဲ့ ဟု ကျွန်တော်က အောက်မေ့ရပါတယ်။

                ကျွန်တော်တို့ လူမှုဝန်းကျင်၌ သည်လိုပြဿနာမျိုးကလေးတွေက အင်အားကောင်းပါသည်။ ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ် စဉ်းစားတွေးခေါ်ကာ ပညာရှာသူတွေက လူနည်းစုဖြစ်ပါသည်။ သူများက ဆေးတက္ကသိုလ်မို့ ကိုယ်က ဆေးတက္ကသိုလ် လိုက်ရသူ၊ သူများက ရေကြောင်းတက္ကသိုလ်မို့ ကိုယ်က ရေကြောင်းတက္ကသိုလ် လိုက်ရသူ၊ ကိုယ့်သူငယ်ချင်းက ရူပဗေဒမို့
ကိုယ်ကရူပဗေဒ၊ ကိုယ့်မိဘဆရာသမားက LCCI စမ်းပါဆို၍ စိတ်မပါဘဲ LCCI လိုက်ရသူ၊ ရှိသမျှဘာသာတွေ တန်းစီရေးချပြီး ကျလာ ရလာတဲ့ ဘာသာတက် လိုက်တာပေါ့ဟု ဆိုသူ အမျိုးမျိုးပဲဖြစ်ပါသည်။ ဥပဒေဘာသာရပ်မှနေ၍ သမိုင်းဘာသာရပ်သို့ ပြောင်းလာသော ကျောင်းသားတစ်ယောက်နှင့် တွေ့ဆုံရစဉ် သူဘာ့ကြောင့် ပြောင်းလာရသလဲဆိုတာကို ကျွန်တော်မေးကြည့် မိပါသည်။
သူ့ချစ်သူက သမိုင်းမယူလျှင် လမ်းခွဲတော့မည်ဟု ရာဇသံပေး၍ ဆိုပါ့လား။ ရယ်လိုက်ရသော်လည်း ကျွန်တော် မပျော်ရွှင်ပါ။
…ထိုနေ့က ဆရာမောင်ကြည်သစ်ပြောသော စကားထဲမှာ ပို၍ သတိပြုသင့်သောစကားက ၀ိဇ္ဇာနှင့်သိပ္ပံကိစ္စ ဖြစ်ပါသည်။ ၀ိဇ္ဇာက နိမ့်တာ သိပ္ပံက မြင့်တာ စသော အယူအစွဲတွေက ခေတ်နောက်ပြန်လွန်းလှပါသည်။ “စနစ်တကျ လေ့လာ သင်ယူခြင်းသည်ပင်
သိပ္ပံ၏အနက်” ဖြစ်ရာ ဘာသာစကားကိုပဲ သင်သင်၊ သမိုင်းကိုပဲ သင်သင်၊ ပထ၀ီကိုပဲ သင်သင် သိပ္ပံပဲ ဖြစ်ပါသည်။



…တချို့နိုင်ငံတွေက သင်္ချာကို ၀ိဇ္ဇာဘွဲ့(B.A) ပေးပါသည်။ တချို့နိုင်ငံတွေက ပထ၀ီကို သိပ္ပံဘွဲ့ (B.Sc) ပေးပါသည်။ ဘာက နိမ့်လို့ ဘာက မြင့်နေလေသလဲ။ နာမည်ဆိုတာက ပညတ်။ အိန္ဒိယနိုင်ငံကတော့ ကျွန်တော်တို့ ၀ိဇ္ဇာဟုခေါ်နေသော ဘာသာရပ်များကို Arts ဟု မခေါ်။ Humanities ဟူမနတီတဲ့။ လူမှုရေးသိပ္ပံဘာသာရပ်များဟူသော အနက်။
“ သိပ္ပံက နှစ်မျိုးရှိတာ ဟေ့လူရဲ့။ Natural Science နဲ့ Social Science ။ လူမပါတဲ့ အပင်တွေ၊ အကောင်တွေ၊ ဓာတ်ငွေ့တွေ၊ အရာဝတ္ထုတွေ လေ့လာတာ သဘာဝသိပ္ပံ (Natural Science)ပေါ့။ သမိုင်းတွေ၊ ၀တ္ထုတွေ၊ ကဗျာတွေ၊ စိတ်တွေ၊ အတွေးအခေါ်တွေ၊ နိုင်ငံရေးတွေ၊ နိုင်ငံတကာ ဆက်ဆံရေးတွေကျတော့ လူပါလာတာမို့ လူမှုရေးသိပ္ပံ (Social Science) ပေါ့ဗျာ။ မှန်ပါသည်။      ဆရာမောင်ကြည်သစ်၏ စကားက အခုခေတ်လူငယ်တွေ နှလုံးသွင်းသင့်သော စကားဖြစ်ပါသည်။ အပြိုင်ဖွံ့ဖြိုးသင့်သည့် ဘာသာရပ်တွေကို ဘာ့ကြောင့်အနိမ့်အမြင့် ခွဲနေကြရလေသလဲ။ မိမိအာရုံကျရာ ဘာသာရပ်ကို ပေါက်မြောက်အောင်သင်၊ ၀ိဇ္ဇာဘွဲ့ရသဖြင့် ဗိုလ်ချုပ်အောင်ဆန်းက အလကားလူ ဖြစ်မသွား။ သမိုင်းကို သင်ခဲ့သောကြောင့် ဒေါက်တာသန်းထွန်းက လူညံ့မဟုတ်။
နိုင်ငံရေးနှင့် အတွေးအခေါ် ဘာသာရပ်ကို ယူခဲ့၍ ဟင်နရီကစ်ဆင်းဂျားက ပေါချာချာဖြစ်မသွား။ ပန်းချီပညာရပ်ကို လိုက်စားမိ၍ ပီကာဆိုတို့ ပေါ်ဦးသက်တို့ သုံးမရ၊ စားမရ မဖြစ်။ ဆရာမြို့မငြိမ်း ဂီတပညာကို လိုက်စားတာ မမှား။   ဂျူး ဆရာဝန် မလုပ်ဘဲ စာရေးတာလည်း မမှား။ ကိုယ်ရပ်တည်ထားသည့် ဘာသာရပ်နယ်ပယ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ကာ လူ့အဖွဲ့အစည်းကို ပေးဆပ်ကြခြင်းသည်သာ အရေးအပါဆုံး မဟုတ်ပါလား။

မောင်သာချို …
ပြောသူ- မောင်ကြည်သစ်
ပြောသောနေရာ-အင်းလျားကန်
ပြောချိန်-၃၁.၉.၂၀၁၀
 

Thursday, June 28, 2012

ပြည်သူချစ်သော စာဆိုများ


စာရယ် ပေရယ်၊ စိတ်မြစ်တွယ်၍
ဖွယ်ဖွယ်ရာသော၊ စာသဘောကို
စစ်ကြောမိကာ၊ ရေးမိပါရင်း
ကဗျာတစ်ညို၊ စာတစ်တိုနှင့်
စာကိုဆိုမိတတ်ခဲ့သည်။

ရေးဖွဲ့ ခဲ့ရာ၊ စာကဗျာလျှင်
ပညာသုတ၊ သဘာဝနှင့်
ရသစုံထွေ၊ မကျန်လေအောင်
မျှဝေခံစားပေးခဲ့သည်။

သို့ အခြေခံ၊ မြစ်ဖျားခံလျက်
စာဟန်တင့်တယ်၊ စာဝင့်ထည့်အောင်
ရည်ရွယ်ချက်ကောင်း၊ စိတ်ညွှတ်ပြောင်းဖြင့်
တစ်ချောင်းကလောင်၊ ကိုယ်ပိုင်ဆောင်ရင်း
အောင်မြင်ဆုရ၊ မြင်ကြားရသော်
အားကျဂုဏ်ယူမိခဲ့သည်။

ပြည်သူ့ တွက်တာ၊ ရေးခဲ့စာသည်
ပညာလည်းရ၊ ဂုဏ်ရသကြောင့်
နာမယဉ်နု၊ စာပေဆု" ဟု
အနုပညာ၊ လောကရွာ၌
များစွာဂုဏ်တက်ခဲ့လေပြီ..။

သြော်...
စာမွန်စာသန့် ၊ စာယဉ်ခန့် တို့ 
ပျံ့ နှံ့ စေငှာ၊ စေတနာဖြင့်
လေ့လာသမျှ၊ ဖွင့်သွန်ချသို့ 
လောကကိုလျှင်၊ အလှဆင်သည့်
ဥယျာဉ်မှုးများ၊ ပမာထားလျက်
လေးစားဂုဏ်ယူ၊ ညွှန်ဖွဲ့ ကြူသည်
ပြည်သူချစ်သော၊ စာဆိုများ..
စာပေ ဂုဏ်တင့် မြှင့်သူများ ....။
မြန်မာ့အလင်း

Posted by Nanda on December 31, 2010 at 6:00pm

New World Fan Page 


ဟာသ အတိုအထွာလေးများ

မရှိလဲဖြစ်တယ်

မိန်းမဖြစ်သူသည် ယောက်ျား၏ ပုဆိုးအပြဲကို ချုပ်နေရင်း ယောက်ျားအားလှမ်းပြောလေသည်။
`ရှင်တို့ယောက်ျားတွေလေ ကျမတို့ မိန်းမတွေမရှိရင် တော်တော်ဒုက္ခတွေ့မယ် ၊ မိန်းမတွေရှိနေလို့သာ ရှင်တို့ ပုဆိုးအပြဲ
ဘောင်းဘီ အပြဲတွေကို ချုပ်ပေး ဖာပေး မဲ့သူရှိနေတာ'
` အို.......မရှိမဖြစ်မဟုတ်ပါဘူးကွာ ၊ ငါတို့ အဲဒီ ပုဆိုး ဘောင်းဘီတွေ ဝတ်နေတာကလည်း မင်းတို့မိန်းမတွေရှိနေလို့၊ မိန်းမ
တွေသာ မရှိရင် ငါတို့ ဘာမှ ဝတ်စရာမလိုတော့ဘူး'

..........................................။..............................................

သူတို့ဒုက္ခပါ

သူငယ်ချင်းနှစ်ဦးလမ်းတွင်ဆုံမိကြသည် ။
ပထမလူ။ ။ဟာ.....မင်းဂျပန်သွားမလို့ဆို
ဒုတိယလူ။ ။အေး....သွားဖို့ပြင်ဆင်နေတယ်၊ နီးပြီကွ
ပထမလူ။ ။ဒါဆို ဂျပန်စကားပြောသင်သွားဦး ၊ တော်ကြာဟိုရောက်မှ စကားမပြောတတ်လို့ ဒုက္ခရောက်နေဦးမယ်
ဒုတိယလူ။ ။ငါဒုက္ခမရောက်ပါဘူးကွာ ၊ ငါနဲ့တွေ့တဲ့လူသာ ငါ့စကားနားမလည်လို့ သူတို့ဒုက္ခရောက်မှာပါ

..................................။.............................

စိုးရိမ်တတ်တဲ့သား

ဈေးမှပြန်လာသော မိခင်ဖြစ်သူအား ငါးနှစ်သားအရွယ်သားအကြီးက ဆီး၍ပြောလိုက်သည်။
`မေမေရေ ၊ မေမေ မရှိတုန်းက ညီလေး ပုရွက်ဆိတ်တွေပါးစပ် ထဲ ထည့်ပြီးစားနေတာတွေ့လို့ သားညီလေးကို ဟို ပိုးသတ်ဆေး
တစ်ပုလင်းလုံး တိုက်ထားလိုက်တယ်'
...........................။...........................


ယောက္ခမရိုသေ

တက္ကသိုလ်ကျောင်းသားလေ့လာရေး အဖွဲ့တစ်ဖွဲ့သည် ကျေးရွာတစ်ခုသို့လေ့လာရေးခရီးထွက်လာကြစဉ် နွားသိုးကြီးတစ်ကောင်
သည် နွားတင်းကုတ်မှပြေးထွက်လာကာ တွေ့ရာမြင်ရာကို လိုက်ဝှေ့နေ၏ ။ ထို့ကြောင့် ကျောင်းသားများလည်း ခြေဦးတည့်ရာကို
ထွက်ပြေးကြရသည်။သို့သော နွားမတစ်ကောင်ကိုနို့ ညှစ်နေသော လယ်သမားကြီးတစ်ဦးမှာကား ဣနြေ္ဒမပျက် ဘယ်မှထွက်မပြေးပဲ
နွားနို့ဆက်ညှစ်နေသည် ။ နွားသိုးကြီးက လယ်သမားကြီးအနီးသို့ရောက်သောအခါ မဝှေ့ရဲပဲ အခြားတစ်ဖက်သို့ လှည့်ပြေးလေသည်။
ကျောင်းသားများက တအံ့ တဩနှင့် လယ်သမားကြီးအား ဝိုင်းမေးကြရာ......................
`ဒီနွား ဝှေ့ဖို့မပြောနဲ့ အနားတောင်ဘယ်ကပ်ရဲပါ့ မလဲ ၊ ကျုပ်နို့ညှစ်နေတဲ့ နွားမဟာ သူ့ယောက္ခမလေ'

.........................။...........................
ယောက်ျားသတ္တိ

တစ်ခါက လင်မယားနှစ်ယောက် စကားများရန်ဖြစ်ပြီး မယားဖြစ်သူက ယောက်ျားအား တုတ်ဖြင့်လိုက်၍ ရိုက်လေသည်။ ထိုအခါ
ယောက်ျားဖြစ်သူကထွက်ပြေးရင်း အိမ်အောက်သို့ ဝင်၍ ပုန်းနေလေသည်။
ဇနီးဖြစ်သူက `ရှင်သတ္တိမရှိဘူးလား ၊ ယောက်ျားမဟုတ်ဘူးလား ထွက်ခဲ့စမ်း '
ထိုအခါယောက်ျားဖြစ်သူက အိမ်အောက်မှ ပုန်းနေရင်း..............
`ဟေ့...........ငါ ယောက်ျားကွ သတ္တိရှိရှိ ငါကြိုက်တာ ငါလုပ်မယ် ၊ ငါ အနာသက်သာပြီး အရိုက်မခံရအောင် ငါ့သဘောနဲ့ငါပုန်း
နေတာကွ ၊ သိရဲ့လား..........' ဟု အော်ပြောလိုက်လေသည်။

...............................။................................

ချီးကျူးမိလို့

မိန်းမရခါစ ရုံးစာရေးကြီးတစ်ယောက်အား မိတ်ဆွေအပေါင်းအသင်းများက အိမ်ထောင်ရေးသာယာစေရန်အတွက် နည်းလမ်းများ
အကြံဉာဏ်များပေးကြသည် ။
`ဗျို့ စားရေးကြီး................မိန်းမဆိုတာ အမြှောက်သိပ်ကြိုက်တာဗျ ၊ ဒီတော့ သူဘာလုပ်လုပ် ကောင်းတယ် ကြိုက်တယ်လို့
သာ များများပြောပေး '
သို့နှင့်စာရေးကြီးသည် အပေါင်းအသင်းများ၏ အကြံဉာဏ်များအတိုင်း အိမ်ရောက်သည်နှင့် ဇနီးသည်ကို ချီးကျူးလေတော့သည်။
`ဒီနေ့ ခင်ချက်တဲ့ဟင်းတွေက စားလို့ကောင်းလိုက်တာ ၊ ကိုယ် ခင်ဟင်းချက်တာကို တကယ် ချီးကျူးတယ်ကွာ'
ချက်ချင်းပင် မိန်းမဖြစ်သူမှာ ဒေါသူပုန်ထလေတော့သည်။
`ဒါ...........ဒါ..... ရှင် ကျွန်မကို မခံချင်အောင်လုပ်တာလား ၊ ကျွန်မကိုဒီလိုမနှိမ်ပါနဲ့ '
`ဟင်........ခင် ၊ ခင့်ကိုဘာပြောမိလို့လဲ'
`ဘာပြောရမလဲ........ခါတိုင်းနေ့တွေ ကျွန်မကိုယ်တိုင်ချက်ထားတော့ မချီးမွမ်းဘူး ။ ဒီနေ့ဆိုင်ကဟင်းဝယ်ကျွေးမှ ချီးကျူးနေတာ
ဘာသဘောလဲ......'

--------------------
Posted by winn minn htoon on December 18, 2010 at 6:48pm


မှာပါရစေ ပြောပါရစေ






(၁)
ကိုယ်သေရင် မငိုနဲ့
ပါးစိုရုံရှိမှာပေါ့။
သပိတ်မသွပ်နဲ့
လွတ်ပြီးသား ကျွတ်ပြီးသား။
ထမင်းမထုပ်နဲ့
သိုးစား၊ ပုပ်စာ ဖြုန်းတီးစာ။
အိုးမခွဲနဲ့ အိုးမလို
ဘာကိုမှ ကိုယ်မစွဲဘူး။
အပွင့်အခက်ယူမသွားနဲ့
ပြန်လိုက်ရမယ့် အစားမဟုတ်ဘူး။
ဘာကိုမှ မလည်နဲ့၊
သံသရာကြီးမှာ လည်ခဲ့သူ။
(၂)
ကိုယ်သေရင် မငိုနဲ့
ကြိုကြိုပြီး သေထားသူ။
ဘုရားရှင်ရဲ့ ဂုဏ်တော်ကို
မြတ်နိုးပူဇော်ရင်း
အကြိမ်ကြိမ် အသေရင်းထားသမို့
မရဏမင်းဆီ ပျော်ပျော်သွားမှာ။
ပြီးတော့ ပြောပါရစေ
သာသနာ စာပေ၊ ပရဟိတ
လုပ်လက်စတွေကို ဆက်လုပ်ဖို့
ဟောဒီချစ်ရတဲ့ မိခင်မြေကို ပြန်လာခဲ့မယ် မုချ။
ဒီတော့ ကိုယ်သေရင် မငိုနဲ့
ဖြေသာစမ်းပါ ပြုံးစမ်းပါ။
လူသာဆုံးတာ ကျန်တာမရှုံးဘူး။
မှာခဲ့ပြီ၊ ပြောခဲ့ပြီနော်။

မိုးဟိန်း(သားဂျာနယ်ကျော်)


Wednesday, June 27, 2012

မောင်ကောင်းထိုက်ဟာသများ ( ၂ )


၁။ ပေါ့သွားမှာပေါ့


ခွဲစိတ်ပြီးရ်ျ သတိရလာသော လူနာက ဆရာဝန်ကိုပြောသည်။

“ဒေါက်တာ ခွဲစိတ်ပြီးမှပဲ ကျွန်တော် တစ်ကိုယ်လုံး ပေါ့သွားသလိုပဲ”

“အေးဗျာ၊ ခင်ဗျားမခွဲစိတ်ခင်တုန်းက လက်နှစ်ဖက်၊ ခြေနှစ်ချောင်း ရှိခဲ့တာကလား”


၂။ ဖြည်းဖြည်းချင်း


“ဒေါက်တာ၊ ဆရာနုတ်လိုက်တဲ့ သွားက အကောင်းချည်း၊ နာနေတဲ့သွားက ဟိုဘက်အခြမ်းမှာ ဗျ”

“အေးဆေးပေါ့၊ ကျွန်တော် အဲ့ဘက်ကို ဖြည်းဖြည်းချင်းလာမှာပါဗျ”


၃ ။အပြစ်


တရားခံ - “လူကြီးမင်းရဲ့ ယောက္ခမ အသက်ကို ကျွန်တော် ကယ်ခဲ့ဖူးတယ်နော်”

တရားသူကြီး - “တခြားဘာအပြစ်ရှိသေးလဲ”




၎။ အော်နေကျပဲဟာ


မုဆိုးဖို တရားရုံးတွင် အစစ်ခံသည်။

“ကျွန်တော် မိန်းမရေနစ်နေတယ်လို့ ထင်ကိုမထင်ဘူး၊ သူ့အော်နေပုံက အိမ်မှာအော်နေတဲ့အတိုင်း ဖြစ်နေတာကို”




၅။ မုဆိုးကျော်


အိမ်နံရံတွင် ချိတ်ထားသော ကျားအရေခွံကို ကြည့်ပြီးမိတ်ဆွေမေးသည်။

“ဒီအကောင်ကို ခင်ဗျားဘယ်နှစ်ချက် ပစ်လိုက်ရသလဲ”

“ဆယ်ချက်”

“ဘယ်နှစ်ချက် ထိသလဲ”

“ဘယ်နှစ်ချက်မှ မထိဘူး”

“ဘယ်လို၊ ဒါဆိုဒီအကောင် ဘယ်လိုသေသွားလဲ”

“အရယ်လွန်လို့” :D





၆။ တိုးတိုးပျံခိုင်းပါ


လေယာဉ်မယ် - ‘ကျွန်မတို့လေယာဉ်ဟာ အသံထက်မြန်တဲ့နှုန်းနဲ့ ပျံနေပါတယ်”

ခရီးသည်အမျိုးသမီး - “လေယာဉ်မှုးကို ဒီထက်အသံတိုးတိုးပျံခိုင်းပါ၊ ဘေးခုံက အမျိုးသမီးနဲ့ စကားပြောချင်လို့” :D


၇ ။ဈေးများပိုပေါမလားလို့

အရက်ဘားထဲသို့ စကောတလန်သားတစ်ယောက်ရောက်လာပြီး ဘားမှစားပွဲထိုးကို မေးသည်။

“ကော့ညက်တစ်ခွက် ဘယ်လောက်လဲ”

“ဘားမှာ ထိုင်ပြီးသောက်ရင် နှစ်ဖရန့်၊ ရပ်ပြီးသောက်ရင်တော့ တစ်ဖရန့်ခွဲပဲ ကျပါတယ်”

“ခြေတစ်ချောင်းပဲ ထောက်ပြီးသောက်ရင်ကော” :D ..



၈။ အလျင်မလိုဘူး

ရထားလက်မှတ်စောင့်က အမျိုးသမီးကြီးကို ပြောသည်။

“အစ်မကြီး၊ ဒါကအမြန်ရထား အစ်မကြီးလက်မှတ်က ရိုးရိုလက်မှတ်ဖြစ်နေတယ်၊ ဒါကြောင့် ပိုက်ဆံထပ်ပေးရပါမယ်။”
“ဘာပြောတယ်၊
ရထားကိုအရှိန်လျှော့မောင်းချင် မောင်းလိုက် ငါအလျင်မလိုဘူးဟေ့” :D





၉။ အရေးကြီးတယ်


တပ်ကြပ်ကြီးက ရဲဘော်များကို ပြောသည်။

“အခု တာဝန်ဟာ အလွန်အရေးကြီးတဲ့ တာဝန်ဖြစ်တယ်၊

အလွန်လည်း အန္တရာယ်များတယ်၊ ဒါကြောင့် ငါ့ဆီက ပိုက်ဆံမချေး

ထားတဲ့ ရဲဘော်သုံးယောက် ရှေ့ကို တစ်လှမ်းတိုး” :D




၁၀။ အဆိုးဆုံး

ဆရာဝန်က လူနာကိုပြောသည်။

“အဆိုးဆုံးကို ရင်ဆိုင်ရဖို့ ပြင်ထားပေတော့”
“ကျွန်တော် သေတော့မှာလားဟင်”

“မဟုတ်ပါဘူး၊ ဈေးအကြီးဆုံးဆေးကို ထိုးပေးတော့မလို့” :D




၁၁။ တာဝန်ကျေတဲ့သားတွေ


မိမိသေလျှင် ပင်လယ်ထဲမြှုပ်ရန် ချူချာအဖိုးကြီး မှာခဲ့သည်။

ပင်လယ်ထဲတွင် အဖေ့အတွက် တွင်းတူးရင်း သားနှစ်ယောက်စလုံး

ရေနှစ်သေဆုံးသွားသည်။



၁၂။ မျက်စိပါပေမယ့်


ကိုချူချာ မော်တော်ကားဝယ်သည်။ ဝယ်သောကားကို မောင်း

လာရာ သစ်ပင်ကိုဝင်တိုက်မိသည်။ ကိုချူချာ ကားထဲမှထွက်လာကာ

ရှေ့မီးနှစ်လုံးကို ပိတ်ကန်ရင်း ပါးစပ်ကလည်း ပြောသည်။

“မျက်လုံးကျတော့ ဒီလောက်ကြီးပြီး ဘာကိုမှမမြင်ဘူး။ တောက်”



၁၃။ ဆေး

“ကြားပြီးပြီလား၊ အမေရိကန်နိုင်ငံက ဆေးတစ်မျိုးတီထွင်လိုက်တယ်

တဲ့၊ အဲဒီဆေးကို သေနေတဲ့လူရဲ့ လက်ထဲကို ထိုးထည့်လိုက်ရင် သေသူနဲ့

နှစ်နာရီ ကြာစကားပြောလို့ ရတယ်တဲ့”

“တယ်ဟုတ်ပါလား”

“ဒါပေမယ့် သေသူကတော့ ဘာမှပြန်မပြောနိုင်ဘူးတဲ့”




၁၄။ လောင်စာကုန်မှ

မိန်းမတစ်ယောက် ဆရာဝန်ထံ ဖုန်းဆက်ပြောသည်။

“ဆရာ၊ ကျွန်မယောကျာ်း ဓာတ်ဆီသောက်မိလို့”
“အခု သူဘာလုပ်နေလဲ”

“သူခြံကို ပတ်ပြေးနေတယ်”

“ထားထားလိုက်၊ ဆီကုန်ရင် သူ့အလိုလိုရပ်သွားလိမ့်မယ်”






၁၅။ သူ့ထက်သူလူစွမ်းကောင်း


ထောင်ထဲသို့ လူသစ်ဝင်လာသည်။ လူဟောင်းများက ဝိုင်းမေးကြ

သည်။

“ဘာပုဒ်မနဲ့ ကျလဲ”

“၄၀၁”

“အဲဒါဘာလဲ”

“လူသားစားတဲ့အမှု”

အကျဉ်းသားများရှဲခနဲ ဖြစ်သွားသည်။ မိမိတို့ကိုအခန်းပြောင်းပေးရန်

ထောင်ပိုင်ကြီးဆီ တောင်းပန်ကြသည်။ တစ်ယောက်သာ နေရာမှမရွေ့ဘဲ

အေးအေးဆေးဆေး နေသည်။ လူသစ်က မေးသည်။

“ခင်ဗျားကော ဘာအမှုနဲ့ကျတာလဲ”

“ပုဒ်မ ၄၀၂”

“အဲဒါကကော ဘာလဲ”

“လူသားစားတဲ့လူကိုမှ ရွေးစားမှု” :D

.................................................................

ကမ္ဘာသစ်မှ သူငယ်ချင်းများအားလုံး
ပျော်ရွှင်ကြပါစေ ..


Sunday, June 24, 2012

သူချစ်ရှစ်ချပ်ကြာ ( နန္ဒာသိန်းဇံ )



အပယ်ရတနာ လိုဏ်ဂူဘုရား၏ တောင်ဘက်စင်္ကြန်နံရံအတွင်းဘက်ရှိ ဆေးရေးရုပ်များကို ကူးယူရေးဆွဲခဲ့သော သူ၏လက်ရာများကို ပြန်၍ကြည့်ရင်းမှ ကြာဖူး၊ ကြာပွင့်၊ အပြောက်အမွမ်းများအကြောင်းကို သူကရှင်းပြသည်။ ရှေးခေတ် အိန္ဒိယမှကြာဖူးကြာပွင့် ရေးဆွဲနည်းနှင့် ပုဂံခေတ်က ကြာဖူးကြာပွင့် ရေးဆွဲနည်းတို့ ၏
ဆက်စပ်ပုံအကြောင်းကိုလည်း ရှင်းပြသည်။ ထို့ နောက် ကြာ၏ နောက်ကွယ်ရှိအနက်အဓိပ္ပါယ်အကြောင်း ပြောရာမှ ကန်တော်မင်းကျောင်း မေတ္တာစာတွင် တွေ့ ရသော "သူချစ်ရှစ်ချပ်ကြာ" ဟူသော စကားအကြောင်းသို့  ရောက်သွားပါသည်။
"သူချစ် ရှစ်ချပ်ကြာ" ဟူသော စကားသည် စိတ်ကောင်းစိတ်မြတ် ရှစ်မျိုးကို ပွင့်ချပ်ရှစ်ခုရှိသောကြာနှင့် ခိုင်းနှိုင်းထားခြင်းဖြစ်ကြောင်း၊ ထိုစိတ်ကောင်း စိတ်မြတ်တို့ ဖြင့် ပြုမူသောသူကို လူအများတို
ချစ်ခင်မြတ်နိုးကြသောကြောင့် "သူချစ် ရှစ်ချပ်ကြာ" ဟု ဖော်ပြထားခြင်းဖြစ်ကြောင်း သူက ရှင်းပြပါသည်။


သူတစ်ပါးအကျိုးတို့ ကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း၊ အလုပ်တာဝန်ဝတ္တရားများကို ထမ်းဆောင်ခြင်း၊ တရား အားထုတ်ခြင်း အစရှိသည့် ပြုမူအားထုတ်ခြင်းတို့၌ အကယ်၍ ၀မ်းမြောက်ဝမ်းသာဖြစ်ပါက ထိုသို့ ဝမ်းမြောက် ၀မ်းသာ ဖြစ်သော စိတ်ကို "သောမနဿသဟဂုတ် စိတ်" ဖြစ်သည်ဟု ခေါ်သည်။ ထိုသိုမဟုတ်ပဲ သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း.. အစရှိသည့် ပြုမူအားထုတ်မှုတို့ ၌ ၀မ်းမသာပဲ သာမန်ရိုးရိုးစိတ်ဖြစ်ပါက ထိုသာမန်ရိုးရိုးစိတ်ကို" ဥပေက္ခာ သဟဂုတ် စိတ်" ဟုခေါ်ပါသည်။
"တစ်ဖန်သူတစ်ပါးအကျိုးတို့ ကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း အစရှိသည့် အပြုအမူအားထုတ်မှုတို့ ၌ သောမနဿသဟဂုတ် စိတ် ဖြစ်သည်ဖြစ်စေ၊ ဥပေက္ခာ သဟဂုတ် စိတ်ဖြစ်သည်ဖြစ်စေ .. ထိုသို့ သူတစ်ပါး အကျိုးကိုဆောင်ရွက်ခြင်း၊ ပေးလှူခြင်း အစရှိသည့်အပြုအမူအားထုတ်မှုတို့ သည် ကုသိုလ်ဖြစ်စေတတ်သည်။ ကောင်းကျိုးပေးတတ်သည်၊ကောင်းမှုဖြစ်အောင် ဤသို့  ပြုသည့်သည် " ဟု ဥာဏ်ပညာနှင့်ယှဉ်သော စိတ်ကို
"ဥာဏသမ္ပယုတ်စိတ်" ဟုခေါ်သည်။


မြန်မာတို့ လက်ခံယံကြည်သော ဗုဒ္ဓဒေသနာများအရ ဥာဏ်ပညာနှင့်ယှဉ်သောစိတ်သည် " တိဟိတ်ပဋိသန္ဓေအကျိုး" ကို ပေးနိုင်၍ လွတ်မြောက်ရေးတရား(သို့ မဟုတ်) အမှန်တရားကို ထိုးထွင်းသိမြင်သော ဥာဏ် ( မဂ်ဥာဏ်၊
ဖိုလ်ဥာဏ် ) ကို ထိုဘ၀၌ပင် ရရှိနိုင်သည်။ ထိုသို့ မဟုတ်ပဲ ဖော်ပြခဲ့ပြီးဖြစ်သောသူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း အစရှိသည့် အပြုအမူတို့ ကိုပြုမူအားထုတ်ရာ၌ ကုသိုလ်ဖြစ်မှန်းလည်းမသိ၊ ကံနှင့်ကံ၏ အကျိုးကို
နားလည်လက်ခံခြင်းလည်းမရှိ၊ ပြုသင့်မပြုသင့်ကိုလည်း ခွဲခြား၍ မသိလျှင် ထိုစိတ်ကို ဥာဏ်ပညာနှင့်မယှဉ်သော စိတ် " ဥာဏ၀ိပ္ပယုတ်စိတ်" ဟု ခေါ်သည်။ ဥာဏ်နှင့်မယှဉ်သောစိတ်သည် " ဒွိဟိတ်ပဋိသန္ဓေ" အကျိုးလောက်ကိုသာ ပေးတတ်သည်။ ထိုဥာဏ်နှင့်မယှဉ်သော စိတ်ဖြင့် ပြုမူအားထုတ်မှုသည် လောကီရေးရာဘက်တွင် အကျိုးပေး ထက်သန်သော်လည်း ပဋိသန္ဓေကဥာဏ်မပါခဲ့သောကြောင့် ထိုဘ၀တွင် မဂ်ဖိုလ်တည်းဟူသော လွတ်မြောက်ရေးဥာဏ်များကို ရနိုင်လောက်သော အကျိုးမပေးချေ။

တစ်ဖန် တစ်ဖန်သူတစ်ပါးအကျိုးတို့ ကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း အစရှိသည့် အပြုအမူတို့ ကို ပြုမူ အားထုတ်ရာ၌ အကယ်၍ သူတစ်ပါးကဖြစ်စေ၊ မိမိကိုယ်တိုင်ကဖြစ်စေ မတိုက်တွန်းရပဲ အစမူလကပင် ထက်သန်သော စိတ်ဖြစ်ပါက ထိုစိတ်သည်"အသင်္ခါရိကစိတ်" ဖြစ်သည်။ ထိုသို့ မဟုတ်ပဲ သူတစ်ပါးကဖြစ်စေ၊ မိမိကိုယ်တိုင်ကဖြစ်စေတိုက်တွန်းပြီးမှ သူတစ်ပါးအကျိုးကို ဆောင်ရွက်လိုခြင်း၊ ပေးလှူလိုခြင်း
စသည့်စိတ်မျိုးဖြစ်ပါက ထိုစိတ်သည် " သသင်္ခါရိကစိတ်" ဖြစ်သည်။

ကောင်းသောအပြုအမူတို့ နှင့် သက်ဆိုင်သော ကာယကံမှု၊ ၀စီကံမှု၊ မနောကံမှုတို့ ကို ပြုတိုင်း၊ ပြောတိုင်း၊ ကြံစည်တိုင်း ဆိုခဲ့ပြီးဖြစ်သော စိတ်ရှစ်မျိုးအနက်မှ တစ်မျိုးမျိုးဖြင့် ပြုခြင်း၊ ပြောခြင်း၊ကြံစည်ခြင်းပင်ဖြစ်သည်။ ထိုစိတ်ရှစ်မျိုးတို့ ၌ ၀မ်းသားမှု၊ ၀မ်းမသာပဲ သာမန်ရိုးရိုးစိတ်ဖြစ်မှု၊ ဥာဏ်ယှဉ်မှု၊ မယှဉ်မှု၊ ထက်သန်မှု၊ မထက်သန်မှုတို့  ခြားနားကြသော်လည်း ခြုံ၍ကြည့်ပါက ထိုစိတ်ရှစ်မျိုးလုံးသည် ကောင်းသောသဘောကို ဆောင်သော စိတ်များ ဖြစ်ကြသည်။ နှစ်လိုဖွယ်ဖြစ်သော စိတ်များဖြစ်ကြသည်။ ထိုစိတ် ရှစ်မျိုးထဲမှ မည်သည့် စိတ်အမျိုးအစားဖြင့် ပြုသည်ဖြစ်စေ၊ ပြောသည်ဖြစ်စေ၊ ကြံသည်ဖြစ်စေ ထိုပြုမူ ပြောဆို ကြံစည်မှုတို့ သည် ကောင်းသောသဘောကိုဆောင်သော၊ သူတစ်ပါးတို့ နှစ်လိုဖွယ်၊ ချစ်ခင်ဖွယ်သဘောကိုဆောင်သော အပြုအမူများ ဖြစ်ကြသည်။


ကြာသည် စင်ကြယ်ခြင်း၊ သန့် ရှင်းခြင်း၊ နုန်းညွန်ရေနောက်တို့ နှင့် မရောယှက်ပဲ ရေပေါ်၌ တလှတပ တင့်တင့် တယ်တယ် ပွင့်နေခြင်းသည် နှစ်လိုမြတ်နိုးဖွယ်ဖြစ်သည်။ ဆိုခဲ့သည့် စိတ်ရှစ်မျိုးအနက်မှ တစ်မျိုးမျိုးသော စိတ်ဖြင့် ပြုမူပြောဆို ကြံစည်သောသူသည်လည်း မသမာမှု၊ ကောက်ကျစ်မှု၊ အနှောက်အယှက်ဖြစ်စေမှု အစရှိသည့်
မကောင်းမှု အညစ်အကြေးတို့ မှ စင်ကြယ်နေသူဖြစ်သောကြောင့် ထိုသူသည် လူအများ၏ချစ်ခင်နှစ်လို မြတ်နိုးခြင်း ခံရသူဖြစ်သည်။ ဤသို့ ချစ်ခင်နှစ်လို မြတ်နိုးဖွယ်ဖြစ်သောသူကို နှစ်လိုမြတ်နိုးဖွယ်ဖြစ်သော " ကြာ" နှင့် ခိုင်းနှိုင်း၍
ကန်တော်မင်ကျောင်း မေတ္တာစာ၌ " သူချစ် ရှစ်ချပ်ကြာ" ဟု ဖော်ပြထားခြင်းဖြစ်သည်။

ဆိုခဲ့သည့် စိတ်ရှစ်မျိုးသည် ကောင်းသောသဘောကို ဆောင်ကြသည်မှာ မှန်ပါသည်။ သို့ ရာတွင်
ထိုရှစ်မျိုးထဲ၌ အကျိုးပေးထက်သန်စေသော စိတ်အမျိုးအစားရှိသေးသည်။ ယင်းမှာနံပါတ်( ၁ ) တွင် ဖော်ပြထားသည့် စိတ်အမျိုးအစားပင် ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော်သူတစ်ပါးအကျိုးကို ဆောင်ရွက်ခြင်း၊ ပေးလှူခြင်း၊ တာဝန်ထမ်းဆောင်ခြင်း အစရှိသည့်အပြုအမူတို့ ကို ပြုမူအားထုတ်စေသော ထိုနံပါတ်( ၁ ) စိတ်အမျိုးအစား၌ ၀မ်းမြောက်ဝမ်းသာဖြစ်မှု ( သောမနဿသဟဂုတ်) ၊ ဥာဏ်ပညာနှင့်ယှဉ်တွဲမှု ( ဥာဏသမ္ပယုတ်) နှင့် မတိုက်တွန်းရပဲ ပကတိအလိုလိုထက်သန်မှု ( အသင်္ခါရိက) ရှိသော စိတ်စေတနာ ပါဝင်နေသောကြောင့်ပင် ဖြစ်လေသည်။ ထိုသို့ သော စိတ်စေတနာ ပါဝင်နေမှုကြောင့် ထိုစိတ်အမျိုးအစားဖြင့် ပြုမူသော အပြုအမူ အားထုတ်မှုတို့ သည် အကျိုးပေး ထက်သန်ခြင်း ဖြစ်သည်။

မြန်မာတို့ လက်ခံကြသော ဗုဒ္ဓဒေသနာတို့ အလိုအရ ကိုယ်နှုတ်စိတ် ဆိုင်ရာ အပြုအမူတို့ ကို ဖြစ်ပေါ်စေခြင်း၊ ကိုယ်နှုတ် စိတ်ဆိုင်ရာ အပြုအမူတို့ လှုပ်ရှားဖြစ်ပေါ်အောင်ဖန်တီးခြင်းမှာ " စေတနာ" ပင်ဖြစ်သည်။ ထိုသို့ ဖန်တီးပေးသော၊ လှုပ်ရှားစေသော စေတနာတွင် ဥာဏ်ပညာယှဉ်တွဲရမည်ဖြစ်သည်။ ဥာဏ်ပညာယှဉ်တွဲမှု ရှိပါမှ အပြုအမူများသည် ကောင်းသော မှန်သော အပြုအမူများ ဖြစ်နိုင်ကြသည်။ အပြုအမူတို့ မှသက်ရောက်လာမှု များသည်လည်း ကောင်းသောမှန်သော သက်ရောက်မှုများ ဖြစ်နိုင်ကြသည်ဟုခံယူကြသည်။ ယင်းကိုပင် ရည်ရွယ်၍ " စေတနာမှန်သော ကံ” ရှိဖို့ ဖြစ်ဖို့ လိုသည်ဟု မြန်မာတို့ က ပြောတတ်ကြခြင်း ဖြစ်သည်။


အနောက်တိုင်း ကိုယ်ကျင့်တရားများအမြင်၌ စေတနာကိုသာ အလေးထား၍ ထိုစေတနာဖြင့် ထိုစေတနာဖြင့် ပြုမူလိုက်သော အပြုအမူတို့ မှ သက်ရောက်ဖြစ်ပေါ်လာမှုများကို အလေးအထားသော အမြင်းမျိုးကို တွေ့ နိုင်သည်။ ထိုအမြင်ကို လက်ခံသူများက “ကောင်းသောဆန္ဒ၊ ကောင်းသော စေတနာ တစ်ခုတည်းသာ ကောင်းခြင်းတရား ဖြစ်သည်။ Good will is the only good. အခြားသက်ရောက်ဖြစ်ပေါ်လာမှုများသည် အရေးမကြီး” ဟု
ဆိုတတ်ကြသည်။ ထိုသူတို့ က... စေတနာကောင်းဖြင့် ပြုလုပ်လိုက်ဖို့ သာလိုသည်၊ ပြုလုပ်လိုက်ခြင်းမှ သက်ရောက်လာမှုများကို ကြည့်ရန်မလို၊ သက်ရောက်လာမှုများအတွက်ပြုလုပ်လိုက်သူ၌ တာဝန်မရှိ..ဟုလည်း ဆိုတတ်ကြသည်။
စေတနာကောင်းဖြင့် ပြုလုပ်လိုက်သော အပြုအမူတစ်ခု လုပ်ရပ်တစ်ခုသည် တခါတရံ၌ ဆိုးကျိုးများ၊ မလိုလားဖွယ်ရာ ထွက်ပေါ်သက်ရောက်လာတတ်ခြင်းများ ရှိနိုင်သည်။ ထိုဆိုးကျိုးများ၊ မလိုလားဖွယ်ရာများအတွက် ပြုလုပ်သူ၌ တာဝန်မရှိဟု ယူဆရန် မဖြစ်နိုင်ချေ။ ထို့ ကြောင့် ၀ီလျံဂျိမ်း William James က
“ငရဲသို့ သွားသော လမ်းများကို စေတနာကောင်းများနှင့် ဖောက်လုပ်ထားသည်..
The road to hell ispaved with good intentions” ဟု သတိပေးပြောဆိုဖူးသည်။
ထွက်ပေါ်သက်ရောက်လာသော ဆိုးကျိုးများ၊ မလိုလားဖွယ်ရာများအတွက် ပြုလုပ်သူ၌ တာဝန်မရှိဟု ယူဆခြင်းသည် မလျော်ကန်သော ယူဆခြင်းသာ ဖြစ်ပါလိမ့်မည်။



မြန်မာပြည်ရှိ ဗုဒ္ဓဒေသနာတော်တို့ အလိုအရ စေတနာ၌ ဥာဏ်ပညာယှဉ်၍၊ ဥာဏ်ယှဉ်သောစေတနာဖြင့် ပြုမူသော အပြုအမူလုပ်ရပ်သည်သာ ကောင်းသော၊ မှန်သော အပြုအမူလုပ်ရပ်ဖြစ်သည်။ တစ်နည်းအားဖြင့် စေတနာ ကောင်းလည်း ရှိရမည်ဖြစ်၍ ဥာဏ်ယှဉ်ခြင်းဖြင့် လုပ်နည်းလုပ်ဟန်လည်း ကောင်းမွန်မှန်ကန်ပြီး
သက်ရောက်လာခြင်းများကလည်း အကျိုးရှိစေရမည်ဖြစ်သည်... ဟု သူက ရှင်းပြနေပါသည်။
အထက်ပါအကြောင်းအရာတို့ ကို သူက ရှင်းပြပြောဆိုပြီးနောက်.. ကံနှင့်ကံ၏အကျိုးကို နားလည်လက်ခံနိုင်သော၊ လုပ်သင့်မလုပ်သင့်သည့်ကို မြင်သော၊ လုပ်နည်းလုပ်ဟန်တို့ ကိုသိနားလည်သော ဥာဏ်ပညာရှိမှု၊ စေတနာကောင်းရှိမှုတို့ ဖြင့် လူမှုရေးရာများကိုဆောင်ရွက်ခြင်း၊ စီးပွားရှာခြင်း၊ ကုန်သွယ်ခြင်းတို့ ကို
ပြုလုပ်နိုင်ခြင်းကြောင့် လူအများတို့ တက်ကပ်ဆီသို့  သွားနိုင်ပါစေကြောင်းကို သူကဆုတောင်းနေသည်ဟု ဆိုပါသည်။ စေတနာကောင်းလည်းမရှိ၊ ဥာဏ်ပညာလည်းမပါသောကောက်ကျစ်စဉ်းလဲသော မရိုးဖြောင့်သော မသမာသောနည်းတို့ ဖြင့် လူမှုရေးရာ စီးပွားရေးရာတို့ ကို လုပ်ဆောင်ခြင်းဖြင့် ဆုတ်ကပ်ဆီသို့ 
လူတို့ မသွားကြ ပါစေနှင့်ဟု ဆုတောင်းမှုကိုလည်း ပြုသည်ဟု ဆိုပါသည်။


ထို့ နောက်သူက.. “ ကန်တော်မင်းကျောင်း မေတ္တာစာမှာလာတဲ့ “ သူချစ် ရှစ်ချပ်ကြာ”က ပွင့်ချပ် ရှစ်ခုလုံးဟာ နှစ်သက်ဖွယ်ရှိပါတယ်။ ဒါပေမယ့် ‘၀မ်းမြောက်ဝမ်းသာရှိသော၊ ဥာဏ်ပညာနှင့်လည်း ယှဉ်သော၊ မတိုက်တွန်းရပဲ ပကတိအလိုလို ထက်သန်မှုရှိသော စိတ်စေတနာဖြင့် ပြုမူခြင်း’ ကို ညွှန်းဆိုနေတဲ့ ပွင့်ချပ်ကိုတော့
ပိုပြီး နှစ်သက်မြတ်နိုးမိတယ်...” ဟု ဆိုပါသည်။
သူပြောပြနေသည့် “ ကြာ” အကြောင်းကို နားထောင်ရင်းမှ အနက်အဓိပ္ပါယ် အမျိုးမျိုးကို ညွှန်းဆိုနေသော အပယ်ရတနာလိုဏ်ဂူဘုရားအတွင်းရှိ ကြာဖူးကြာပွင့်တို့ ကြား၌ ကျွန်တော့်စိတ်တွေက လှည့်လည်လျက် ရှိပါသည်။

နန္ဒာသိန်းဇံ
 


နဲနဲလေး ထပ်ပြုံးလိုက်ကျဦးစို့ 


~ ပလုံ

ဒေါ်ထိပ်ထားခင်က စည်းကမ်းသိပ်ကြီးတယ်..ညစာစားဖို့စားပွဲထိုင်ပြီးကြပြီဆိုတာနဲ့ဘာစကားမှမပြောရဘူး..
တစ်ရက်မှာညစာစားဖို့စားပွဲထိုင်နေကြတုန်း ရေးကြီးသုတ်ပြာနဲ့သားကြီးရောက်လာတယ်..ပြီးတော့…..
'''အမေ'''
''စကားမပြောရဘူးဆိုတာမသိဘူးလား.. ဟိုဘက်မှာထိုင်ပါ..''
'''ဟို..ကျွန်တော်..'''
''ပြောစရာရှိရင်စားပြီးမှပြောလို့ပြောထားတယ်လေ..''
ဒီလိုနဲ့ထမင်းစားပြီးကြတော့
''ကဲပြောဘာလဲ''
'''ညီမလေးရေတွင်းထဲကျသွားလို့…''' :D




~ ဒါမျိုးသောက်ချင်ရင် ဒီလိုလုပ်

စားသောက်ဆိုင်တစ်ခုတွင်ဖြစ်သည်-
စားသုံးသူ- "ဟေ့ဝိတ်တာ..ဟောဟိုစားပွဲပေါ်ကပုဂ္ဂိုလ်ကြီးသုံးဆောင်နေတဲ့ အရက်မျိုးငါသောက်ချင်တယ်ကွာ.."
စားပွဲထိုး - "ရပါတယ်ဆရာ..တယ်လီဖုန်းလာနေတယ်ဆိုပြီး သူ့ကိုကျွန်တော်ပထုတ်သွားမယ်..
အရိပ်အခြေကြည့်ပြီး ဆရာလှုပ်ရှားပေတော့" :D




~ ဒီအတိုင်းပါပဲ

မိမိထက် များစွာ ငယ်ရွယ်သော မိန်းမတယောက်ကို လက်ထပ်ယူထားသည့် အသက် ၉၃ နှစ်အရွယ်ရှိ အဘိုးအိုတယောက်သည်သူ၏ ဆရာဝန်ထံ ရောက်လာပြီး သူတို့ကလေးရတော့မည့်အကြာာင်း ပြောပြလေသည်။
ထိုအခါ ဆရာဝန်က ပြန်ပြောပြသည်။
'ကျွန်တော် ပုံပြင်ကလေးတပုဒ် ပြောပါရစေ၊ တခါတုန်းက အလွန်သတိမေ့တတ်တဲ့ လူတယောက်ဟာ
အမဲလိုက်ထွက်ပါတယ်၊ သေနတ်ကို ယူရမယ့်အစား ထီးတလက်ပဲ ယူသွားပါတယ်၊ တောထဲမှာ ဗြုန်းခနဲ ခြင်္သေ့တကောင်နဲ့ပက်ပင်းတိုးမိတော့ သူက လက်ထဲမှာပါတဲ့ ထီးနဲ့ ထိုးချိန်လိုက်ပြီး ပစ်ချလိုက်တယ်တဲ့၊
အဲဒီမှာ ခြင်္သေ့ကြီးလည်း တုန်းခနဲ လဲကျသေဆုံးသွားပါရော'
'ဟာ မဟုတ်တာကွ၊ လုံးဝကို မဖြစ်နိုင်ဘူး၊ တယောက်ယောက်က ဝင်ပြီး ပစ်လိုက်လို့ နေမှာပေါ့'
'အခုလဲ ဒီအတိုင်းပါပဲခင်ဗျား'




~ မကြောက်ပါနဲ့ကွာ

ကလေး နှစ်ယောက် ဆေးခန်းတွင် ဆေးစစ်ရန် ထိုင်စောင်.နေကြသည်။ နှစ်ယောက်မှာ တစ်ယောက်က စတင် ငိုးကျွေးပါတော.သည်။
ပထမကလေး - မင်းဘာလို.ငိုနေတာလဲ။
ဒုတိယကလေး - ငါဒီကို သွေးလာစစ်တာဟ။
ပထမကလေး - အဲဒါ ငိုစရာလား။
ဒုတိယကလေး - သွေးစစ်ရင် ကျွန်တော့ လက်ညိုးကို ဆရာဝန်က အပ်နဲ.ဖောက်မှာလေ။
ထိုအခါမှာတော. ပထမ ကလေး က စတင်ငိုကြွေးပါတော.သည်။ ဒီတော့ ဒုတိယ ကလေးက အံ့အားသင့်စွာဖြင်.။
ဒုတိယကလေး - မင်းက ဘာလို.ငိုရပြန်တာလဲ။
ပထမကလေး - ငါက ဒီကို ဆီးလာစစ်တာလေ။ ဗြဲဗြဲ





~ ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး

စားသောက်ဆိုင် တစ်ဆိုင်တွင်ဖြစ်သည် ဂျပန် ဆာမူရိုင်: ၃ ယောက် တစ်ဝိုင်းထဲ ထိုင်ပြီ: စားသောက်နေကြသည် ။
စားသောက်နေတုန်း ယင်ကောင် တစ်ကောင်က စားပွဲဝိုင်းပေါ်ဖြတ်ပျံ သွားသည်။
ဆာမူရိုင်: တစ်ရောက်က သူ.ဓါး ကို ဖျတ်ခနဲ ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက်သည်။
ယင်ကောင် ၂ ပိုင်းပြတ်ပီး ကျလာသည် ။ ဆိုင်ထဲကလူတွေအားလုံး အံ့အားသင့် ကုန်သည်။
(ဆာမူရိုင်: ဆိုတာမျိုးက ဓါးခုတ်အင်မတန်မြန် သကိုး ။ )

အဲ့ဒီအချိန်မှာပဲ ယင်ကောင် နောက်တစ်ကောင်က ပျံ လာပြန်သည် ။ ဒုတိယ ဆာမူရိုင်: ကလည်း အားကျမခံ ဓါးကို ဆွဲထုတ်ပြီး ယင်ကောင် ကိုခုတ်ချလိုက် သည်။ ယင်ကောင် ၄ ပိုင်းပြတ်ြပီးကျလာသည် ။ လူတွေလည်းပါးစပ်အဟောင်း သားဖြစ်ကုန်သည်။

ခဏကြာတော့ ကံဆိုးသူမောင်ရှင်…. နောက်ထက်ယင်ကောင် တစ်ကောင်ပျံသန်းလာပြန်သည်။ ပရိတ်သတ်တွေလည်း
တတိယ ဆာမူရိုင်: ဘာလုပ်ပြဦးမလဲဆိုတာ အင်မတန်စိတ် ဝင်စားနေကြပြီ။ တတိယ ဆာမူရိုင်: က သူ.ဓါးကို ဖျတ်ဆို ဆွဲထုတ် ပြီး ဓါးအိမ်ထဲ ပြန်ထည့်လိုက်သည်။ ( မြန်လွန်းလို့ ခုတ်လိုက်တာတောင်မမြင်လိုက်ရဘူး ။)

လူတွေလည်း စိတ်ဝင်တစားနဲ့ ယင်ကောင် ကိုလိုက်ကြည်တော့ ကိုရွှေယင်ကောင်က ဟန်မပျက် ဆက်ပျံ နေသည်။့ လူတွေကစိတ်ဓာတ်ကျသွားသည် ။ အဲ့ဒီအချိန်မှာ တတိယဆာမူရိုင်: ပြောလိုက်သည့် စကားကြောင်. ပရိတ်သတ် ကြီး ဘာပြောရမှန်းမသိဖြစ်ကုန်ကြသည် ။ တတိယဆာမူရိုင်: က
“ ဒီကောင် ပျံ တာတော့ ပျံ နိုင် ပါတယ် ..ဒါပေမယ့် ဒီတသက်တော့ ကလေးအဖေ မဖြစ်နိုင်တော့ဘူး” :D


မောင်ကောင်းထိုက်ဟာသများ

၁။ကင်မရာဝယ်ပါ


ကန်ပေါင်တွင်ထိုင်ကာ ပန်ချီဆရာတစ်ဦး ရှုမျော်ခင်းပုံဆွဲနေသည်၊ ကင်မရာတစ်လုံးနှင့် သားအဖနှစ်ယောက် ပန်းချီဆရာအနားရောက်လာကြသည်၊ အဖေကသားကိုပြောသည်။

“တွေ့တယ်မဟုတ်လား၊ ကင်မရာမရှိုတဲ့လူဟာ အင်မတန်ပင်ပန်းတယ်”

၂။ငွေရတု


ပြင်သစ်ကုမ္မဏီတစ်ခု၏ အုပ်ချုပ်ရေးမှူးသည် ၀န်းထမ်းများအားလုံးကို စုရုံးစေကာ အောက်ပါအတိုင်း ပြောသည်။

“လာမယ့် ရက်အနည်းငယ်တွင်းမှာ ကျွန်တော်တို့ရဲ့ကုမ္မဏီ ဟာ၂၅-နှစ်ပြည့်တော့မယ်၊ ဒီနှစ်ပတ်လည်နေ့ကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ကျင်းပရမှာဖြစ်တယ်၊ ဒါကြောင့် ဘယ်လို ကျင်းပရင်ကောင်းမလဲဆိုတာနဲ့ပတ်သက်ပြီးအကြံဥာဏ်ပေးကြစေချင်ပါတယ်၊ ဒါပေမယ့် ဒီငွေရတုပွဲဟာ ပိုက်ဆံအကုန်ကျများလို့ မဖြစ်ဘူး၊ တစ်နိုင်ငံလုံးကလဲ ကုမ္မဏီအကြောင်းကို ပြောစမှတ်ဖြစ်ရမယ်၊ ၀န်ထမ်းအားလုံးလည်း ကျေနပ်အားရဖြစ်စေရမယ်၊ ကိုင်း…အကြံဥာဏ်ပေးကြပါ”
မိနစ်အနည်းငယ်အကြာတွင် အခန်းထောင့် တစ်နေရာမှ ၀န်ထမ်းတစ်ဦးနေရာ မှထသည်။

“ကျွန်တော့်ဆီမှာ အကြံတစ်ခုပေါ်လာတယ”်

“ပြောပါ”

“အီဖယ်မျှော်စင်ကနေ
အုပ်ချုပ်ရေးမှုးကြီး ခုန်ချပါ၊ ဒီအတွက် မျှော်စင်ပေါ်တက်ခ လက်မှတ်ဖိုးပဲ ကုန်ပါမယ်၊
ပြင်သစ်တစ်နိုင်ငံလုံးကလည်း ခုန်ချတဲ့အကြောင်းနဲ့ ကျွန်တော်တို့ကုမ္မဏီ အကြောင်းပြောကြမှာသေချာတယ်၊
အဲဝန်ထမ်းတွေရဲ့ ကျေနပ်အားရမှုကတော့ ဘယ်လိုမှ မဖော်ပြတတ်အောင်ပါပဲ”

၃။လာကြတော့မည်


ညနှစ်နာရီအချိန်တွင်ဖြစ်သည်၊ အပေါ်ထပ်က

အိမ်နီးချင်းကို ဂျွန်ကဖုန်းဆက်သည်။

“ဟေ့လူ၊ ခင်ဗျားရဲ့ ကက်ဆက်ကို ပိတ်လိုက်ပါ၊ ကျွန်တော့်အိမ်မှာ ဧည့်သည့်တွေရောက်နေတယ်”

အပေါ်ထက်ကလူက ရွဲ့ပြီးပြောသည်။

“ဘာလဲ၊ ခင်ဗျားတို့အိပ်တော့မလို့လား

အရှုးး၊ ကဖို့ဆိုပြီး ခင်ဗျားဆီတက်လာကြမလို့တဲ့”


၎။ဘာမှထူးမှာမဟုတ်ဘူး။



ဆင်းရဲသားတစ်ဦး၏အိမ်သို့ ညအချိန်မတော် သူခိုးဝင်သည်။ အိမ်ရှင်အဖိုးကြီး နိုးသွားသည်။ မွေနှောက်ရှာဖေနေသော သူခိုးဘက် လှမ်းအော်ပြောသည်။ “အမှောင်ထဲမှာ မောင်ရင်တို့ ဘာတွေ ရှာတွေ့မလဲ မပြောတတ်ဘူး။ ငါကတော့ နေခင်းကြောင်တောင်တောင်
အဖိုးတန်တာဆိုလို့ ဘာမှရှာမတွေ့ဘူး”


၅။မစပ်စုပါနဲ့


ရထားဘူတာ၏ လက်မှတ်အရောင်းဌာနသို့ လူတစ်ယောက် အူယားဖားယား ပြေးလာပြီး လက်မှတ်ရောင်းသူကိုပြောသည်။

“လက်မှတ်တစ်စောင်ပေးပါ”

“ဘယ်သွားမှာလဲ”

“ဘယ်သွားသွားပေါ့၊လက်မှတ်သာမြန်မြန်ပေးစမ်းပါ၊ဟိုမှာထားထွက်တော့

မယ်”


၆။မဖွင့်ဘူးဗျာ


“တံခါးဖွင့်ပါ”

“အိမ်မှာ ဘယ်သူမှာ မရှိဘူး”

“အခု ဘယ်သူပြောနေတာလဲ”

“ဘယ်သူမှ မပြောဘူး၊ ခင်ဗျားနားကြားမှားလို့”


၇။မခံနိုင်တော့ဘူး


ညည့်နက်အချိန်တွင် တယ်လီဖုန်းသံ မြည်လာသည်။

“ခင်ဗျားရဲ့ ကက်ဆက်ကို အခုချက်ချင်း မပိတ်ပစ်ရင်

ကျုပ်ရဲကို တိုင်ရလိမ့်မယ်”

“သီချင်းသံကို နားမခံနိုင်ရင်လည်း တခြားလမ်းကိုပြောင်းနေပေါ့”

“ကျုပ် ဘယ်ကဆက်နေတယ်ထင်လို့လဲ၊
တစ်လမ်းကျော်ကဗျ
"




၈။လက်မအားလို့ပါ


“တပ်သားမောင်မြ၊ မင်းဆီမှာ လက်နက်အပြည့်အစုံရှိနေရဲ့နဲ့ ဘာဖြစ်လို့ တိုက်ပွဲဖြစ်တဲ့နေရာက ထွက်ပြေးရတာလဲ”

“လက်တစ်ဖက်မှာ ရိုင်ဖယ်ရှိတယ်၊ နောက်တစ်ဖက်မှာ လက်ပစ်ဗုံးကို ကိုင်ထားရတယ်၊ ဒါကြောင့် လက်နှစ်ဖက်စလုံး မအားဘူး၊ ဘာလဲ ရန်သုကို ကျွန်တော် သွားနဲ့ ကိုက်ရမှာလား” :D



၉။ကောင်းလာပါပြီ


ဆရာဝန်ကလူနာကိုမေးသည်။

“ဘယ့်နှယ့်လဲ၊ ခင်ဗျားရဲ့ မှတ်ဥာဏ်ပြန်ကောင်းလာပြီလား”

“အင်းကောင်းလာပါပြီ၊ ဒါနဲ့ ခင်ဗျားကဘယ်သူလဲဗျ၊ ကျွန်တော့်ကိုသိလို့လား”



:D
ကမ္ဘာသစ် သူငယ်ချင်းများအားလုံးပျော်ရွှင်ပါစေ
Posted by errorrsoe on November 27, 2010 at 11:00am

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>