အသုံးချစိတ်ပညာရှင်တို့
အလိုအရမူ မိတ်ဆွေဖြစ်ရေးတွင် အပြုသဘောထားရှိမှု၊ အသိအမှတ်ပြုလိုအင်နှင့်
ပေါင်းသင်းလိုအင်တို့ကို ဖြည့်ဆည်းပေးမှုသည် အရေးပါ၏။
ဆက်ဆံရေး တုံ့လှယ်ပြုမူမှု ဖွံ့ဖြိုးခြင်း…
လူဟူသည် အချင်းချင်း ပေါင်းသင်းဆက်ဆံရင်း ကြီးထွားဖွံ့ဖြိုးတတ်သည့် သတ္တ၀ါမျိုးဖြစ်ရာ မွေးကင်းစကပင် အာရုံခံအင်္ဂါတို့ဖြင့် တုံ့ပြန်တတ်သည့်သဘောရှိ၏။ မွေးကင်းစမှ ရက်သားဘ၀တွင်မူ အချိန်နှင့်အမျှ အိပ်နေတတ် သည်ဖြစ်၍ အာရုံနှင့် အကြောဆိုင်ရာ တုံ့ပြန် မှုတို့ တက်ကြွမှု မရှိသေးဟု ဆိုနိုင်သည်။ သို့သော် လသားကလေး ဖြစ်လာသည့်အခါ မျက်စိဖြင့် တုံ့ပြန်တတ်၏။ အသံလာရာသို့ စူးစမ်း တတ်၏။ အတွေ့အထိ၏ သာယာမှု၊ မသာယာမှု၊ နူးညံ့ပျော့ပျောင်းမှု၊ ကြမ်းတမ်းခက်မာမှု၊ သွေ့ခြောက်နွေးထွေးမှုနှင့် စိုစွတ်အေးစက်မှု စသည်တို့ကို လိုလားသည့်အမူအရာ၊ မလိုလားသည့် အမူအရာတို့ဖြင့် တုံ့ပြန်တတ်၏။ အိပ်နေရာမှ နိုးလာသော လသားကလေးသည် အနှီး ထဲတွင် ကျင်ကြီးကျင်ငယ်တို့ စွန့်ထားသောကြောင့် အေးစက်စွတ်စိုနေသည်ကို မလိုလား၍ အော်ဟစ်ခြင်း၊ ငိုယိုခြင်း၊ ကိုယ်ကို တွန့်လိမ် လှုပ်ရှားခြင်းတို့ ပြုမူ၏။ ထိုအခါ လူကြီးဖြစ်သူတို့က အညစ်အကြေးများကို သန့်စင်ကာ ပေါင်ဒါရိုက်၍ ခြောက်သွေ့နူးညံ့သော အနှီးသစ်ဖြင့် လဲလှယ်ထုတ်ပိုးလိုက်၏။ ကလေးသည် မျက်လုံးများ ကြည်လင်တောက်ပကာ ၀ူးဝူးဝဲ၀ဲ အသံပြုခြင်း၊ ခစ်ခစ် ရယ်မောခြင်းဖြင့် သာယာမှုကို တုံ့ပြန်တတ်ပေသည်။