2 3 4 5 6 7 8 9 10

Saturday, October 15, 2011

အမေ၏ဆုံးဖြတ်ချက်





ဒေါ်သိန်းတင်၏ပျော်ရွှင်မှုသည် ယနေ့အထွတ်အထိတ်သို့ရောက်ခဲ့၏။ စာပို့လုလင်ကိုမြင်ကတည်းက သားသမီးတွေဆီက စာလာမှန်းသိ၏။ ဒီနေ့ဆို သားသမီးတွေနဲ့ ခွဲနေရတာ တစ်လကျော်ပြီ။
လူလတ်တန်းစား ရုံးစားရေးဦးသိန်းထွန်းနှင့် အိမ်ထောင်ကျခဲ့ပေမဲ့ ခင်ပွန်းသည်ရဲ့ လစာကို အကောင်းမကြည့်၊ တစ်လမ်းတည်းနေဒေါ်မြစိန်ကို အားကျခဲ့၏။ ရပ်ကွက်တွင်သာရေးနာရေး ဒေါ်မြစိန်ကို ရှေ့ ဆုံးမှမြင်ရမည်။ လူလတ်တန်းစားရပ်ကွက်ဖြစ်ပေမယ့် ဒေါ်မြစိန်အိမ်မှာတော့ ရေခဲသေတ္တာ၊ ဆိုဖာထိုင်ခုံ၊ ကေဘဲလ်စလောင်း အို... နိုင်ငံခြားဖြစ်ပစ္စည်း အစုံအလင်။ သူ့သားသမီးတွေက နိုင်ငံခြားမှာ ရှိလို့ သူဒီရပ်ကွပ်မှာ မျက်နှာပန်းလှနေတာ၊ ငါလည်း ငါ့သားသမီးတွေကို နိုင်ငံခြား ရောက်အောင်ပို့မယ်။ ဒါမှရပ်ကွက်ကလူတွေက ငါ့ကိုလည်းဒေါ်မြစိန်နှင့် တန်းတူထားမှာ။
အသိမိတ်ဆွေတွေကိုမေးရင်းနဲ့ ဒေါ်သိန်းတင်ပွဲစားဆီရောက်ခဲ့ပြီ။ ရှိသမျှလတ်ဝတ်လတ်စား အားလုံးရောင်းလျှင်တောင် လေယာဉ်လက်မှတ်တစ်စောင် မဝယ်နိုင်။ စိတ်ဓါတ်အကျမခံ၊ အတိုးကြီး ကြီးဖြင့် ငွေချေးယူခဲ့၏။ ဒေါ်သိန်းတင်၏ ကြိုစားအားထုတ်မှုသည် အချည်းအနှီးမဖြစ်ခဲ့။ ဒီနေ့ပွဲစားထံမှနိုင်ငံ ကူးလတ်မှတ်၊ VISA နှင့် လေယာဉ်လတ်မှတ်တွေရခဲ့၏။
သားကြီးသီဟ၊ အလတ်ဝဏ္ဏ၊ သမီးသီတာတို့က မိဘတွေကိုအလှည့်ကျကန်တော့၏။ သားသမီးတွေနှင့်ခွဲရမှာမို့ ဝမ်းနည်းတဲ့မျက်ရည်လား၊ ဒါမှမဟုတ် အနာဂတ်ကိုမှန်းပြီး အပျော်လွန်မျက်ရည်လား၊ သူကိုယ်တိုင်မခွဲခြားနိုင်တော့။
ဒီလိုနှင့် ထိုင်းအပြည်ပြည်ဆိုင်ရာလေယာဉ်ဖြင့် ရန်ကုန်လေဆိပ်မှတဆင့် အမေရိကသို့ ခရီးနှင်ခဲ့၏။
တိုးတက်ခေတ်မှီတဲ့ အမေရိကန်နိုင်ငံအကြောင်း မြန်မာပြည်နဲ့အမေကို အရမ်းသတိယတဲ့အကြောင်း၊ အမေရဲ့ ကောင်းမှုကုသိုလ်ကြောင့် သားသမီးတွေအလုပ်ရသွားတဲ့အကြောင်း အမေနှင့်ဖုန်း မှာစကားပြောဖြစ်၏။
ရက်လနှစ်တွေကူးလာတာ ၄နှစ်ကျော်ကြာခဲ့ပြီ၊ ဖုံးမှန်မှန်မဆက်ဖြစ်တော့၊ စာလည်းမှန်မှန်မရေးနိုင်။
တစ်ည ဒေါ်သိန်းတင်ဘုရားရှိခိုးပြီး အိပ်ရာဝင်စ ဖုန်းဘဲလ်မည်လာ၏။ ဝဏ္ဏဆီကဖုန်းဖြစ်၏။ အမေရဲ့ ကျန်းမာရေးအကြောင်း၊ သူတို့မောင်နှမတွေ ဒီမှာအလုပ်ပင်ပင်ပန်းပန်း လုပ်ရတဲ့အကြောင်း၊ စာရွတ်စာတမ်းအ ပြည့်အစုံမရှိတဲ့အတွက် ဒီမှာအတည်တကျ နေထိုင်ဖို့ ဝဏ္ဏက Maria ဆိုတဲ့ Spanish စကားပြောမိန်းကလေးတစ်ဦးနှင့် လက်ထပ်လိုက်ကြောင်း၊ သီဟက သူ့ထက် ၁၅ နှစ်ကြီးတဲ့ မြန်မာအမျိုးသမီးနှင့် လက်ထပ်လိုက်ရတဲ့အကြောင်း၊ သီတာက John ဆိုတဲ့ ဘိုတစ်ယောက်နှင့်အတူနေကြောင်း၊ ရှေ့ လ လက်ထပ်မဲ့သီတာမှာ ယခုကိုယ်ဝန် ရလ ရှိတဲ့အကြောင်း၊ အဲဒါတွေကြောင့် သူတို့မောင်နှမတွေ အရင်လိုငွေမှန်မှန်မပို့နိုင်ကြောင်း၊ လက်ရှိ အမေ့အိမ်မှာ လူငှါးတင်ပြီး အဲဒီ့ပိုက်ဆံနဲ့ ချွေချွေတာတာသုံးပါလို့ အကြံပေးလိုက်သေး၏။
အမေလက်တွေတုန်လာ၏။ ခေါင်းချာချာလည်လာ၏။ အမေမျှော်မှန်းခဲ့တဲ့ခရီး အမေ့အိမ်မက်တွေပျက်ပြားကုန်ပြီ၊ အမေမျက်ရည်ကျပြီ။ အမေ သားသမီးတွေကိုအမြဲ အကောင်းမြင်စေချင်၏။ သားသမီးတွေကို ကိုယ်ဝန်ဆောင်တဲ့ဒုက္ခ ဒီအရွယ်ထိ ကြီးပြင်းလာအောင် ဒုက္ခအမျိုးမျိုးခံခဲ့ရပေမဲ့ အမေမျက်နှာအပြုံးမပျက်ခဲ့။ ယခုတော့ အမေရင်နာပြီ။ ဘုရားရှိခိုးခန်းထဲသို့ဝင်ပြီး ဘုရားတပည့်မရဲ့ သားသမီးတွေ ဆူးမထိခလုပ်မညှိ လိုအင်ဆန္ဒပြည့်ဝပါစေ၊ ကြီးမားသောအမေ့စိတ်မဟုတ်လား။
တစ်နေ့မောင်နှမသုံးယောက်တိုင်ပင်၏၊ ဝဏ္ဏကဒို့အမေကိုခေါ်ရအောင်၊ သီဟကငါ့ထက် ၁၅ နှစ်ကြီးတဲ့ ချိုချိုကို ငါချစ်ကြိုက်လို့ယူထားတာမဟုတ်ဘူးဆိုတာ နင်တို့သိသားဘဲ၊ ချိုချို ငါ့ကိုဆူပူကြိမ်းမောင်းတာကို အမေမြင်ရင် ရင်ကျိုးမယ်၊ စာရွတ်စာတမ်းအတွက်သာ သူနှင့်လက်ထပ်ထားတာနင်တို့အသိဘဲ။
သီတာက ဒီလောက်ခေတ်နောက်ကျတဲ့နိုင်ငံက လာမဲ့အမေနှင့် John နဲ့ ဘယ်လိုမှတည့်မှာမဟုတ်ဘူး။ ငါ့ကိုယ်လည်း စာရင်းထဲကဖျက်လိုက်။
ဝဏ္ဏအိမ်ရောက်တော့ Maria နှင့်တိုင်ပင်၏။ Maria မျက်နှာဆတ်ကနဲတင်းမာသွားသည်။ ဝဏ္ဏကရှင်းပြ၏။ Honey နင့်မှာနေ့တိုင်း ကလေးတွေကို ကျောင်းပို့ကျောင်းကြို ကလေးထိန်းပို့ပေးရ၊ ထမင်းဟင်းချက်ရတဲ့အပြင် အလုပ်လည်း သွားရသေးတယ်မဟုတ်လား။ ကလေးထိန်းအတွက်ဘဲ တစ်လ တို့တစ်ထောင်နီးပါးကုန်နေတယ်။ အဲတော့ ဒီအလုပ်တွေအားလုံး အမေလုပ်မယ်။ နင်အေးအေးဆေးဆေးထပြီးအလုပ်သွား၊ ကျန်တဲ့အလုပ် တွေအားလုံးအမေလုပ်မယ်။ အဲဒီ့အတွက် Maria က စကားဖြတ်ပြီး Honey နားလည်ပြီ၊ အဲဒီ့အတွက်အဖွားကြီး ကို ထမင်း ၂ နှပ်ကျွေးရရုံပဲမဟုတ်လား။ တို့ပိုက်ဆံတွေလည်း အပိုအလျှံရှိလာမယ်။ Maria အတော်သဘောကျသွား၏။
အမေသည်တစ်လမ်းဝင်တစ်လမ်းထွက် ရပ်ကွက်အိမ်တိုင်းလိုက်ပြော၏။ ငါ့သားသမီးတွေက ဒေါ်မြစိန် ကလေးတွေထက် တောင်ပိုလိမ္မာသေးတယ်။ ငါ့ကိုအမေရိကန်ခေါ်ဖို့ပြင်နေပြီး၊ ရပ်ကွက်ကလူတွေက ဒေါ်သိန်း တင်ကလေးတွေကိုချီးမွမ်းကျ၏။
ဒီလိုနဲ့အမေ အမေရိကန်နိုင်ငံသို့ရောက်ခဲ့ပြီ။ လေဆိပ်မှာ ဝဏ္ဏနှင့်သီဟကိုတွေ့လိုက်၏။ ဝဏ္ဏက John နှင့်မိတ်ဆက်ပေး၏။ John က အမေကိုပါးမှာ မွှေးမွှေးပေးပြီးနုတ်ဆက်သည်။ အမေ့မှာရှက်လိုက်တာ။ သားမက်နှင့် ယောက္ခမကြား ဝဏ္ဏကစကားပြန် လုပ်၏။ သီတာကအလုပ်ပိုဆင်းနေရလို့ လေဆိပ်မလာနိုင်တာကို ခွင့်လွှတ်ဖို့ပြောခိုင်းလိုက်၏။ သြော်... သမီးမှာအမေအတွက်တောင် အချိန်မရှိတာကို အမေသိလိုက်ရ၏။
အိမ်ရောက်တော့ Maria နှင့် လက်ဆွဲနုတ်ဆက်ပြီး၊ ချိုချိုကလည်းလက်ဆွဲနုတ်ဆက်လိုက်၏။ ခဏအကြာ Hi ဆိုသောအသံ နှင့်သီတာရောက်လာ၏။ ဆံပင်ရှည်ရှည်၊ ရင်စေ့၊ ထမိန်ဝတ်တဲ့ ငါ့သမီးသီတာမှဟုတ်ရဲ့ လားဟု အမေဇဝေဇဝါဖြစ်ခဲ့၏။ ယခုသီတာက ဆံပင်တိုတို၊ လက်ပြတ်အင်္ကျီနှင့် ဘောင်းဘီတိုဝတ်ဆင်ထား၏။ John ကသီတာကို နုတ်ခမ်းကိုနမ်းပြီးကြိုဆို၏။ အမေမျက်နှာ ရှက်လွန်းလို့ နီရဲလာ၏။ ရန်ကုန်အကြောင်း၊ အဖေအကြောင်း၊ အသိမိတ်ဆွေတွေအကြောင်း စကားပြောပြီး သီတာ John နှင့် သီဟ ချိုချိုတို့ ကိုယ့်အိမ်ကိုယ်ပြန်ကြ၏။
ဝဏ္ဏကအမေကိုအိပ်ခန်းပြ၏။ ကုတင်တစ်လုံးစာ အခန်းကျဉ်းကျဉ်း။ အမေရန်ကုန်ကနေယူလာသော လ္ဘက်၊ ငါးခြောက်၊ အချဉ်ထုပ်၊ ပုဇွန်ခြောက်တွေကိုအဖွင့် ဝဏ္ဏမြင်သော... အမေဒါတွေအိမ်မှာမဖွင့်နဲ့၊ အဲဒါတွေ ထဲမှာ ဗက်တီးရီးယားပိုးတွေပါတယ်။ ကျွန်တော့်သားသမီးတွေ နေမကောင်းဖြစ်လိမ့်မယ်။ သားကိုပေး သားအ မှိုက်ထဲသွန်လိုက်မယ်။ ရန်ကုန်မှာဈေးကြီးကြီးပေး အလေးကြီးသယ်ရတဲ့ စားသောက်စရာတွေ ယခုအမှိုက်ပုံထဲ ရောက်သွားပြီ။ ငါးပိနံ့မပျောက်သေးတဲ့ ငါ့ကလေးတွေကိုစစ်စစ် ဖြစ်နေပါလားဟု အမေရေရွတ်မိ၏။
နောက်တနေ့ ဝဏ္ဏက မီးဖိုချောင်နှင့်မိတ်ဆက်ပေး၏။ မီးဖိုသုံးနည်း၊ Vacuum သုံးနည်း၊ အဝတ်လျှော် စက်... ကလေး တွေရဲ့ကျောင်း လိုက်ပြ၏။ အမေက ဝဏ္ဏဘုရားစင်ဘယ်မှာလဲဟုမေးရာ ဝဏ္ဏက Maria တို့ ဘာသာတရားမယုံကြည်လို့ ကျွန်တော်တို့ အိမ်မှာ ဘာမှမထားတော့ဘူး။ အမေ့အခန်းမှာ အမေဘုရားရှိခိုးလို့ရပါတယ်။
အမေအစောကြီးထပြီး မြေးသုံးရောက်ကိုရေမိုးချိုးပေး၊ အဝတ်အစားလဲ၊ နံနက်စာကျွေးပြီးတော့ ကျောင်းလိုက်ပို့၏။ အိမ်ပြန်ရောက်တော့ ဝဏ္ဏနှင့် Maria အတွက်နံနက်စာပြင်ပေး၏။ လင်မယားနှစ်ယောက် အလုပ်သွားပြီးနောက် အမေသန့်ရှင်းရေး လုပ်၏။ ရေမိုးချိုးပြီးညစာချက်၏။ နာရီကြည့်တော့ ကလေးတွေကို ကျောင်းကကြိုရမယ့်အချိန်ရောက်လာ၏။ အိမ်ပြန်ရောက်တော့ ကလေးတွေဗိုက်ဆာလာ၏။ ကလေးတွေစားလို့ပြီးတုန်း ဝဏ္ဏနှင့် Maria ရောက်လာ၏။ သူတို့အတွက်ထမင်းပြင်၊ ပန်ကန်ဆေး အားလုံးပြီးတော့ အမေအလှည့်ရောက်လာ၏။ စားချင်စိတ်မရှိတော့။ အမေတော်တော်မောပန်းနေပြီ။ ဒီအသက်မှာဒီလောက် လုပ်ရမယ်လို့ တခါမှစိတ်မကူးခဲ့။
ရက်တွေလတွေကူးလာ၏။ အမေသည်ဘုရားတရားကိုမမေ့၊ ဒါပေမယ့် ဒီသံသရာထဲက မလွတ်နိုင်တော့ပါ။ အမေနှင့်စကား ပြောမဲ့လူမရှိ။ ကိုယ့်အခန်းထဲကိုယ်နေကြ၏။
တနေ့မောင်နှမတွေ အစောကြီးဝဏ္ဏအိမ်ရောက်လာသည်။ ခဏအကြာ သူတို့အားလုံးအမေ့အခန်းထဲ လာပြီး အမေကို (Happy Mothers Day) နှင့်အတူ ပန်းစည်းတစ်ခုပေး၏။ ခဏအမေ့နားထိုင်ပြီး၊ မောင်နှမ တွေအိမ်ရှေ့ထွက်ပြီး ဟေးလားဝါးလား လုပ်နေကြ၏။
ခြောက်ကပ်နေသောပန်းကိုကြည့်ပြီး အမေမျက်ရည်စီးကျ၏။ အမေအတွက်သားသမီးတွေဟာ ရင်ထဲ မှာစက္ကန့်တိုင်းရှိပေမဲ့ သားသမီးတွေအတွက် အမေဟာ တစ်နှစ်မှာတစ်ခါပါလားဟု ရေရွတ်မိ၏။ အမေသည် သားသမီးတွေထံမှ တပြားတချပ်မလို၊ သူတို့၏ မေတ္တာကိုသာငတ်သည်။
အိမ်အလုပ်နဲ့ စိတ်ရဲ့ ပင်ပန်းမှုဒဏ်ခံနေရလို့ ကျန်းမာရေးယိုယွင်းလာတဲ့အမေ ရဲရဲကြီးဆုံးဖြတ်လိုက်သည်။
အမေရန်ကုန်ကိုပြန်ဖို့ဆုံးဖြတ်လိုက်ပြီ။ သီဟနှင့်သီတာက မတုန်မလှုပ်၊ ဝဏ္ဏနှင့် Maria အဖို့တော့ ခေါင်းတွေချာချာလည်သွားပြီ။
ရယ်မောနေသော အသံတွေရပ်စဲကုန်၏။ အမေစိတ်ပေါ့ပါးသွားသည်။ နောက်နေ့အမေရန်ကုန်ပြန်တော့မည်။

အမေများနေ့ကို ဂုဏ်ပြုသောအားဖြင့်


ခင်မင်ရသောသူငယ်ချင်း တင်ဝင်းနိုင် (USA) မှ မြတ်သရဖူမဂ္ဂဇင်းတွင်ရေးသားခဲ့သည်။ 


* Posted by Hninn Phyu on September 25, 2009 at 12:32pm 

သေခြင်းတရား အပြကောင်းသူ



ရှေးအခါက ရွှေဘိုနယ်တွင် ပစ္စည်းဥစ္စာကြွယ်ဝသည့် မြေပိုင်ရှင် ကျောင်းအစ်မကြီး တစ်ဦးရှိလေသည်။ တစ်နေ့သော် ကျောင်းအစ်မကြီး၏ တစ်ဦးတည်းသော အချစ်ဆုံးသမီးပျိုသည် ရောဂါဖြင့် ရုတ်တရက် ကွယ်လွန် အနိစ္စရောက်သွားခဲ့လေသည်။
ဤတွင် မြေပိုင်ရှင်ကျောင်းအစ်မကြီးမှာ သူ့ပစ္စည်း ပစ္စယအားလုံးကို အမွေဆက်ခံမည့် တစ်ဦးတည်းသောသမီး ပျိုပျို ရွယ်ရွယ် သန်သန်မာမာ သည် ဤသို့ကွယ်လွန်ရလေခြင်းဟု ဘယ်လိုမှ ဖြေမဆည်နိုင်ဘဲ ရှိလေသည်။
ထိုအခါ ကျောင်းအစ်မကြီး၏ ကျောင်းတွင် သီတင်းသုံးသည့် ကျောင်းအစ်မကြီးကိုးကွယ်သော ဆရာတော်က သူ့ဒကာမကြီးကို အမျိုးမျိုး အဖုံဖုံ တရားချသည်။ လူဆိုသည်မှာ သေမျိုးချည်း ဖြစ်သောကြောင့် သေခြင်းတရားနှင့် ပတ်သက်၍ ကျောင်းထိုင်ဆရာတော်က သူတတ်သလောက် မှတ်သလောက် တရားပြ၍ တရားချသည်။ သို့သော် ကျောင်းအစ်မကြီးကား ဘယ်လိုတရားချ၍မှ နားမ၀င်။ သေမင်းသည် ခေါ်ခြင်းခေါ်လျှင် သူ့လို အိုကြီးအိုမ တစ်ယောက်ကိုသာ ခေါ်သင့်သည်။ လူ့လောကတွင် တင့်တောင့် တင့်တယ်နေရဦးမည့် နေနိုင်သည့် ပျိုပျိုရွယ်ရွယ် သန်သန်စွမ်းစွမ်း သူ့သမီးကို ခေါ်ရသလောဟု နေ့စဉ်ပင် တငိုငိုနှင့် ရှိလေသည်။
ဆရာတော်မှာလည်း သူ့ကျောင်းအစ်မ၏ ပရိဒေ၀ သောကမီးကို ငြိမ်းအောင် မငြှိမ်းနိုင်လျှင် သူပါညံ့ရာဖျင်းရာ ကျနေပြီဖြစ်၍ ကျမ်းဂန်စာပေကို အမျိုးမျိုးမွှေနှောက်၍ ဖတ်ရှုပြီး သူ့ကျောင်းအစ်မကြီးကို ဟောပြောပြသ တရားချသည်။ ကျောင်းအစ်မကြီးမှာ ဘယ်လိုမှ တရားချ၍ မရ၊ ဖြေမဆည်နိုင်အောင် ရှိမြဲရှိသည်။
ထို့ကြောင့် ဘုန်းတော်ကြီးမှာ သူလည်းဂုဏ်ပျက်၊ သူ့ဒကာမကြီး၏ ပရိဒေ၀မီးကိုလည်း မကြည့်ရက်သောကြောင့် ဘုန်းကြီးနှင့် သိကျွမ်းခင်မင်သော ဘုန်းတော်ကြီးများကို လာရောက်ကူညီ တရားချပေးပါရန် မေတ္တာရပ်ရသည်။
ဆရာတော် လက်သိပ်ထိုးမေတ္တာရပ်သဖြင့် တရားအဟော အမိန့်ကောင်းသည့် ဆရာတော် သံဃာတော်များ၊ ဓမ္မကထိက အကျော် အမော် များက ဇာတ်ဝတ္ထု၊ နိပါတ် ၊ ပုံပြင် အမျိုးမျိုးဖြင့် တရားချကြသည်။ ကျောင်းအစ်မကြီးကား ဘယ်သူ တရားပြ၍မှ တရားမကျ၊ ငိုမြဲငို၊ ပရိဒေ၀မီးတောက်မြဲတောက်၍သာ နေလေသည်။
ဤတွင် မြေပိုင်ရှင်ကျောင်းအမကြီး၏ သမီးသေသော အပူမီးကို ဘယ်ဘုန်းကြီးမှ တရားမချနိုင်ဆိုသော သတင်းစကားသည် ထိုနယ်တစ်ရိုးတွင် တော်တော်ကြီး ပျံ့နှံ့၍ နေတော့သည်။ သို့နှင့် တစ်နေ့တွင် ထိုရွာကျောင်းဘုန်းကြီး၏ ငယ်သူငယ်ချင်း စာလိုက်ဖက်တစ်ဦးက ဤသတင်းကို ကြားသည်။ ကြားသည့်အခါ မြေလတ်တွင် သီတင်းသုံးနေရာမှ ရွှေဘိုသို့ ကြွလာ၍ ဤကျောင်းဘုန်းကြီးထံ၌ အာဂန္တုအဖြစ် တည်းခိုပြီး ကျောင်းအစ်မကို သူတရားပြမည်ဟု ဆိုလေသည်။
ကျောင်းအစ်မကြီးက သူ့ကျောင်းတွင် အာဂ္တုရှိသည်ကြား၍ ဆွမ်းပင့်ကျွေးသည့်အခါ ထိုအာဂန္တုဘုန်းကြီးက ဆွမ်းစားအပြီး၌ ဆွမ်းတရားလည်း ဟောသည်၊ သေခြင်းတရားကိုလည်းဟောသည်။ ဟော၍အပြီး တရားအဆုံးသတ်တွင်ကား ဂါထာဆန်းတစ်ခုကို ရွတ်လိုက်သည်။ အာဂန္တုဆရာတော်၏ တရားနိဂုံးဂါထာကလေးမှာ-
“အလောင်းဘုရားရဲ့ ကျွန် ဗိုလ်တွန်၊ တလပန်းတို့သော်မှ သေရသေး၏၊ ဒကာမကြီးသမီးရဲ့ ပေါင် ကြောင်တစ်ကောင်မှ မရှိပါဘဲ မသေဘဲနေမလား ဒကာမကြီး ငါ့လခွီး“ ဟူ၍တည်း။
ကျောင်းအစ်မကြီးမှာ ဤတွင်မှ သူ့သမီး သေသင့် သေထိုက်ပေသည်ဟု ဘ၀င်ကျ၍ တရားရတော့သည်။ 

* Posted by Nang Sandar Htwe on September 21, 2009 at 9:45pm 

ချစ်စရာကောင်းတဲ့ ရွာပြန်ဓလေ့

ဆီဒင် ကားလေးကို တငြိမ့်ငြိမ့်မောင်းလာတယ်။ မိုးထိ မြင့်မားတဲ့ အဆောက်အအုံ တွေ ရှိတဲ့ မြို့ တော်ကြီးဟာ နောက်မှာ ကျန်ခဲ့တယ်။ ဖြောင့်ဖြူးပြေပြစ်တဲ့  အဝေးပြေး လမ်းမကြီးပေါ်မှာ ဆီဒင်ကားလေးဟာ တရိပ်ရိပ်ပြေးနေပါတယ်။ အဖော်မပါဘဲ ကားမောင်းနေသူကတော့ မိန်းမလတ်၊ မိန်းမချောလေး ပါ။ ကီလိုမီတာ ၁၀၀ ကျော်နှုန်း နဲ့  မောင်းလာတာကြောင့်ခရီးသွက်လှပါတယ်။ တဖြည်းဖြည်း အဝေးပြေးလမ်းမကြီးက ခွဲထွက်လာတော့ ဘယ်ညာမှာ လေပြည်နဲ့ အတူ ယိမ်းနွဲ့ နေတဲ့ စပါးခင်းတွေကြားက လမ်းပေါ်ကို ရောက်လာခဲ့ ပါတယ်။ ဒီလို စိမ်းလန်းထူထပ်နေတဲ့ စပါးခင်းတွေ မြင်ရတော့ မိန်းမလှလေးရဲ့ အတွေး တွေဟာ အတိတ်ကို ရောက်သွားပါတယ်။ငယ်ငယ်က သည်စပါးခင်းတွေ ကြားထဲမှာ ပြေးဆော့ခဲ့ တာ၊မီးဖိုချောင် မှာ ဆီပူလောင်တော့ ဆောက်တည်ရာမရ အောင် စိုးရိမ်ပူပန်လှတဲ့ အမေဟာ သူ့ ကို ကျောပိုး သည်လယ်ခင်းတွေ ကြားထဲက ဖြတ်ပြီး ကျေးရွာ ဆေးခန်း အပြေးသွားခဲ့ တာ..၊ အတိတ်က အရိပ်ကို ပြန်တွေးမိတော့ ကားမောင်းရင်း မျက်ရည်လည်ဝဲ ခံစားလိုက်ရပါတယ်။ သိပ်ချစ်တဲ့ အမေ၊ သိပ် တမ်းတရတဲ့ ရွာကို မကြာခင် ပြန်ရောက်တော့မှာပါလား၊ မြန်မြန်ရောက်ချင်ဇောနဲ့ ကားကိုအရှိန်မြင့်မောင်းလိုက်ပါတယ်။ အမေ့အိမ်..ဘယ်သား သမီး၊ ဘယ်မြို့ ကြီးပြကြီး မှ မလိုက်ဘဲ အမေတွယ်တာလွန်းတဲ့ အမေ့အိမ်ကို တစ်ခေါက်ပြန်ရောက်လာခဲ့ ပြန်ပြီ။
အို..အမေ့ ပျဉ်ထောင်အိမ်လေးအောက်မှာ လူတွေ ဟိုတစ်စု ဒီတစ်စုနဲ့ ပါလား..တချို့ လည်း အခုမှ ဝင်လာဆဲ..တချို့ လည်း ပြန်ထွက်သွားကြလို့ ..မျက်နှာတွေလည်းမကောင်းပါလား..အမေ..အမေများ ဘာဖြစ်ပါလိမ့်..ဘုရား ဘုရား..၊ မောင်းလာတဲ့ ကားကို အရှိန်သတ်၊ ကမန်းကတန်း ကားတံ ခါးဖွင့်..အမေ့အိမ် ဆီအပြေးသွားလို့  ကျွတ်တဲ့ ဖိနပ်တောင် ဂရုမစိုက်နိုင်၊ ခြေဗလာနဲ့  အမေ့အိမ်ထက် အပြေးအလွားတက်လိုက်တော့ ..အိမ်ပေါ်မှာလဲ ဟိုတစ်စု ဒီတစ်စု ..သူ့ ကို စူးစိုက်ကြည့်နေကြပါလား..အို အမေရယ်..ဘာများဖြစ်လို့ ပါလိမ့် ၊ နောက်ဖေး မီးဖိုချောင်ကနေ ထွက်လာတဲ့ အမေ့ ကိုမြင်လိုက်ရတော့မှ ဘယ်လိုမှ စိတ်မထိန်းနိုင်တော့ဘဲ အမေ့ ရင်ခွင်ထဲ အပြေးအလွားဝင်..အမေ့ကိုအားပါးတရဖက်၊ ထိန်းချုပ်ထားသမျှ ဖွင့်ငိုလိုက်မိတယ်။ အမေ့ မျက်နှာမှာတော့ အပျော်ပြုံးတွေ ဝေလို့ ………..။
သည်မြင်ကွင်းလေးက မလေးရှား ရုပ်မြင်သံကြားမှာ ကြည့်လိုက်ရတဲ့ ကြော်ငြာ တစ်ခုပါ။ မလေးရှားစကားနဲ့  ဘာလစ် ကမ်ပုန် (Balik Kampung) မြန်မာလို အဓိပ္ပာယ်က ‘ ရွာပြန်တယ်’ ပေါ့။ နိုင်ငံတော်တော်များများ မှာ မတွေ့ ဖူးတဲ့  မလေးရှားနိုင်ငံသားတွေ ရဲ့  ချစ်စရာကောင်းလှတဲ့  ယဉ်ကျေးမှု ဓလေ့တစ်ခုပါ။ မလေးရှား နိုင်ငံသားတွေက ရွာပြန်တဲ့ ဓလေ့ ကို မြတ်မြတ်နိုးနိုး ထိန်းသိမ်းထားကြပါတယ်။အနည်းဆုံး တစ်နှစ်တစ်ခေါက် တော့ မဖြစ်မနေ ရွာပြန်လေ့ ရှိကြပါတယ်။ရွာပြန်ဖို့ ပြင်ပြီဆိုရင် ကလေး လူကြီး..အားလုံး ပျော်တပြုံးပြုံး ခံစားကြတာ မြင်တွေ့ ရပါတယ်။............

မလေးရှားနိုင်ငံ ရဲ့ ရွာပြန်ဓလေ့ အကြောင်းဖတ်ရင်း... အဖွားအိမ် ကိုငယ်ငယ်က ပြန်ခဲ့ ကြတာ သတိရ မိတယ်။ အဘွား အိမ်ကို နွေရာသီ ကျောင်းပိတ်တိုင်း သွားလည်ရတယ်။ သားသမီးတွေ ..မြေးတွေ ကြားမှာ အဘွားကတော့ တပြုံးပြုံးပေါ့။ အိမ်နီးနားချင်းတွေကလဲ တစ်မြို့ တစ်ရွာကနေ ..လူစုံတက်စုံရောက်နေတဲ့  အဘွားအိမ်ကို လာလည်ကြ ..နှုတ်ဆက်ကြ..စကားပြောကြနှင့် ညံနေတာပဲပေါ့..အဘွားရဲ့  မန်ကျည်းပင်ကြီးတွေ အောက်က ကွပ်ပျစ်မှာ နေ့ ခင်းတစ်ရေးတစ်မော အိပ်ရတာ..လေတိုက်တိုင်း မန်ကျည်းသီးကြွေတွေ လိုက်ကောက်တာ..ညနေခင်းတွေမှာ စက်ဘီးလျှောက်စီးရတာပျော်စရာပေါ့..တစ်သိမ့်သိမ့် တွေးရင်း..အမြဲ ပြုံးမိတာ…ဆွေမျိုးတွေ စုစု စည်းစည်း နဲ့  အမြဲ ဆုံကြရတာ..

မိဘဆိုတာကတော့ သားသမီးပြန်လာမယ့် အချိန်ကို တွေးရင်း အမြဲ မျှော်နေမှာပါပဲ..သားသမီးတွေ အန္တရာယ်ကင်းကင်း နဲ့ အလုပ်အကိုင်အဆင်ပြေဖို့  ဆုတောင်းမေတ္တာပို့ နေမှာပါ..ငယ်ငယ်က မေမေ စိုး၇ိမ်တကြီးနဲ့  ကျွန်မ အတွက်နဲ့ မျက်ရည်ကျခဲ့ဖူးတယ်..ငယ်ငယ်က မနက်စောစော အမြဲ နိုးနေကျ..တောင်ပေါ်မြို့ လေးဆိုတော့ အ၇မ်းအေးတယ်…ခြေစွပ် အမြဲစွပ်ထားရင်း မီးလှုံ့ ရင်း..ရေနွေးတည်နေတဲ့ ဦးလေးကြီးနား သွားထိုင်..ပုံပြင်ပြောတာထိုင်နားထောင်နေတယ်။ ရေနွေးဆူလာတော့ ပုံပြင်ပြောရင်းနဲ့  လက်နှီးထယူလိုက်တာ..သူ့ အင်္ကျီ စနဲ့  ရေနွေးအိုး ငြိပြီး ကျွန်မ ခြေထောက်ပေါ် ရေနွေးပူတွေ လောင်းကျလာပါတယ်။ အာပြဲပြဲနဲ့ အော်ငိုတော့တာပေါ့..ဖေဖေနဲ့  မေမေ စိုး၇ိမ်တကြီး ထလာကြရင်း..မေမေ ငိုပါတော့တယ်..ဦးလေးကြီးခမျာ မျက်နှာက ဇီးရွက်လောက်ပဲ ကျန်တော့တာပေါ့..ဖေဖေက ကျွန်မကို ပွေ့ ပြီး ဆရာဝန်အိမ်ကို ပြေးတော့တယ်..မေမေ က ဘေးနားက နေ ငိုရင်း ပြေးလိုက်လာတာပေါ့…ကျွန်မ မူကြိုတက်နေတဲ့ အရွယ်ပဲ..ခုထိမှတ်မိနေသေးတယ်..မေမေ့ မျက်ရည်တွေ ..ခဏခဏ အဲဒီ မြင်ကွင်းကို မြင်ယောင်နေတယ်..ငယ်ငယ်က တအံ့တသြ စဉ်းစားခဲ့ ဖူးတယ်..မေမေက ဘာကြောင့်ငိုတာလဲပေါ့ ...အဝေ့းကိုရောက်နေတဲ့ အခါ မိခင်တစ်ယောက်ရဲ့  ရင်ထဲမှာ အဝေးရောက်သားသမီးတွေ အတွက် ဘယ်လောက်တောင် စိတ်ပူပန်ရင်း လွမ်းဆွတ်နေမလဲ.......


အိမ်ကို လွမ်းနေမယ့် သူငယ်ချင်းတွေလဲရှိမှာ အသေအချာပေါ့...စာရေးဆရာ ဦးသက်ဆွေ ရဲ့  မလေးရှားနိုင်ငံ (Balik Kampung) ပွဲတော် အကြောင်းဆောင်းပါးဖတ်ရင်း..တွေးမိနေတာလေးတွေ ……ဝေမျှလိုက်ပါတယ်.. 

* Posted by thet nwe on September 19, 2009 at 10:00pm 

သရဏဂုံအကြောင်း သိကောင်းစရာ




ဗုဒ္ဓဘာသာဝင်တို့ရဲ့ အသက်သွေးကြော၊ မူလပဓါနဖြစ်တဲ့ သရဏဂုံ ဆောက်တည်ခြင်း အကြောင်း သိမှတ်ဖွယ်ရာထပ်လောင်း တင်ပြလိုက်ပါတယ်။ သရဏဂုံသီလကို မတောင်းဘဲ ဆောက်တည်လို့ ရပါတယ်။ ဘုရားရှင်လက်ထက် သရဏဂုံ ဆောက်တည်ကြတာလဲ တောင်းခံပြီးဆောက်တည်တာ မဟုတ်ပါဘူး။ ဘုရားရှင်ဟောတဲ့ တရားတော်တွေကို နှစ်သက်ကြည်ညိုတဲ့စိတ်၊ ဘုရားရှင်ကို ကြည်ညိုလေးစားစိတ် ဖြစ်ပေါ်လာတဲ့အခါ ယနေ့ကစပြီး တစ်သက်ပတ်လုံး ဘုရား၊ တရား၊ သံဃာကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ ဆောက်တည်လိုက်တာပဲဖြစ်ပါတယ်။



သရဏဂုံဟာ ကလေး၊သူငယ်ကအစ လူတိုင်းလူတိုင်းနဲ့သင့်လျော်ပါတယ်။ ဘာမှမကုန်မခန်း မပင်ပန်းလှဘဲနဲ့ အကျိုးကြီးလှတဲ့ သရဏဂုံတည်မှုကို ရနိုင်တယ်။သရဏဂုံတည်တယ်ဆိုတာဟာ ဘာလဲလို့မေးရင်-(၁) ဘုရား၊တရား၊သံဃာဆိုတဲ့ ရတနာသုံးပါးအား သဒ္ဓါယုံကြည်စိတ်ဖြင့် မိမိကိုယ်ကိုအပ်နှင်းခြင်း၊(၂) ဘုရား၊တရား၊သံဃာ ရတနာသုံးပါးကို မှီခိုအားထားခြင်း၊(၃) ဘုရား၊တရား၊သံဃာ ရတနာသုံးပါး၏ တပည့်အဖြစ်ကိုခံယူခြင်း၊(၄) ဘုရား၊တရား၊သံဃာရတနာသုံးပါးကို ရိုသေစွာရှိခိုးခြင်း အဲဒီ (၄)ပါးအနက်မှ တပါးပါးကိုပြုလုပ်ရင် ပြုလုပ်တဲ့သူဟာ သရဏဂုံတည်တယ်လို မှတ်ယူရပါတယ်။


ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ၊ သံဃံ သရဏံ ဂစ္ဆာမိ စသည်ကို သရဏဂုံသုံးပါး ကိုးကွယ်ဆည်းကပ်ခြင်းလို့ ခေါ်ပါတယ်။ ဘုရားရှင်ကို ကိုးကွယ်ဆည်းကပ်ပါ၏၊ တရားတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏။ သံဃာတော်ကို ကိုးကွယ်ဆည်းကပ်ပါ၏လို့ မြန်မာလို စိတ်ထဲကသိပြီး ဆိုရပါမယ်။


လောကမှာ ဘုရား၊တရား၊ သံဃာလိုဆိုတဲ့ ရတနာသုံးပါးဟာ အထွတ်အထိပ် အမြင့်ဆုံး၊အမြတ်ဆုံးဖြစ်တယ်။ အဲဒီရတနာသုံးပါးထက် မြင့်တာ၊မြတ်တာမရှိတော့ပါဘူး။ အဲဒီလိုအထွတ်အထိပ် အမြင့်ဆုံး၊အမြတ်ဆုံးဖြစ်တဲ့ ရတနာသုံးပါးအား (အတ္တသမံ ပေမံနတ္ထိ = မိမိကိုယ်ထက်ချစ်တာ မရှိဘူးလို့ဆိုတဲ့အတိုင်း) မိမိအချစ်ဆုံးဖြစ်တဲ့ မိမိခန္ဓာကိုယ်ကို အပ်နှင်းလှူဒါန်းခြင်းဟာ အင်မတန်အကျိုးများပါတယ်။


ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ယုံကြည်လေးစားစွာနဲ့ စိတ်စေတနာပါပြီး ကိုးကွယ်ဆည်းကပ်မှ သရဏဂုံဆောက်တည်ရာ ရောက်ပါတယ်။ ဘုန်းကြီးဆိုပေးလို့ လိုက်ဆိုတာမျိုး၊ ကိုယ့်ဘာသာရထားလို့ အလွတ်ဆိုတာမျိုးဆိုရင်တော့ အကျိုးမများလှဘူး။ ဘာသာရေးဆိုင်ရာ ပါဠိတွေရွတ်ဆိုတဲ့အခါ ဆိုလိုရင်းအနက်အဓိပ္ပါယ်ကိုသိမှ ကျေးဇူးများပါတယ်။


သုံးကြိမ်ဆိုတာလဲအထူးလေးနက်စေချင်လို့ပါ။တစ်ကြိမ်တစ်ခါဆိုတာကတော့စိတ်မပါလက်မပါ၊ ဝတ်ကျေတန်းကျေဆိုတာလဲဖြစ်နိုင်တယ်။ အခုသရဏဂုံ ဆောက်တည်တဲ့ လူကတော့ တကယ့် ယုံယုံကြည်ကြည် စိတ်ပါလက်ပါ ကိုးကွယ်ဆည်းကပ်ခြင်း ဖြစ်တယ်ဆိုတာ သိစေချင်လို့ သူ့ရဲ့ ကိုးကွယ်ဆည်းကပ်မှုကို လေးနက်စေချင်လို့ သုံးကြိမ်ထပ်ဆိုခြင်း ဖြစ်တယ်။ဘာသာရေး ကိစ္စတွေမှာ သုံးကြိမ်ထပ်ဆိုမှုမှန်သမျှဟာ လေးနက်စေချင်လိုဖြစ်ပါတယ်။


ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးဟာ ကိုးကွယ်ဆည်းကပ်သူတို့ရဲ့ ကြောက်ရွံခြင်း၊ ထိတ်လန့်ခြင်း၊ အပါယ်ဆင်းရဲ၌ဖြစ်ခြင်းစတဲ့ ဆင်းရဲဒုက္ခတွေကိုပယ်ပျောက်၊ ချမ်းသာကိုရောက်တက်လို့ သရဏ= ကိုးကွယ်ရာလို့ခေါ်ပါတယ်။ အများအားဖြင့် ဗုဒ္ဓဘာသာတွေက ဗုဒ္ဓံသရဏံဂစ္ဆာမိ ဆိုတဲ့စာပိုဒ်သုံးခု (သို့) ဒီစာပိုဒ်သုံးခုကို နှုတ်ကရွတ်ဆိုတာကို သရဏဂုံဆောက်တည်တာလို့ ထင်နေကြပါတယ်။ အမှန်မှာတော့ ဘုရား၊တရား၊သံဃာ ရတနာသုံးပါးဟာ ဆင်းရဲပယ်ဖျောက်ချမ်းသာရောက်စေတဲ့ ဝတ္ထုမှန်သုံးပါးဖြစ်တယ်လို့ ယုံကြည်တဲ့သဒ္ဓါ၊ သိမှတ်နားလည်တဲ့ပညာကို သရဏဂုံ(သို့) ကိုးကွယ်ဆည်းကပ်မှုလို့ခေါ်တယ်။


မိရိုးဖလာအလွတ်ရထားလို့ဖြစ်စေ၊ ဘုန်းကြီက ချပေးလို့ဖြစ်စေ၊ ဗုဒ္ဓံသရဏံဂစ္ဆာမိ စသည်ဆိုတဲ့အခါ ယုံကြည်မှုသဒ္ဓါတရားကို အသိဉာဏ်နဲ့မယှဉ်တဲ့ ဉာဏဝိပ္ပယုတ် သရဏဂုံလို့ခေါ်တယ်။ ဆင်းရဲပယ်ဖျောက်၊ ချမ်းသာရောက်စေတဲ့ ဝတ္ထုမှန်သုံးပါးဖြစ်ကြောင်းကို ယုံလဲယုံကြည်မယ်၊ သိရှိနားလည်မှုလဲရှိမယ်ဆိုရင် ယုံကြည်မှုသဒ္ဓါ၊ သိနားလည်မှုပညာနှစ်ပါးကို အသိဉာဏ်နဲ့ယှဉ်တဲ့ ဉာဏသမ္ပယုတ်သရဏဂုံ လို့ခေါ်ပါတယ်။


ဒီနေရာမှာ ရတနာသုံးပါးဟာ ဘေးရန်ပယ်ဖျောက် ချမ်းသာရောက်စေတက်တဲ့ ဝတ္ထုမှန်သုံးပါးဖြစ်တယ်လို့ ယုံကြည်သိမှတ်ဆည်းကပ်ကိုးကွယ်သူ၊ယုံကြည်သိမှတ်တဲ့သဒ္ဓါ၊ပညာဦးဆောင်တဲ့စိတ်အစဉ်နဲ့ရွတ်ဆိုတဲ့လူကို

(လောကီသရဏဂုံ)ဆောက်တည်တဲ့လူလို့ခေါ်ပြီး၊ဝိပဿနာကမ္မဋ္ဌာန်းအားထုတ်မှရရှိတဲ့မဂ်စိတ်လေးပါးကိုရတဲ့ အရိယာပုဂ္ဂိုလ်ရှစ်ယောက်ကို (လောကုတ္တရာသရဏဂုံ) တည်တဲ့လူလို့ နှစ်မျိုးရှိပါတယ်။

လောကီသရဏဂုံဆောက်တည်တဲ့အတွက်ယခုဘဝမှာကြောက်ရွံ၊ထိတ်လန့်ခြင်းကင်းတယ်။ စိတ်ကြည်လင်တယ်၊ စည်းစိမ်ဥစ္စာ လာဘ်သပ်ပကာ တိုးတယ်၊ သေတဲ့အခါမှာ အပါယ်လေးဘုံမရောက်ဘဲ လူစည်းစိမ်၊ နတ်စည်းစိမ်ခံစားရတယ်။ လောကုတ္တရာသရဏဂုံ၎ပါးကတော့ ဖိုလ်လေးပါးအကျိုးကို ခံစားရတယ်။ ဝဋ်ဒုက္ခမှကင်းပြီး နိဗ္ဗာန်ချမ်းသာကို ရရှိခံစားနိုင်ပါတယ်။


လောကုတ္တရာသရဏဂုံကတော့ တစ်ခါရပြီးရင် ဘယ်တော့မှမပျက်စီးတော့ပါဘူး၊ နိဗ္ဗာန်ရတဲ့အထိ ဘဝအဆက်ဆက် တည်မြဲသွားတယ်။ တစ်ဆင့်ထက်တစ်ဆင့် မြင့်တက်ပြီး နိဗ္ဗာန်တိုင် ရောက်သွားနိုင်ပါတယ်။ လောကီသရဏဂုံကတော့ အခြားဘာသာကို ကူးပြောင်းကိုးကွယ်တဲ့အခါ၊ ဘဝတစ်ပါးပြောင်းသွား ကွယ်လွန်တဲ့အခါ ပျက်စီးပါတယ်။ အသိစိတ်မရှိတဲ့ အလောင်းကောင်ကြီးကိုလဲ သရဏဂုံတင်တဲ့ကိစ္စကလဲ အသိစိတ်မရှိတဲ့ အလောင်းကောင်ကြီးကတော့ သရဏဂုံမရပါဘူး။ ဒါပေမဲ့ သေတဲ့သူဟာ ပြိတ္တာဖြစ်နေလို့ တရားလာနာရင်တော့ ကုသိုလ်ရပါတယ်။ သာဓုခေါ်နိုင်ပါတယ်။ သေဆုံးသွားတဲ့အခါ ခြောက်တာတို့၊ လှ့န်တာတို့၊ နှုတ်ဆက်တာတို့ဟာ ဝေမာနိက ပြိတ္တာ၊တစ္ဆေ၊ သရဲ ဖြစ်လို့သာ ခြောက်လှန့်လိုရတယ်ဆိုတာ စကားချပ်အနေနဲ့ ပြောချင်ပါတယ်။ လူ့ဘဝမှာ မကောင်းတာအကုန်လုပ်၊ အကုသိုလ်အားကြီးတဲ့သူကတော့ သေတဲ့အခါ ငရဲကို တိုက်ရိုက်ရောက်သွားတဲ့ အတွက် ခြောက်လှန့်ဖို့၊ နှုတ်ဆက်ဖို့နေနေသာသာ သူကိုယ်တိုင်ငရဲဘုံမှာ ဒုက္ခပေါင်းစုံ မရှုမလှခံစားနေရပါတယ်။


ရတနာသုံးပါးဟာ ကိုးကွယ်ဆည်းကပ်စရာ ဟုတ်မှဟုတ်ရဲ့လား၊ ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်လို့ရော အကျိုးကျေးဇူးရှိပါ့မလားလို့သံသယစိတ်တွေဝင်တဲ့အခါမှာလည်းသရဏဂုံညစ်နွမ်းပါတယ်။ ဒါဟာလဲဗုဒ္ဓဘာသာဝင်တို့သတိထားသင့်တဲ့အချက်တစ်ခုဖြစ်ပါတယ်။ဒါကြောင့်အမြဲတမ်းဖြူစင်

လတ်ဆက်နေအောင် ရတနာသုံးပါးကို ယုံကြည်ကိုးစားစိတ်ရှိဖို့ လိုအပ်ပါတယ်။လောကုတ္တရာ သရဏဂုံကတော့ ဘယ်အခါမှမညစ်နွမ်းပါဘူး။

တစ်ကြိမ်ဆောက်တည်ထားတဲ့ လောကီသရဏဂုံဟာ ဘာသာပြောင်းရင်၊ သေရင်ပျက်စီးပါတယ်။ တစ်ခါသာမက အကြိမ်ကြိမ် ဆောက်တည်နိုင်တဲ့အတွက် ကုသိုလ်အကြိမ်ကြိမ် ရနေပါတယ်။ ၂၄ပစ္စည်းပဋ္ဌာန်းဒေသနာတော်မှာအာသေဝနပစ္စည်းဆိုတာ ရှိပါတယ်။ ကုသိုလ်ကောင်းမှုကို ထပ်ခါ၊ ထပ်ခါပြုလုပ်ခြင်း၊ တစ်ခါလုပ်ထားတဲ့ ကုသိုလ်ကို ထပ်ခါ၊ထပ်ခါပွားများနေခြင်းဖြင့် ကုသိုလ်ဟာအင်အား ကြီးမားလာပါတယ်။ဒီလို ကုသိုလ်အင်အား ကြီးမားလာအောင်လို့ သရဏဂုံကိုအထပ်ထပ် တည်ဆောက်စေတာ ဖြစ်ပါတယ်။


ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်တဲ့သူဟာ သေရင်အပါယ်မလားဘူး၊ သေရင်နတ်ပြည်တော့ အနည်းဆုံးရောက်တယ်လို့ ဓမ္မပဒ ပါဠိတော်မှာဘုရားဟောထားပါတယ်။ နတ်သားချင်းတူတာတောင် လူ့ပြည်မှာသရဏဂုံတည်သူ၊ပွာများသူဟာနတ်ပြည်မှာအခြားနတ်သားတွေထက်အသက်၊အရောင်အဝါ၊

အခြွေအရံ၊ ချမ်းသာ၊ အစိုးရခြင်း၊ ရူပါရုံ၊ သဒ္ဓါရုံ၊ ဂန္ဓာရုံ၊ ရသာရုံ၊ ဖောဋ္ဌဗ္ဗရုံ ဒီ ၁၀-ပါးတို့ဖြင့် အခြားနတ်သားများထက် လွန်ကဲတယ်လို့ တာဝတိံသာနတ်ပြည်သို့ကြွတော်မူတဲ့ ရှင်မောဂ္ဂလန် ကိုယ်တော်မြတ်ကြီးက မိန့်ကြားတော်မူခဲ့ပါတယ်။

ဒါတင်လားဆိုတော့ မဟုတ်ပါဘူး။ဘုရားရှင်လက်ထက်တော်ကသေရည်၊သေရက် နေ့စဉ်ရက်ဆက်သောက်တဲ့ သရဏဥပါသကာဆိုတာရှိခဲတယ်။ သူဟာသရဏဂုံတည်တဲ့အတွက် သူ့ကိုသရဏဥပါသကာလို ခေါ်ပါတယ်။ ဒီလူသေတဲ့အခါဘုရားရှင်က နတ်ပြည်ကိုရောက်တယ်လို့ ဟောတော်မူတဲ့အတွက်ဘုရားရှင်ရဲ့ဆွေတော်၊ မျိုးတော်တွေက ဘုရားရှင်ကို ကဲ့ရဲ့ပြစ်တင်ကြပါတယ်။ ဘုရားရှင်စကားက ဟုတ်မှ ဟုတ်ပါမလားပေါ့။ ဒါနဲ့မဟာနာမ်မင်းကကြားပြီး အရှင်ဘုရား..အရှင်ဘုရားရဲ့ ဆွေမျိုးတွေကအရှင်ဘုရားကို ကဲ့ရဲ့ပြစ်တင်ကြတယ်ဘုရား။ သေအရက်ကိုနေ့စဉ်သောက်တဲ့သူဟာ သေတော့ နတ်ပြည်ရောက်တယ်ဆိုတာ အရှင်ဘုရားဟောတာကို ဘယ်သူမှမယုံကြဘူး ဘုရားလို့လျှောက်တယ်။


ဘုရားရှင်က…."သူဟာ သေတာနဲ့တပြိုင်နက်သောတပန်ဖြစ်သွားတယ်။ သေရည်၊သေရက်သောက်တဲ့ကံက

သူ့ကိုမတားမြစ်နိုင်ဘူး။ဘာကြောင့်တုံးဆိုတော့ဘုရား၊တရား၊သံဃာဆိုတဲ့ရတနာသုံးပါးရဲ့
ဂုဏ်ကျေးဇူးတော်များက အတိုင်းမသိ ကြီးကျယ်မြင့်မြတ်တာကတကြောင်း၊ သူကလဲဘဲ ရတနာသုံးပါးကို အသက်စွန့်၍ယုံကြည်ခြင်းဌါ စွမ်းနိုင်တဲ့အဝေစ္စပဿဒဟုဆိုအပ်တဲ့ သဒ္ဓါတရားထားရှိတာကတကြောင်း ဒီအကြောင်းများကြောင့် သေရည်၊သေရက်သောက်တဲ့ အကုသိုလ်ကံဟာ သူ့ကိုမတားမြစ်နိုင်ဘူး လို့ မိန့်ကြားတော်မူပါတယ်။ "

သရဏဥပါသကာကိုတစ်ဖက်သားက“သရဏဥပါသကာ..သင်ဘုရားကိုဘုရားမဟုတ်ဘူး၊တရားကိုတရား

မဟုတ်ဘူး၊သံဃာကိုသံဃာမဟုတ်ဘူးလို့ ပြောရင်ပြော၊မပြောရင်သင့်ခေါင်းဖြတ်မယ်လို့”ဆိုခဲ့ရင်တောင် သရဏဥပါသကာကသင်..ငါ့ခေါင်းကိုဖြတ်ချင်ဖြတ်ပါ။ ကျွှန်ုပ်ဘုရားကိုဘုရားမဟုတ်ဘူး၊တရားကိုတရား
မဟုတ်ဘူး၊သံဃာကိုသံဃာမဟုတ်ဘူးလို့မပြောဝံ့ဘူးလို့ ပြန်ပြောနိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။

ဒါကြောင့်အင်မတန်စွန့်နိုင်ခဲတဲ့ တရားနှစ်ပါးအကြာင်းကို ဘုရားရှင်က ဤသို့ ဟောကြားတော်မူခဲ့ပါတယ်….


“ဒွေမာ ဘိက္ခဝေ အာသာ ဒုပ္ပဇဟာ၊

ကတမာ ဒွေ လာဘာသာ စ ဇီဝိတာသာ စ၊
ဣမာ ခေါ ဘိက္ခဝေ ဒွေ အာသာဒုပ္ပဇဟာ။”

အဓိပ္ပါယ်ကတော့- မိမိ၏အသက်၌ ကပ်ငြိတွယ်တာ သာယာမက်မောတက်တဲ့ အာသာကိုလည်း စွန့်နိုင်ခဲတယ်။ လာဘ်၌ ကပ်ငြိတွယ်တာ သာယာမက်မောတက်တဲ့ အာသာကိုလဲ စွန့်နိုင်ခဲတယ်။ အဲဒီလိုစွန့်နိုင်ခဲတဲ့ အကြောင်းတရားနှစ်ပါးတိုတွင် တပါးပါးကိုစွန့်ပြီး ရတနာသုံးပါးကို ယုံကြည်ခြင်းဌါ စွမ်းနိုင်လို့ရှိရင် တရားကိုအားမထုတ်ဘဲနဲ့ မဂ်တရားဖိုလ်တရားကို ရနိုင်တယ်လို့ ဟောတော်မူခဲ့ပါတယ်။


ရတနာသုံးပါးကို အထွတ်မြတ်ဆုံးဟု ယုံကြည်၍၊ သိ၍ ငါ့ရဲ့ကိုးကွယ်ရာပဲလို့ စိတ်၌ဖြစ်ပေါ်နေသမျှ ထိုသူမှာ သရဏဂုံတည်နေတော့တာပါဘဲ။ ထိုစိတ်ကို မစွန့်သမျှကာလပတ်လုံး၊ ဗုဒ္ဓဘာသာဝင်အဖြစ်ကို စွန့်၍အခြားဘာသာထဲသို့ မဝင်သမျှကာလပတ်လုံး သရဏရုံမပျက်ဘဲ ဆက်လက်တည်နေပါတယ်။ ကာလရှည်ရှည် သရဏဂုံတည်လေ အကျိုးများလေလေပါဘဲ။ ဒါကြောင့်အကျိုးများလှတဲ့ သရဏဂုံကို တသက်လုံးအတွက် ရည်မှန်းဆောက်တည်ကြရန်၊ တသက်ပန်တည်ဆောက်ရန် သရဏဂုံကို ရေးသားတင်ပြလိုက်ရပါတယ်။


“ တသက်ပန်တည်ဆောက်ရန် သရဏဂုံ ”


၁။ အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ ဗုဒ္ဓဿ နိယျာဒေမိ။

၂။ အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ ဓမ္မဿ နိယျာဒေမိ။
၃။ အဇ္ဇအာဒိံကတွာ အဟံ အတ္တာနံ သံဃဿ နိယျာဒေမိ။
၎။ ဇီဝိတ ပရိယန္တိကံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
၅။ ဇီဝိတ ပရိယန္တိကံ ဓမ္မံ သရဏံ ဂစ္ဆာမိ။
၆။ ဇီဝိတ ပရိယန္တိကံ သံဃံ သရဏံ ဂစ္ဆာမိ။

( ဒုတိယမ္ပိ၊ တတိယမ္ပိ ) အထက်ပါအတိုင်း တည်ဆောက်ပါ။


အနက်အဓိပ္ပါယ်


၁။ အဇ္ဇအာဒိံကတွာ - ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊ ဗုဒ္ဓဿ-မြတ်စွာဘုရားအား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။

၂။ အဇ္ဇအာဒိံကတွာ - ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊ ဓမ္မဿ-တရားတော်မြတ်အား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၃။ အဇ္ဇအာဒိံကတွာ - ယနေ့ကိုအစပြု၍၊ အဟံအတ္တာနံ- မိမိကိုယ်ကို၊ သံဃဿ-သံဃာတော်မြတ်အား၊ နိယျာဒေမိ- အပ်နှင်းလှူဒါန်းပါ၏။
၎။ဇီဝိတပရိယန္တိကံ - အသက်ဆုံးသည့်တိုင်အောင်၊ ဗုဒ္ဓံ - မြတ်စွာဘုရားကို၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။
၅။ဇီဝိတပရိယန္တိကံ - အသက်ဆုံးသည့်တိုင်အောင်၊ ဓမ္မံ - တရားတော်မြတ်ကို၊ သရဏံ - ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။
၆။ဇီဝိတပရိယန္တိကံ - အသက်ဆုံးသည့်တိုင်အောင်၊ သံဃံ -သံဃာတော်မြတ်ကို၊ သရဏံ-ကိုးကွယ်ရာဟူ၍၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏။


တသက်လုံး အသက်ဆုံးသည့်တိုင်အောင်၊ သရဏဂုံ အမြဲတည်ပါပြီ။ အားကိုးရာ၊ မှီခိုရာ၊ ဆောက်တည်ရာ ရပါပြီ။ မပျက်တော့ပါဘူး။


အယူတပါးများ - ယူသွားရင်၊ သရဏဂုံ ပျက်ပြီးလို့ မှတ်ကြပါ။ ။


ကျေးဇူးရှင် တောင်ပုလုဆရာတော်ဘုရားကြီး
၊ ဆရာသောင်းလွင် - ဘီအေ 
* Posted by Nanda on September 9, 2009 at 5:00pm 

အသားစားတဲ့ သစ်ပင်


August 17, 2009 ရက်နေ့ တွင် ဗြိတိသျှ သိပ္ပံပညာရှင်များဟာ ကြွက်ကိုဖမ်းယူစားသောက်နေတဲ့ အပင်တစ်မျိုးကို တွေ့ ရှိခဲ့တဲ့အကြောင်း ထုတ်ဖော်ကြေငြာခဲ့ပါတယ် ။ထို အသားစားအပင်ဟာ ရေတကောင်းပုံစံရှိပြီး ကြွက်၊ယုန်၊ရှဥ့် စတဲ့ သတ္တ၀ါတွေကို သူ့ ရဲ့  ရေတကောင်းခွက်ထဲ မရောက်ရောက်အောင် ဆွဲဆောင်ခေါ်ယူပြီး ရေတကောင်းထဲ ပြုတ်ကျတဲ့အခါမှ အထဲမှာရှိတဲ့ အင်ဇိုင်းတစ်မျိုးနဲ့  အစာကို ကြေညက်သွားစေတယ်လို့  ဆိုပါတယ် ။
ဒီအပင်ကိုတွေ့ ရှိသူတွေကတော့ ကိန်းဘရစ် တက္ကသိုလ်က ဇီဝဗေဒ ပညာရှင်များဖြစ်တဲ့ Alastair Robinson, Steward McPherson, Volker Heinrich နဲ့  Andreas Fleischman တို့ ပဲဖြစ်ကြပါတယ်။တွေ့ ရှိတဲ့နေရာကတော့ ဖိလစ်ပိုင်နိုင်ငံ ၀ိတိုရိယတောင်တန်းတွေမှာ တွေ့ ရှိခဲ့တာဖြစ်ပြီး သူတို့ ဟာ ဒီအပင်တွေကို ၂၀၀၇ ခုနှစ်ကတည်းက လေ့လာခဲ့တာဖြစ်ပါတယ် ။ အသားစားအပင် မျိုးစိတ်ပေါင်း ၁၂၀ ထဲက တော်တော်များများကို ထုတ်ဖော်နိုင်ခဲ့တယ်လို့ ဆိုပါတယ် ။
ခုတွေ့ ရှိရတဲ့ အသားစားအပင်ကို Nepenthes attenboroughii လို့ အမည်ပေးထားပြီး ဒါဟာ အသက် ၈၆ နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ဇီဝဗေဒ ပညာရှင် Sir David Attenborough ကို ဂုဏ်ပြုတဲ့အနေနဲ့  သူ့ ရဲ့ အမည်ကို ထည့်သွင်းပေးထားတာဖြစ်ပါတယ် ။
ဒီလိုအသားစား အပင်နဲ့ ပတ်သတ်တဲ့ ရုပ်ရှင်ကားတစ်ကားကို Star Movies နှင့် 5 Movies တို့ မှာလည်း မကြာခဏ ပြသနေပါသေးတယ် ။ ဒီရုပ်ရှင်ဟာ ၁၉၈၆ က ထုတ်လုပ်ခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး Little Shop of Horrors လို့ နာမည်ပေးထားပါတယ် ။
* Posted by Nanda on September 1, 2009 at 8:05pm
nanda

နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း၏ အကြံပေးချက်

(ရန်ကုန်မြို့မှ စာရေးဆရာကြီး ဦးအောင်သင်းသည် ယခု အသက် (၈၂) နှစ် ရှိပြီဖြစ်သည်။ ဆရာအောင်သင်းသည် လူငယ်များ တိုးတက်ရေးအတွက် အစဉ်တစိုက် ရေးသား ဟောပြော ခဲ့သူဖြစ်သည်။ ဘ၀မှာ လူငယ်တွေအတွက် လုပ်ပေးနိုင်သမျှ လုပ်ပေးသွားသည့် ကိစ္စမှလွဲ၍ အခြားမရှိတော့ပြီဟု ဆရာက ခေတ်ပြိုင်သို့ပြောသည်။ မြန်မာနိုင်ငံ၏ အခြေအနေမှာ လူငယ်တွေအတွက် လူကြီးတွေက ကိုယ့်ဘ၀ကို စတေးရမှာ နှမြောနေကြသည့်အတွက် အတော် စိတ်မကောင်းစရာ ဖြစ်သည်ဟု ဆရာအောင်သင်းက ယူဆသည်။

နိုင်ငံရပ်ခြားမှ လူငယ်များ၊ ပြည်တွင်းမှ လူငယ်များ တိုးတက်အောင်မြင်ရေးနှင့် ပတ်သက်ပြီး စာရေးဆရာကြီး ဦးအောင်သင်းနှင့် ခေတ်ပြိုင် အယ်ဒီတာချုပ် ဦးစိန်ကျော်လှိုင်တို့ တယ်လီဖုန်းမှတဆင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ လူငယ်တွေ ဘာလုပ်ရမလဲ၊ ထွက်ပေါက်ရှာ ရမလား ဖောက်ထွက်ရမလား၊ အခက်အခဲကြားက ရုန်းထွက်နည်း၊ အင်္ဂလိပ်စာ ဘယ်လိုသင် မလဲ၊ မျိုးချစ်စိတ်ဓါတ် စသည်တို့ကို ဆွေးနွေးခဲ့သည်။

နိုင်ငံရပ်ခြား မြန်မာလူငယ်များအတွက် ဆရာအောင်သင်း၏ အကြံပေးချက်

၁။ ငါမုချကြီးပွားအောင်မြင်ရမယ်ဆိုတဲ့ အဓိဋ္ဌာန်ထားပါ

လူငယ်တယောက်ဟာ အရေးကြီးဆုံးအချက်က ငါဟာမုချကြီးပွားအောင်မြင်နေရမယ် ဆိုတဲ့ အဓိဋ္ဌာန် ခိုင်ခိုင်မာမာချဖို့ အရေးကြီးတယ်။ များသောအားဖြင့် လူငယ်တွေဟာ အမှတ်မထင် အမှတ်မထင်လေးတွေ နေကြတယ်။ အဲဒီလို ခိုင်ခိုင်မာမာ ကိုယ့်ကိုယ်ကို ပြန်ပြီးတော့ ဆုံးဖြတ်ချက် အဓိဋ္ဌာန်ပြုခဲ့သလား။ ဝေေ၀၀ါးဝါးလေးပေါ့ အမှတ်မထင် ပဲရှိတတ်တယ်။ ခိုင်မာရမယ်ဆိုတာ။ ဘုရားရှေ့မှာ အာရုဏ်ပြုသလို အဓိဋ္ဌာန်ပြုလိုက်သလို၊ သစ္စာဆိုလိုက် သလို အဲလိုကို အဓိဋ္ဌာန်ပြုရတယ်။ အဲဒါဟာ အလွန်ကို အရေးကြီးပါတယ်။ အဲဒီအဓိဋ္ဌာန်ချက် ခိုင်မာသွားလို့ရှိရင် ကျန်တဲ့ဥစ္စာတွေဟာ သူ့ကိုယ်သူထိန်းသွားလို့ရှိတယ်။ ဘယ်သူမဆို အဲဒီလို ဖြစ်လေ့ဖြစ်ထ ရှိပါတယ်။ ဒါကြောင့် အဲဒီဟာက အရေးကြီးတယ်လို့ ကျနော် ပြောဆို ခြင်းဖြစ်ပါတယ်။ အဲဒါ နံပါတ် (၁) အချက်ပေါ့ နော်။

၂။ ကျန်းမာရေးကို ကိုးကွယ်ပါ

နံပါတ် (၂) အချက်ကတော့ အဲအောင်မြင်ချင်လို့ရှိရင် ကျန်းမာရေးကို ကိုးကွယ်ရတယ်။
ကိုးကွယ်ရတယ်ဆိုတဲ့စကားလုံးကို ကျနော်တကယ်ပြောတာပါ။ ကိုယ့်ကျန်းမာရေးကို
ဘယ်လောက် အရေးကြီးတယ်ဆိုတာက လူငယ်တွေဟာ အမှတ်မထင် နေတတ်ကြတယ်။ မကျန်းမာရင် ဘာမှမဖြစ်နိုင်တော့ဘူး၊ သူများကို မှီခိုနေရတဲ့ဘ၀ကို ရောက်သွားတတ် တယ်ဆိုတာကို မေ့နေကြတယ်။

ကိုယ်ကကျန်းမာနေတဲ့အခါမှာ ကျန်းမာရေးရဲ့တန်ဖိုးကို မေ့နေတတ်တယ်။ အဲဒီတော့ ဘုရားရှင်က မေတ္တာပို့တာတောင်မှ မိမိကိုယ်ကို မိမိပထမဆုံးမေတ္တာပို့ပါ လို့ပြောခဲ့တာ။ ဘာကြောင့်လဲလို့ဆိုတော့ ကိုယ့်ကိုယ်ကို ကျန်းမာမှ တခြားသူကို ဒုက္ခမပေးမိမှာပေါ့။ အဲဒီတော့ ကျန်းမာရေးကို ဂရုစိုက်တယ် ဆိုတဲ့ကိစ္စမှာ အဲဒါဟာ မေ့မေ့လျော့လျော့ ဖြစ်တဲ့အခါကျတော့ ကျန်းမာရေးနဲ့ ဆန့်ကျင်ဘက် ဥပမာ မူးယစ်ဆေးဝါး သုံးတာတွေ၊ အရက်သေစာအများကြီး သောက်တာတွေ၊ သို့မဟုတ်လို့ရှိရင် အ၀လွန်လွန်းတဲ့ အဆီအအိမ့် တမက်တမောစားတာတွေ အဲဒီဥစ္စာတွေ အကုန်လုံးကို ထိန်းချုပ်သွားရတာ။

အဲဒီဘာကိုပဲ စားသည်ဖြစ်စေ၊ လုပ်သည်ဖြစ်စေ၊ အိပ်သည်ဖြစ်စေ၊ နေသည်ဖြစ်စေ ကျန်းမာရေးကို မထိခိုက်ရအောင် လူတွေသိပ်ကိုအရေးကြီးတယ်။ မကျန်းမာတာနဲ့ တပြိုင်နက်တည်း ကိုယ်သည် မှီခိုသော လူဘ၀ကို ရောက်သွားတတ်တယ် ဆိုတာကို မေ့နေတတ်တယ်။ အင်မတန်အရေးကြီးပါတယ် ကိုစိန်ကျော်လှိုင် အဲဒါလေးကို သေသေချာချာ အလေးနက် ကလေး ထည့်ပေးစေချင်ပါတယ် နော်။

၃။ စိတ်ဝင်စားတဲ့လုပ်ငန်း ရွေးချယ်ပါ

နောက်တခါ နံပါတ် (၃) အချက်က ကိုယ်စိတ်ဝင်စားတဲ့လုပ်ငန်းကို ရွေးချယ်ရတယ်။
ဥပမာ လျှပ်စစ်ဘက်မှာ စိတ်ထက်သန်လား၊ ဆောက်လုပ်ရေးဘက်မှာ စိတ်ထက်သန်လား သို့မဟုတ် ကွန်ပျူတာမှာလား၊ စာရေးတာမှာ စိတ်ထက်သန်တာလား အစရှိတာတို့ပေါ့နော်။ တကယ့်ကို အသက်မွေးဝမ်းကျောင်းကို ပေးနိုင်မယ့် လုပ်ငန်းတခုကို ကိုယ်ချင့်ချင့်ချိန်ချိန် ရွေးချယ်ရပါမယ်။ ကိုယ့်ဝါသနာပါတဲ့ဥစ္စာ ဟော်ဘီသဘောမျိုးပေါ့။ အပိုဝါသနာပါတဲ့ ကိစ္စမျိုးကတော့ ပန်းချီရေးသည် ဘာရေးသည်ဖြစ်စေ အသက်မွေးဝမ်းကျောင်းမျိုး မဟုတ်ဘဲ နဲ့ လုပ်ချင်တာလုပ်ပေါ့။

ဒါပေမယ့် လက်ငင်းအရေးကြီးတဲ့ ဥစ္စာကတော့ အသက်မွေးဝမ်းကျောင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လုပ်ငန်းကို စိတ်ဝင်စားလဲ ဆိုတာ ပထမဆုံး ရွေးချယ်ဖို့ လိုပါတယ်။ အဲဒီရွေးချယ်တဲ့ ဥစ္စာဟာ ကိုယ့်စိတ်နဲ့ ပတ်ဝန်းကျင်နဲ့ ရှိတဲ့အထဲမှာမှ ကိုယ်ရွေးလို့ ရနိုင်တဲ့ လုပ်ငန်းတွေထဲမှာ ဘယ်ဟာကို ရွေးနိုင်မလဲဆိုတာ၊ အဲဒါကို ချင့်ချိန်ရွေးချယ်ပြီးတော့ အဲဒီဥစ္စာကို နေ့နေ့ညည လေ့လာရတယ်။

၎။ ရွေးချယ်တဲ့ပညာကို နေ့နေ့ညည ကြံဆပါ

ဆက်ပြီးတော့ ပြောချင်တာက နံပါတ် (၄) အချက်က အဲဒီရွေးချယ်လိုက်တဲ့ ပညာရပ်ကို သို့မဟုတ် အဲလုပ်ငန်းကို လေ့လာတာ အဲဒါကို နေ့နေ့ညည စိတ်ထဲမှာတွေးပြီးတော့ ကြံဆနေရပါတယ်။ အဲကြံဆမနေလို့ရှိရင် အဲဒီဥစ္စာ ဘယ်တော့မှ မအောင်မြင်နိုင်ဘူး။ အဲဒီလို ကြံဆရင်းကနေ ဘာဖြစ်လာသလဲဆိုတော့ တခါတရံမှာ ဖြစ်သွားတတ်တာက ပထမ ရွေးချယ်ထားတဲ့ လုပ်ငန်းထက် ပိုပြီးကောင်းတဲ့လုပ်ငန်း၊ ကိုယ်နဲ့ပိုသင့်တော်တဲ့ လုပ်ငန်း တွေ့သွားတတ်တယ်။ ဒါမှမဟုတ်လို့်ရင် ကိုယ်ရွေးချယ်ထားတဲ့ လုပ်ငန်းမှာ တိုးတက်ရာ တိုးတက်ကြောင်း ဖြစ်လာတတ်ပါတယ်။ အဲဒါကျနော်ပြောတာ နေ့နေ့ညည ကြံဆပါလို့ ကျနော် ပြောချင်ပါတယ်။

၅။ မိတ်ဆွေအပေါင်းအသင်းထံ တပည့်ခံဖို့ ၀န်မလေးနဲ့

နောက်နံပါတ် (၅) အချက်က အဲဒီဟာနဲ့ ပတ်သက်ပြီး လုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ သိကျွမ်းတဲ့သူ၊ မိတ်ဆွေအပေါင်းအသင်း အဲဒီကနေ ဆရာတင်ဖို့ ကိုယ်က တပည့်ခံဖို့ ၀န်မလေးပါနဲ့။ နောက်ပြီးတော့ ဆိုလိုတာက မေးဖို့ဝန်မလေးနဲ့၊ ငါ့အဲဒါလေးသင်ပေးစမ်းပါကွာ ဆိုတာမျိုး ပြောတာလိုမျိုး။ ကျနော့်ကို အဲဒါလေးသင်ပေးပါခင်ဗျာလို့ အဲဒီလိုပြောတာမျိုး။ အဲဒီလို လုပ်ဖော်ကိုင်ဖက် အချင်းချင်းကဖြစ်စေ တပည့်ခံဖို့ ၀န်မလေးရဘူး။ တချို့က ဆရာတင်ဖို့ တပည့်ခံဖို့ အင်မတန် ၀န်လေးတတ်ကြတယ်။

ကျနော်ကိုယ်တိုင် ပြောရမယ်ဆိုလို့ရှိရင် ကျနော်တချို့ အပိုင်းတွေမှာကို ကျနော်တပည့်တွေ ဆီကနေ ပြန်ပြီးသင်ယူနေတာပဲ။ တပည့်တွေက ကိုယ့်ဆရာဖြစ်တဲ့အခါကျတော့ လိုလိုချင်ချင် သင်ပေးကြတယ်။ ကျနော် အဲဒီနည်းအားဖြင့် ကျနော် ပညာတွေ အများကြီးရခဲ့တယ်။ ကိုယ့်တပည့်ဆီမှာပြန်ပြီး ကျနော်တပည့်ခံခဲ့တာပါ။

အဲဒီတော့ ကိုယ့်တပည့်ဆီတောင်မှ တပည့်ခံရတယ်ဆိုလို့ရှိရင် ကိုယ့်မိတ်ဆွေ၊ အပေါင်း အသင်းဆီ ဘာဖြစ်လို့ တပည့်မခံနိုင်ရမှာလည်း။ ဒါပေမယ့် အဲတခုရှိတယ် တပည့်ခံပြီး သင်လို့ရတဲ့အခါမှာ ကိုယ်ကနှုတ်ဆိတ်ပြီးတော့ မနေပါနဲ့။ သူ့ကို ကျေးဇူးတင်ကြောင်းကို လှိုက်လှိုက်လှဲလှဲ ပြောဖို့လိုတယ်။ နောက်ပြီး ကျေးဇူးတင်ကြောင်းကိုလည်း ပြဖို့လိုပါတယ်။ ဥပမာဆိုပါတော့ သူ့ကိုကျေးဇူးတင်ကြောင်းလေး တကယ်လို့ ရပ်ဝေးမှာနေတယ်ဆိုလို့ရှိရင် ကျေးဇူးတင်ကြောင်းလေး စာနဲ့တကြောင်းလေးဖြစ်စေ၊ မင်းပေးလိုက်တဲ့ ကျေးဇူးလေးရတယ် ကွာ ငါအခုထက်ထိ ကျေးဇူးမမေ့နိုင်သေးဘူး ဆိုတာမျိုးလေး စာလေးတကြောင်းလောက်နဲ့ ဖြစ်စေ၊ ဒါမှမဟုတ် ကဒ်လေးတခုလောက် ပို့ပြီးဖြစ်စေ ၀န်မလေးပါနဲ့။ တကယ်လို့ကြုံလို့ ဖြစ်စေ သူ့ကို လက်ဖက်ရည်တခွက်တိုက်တာဖြစ်စေ၊ ထမင်းတနပ်ကျွေးတာဖြစ်စေ ၀န်မလေး ပါနဲ့။ အဲဒီဥစ္စာ တသက်တာလုံး ကိုယ့်အတွက်ကို သင်ပြမယ့်သူတွေပေါ်လိမ့်မယ်၊ လမ်းညွှန် မယ့်သူတွေ ပေါ်လိမ့်မယ်၊ အဲဒီလိုဟာမျိုး အဲဒါမျိုးဝန်မလေးပါနဲ့။

နောက်တခုက အဲလိုနည်းအားဖြင့် အပေါင်းအသင်း သိပ်ဖွံ့ဖြိုးလာလိမ့်မယ်၊ အဲဒီ အပေါင်း အသင်းက ကိုယ့်ဘ၀ တိုးတက်မှုအတွက် အမြဲစောင့်ရှောက်မယ့်သူတွေ ဖြစ်လာလိမ့်မယ်လို့ ကျနော် အကြံဥာဏ်ပေးချင်ပါတယ်။ အဲဒါရပ်ဝေးမှာနေတဲ့ ကလေးတွေအတွက် ကျနော် တတ်နိုင်တဲ့ အကြံပေးချက်ပါ။ 

# Posted by Nanda on August 24, 2009 at 8:52pm 

အန္တရာယ်များတဲ့  ပန်းသီး အခွံ


         များသောအားဖြင့်ပန်းသီး စားကြတဲ့ အခါ အခွံ့ နွှာစားတဲ့  သူရှိသလို..ဆေးဖက်ဝင်လို့ ဆိုပြီး ပန်းသီး အခွံ့ ကိုပါ ရောပြီး စားတတ်ကြပါတယ်။ များသောအားဖြင့် US ကလာတဲ့ ပန်းသီးများအပါအဝင် နိုင်ငံရပ်ခြားမှ ဝင်လာတဲ့ ပန်းသီးတွေဟာ နှစ်ပေါက်နေပေမယ့် လတ်ဆတ်တဲ့  ပုံစံအတိုင်း အနေအထား မပျက်တွေ့ ရှိ ကြရ ပါတယ်။ ဒါကတော့ပန်းသီးအခွံ့ ကို ဖယောင်းနဲ့ အုပ်ထားတဲ့အတွက် ပြင်ပမှ ဘက်တီးရီးယားပိုးတွေ အလွယ် တကူ မဝင်ရောက်နိုင်တဲ့ အပြင် အရည်ဓာတ် ခမ်းခြောက်ခြင်း လည်းမရှိပါ။ ဖယောင်းနဲ့  ပြန်အုပ် ထားတာကို ပုံမှာ ပြထားတဲ့အတိုင်းစမ်းသပ်နိုင်ပါတယ်။ ပန်းသီး ကြိုက်သူများ အခွံ့ ကိုပါ မနွှာတမ်း အလုံးလိုက် ကိုက်စား ချင်သူများ… သတိထားရှောင်ရှားကြဖို့ ပါ…။ မြန်မာပြည်ထွက် ပန်းသီးများကတော့ လတ်လတ်ဆပ်ဆပ် စိုက်ပျိုး ခူးယူ စားသုံးကြရင်တော့ အန္တရာယ် မဖြစ်လိုပါဘူး။ ဆေးဖျန်းဆေးအုပ် လုပ်ထားတာမျိုးတွေ ကာကွယ် ချင်ရင်တော့ အခွံနွှာစားတာကောင်းပါတယ်။ ပြည်ပနိုင်ငံများမှာ သတိထား ၀ယ်ယူ စားသုံးကြည့်ကြဖို့ အကြံပြု တာပါ။  သူငယ်ချင်းတွေကိုပါ လက်ဆင့်ကမ်း သတိပေးလိုက်ကြပါဦး။

  * Posted by thet nwe on August 19, 2009 at 7:30pm

ထွက်ပေါက်မှန်ပါစေ...

အချစ်နဲ့ဝိပသ၁နာစာအုပ်ကိုဖတ်ပြီးတဲ့အချိန်မှာ ချစ်သူနဲ့အဆင်ပြေလို့ပျော်ရွင်နေသူတွေ၊ အချစ်ကြောင့်ဒဏ်ရာရပြီး စိတ်လေလွင့်နေတဲ့သူအတွက် မျှဝေပေးချင်စိတ်တွေ ဖြစ်ပေါ်မိတယ်..
ဒါကြောင့်လည်း အချစ်နဲ့ပိပသ၁နာစာအုပ်ထဲအကြောင်းအရာလေးတချို့ကို မအားတဲ့ကြားက တမင်အချိန်ပေး အပင်ပန်းခံရိုက်ပြီး တင်ပေးထားတာပါ..
အချစ်နဲ့ပတ်သက်ပြီး ကိုယ်တိုင်ကြုံရတာလေးကို အရင်ဆုံးပြောပြချင်ပါတယ်..
ကျမနဲ့ကျမချစ်သူ လမ်းကွဲသွားပြီးနောက်မှာ ကျမစိတ်တွေကျမ ဘယ်လိုနားလည်ရမှန်းမသိအောင် ယောက်ယက်ခက်ခဲ့ပါတယ်... နောက်ဆုံးမှာ ကိုယ်ကိုယ့်ငါတော့ ဒီအတိုင်းနေလို့မဖြစ်တော့ဘူးဆိုပြီး..
သီလရှင်ဝတ်ပစ်လိုက်တယ်... လူကြားလို့တော့မကောင်းဘူးပေါ့.. ရည်းစားနဲ့ကွဲလို့သီလရှင်ဝတ်တယ်ဆိုပြီး.. ဒါပေမယ့် ကျမမှာရွေးချယ်စရာဒီလမ်းပဲရှိတယ်..
တရားထိုင်၊ တရားအားထုတ်တဲ့အကျိုးကြောင့် စိတ်ကိုပိုထားတက်လာတယ်.. စိတ်တွေယောက်ယက်ခက်တာနည်းလာတယ်... ချစ်သူကိုသတိရမိတိုင်းလဲ မေတ္တာပို့မိတယ်...ဒီလိုနဲ့
စိတ်တွေတဖြေးဖြေးနဲ့အေးချမ်းလာတယ်... တရားထိုင်၊ တရားအားထုတ် ၊ တရားနာတဲ့အကျိုးက ကျမအတွက် အချစ်ဝေဒနာကိုသက်သာစေယုံမကဘူး.. အလုပ်ထဲမှာရော၊ လူမှုဆက်ဆံရေးမှာရော.. စိတ်တွေပိုထားတက်လာတယ်... အရင်လိုမဟုတ်ဘဲလူတွေအပေါ်ပိုနားလည်လာတယ်.. စိတ်ကမပူလောင်တော့ပါဘူး..... အဲအတွက်လည်း ကိုယ့်ကိုယ်ကိုတကယ်ပဲ ကျေနပ်မိပါတယ်...
အဲဒီနောက် ရဝေနွယ်(အင်းမ)ရဲ့ အချစ်နဲ့ဝိပသ၁နာစာအုပ်ကို ဖတ်မိအခါ ကိုယ့်ကိုယ့်ကိုပိုပြီးတော့ ပိတိဖြစ်မိပါတယ်... ဒါကြောင့် အချစ်နဲ့အဆင်ပြေသူရော အဆင်မပြေသူတွေအတွက်ရော.... ဒီစာအုပ်ကိုလေးမျှဝေချင်ခဲ့တာပါ.... (အချိန်ပေးပြီး ဖတ်ပေးလို့မေတ္တာရပ်ခံချင်ပါတယ်)
------------------------------------------------------------

ထွက်ပေါက်မှန်ပါစေ...

အချစ်ကြောင့် သောကဖြစ်ရပါတယ်...
အချစ်ကြောင့် ဘေးဖြစ်ရပါတယ်.....
အချစ်မရှိရင် အချစ်မှကင်းလွတ်ရင် သောကမဖြစ်ဘူး၊ ဘေးလည်းမဖြစ်တော့ပါဘူးတဲ့.....
ဒါလေးကိုကြည့်ပီး ပထမဆုံးသတိရလိုက်တာက မြို့လေးတမြို့က အမျိုးသမီးကြီးတယောက်ရဲ့အကြောင်းပါ။ တခါတုန်းကပဲဆိုပါတော့ မြို့လေးတမြို့မှာ အမျိုးသမီးကြီးတယောက်ရှိတယ်.. အမျိုးသမီးကြီးဆိုပေမယ့်အသက်က (45)နှစ်လောက်ပဲ၇ှိသေးတယ်...
သူ့မှာလင်ယောက်ျားရှိသလို သားသုံးယောက်လည်း၇ှိပါတယ်။အလုပ်ကတော့ ဈေးထဲမှာ ဈေးရောာင်းပါတယ်... ဈေးနဲ့စာသင်ကျောင်းနီးတဲ့အတွက် သားတွေကို ကိုယ်တိုင်ကျောင်းပို့ပြီးမှ ဈေးထွက်လေ့ရှိပါတယ်.. ပြောလိုတာက အိမ်ရဲ့စီးပွားရေးကို ဇနီးဖြစ်သူ အမျိုးသမီးကြီးက ဦးဆောင်လုပ်ကျွေးနေတယ်ဆိုတာပါပဲ...
တစ်နေ့တော့ ယောက်ျားလုပ်သူက အမျိုးသမီးငယ်တစ်ယောက်နဲ့ နောက်အိမ်ထောင်ပြုသွားပါတယ်..ဒီတော့ အမျိုးသမီးကြီးလည်း အချစ်ကြောင့် သောကဖြစ်ရတယ်ဆိုတဲ့အတိုင်း မစားနိုင်၊မသောက်နိုင်၊ မအိပ်နိုင်၊ အလုပ်မလုပ်နိုင်နဲ့သောကတွေဖြစ်ရပါတော့တယ်..
ဒီလိုနဲ့ လနည်းနည်းကြာလာတော့ ယောက်ျားရဲ့ နောက်အိမ်ထောင်အမျိုးသမီးငယ်လေးမှာ ကိုယ်ဝန်ရလာပါတယ်.. ဒီတင်းကြားရတော့ မယားကြီးဖြစ်သူ အမျိုးသမီးကြီးက ပိုလိုသောကရောက်ရပြန်ပါတယ်။
ကြာလာတော့ ဖြစ်ပေါ်လာတဲ့သောကကိုမခံစားနိုင်တောပါဘူး... ဒါကြောင့်ရေနွေးကျွတ်2ဆူနေတဲ့ ရေးနွေးတွေကို ရေပုံးတစ်လုံးထဲထည့်ပြီး ကိုယ်ဝန်သည်အမျိုးသမီးငယ်လာတတ်တဲ့ တံတားအလယ်လောက်က သွားစောင့်နေပါတယ်.. တိုက်တိုက်ဆိုင်ဆိုင်အဲ့ဒီနေ့မှာပဲ ကိုယ်ဝန်သည်အမျိုးသမီးငယ်လေးက တံတားပေါ်ကိုဖြတ်လာပါတယ်။ အမျိုးသမီးငယ်လေးကျော်အသွားမှာ နောက်ကနေ ရေနွေးပူတွေနဲ့လောင်းချလိုက်တော့တာပါပဲ.. အမျိုသမီးငယ်လေးလည်း နေရာမှာတင် ပုံလျက်သားလဲကျသွားပါတယ်...လူတွေဝိုင်းအုံရောက်လာပြီး အမျိုးသမီးလေးကို ဆေးရုံးဝိုင်းတင်ပေးကြပါတယ်.. အားလုံးက `နှစ်သက်ကိုသတ်လိုက်တာ´ ဆိုပြီးပြောကြပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ထဲက ကလေးပဲပျက်စီးသွားပြီး မိခင်တော့ အသက်မသေလိုက်ပါဘူး..
အမျိုးသမီးကြီးဟာ အချစ်ကြောင့် သောကတွေလည်းဖြစ်ရသလို ထောင်ကျခြင်းဆိုတဲ့ ဘေးလည်းဖြစ်သွားရပါတယ်.....
စာရေးသူက အမျိုးသမီးကြီးအချစ်ကြောင့် သောကဖြစ်နေရတဲ့အချိန် ဘေးမဖြစ်သေးခင်မှာ ဦးဇင်း အရှင်စန္ဒာဓိက (ရွှေပါရမီတောရ)ရဲ့ ` အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ် ´ ဆိုတဲ့ စာအုပ်လေးကို ပေးဖတ်လိုက်ချင်တာပါ...
အဲဒီစာအုပ်ထဲမှာ အချစ်ကံခေပေမယ့် အနှစ်ကျန်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ၀တ္တုလေးတစ်ပုဒ်နဲ့ အကျယ်ပြထားပါတယ်...
မြတ်စွာဘုရားရှင်လက်ထက်က အမျိုးသမီးငယ်လေး တစ်ယောက်ရှိပါတယ်.. သူကို သူ့ရဲ့ခင်ပွန်းက တစ်စက်မှ မချစ်ပါဘူး.. ဒါကြောင့် အမျိုးသမီးတယောက်နဲ့ဖောက်ပြန်နေပါတယ်..
ဒီတော့ အမျိုးသမီးငယ်လေးက သူမချစ်လည်း ကိစ္စမရှိပါဘူး.. ဆိုပြီး တရားဘက်ကိုပဲ အဓိကထားလုပ်ပါတော့တယ်...
အရှင်သာရိပုတ္တရာ၊ အရှင်မဟာမောဂ္ဂလာန်တို့ကို ဆွမ်းကပ်၊ တရားနာယူပါတယ်.. ဟောတဲ့တရားတွေကို အခြေခံပြီး ၀ိပသ၁နာရှုမှတ်တာ အိမ်မှာတင် သောတာပန်တည်သွားပါတယ်..
နောက်ဘိက္ခုနီမပြုပြီး ဆက်တရားအားထုတ်လိုက်တာ ရဟန္တာဖြစ်သွားပါတယ်...
အမျိုးသမီးငယ်လေးအနေနဲ့ အိမ်ထောင်ရေးအဆင်ပြေနေမယ်ဆိုရင် အခုလိုတရားအားထုတ်ဖြစ်မှာ မဟုတ်ပါဘူး... အဆင်မပြေတဲ့အိမ်ထောင်ရေးက တရားအားထုတ်ဖြစ်ဖို့ ကျေးဇူးပြုလိုက်တာပါ....
အထက်က ၀တ္တုဖြစ်စဉ်နှစ်ခုမှာ ယှဉ်ပြောရရင် အမျိုးသမီးကြီးက ထွက်ပေါက်မှားသွားတာပါ.. အမျိုးသမီးငယ်လေးက ထွက်ပေါက်မှန်သွားတာပါ...
အချစ်ဆိုတာ အနာဂါမ်ရောက်မှ ပယ်လို့ရမှာပါ.. အနာဂါမ် မဖြစ်သေးသရွေ့တော့ အချစ်ဆိုတာ ရှိနေဦးမှာပါ.. အချစ်ရှိနေသေးသရွေ့ အချစ်နဲ့ယှဉ်တဲ့ နောက်ဆက်တွဲ ပြသ၁နာတွေလည်း ရင်ဆိုင်နေရဦးမှာပါ..
`ဘယ်လိုပြသ၁နာမျိုးပဲကြုံကြုံ တရားသဘောနဲ့ ဖြေရှင်းနိုင်တဲ့ ပုဂ္ဂိုလ်ဖြစ်အောင်ကြိုးစားလိုက်စမ်းပါ.. ဒါဆိုရင် စိတ်ချမ်းသာပါလိမ့်မယ်...´ 

Posted by နွေးနွေးဝိုင် on August 17, 2009 at 12:23pm ( NewWorld Blog Post )

အချစ်နဲ့ဝိပဿနာ

ဆရာတော် ရဝေနွယ်(အင်းမ)ရဲ့ အချစ်နဲ့ပိပသ၁နာ စာအုပ်မှ

အချစ်မှတစ်ဆင့် နိဗ္မာန်သို့

အချစ်ဟာကောင်းသလားလို့ဆိုရင် မကောင်းဘူးလို့ ပြောရမှာပါပဲ...
ဒီလိုပြောတော့ ချက်ချင်းလက်ခံချင်မှ လက်ခံနိုင်မှာပါ... အကုသိုလ်တရားက ကုသိုလ်တရားကို ပြန်ကျေးဇူးပြုပါတယ်..
အဓိပါယ်ကတော့ အချစ်ဆိုတဲ့ ရာဂ ကိုအမှီပြုပြီး ဒါနတွေပြုမယ်၊ သီလတွေ ဆောက်တည်မယ် ဥပုသ်နေ့မှာ စောင့်ထိန်းရတဲ့ ရှစ်ပါးသီလ၊ ကိုးပါသီလကို စောင့်ထိန်းမယ်၊ ဈာန်ရကြောင်း သမထကမ္မဌာန်းတစ်ခုခုကိုပွားမယ်၊ ဒါဆိုရင် မဂ်လည်းရနိုင်ပါတယ်။
ဒီအတိုင်းပြောရင်ရှင်းမှာမဟုတ်ပါဘူး ပုံလေးနဲ့တွဲပြောပြလိုက်ရင် ပိုရှင်းသွားပါမယ်..
တခါတုန်းက ကောင်းလေးတစ်ယောက်က ကောင်မလေးတစ်ယောကို ချစ်ရေးဆိုပါသတဲ့။ ကောင်မလေးက မဟာစည်ရိပ်သာမှာ ဥာဏ်စဉ်နာပြီးသားပါ၊ အခါအခွင့်သင့်တိုင်းလည်း ရိပ်သာမှာ မကြာခဏတရားဝင်နေတဲ့ ယောဂီပါ၊ ဒီတော့ ကောင်မလေးက ဘာပြန်ပြောသလဲဆိုတော့ `ရိပ်သာမှာ ဥာဏ်စဉ်ရအောင် တရားအားထုတ်ပါ၊ ဥာဏ်စဉ်ရရင် `သူ´လိုချင်တဲ့ အဖြေပေးမယ်လို့ ပြောလိုက်ပါသတဲ့...
ကောင်လေးကလည်း ရိပ်သာဝင်ပြီး တရားအားထုတ်ပါတယ်၊ ဥာဏ်စဉ်နာခွင့်ရဖို့ရင် (45)ရက်အားထုတ်ပါတယ်၊ ကောင်လေးက နောက်ကတွန်းအားမျှော်လင့်ချက်တွေနဲ့ဆိုတော့ ကြိုးကြိုးစားစား အားထုတ်ပါတယ်။ အားထုတ်ရင်း အားထုတ်ရင်း ထိုက်သင့်တဲ့ ဥာဏ်စဉ်လေးတွေ ၀င်လာတော့ တရားရဲ့အရသာကို ကိုယ်တိုင်ခံစားသိလာရပါတယ် (45)ရက်ပြည့်တော့ ဥာဏ်စဉ်နာခွင့် ရသွားပါတယ်။
တရားအားထုတ်ပြီးစ၊ ဥာဏ်စဉ်နာပြီးစဆိုတော့ မျက်နှာလေးက အရင်ကထက်ပိုပြီး ကြည်လင်ဝင်းပနေတဲ့ ကောင်လေးကို ကောင်မလေးက `ချစ်တယ်´ ဆိုတဲ့အဖြေကို တခါတည်းပေးလိုက်ပါသတဲ့..
ဒီလိုနဲ့ သူတို့နှစ်ယောက် ညားသွားတာ အခုဆိုကလေးသုံယောက်တောင်ရနေပါပြီ၊ ကောင်မလေးဖြစ်သူက ကလေးသုံးယောက်နဲ့ အိမ်မှုကိစ္စတွေ ရှုပ်နေတဲ့အတွက် တရားတောင်ကောင်းကောင်း အားမထုတ်နိုင်တော့ပါဘူး အမျိုးသားကောင်လေးကသာ ရိပ်သာကို မကြာခဏ ၀င်ဝင်အားထုတ်ဖြစ်နေတာပါ...
ဒါလည်း အချစ်က ကျေးဇူးပြုလိုက်တာပါပဲ...
ကုသိုလ်ကောင်းမှုတွေကို အတူတူပြုနေတဲ့အတွက် နောက်ဘ၀ နောက်ဘ၀တွေအတွက်လည်း ရေစက်ဆုံကြရဦးမှာပါ။
တကယ်လို့ အိမ်ထောင်မပြုသေးတဲ့ သမီးရည်းစားဘ၀မှာပဲ ရှိနေသေးတယ်ထားပါဦး..
ချစ်သူတို့သဘာဝအရ ရွှေတိဂုံဘုရားကို သွားမယ်၊ ဘုရားမှာ ပန်းကပ်မယ်၊ ရေကပ်မယ်၊ ရွေသင်္ကန်းကပ်မယ်၊ ဘုရားရှိခိုးမယ်ဆိုပါစို့၊ သွားတုန်းက ရာဂကို အမှီပြုပြီးသွားကြတာပါပဲ၊ ဒါပေမယ် ဘုရားပေါ်ရောက်တော့ ကုသိုလ်တွေပြုဖြစ်သွားပါတယ် ၊ ဒါဟာလည်း အချစ်ကို အမှီပြုပြီး ကုသိုလ်တွေဖြစ်နေတာပါပဲ....
သွားတုန်းကတော့ ရာဂကို အမှီပြုပြီးသွားပေမယ့် ရာဂအဆင့်မှာပဲရပ်မနေဘဲ တစ်ဆင့်တက်ပြီး ကုသလိုလ်တွေပြုလိုက်တော့ အချစ်ကနေ ကုသိုလ်ကို ကျေးဇူးပြုသွားတာပါ...
Posted by နွေးနွေးဝိုင် on August 14, 2009 at 12:17pm

လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်



လူတစ်ယောက်၏ အောင်မြင်မှုရရန်အတွက်လိုအပ်ချက်မှာ ဦးနှောက်ဉာဏ်ရည်အဆင့်(IQ) မဟုတ်။ နှလုံးရည်အဆင့်အတန်း(IQ)ဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဟားဗတ်တက္ကသိုလ်မှ စိတ်ပညာရှင် နီးယဲလ်ဂိုးလ်မန်းက ဖော်ထုတ်ပြောကြားခဲ့သည်။ သူသည် ဆယ်နှစ်အတွင်း အလုပ်သမား တစ်ထောင်ခန့်ကို သုတေသနပြု လေ့လာတွေ့ရှိမှုအရ (IQ)ကြောင့်အောင်မြင်သူ ၂၅%၊ (EQ)ကြောင့်အောင်မြင်သူ ၇၅% ရှိကြောင်း တွေ့ရှိခဲ့သည်။
ဦးနှောက်ဉာဏ်ရည်အဆင့်ကောင်းသော ဘွဲ့ရပညာတတ်အုပ်ချုပ်ရေးမှူးတစ်ယောက်သည် နှလုံးရည်အဆင့်အတန်း ညံ့ဖျင်းသဖြင့် လုပ်ငန်းခွင်မှာ အောင်မြင်မှုမရ၊ အလုပ်မှ ထွက်ခဲ့ရလေပြီ။ ထိုအလုပ်ကို ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်ပြီး ဘွဲ့မရသော်လည်း နှလုံးရည်အဆင့်အတန်းမြင့်သည့် အုပ်ချုပ်ရေးမှူးက အုပ်ချုပ်လုပ်ကိုင်သည့်အခါ လုပ်ငန်းအောင်မြင်ရုံမက ထိုအုပ်ချုပ်ရေးမှူးသည် လုပ်ငန်းတွင် ရှယ်ယာဝင်တစ်ယောက်ပင် ဖြစ်ခဲ့ရကြောင်း နီးယဲလ်ဂိုးလ်မန်းသုတေသနပြုရာ၌ တွေ့ရှိခဲ့ရသည်။
(EQ)နှလုံးရည်ပြကိန်း (Emotional Quotient)သည် အကျင့်စာရိတ္တနှင် စိတ်နေသဘော သဘာဝ၏ အရည်အသွေးပင်ဖြစ်သည်။
နှလုံးရည်အဆင့်အတန်း (EQ)မြင့်သူသည် -
(၁) ကိုယ့်ကိုကိုယ် အကဲဖြတ်သိနိုင်ခြင်း (Self Evaluation)
(၂) ရုတ်တရက်ပေါ်ပေါက်လာသော စိတ်လှုံ့ဆော်မှုကို ထိန်းချုပ်နိုင်ခြင်း (Impulse Control)
(၃) ကိုယ့်သိက္ခာကိုယ်စောင့်ခြင်း (Self Oiscupline)
(၄) တစ်ဖက်သားအပေါ် စာနာထောက်ထားငဲ့ညာနိုင်စွမ်းရှိခြင်း (Compassion)
(၅) တစ်ဖက်သား၏ကောင်းသောလုပ်ရပ်ကို ထုတ်ဖော်ချီးကျူးနိုင်စွမ်းရှိခြင်း (Praise)
(၆) မှန်ကန်ကောင်းမွန်စွာ တွေးခေါ်စဉ်းစားနိုင်ခြင်း (Positive Thinking) ……………………… စသည့် အချက်အလက်များနှင့်ပြည့်စုံသူဖြစ်သည်။ ထိုသူသည် (EQ)ကို မိဘနှစ်ပါးထံမှ အမွေဆက်ခံရရှိနိုင်သည်။ နှလုံးရည်အဆင့်မြင့်သော မိဘများမှ ပေါက်ဖွားလာသူသည် အလိုအလျောက် နှလုံးရည်မြင့်သူဖြစ်လာပြီး နှလုံးရည်အဆင့်နိမ့်သောမိဘမှ ပေါက်ဖွားလာသူမှာ နှလုံးရည်အဆင့်နိမ့်သူသာ ဖြစ်နေတတ်သည်။
သည်နေရာနှင် မိကောင်းဖခင်သားသမီးဆိုသည့်စကားရပ်၏ လေးနက်မှုကို သိမြင်နိုင်လိမ့်မည် ထင်ပါသည်။ မိဘကောင်းလျှင် သားသမီးကောင်းမည်၊ မိဘဆိုးလျှင် သားသမီးလည်းဆိုးမည်ဆိုသည့် အဓိပ္ပါယ်သဘောပင်ဖြစ်သည်။


နှလုံးရည်အဆင့်ကို မိဘထံမှရသဖြင့် ဆိုးသောမိဘမှ ပေါက်ဖွားလာသောသူသည် သားစဉ်မြေးဆက်ဆိုးပြီး အောင်မြင်မှုမရ၊ ဘ၀ခရီးလမ်းတစ်လျှောက်လုံး နလံမထူနိုင်ဖြစ်နေလျှင် သဘာဝကြီးကို တရားပါ့မလားဟု မေးစရာပေါ်လာနိုင်ပါသည်။
ထိုမေးခွန်းအတွက် အဖြေရှိပါသည်။ အဖြေက နှလုံးရည်အဆင့်အတန်းမြင့်မားလာစေရန် ပြုပြင်ယူ၍ရသည်ဆိုခြင်းပင်ဖြစ်၏။
နှလုံးရည်အဆင့်ကို မိဘထံမှရသလို ဦးနှောက်ဉာဏ်ရည်အဆင့်မှာလည်း မိဘများထံမှ ထက်ဝက်ရကြောင်းတင်ပြလိုပါသေးသည်။ စိတ်ပညာရှင် ပါမောက္ခကြီး၏ သုတေသနပြုချက်အရ ဦးနှောက်ဉာဏ်ရည်အဆင့် ၅၀% မှာ မိဘများထံမှရရှိသည်။ ထိုသို့ရရှိခြင်းသည် အတိုးအလျော့မရှိ။ ပြောင်းလဲခြင်းမရှိပေ။ ကျန်သော ၅၀%ကို ပတ်ဝန်းကျင်နှင့် မိမိအား ထိန်းကျောင်းပြုပြင်ပေးသူ (ဆရာ၊ ဆရာမ)များထံမှရသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်နိမ်သောပတ်ဝန်းကျင်တွင် နေထိုင်ကြီးပြင်းခဲ့သူ၊ ဉာဏ်ရည်အဆင့်နိမ့်သော ထိန်းကျောင်းပြုပြင်ပေးသူတို့လက်တွင် ကြီးပြင်းခဲ့သူသည် ကျန် ၅၀%မှာ အဆင့်နိမ့်တတ်သည်။ ကျွန်တော့်ဆိုလိုရင်းမှာ ပထမ ၅၀% (မိဘများထံမှရ)သည် ပြောင်းလဲမှု မရှိနိုင်သော်လည်း ကျန် ဒုတိယ ၅၀%သည် ပတ်ဝန်းကျင်နှင့်ပြုပြင်ထိန်းကျောင်းပေးသူများအပေါ် လိုက်ပြီး ဉာဏ်ရည်အနိမ့်အမြင့် ပြောင်းလဲမှုရှိတတ်ကြောင်းပင်ဖြစ်သည်။
ဦးနှောက်ဉာဏ်ရည်အဆင့် နှလုံးရည်အဆင့်တို့တွင် နှလုံးရည်အဆင့်က အဓိကကျကြောင်း ကျွန်တော် တင်ပြခဲ့ပြီးဖြစ်သည်။ ကျွန်တော် ပြောဆိုခြင်းအပေါ် ဉာဏ်ရည်အဆင့်ရှိရန်မလိုဟု မယူဆ စေလိုပါ။ လူတစ်ယောက်သည် ဉာဏ်ရည်အဆင့်ကောင်းပြီး၊ နှလုံးရည်အဆင့်အတန်းပါကောင်းလျှင် ထိပ်ဆုံးရောက်ဖို့ သေချာပါသည်။ ဉာဏ်ရည်အဆင့်နိမ့်ပြီး နှလုံးရည်အဆင့်ကောင်းလျှင်လည်း ထိပ်ဆုံးသို့ ရောက်နိုင်ပါသည်။ ဦးနှောက်ဉာဏ်ရည်အဆင့်သာကောင်းပြီး နှလုံးရည်မကောင်းလျှင် အဆင့်အတန်းတစ်ခုကို ရရှိနိုင်သော်လည်း ထိပ်ဆုံးသို့ မရောက်နိုင်၊ ရွှေလက်ပိုင်ရှင်မဖြစ်နိုင်ပါ။
နှလုံးရည်ကောင်းသော ရွှေလက်ပိုင်ရှင်ဖြစ်ရန် မိဘနှစ်ပါးက မပေးခဲ့လျှင် မိမိဘာသာ မိမိတည်ဆောက်ယူရပါမည်။ ထိုသို့တည်ဆောက်ရန် လိုအပ်သည့်အချက်များကို တင်ပြပါမည်။
နှလုံးရည်အဆင့်ပြောင်းလဲရန်အတွက် …………….
 

(၁) အခြေအနေကို မှန်မှန်ကန်ကန်အကဲဖြတ်ပါ။
(၂) မှန်ကန်စွာသိခြင်းဖြင့် ဘ၀င်မြင့်ခြင်း၊ သိမ်ငယ်ခြင်းတို့ကို ရှောင်ရှားရမည်။ မိမိစိတ်ကို အစွန်းတစ်ဘက်သို့ မရောက်ပါစေနှင့်။
(၃) စိတ်ခံစားချက်ကို ထိန်းချုပ်ပါ။ ၀မ်းနည်းလွယ်၊ ဒေါသဖြစ်လွယ် မရှိပါစေနှင့်။
(၄) ပြဿနာတစ်ရပ်ကို ဖြေရှင်းရာတွင် ငြိမ်းချမ်းစိတ်မွေးပါ။ စိတ်ကိုတည်ငြိမ်အောင်ထားပါ။
(၅) ကိုယ်ချင်းစာတရားရှိပါ။ အများ၏ ချစ်ခင်မှုရရှိစေရန် အပေးအယူမျှတစွာ နေတတ်အောင် ကြိုးစားလေ့ကျင့်ပါ။
(၆) စည်းကမ်းသတ်မှတ်ပါ။ အလုပ်အကိုင် အကြံအစည်တစ်ခုကို ချက်ချင်းထလုပ်ပါ။ အချိန်ရွေှ့ဆိုင်းခြင်းမပြုဘဲ သတ်မှတ်ချိန်တွင် ပြီးစီးအောင်လုပ်ပါ။
(၇) အပြုစိတ်ထားပါ။ အကောင်းဘက်က တွေးခေါ်စဉ်းစား အကောင်းမြင်စိတ်ထားပါ။
(၈) တစ်ဖက်သားကို အဓိပ္ပါယ်ရှိစွာ ချီးကျူးပါ။
(၉) သိက္ခာရှိခြင်း၏အဓိပ္ပါယ်ကိုသိပါ။ သိက္ခာရှိစွာနေထိုင်တတ်အောင် ကြိုးစားပါ။
ဖော်ပြပါအချက်များအနက် သင့်တွင် ဘာတွေရှိပြီး ဘာတွေချို့ယွင်းနေသည်ကို ဝေဖန် အကဲဖြတ်ပါ။ ချွတ်ယွင်းချက်များပြည့်စုံလာအောင်ကြိုးစားပါ။ သင်သည် နှလုံးရည်အဆင့်ရှိသူ တစ်ယောက်ဘ၀သို့ ရောက်လာပါလိမ့်မည်။ သင်သည် ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်လာနိုင်သလို သင်၏ သားစဉ်မြေးဆက်တို့လည်း ရွှေလက်ပိုင်ရှင်ဘ၀သို့ ရောက်အောင် အမွေပေးနိုင်ပါလိမ့်မည်။
မိဘထံမှအမွေရသော နှလုံးရည်အဆင့်ကို မြင့်မားကြံ့ခိုင်လာစေရန် ကြိုးစားအားထုတ်ပြီး ပြုပြင် ပြောင်းလဲ၍ရသလို မိမိ၏အပြုအမူအနေအထိုင်ကြောင့် အမွေရထားသော နှလုံးရည်အဆင့် ပျက်စီးသွားနိုင်သည်ကိုလည်း သတိပြုစေချင်သည်။
လူတစ်ယောက်ကို ကောင်းအောင်ပြုပြင်နိုင်သူသည် ထိုသူကိုယ်တိုင်ဖြစ်သလို ဆိုးအောင် တွန်းပို့နိုင်သူမှာလည်းထိုသူပင်ဖြစ်သည်။
သင်သည် ဦးနှောက်ဉာဏ်ရည်အဆင့်နိမ့်သော်လည်း နှလုံးရည်အဆင့်မြင့်သူဖြစ်ခဲ့လျှင် သင့်ထံမှ အမွေမရနိုင်သော ဉာဏ်ရည်အဆင့်သို့ သားသမီးများ ရရှိနိုင်စေရန်ကောင်းသော ပတ်ဝန်းကျင်၌နေပါစေ။ ကောင်းသော ပြုပြင်ထိန်းသိမ်းသူနှင့် တွေ့ပါစေ။
လူတစ်ယောက်အတွက် ဉာဏ်ရည်အဆင့်ရှိပြီး နှလုံးရည်အဆင့်ပါရှိလျှင် အကောင်းဆုံးဟု ကျွန်တော် ဆိုချင်ပါသည်။
Posted by နွေးနွေးဝိုင် on August 13, 2009 at 9:23am

"ကောင်းထက်"၏ ရွှေခင်းလမ်းကိုလျှောက်မလား၊ ငွေခင်းလမ်းကိုလျှောက်မလား စာအုပ်မှ

ရေနွေးကြမ်း နှင့် နှလုံးခုန်ရုတ်တရက် ရပ်တန့်ခြင်း

ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို့  သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့  ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့  ဂျပန်လူမျိုး တွေ ဟာ ထမင်းစားနေစဉ် မှာ ရေနွေး သောက်သုံးတဲ့  အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ ဆီက
ထမင်းစား စဉ် ရေနွေးသောက်သုံး တဲ့  အလေ့ အထ ကို ပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။
ခုဆောင်းပါးလေး က တော့ ထမင်းစား ပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက် တော့ သက်ရောက်မှု့  ရှိပါတယ်။ တကယ်တော့ ထမင်းစားပြီးတော့ ရေခဲ ရေ ဒါမှမဟုတ် အအေး တခုခု သောက်သုံးလိုက်ခြင်း ဟာ အတော် လေး အရသာရှိပါတယ်။ ဒါပေမယ့်လည်း ရေခဲရေ က နေပြီးတော့ မကြာခင်က မှ စားသုံးထားတဲ့  အစာတွေ ကို ဆီခဲ တွေ လို အစိုင်အခဲ အဖြစ် ကို ရောက်စေပါတယ်။ ပြီးတော့ အဖတ်တွေကလဲ အက်စစ် အဖြစ် တုန့်ပြန်ပြီးတော့ အဲတာတွေ ကို ဖြိုခွဲ ပြီးတော့ အူနံရံ တွေ က နေပြီး အခဲ အစာတွေထက် ပိုမို လျှင်မြန်စွာ စုပ်ယူပါလိမ့်မယ်။ အဲတာ တွေ ဟာ အူထဲ မှာ သွားပြီးတော့ စီတန်းနေပါပြီ။ မကြာခင်ပဲ အဲတာ တွေ ဟာ အဆီခဲ အဖြစ် ပြောင်းလဲ သွားပြီးတော့ ကင်ဆာ ရောဂါ ကို ဖြစ်စေ ဖို့  ဦးတည်နိုင်ပါတယ်။ အကောင်းဆုံး ကတော့ အစာ စားပြီးတိုင်းမှာ စွပ်ပြုပ် ပူပူလေး ဖြစ်ဖြစ် ရေနွေးကြမ်းဖြစ်ဖြစ် သောက်သုံးတာ ဖြစ်ပါတယ်။
(အရေးကြီးတဲ့  နှလုံးခုန်ရုတ်တရက် ရပ်တာမျိုး- သင်သိသင့်တာ ကတော့ နှလုံးခုန်ရုတ်တရက် ရပ်တန့် တဲ့  လက္ခာတွေ အားလုံးမှာ ဘယ်ဖက်လက်မောင်းကိုက်ခြင်းမျိုးမဟုတ်ပါ။ မေးရိုးတလျှောက် နာကျင်လာခြင်းဟာ လဲ သတိထားသင့်ပါတယ်။)
(နှလုံးခုန်ရုတ်တရက် ရပ်တန့် စဉ်အတွင်းမှာ တော့ ဘယ်တော့မှ ပထမရင်ဘတ်နာခြင်း ကိုခံစားရမယ်မဟုတ်ပါ။ဖျားနာခြင်းနဲ့ ချွေးထွက်လွန်ခြင်း တွေဟာလည်း အများဆုံးလက္ခဏာတွေ ပါပဲ။ ၆၀ ရာနှုန်းသော နှလုံးခုန်ရုတ်တရက် ရပ်တန့် ကြတဲ့  သူတွေ ဟာ အိပ်ပျော်နေယင်းကနေ ပြီး ပြန်လည် နိုးထလာခြင်း မရှိတော့ ပါဘူး။ မေးရိုးနာကျင်မှု   နိုးထအောင်လုပ်နိုင်ပါတယ်။ ကျွန်တော် တို့ တစ်တွေ ဂရုပြုပြီး တော့ သတိထားရမှာပါ။ အဲတာ က ကျွန်တော် တို့  ဆက်လက် အသက်ရှင်ရပ်တည်ဖို့အခွင့်အရေးကောင်းဖြစ်ပါတယ်။


Posted by thet nwe

ထင်သလောက် မဆိုးတဲ့ လောကပါ



ဆရာ အတ္တကျော်ရဲ့ ဘာသာပြန်လက်ရာလေးပါ။ လူတစ်ယောက်ရဲ့ ဘ၀မှာ အသက်ရှင်နေထိုင်ရေး ၀မ်းစာရေးအတွက် အစာအာဟာရလိုအပ်သလိုပဲ ၊ ဘ၀တစ်ခုကို စိတ်ပျော်ရွှင်အေးချမ်းစွာ ရပ်တည်နေထိုင်တတ်ဖို့ လည်း ကောင်းမွန်တဲ့စိတ်အာဟာရ တွေလိုအပ်တယ် ။ ခုဖော်ပြထားတဲ့အကြောင်းရာလေးကတော့ ကျွန်တော် ၁၀ တန်းအောင်ပြီးကာစမှ ၀ယ်ယူဖတ်ရှုဖြစ်ခဲ့တဲ့ ဆရာအတ္တကျော်ရဲ့ စာအုပ်တစ်အုပ်ထဲက ဖတ်ပျော်စရာအကြောင်းရားလေးတစ်ခုပါ။ဆူဒိုနင် အမည်နဲ့ ကလောင်ခွဲများလည်းရှိပါတယ်။ ကမ္ဘာသစ် သူငယ်ချင်းများကို ကောင်းမွန်တဲ့စိတ်အာဟာရတစ်ခုအဖြစ်ပေးနိုင်မယ်လို့ ထင်ပါတယ် ။
ခင်မင်လျက်..
..................နန္ဒ
---------------------------------------------------------------------------------------------------------------------------------------------------------------

တကယ်လို့ သာ ကမ္ဘာလူဦးရေကို လူတစ်ရာပဲ အတိအကျရှိနေတဲ့ ရွာကလေးတရွာအဖြစ် လျှော့ချလိုက်မယ်ဆိုရင် အခုလက်ရှိအနေအထား မှာရှိတဲ့ လူအချိုးအစားက သည်လိုဖြစ်မယ်တဲ့။

လူတစ်ရာမှာ အာရှတိုက်သားက (၅၇) ယောက်၊ ဥရောပ တိုက်သားက (၂၁)ယောက်၊ အနောက်တိုင်းသားက (၁၄)ယောက်နဲ့ အာဖရိကတိုက်သားက (၈) ယောက်ရှိနေပါလိမ့်မယ်။

အဲဒီ့ လူတစ်ရာမှာ အမျိုးသမီးက (၅၂)ယောက်နဲ့ အမျိုးသားက (၄၈)ယောက် အချိုးရှိ နေပြန်သတဲ့။

လူဖြူက ၃၀ ပဲရှိပြီး လူဖြူမဟုတ်တဲ့ လူမည်းတွေ၊ ကျွန်တော်တို့ အာရှတိုက် သားတွေလို အညိုတွေ၊အ၀ါ တွေက ကျတော့ (၇၀)တောင်ရှိမယ်။

အလားတူပဲ၊ ခရစ်ယာန် ဘာသာဝင်က (၃၀) ဖြစ်ပြီး ခရစ်ယာန်မဟုတ်ဘဲ အခြား ဘာသာအသီးသီးကိုးကွယ်ယုံကြည် သူက (၇၀)ရှိမယ် လို့လည်း ကိန်းဂဏန်းတွေက ပြဆိုနေပြန်တယ်။

အဲ..လိင်ကွဲကို စုံမက်တတ်သူ (ယောက်ျားက မိန်းမကိုပဲ ကြိုက်တာ၊ မိန်းမကလည်း ယောက်ျားကိုပဲကြိုက်တာ)က (၈၉)ယောက် ရှိနေမှာဖြစ်ပြီး လိင်တူချင်း မှကြိုက်ကျသူ (မိန်းမလျာ၊ယောက်ျားလျာ) က (၁၁)ယောက်ရှိနေပါတယ်။

အဲဒီ့ လူ(၁၀၀)ထဲကမှ (၆)ယောက်ဟာ ကမ္ဘာ့ ကြွယ်ဝမှုရဲ့ (၅၉) ရာခိုင်နှုန်းကို ပိုင်ဆိုင် ထားမှာဖြစ်ပြီး အဲ့ဒီ (၆)ယောက်စလုံးဟာ အမေရိကန်နိုင်ငံကဖြစ်နေသတဲ့။ အယောက် (၈၀) ကတော့ အိမ်နဲ့ယာနဲ့ကျကျနနနေနိုင် သူတွေမဟုတ်ဘဲ တော်ရိရော်ရိမှာ ဖြစ်သလိုနေနေသူ တွေတဲ့။

(၁၀၀) ရာမှာ (၇၀) ယောက်ဟာ စာမဖတ်တတ်ဘူး။ ပြီးတော့ (၅၀) က အာဟာရ ဓာတ်ချို့တဲ့နေတယ်၊ အစာရေစာ မ၀လင်ဘူးတဲ့။ (၁၀၀)ရာ မှာ တစ်ယောက်က သေလုမြော ပါးဖြစ်နေသလို နောက်တစ်ယောက်ကလည်း မီးဖွားမယ့် ဆဲဆဲဖြစ်နေပြန်တယ်။

ပြီးတော့(၁၀၀)မှာ တစ်ယောက်ဆို တစ်ယောက်တည်းဟာ တက္ကသိုလ်ပညာရေးကို ဆည်းပူးခွင့်ရနေပါတယ်။ ပြီးတော့ တစ်ရာမှာ တစ်ယောက်တည်းကသာ ကွန်ပြူတာကို ပိုင်ဆိုင်ပါတယ်တဲ့။

ဒါဟာ ကနေ့ ကမ္ဘာ့လက်ရှိလူဦးရေနဲ့ သက်ဆိုင်တဲ့ ကိန်းဂဏန်းများ အချိုးအစားပါ။ (၁၀၀) နဲ့ ချိန်ပြောရင် ဒီအတိုင်းပဲထွက်ပါတယ်။

အဲလိုကျကျနန စဉ်းစားကြည့်လိုက်တဲ့အခါ လက်ခံနိုင်ဖို့၊နားလည်ပေးနိုင်ဖို့နဲ့ ပညာ ကို တန်ဖိုးထားဖို့ဆိုတဲ့ အရေးကိစ္စတွေဟာအင်မတန်အရေးကြီးတယ်ဆိုတာ သိသာထင်ရှား လှပါတယ်။

ဒါတင်မကသေးပါဘူး၊ အောက်ပါအချက်အလက်တွေ ကလည်းတော်တော့်ကို စဉ်းစား စရာကောင်းလာပါလိမ့်မယ်။

တကယ်လို့ သင်ဟာ ကနေ့မနက်မှာ မာမာချာချာကြီးနဲ့ အိပ်ရာက နိုးထလာခဲ့သူဖြစ် နေရင် ခင်ဗျားဟာ သည်တစ်ပတ်အတွင်း မှာ သေဆုံး သွားရတော့မယ့် ကမ္ဘာပေါ်က လူတစ် သန်းထက် အများကြီး ပိုကံကောင်းနေတာ မဟုတ်ဘူးလား။

သင်ဟာ စစ်ဘေးစစ်ဒဏ်ကို တစ်ခါမှမခံစားဖူးဘူး၊ အကျဉ်းစံဘ၀မှာလည်း နေဖူးဘူး၊ နှိပ်စက်ညှဉ်းပမ်းမှုဒဏ်ကို လည်းမခံစားခဲ့ဖူးဘူး၊ ဒါမှမဟုတ် ငတ်မွတ်မှုကိုလည်း မခံစားဖူးဘူး ဆိုရင် ခင်ဗျားဟာ အဲဒီ့ ဒဏ်တွေကို ခံစားခဲ့၊ ခံစားဆဲ ကမ္ဘာ့လူဦးရေ သန်းပေါင်း (၅၀၀)ထဲမှာ မပါတဲ့
ကံထူးရှင်တစ်ယောက်ပါပဲလို့ အောက်မေ့နိုင်ပါတယ်။

ဘုရားကျောင်းကန်၊ စေတီပုထိုး၊ ခရစ်ယာန် ၊ ဟိန္ဒူဘုရားကျောင်း၊ ၀တ်ပြုဆုတောင်း ခန်းမ၊ ဗလီစတာတွေကို စိတ်အေးလက်အေးသွား နေနိုင်တယ်၊အဲသလို သွားတဲ့အတွက် အဖမ်းခံရမှာ၊ အနှိပ်စက်ခံရမှာ ၊အသတ်ခံရမှာ လုံးလုံးစိုးရိမ်စရာ မရှိဘူးဆိုရင် သင်ဟာ ကမ္ဘာ မှာ အဲဒါမျိုးကို စိုရိမ်တကြီးဖြစ်နေရ ရှာတဲ့လူပေါင်း (၃) ကုဋေ ထက် ပိုကံကောင်းနေပါတယ်။

စားစရာတွေက မီးဖိုချောင်ထဲမှာ ၊ ကြောင်အိမ်ထဲမှာ သူ့ဟာလေးနဲ့သူရှိနေတယ်။ ခါးပေါ်မှာ အ၀တ်လည်း ရှိနေတယ်၊ အမိုးအကာအောက်မှာ ကျောခင်းစရာနေရာလေးတစ် နေရာ ရှိနေတယ်ဆိုရင် သင်ဟာ ကမ္ဘာ့ လူဦးရေရဲ့ (၇၅%) ထက်ပိုပြီး ချမ်းသာနေပါတယ်လို့ မှတ်ယူနိုင်ပါတယ်။

ဘဏ်တိုက်ထဲမှာ ငွေလေးကြေးလေးရှိတယ်။ ဒါမှမဟုတ် အိတ်ကပ်ထဲမှာ ငွေစ ၊ကြေးစ လေးတွေရှိနေတယ်၊ အိမ်ထဲမှာလည်း ပိုက်ဆံအနည်းကျဉ်းရှိနေတယ်ဆိုရင် သင် ဟာ ကမ္ဘာ့ မရှိမရှားလူတန်းစား (၈) ရာခိုင်နှုန်းထဲမှာ ပါတယ်လို့မှတ်ယူနိုင်ပါတယ်။

သည်အထဲမှာမှ မိစုံ ဖစုံလည်းရှိသေးတယ်။ အမေနဲ့အဖေနဲ့ ကလည်း အခုအချိန် အထိ ပေါင်းဖက်နေကြသေးတယ် ဆိုရင်တော့ ကမ္ဘာရှားစာရင်းထဲမှာ တောင် သင်ပါပြီးသွား ပါပြီ။

အခု ရေးထားတဲ့ စာကို ဖတ်နေနိုင်ပြီဆိုရင် တော့ သူငယ်ချင်းရေ မင်းဟာ ကမ္ဘာ မှာ ရှိတဲ့ စာမရေး တတ်၊ မဖတ်တတ်ရှာတဲ့ လူပေါင်း သန်း ၂၀ ကျော် ( ၂ ကုဋေ ) ထက်ကံကောင်းတဲ့သူ ဖြစ်နေတာအသေအချာ ပဲပေါ့နော် ။

အဲဒီလို စဉ်းစားကြည့်ရင် လောကကြီးဟာထင်သလောက် မဆိုးဘူးဆိုတာ တွေးနိုင် လာကြမယ် ထင်ပါတယ်။

Posted by Nanda on August 5, 2009 at 9:30am 

မဟတ္တမ ဂန္ဓီရဲ့  ဖိနပ်တစ်ရံ

India နိုင်ငံရဲ့ လွတ်လပ်ရေးဖခင်ကြီး ဂန္ဓီ ရဲ့ အတုယူ စံပြထိုက်ဖွယ် ဖြစ်ရပ်လေးပါ


 

တစ်နေ့ မဟတ္တမ ဂန္ဓ္ဓီကြီး ခရီးသွားရန် ရထားပေါ်အတက်မှာ သူ၏ ဖိနပ်တစ်ဖက် ကျွတ်ပြီးအောက်ဘက်သံလမ်းပေါ်ကျသည်။ရထားကထွက်စပြုနေပြီဖြစ်ရာသူ ကောက်မယူနိုင်တော့။

ဘေးလူတွေ ငေးကြည့်နေကြဆဲ ဂန္ဓီကအေးအေးဆေးဆေးပင် သူ့မှာ ကျန်နေသေးသည့် ဖိနပ်တစ်ဖက် ကို ချွတ်ကာ စောစောက ကျွတ်ကျခဲ့သည့် နေရာဘက်ဆီသို့ လှမ်းပစ်လိုက်သည်။


“ဟာ…ဘာလုပ်တာလဲ” ခရီးသည်တစ်ယောက်က မေးသည့်အခါ ဂန္ဓီကြီးက ပြုံးပြီး “စောစောက တစ်ဖက်တည်းကောက်ရမယ့်လူ အခုတော့တစ်ရံ ရသွားမှာပေါ့ဗျာ ၊ အဲဒါဆို သူစီးလို့ ရသွားပြီ” ဟု ဖြေလေသည်။

http://newworldnanda.ning.com/

Ref ;The Little, Brown Book of Anecdotes 

Posted by Nanda on August 3, 2009 at 8:30pm 

နှလုံးသားအတွက် တစ်သက်တာ အာဟာရ

ကိုယ့်ရဲ့ စစ်မှန်တဲ့ စေတနာ မေတ္တာနဲ့ ပြုလုပ်ပေးခဲ့တဲ့ အပြုမူလေးတစ်ခုဟာ ဘယ်လောက်ထိ တာသွားသလဲ ..ဒီလိုအဖြစ်ပျက်လေးတွေလည်းရှိခဲ့ဘူးတာကို ဖတ်ကြည့်ပါဦး


သူ့နာမည် မာ့ခ် အက္ကလွန်။ သူက တကယ့်ကို ရှားရှားပါးပါး လူစားမျိုး။


မင်နီဆိုတားပြည်နယ် ၊ မောရစ်မြို့ကလေးရှိစိန့်မေရီကျောင်းမှာ တတိယတန်း ကလေးတွေ စာသင်ပေးရစဉ်သူ့ကိုကျွန်မ စ,တွေ့ခဲ့ခြင်းဖြစ်သည်။ အတန်းသား ၃၄ ယောက်လုံးပင် အလွန်ချစ်စရာကောင်းလှသည်။ သည်အထဲမှာမှ မာ့ခ်က ပို၍ ထူးထူးခြားခြား။


လူက အလွန်သပ်ရပ်သန့်ပြန့်သည်။ အမြဲ ရွှင်ရွှင်ပျပျ တက်တက်ကြွကြွရှိသည်။ တစ်ခါတစ်လေ သူ ဆိုးတတ်သည်။ သို့သော် ဆိုးတာလေးသည်ပင် ရယ်ရွှင်ချင်စရာ။


သူက စကားလည်း အလွန်များသည်။ ဘယ်တော့မှ ပါးစပ်ပိတ်မနေနိုင်။ အတန်းထဲမှာ ဆရာမ ခွင့်ပြုချက်မရဘဲ စကားပြောလျှင် အပြစ်ဖြစ်ကြောင်း သူ့ကိုခဏခဏ သတိပေးရသည်။ သို့သော် သူနှင့် ပတ်သက်၍ ကျွန်မ အထင်ကြီးမိရတာ တစ်ခုတော့ ရှိသည်။ အဲဒါက သူ့ကို အပြစ်ဒဏ်ပေးသည့်အခါတိုင်း “ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ” ဟူ၍ တကယ်အရိုးခံ နှင့် ပြန်လည်ပြောဆိုတတ်ခြင်းဖြစ်သည်။ အစတွင်တော့ သူ့စကားက နားထဲမှာ တမျိုးကြီး ဖြစ်နေသည်။ နောက်တော့လည်း နေ့စဉ် အကြိမ်ပေါင်းများစွာ ကြားရကာ တဖြည်းဖြည်း ရိုး၍သွားသည်။


တစ်နေ့ နံနက်မှာတော့ မာ့ခ်ကို စကားမပြောဖို့ပြောရတာ အကြိမ်ပေါင်း များလွန်းသဖြင့် ကျွန်မ စိတ်မရှည်ဖြစ်ကာ ဆရာမပေါက်စများ ထုံးစံအတိုင်း အမှားတစ်ခုကို ကျူးလွန်မိသည်။ မာ့ခ်ကို စေ့စေ့ကြည့်ကာ “နောက်ထပ် စကားတစ်ခွန်း ပြောရင် မင်းပါးစပ် ကို ပလာစတာ နဲ့ ကပ်ထားမယ်” ဟူ၍ ပြောလိုက်မိခြင်းဖြစ်ပင်။


ဆယ်စက္ကန့်မှပင် မကြာပါ။ “မာ့ခ် စကားပြောနေပြန်ပြီ” ဟူ၍ ချပ်က လှမ်းတိုင် သည်။ အတန်းသားများအား မာ့ခ်ကို စောင့်ကြည့်ပေးရန် ကျွန်မ အကူအညီတောင်းထား သည်တော့ မဟုတ်။ သို့သော် မာ့ခ်နောက်ထပ် စကားပြောလျှင် ဘယ်လို အပြစ်ပေးမည် ဆိုတာ အားလုံးရှေ့မှာ ကျွန်မကြေညာမိခဲ့ပြီးဖြစ်ရာ ယခုပြစ်မှုကျူးလွန်ပြီဆိုတော့ ကျွန်မ အပြစ်မပေးဘဲ နေ၍မဖြစ်တော့။


အဲသည်တုန်းကအကြောင်းကို သည်ကနေ့မနက်မှ ဖြစ်ပျက်ခဲ့သလိုကျွန်မ အာရုံထဲ တွင်ပြက်ပြက်ထင်ထင် မြင်နေဆဲဖြစ်သည်။ စားပွဲဆီသို့ ကျွန်မလျှောက်သွားသည်။ အံဆွဲကို ဖြည်းဖြည်းချင်း ဖွင့်သည်။ အထဲက ပလာစတာခွေပို ယူသည်။ အစ နှစ်စ ညှပ်သည်။ ပြီး နောက်မာ့ခ်ပါးစပ် ကြက်ခြေခတ် ကပ်ထားလိုက်ပြီး အတန်းရှေ့ပြန်လျှောက်လာသည်။


သူဘယ်လိုနေသလဲ လှမ်းကြည့်လိုက်တော့ သူက မျက်စိမှိတ်ပြသည်။


‘မှတ်ကရော…အခုတော့ စကားမပြောနိုင်တော့ဘူးမဟုတ်လား’ ဟုတွေးကာ သူ့ကို ကြည့်ပြီး ကျွန်မရယ်နေမိသည်။ ကျွန်မ သူ့ဆီပြန်သွားကာ ပလာစတာတွေ ပြန်ခွာပေး လိုက်တော့ တစ်ခန်းလုံး သြဘာသံတွေ ညံသွားသည်။ ပါးစပ်လည်း ဟ၍ရရော သူပြော လိုက်သည့်စကားက ထုံးစံအတိုင်း “ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ဆရာမ” ဟူ၍ပင်။


နောက်နှစ်တွေမှာ ကျွန်မ အလယ်တန်း (Junior High) အဆင့်တက်ကာ သချာင်္ ဘာသာ သင်ရသည်။ နှစ်တွေက အလျင်အမြန်ကုန်လွန်ခဲ့ရာ ဘာမျှပင် ကြာသည်မထင် လိုက်ရဘဲ မာ့ခ်တစ်ယောက် ကျွန်မအတန်းသို့ပြန်ရောက်လာသည်။ လူက အရင် ကထက် ပိုချောလာသည်။ အပြောအဆိုက ယခင်အတိုင်း ယဉ်ကျေးဆဲပင်။ သို့သော် ကိုးတန်းမှာ ကျွန်မသင်သည့် သချာင်္သစ်က အတော်ကြိုးစားပြီး လိုက်ရသည်ဖြစ်ရာ မာ့ခ်တစ်ယောက် အရင်ကလို စကားများများမပြောနိုင်ခဲ့။


တစ်ခုသော သောကြာနေ့တွင်မူ အခြေအနေကနည်းနည်းပိုဆိုးနေခဲ့သည်။ အဲသည် ရက်သတ္တပတ် တစ်ခုလုံး သင်္ချာသစ်သင်ခန်းစာတစ်ခုကို အတန်းသားများ အကြိတ်အနယ် ကြိုးပမ်းတွက်ချက်ခဲ့ကြရသည်။ သင်ခန်းစာက ခက်တော့ ကလေးတွေ စိတ်ပင်ပန်းကာ တစ်ဦးအပေါ် တစ်ဦးလည်း ခါတိုင်းလိုသည်းညည်းမခံနိုင်ဘဲ အလွယ်တကူ စိတ်တိုနေ ကြသည်။ သို့နှင့် အခြေအနေတွေ သည့်ထက် ဆိုးရွားမသွားမီ ထိန်းသိမ်းရန် အစီအစဉ် တစ်ခု ကျွန်မပြုလုပ်သည်။


ကျွန်မအစီအစဉ်က အတန်းသားတစ်ဦးချင်းအားမိမိ အတန်းဖော်များအမည်ကို တစ်ခုနှင့်တစ်ခု နည်းနည်းစီ ချဲ၍ တန်းစီလျက် ဗလာစာရွက်တွင် ရေးချစေသည်။ ထို့နောက် အမည်တစ်ခုစီ၏ အနီးတွင် ချန်ထားသည့် ကွက်လပ် အသီးသီး၌ ၄င်းအတန်းဖော် သူငယ်ချင်းနှင့် ပတ်သက်၍မိမိမြင်သည့် အကောင်းဆုံးအချက်တစ်ခုစီကို စဉ်းစားရေးသား ကြစေသည်။ ထို့နေ့က ကျန်ရှိသည့် စာသင်ချိန်လေးမှာ ၄င်းကထင်မြင်ချက်များ ရေးသားကြရင်းပင် ကုန်ဆုံးသွားသည်။ အတန်းပြီးသည့်အခါ ကျောင်းသူကျောင်းသား အားလုံး သူတို့စာရွက်ကလေးတွေ ကိုယ်စီ ကျွန်မဆီ အပ်ပြီး ပြန်ကြသည်. ချပ်က ကျွန်မကို ပြုံးပြသည်။ မာ့ခ်ကတော့ ထုံးစံအတိုင်း “ကျွန်တော့်ကို ဆုံးမတဲ့အတွက် ကျေးဇူးတင်ပါတယ် ၊ အားလပ်ရက်မှာ ဆရာမ ပျော်ရွှင်ပါစေ” ဟူ၍နှုတ်ဆက်သည်။


အဲသည် စနေနေ့မှာ ကျောင်းသားကျောင်းသူတစ်ဦးစီ၏ အမည်ကို စာရွက်လွတ် တစ်ရွက်စီ ထိပ်တွင် ကျွန်မ ရေးထိုးပြီးနောက် ၄င်းတစ်ဦးစီနှင့် ပတ်သက်သည့် အတန်းဖော် သူငယ်ချင်းအသီးသီးတို့၏ မှတ်ချက်များကို စီတန်း၍ ရေးချသည်။ တချို့အတွက် တစ်ရွက် ရေးရသည်။ တချို့အတွက် နှစ်ရွက်။


တနလာင်္နေ့ ရောက်သောအခါ အဲသည်စာရွက်များကို သက်ဆိုင်သူ အသီးသီးသို့ ကျွန်မ ဖြန့်ဝေပေးလိုက်သည်။ သည်စာရွက်တွေ ဖတ်ကာမကြာမီပင်တစ်တန်းလုံး ပြုံးလာ ကြတာ တွေ့ရသည်။


“ဟယ်…တကယ်လား ၊ ငါက သူများတွေဒီကိစ္စ သတိထားမိမယ်တောင် မထင်ဘူး”


“ငါ့ကို သူများတွေ သူများတွေ ဒီလောက်သဘောကျလိမ့်မယ်လို့ လုံးဝထင်မထားဘူး”


စသည့် တီးတိုးမှတ်ချက်ချသံများကျွန်မကြားရသည်။


သို့သော် နောက်ပိုင်းမှာတော့သည်စာရွက်များနှင့်ပတ်သက်၍ မည်သူ့ထံကမျှ စကားတစ်ခွန်း တစ်ပါဒ မကြားရတော့ပါ။ စာသင်ချိန်အပြီးမှာသူတို့အချင်းချင်း ဆွေးနွေး ပြောဆိုကြတာ ၊ ဒါမှမဟုတ် အိမ်မှာ မိဘများကို ပြကြ ပြောကြတာတွေတော့ ရှိလေမလား မပြောတတ်ပါ။


သို့သော် အဲသည် ဝေဖန်ဆွေးနွေးမှုတွေ ရှိ ၊ မရှိဆိုတာက အရေးမကြီးပါ။ အရေး ကြီးသည်က သည်စာရွက်တွေ ပေးလိုက်ပြီးသည့်နောက်ပိုင်း သူတို့တစ်တွေ ပြောင်းလဲ သွားခြင်း ဖြစ်ပါသည်။ အတန်းသူ အတန်းသားတွေ အားလုံး ရွှင်ရွှင်ပျပျဖြစ်လာကြပြီး တစ်ဦး ကိုတစ်ဦးလည်း ယခင်က နည်းတူ ခင်ခင်မင်မင် ပြန်လည် ဆက်ဆံလာကြပါသည်။


သည်လိုဖြင့် အချိန်တန်တော့လည်း မာ့ခ်တို့ အုပ်စု ကျွန်မလက်က ထွက်ကာ အတန်းသစ် အဆင့်ဆင့်တွေတက်သွားကြပါသည်။


ကြားမှာ နှစ်ပေါင်း အတော်ကြာခဲ့သည်။ တစ်နေ့ ကျွန်မ အပန်းဖြေခရီးမှ ပြန်လာ တော့ မိဘများက ကျွန်မကို လေဆိပ်မှာ လာကြိုကြသည်။ အိမ်သို့အသွား ကားပေါ်တွင် ရာသီဥတု အကြောင်း ၊ ကျွန်မခရီးစဉ် အတွေ့အကြုံများအကြောင်းတွေ မေးမြန်းပြောဆို လာကြရင်း စကားစ နည်းနည်းပြတ်သွားချိန်တွင် အမေက အဖေ့ဘက် လှည့်ကာ အချက် ပေးသည့် လေသံဖြင့် “အဖေကြီး” ဟု ဆိုလိုက်သည်။ အဖေက ချောင်းတစ်ချက် ဟန့်ကာ စကား စ,သည်။


“အက္ကလွန်းမိသားစု ညတုန်းက ဖုန်းဆက်တယ်”


“ဟုတ်လား ၊ သူတို့နဲ့ အဆက်အသွယ်ပြတ်နေတာ တောင် နှစ်ပေါင်ကို မနည်းဘူး ကြာပြီနော် ၊ မာ့ခ် တစ်ယောက်လဲ ဘယ်လိုနေသလဲ မသိဘူး” ကျွန်မက ပြန်ပြောလိုက်မိ သည်။


အဖေက တည်ငြိမ်စွာပင် ဆက်ပြောသည်။


“မာ့ခ် ဗီယက်နမ်မှာ ကျသွားတယ်…၊ နက်ဖြန် သင်္ဂြိုဟ်မှာ ၊ သူတို့မိသားစုက သမီးကို အသုဘ လိုက်ပို့စေချင်ကြတယ်”


သည်ကနေ့တိုင်အောင်ပင် အဖေ ကျွန်မအား မာ့ခ်ကွန်လွန်သည့်သတင်းကို လမ်းမကြီးပေါ်က ဘယ်နေရာနားမှာ ပြောပြခဲ့သည်ဆိုတာ ကျွန်မ တိတိကျကျ အမှတ်ရနေ ဆဲ ဖြစ်သည်။


စစ်သည်တော်တစ်ဦး၏ ရုပ်အလောင်းအား စစ်ဘက်ဆိုင်ရာ အဆောင်အယောင် အခမ်းအနားများနှင့် ပြင်ဆင် နေရာချထားပုံကို ကျွန်မ တစ်ခါမျှ မကြည့်မမြင်ဖူးပါ။ မာ့ခ်၏ ရုပ်သွင်က တကယ်ပင် ရင့်ကျက်ခံ့ညား၍ နေသည်။ ကျွန်မ ရင်ထဲတွင်ကား မာ့ခ်ရယ်…မင်း သာ စကားပြောနိုင်မယ်ဆိုရင် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ပလာစတာတွေအားလုံး ငါ ပေးပစ် လိုက်မှာပါ ဟူ၍သာ ပြောဆိုနေမိခဲ့သည်။


အဲသည်နေ့က ဘုရားရှိခိုးကျောင်းမှာ မာ့ခ်၏ သူငယ်ချင်းတွေ အပြည့် ရောက်ရှိနေ သည်။ ချာလီ၏ ညီမက တေးသီချင်း သီဆိုသည်။ သင်္ချိုင်းနေရာဘေးမှာ အနေရခက်လှ သည့်အထဲ မိုးက ရွာချပြန်သည်။ ဘုန်းတော်ကြီးက ထုံးစံအတိုင်း ဆုတောင်းပတ္ထနာပြုပြီး နောက်စစ်သည်တော်တစ်ဦးက ခရာမှုတ်သည်။


ထို့နောက် မာ့ခ်ကို ချစ်ခင်ကြသူများ သူ့ခေါင်းတလား အနီးသို့ နောက်ဆုံးအကြိမ် အဖြစ် ချဉ်းကပ် ဖြတ်သန်းကြကာ သန့်ရှင်းသော ရေစင်တော် ဖျန်းပက်ကြသည်။


အားလုံးနောက်တွင်မှ ကျွန်မ မာ့ခ်ရုပ်ကလာပ်ကိုကောင်းချီးမင်္ဂလာပေးသည်။ ခေါင်းတလားအနီး ကျွန်မရပ်နေဆဲ စောစောက ခေါင်းထမ်းရာတွင် ပါဝင်သည့် စစ်သား လေးတစ်ယောက် အနားကပ်လာကာ “မာ့ခ်ရဲ့ သင်္ချာဆရာမလားခင်ဗျာ…” ဟု မေးသည်။ ကျွန်မက ခေါင်းညိတ်ပြကာ ခေါင်းတလားကိုပင် မမှိတ်မသုန် ကြည့်နေမိသည်။ “ဆရာမ အကြောင်း သူ အမြဲပြောတယ်” သူက ဆက်ပြောနေသည်။


ဈာပနာ အခမ်းအနား ပြီးသည့်နောက် မာ့ခ်နှင့်တစ်တန်းတည်းတက်ခဲ့သည့် သူငယ်ချင်းတစ်သိုက် ချာလီ၏ လယ်တောအိမ်သို့နေ့လယ်စာ စားရန် သွားရောက်ကြသည်။ အဲသည်မှာ မာ့ခ်၏ အဖေနှင့်အမေ လည်းရောက်နေကြသည်။ ကျွန်မအား တွေ့ရန် စောင့် ဆိုင်းနေကြခြင်းပင်။


“ဆရာမကို ပြစရာတစ်ခုရှိတယ်” မာ့ခ်၏ အဖေက ဆိုကာ သူ့ပိုက်ဆံအိတ်ကို ထုတ်သည်။


“မာ့ခ် ကွန်လွန်တဲ့အချိန် သူ့ကိုယ်ပေါ်မှာ ဟောဒီဟာလေး တွေ့ရတယ်လို့ ဆိုတယ် ၊ ဆရာမ မှတ်မိလိမ့်မယ်လို့ထင်ပါတယ်”


သူက ပိုက်ဆံအိတ်ကိုဖွင့်ကာ နွမ်းကြေစုတ်ပြတ်နေပြီဖြစ်သည့် ဗလာစာရွက်စ နှစ်ခု ကို ဂရုတစိုက် ထုတ်ယူသည်။ စက္ကူစများက ဖြန့်လိုက် ခေါက်လိုက် လုပ်ဖန်များသဖြင့် ခေါက်ရိုးနေရာမှ ပြတ်တောက်ကာ တိပ်စများနှင့်ပင် အကြိမ်ကြိမ်ပြန်ကပ်ထားခဲ့ပုံ ပေါ်နေ သည်။ ကျွန်မ သေသေချာချာပင် ကြည့်စရာ မလိုပါ။ အတန်းဖော် သူငယ်ချင်းများ ရေးသည့် မာ့ခ်အကြောင်းအကောင်းဆုံး မှတ်ချက်တွေကို စုစည်းပေးထားသည့် မှတ်တမ်း စာရွက် များဖြစ်ကြောင်း ကျွန်မသိပါသည်။


“ဒီအတွက် ဆရာမကို အများကြီး ကျေးဇူးတင်ပါတယ် ၊ ဆရာမမြင်တဲ့အတိုင်း သူက ဒီဟာလေးကို သိပ်တန်ဖိုးထားတာ” မာ့ခ်၏ မိခင်က ဆိုရှာပါသည်။


မာ့ခ်၏ အတန်းဖော်တွေ ကျွန်မတို့ အနီးသို့ ချဉ်းကပ်လာကြသည်။ ချပ်က ရှက်ပြုံး ကလေး ပြုံးကာ “ကျွန်တော်လဲ ကျွန်တော့်စာရွက်လေးကို သိမ်းထားပါတယ် ၊ အိမ်က ကျွန်တော့်စားပွဲ အပေါ်ဆုံး အံဆွဲထဲမှာ အမြဲ ရှိတယ်”


“ချာလီကလဲ သူ့စာရွက်ကလေးကို ကျွန်မတို့ လက်ထက်ပွဲ အယ်လ်ဘမ်ထဲမှာ ထည့်ထားခိုင်းတာဗျ” ချာလီ၏ ဇနီးက ၀င်ပြောသည်။


“ကျွန်မမှာလဲ ရှိတယ် ၊ ဒိုင်ယာရီထဲ ညှပ်သိမ်းထားတယ်” မာရီလင်က ဆိုသည်။


ထို့နောက် နောက်ထပ် အတန်းဖော်တစ်ဦး ဖြစ်သူဗစ်ကီက လက်ပွေ့ အိတ်ထဲမှ ပိုက်ဆံအိတ်ကို နှိုက်ဖွင့်ပြီး သူ့စာရွက် ကြေကြေမွမွလေးကို ထုတ်ပြသည်။ “ကျွန်မကတော့ ဒါလေးကို အမြဲ ကိုယ်နဲ့မကွာ ဆောင်ထားတယ် ၊ ကျန်တဲ့ သူငယ်ချင်းအားလုံးလဲ သူတို့ စာရွက်တွေ ရိုရိုသေသေသိမ်းထားကြမှာပါ” ဟူ၍သူကဆိုသည်။


သည်ဟာတွေ ကြားရပြီသည့်နောက်တွင်တော့ ကျွန်မ လုံးဝထိန်းထားနိုင်စွမ်း မရှိ တော့ပါ။ အဲသည့်နေရာမှာပင် ထိုင်ကာ ကျွန်မ ငိုချလိုက်မိပါသည်။ မာ့ခ်အတွက်ရော မာ့ခ်ကို နောက်ထပ်ဘယ်သောအခါမျှ တွေ့နိုင်ကြမှာ မဟုတ်တော့သည့် သူ့ သူငယ်ချင်း များ အတွက်ပါ ကျွန်မ ငိုလိုက်မိခြင်း ဖြစ်ပါသည်။


Helen P.Mrosla ၏ All The Good Things

ဆရာဖေမြင့် ဘာသာပြန်ရေးသားထုတ်ဝေခဲ့တဲ့ နှလုံးသားအာဟာရ ရသစာများစာအုပ်ငယ် မှ ရေးသားဖော်ပြထားတာပါ။ 

Posted by Nanda on August 3, 2009 at 8:30pm 

ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ


    "ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ" ဆိုတဲ့ မေးခွန်းကို အဖြေ မမှန်မချင်း မေမေ မေးနေတတ်တယ်။ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ မေမေ မေးလေ့ရှိတဲ့ မေးခွန်းကို ကျနော် ဖြေလိုက်တိုင်း မှားတယ်ချည်း အပြောခံနေရတယ်။
ကျနော် ခပ်ငယ်ငယ်ကပေါ့။ လူသားတစ်ယောက်အနေနဲ့ အသံက သိပ်အရေးကြီးမယ်လို့ ထင်ခဲ့တာ။ "မေမေ၊ ကျနော့် နားတွေက အရေးအကြီးဆုံး မဟုတ်လား" လို့ အဖြေပေးခဲ့ဖူးတယ်။ မေမေက ပြန်ပြောတယ်။
"မဟုတ်ဘူး သားရဲ့။ နားပင်းနေတဲ့ လူတွေ အများကြီး ရှိတယ်လေ။ သား သေချာ ထပ် စဉ်းစားကြည့်ပါဦး။ မေမေ နောက်မှ ထပ်မေးမယ်"

နှစ်နည်းနည်း ကြာတော့ မေမေ အဲဒီ မေးခွန်းကို ထပ်မေးလာတယ်။


ပထမတစ်ခေါက် ဖြေပြီးကတည်းက အဖြေမှန်ရဖို့ အတော်လေး မျှော်လင့်ခဲ့မိတယ်။ ဒီတစ်ခါ ကျနော် မေမေ့ကို ဖြေလိုက်တာက "မေမေ၊ အမြင်အာရုံက လူတိုင်းအတွက် အင်မတန် အရေးကြီးတယ်လေ။

      ဒီတော့ အဖြေက ကျနော်တို့ရဲ့ မျက်လုံးတွေပဲ ဖြစ်ရမယ်" မေမေ ကျနော်ကို စူးစူးစိုက်စိုက် ကြည့်ပြီး ကရုဏာလေသံနဲ့
"သားက အတော်လေး စဉ်းစားလာနိုင်ပြီပဲ။ ဒါပေမယ့် အဖြေက မှားနေသေးတယ်။ လောကမှာ မျက်စိမမြင်တဲ့ လူတွေ အများကြီးရှိတယ် သားရဲ့" လို့ ပြန်ပြောသွားတယ်။

ကျနော် စိတ်လေသွားခဲ့ပြန်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဖြေမှန်ရအောင်တော့ ကျနော် ဆက်ကြိုးစားဖို့ အားမာန် အပြည့်နဲ့ပါ။ တွေးတတ်ခေါ်တတ်ဖို့ အမေရဲ့ လေ့ကျင့်ခန်းကို ကျနော် မမေ့မလျော့ အမြဲ လုပ်နေဖြစ်တယ်။ ဒီနှစ်တွေ ကြားမှာလည်း မေမေ့ကို ခဏခဏ ဖြေပေးဖူးတယ်။ ဒါပေမယ့် အမေဆီက ကြားရတဲ့ အားပေးစကားက မပြောင်းလဲခဲ့ဘူး။

"မဟုတ်သေးဘူး သား။ ဒါပေမယ့် လူလေးက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး တွေးတတ်ခေါ်တတ်လာတာပဲ"

တစ်နှစ်တော့ ကျနော့ အဘိုး ဆုံးတယ်။ အားလုံး အတော်လေး စိတ်ထိခိုက်ကြတယ်။ အားလုံးလည်း ငိုခဲ့ကြတယ်။ ကျနော်ရဲ့ အဖေတောင် ငိုတယ်။ ကျနော် ကောင်းကောင်း မှတ်မိတာပေါ့။ ဘာလို့လဲဆို ဖေဖေ ငိုတာကို ဒါပါနဲ့ဆို နှစ်ခါပဲ မြင်ဖူးသေးတာ။


အသုဘ အခမ်းအနားမှာ အခေါင်းပိတ်ဖို့ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် အဘိုးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ကြတယ်။ ကျနော်တို့ အလှည့်လည်း ရောက်ရော အမေက ကျနော်ကို လှမ်းကြည့်တယ်။ နောက်ပြီး သူ ကျနော်ကို လှမ်းပြောလိုက်တယ်။

"အရေးကြီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာလဲဆိုတာ အခု သိပြီလား၊ သား"

ဒီလို အချိန်မျိုးမှာ ဒီမေးခွန်း မေးလာလိမ့်မယ်လို့ ထင်ကို မထင်ထားမိဘူး။ အမေးခံလိုက်ရတော့ အတော်လေး ထွေသွားတယ်။ သူနဲ့ ကျနော် နှစ်ယောက်တည်း ဆော့တဲ့ ဂိမ်းတစ်ခုပဲလို့ ကျနော် ထင်နေခဲ့တာလေ။ အူကြောင်ကြောင်ဖြစ်နေတဲ့ ကျနော်မျက်နှာကို အကဲခတ်မိတဲ့ မေမေက

"ဒီမေးခွန်းက သိပ်အရေးကြီးတယ်၊ သား။ ဘဝမှာ တကယ်ပဲ အသက်ရှင်လျက် နေထိုင်နေသလား ဆိုတာကို သိဖို့ ဒီအဖြေက အရေးပါတယ်။ ဟိုးအရင်က အစိတ်အပိုင်း အတော်များများကို သားအဖြေပေးဖူးတယ်။ ပေးတိုင်းလည်း မှားတယ်ဆိုတဲ့အကြောင်း မေမေ ဥပမာနဲ့ အမြဲ ရှင်းပြခဲ့တယ်။ ဒါပေမယ့် ဒီနေ့တော့ အရေးကြီးတဲ့ ဒီ သင်ခန်းစာကို သားအနေနဲ့ မှတ်ကို မှတ်သားမှ ဖြစ်မယ်။"

မိခင်တစ်ယောက်ရဲ့ ကရုဏာမျိုးနဲ့ ကျနော်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး ပြောလာတယ်။ သူရဲ့ မျက်ဝန်းအိမ်အပြည့် မျက်ရည်တွေနဲ့ ဖုံးလွမ်းနေတာ ကျနော် သတိထားမိတယ်။

"သား ... မင်းရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းက မင်းရဲ့ ပုခုံးတွေပဲ"

"ကျနော့် ခေါင်းကို ထမ်းပိုးထားရလို့လား မေမေ"

"မဟုတ်ဘူး၊ သား။ သားရဲ့ ပုခုံးနဲ့ သူငယ်ချင်း ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူရဲ့ ခေါင်းကို မှီခွင့် ပေးထားနိုင်တယ်လေ။ သူတို့ ငိုရင်ပေါ့။ လူတိုင်းလူတိုင်း သူတို့ရဲ့ ဘဝမှာ အကြောင်း တစ်မျိုးမျိုးကြောင့် ငိုကြရရင် အမှီပြုဖို့ ပုခုံးတစ်ဖက်တော့ လိုမယ်၊ သား။ သားမှာ လုံလောက်တဲ့ အချစ်တွေ ရှိဖို့ပဲ မေမေ မျှော်လင့်တယ်။ အဲဒီလို အချစ်တွေကြောင့် သား လိုအပ်တဲ့အခါ ပုခုံးမှီပြီး ငိုနိုင်မယ့် သူငယ်ချင်းတွေ များများ ရှိပါစေလို့လည်း မေမေ အမြဲ ဆုတောင်းပေးနေပါတယ်"

သင် ပြောခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။

သင် လုပ်ခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။
ဒါပေမယ့်
သင့်ကြောင့် သူတို့ ဘယ်လို ခံစားသွားရသလဲ ဆိုတာကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။


Posted by flora flora on July 31, 2009 at 12:00am 

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>