အဝေးပြေးကားပေါ်မှာ တစ်ညလုံးဖွင့်ထားသည့် ဒီဗီဒီစက်က ခရီးသည်တို့၏
အနားယူ လိုမှု ကို နှောင့်ယှက်လျက်။ ဟိုးလေး ငါးအိမ်ကျော်က အသံချဲ့စက်သံက
လမ်းသူလမ်းသားများ၏ အိပ်စက်ခြင်းကို နှောင့်ယှက်လျက်။ ကပ်လျက်တိုက်ခန်းဆီက
ရုပ်ရှင် ဇာတ်ဝင်ခန်း ငိုသံယိုသံ တိုက်သံခိုက်သံတွေက အခန်းအိမ်နီးခြင်း
များကို နှောင့်ယှက်လျက်။ မိန်းမတစ်သိုက်တို့၏ အတင်းအဖျင်းပြောသံ များက
လုပ်ဖော်ကိုင်ဖက်များ၏ အလုပ်ဇောကို နှောင့်ယှက်လျက်။ ဆူညံပွက်ထနေသည့်
သီချင်းသံတွေက စားသောက်ဆိုင်ထဲက စားသောက်နေသူများကို နှောင့်ယှက်လျက်။ ဆရာတော်ဒေါက်တာ
ရှင်ဥာဏိဿရကမူ အဓိပ္ပာယ်တစိုးတစိမှ မသိပါဘဲနှင့် ပါဠိပါဠ်သားတို့
ရွတ်ဆိုနေခြင်းကိုပင် သဘောမကျကြောင်း တရားပွဲတစ်ခု၌ မိန့်မြွက်ဖူးပါသည်။
(တစ်)
မည်သည့်အသံကိုမျှ မကြားရသည့် ခေတ်မီဟိုတယ်ကြီးတစ်ခုထဲ၌
ကျွန်တော်တည်းခိုဖူးခဲ့သည်ဟု ဆိုလျှင် အံ့သြ၍များ သွားလေ မလားမသိ။
ဟုတ်ပါသည်။ မည်သည့်အသံကိုမှ မကြားရသည့် ဟိုတယ်ကြီးပဲဖြစ်ပါသည်။ ဤနေရာ၌
မည်သည့်အသံဆိုသည်မှာ လူသံ သူသံများနှင့် စက်သံများ ကိုသာ
ဆိုလိုခြင်းဖြစ်ပြီး သဘာဝကျေးငှက် တိရစ္ဆာန်ကလေးတို့၏ အသံများကား မပါဝင်ပါ။
ငှက်ကလေး တစ်ကောင် တစ်လေက ချိုမြစွာ မြည်ကြွေးလိုက်သော အသံမျိုးကို
ရံဖန်ရံခါ ကြားရတတ် သည်ကလွဲ၍ လူတို့၏ ပယောဂကြောင့်.. ဖြစ်သော အသံများ
လုံးဝကင်းစင် လွတ်မြောက်နေသည့် ဟိုတယ်ပဲ ဖြစ်ပါသည်။