ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ပံ့သကူဒုကုဋ် သင်္ကန်းကို ခံယူရရှိသော ဓုတင် ဧတဒဂ်ဘွဲ့ ရ “အရှင်မဟာကဿပ မထေရ်မြတ်”သည်နောက်ပါ ရဟန်း (၅၀၀)ဖြင့် “ပါဝါပြည်”မှ“ ကုသိနာရုံ”သို့ ဗုဒ္ဓမြတ်စွာ အား ဖူးမြော်ရန် ကြွတော်မူလာစဉ် လမ်းခရီးအလယ် ၌ တက္ကတွန်း တစ်ဦး ထံမှ “ကုသိနာရုံ၊ မလ္လာမင်း အင်ကြင်းဥယျာဉ်ဝယ် ဗုဒ္ဓဘုရားရှင် ပရိနိဗ္ဗာန် စံဝင်တော်မူသည်မှာ (၇)ရက် ကြာပြီဖြစ်ကြောင်း”သတင်းစကားကြားသိရ၍ ရဟန်းတစ်ချို့ ယူကြုံးမရ ငိုကြွေးကြရာ ၊တောထွက်ရဟန်းကြီး “သုဘဒ်”မှ-
“ငါ့ရှင်တို့ငိုယိုပူဆွေးခြင်းမဖြစ်ကုန်နှင့်၊ယခုငါတို့လွတ်လွတ်လပ်လပ်ပြောဆိုနေထိုင်၍ခွင့်ရကြပြီ။ရဟန်းကြီးဂေါတမရှိစဉ်အခါတုန်းကအမျိုးမျိုးချုပ်ချယ်ခဲ့ကြရာယခုအခါဤပညတ်ချက်ချုပ်ချယ်မှုတို့မရှိပြီ ”ဟု ဆိုခဲ့၏။
ထိုသို့ပြောဆိုခဲ့သောတောထွက်ရဟန်းကြီးသုဘဒ်၏စကားသည်“အရှင်မဟာကဿပမထေရ်မြတ်ကြီး”၏ဦးထိပ်ပေါ်သို့ မိုးကြိုးစက်ကျသကဲ့သို့ခံစားခဲ့ရပြီးနောက်“သာသနာ့ အန္တာရာယ်အစ”ဟုအရှင်မဟာကဿပမထေရ် သိခဲ့ရသည်။
ထို့အတွက်ကြောင့် မထေရ်မြတ်ကြီးသည်..
(၁) မသူတော်တရားမပြန့်ပွားမီ။
(၂) သူတော်ကောင်းတရားမပျောက်ပျက်မီ။
(၃) အလ္လဇ္ဇီ အ၀ိနယ မထွန်းကားမီ။
(၄) လဇ္ဇီ ၀ိနည်းတရားမပျက်ပြားမီ။
(၅) အဓမ္မ၀ါဒီတို့ အင်အားမကောင်းမီ
(၆) ဓမ္မ၀ါဒီတို့အားမနည်းမီ။ “သင်္ဂါယနာ”တင်မှဖြစ်မည်ဟု စိတ်အကြံဖြစ်လျက်ကြိုးပမ်းဆောင်ရွက်ခဲ့ရသည်။