ကျွန်တော့်တကိုယ်လုံး ချွေးတို့ဖြင့် ရွှဲနစ်နေ၏။
အညာနွေနေ့လယ်ခင်း၏ ပွက်ပွက်ဆူမတတ်
အပူဒဏ် ကို ခန္ဓာကိုယ်သည်
သူတတ်နိုင်သရွေ့
ခုခံပေးနေပေသည်။ ကျွန်တော်သည်တောင်
ကျန်းမာ သန်စွမ်းနေသော
လူလတ်ပိုင်း ယောင်္ကျားတစ်ယောက်။ ကျွန်တော့်လို
ခုခံအားမရှိသူတွေ အဖို့ဆိုရင် ဘယ်လောက်များ ဒုက္ခရောက်လိုက်ပေမည်နည်း။
ကိုယ်ချင်းစာမိပါ၏ ။
ဒီလိုခြစ်ခြစ်တောက် အပူဒဏ်ကို အလိုအလျောက်
တုံ့ပြန်ပေးနေသော ကျွန်တော်တို့ လူသားတွေရဲ့
ခန္ဓာကိုယ်ကိုပဲ ကျွန်တော် ကျေးဇူးတင်မိပါသည်။ ဟုတ်ပါသည်။ ဤခန္ဓာကိုယ်တွင်
မမြင်နိုင်သော သဘာဝတုံ့ပြန်စွမ်းအားတွေရှိနေ၏ ။ဒီအရာတွေသည်ကပင်လျှင်
ကျွန်တော်တို့ကို
လူသားတစ်ဦးအဖြစ် ရပ်တည်ခွင့်ပေးနေသည် မဟုတ်ပါလော။
ဥပမာ
ခုလို ပူလောင်လှတဲ့ အနေအထားကိုပဲ ကြည့်ပါဦး။ ပတ်ဝန်းကျင်၏
အဆမတန်ပူလောင်မှုဒဏ်ကိုခန္ဓာကိုယ်သည် သူတတ်သရွေ့ မှတ်သရွေ့ ခုခံတုံ့ပြန်ပေးနေရ၏ ။ ဤသို့သော တုံ့ပြန်မှုတွေ ဖြစ်ပေါ်ဖို
့အတွက်တော့ ခန္ဓာကိုယ် အစိတ်အပိုင်းပေါင်းများစွာက တက်ညီလက်ညီ
ဆောင်ရွက်ပေးနေရသည် မဟုတ်ပါလော။
လူဟူသည် သွေးနွေးသတ္တ၀ါဖြစ်သည့်အလျောက်
ပတ်ဝန်းကျင်ရဲ့ အပူချိန်ပေါ်မူတည်ပြီး ခန္ဓာကိုယ်
အပူချိန်ကို
ပြောင်းပေးနိုင်စွမ်းရှိ၏ ။ ဒါသည်ပင် အလိုအလျောက်တုံ့ပြန်မှု
ဖြစ်သည်။ လူ့ခန္ဓာကိုယ် ၏ အပူချိန်ကို အဓိက
ထိန်းချုပ်ထားပေးနေသည့်အရာက ဦးနှောက်အတွင်းရှိ ဟိုက်ပိုသားလမက်
(Hypothalamus) ဟုခေါ်သော အစိတ်အပိုင်းလေးပင်ဖြစ်သည်။
ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှ အသီးသီး ပေးပို့လိုက်သော အချက်အလက်တွေပေါ်
မူတည်ပြီး ပူသည့်အချိန်တွင် ဘာလုပ်ရမည်၊
အေးသည့်အချိန်တွင် ဘာလုပ်ရမည်ဆိုတာကို သူသည် ကောင်းကောင်းသိ၏ ။
ခန္ဓာကိုယ်ရဲ့ အပူချိန်အချက်အလက်တွေကို ပို့ ပေးသည့်နေရာကတော့ ၂နေရာ
ရှိသည်။ အတွင်းဗဟိုအပူချိန် နှင့် အရေပြားရှိအပူချိန်တို့ပင်ဖြစ်သည်။
အတွင်းဗဟိုအပူချိန်ဆိုတာကတော့
ခန္ဓာကိုယ်၏ အတွင်းအင်္ဂါအစိတ်အပိုင်းများမှ ထုတ်လွှတ်သော
အပူချိန်ကို
ခေါ်ခြင်းဖြစ်၏ ။ ဦးနှောက်၊ အသဲ၊ နှလုံး၊ ကြွက်သား
အစရှိသည့်နေရာတို့ပင်ဖြစ်သည်။
ခန္ဓာကိုယ်အတွက် ပုံမှန် နွေးထွေးမှုရှိစေသော အပူ၏ဇစ်မြစ်သည် ဤအင်္ဂါအစိတ်အပိုင်းများမှ
အပူစတင်ထုတ်လွှတ်မှုကြောင့်ပင်ဖြစ်၏ ။ ပရိုတင်းတွေ အဆီတွေ အစရှိတာတွေကို ချေဖျက်ပြီး ဇီဝဖြစ်ပျက်ရာမှ
စွမ်းအင်နှင့်အတူ အပူသည် ထွက်ပေါ်လာရ၏ ။ အပူကို ခန္ဓာကိုယ်စွမ်းအင်
ဖြစ်ပေါ်မှု၏ နောက်ဆုံးထွက်ကုန်ဟု ခေါ်လို့ရပေသည်။
ဇီဝဖြစ်ပျက်မှုသည်လည်း အထက်ပါ အင်္ဂါအစိတ်အပိုင်းများမှ လုပ်ဆောင်ပေးခြင်းဖြစ်သည်။ ထို့ကြောင့် ဤအစိတ်အပိုင်းများသည် အပူစတင်ထုတ်လွှတ်ရာ ပင်မနေရာတွေပင်ဖြစ်သည်။
ထိုအစိတ်အပိုင်းများမှတဆင့် အပူကို အရေပြားသို့ လွှဲပြောင်းပေးသည်။
ထို့ကြောင့် သာမန်အားဖြင့်
ကျွန်တော်တို့ သွေးနွေးသတ္တ၀ါများ၏
ကိုယ်အပူချိန်သည် နွေးထွေးနေခြင်းဖြစ်သည်။ အရေပြားမှ တဆင့် မလိုသော
အပူတွေကိုတော့ ပတ်ဝန်းကျင်သို့
စီးဆင်းစွန့်ထုတ်ပေးလိုက်ပါသည်။ ဤသို့ ထုတ်လွှတ်လိုက်ရာတွင်
အပူတို့သည် ပတ်ဝန်းကျင်သို့ နည်းလမ်းသုံးသွယ်ဖြင့် ပျံ့နှံ့စေသည်။
ပထမနည်းလမ်းမှာ
အပူလှိုင်းပျံ့နှံ့ခြင်း ဖြစ်၏ ။ မျက်စိဖြင့်မမြင်နိုင်သော
အနီအောင်ရောင်ခြည်
အပူလှိုင်းများအားဖြင့် ၆၀ ရာခိုင်နှုန်းသော
အပူတို့ ကို ပတ်ဝန်းကျင်သို့ ပျံ့နှံ့စေသည်။ ဒုတိယနည်းကတော့ ဓါတ်ကူးခြင်းဖြစ်သည်။
ခန္ဓာကိုယ်အစိတ်အပိုင်းများနှင့်ထိနေသော ပစ္စည်းများပေါ်သို့
အပူပျံ့နှံ့စေခြင်းဖြစ်၏ ။
ကျွန်တော်တို့ ထိုင်နေ အိပ်စက်နေသည့် ကုလားထိုင်၊အိပ်ယာများ ပူနွေးလာသည်မှာ
ဤနည်းကြောင့်ပင်ဖြစ်သည်။ နောက်ဆုံးနည်းလမ်းကတော့
အငွေ့ပျံ့ခြင်း ဖြစ်၏ ။ အရေပြား၊
အဆုတ်တို့သည်
အထက်ပါနည်းဖြင့် အပူကို စွန့်ထုတ်ပေး၏ ။ ပူအိုက်သည့်အချိန်
ချွေးထွက်ခြင်းသည်
အငွေ့ပျံခြင်းပင် ဖြစ်သည်။
ခန္ဓာကိုယ်အပူချိန်သည်
ပတ်ဝန်းကျင်အပူချိန်နှင့် လိုက်လျောညီထွေမှုရှိရမည်။ ဥပမာ ခန္ဓာကိုယ်က
ပတ်ဝန်းကျင်ထက်ပိုပူနေပါက
ခန္ဓာကိုယ်၏ အပူချိန်ကို ပတ်ဝန်းကျင်သို့ စစ်ထုတ်ပေးမှာဖြစ်ပြီး
ခန္ဓာကိုယ်က ပတ်ဝန်းကျင်ထက် ပိုအေးနေပါက အပူကို အပြင်မထွက်အောင်
ထိန်းသိမ်းထားပေမည်။ ဤသည်ပင် ကျွန်တော်တို့ ကိုယ်ခန္ဓာ၏ အဖိုးတန်
သဘာဝတရားပင်ဖြစ်ပါသည်။
အရမ်းအေးနေသောကာလတွင် ခန္ဓာကိုယ်သည်
အပူကို တတ်နိုင်သမျှ မဆုံးရှုံးအောင်
ထိန်းသိမ်းပေး၏ ။
အပူပိုမိုထွက်စေရန် ဇီဝဖြစ်ပျက်နှုန်းများလည်း မြင့်တက်လာသည်။
ချွေးထွက်စေသော ဖြစ်စဉ်ကို တားမြစ်လိုက်သည်။ သွေးကြောများသည်လည်း
ပုံမှန်အချိန်ထက် ကျဉ်းသွားသည်။ ၎င်းတို့သည် အတွင်းအင်္ဂါများမှ
အပူကို အရေပြားသို့ သယ်ပေးသည့် တာဝန်ကို
ထမ်းဆောင်ကြပါသည်။
ရာသီဥတုအေးသောအခါ
သွေးကြောများကျဉ်းမှသာ သွေးကြောများအတွင်းရှိ သွေးစီးဆင်းမှု
ပမာဏလည်းနည်းသွားပြီး
အပူကို အရေပြားမှတဆင့် ပတ်ဝန်းကျင်သို့ စွန့်ထုတ်မှုကို
လျှော့ချနိုင်မှာ ဖြစ်ပေသည်။ ထို့အပြင် အေးသောအခါတွင်
အပူထုတ်လုပ်ရန်အတွက် ကြွက်သားများသည် အလိုအလျောက် ကျုံ့လိုက် ဆန်
့လိုက် လုပ်ပေးပါသည်။ ထို့ကြောင့် ကျွန်တော်တို့သည်
ချမ်းအေးသောအခါတွင် တဆတ်ဆတ်တုန်နေခြင်းဖြစ်၏ ။
လှုပ်လှုပ်ရှားရှားနေခြင်းကြောင့် အချမ်းပြေသွားသည်မှာလည်း အထက်ပါ အပူကို
ထုတ်လုပ်ပေးသောကြောင့် ဖြစ်သည်။ အရေပြားအပေါ်ယံရှိ
ကြက်သီးထစေသော ကြွက်သားလေးများလည်း ကျုံ့လာကာ
ကြက်သီးမွေးများထောင်စေပြီး အပူကို မဆုံးရှုံးအောင် တားဆီးပေးပါသည်။
အမွှေးအမျှင်ထူသော တိရစ္ဆာန်များတွင်တော့ ဤဖြစ်စဉ်သည် အလွန်အရေးပါပေသည်။
ထောင်မတ်လာသော
အမွှေးအမျှင်များသည် အပူကို အပြင်ပတ်ဝန်းကျင်သို့ အလဟဿ မပြုန်းတီး၊
မကူးစေရန် ကာကွယ်ပေးထားသော insulator အဖြစ်ဆောင်ရွက်ပေးပါသည်။
အကယ်၍
နွေရာသီလို ပူပြင်းသောအချိန်များတွင်တော့ ခန္ဓာကိုယ်သည်
အထက်ပါဖြစ်စဉ်ကို
ပြောင်းပြန်ဖြစ်ပေါ်စေပါသည်။
ချွေးတွေပိုထွက်လာမည်။ အပူကို အရေပြားမှ
ပိုမိုစွန့်ပစ်ရန်အတွက် သွေးကြောများလည်း ကျယ်လာသည်။ သွေးကြောများ
ကျယ်လာပါက ခန္ဓာကိုယ်အတွင်းမှ အရေပြားသို့ အပူကူးပြောင်း
စွန့်ထုတ်မှုသည် ၈ဆ နီးပါးခန့် ဖြစ်လာ၏ ။ ဇီဝဖြစ်စဉ်များလည်း
နှေးကွေးလာပါသည်။
ဤနည်းဖြင့် ခန္ဓာကိုယ်ကို ရာသီဥတုအပူဒဏ်မှ
စောင့်ရှောက်ပေးပါသည်။
ပုံမှန်ကျန်းမာနေသူတစ်ယောက်အဖို့
အပူချိန်ထိန်းညှိမှုဖြစ်စဉ်သည် ပုံမှန်လည်ပတ်နေမည်ဖြစ်သည်။
သို့သော် အထက်ပါဖြစ်စဉ်ကို ပုံမှန်မဟုတ်စေသော
အကြောင်းအရာတွေလည်းရှိသေး၏ ။
ဘက်တီးရီးယားပိုးများ
ကူးစက်ခံရခြင်း၊ ဦးနှောက်အကြိတ်ဖြစ်ပေါ်ခြင်းနှင့် ဆေးဝါးများ သောက်သုံးခြင်း စသည်တို့သည် အဓိက အချက်တွေဖြစ်သည်။
ဘက်တီးရီးယားများ ခန္ဓာကိုယ်တွင်း ၀င်ရောက်လာ ပါက ၎င်းတို့၏
ဆဲလ်အမြှေးပါးမှတဆင့် အဆိပ်များထုတ်လွှတ်သည်။ ထိုအဆိပ်များသည်
ဟိုက်ပိုသားလမက် ရှိ အပူထိန်းညှိမှုနေရာကို လှုံ့ဆော်ပြီး
လူ၏ပုံမှန်ထိန်းညှိလုပ်ဆောင်မှု အနေအထား ကို သွေဖယ်သွားစေ၏ ။
ထိုအခါ အပူဖြစ်ပေါ်မှုနှင့် အပူထိန်းသိမ်းထားနိုင်မှုများလာကာ
ကျွန်တော်တို့သည် ဖျားသည်ဆိုသော
လက္ခဏာကို ခံစားရတော့သည်။ ထိုဘက်တီးရီးယားများကို သွေးဖြူဥများက
တိုက်ခိုက်ရာမှ ထွက်ပေါ် လာသော Interlukin ဟုခေါ်သည့် ပရိုတင်းတစ်မျိုးသည်လည်း
ဟိုက်ပိုသားလမက် အပေါ် သက်ရောက်မှု ရှိပြီး ခန္ဓာကိုယ်အပူချိန်ကို တက်စေပါ၏ ။ ခန္ဓာကိုယ်အပူချိန်သည်
အဆမတန်မြင့်တက်လာပါက လူကို အန္တရာယ်ဖြစ်စေနိုင်ပါသည်။ အပူဓါတ် လွန်ကဲခြင်း
(Heat stroke) ဟု ခေါ်သည်။ ယခုလို အလွန်ပူပြင်း သော နွေရာသီမျိုးတွင်
Heat stroke ကို ပိုမိုသတိထားရန် လိုအပ်ပေသည်။ အထူးသဖြင့်
အဆီတရွှဲရွှဲနှင့် အ၀လွန်နေသူများ၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များတွင်
အဖြစ်များတတ်ပါသည်။