2 3 4 5 6 7 8 9 10
Showing posts with label မြန်မာမှု. Show all posts
Showing posts with label မြန်မာမှု. Show all posts

Thursday, August 31, 2017

လယ်စောင့်တဲ





 

မိုးရေတက်ရေတဖွေးဖွေး
ကွင်းကျယ်အဝေးဝေး

လယ်စောင့်တဲလေး ခြေတံရှည်

မိုးကုပ်အောက်မှာတည်

ကြာနီတပွင့် ဖြူတပွင့်

တဲနှင့်ပနံတင့်.. ။


( မင်းသုဝဏ် )

Saturday, September 26, 2015

ခြေ ... ( နန္ဒာသိန်းဇံ )


    ဓမ္မရံကြီးမှ စူဋ္ဌာမဏိဂူဘုရားသို့ ခရီးဆက်၊ ထိုမှ ဂူပြောက်ကြီးသို့ လျှောက်၊ ထိုမှတစ်ဆင့် မြစေတီပေါ် သို့တက်၊ ပြတိုက်တွင်ရောက်နေသော မြစေတီ .. ကျောက်စာ ပါ အကြောင်းအရာတို့အကြောင်း စဉ်းစားရင်း မနူဟာဂူဘုရားသို့ ကျွန်တော် ထွက်လာခဲ့သည်။
    ပူပြင်းသော ရာသီဖြစ်၍ ကျွန်တော့်အတွက်တော့ ပင်ပန်းသော ခရီးပင် ဖြစ်ပါသည်။







    မနူဟာဘုရားအတွင်း ရှေ့ဘက်က ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီးများနှင့် တိုက်ခန်းကျဉ်းကျပ်နေမှု အကြောင်းကို ထင်မြင်ချက်တွေ အမျိုးမျိုးပေးခဲ့ကြသည်။ တိုက်ခန်းနှင့် ဆင်းတုတော်ကြီးများကို မွန်းကျပ်နေအောင် တည်ဆောက် ထားခြင်းသည် ပုဂံတွင် မနူဟာမင်း စိတ်ကျဉ်းကျပ်စွာ နေရပုံကို.. ပေါ်လွင်စေ သည် ဟုလည်း ထင်မြင်ချက် ပေးတတ်ကြသည်။ နေရာကို ကျဉ်းလိုက်ခြင်းဖြင့် ဆင်းတုတော်ကြီးများက ပို၍ အံ့သြဖွယ် ကြည်ညိုဖွယ် ဖြစ်လာသည်။ နေရာ (၀ါ) အာကာသကို ပြုပြင်တတ်ခြင်းသည် ပုဂံခေတ်က ဗိသုကာ ပညာရှင်တို့၏ ထူးခြားသော အနုပညာဆိုင်ရာ တီထွင်ချက်၊ စိတ်ကူးဆန်းသစ်ချက်ပင် ဖြစ်သည်ဟုလည်း ထင်မြင်ချက် ပေးကြသည်။

 



    ဆင်းတုတော်ကြီးများကို ဖူးမြော်ရင်းက မနူဟာကျောက်စာမှ စကားအချို့ကို မြင်ယောင် ကြားယောင်နေ ပါသည်။ ဂူဘုရား တည်ဆောက်ရန်အတွက် မနူဟာမင်းကြီးသည် မိမိ၏ ကျောက်မျက်ရွဲ လက်ဝတ် ရတနာ ကို ရောင်းချရာ ငွေ အသပြာ လှည်းခြောက်စီးတိုက်ရသည်ဟု ဆိုသည်။ ယခု ထိုမနူဟာမင်းကြီး၏ လက်ဝတ် ရတနာသည် အဘယ်နေရာတွင် ရှိနေလေသနည်း။ အဘယ်သူ့လက်ဝယ် ရောက်ရှိနေလေသနည်း။ မနူဟာမင်းကြီး ယခုအခါ ဘယ်ဘ၀သို့ ရောက်နေလေ သနည်း။ မနူဟာမင်းကြီးသည် ယခုအခါ သထုံကေလာသတောင် တွင် တောင်စောင့်နတ်ဖြစ်နေမည်ဟုဆိုသော အဆို မှန်နိုင်သလား၊ သေပြီးလျှင် ဘ၀တစ်ဖန်ရှိသေးသည်ဟု ဆိုသော အဆိုမှန်သလား၊ မှန် မမှန် အဘယ်သို့ သက်သေပြနိုင် သနည်း စသည့်စသည့် အတွေးများက တစ်ခုပြီး တစ်ခု ကျွန်တော့်မှာ ဖြစ်လာသည်။




    ဤအတွေးနှင့်အတူ ဆင်းတုတော်ကြီးသုံးဆူ၏ နောက်ဘက်ရှိ လျောင်းတော်မူ ဆင်းတုတော်ကြီး ရှိရာသို့ လျှောက်လာခဲ့သည်။

ကျွန်တော်၏ အမြင်အာရုံကို ဦးစွာထိခိုက်လာခြင်းကတော့ လျောင်းတော်မူ ဆင်းတုတော်ကြီး၏
 ခြေအစုံပင် ဖြစ်ပါသည်။ ကျွန်တော်၏ စိတ်အာရုံမှာတော့ ဂေါတမ မြတ်စွာဘုရား၏ ခြေတော်အစုံပင် ဖြစ်ပါသည်။


ကရုဏာကရော            - ကရုဏာတော်၏ တည်ရာဖြစ်တော်မူထသော၊
ယောတထာဂတော       - အကြင်မြတ်စွာဘုရား သည်၊
ကရောပယာတံ            - လက်တော်သို့ ရောက်ပြီးသော၊
သုခပ္ပဒံ                      - ချမ်းသာခြင်း၏ တည်ရာဖြစ်သော၊
ပဒံ                           - နိဗ္ဗာန်ကို၊
သြသဇ္ဇ                      - စွန့်တော်မူ၍၊
ကလိသမ္ဘဝေ              - ဆင်းရဲခြင်း၏ အကြောင်းဖြစ်သော၊
ဘဝေ                        - သံသရာတည်းဟူသော ဘ၀၌၊
ကေ၀လဒုက္ကရံ             - စင်စစ်ပြုနိုင်ခဲ့လှသော စွန့်ခြင်းကြီးငါးပါး အစရှိသည်ကို၊
ကရံကရောန္တော          - ပြုတော်မူသည်ဖြစ်၍၊
ပရတ္တံ                        - သူတစ်ပါးတို့၏ အကျိုးစီးပွားကို
အကာ                       - ပြုတော်မူလေပြီ
တံတထာဂတံ              - ထိုမြတ်စွာဘုရားကို၊
အဟံ                         - ငါသည်
နမာမိ                        - ရှိခိုးပါ၏



အထက်ပါ ဘုရားရှိခိုးကို ကြားယောင်ရင်းမှ လျောင်းတော်မူ ဆင်းတုတော်ကြီး၏ ခြေအစုံ
(၀ါ) ဂေါတမ မြတ်စွာဘုရား၏ ခြေတော်အစုံကို အများသတ္တ၀ါတို့၏ အကျိုးစီးပွားကို သယ်ပိုးလျက် လျှောက်လှမ်း ခဲ့သော ခြေတော် အစုံအဖြစ် ကျွန်တော်က
မြင်နေမိပါသည်။ မိမိဘက်က စွန့်လွှတ် အနစ်နာခံခြင်းများစွာဖြင့် အများကောင်းကျိုးကို ရွက်ဆောင်သယ်ပိုးဖို့ လျှောက်လှမ်းလာသော ခြေတော်တို့အဖြစ်ဖြင့်လည်း ကျွန်တော်က ခံစားနေမိပါသည်။

“တစ်နေ့ပြီးတစ်နေ့ ဖြတ်ကျော်၍ တစ်သွားတည်း သွားနေကြရသည့် ဘ၀တစ်လျှောက်၌ မသိမှားမှုတို့ကြောင့် ပြုမိမှား၊ ပြောမိမှားတို့ဖြင့် နောင်တအထွေထွေ၊ ပူပန်သောက အထွေထွေတို့ ဖြစ်ရခြင်းမှလည်းကောင်း၊ အ၀ိဇ္ဇာမှောင်၌ ယုံမှားတွေဝေခြင်း အမျိုးမျိုးဖြင့် အဆိုးကို အကောင်းထင်၊ ဒုက္ခကို သုခထင်လျက် စမ်းတ၀ါးဝါး လှမ်းလျှောက်နေရာမှ လမ်းလွဲ လျှောကျရခြင်းတို့မှ လည်းကောင်း၊ မဆုံတွေ့လိုသော်လည်း ကြုံတွေ့ လာရ တတ် သည့် မချစ်မနှစ်သက်သောသူ၊ မချစ်မနှစ်သက်သော အရာတို့နှင့် အတူတူ ခရီးဆက်ရခြင်းကြောင့် ရန်ငြိုးဒေါသ တို့ဖြင့် စိတ်ပင်ပန်း၊ ကိုယ်ပင်ပန်း ဖြစ်ရခြင်းတို့မှ လည်းကောင်း၊ ချစ်သူ ခင်သူ မြတ်နိုးရသူ၊ ချစ်သော အရာ မြတ်နိုး ရသော အရာတို့နှင့် ကြည်သာရွှင်ပြုံးလျက် ခရီးဆုံးတိုင် အတူတူသွားလိုသော် လည်း လမ်းခုလတ်၌ပင် အပြီးတိုင် ခွဲခွာနှုတ်ဆက်ခဲ့ရ၍ ယူကျုံးမရဖြင့် ကြေကြေမြည့်မြည့် ဆွေးဆွေးနင့်နင့် ဖြစ်ရခြင်း တို့မှ လည်းကောင်း၊
 ရင်မဆိုင်လိုသော်လည်း ရင်ဆိုင်လာရမည့် အိုရခြင်း ဒုက္ခ၊ နာရခြင်း ဒုက္ခ၊ သေရခြင်း ဒုက္ခတို့မှ လည်းကောင်း၊ လွန်မြောက်ရာ ခရီးလမ်းကို ပြညွှန်ရန်အလို့ငှာ..၊ ပြညွှန်တော်မူရန် အတွက် ဤလောကသို့ လှမ်းလျှောက် လာသော ခြေတော်တို့ အနေဖြင့်လည်း ကျွန်တော်က မြင်ယောင်ခံစားနေပါသည်။
ရုပ်ကိုသာ အမှန်အရှိတရားအဖြစ် လက်ခံကြသော ရုပ်ဝါဒီတို့က စိတ်ကို ရုပ်၏ အရိပ်အယောင်အဖြစ် မှတ်ယူ ကြသည်။ စိတ်၏ ဖြစ်စဉ်ကို ဦးနှောက်၏ ဖြစ်စဉ်အဖြစ် မှတ်ယူတတ်ကြသည်။ ရုပ်ဝါဒီ အားလုံးသည် အတိတ်ဘ၀ ရှိသည် ဟူသော အဆိုကို လက်မခံကြ။ သေလျှင် နောင်ဘ၀ တစ်ဖန် ရှိသေးသည် ဟူသော အဆိုကိုလည်း လက်မခံကြ။ သက်ဆိုင်ရာ ရုပ်သဘောတို့ ပေါင်းစည်းမှုကြောင့် “ဤယခုဘ၀” သည် ဖြစ်လာသည်။ ဤဘ၀ တစ်ခု သာလျှင် ရှိသည်။ ဤဘ၀ပြီးလျှင် ပြုခဲ့သမျှ ကုသိုလ် အကုသိုလ် အကောင်းအဆိုး ကံအမျိုးမျိုးသည်လည်း ပြီးဆုံးပြတ်စဲသွားကြသည်ဟု ယူဆကြသည်။
အတ္တ၀ါဒကို လက်ခံသူ၊ စိတ်အခြေခံဝတ္ထုဖြစ်သည့် ၀ိညာဉ်ကို အရှိတရားအဖြစ် လက်ခံသူတို့ကမူ သတ္တ၀ါ တစ်ဦး ဦး သေလျှင် ထိုသတ္တ၀ါထံမှ အတ္တ သို့မဟုတ် ၀ိညာဉ်သည် အခြားခန္ဓာ အသစ်သို့ ပြောင်းရွှေ့ဝင်ရောက်ပြီး ဘ၀အသစ် ထပ်၍ ဖြစ်သည်။ ပြုခဲ့သော ကောင်းသောကံတို့အလျောက် ကောင်းသောဘ၀၊ ပြုခဲ့သော မကောင်းသော ကံတို့ အလျောက် မကောင်းသောဘ၀ကို ရသည်ဟု ယုံကြည်ကြသည်။ ဗုဒ္ဓကမူ ရုပ်ဝါဒီတို့၏ တစ်ဘ၀သာ ရှိသည်ဟူသော အယူအဆကိုလည်း လက်မခံ၊ အတ္တ၀ါဒီတို့ကဲ့သို့ သတ္တ၀ါသေလျှင် အတ္တ သို့မဟုတ် ၀ိညာဉ်က ထွက်ခွာသွားပြီး နောက် ခန္ဓာအသစ်၌ ဘ၀သစ်ဖြစ်သည်ဟု ယုံကြည်သော ယုံကြည်မှုမျိုးကိုလည်း လက်မခံချေ။ သတ္တ၀ါသည် သေခါနီး ကာလ၌ မိမိပြုခဲ့သော ကံတို့ကြောင့်ပင် ထင်ပေါ်လာသော နိမိတ် တစ်မျိုးမျိုးကို အာရုံပြုနေခိုက် စုတေစိတ်ကျသည်နှင့် တစ်ပြိုင်နက် အကြားမရှိ “ကြား” မရှိဘဲ ဘ၀တစ်ခု ဆက်၍ ဖြစ်သည်ဟု ဖော်ပြခဲ့၏။

ဘ၀ကူးခြင်းကို သိပ္ပံပညာကလည်း လက်တွေ့စမ်းသပ် မပြနိုင်သေး၊ စဉ်းစား၍လည်း ဘ၀ကူးပုံကို မသိမြင်နိုင်။ လူ ယောက်ျားဖြစ်သော ဖခင်ဘက်မှ အဖိုမျိုး ( စပါမယ်တိုဇွာ ) နှင့် လူမိန်းမဖြစ်သော မိန်းမမျိုးဥ ( အိုဗမ် ) တို့ ပေါင်းဆုံ ခြင်း၌ အခြားတစ်နေရာမှ သေလွန်လာသော သတ္တ၀ါက အဘယ်ကဲ့သို့ လူဖြစ်ဖို့ ၀င်ရောက် လာလေ သနည်း။ ၀င်လာခြင်း ကော ဟုတ်ပါ၏လား။ “၀င်သည်၊ ထွက်သည်” ဆိုသော အသုံးအနှုန်းဝေါဟာရများသည် ဘ၀ကူးပြောင်းခြင်း ကိစ္စ၌ အမှန်အကန် သုံးနှုန်းနိုင်သော ဝေါဟာရများမှ ဟုတ်ပါလေ၏လား၊ သတ္တ၀ါ သေသောအခါ ခန္ဓာကိုယ်မှနေ၍ အတ္တ သို့မဟုတ် ၀ိညာဉ်က ထွက်သွားခြင်းမျိုးကို ဗုဒ္ဓ၀ါဒ၌ လက်မခံ။ သေလျှင် ခန္ဓာမှနေ၍ ဘာတစ်ခုမျှ ထွက်ခွာသွားသည် မဟုတ်။ ကြောင်းကျိုးဆက်၍သာ ဘ၀တစ်ခု ဆက်၍ ဖြစ်သွားခြင်းကိုသာ လက်ခံသော ၀ါဒ ဖြစ်သည်။ ထိုသို့ လက်ခံသော ၀ါဒဖြစ်လျှင် လောက်လမ်းသဖွယ် ၀ိညာဉ်တွယ်ဟူသော အယူအဆကို ပစ်ပယ်ရမည် မဟုတ်ပါလား.. စသည့် အတော မသတ် အတွေးများက ကျွန်တော့်စိတ်ထဲတွင် ထွေးရှုပ်လျက် ရှိသည်။

“ရှုပ်ထွေးနေမှာပေါ့၊ တွေးနေတာကိုး၊ တွေးလို့ ရှုပ်နေတာ၊ တွေးခြင်းအားဖြင့် သံသရာရဲ့  သဘာဝ၊ ဘ၀စဉ်ဆက် ဖြစ်ခြင်းရဲ့  သဘာဝကို မသိနိုင်ဘူး။ ဗုဒ္ဓညွှန်ပြသည့် သတိပဋ္ဌာန် ၀ိပဿနာနည်းကို လုံလောက်အောင် အားထုတ် မကြည့်ဘဲနှင့် ဗုဒ္ဓကဲ့သို့ ပုဗ္ဗေနိဝါသဉာဏ် အစရှိတဲ့ ဉာဏ်မျိုးတွေ မရဘဲနှင့် ဘ၀သံသရာ၏ သဘောသဘာဝ၊ ဘ၀ကူးခြင်းရဲ့  သဘောသဘာဝကို ဘယ်လိုမှ နားမလည်ဘူး။ လုံလောက်တဲ့ သတိ၊ ၀ီရိယ၊ သမာဓိနဲ့ သတိပဋ္ဌာန် ၀ိပဿနာကို အားထုတ်လို့ ကြောင်းကျိုးဖြစ်စဉ်ကို သိနားလည်တဲ့ ပစ္စယပရိဂ္ဂဟ ဉာဏ်အဆင့် အထိ ရောက်မယ် ဆိုရင် ဘ၀ကူးတဲ့ ပြဿနာ အတော်အတန် နားလည်နိုင်မယ်” ဟူသော ဗုဒ္ဓ၀ါဒီ သုတေသီတို့၏ သတိပေး စကား ကို ကြားယောင်ပါသည်။

“ဘ၀သံသရာသည် ရှိသည်ဆိုလျှင်…” ဟူသော အတွေးစဉ်နှင့်အတူ ထိုသံသရာခရီး၌ အများကောင်းကျိုးကို ထူးထူးခြားခြား သယ်ပိုးဆောင်ရွက်ခြင်း မရှိဘဲ လျှောက်လှမ်းခဲ့သော ကျွန်တော့်ခြေများကို မြင်မိနေပါသည်။ ထိုသံသရာမှ လွတ်မြောက်အောင်လည်း မကြိုးစား အားမထုတ်ဘဲ အိုခြင်း၊ နာခြင်း၊ သေလွန်ရခြင်း၊ ငိုခြင်း၊ ရှိုက်ခြင်း၊ မောဟိုက် နွမ်းနယ်ခြင်းတို့ အကြား၌ မျှော်လင့်ချက်များ တွယ်တာမှုများဖြင့် သံသရာရှည်သရွေ့ လျှောက်မည့်ဟန်ပြင်နေသည့် ကျွန်တော့် ခြေတို့ကို မြင်လျက်လည်း ရှိပါသည်။ မရေမတွက်နိုင်သော ခြေပေါင်းများစွာကို မြင်လိုက်ရာမှ မဖော်ပြတတ် သော ထိတ်လန့်မှုတစ်ရပ်က ကျွန်တော့်စိတ်ထဲတွင် ဖြစ်ပေါ်လာသည်။

       ကျွန်တော်က လျောင်းတော်မူ ဆင်းတုတော်ကြီး၏ ခြေအစုံကို ရိုသေစွာဖြင့် ဦးညွတ်ရှိခိုးလိုက်ပါသည်။
ဗုဒ္ဓ မြတ်စွာ၏ ခြေတော်တို့သည် အများကောင်းကျိုးကို အစွမ်းကုန် ရွယ်သယ် ပိုးဖို့ လျှောက်လှမ်း ခဲ့သော ခြေတော် တို့ ဖြစ်ကြသည်တကား။ အများကောင်းကျိုးကို အကောင်းဆုံး ရွက်သည်ပိုးပြီး၍ ဘယ်အခါမှာမှ သံသရာ ခရီးကို နောက်ထပ်တစ်ဖန် မလျှောက်လှမ်းတော့သော ခြေတော်များလည်း ဖြစ်ကြပေသည်တကား..။

နေအတန်ညိုပြီဖြစ်၍ မနူဟာဂူဘုရားမှ ကျွန်တော်တည်းခိုရာနေရာသို့ လျှောက်လာခဲ့ပါသည်။ ကျွန်တော်၏ ခြေလှမ်းများကို အချည်းနှီး ခြေလှမ်းများ မဖြစ်အောင် သတိထား၍ လျှောက်နေမိပါသည်။

နန္ဒာသိန်းဇံ


( ဆရာ နန္ဒာသိန်းဇံ၏ အရိမဒ္ဒနမှ တွေးမြင်ရနံ့တို့ ဝေ့ပျံ့နေဆဲ… မှ )


ကမ္ဘာသစ် 

Thursday, June 18, 2015

အိမ်အလှ


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏သားငယ်၊ သက်နှစ်ဆယ်သည်
ဘယ်အိမ်မျိုးကို ကြိုက်သနည်း..။

အိမ်ရှေ့ပန်းခင်း၊ ဇာပြတင်းနှင့်
အိမ်တွင်းကော်ဇော၊ ဆိုဖာချောနှင့်
အံ့သြ ရင်မ၊ ဗန်းပြ လှလည်း
စိတ်က မောဟ၊ လက်က လောဘ
နှုတ်က မာန၊ ထားတတ်ကြမူ
အတ္တ ကိုယ်ကျိုး ထိုအိမ်မျိုး..။

အိမ်နောက် စိုက်ခင်း၊ စားမျိုးဟင်းနှင့်
အိမ်တွင်းသန့်စင်၊ လေ နေ ၀င်နှင့်
အားအင်မျှတ၊ ဗန်းမလှလည်း
စိတ်က မေတ္တာ၊ လက်မှာ စာဂ
နှုတ်က ဖြောင့်ရိုး၊ အနေရိုးမူ
သူ့ကျိုး ကိုယ့်ကျိုး ထိုအိမ်မျိုး…။

ဇော်ဂျီ
၁၉၆၅


Saturday, April 11, 2015

အလောင်းစည်သူမင်း၏ နောင်တ



ညီသစ်ဆင်း
မင်းကရိုကျိုး ခပ်တိုးတိုးပင်
ဘိုး ဘေး နှစ်ပါး၊ ဦးထိပ်ထားလျက်
ဘုရား တည်ကြောင်း၊ ကောင်းမှု ပွင့်ဖူး
ထူးခြားသည်ကို၊ သိလိုသလော
မင်းပြော ပြော၏
မပြောချင်သလို၊ ပြောချင်သလိုနှင့်
မချို မချဉ်၊ ပြုံးရိပ်ဆင်သည်
ပြောချင်မှပြော မင့်သဘော။
စိတ်တိုရန်ကော၊ အစ်ကိုချောငဲ့
ယောနိသော စ၊ ကာယမနသိ
တရားရှိက
လပြည့် ဖွေးဖွေး၊ စိတ်ကြည်အေး၏
ညီထွေး စိတ်ကူး၊ ညီမှာ ထူးလည်း
မထူး သူ့ မှာ၊ ဖြစ်တတ်ရာ၏
သို့ ပါသောကြောင့်၊ အနှောင့် အသွား
လွတ်မလားဟု၊ စဉ်းစားတွေဝေ
နှုတ်ဆိတ်နေခဲ့
ဧရာ ကမ်းပါး၊ တည်ဆောက်ထားသား
ဘုရားဂူမော့
အကြော့အယဉ်၊ ကန်တော့ပလ္လင်ကို
ဝန်းကျင် ရပ်သား၊ အမြတ်ထား၍
စကားဆိုကြ၊ ကြားသမျှကို
ညီလှ မခြွင်း ပြောလိုရင်း။
ကန်တော့ပလ္လင်၊ မတည်ခင်က
ကြည်လင် ဧရာ၊ မြစ်ကမ်းသာ၌
ဟာလာ ဟင်းလင်း၊ ခပ်ရှင်းရှင်း တည့်
လေညင်း ရွှင်ရွှင်၊ နေအ၀င်ကို
နတ်ရှင် ဘုန်းလူ၊ လောင်းစည်သူသည်
တူရူ ရှုမျှော်၊ နောင်တ ပေါ်ခဲ့


ဘေးတော် နော်ရထာ၊ ဘိုးမှာ ကျန်စစ်သား
မင်းနှစ်ပါးကို၊ ပြစ်မှားခဲ့မိ
ထိုသတိကြောင့်
မချိညှိုးနွမ်း၊ စိတ်လက်ပန်းသည်
နန်းပြတင်းမှ မျှော်ရင်းပါ့ ။
ထိုသတိကား၊ အခြားမဟုတ်
သမုဒ် ရေခြား၊ လှည့်လည်သွား၍
များလှ ကျွန်းစု၊ မာလာယုတွင်
ရှုဖွယ် ဆန်းပြား၊ ရှုခင်းများကို
မျက်ဝါးထင်ထင်၊ မြင်ခဲ့ပြီးနောက်
နေပြည်ရောက်သော်၊ စိတ်မြောက် လူမြောက်
ဘုံဖျား ရောက်၍၊ မလောက် မလေး
ငါ့ဘေး ငါ့ဘိုး၊ ဘုန်းတန်ခိုးသည်
မိုးလောက် မြင်းမိုရ်၊ မြင့်သည် ဆိုလည်း
ငါ့ကို ပြိုင်လာ၊ မယှဉ်သာ ဟု
နှုတ် အာ ပြစ်မှား၊ စိတ် ပြစ်မှားခဲ့
ပြစ်မှား ချေချင်၊ သတိဝင်၍
သခင် နှစ်ပါး၊ မင်းနှစ်ပါးကို
ရွှေသား ရွှေရုပ်၊ ပုံသွန်းလုပ်၍
လက်အုပ် ချီကာ၊ ပလ္လင်ကြာ၌
တင်ကာ ကန်တော့၊ သူ မာန်လျှော့သည်
ကုန်းမော့ ကမ်းပါး ဧရာနား။

ဘေးတော် ဘိုးတော်၊ ရွှေရုပ်တော်ကို
နောင်သော် အပြီး၊ ရွှေဂူကြီး၌
သိမ်းဆည်းသိုထား ကမ္ဗည်းသား။
နောင်လာ နောက်သား သတိတရား။

သူ့ စိတ်ကိုပင်၊ သူပြန်မြင်၍
နတ်ရှင် ခံစား၊ သူ့ စိတ်ထား၌
ကြိုကြား စေ့င၊ သူ့ မာနကို
နောက်တ ကရှာ၊ တွေ့ ခဲ့ပါသည်
နောင်ခါ ၀န်ချ မာနကျ။
ဘေးတော် ဘိုးတော်၊ ရွှေရုပ်တော်ကို
သားတော် နရပတိ၊ ထည့်၍ ဌာပနာ
သဒ္ဓါ ထပ်ပွား၊ တည်ဆောက်ထားသား
ဘုရား မျက်မြင်၊ ကန်တော့ပလ္လင် ဟု
ဆိုလျှင် မမှား၊ ဆိုရငြားလည်း
ပြစ်မှား ၀န်ချ
မွေးဘခမည်း၊ စည်သူကြီး၏
ဖန်တီးစီရင်၊ ရွှေရုပ်စင်သည်
လမ်း မြင်အောင်ပါ့ ထွက်ပေါက်ပြ။
လမ်းကောင်း ပဓာန အုတ်မြစ်ချ ။   ။

ဇော်ဂျီ ( မေ ၁၉၈၅ )


Friday, April 25, 2014

ပရဟိတ မွန်မြတ်လှ



နွမ်းပါးရှာသူ ချို့တဲ့သူကို
ကူညီမစ ထောက်ပံ့ကြသည်
ပရဟိတ မွန်မြတ်လှ။

မိဘမဲ့သူ ကံဆိုးသူကို
ကူညီယုယ ပြုစုကြသည်
ပရဟိတ မွန်မြတ်လှ။

မသန်စွမ်းသူ အားနွဲ့သူကို
ကူညီဖေးမ ပံ့ပိုးကြသည်
ပရဟိတ မြတ်မြတ်လှ။

မကျန်းမာသူ နာသောသူကို
ကူညီစောင်မ စောင့်ရှောက်ကြသည်
ပရဟိတ မွန်မြတ်လှ။

ပညာနည်းသူ ဉာဏ်မွဲသူကို
ကူညီတွဲကြ အလင်းပြသည်
ပရဟိတ မွန်မြတ်လှ။

ကွယ်လွန်ရှာသူ သက်မဲ့သူကို
ကူညီဝိုင်းကြ သင်္ဂြိုဟ်ကြသည်
ပရဟိတ မွန်မြတ်လှ။

ဘ၀ခရီး လမ်းမကြီးကို အသီးသီး သူငါ လျှောက်လှမ်းရာဝယ်
မောရှာပန်းရှာ များလှစွာကို စာနာဖေးမ ကူညီကြသည်
ပရဟိတ မြတ်အလှတည့် ပြုကြပုဂ္ဂိုလ် များထိုထို၏
ကုသိုလ်ကောင်းမှု အစုစုကို သာဓုကြိမ်ကြိမ် ခေါ်မိတကား။


(မင်းယုဝေ)


Sunday, March 23, 2014

သင်သေသွားသော် ( ဇော်ဂျီ )




ဪ..... လူ့ပြည်လောက၊
လူ့ဘဝကား၊ အိုရနာရ၊
သေဦးမည်၊ မှန်ပေသည်တည်း။


သို့တပြီးကား၊ သင်သေသွားသော်၊
သင်ဖွားသောမြေ၊ သင်တို့မြေသည်၊
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏ ။
သင်၏မျိုးသား၊ စာစကားလည်း ကြီးပွားတိုးမြင့်၊
ကျန်ကောင်းသင့်၏။

သင် ... ဦးချ၍၊
အမျှဝေရာ၊ စေတီသာနှင့်၊
သစ္စာအရောင်၊ ဉာဏ်တန်ဆောင်သည်
ပြောင်လျက်၊ ဝင်းလျက်
ကျန်စေသတည်း။


ဇော်ဂျီ ။


Wednesday, April 3, 2013

မြန်မာ့ရိုးရာ ယွန်းလုပ်ငန်း

ယွန်းလုပ်ငန်းတွင် အဓိက လုပ်ငန်းပိုင်းကြီးသုံးရပ် ရှိသည်။ ၁။ အဖြူ ထည်လုပ်ငန်း ၂။ အနက်ထည်လုပ်ငန်း ၃။ ယွန်းထိုး၊ ယွန်းခွဲဆေး ရောင်သွင်းလုပ်ငန်း တို့ဖြစ်သည်။ လုပ်ငန်းပိုင်း သုံးခု ကွဲပြားကြသလို ထုတ်လုပ်သူတို့ကိုလည်း လုပ်ငန်း အလိုက် အစွဲပြု၍ ရှေးခေတ်ကပင် အမည်ခွဲခြားပေးပြီး ခေါ်ဝေါ်ခဲ့ ကြသည်မှာ ယနေ့အထိဖြစ်သည်။



အဖြူထည် ထုတ်လုပ်သူတို့ကို အဖြူ သမား၊ အနက်ထည် ထုတ်လုပ်သူ တို့ကို တိုက်သမား၊ ယွန်းထိုး၊ ယွန်း ခွဲ သူတို့ကို ယွန်းသမား၊ ကြိုးတိုက် သူတို့ကို ကြိုးသမားဟူ၍ ခွဲခြားခေါ် ကြသည်။ ထုတ်လုပ်သည့် ပစ္စည်းတို့ ကိုလည်း အဖြူထည်၊ အနက်ထည်၊ ယွန်းထည်ဟူ၍ သုံးမျိုးခွဲခြားထားခဲ့ ကြသည်။

အဖြူကိုင်ဝါး
ဝါးအဖြူထည်လုပ်ငန်း အတွက် ခွေထည်၊ ရက်ထည်၊ ထုတ် လုပ်ရန်အသုံးပြုသော ဝါးကို အဖြူ ကိုင်ဝါးဟု ခေါ်သည်။ ဝါးထွက်ရာ အရပ်ဒေသကို အစွဲပြု၍ ရွှေလီဝါး၊ သပိတ်ကျင်းဝါး၊ စင်ခမ်းဝါး၊ ရွှေကျင် ဝါး၊ နောင်ပုံဝါး၊ ကိုးတန်ဝါး၊ ပျဉ်း မနားဝါး၊ မဲတင်းခါးဝါးဟု ခွဲခြား ခေါ်ဝေါ်ကြသည်။

ရှေးခေတ်က အဖြူသမားတို့ သည် ရွှေလီမှလာသော ရွှေလီ တင်း ဝါးကိုသာ ရက်ထည်၊ ခွေထည်ပြု လုပ်ရန် အသုံးပြုခဲ့ကြသည်။ ရွှေလီ တင်းဝါးမှာ ၁၃ တောင်ခန့်ရှည်ပြီး အလုံးချော၊ ရင်ဖျားညီ၊ အဆစ်ရှည် ဝါးဖြစ်၍ ဝါးမျက်စိကျဉ်းကာ ဝါး သားကျစ်၍ ချောသည်။ နှီးကိုင်၊ နှီး ဖြာ၊ နှီးစိတ်၊ နှီးတုပ်ရာတွင် လုပ် ငန်းအတွက် အစစအဆင်ပြေသည်။

ယခုအခါ ရွှေလီဝါးများ အလာ ကျဲသွားသဖြင့် ၁၆ တောင်မှ ၁၉ တောင်အထိရှည်သော မဲတင်းခါးဝါး ကို ရက်ထည်၊ ခွေထည်အဖြစ် အသုံး ပြုလျက်ရှိကြသည်။ ဝါးအဖြူထည် ထုတ်လုပ်သော အဖြူသမားများသည် အဖြူကိုင်ဝါးကို ဝါးကပ်ထရံလုပ်ငန်း ရှင် (ဝါးထောင်ပိုင်ရှင်)တို့ထံမှ တစ် ဆင့် ဝယ်ယူကြရသည်။

ဝါးကပ်ထရံလုပ်ငန်းရှင်တို့ သည် ဧရာဝတီ၊ ချင်းတွင်းမှ မျှော လာသော ဝါးဖောင်များမှ ဖောင်စည်း လုံးချုပ်၍ သော်လည်းကောင်း၊ ဝါးပျစ်များကို စိတ်ကြိုက်ရွေးချယ်၍ သော်လည်းကောင်း ဝယ်ယူ၍ မြစ်ကမ်းမှ သယ်ယူကာ အိမ်၌ ဝါးထောင်များအဖြစ် ပြုလုပ်ထားကြသည်။ ထိုသို့ဝါးစင်များဆောက်၍ ဝါးများထောင်ရာတွင် ရေစိုဝါး၊ ရေလွတ်ဝါး ခွဲခြားထောင်ထားလေ့ ရှိသည်။ အခွေသမားတို့က ပိုတမ်းဝါးခေါ် ရေလွတ်ဝါးကို ကြိုက်ကြပြီး ရက်ထည်သမားတို့က ရေစိုဝါးကို ကြိုက်ကြသည်။ ဝါးထောင်ပိုင်ရှင်တို့က အဖြူ သမားများကို လုံးကောက် ရောင်းသည်။

Sunday, October 16, 2011

အလွမ်း ( မင်းယုဝေ )

 
အလွမ်း
အခါတစ်ပါးမှာလ
တိုင်းခြားကိုရောက်ခဲ့တယ် ..။
ကိုယ့်ဝတ်စုံ အသာချွတ်ကာပ..
သူ့ ဝတ်စုံ အသာစွပ်လို့ ရယ်..
ဝတ်ဆင်ရတယ်..။
သူ့ စကားကိုလည်း
နှုတ်ဖျား တလှိုင်လှိုင်နဲ့ 
မမောနိုင် စာဆိုပြောကာပ
ရောနှောလို့  ဟန်ရေးကြွယ်
သူတို့ နှယ် ထင်ယောင်မှား ..။
သို့ ပေမယ့်လျှင်
သူ့ အသွင် အစာစားပြန်တော့
သူ့ အစား ဘယ်လိုမြိုင်လည်း
မမြိန်နိုင် လျှာမတွေ့ လေဘု
ကိုယ့်ဓလေ့ ကိုယ့်ဘာသာထင့်
တို့ စရာ ဆန်ထမင်းရယ်နဲ့ 
ငပိကြော် ချဉ်ပေါင်းဟင်းကိုလ
ချက်ချင်းပင် စားလိုက်ချင်ရဲ့ 
စာဆိုရှင် မျှော်ယောင်တပါလို့ 
အမိမြေ ကိုယ့်ဒေသကိုကွယ်
လွမ်းရသည် တကား ...။

မင်းယုဝေ ( ခေတ္တ အမေရိကန် )
၁၀.၁၁.၁၉၇၆



Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>