2 3 4 5 6 7 8 9 10
Showing posts with label မြန်မာ့ရနံ့ကဗျာများ. Show all posts
Showing posts with label မြန်မာ့ရနံ့ကဗျာများ. Show all posts

Wednesday, March 20, 2019

အညာ တပေါင်းပွဲ



နွှဲကြညီညာ၊ ပျော်စရာ
အညာ တပေါင်းပွဲ။
ရွာစဉ်ဖြတ်ကျော်၊ ယောချောင်းကျော်
ပွဲတော်သွားစို့ခဲ။
နွားလှည်းကြော့ယဉ်၊ အသော့နှင့်
ကြည်ရွှင်သူငါပဲ။
ရွှေပေါင်လောင်ရှင်၊ ဆွမ်းဘောဇဉ်
ကပ်တင် အလှူပွဲ။
အက စုံညီ၊ တီးမှုတ်မြည်
လာပြီ တဖွဲဖွဲ။
စိန်ဒိုးမွှေသံ၊ အုန်းကျွတ်ညံ
နဘံ မိုးသို့ကဲ။
မြိုင်မြိုင်ဆိုင်ဆိုင်၊ ရွာချင်းပြိုင်
အနိုင်စွမ်းကုန်ကြဲ။
ထွန်တုံးထယ်ဖျာ၊ ၀ယ်စရာ
များစွာစုံလင်ပဲ။
ဇာတ်ရုပ်သေးပါ၊ ခြိမ့်ခြိမ့်သာ
ပွဲမှာလူတွေခဲ။
တိုးကြိတ်မနိုင်၊ ချွေးဖြိုင်ဖြိုင်
မွှေးကြိုင် ပန်းနံ့ကဲ။
တေးသုံစုံတီး၊ ၀ိုင်းတော်ကြီး
မငြီးနိုင်အောင်ပဲ။
မင်းသားသံဝါ၊ ဟန်ရေးပါ
ရှုလာ နှစ်ခြိုက်စွဲ။
ပရိသတ်ဘုံ၊ မောင်မယ်စုံ
စောင်ခြုံ နွေးနိုင်ပဲ။
ရောင်နီလည်းသန်း၊ ဗျောသံဆန်း
ဆွမ်းလောင်းလှူပြီပဲ။
စရိုက်ရိုးရာ၊ စောင့်ထိန်းကာ
စဉ်လာ ကျင်းပမြဲ။
တစ်နှစ်တစ်ခါ၊ ပျော်စရာ
အညာ တပေါင်းပွဲ။

တင်မောင်အေး ( ပခုက္ကူ )
အညာမြေမှ ပန်းလက်ဆောင်ကဗျာများ

အညာလမ်းက ရေချမ်းစင်



အညာလမ်းက၊ ရေချမ်းစင်သည်
ကြည်လင်အေးချမ်း၊ စိုပြည်လန်း၍
မောပန်းလာသူ၊ များရှင်လူအား
ထောက်ကူဖြည့်စွမ်း အားသစ်ကြွယ်..။
အညာလမ်းက၊ ရေချမ်းစင်သည်
ကြည်လင်ပြည့်ဖြိုး၊ အလှတိုး၍
အကျိုးဆောင်ရွက်၊ အများတွက်မို့
နှစ်သက်စိတ်ဝမ်း၊ အားဖြည့်ဖွယ်..။
ထနောင်းပင်တန်း၊ တမာလမ်း၌
ထန်းလက်ကာမိုး၊ ၀ါးတိုင်ထိုးလျက်
ရှေးရိုးစဉ်လာ၊ မပျက်ပါသည်
ဝမ်းသာကြည်နူး ချမ်းမြေ့ဖွယ်..။
အညာလမ်းမှ ..
လက်ကမ်းပေးဝေ၊ ရေချမ်းရေလျင်
ပန်းဖြေချွေးသိပ်၊ အမောတိတ်သည်
ပြုံးရိပ်ဆင်မြန်း ရွှင်လန်းဖွယ်..။

တင်မောင်အေး ( ပခုက္ကူ )
၁၉၇၃ ၊ ငွေတာရီ



Tuesday, January 29, 2019

ဤမြေကြီး ( မင်းသုဝဏ် )




"ဤမြေကြီး"
လူတို့စားဖို့ စပါးစိုက်ခင်း၊ ဤလယ်ကွင်းကား ဝင်းဝင်းမှည့်ခါ၊ မြတ်သြဇာကို ကမ္ဘာသို့ပေး၊ သူလုပ်ကျွေးလည်း ကျေးဇူးတုံ့ကို၊ မတောင်းဆိုတည့်။ လူတို့သွားဖို့ အလျားမှောက်ခင်း၊ လမ်းကောက်စင်းကား ဆင်မြင်ယာဉ်သာ၊ စီးနင်းရာကို ကမ္ဘာသို့ပေး၊ သူလုပ်ကျွေးလည်း ကျေးဇူးတုံ့ကို မတောင်းဆိုတည့်။ ကျေးဇူးမဆို၊ ဂုဏ်မလိုသည် ကြည်ညိုဖွယ်ခင်း၊ ဤလယ်ကွင်း။ ကျေးဇူမမျှော်၊ ဂုဏ်မဖော်သည် တော်ပါဘိခြင်း၊ ဤလယ်ကွင်း..။ မင်းသုဝဏ် ( ၁၉၀၉ - ၂၀၀၄ )

Thursday, January 24, 2019

အလှမှန်ကူကွက်များ



မင်းလက်တံမှာ စုတ်တံ
ဖန်လာတဲ့ ပန်းချီကား
စေတနာဆေးတစက်နဲ့
မင်းစုတ်ချက် တိုင်းပြည်မှုကို
ကျိုးပြုစေသား..။

မင်းနှုတ်မှာ တေးသံ
ဝဲပျံလို့လှုပ်ရှား
စေတနာတေး တစနဲ့
မင်းဂီတ နိုင်ငံတွက်
ကျိုးသက်စေသား..။

မင်းလက်မှာ ကလောင်
ပြောင်မြောက်တဲ့စာသား
စေတနာစာတသွဲ့နဲ့
မင်းဖွဲရာ စာအနုရယ်က
ပြည်သူ့ဝန်ကျေအောင်ထမ်း
လမ်းပြစေသား..။

မင်းရှေ့မှာ ကင်မရာ
အမြင်မှာ မင်းသား
စေတနာ ရင်တခုန်နဲ့
မင်းရုပ်ပုံ ပြည်သူလမ်းမှာ
ဖြည့်စွမ်းစေသား..။

ပုံသဏ္ဌာန် သရုပ်ခြားလည်း
လှုပ်ရှားတော့အတူပါ
စွမ်းရာရာ ဖန်တီးပြု
အနုပညာ..
သဲတပွင့် အုတ်တလွှာ
ပါဝင်မယ်ငါတို့
အလှပန်း ကိုယ်စီပန်လို့
ဒို့နိုင်ငံ ဒို့ပြည်ကျိုးကို
သယ်ပိုးပါစို့..။

မောင်ဟန်တင့် ( ပင်လယ်ဘူး )

Thursday, October 5, 2017

ကြာပွင့်ချိန်



ကြာပွင့်ချိန်

ညကဖူးငုံ၊ ကြာပဒုံသည်
အရုဏ်မိုးသောက် စောင့်သတည်း။
အရုဏ်မြူး၍
လေဦးလည်းလာ၊ တိမ်ပြာလည်းကင်း
မှောင်ကြွင်းလည်းပြို၊ နှင်းလည်းစိုသော်
သံချိုရင့်ကြွေး၊ ငှက်ကလေး၏
တေးကိုနာလျက်၊ အားမာန်တတ်သည်
ကန်ထက်ရွေကြာ ပွင့်သတည်း..။

( ဗန်းမော်ညိုနွဲ့)


ကမ္ဘာသစ်

Tuesday, October 3, 2017

ရွာကိုတမ်း အလွမ်းပြေ




ချစ်တဲ့သူငယ်လေ
သူငယ်ချင်းကောင်း ယောင်းမတို့ရေ ..
မိုးဦးတသွယ်၊ မိုးလယ်မိုးနှောင်း
မုတ်သုံငယ်၊ တကယ်ကောင်းလို့ 

ချောင်းမှာရေလျှံ၊ ကန်မှာရေဖွေး
ဒီနှစ်နွေ၊ ရေအရေးတွက်
စိတ်အေးရမည်လားကွယ်..။

မျိုးကူးဖလှယ်၊ တို့လယ်တို့ချောင်း
ပဲပိစပ်၊ သီးထပ်လောင်းလို့
ပြောင်းဖူးတဖုံ၊
စင်းငုံရောထွေ
ရှေ့ပြေးလယ်၊ နာမည်မွှေးသနဲ့
ထိပ်ပြေးလှချည့်လားကွယ် ..။
ယူကလစ်မျိုး၊
စိုက်ပျိုးတူးဆွ
တအိမ်လျှင်၊ ဆယ်ပင်ကျလည်း
တောတထူ သန်နေရော့မယ်..။
မူစနစ်ပျိုး၊
ခရိုးဆူးချ
စစ်ကြောင်းလာ၊ ကိုယ်တာလှလို့
ပြောပြဆူညံနေရော့မယ်..။
ကြာငုံဖူး၍၊
သူဦးငါတိုး
မြကန်သာ၊ ကြာစွယ်ချိုးလို့
ကန်ရိုးစည်လှပြီပေါ့နော်..။
သံစုံကျူး၍၊
ရွှင်မြူးညံညိုး
လသာသာ၊ ရွာလယ်ရိုးမှာ
ရွာဒိုး ဟီလှပြီပေါ့နော်..။



ဒီပင်္ကရာ၊ စဉ်လာဆင်နွှဲ
ငါတို့ရွာ၊ ၀ါကျွတ်ပွဲမှာ
တကယ်တန်း၊ "ဆယ်သန်း" ပဲလား
ကြေးမမြင်၊
ထွေးရင် ပဲလား
ပွဲငှားပြီးလျှင် သိစမ်းချင်...။
နှစ်စဉ်သာလျှင်၊ ထုံးခါမပျက်

ဆွေဧည့်လာ၊ လျှာမှာမျက်ဖို့
ရွှေ နွဲ့  ၀ါ ၊ မာလာခက်တို့
ညက်ဖြူဆုပ်
လုပ်ပြီလားတော်..။
ချစ်ခင်စွာပင်၊ မုန်းတာမဘက်
သူတဖြာ၊ ငါတလက်နှင့်
တူမကွာ၊
ကူကာစွက်လို့
ကြာတက်သုပ် သုပ်ပြီလားတော်..။



ကန်တော့ခန်းထွက်
ယွန်းဗျပ် ပြင်မှ ပြင်ပါစ
ဆီးမီးထွန်းလျက်
ကွန်းနတ်စင်မှ တင်ပါစ..။
သီတင်းကျွတ်ခါ
မယ်တို့ရွာဆီ၊
ကြာညိုငယ်လန်း
ဆီးမီးရောင်ရှိန်၊ ပြောင်ပြောင်ထိန်လို့
သည်ချိန်ကို
မျှော်ကာမှန်းသောခါ
လွမ်းလှတယ်လေး...။

တင့်ထွန်း (ချောက်)
.............................

* 1999 ၀န်းကျင်က ကျွန်တော့် မှတ်စုစာအုပ်ထဲမှာ ရေးသားသိမ်းဆည်းထားခဲ့တဲ့ 
ငွေတာရီ မဂ္ဂဇင်းဟောင်းထဲက မြန်မာ့ဓလေ့ကဗျာလေးတစ်ပုဒ် ဖြစ်ပါတယ်
Posted by Nanda on October 8, 2011

Wednesday, July 12, 2017

"ကောက်စိုက်ချိန်"




"ကောက်စိုက်ချိန်"

ရွှေမိုးမင်းက မလင်းတလင်း
တို့လယ်ပြင်က ပျိုးပင်ခင်း
ပျိုလေးကောက်စိုက်ဆင်း။

ရွှေမိုးမင်းက မညို့တညို
သီချင်းသီသံချို
ညောင်ညိုပင်က သံစုံချွဲ
တေးငှက် ရွှေလည်နွှဲ။

ရွှေယောင်တွနှင့် ပျိုတို့လူ
ပျိုလေးချစ်တဲ့သူ
ကူလာပါနှင့် ပျို့ကောက်ရေး
မွေးမေဆိုမယ်လေး။

📝 ( နုယဉ် )

Monday, June 6, 2016

ထိကရုံးပင် ( ဇော်ဂျီ )


ခရမ်းရောင် ငွေမှုန်လဲ့နှင့်
နွဲ့ပါဘိ သူ့ဟန်သွင်
ဆွတ်ချင်လို့မေး..။

ထိစမ်းနှင့်လေ
ပွေလာလျှင် တကယ် မုန်းပါငဲ့
ရုန်းလိုက်မယ်လေး.. ။

ဇော်ဂျီ 
ဂန္တလောက၊ ၁၉၃၆


Friday, May 6, 2016

ပုဂံအလှ မြန်မာ့တာဝန်



ကောက်ကြောင်းမှာ ဆေးရည်ဆိုး
ဂူပုထိုး နံရံမှာ။
နိပါတ်တော် ထုပ္ပတ္တိ
အဘိုး၏ လက်ရာ ။
ဝါးနှီး ခွေကာ
သစ်စေးကာ လူး။
ကနုတ်နွယ် ထည်ကာကြွလို့
အဘွား လက်ရာလှ
ချစ်စရာ့ ယွန်းဘူး။

ပန်းချီကား ဘိုးလက်ရာ
ဆေးစက် ဖြာလို့ကြည်။
ခံ့ထည်စွာ တီထွင်ပန်း
သန်စွမ်း ဝေစီ။
ရှုစမ်းတော့ညီ
ပီလေရဲ့  ရောင်စုံကား။
မြန်မာ့ဟန် ပီပီနှိုး
ဘိုး ပုဂံသား။

ယွန်းဘူးလေး ချစ်စရာ
တစ်မျိုး သာလှသည်။
ရိုးရာညီ တီထွင်လုပ်
အရုပ် စုံသည်။
ရှုစမ်းတော့ညီ
ရေကြည်ထည့် သောက်မှာလား။
လက်ဆောင်ပေးချင်လည်း
အသွေးယဉ် အဆင်ကွဲဟန်တစ်မူနဲ့
ပုဂံသူ အဘွား။

တို့အဘိုး တို့အဘွား
ပုဂံသား ရာဇ၀င်
အယဉ်မှာ အစဉ်သာလို့
မြန်မာတို့ ဂုဏ်လွင်။
ပန်းမျိုးစုံလင်
အမျိုးဂုဏ်တင်လို့ သစ်လွင်ဟိန်း။
ရှေးအတီ ပုဂံအလှကိုက
မွှေးကြည်ကြည် မြန်မာဆန်လှပါပကော
ကြံဆကာ တီထွင်ထားလေတဲ့
ဘိုးဘွားမွေ ရိုးရာဟန်ကိုဖြင့်
ရိုးညှာတံ အရွက်မဖုံးရအောင်
မက်ဆုံးမပြေ ရွှေအလှကိုကွယ်
သက်ဆုံးလေ ဝေကြွအောင်တဲ့
ညီရယ်
ကြွေမကျအောင်ထိန်း..။    ။

ပြင်စည်အောင်

Saturday, February 6, 2016

သရပါအ၀င်





လာလော့အသင်၊ ရေအိုးစင်၌
သဲပြင်နုခံ၊ အုန်းခွက်တံနှင့်
ကျောင်းကန်ရေသို့ အေးစေအံ့..။
လာလော့အသင်၊ ထနောင်းပင်၌
မြသွင်ရိပ်ရိပ်၊ ပန်းဖြေအိပ်ပါ
ချော့သိပ်လေပြည် သွေးစေအံ့..။
လာလော့အသင်၊ နွေတေးရှင်သည်
အသင်မှေးခိုက်၊ တေးတစ်ပုဒ်ဖြင့်
ထွေးပိုက်ချော့မြူ တေးကြူအံ့..။
လာလော့အသင်၊ ရှေးယခင်မှ
ပျူယဉ်ကျေးမှု၊ ထွေးပိုက်မှုဖြင့်
နုသစ်ပုဂံ၊ နိုးထဟန်သည်
တုရန်နှိုင်းမဲ့၊ အလှနွဲ့နှင့်
ပြုံးသွဲ့ကြည်သာ၊ စကားထာဖွဲ့
မာယာမဲ့ပုံ၊ သည်သောင်ခုံတွင်
ရင်ခုန်ချင်အောင်
ပုံပြင်များစွာ ပြောလေအံ့..။
အို.. အဆွေငဲ့
နေရီရီယွန်း၊ ဧည့်ပြန်လွမ်းလျက်
နှုတ်ခွန်းဆက်တေး၊ ပြန်ဆုံရေးနှင့်
သင့်.. မွေးရပ်မြေ
သင့်.. အဆွေသို့
ဖြန့်ဝေပဏ္ဏာ၊ ဆောင်ယူပါလော့
မြန်မာပြည်ရဲ့  ချိုးကူသံ…။

ပြင်စည်အောင်

Thursday, December 17, 2015

ဒီကျချိန်



ဗျိုင်းညီနောင်၊ အတောင်ကဖြူဖွေး။
ကမ်းစပ်မှာငိုင်
သူ့လည်တိုင် စွေတစောင်းနဲ့
ရေတံငါ အစာချောင်းပြန်ပေါ့၊ ဒီ ညောင်းပြီလေး။

ကနန်းမ ရွှံစိုစို၊ တကိုယ်လုံး နီထွေး။
လက်မ တထောင်ထောင်နဲ့
တွင်းဘောင်မှာ မင်းယောင် ခင်းပြန်ပေါ့၊ ဒီ ဆင်းပြီလေး။

ပုစဉ်းကောင်၊ အတောင်က ငွေမှေး။
ကျူရုံမှာ သူလှုံခပြန်ပေါ့၊ ဒီ ကျပြီလေး။

ဒီကျချိန်တန်၊ စုန်ပြန်ပေါ့ ဗေဒါပန်း။
ကျူရိုးရှင် ကျူပင်ရွက်နဲ့၊ ခွန်းဆက်လို့လွမ်း။

( ဇော်ဂျီ )

ကမ္ဘာသစ် 

Monday, October 5, 2015

လွမ်းလို့မဆုံး ရွှေကြိမ်လုံး

~~

ဆရာ့ထံပါး
မြဲခစား၍
ဒို့များစာပေ
သင်လေတုန်းက
တဖုန်းဖုန်းရိုက်
ကြိမ်လုံးမိုက်ကို
အူလှိုက်သဲလှိုက်မုန်းမိတယ်..။
ဆရာနှင့်ဝေး
ကြိမ်လေးနှင့်ကွာ
လူ့ရွာလူမြေ
ကိုယ့်ခြေကိုယ့်ရပ်
ကိုယ့်ဇာတ်ကိုယ်ခင်း
ကိုယ့်မင်းကိုယ်လုပ်
ကိုယ်အုပ်ချုပ်မှ
ကြီးလှမေတ္တာ
မြတ်ဆရာနှင့်
ဆရာ့လက်သုံး
ရွှေကြိမ်လုံးကို
မဆုံးနေ့ရက် လွမ်းမိတယ်…။

ကိုရင်ရွှေဗျိုင်း


Friday, October 2, 2015

မေတ္တာသံဝေ ငြိမ်းချမ်းမြေ





တစ်နေ့တစ်နေ့
တရွေ့ရွေ့ နဲ့
ဟောင်းမြေ့ခဲ့ပြန်
နွေမိုးကျန်၍
မြောက်ပြန်လေရူး
တိုက်ခတ်မြူးသည့်
ဆောင်းဦးတစ်ဖန်သစ်ခဲ့ပြီ။

တစ်နေ့တစ်ရက်
တစ်မနက်နှင့်
စက္ကန့်နာရီ
အလီလီပြောင်း
အဟောင်းအသစ်
ပြောင်းလဲခေတ်မှာ
ဖြစ်ပျက်သမျှ
သင်္ခါရထဲ
ဝဲလည်ရစ်ထပ်
ချားရဟတ်သို့
လှည့်ပတ်သံသရာ
လူတို့ရွာဝယ်
မေတ္တာလွှမ်းခြုံ
ကိုယ်စီလုံမှ
လူ့ဘုံခန်းဝါ
ဤကမ္ဘာသည်
သာယာငြိမ်းချမ်းလိမ့်တကား...။

မျိုးဝင်းအောင်(မြင်းမူ )



Tuesday, June 16, 2015

သပြေညို



သူ့ခေါင်းမှာတဲ့ သပြေညို
ငါ့ခေါင်းမှာတဲ့ သပြေညို
တို့ပြည်မှာ တို့မေကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို..။
ဘာမလျှော့လေနဲ့
လာတော့မကွယ့် ရွှေပဟိုရ်
လေချိုက အသွေး..။
လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့ 
လှမ်းကြစို့လေး..။

မင်းသုဝဏ်

Monday, May 18, 2015

ချစ်ဖွယ်ရိုး





ဟိုးမှာ..
မိုးပြာကိုလှမ်း၊ တိမ်မတန်းကို
ဖက်နမ်းတောင်ခိုး၊ သားလူဆိုးကြောင့်
ရိုးကား ရင်တုန်နေရော့မည်..။

ဟိုးမှာ
တောင်ခိုးကဖက်၊ တိမ်မ ရှက်လို့
မျက်နှာဝှက်သတဲ့၊ ရှိုက်လျက်နှင့်ညား
ရိုးကား ရင်ခုန်နေရော့မည်..။

ဟိုးမှာ..
တိမ်နှင့်တောင်ခိုး၊ မေတ္တာနိုး၍
မိုးကိုမွေးဖွား၊ သူ့မြေးသားကြောင့်
ရိုးကား ပျော်ရွှင်နေရော့မည်..။

တိမ်နှင့်တောင်ခိုး၊ ရိုးမိသားစု
ပျော်ရွှင်မှုမှ၊ ယခုတို့ရွာ
ရတနာဟု၊ ဖွေရှာထုတ်လှစ်
ရွှေကျွန်းသစ်နှင့်၊ ၀ါးမျှစ်မကျန်
ပေါပြည့်လျှံသည်
မြန်မာပြည်၏ ချစ်ဖွယ်ရိုး…။

( ရိုး = ရိုးမတောင်တန်းကြီးများ )

ပြင်စည်အောင်

Saturday, April 11, 2015

အလောင်းစည်သူမင်း၏ နောင်တ



ညီသစ်ဆင်း
မင်းကရိုကျိုး ခပ်တိုးတိုးပင်
ဘိုး ဘေး နှစ်ပါး၊ ဦးထိပ်ထားလျက်
ဘုရား တည်ကြောင်း၊ ကောင်းမှု ပွင့်ဖူး
ထူးခြားသည်ကို၊ သိလိုသလော
မင်းပြော ပြော၏
မပြောချင်သလို၊ ပြောချင်သလိုနှင့်
မချို မချဉ်၊ ပြုံးရိပ်ဆင်သည်
ပြောချင်မှပြော မင့်သဘော။
စိတ်တိုရန်ကော၊ အစ်ကိုချောငဲ့
ယောနိသော စ၊ ကာယမနသိ
တရားရှိက
လပြည့် ဖွေးဖွေး၊ စိတ်ကြည်အေး၏
ညီထွေး စိတ်ကူး၊ ညီမှာ ထူးလည်း
မထူး သူ့ မှာ၊ ဖြစ်တတ်ရာ၏
သို့ ပါသောကြောင့်၊ အနှောင့် အသွား
လွတ်မလားဟု၊ စဉ်းစားတွေဝေ
နှုတ်ဆိတ်နေခဲ့
ဧရာ ကမ်းပါး၊ တည်ဆောက်ထားသား
ဘုရားဂူမော့
အကြော့အယဉ်၊ ကန်တော့ပလ္လင်ကို
ဝန်းကျင် ရပ်သား၊ အမြတ်ထား၍
စကားဆိုကြ၊ ကြားသမျှကို
ညီလှ မခြွင်း ပြောလိုရင်း။
ကန်တော့ပလ္လင်၊ မတည်ခင်က
ကြည်လင် ဧရာ၊ မြစ်ကမ်းသာ၌
ဟာလာ ဟင်းလင်း၊ ခပ်ရှင်းရှင်း တည့်
လေညင်း ရွှင်ရွှင်၊ နေအ၀င်ကို
နတ်ရှင် ဘုန်းလူ၊ လောင်းစည်သူသည်
တူရူ ရှုမျှော်၊ နောင်တ ပေါ်ခဲ့


ဘေးတော် နော်ရထာ၊ ဘိုးမှာ ကျန်စစ်သား
မင်းနှစ်ပါးကို၊ ပြစ်မှားခဲ့မိ
ထိုသတိကြောင့်
မချိညှိုးနွမ်း၊ စိတ်လက်ပန်းသည်
နန်းပြတင်းမှ မျှော်ရင်းပါ့ ။
ထိုသတိကား၊ အခြားမဟုတ်
သမုဒ် ရေခြား၊ လှည့်လည်သွား၍
များလှ ကျွန်းစု၊ မာလာယုတွင်
ရှုဖွယ် ဆန်းပြား၊ ရှုခင်းများကို
မျက်ဝါးထင်ထင်၊ မြင်ခဲ့ပြီးနောက်
နေပြည်ရောက်သော်၊ စိတ်မြောက် လူမြောက်
ဘုံဖျား ရောက်၍၊ မလောက် မလေး
ငါ့ဘေး ငါ့ဘိုး၊ ဘုန်းတန်ခိုးသည်
မိုးလောက် မြင်းမိုရ်၊ မြင့်သည် ဆိုလည်း
ငါ့ကို ပြိုင်လာ၊ မယှဉ်သာ ဟု
နှုတ် အာ ပြစ်မှား၊ စိတ် ပြစ်မှားခဲ့
ပြစ်မှား ချေချင်၊ သတိဝင်၍
သခင် နှစ်ပါး၊ မင်းနှစ်ပါးကို
ရွှေသား ရွှေရုပ်၊ ပုံသွန်းလုပ်၍
လက်အုပ် ချီကာ၊ ပလ္လင်ကြာ၌
တင်ကာ ကန်တော့၊ သူ မာန်လျှော့သည်
ကုန်းမော့ ကမ်းပါး ဧရာနား။

ဘေးတော် ဘိုးတော်၊ ရွှေရုပ်တော်ကို
နောင်သော် အပြီး၊ ရွှေဂူကြီး၌
သိမ်းဆည်းသိုထား ကမ္ဗည်းသား။
နောင်လာ နောက်သား သတိတရား။

သူ့ စိတ်ကိုပင်၊ သူပြန်မြင်၍
နတ်ရှင် ခံစား၊ သူ့ စိတ်ထား၌
ကြိုကြား စေ့င၊ သူ့ မာနကို
နောက်တ ကရှာ၊ တွေ့ ခဲ့ပါသည်
နောင်ခါ ၀န်ချ မာနကျ။
ဘေးတော် ဘိုးတော်၊ ရွှေရုပ်တော်ကို
သားတော် နရပတိ၊ ထည့်၍ ဌာပနာ
သဒ္ဓါ ထပ်ပွား၊ တည်ဆောက်ထားသား
ဘုရား မျက်မြင်၊ ကန်တော့ပလ္လင် ဟု
ဆိုလျှင် မမှား၊ ဆိုရငြားလည်း
ပြစ်မှား ၀န်ချ
မွေးဘခမည်း၊ စည်သူကြီး၏
ဖန်တီးစီရင်၊ ရွှေရုပ်စင်သည်
လမ်း မြင်အောင်ပါ့ ထွက်ပေါက်ပြ။
လမ်းကောင်း ပဓာန အုတ်မြစ်ချ ။   ။

ဇော်ဂျီ ( မေ ၁၉၈၅ )


Wednesday, April 1, 2015

ပိတောက်ပွင့်ဖူး အတာတန်ခူး





နှစ်သစ်ကူးသည့်
တန်ခူးချိန်ခါ၊ ရောက်လေပါသော်
ရွှေဝါရောင်လျှံ၊ မြန်မာဆန်သည့်
သင်္ကြန်ပန်းများ ပွင့်လေပြီ..။

ပိတောက်လက်ဆောင်၊ ငုလက်ဆောင်ကြောင့်
မောင်နှင့်မယ်တို့၊ တုံ့လှယ်ချစ်ခွန်း
ကျွမ်းဝင်ကြရာ၊ မင်္ဂလာတည်း..။

မြတ်မေတ္တာဖြင့်
နံ့သာတစ်စက်၊ ပိတောက်ခက်နှင့်
မွှေးပျံ့ရေစက်၊ သပြေခက်နှင့်
ကိုယ်ထက်ပက်ဖျန်း၊ ကျောရင်ချမ်း၍
လန်းဆန်းမှုပို၊ အရွယ်အိုပင်
နုပျိုစိတ်သစ် ၀င်ပေလိမ့်..။

ဘုရားသွားကြ၊ ကျောင်းတက်ကြနှင့်
ဒါနအလှူ၊ ကုသိုလ်ယူကြ
ဇမ္ဗူတစ်လွှား၊ မြန်မာများကို
တိုင်းခြား မီနိုင်ပါ့မလားလေ..။

အလှ အက၊ ဆိုတီးကြသည်
မြန်မာ့ရွှေရိုး၊ ဘယ်မရိုးနိုင်
နိုးကြားတက်ကြွ၊ ကြည်နူးစွတည့်..။
မြန်မာတို့ဂုဏ်၊ ရွှေတိဂုံတည့်..။
မြန်မာတို့မြေ၊ ပုဂံပြေ ( ပြည် ) တည့်..။

ကျွန်းသစ် စပါး၊ ကျောက်သံများတို့
ပေါများလှပေ၊ မြန်မာပြေ ( ပြည် ) ဟု
စာပေဘုံနန်း၊ ချီးကျူးးခန်းလျှင်
ကုန်ခန်းမသွား၊ သို့စေငြားလည်း
ရွှေသားရောင်ဝင်း၊ ပိတောက်မင်းနှင့်
သင်္ကြန်အတာ၊ သည်ချိန်ခါကို
လင်္ကာစာသွား၊ မေ့ချန်ထားက
တို့ကားမြန်မာ၊ အနှစ်သာနှင့်
ကင်းကွာနေသူ ဖြစ်လိမ့်တည်း…။

မိုးနောင်

Saturday, March 21, 2015

အလှကိုယ်စီ ( တင်မိုး )



ဖိုးလမင်းလည်း
သူ့အဆင်းနှင့် အလင်းနှင့်..
မီးတိုင်ငယ်လည်း
သူ့အရွယ်နှင့် အစွယ်နှင့်..
စပယ်ဦးလည်း
သူ့ဂုဏ်ထူးနှင့် ငုံဖူးနှင့်..
ပိတောက်ဝါလည်း
သူ့အခါနှင့် နံ့သာနှင့်..
မြစ်ပြင်နက်လည်း
သူ့သိုင်းကွက်နှင့် လှိုင်းယက်နှင့်..
စမ်းချောင်းခွေလည်း
သူ့ချောင်းရေနှင့် လောင်းလှေနှင့်..
မည်သည့်အရာ၊ မဆိုသာတည့်
သူ့မှာကိုယ့်မှာ၊ အလှသာတည့်..
သဘာဝလျှင်
အလှကိုယ်စီ၊ စွမ်းရည်ကိုယ်င
လက်ဆောင်ငှ၏..
အလှဝန်တို၊ မငြင်ငြိုနှင့်
ဝန်တိုမှုသာ၊ မလှရာတည့်..
သူ့ဂုဏ်သူ့သိန် ၊ သူ့အရှိန်နှင့်
အချိန်အခါ၊ နေရာဒေသ
ဌာနအလျှောက်၊ အရေးရောက်သည်
စွမ်းလောက်နိုင်သူချည်းပါတကား… ။ ။

( တင်မိုး )


  

*သာသည့်မြေသို့*



အလှထူးပါဘိ
မြဖူးပြာအငုံနှင့်
လွှာရုံမှာ ညှာစုံကျင်းရော့ထင်
ဖြူဝင်း ငွေမှုန်လွှာတို့
လေယူရာ ရနံ့ညင်း
သင်းပျံ့ခဲ သူ့ခြံမှာ။

ငါ့ခြံ ကြည့်ပြန်တော့
မချိ ပူပွေဖြာခဲ့
မြေပြာမှာ နေစာမတင့်နိုင်ဘု
ကြည်စရာ နီဝါတွေလည်း မပွင့်လေတော့
စိမ်းရင့်ရောင် နွယ်ချုံပုတ်တွေက
ရှုပ်ထွေးကာ လိမ်ခွေယှက်
အားပျက်စရာ။

သူ့စခန်း
သာဆန်း ရဂုံသွင်မို့
ငါလှမ်းကာ ခိုဝင်လို့
ပြာငွေစင် ကြိုင်ပျံ့ရှားပါတဲ့
ပွင့်ငုံဆင် ပင်တွေကြားမှာလ
လျှောက်သွားကာ ပျော်လိုလှပါဘိ
မြရောင်စို သည်မြက်ခင်း ရယ်နဲ့
ညင်းလေခို သစ်ညိုရိပ်မှာဖြင့်
လျောင်းအိပ်လို့ တစ်ကိုယ်သာ
ရွှင်ပါချင့်စိတ်ထဲ။


သို့လည်းလေ
မသင့်လျော်ပေဘု
ငါ့ခြံမြေ ဥယျာဉ်နန်းဟာလည်း
လှလေသည် သာစခန်းပေပေါ့
စိတ်ပန်းကို သည်လိုဖြေလို့
ကျက်သရေ တက်နေ၀င့်အောင်လေ
င့ါခြံမြေ အခြေမြှင့်ချင်ငဲ့
သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
ငါ့မြေမှာ နီဝါတင့်ရမပေါ့
အခွင့်အခါ မျှော်လို့
ဥယျာဉ်တော် သာယာရေးကိုလ
ရှုမြင်မျှော် ခါခါတွေးပါလို့
မနှေးပင် အားအင်ထုတ်လို့ရယ်
ပေါင်းနုတ်ဖို့ခဲ။

(ငွေတာရီ)

 Posted by Kyikyihan

Tuesday, March 17, 2015

လွယ်မောက်တောင်သို့ ဖိတ်ခေါ်ခြင်း



မင်းဝံတောင် မြူတွေဆိုင်းလို့
စစ်ကိုင်းရဲ့  မြောက်ဌာနီ။
တောင်ဆုံးသည့် နေရာ၌
မဲဇာတောင် မဲဇာတော
ရှုမောသာစည်။
အနောက်တောင် ၀န်းသိုဆီ
ခန္တီးမည် တောင်ကုန်း။
မှန်ကင်းရွှေတောင်နှင့်
မိုင်းသုန်တောင် တောင်သင်တိုင်းတို့
မှိုင်းညှို့  မဆုံး။
မြစ်ဧရာ အနောက်ချဉ်းလို့
မင်းဝံတောင် ဖြတ်ကျော်နင်းပြန်တော့
ရွှေတွင်းတဲ့ တောင်ညိုညို။
အနောက်ဆီ မိုင် ၂၀ လောက်မှာလည်း
မြောက်မှတောင် ဖြတ်ကာသန်းတဲ့
မြစ်ကြီးနား ရထားလမ်းက
မန်းရောက်ထိကို။
ခန္တီးတောင် တောင်ဘက်ကျတော့
မြေပြန့်လှ ကောလင်းဆို
စိမ်းစိုတဲ့ မြို့စခန်း။
တောင်ညိုဟာ ဟိုအနောက်မှာပေါ့
လေးမိုင်သာ စခန်းထောက်ရင်
လွယ်မောက်တောင်တန်း။
တပေါင်းဆို လမြတ်ထူး
တန်ခူးနှင့်ကဆုန်
မဲကျရာ ကျင်းပမြဲတဲ့
လွယ်မောက်တောင် ဘုရားပွဲ
နွှဲဖို့သာကြုံ။
ဆွမ်းကြီးလောင်း လှူဖို့မှန်းလို့
လှမ်းခဲ့ပါ ဆွေအစုံ
ကားဖုံဖုံ လှည်းကြုံပေါ။
ပွဲတော်ရက်မှာ
ဆင်နွှဲ ပျော်စရာပေါ့
စေတနာ သည်ထမင်းရယ်နဲ့
ခံတက်ချဉ် ငရုတ်ပေါင်းလေတော့
ရွှေပွဲလာ ခံတွင်းတောင်းတဲ့ပြင်
ညခင်းအခါ
လမင်းဝါ တောင်ခါးစောင်းတင်တော့
လွမ်းကောင်းမယ်နော…။

မိုးနောင်


Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>