2 3 4 5 6 7 8 9 10
Saturday, October 10, 2015
တန်ဖိုးထက်မြင့်သော
နွမ်းရင့်ရော်ရွက်၊
မြေမှာသက်ဖွဖွ၊
သူ့ အလှနဲ့ သဘာဝ၊
မြေဆီကိုအလွှာထပ်လို့ ၊
ဆက်မပြတ်အကျိုးပြုတယ်၊
တန်ဘိုးရယ်ဘယ်မရှိလည်း၊
အမြင်ထည်စူပါမားကတ်ထဲက၊
မြောက်ကြွကြွ အပျံစားပလပ်စတစ်အိတ်ထက်၊
လောကကိုအကျိုးပြု၊
ဆိုးမှုတွေသူမပေး ၊
ငွေကြေးနဲ့ သူမစက်ပဲ၊
ငွေထက်ကဂုဏ်အလွှာမှာ၊
သူကသာတင့်တယ်လှသေး။
Posted by Ye Htut  
Friday, October 9, 2015
ရှင်သန်ရင်း
အုံ့မှိုင်းညိုညို၊ ငွေမိုးဖြို၍
ရွှဲစိုသည်းသည်း၊ ရွာသွန်းဆဲတွင်
အားလည်းမငယ်
စိတ်ဝယ်မကြောက်
လမ်းမပျောက်ပါ။
မိုးကြိုးလျှပ်စီး၊ မြည်ကာဟီးလည်း
ထိုသည်းသောမိုး၊ အငြိုးကုန်ကာ
အလင်းဖြာလျှင်
အာကာကောင်းကင်
ပြာလွင်လွင်တွင်၊ ရောင်စဉ်မျိုးစုံ
သက်တံ့ပုံကို၊ မှုန်ခြယ်မှိုင်းရီ
တွေ့ရမည်။
ထိုနည်းတူစွာ၊ ငါ၏ဘဝ
မှောင်ပျပျတွင်၊ ဒုက္ခပေါင်းစုံ
ကြုံရရုံဖြင့်၊ အားကုန်မာန့်လျှော့
စိတ်မလျော့ပါ။
ညဥ့်သုံးယံလုံး၊ အမှောင်ဖုံးလည်း
နောက်ဆုံးမနက်၊ အရုဏ်တက်တွင်
လင်းလက်နေခြည်၊ မြင်ရမည်ဟု
စိတ်အစဉ်တွင်၊ စွဲမြဲထင်သည်
ရင်မှာအားတင်း၊ ရှင်သန်ရင်း။
 မျိုးချစ်ကျော်
Thursday, October 8, 2015
အာရှတိုက်ရဲ့ တစ်နေရာ
မြို့တော်နဲ့ ကီလိုမီတာ ၆၀ ခန့်ဝေးတဲ့နေရာ
အဝေးပြေးလမ်းမကြီးရဲ့ပခုံးပေါ်မှာ
လေးထပ်တိုက်တစ်လုံးနဲ့ ဖွဲ့စည်းထားတဲ့ရွာ
အာရှတိုက်ရဲ့တစ်နေရာလို့ဆိုပါစို့
အဲဒီရွာရဲ့ အဋ္ဌမမြောက်အခန်းတစ်ခန်းထဲမှာ
အင်ဒိုနီးရှားလူငယ်လေးယောက်
နှစ်ယောက်က ညီအစ်ကို
ဘင်္ဂလားဒေရှ်လူရွယ်တစ်ယောက်
ပြီးတော့ ငါတို့နှစ်ယောက်
ဓာရဏပရိတ်၊ ကိုအန်ကျမ်း၊ ရောခ်သီချင်း
ဂျင်းဘောင်းဘီ၊ ၀ါယာကြိုးခွေများနဲ့
အမျိုးအမည်မသိ အလှမွေးငှက်နှစ်ကောင်
တစ်အိုးတစ်အိမ်ထူထောင်လို့နေကြ
သူတို့ဘ၀တွေဟာ အရှေ့တောင်အာရှကျွန်းဆွယ်ပေါ်က
အကြမ်းထည်ပစ္စည်းပစ္စယတွေနဲ့
နာရီစက်သံကြောင့်
အထိတ်တလန့်နိုးထ
အိပ်ရေးမ၀တဲ့မျက်လုံးထဲမှာ
နှင်းတွေအတုံးအရုံးကျနေတဲ့ မနက်ခင်း
ရွာလည်လမ်းထိပ်မှာ ရေသန့်ဘူးကိုယ်စီနဲ့
အလုပ်ဆင်းဖို့ အဆင်သင့်ဖြစ်နေပြီ
တစ်နေကုန် မြို့တော်ကြီးဆီကိုသွား
မြင့်မားတဲ့အဆောက်အအုံခေါင်းမိုးတွေပေါ်တက်
ဆံပင်တွေ အရည်ပျော်ကျမတတ် နေရောင်အောက်မှာ
ချွေးတွေ သံတွေနဲ့ မချိမဆန့် အလုပ်လုပ်ကြ
အဲဒီအလုပ်က အသက်အန္တရာယ်နဲ့နီးပေမယ့်
“ငွေမရှိတာလည်း အသက်အန္တရာယ်နဲ့ နီးတာပဲ”လို့
ဘင်္ဂလားဒေရှ်လူရွယ်က မှတ်ချက်ချတယ်
နေ၀င်ရီတရောမှာ
ကျောပေါ်အမောတွေထမ်းပြီးပြန်လာကြ
ရေချိုးခန်းကို သူ့ထက်ငါဦးအောင် အလုအယက်တိုးခွေ့ဝင်ကြ
ဒါဟာနိစ္စဓူဝကိစ္စ
ညကျ ..
တစ်ဆိုင်တည်းသော ပင်လယ်စာဆိုင်မှာ
ဒေသရဲ့ရိုးရာထမင်းကြော်ကိုစားရင်း
စကားစမြည်ဆိုကြ
ကျိုးပဲ့နေတဲ့ဘာသာစကားနဲ့ပ
ပြီးတော့ ကိုကာကိုလာတစ်ပုလင်းသောက်ရင်း
လေးညှင်းနံ့သင်းတဲ့ စီးကရက်ကို ဖွာရှိုက်
ဂျက်ဂွာကားတစ်စီးရဲ့နောက်ကို ပြေးလိုက်သွားတဲ့စိတ်ကူးတွေ
သဘာဝကျပါတယ်လေ
စားသောက်ဆိုင်ကအပြန်
လမ်းဘေးအများသုံးဖုန်းကနေ
ကိုယ့်တိုင်းပြည်ကို ဖုန်းဆက်သူဆက်
တိုက်ပေါ်ပြန်တက်ပြီး ရေဒီယိုကို နားထောင်သူနားထောင်
နေ့လယ်ကတွေ့ခဲ့တဲ့ ပေါင်တံဖြူဖြူတရုတ်မလေးတွေကို
စိတ်ကူးယဉ်သူယဉ်
အဓမ္မကျင့်ခံလိုက်ရတဲ့ ဖိလစ်ပင်းအိမ်ဖော်မလေးအတွက်
ကရုဏာသက်သူသက်
နေရပ်ပြန်ပို့ခံ ဗီယက်နမ်တွေအတွက် စိတ်မကောင်းဖြစ်သူဖြစ်
ဘုရားဝတ်ပြုသူကပြု
သမားရိုးကျ လူ့အဖွဲ့အစည်းငယ်လေးပါပဲ..
နေ့စဉ်နဲ့အမျှ
ကျွဲလိုနွားလို အလုပ်လုပ်ရ
အခန့်မသင့်ရင် ခွေးသေ၀က်သေ သေသွားကြ
နက်ရှိုင်းလှတဲ့ ဆင်းရဲတွင်းထဲက ခုန်ထွက်ဖို့
အလုအယက်ကြိုးစားရင်း
အာရှတန်ဖိုးဆိုတာဘာလဲ
ကွန်ဖြူးရှပ်ယဉ်ကျေးမှုဆိုတာဘာလဲ
ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့တာကိုပဲ
ဂုဏ်ယူရမလား..
အာရှတိုက်ကြီးကတော့
အပျိုပေါက်တစ်ယောက်လိုခြယ်သ
ဂျပန်၊ ဥရောပနဲ့အမေရိကကို မျက်စပစ်နေလေရဲ့  ..။
ပြန်လည်ဆန်းစစ်ကြည့်တော့
ငါတို့ဟာ စက်ရုံတစ်ရုံမဖြစ်နိုင်ခဲ့
ငါတို့ဟာ ကုမ္မဏီတစ်ခုမဖြစ်နိုင်ခဲ့
ငါတို့ဟာ ဘဏ်တိုက်တစ်ခုမဖြစ်နိုင်ခဲ့
ငါတို့ဟာ ဈေးကွက်တစ်ခုကို မဖန်တီးနိုင်ခဲ့
ငါတို့ဟာ ဈေးပေါတဲ့ ကုန်ကြမ်းတွေသာဖြစ်တယ်..။
အာရှတိုက်ရဲ့တစ်နေရာမှာ စတေးခံဘ၀များစွာ
ငါတို့ဟာ ငြိမ်းချမ်းရေးမရနိုင်သေးပါဘူးကွာ
ငါတို့ရဲ့ဘ၀ဟာ ဘာမှ မသေချာလှ
အဲဒီလို မသေချာမှုတွေထဲကပဲ
သေချာတဲ့ဘ၀ကို တည်ဆောက်ယူရတာ
တို့လူသားတွေရဲ့ မွေးရာပါတာဝန်ပဲ မဟုတ်လား..
ဝဋ်ကြွေးလည်း ဖြစ်နိုင်ရဲ့ 
ခုမှ ငါ့ရဲ့ ကိုယ်ပိုင်ကောင်းကင်မှာ
ကြယ်ရောင်မှိန်ပျပျ
မြင်ရရုံပဲ ရှိပါသေးတယ်။
တစ်ခါတစ်လေ နံရံပေါ်က ကမ္ဘာ့မြေပုံကို ကြည့်ရင်း
ငါလွမ်းနေမိရဲ့
ငါလွမ်းနေခဲ့တာ..
ပီဇာနဲ့ ဟမ်ဘာဂါတွေကို မဟုတ်ဘူး
ဟာဒ်ရောခ်ကဖေးကို မဟုတ်ဘူး
“နိုင်ငံကူးလက်မှတ်” လို့ အမည်ရတဲ့
ဝီစကီပုလင်းလှလှကို မဟုတ်ဘူး
အောင်လက်မှတ်တွေနောက်ကို လျှောက်လိုက်နေတဲ့
ကျွန်းတစ်ကျွန်းကို မဟုတ်ဘူး
မီရှယ်ယိုဆိုတဲ့ ရုပ်ရှင်မင်းသမီးကို မဟုတ်ဘူး
ငါလွမ်းနေခဲ့တာ ..
ကံခေပေမယ့်
ချစ်စရာကောင်းနေတဲ့ တိုင်းပြည်တစ်ပြည်ကိုပါ
လေပြင်းထန်တဲ့ကမ်းခြေက
ငါ့ရဲ့ ခြေတံရှည်အိမ်လေးကိုပါ
“အမျိုးသားက နိုင်ငံခြားမှာလေ”  ဆိုပြီး
ရပ်ကွက်ထဲမှာ တစ်ချို့ဇနီးမယားတွေ ပါးစပ်အရသာခံကြတာမျိုးအတွက်နဲ့တော့
ဒီနေရာကို ငါဘယ်ထွက်လာပါ့မလဲ
မိအိုဖအိုတွေရှိနေစဉ်မှာ
အဆင်ပြေပြေ အကြွေးကင်းကင်း ရှိနေစေချင်တာအတွက်
ငါ့ဆန္ဒတွေကို ကွက်မျက်ခဲ့ရတာပါ
မိသားစုနဲ့ အိမ်ကို ခွဲခွါခဲ့
သူငယ်ချင်းများနဲ့တိုင်းပြည်ကို ခွဲခွါခဲ့
အဲဒီအတွက်ရမယ့် ဆုလာဘ်ဟာ
စင်္ကာပူက ကြိမ်ဒဏ်မျိုးတော့ မဟုတ်တန်ရာ
အသားမာတက်နေတဲ့လက်နဲ့
ပြက္ခဒိန်ပေါ်က နေ့တွေကို ရေတွက်ရင်း
“လေယာဉ်ပျံတွေမြင်ရင် အိမ်ပြန်ချင်တယ်”လို့ ညည်းမိ
ဒါပေမယ့် သုဝဏ္ဏသျှံမဟုတ်တော့ ..။
ခုတော့
အာရှကျားတွေရဲ့ပါးစပ်ထဲက
အမဲသားတစ်ဖက်
သွားကြားညပ်ခဲ့ရင်ခွင့်လွှတ်ပါ
ဒါဟာ ဒဏ္ဍာရီမဟုတ်ပါဘူး
အာရှတိုက်ရဲ့တစ်နေရာက
မြုံနေတဲ့အနာတွေပါ
ရင်းနေတဲ့အနာတွေပါ...။
ကြည်မောင်သန်း
Wednesday, October 7, 2015
ဆပ်ကပ် ပွဲတစ်ခု
လူကောင်းတစ်ယောက်ရဲ့ ဘ၀မှာ
အကောင်းဆုံးအစိတ်အပိုင်းဆိုတာ
မကြီးမကျယ်တဲ့ ၊ အမည်မဖော်တဲ့ ၊ အမှတ်တရပြုမနေတဲ့
အကြင်နာ ၊ မေတ္တာ အပြုအမူလေးများပါ။
( ၀ီလျံဝါ့ဒ်စ၀ပ် )
ကျွန်တော် လူပျိုပေါက် အရွယ်လောက်က ဖြစ်သည်။ အဖေ နှင့် ကျွန်တော် ဆပ်ကပ်ပွဲအတွက်
လက်မှတ် တန်းစီနေကြသည်။ အတော်ကြာ စောင့်ဆိုင်းပြီး သည့်နောက်တွင် လက်မှတ်ပေါက်နှင့်
 ကျွန်တော်တို့ ကြားမှာ မိသားစု တစ်ခုသာ ကျန်လေသည်။
သည်မိသားစုကို ကြည့်ပြီး ကျွန်တောသဘောကျနေမိသည်။ ကလေးချည်း ရှစ်ယောက် ပါသည်။
တစ်ယောက်မျှ ၁၂နှစ် ပြည့်သေးပုံမရ။ သူတို့အပြင်တွေကြည့်ရုံဖြင့်ပင် ငွေကြေးပြည့်ပြည့်စုံစုံထဲက
မဟုတ်ကြောင်းသိနိုင်သည်။ အ၀တ်အစားတွေကအဖိုးတန်ထဲက မဟုတ်။
သို့သော်သပ်သပ်ရပ်ရပ်ရှိသည်။ ကလေးတွေက အမူအရာယဉ်ကျေးသည်။ မိဘများနောက်မှာ
 နှစ်ယောက်တစ်တွဲ လက်ချင်းချိတ်ပြီး တန်းစီနေကြသည်။ သို့သော်နှုတ်ကမူ ညဘက်တွင်
သူတို့ကြည့်ရမည့်ဆပ်ကပ် လူပြက်များ ၊ ဆင်လိမ္မာများနှင့် အခြားပြကွက်များ အကြောင်းကို
အားတက်သရော ပြောဆိုနေကြသည်။ သူတို့လေးတွေခမြာ ဆပ်ကပ်ပွဲ တစ်ခါမျှ
 ကြည့်ဖူးကြဟန်မတူ။ သည်ညကတော့ သူတို့ဘ၀မှာ တကယ့် အမှတ်တရည ဖြစ်တော့မည့်ပုံမျိုး။
အဖေနှင့်အမေက အုပ်စုထိပ်မှာ ၀မ်းမြောက်ဂုဏ်ယူသည့် အသွင်အပြင်များဖြင့် ရပ်နေကြသည်။
ကလေးတွေ၏ မိခင်က ခင်ပွန်းသည်၏လက်ကို ကိုင်လျက်သူ့မျက်နှာကို ရွှန်းရွှန်းစားစားကြည့်နေပုံမှာ
‘မေ့ချစ်သူလူစွမ်းကောင်းကြီး’ဟု နှုတ်ခွန်းဆက်သနေဘိသည့်အလား အထင်ကြီးမှု ၊ လေးစားမှု
လက္ခဏာတွေ အပြည့်ပါသည်။ ခင်ပွန်းသည်ကလည်း ‘အားကိုးစမ်းပါအချစ်ရယ်’ ဟု
ခွန်းတုံ့ပြန်သည့်နှယ် ဂုဏ်ယူသော အပြုံးနှင့်ချစ်ကြည်နူးစွာကြည့်သည်။
သည်အခိုက် လက်မှတ်ရောင်းသော အမျိုးသမီးက အဖေလုပ်သူအား လက်မှတ်
ဘယ်နှစ်စောင်ယူမလံလှမ်းမေးသည်။
“ကျွန်တော် ကလေးလက်မှတ်ရှစ်စောင်နဲ့လူကြီးလက်မှတ်နှစ်စောင် လိုချင်ပါတယ် ၊
 အဲဒါ မှ ကျွန်တော်တို့ တစ်မိသားစုလုံး လာလို့ရမှာ” သူက တက်တက်ကြွကြွပင် ဖြေသည်။
အမျိုးသမီးက လက်မှတ်ခ နှုန်းထားများ လှမ်းပြောသည်။
ဇနီးသည်က သူ့ခင်ပွန်း၏လက်ကို လွှတ်ချလိုက်ပြီး ခေါင်းလည်းငုံ့သွားသည်။ အမျိုးသား၏ နှုတ်ခမ်းတွေတဆတ်ဆတ် တုန်လာသည်။ သူ ရှေ့သို့ အနည်းငယ်တိုးကာ “ဘယ်လောက်ဗျာ”ဟူ၍ မေးသည်။
လက်မှတ်ရောင်းသော အမျိုးသမီးက ဈေးနှုန်းတွေထပ်ပြောသည်။
အဖေလုပ်သူမှာ ပိုက်ဆံ အလုံအလောက်မပါ။
သို့သော် သည်အချိန်ကျမှ သူနောက်ဘက် လှည့်ကာ ကလေးတွေကိုအဖေ့မှာ ပိုက်ဆံ 
အလုံအလောက်မပါလို့ သည်ည ဆပ်ကပ်ကြည့်နိုင်မှာ မဟုတ်ဘူးဟု သူဘယ်သို့ 
ပြောထွက်နိုင်ပါမည်နည်း။
ဖြစ်ပျက်ပုံ အလုံးစုံကို မြင်ကာ ကျွန်တော့်အဖေအင်္ကျီအိတ်ထဲ လက်နှုက်သည်။ ဒေါ်လာ
၂၀ တန် တစ်ရွက် ထုတ်လာပြီးနောက်မြေကြီးပေါ်အသာပစ်ချသည်။
 (ကျွန်တော်တို့လည်း ချမ်းသာသူများ မဟုတ်ကြောင်းကြားဖြတ်ပြောလိုပါသည်။) 
ထို့နောက် အဖေပဲ သည်ပိုက်ဆံကိုပြန်ကောက်ကာ ကလေးများ ဖခင် ပခုံးကိုသွားပုတ်ပြီး
 ပြောသည်။ “ဒီမှာခင်ဗျ ၊ စောစောက ခင်ဗျားအိတ်ထဲက ထွက်ကျသွားတယ်”
အဖေဘာလုပ်သည်ဆိုတာ ထိုပုဂ္ဂိုလ် ကောင်းစွာနားလည်လိုက်ပါသည်။ ဘယ်သူ့ဆီကမှ
သူ လက်ဖြန့်တောင်းခံခဲ့သည်တော့မဟုတ်။ သို့သော်ဒီလိုအသည်းအသန် အရေးတကြီးအချိန် ၊
 ဖခင်တစ်ယောက်အနေနှင့်အရှက်ကြီး ရှက်ရမည့်အဖြစ်မျိုး ကြုံရအံ့ဆဲဆဲ အချိန်တွင်
မမျှော်လင့်ဘဲ ပေါ်ပေါက်လာသည့် သည်အကူအညီအတွက် သူတကယ်ပဲ 
ကျေးဇူးတင်သွားခဲ့သည်။ အဖေ့မျက်လုံးအစုံကို သူ စူးစိုက်၍ကြည့်သည်။
 ဒေါ်လာ ၂၀ တန် ကိုင်ထားသော အဖေ့လက်ကို သူလက်နှစ်ဖက်နှင့်ဖျစ်ညှစ်ဆုပ်ကိုင်ကာ
 တုန်ယင်သော နှုတ်ခမ်းများဖြင့်ကျေးဇူးတင်စကားဆိုသည်။
“ကျေးဇူးတင်တယ်ဗျာ ၊ တကယ့်ကိုကျေးဇူးပါပဲ ၊ ကျွန်တော်အတွက်ရော ကျွန်တော့်မိသားစု
အတွက်ပါ အဖိုးမဖြတ်နိုင်ပါဘူးခင်ဗျာ” သည်လိုပြောရင်းသူ့ပါးပြင်ပေါ် မျက်ရည်တစ်ပေါက်
လိမ့်ဆင်းကျလာသည်။
အဖေနှင့်ကျွန်တော် ကားဆီသို့ လှည့်ပြန်ကာ အိမ်သို့ပဲ မောင်းလာခဲ့ကြသည်။ 
အဲသည်ည ဆပ်ကပ်ပွဲသို့ကျွန်တော်တို့ မသွားကြပါ။ သို့သော် သည်ညသည်
အချည်းနှီး ညတော့ လုံးဝမဟုတ်ခဲ့...။
............
မူရင်း။ ။ Dan Clark ၏ The Circus
ဆရာဖေမြင့်ဘာသာပြန်လက်ရာလေးပါ။
Monday, October 5, 2015
လွမ်းလို့မဆုံး ရွှေကြိမ်လုံး
~~
ဆရာ့ထံပါး
မြဲခစား၍
ဒို့များစာပေ
သင်လေတုန်းက
တဖုန်းဖုန်းရိုက်
ကြိမ်လုံးမိုက်ကို
အူလှိုက်သဲလှိုက်မုန်းမိတယ်..။
ဆရာနှင့်ဝေး
ကြိမ်လေးနှင့်ကွာ
လူ့ရွာလူမြေ
ကိုယ့်ခြေကိုယ့်ရပ်
ကိုယ့်ဇာတ်ကိုယ်ခင်း
ကိုယ့်မင်းကိုယ်လုပ်
ကိုယ်အုပ်ချုပ်မှ
ကြီးလှမေတ္တာ
မြတ်ဆရာနှင့်
ဆရာ့လက်သုံး
ရွှေကြိမ်လုံးကို
မဆုံးနေ့ရက် လွမ်းမိတယ်…။
ကိုရင်ရွှေဗျိုင်း
Recent Posts
လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ
Popular Posts
မြန်မာ့မြေ
erer-outer'>