ထိုနေ့က အချိန်မီ မီးငြိမ်းသတ်လိုက်နိုင်သည်ဟု သူက ဆိုပါသည်။
“အချိန်မီ မီးငြိမ်းသတ်လိုက်နိုင်သည်ဆိုတော့ သူ့အတွက် ဆုံးရှုံးပျက်စီးမှု မရှိဘူးပေါ့” ဟူသော အတွေးဖြင့် ကျွန်တော်က ၀မ်းသာနေပါသည်။
ထိုကွက်လပ်ဆီသို့ ၀က်ဝံများ လာနေကြသည်။ ၀က်ဝံမကြီးက ရှေ့ဆုံးမှ လျှောက်လာ၍ ယင်းနောက်မှ အခါလည်သား ၀က်ဝံကလေးတစ်ကောင်နှင့် မွေးကာစ ၀က်ဝံကလေးသုံးကောင် လိုက်ပါလာသည်။ ၀က်ဝံမကြီးသည် ဦးခေါင်းကို မော့်ကာ တရှူးရှူး အနံ့ခံပြီး နောက်က ၀က်ဝံကလေးများကို ရှေ့ဆောင်ကာ ပျားရည်ပုံးကြီးရှိရာသို့ ရှေးရှု သွားသည်။ ရှေးဦးစွာ ပျားရည်ပုံးထဲသို့ သူ၏နှာခေါင်းကို ထည့်လိုက်ပြီးနောက် ၀က်ဝံကလေးများကို လာခဲ့ရန် အသံပြုသည်။ ၀က်ဝံကလေးများက ပြေးသွား၍ ပျားရည်ကို သောက်ကြသည်။ ထိုသို့ သောက်ကြသောအခါ အပေါ်မှ တွဲလောင်းချည်ထားသော သစ်တုံးကြီးက ယိမ်း၍ သွားသည်။ ယိမ်းရာမှ ပြန်လာပြီး ၀က်ဝံကလေးများကို သစ်တုံးကြီးက တိုက်သည်။
ထိုသို့တိုက်သည်ကို မြင်သောအခါ ၀က်ဝံမကြီးက သစ်တုံးကို လက်ဖြင့် တွန်းဖယ်လိုက်သည်။ ထိုအခါ သစ်တုံးသည် ပို၍ ဝေးရာသို့ ယိမ်းသွားပြီးနောက် ပြန်လာသောအခါ ၀က်ဝံကလေး နှစ်ကောင်၏ ကျောကုန်းကို ရိုက်ခတ် မိသည်။ ၀က်ဝံကလေးများ အော်ဟစ်ကာ နံဘေးသို့ တိမ်းဖယ်လိုက်သည်။ ထိုအခါ ၀က်ဝံမကြီးမှာ ဒေါသဖြစ်လာပြီဖြစ်၍ သစ်တုံးကို လက်နှစ်ဖက်စလုံးဖြင့် ဦးခေါင်းပေါ်သို့ ကျော်သည် အထိ မြှောက်လွှဲ၍ တွန်းပစ်လိုက်သည်။ ထိုအခိုက် အခါလည်သား ၀က်ဝံကလေးသည် ပျားရည်ပုံးကြီးရှိရာသို့ ခုန်ပေါက် လာပြီးလျှင် ပျားရည်အိုးထဲသို့ နှာခေါင်းကိုနှစ်ကာ ပျားရည်ကို လောဘတကြီး စုပ်ယူလျက်ရှိသည်။ မွေးခါစ ၀က်ဝံ ကလေးများ ကလည်း ပျားရည်ပုံးရှိရာသို့ လာလျက်ရှိသည်။ ပုံးနားသို့ သူတို့မရောက်မီ သစ်တုံးသည် အရှိန်ဖြင့်ပြန်၍လာပြီးနောက် အခါလည်သား ၀က်ဝံ ကလေး၏ ဦးခေါင်းကို ရိုက်ခတ်လိုက်၍ ၀က်ဝံကလေးမှာ ပွဲချင်းပြီး သေဆုံးသွားလေသည်။