“လူတို့နှလုံးသား အမုန်းမပွားကြဖွယ်..၊ မေတ္တာဆွတ်ဖြန်း အချစ်ပန်းလှိုင်ကြွယ်..၊ အကြင်နာတရားတွေ ထားမှ စိတ်ထားမြတ်မယ်..၊ စေတနာတွေ မိုးဆွေရွာ ဖြိုးဝေပါကွယ်..၊ နှလုံးသားဝယ် အမုန်းတရားကွယ်..၊ အပြုံးများကြွယ် .. လှစေဖွယ်..”
“ စိန်ရွှေ ရတနာ နီလာပုလဲ..၊ စီကာဆွဲမှ လှမယ် မထင်ဖွယ်၊ အလှဆိုတာ အစဉ်အမြဲ…သင်္ခါရပဲကွယ်၊ ရိုးသားသိမ်မွေ့ သဘောကဖြူစင်..၊ လောကကို အလှဆင်နိုင်လိမ့်မယ်.၊ အစဉ်အမြဲဘ၀ လှပရေးကွယ်..၊ ရင်ထဲက အလှသာရွေးချယ်..၊ အပြုံးလှလှ ပြုံးကြပါမယ်ကွယ်.. အမုန်းစကားမဆိုကြ အစဉ်သာတကယ်..၊ နှလုံးသားကို အလှဆင်ပါကွယ်..”
နံနက်ခင်းရဲ့ အလှကို သည်လို ကျက်သရေမင်္ဂလာရှိလှတဲ့ တေးသံစဉ်တွေနဲ့ အတူ ခံစားနားဆင်ရတဲ့ အရသာဟာ တကယ်ပဲ စိတ်အေးချမ်းဖွယ် ကောင်းပါတယ်။
ကျွန်တော်ငယ်ငယ်က အမေက သီချင်းဆိုသိပ်လေ့ရှိတယ်။ “လူကလေးရယ်ငို၊ ခိုဖမ်းလို့ ပေး၊ ခိုဖြူခိုပြာနက်ကယ် ဖမ်းခက်လှသေး” အမေ ဒီသီချင်းဆိုတိုင်း ခိုဖမ်းတာ တခါမှ ခို မမိပေမယ့် အမေ့ရဲ့ စည်းချက်အသံအနိမ့်အမြင့်အောက်မှာ ကျွန်တော် အေးချမ်းစွာ အိပ်ပျော်ခဲ့ရတဲ့ညတွေ မနည်းပါဘူး။ လူတွေဟာ ငယ်စဉ်ကလေးကတည်းက သောတအာရုံခံစားမှုနဲ့ အတူ ဂီတအပေါ်မှာ မသိမသာ ပျော်ဝင်လာတတ်ခြင်းပါ။ အရွယ်ရောက်လာတဲ့အခါ အဖေကိုယ်တိုင် ၀ယ်ပေးခဲ့သော ဂစ်တာလေးတစ်လက်ဟာလည်း ကျွန်တော့်ဘ၀၏ တန်ဖိုးအထားရဆုံး အမှတ်တရဖြစ်မိတဲ့ ပစ္စည်းတစ်ခုပဲပေါ့။
သာယာငြိမ့်ညောင်းတဲ့ ဂီတအပေါ် အသံနေအသံအထားအပေါ်မှာ လူတွေဟာ ပျော်ရွှင်ကြတယ်၊ အလေးထားတတ်ကြတယ်ဆိုတဲ့ သဘောကို ဆရာဦးအောင်သင်းဟောတဲ့ စာပေဟောပြောပွဲတစ်ခုမှာ ကျွန်တော်နားထောင်ဖူးစဉ်က သံပရာသီးရောင်းသမားလေးအကြောင်းကို အမှတ်ရမိသေးတယ်။ ဆရာဟောတာက လူတွေဟာ အလှအပအပေါ် အနုပညာအပေါ် ခံစားချင် ပျော်ဝင်ချင်ကြတယ်ဆိုတာပေါ့။ သံပုရာသီး ရောင်းသမားက သမရိုးကျ အော်ရောင်းမယ်ဆိုရင်ပေါ့။ “သံပုရာသီးဟေ့၊ သံပုရာသီး တစ်လုံး ၅ ပြား၊ ၀ယ်ချင်ရင် ၀ယ်၊ မ၀ယ်ချင်ရင်နေ..” ဆိုရင်…. “ ဟ.. ဘာလဲဟ.. ရောင်းတာက သံပုရာသီး..အသံက ချဉ်စုပ်စုပ်နဲ့  ရိုက်လွှတ်လိုက်ရမလား ဖြစ်မှာပဲပေါ့။ ဒါပေမယ့် သံပုရာသီးသည်က ဒီလိုမအော်ဘူး..သူက အသံနေအသံထားနဲ့  အသံအနိမ့်အမြင့်နဲ့  စာချိုးစာကျနဲ့ လာတာတဲ့။ ငယ်ငယ်က ကလေးလေးတွေ မူလတန်းစာပုဒ်လေး အော်ဖတ်သလိုပေါ့ဗျာ။
“ သံပုရာသီး..သံပုရာသီး…တစ်လုံး….. ၅ ပြား၊ ၀ယ်ချင်ရင်…… ၀ယ်၊ မ၀ယ်ချင်ရင်….နေကြ၊ အဝေးကြီးရောက်မှ လှမ်းမခေါ်နဲ့၊ ပြန်မလာတော့ဘူး”
အသံနေအသံထားကောင်းလွန်းတော့.. ဆရာဦးအောင်သင်းက သူ့ရဲ့  ပုံမှန်အားပေးနေကြ ဖောက်သည်တစ်ဦး ဖြစ်သွားခဲ့တာပေါ့။
အသံသာယာမှုကို လူတိုင်းကလိုချင်ကြပါတယ်.။ ဇာတ်တော်တွေထဲမှာ ဖတ်ဖူးမိတာ တစ်ခု အမှတ်မိရတယ်။ ကရ၀ိတ်ငှက်ရဲ့ အသံဟာ သူ့အသံကြားမိသူတိုင်းက နောက်ထပ်မကြားရမနေနိုင်လောက်အောင်ကို စိတ်နှလုံးညွှတ်နူးပျော့ပြောင်းစေတယ် တဲ့။ ကရ၀ိတ်ငှက်အသံတောင် ဒီလောက်ကောင်းနေရင် လောကမှာ အတုမရှိတဲ့ ဘုရားရှင်ရဲ့ အသံတော်ဟာ ဘယ်လောက်တောင်များ သာယာနာပျော်ဖွယ်ကောင်းလိုက်မလဲပေါ့.။ နောက်ထပ်ဇာတ်တော်လာ ဂီတအသံတွေထဲမှာ ဖတ်ဖူးတာ ပဉ္စသိင်္ခ နတ်စောင်းသံ..။ သူ့ ရဲ့ စောင်းသံများတီးလိုက်ရင် ကြားမိသမျှ နတ်ကညာ၊ နတ်တကာ၊ လူတကာတို့ ပုံမှန် ရပ်တည်ခြင်း မစွမ်းနိုင်ပဲ ငေးမှိုင်ချ ရတယ်ဆိုပဲ။