မြစ်နဲ့ပင်လယ် ဘာကွာလည်း..ဆိုတော့ ကမ်းနှစ်ခုရှိရင် မြစ်..၊
ကမ်းတစ်ခုပဲ ရှိရင် ပင်လယ်.. တဲ့။
ပင်လယ် ဟူသော အသုံးထက် ချောင်းသာ၊ ငွေဆောင်ဟူသော
ကမ်းခြေတည်နေရာကို သတ်မှတ်ခေါ်တွင် သည့် အမည် ပညတ်ဖြင့်သာ
အပြောများကြ
အသိများကြသည်။ ပင်လယ်ဟု ဆိုလျှင် အဆုံး မထင်သော. .
ရေပြင် ကျယ်ကြီးကို အရင်ဆုံး
ပြေးမြင်မိ ကြပါမည်။ ကမ်းရိုးတန်း အနီး
နေထိုင်ကြသော လူများအနေဖြင့်
ပင်လယ်ပြင်သည် နေ့စဉ်မြင်သိ
ထိတွေ့နေသဖြင့် မစိမ်းလှသော်လည်း
ကုန်းတွင်းပိုင်းဒေသတွင် ကြီးပြင်း
လာခဲ့ပြီး ကမ်းခြေနှင့်နီးစပ်မှုမရှိသော
ကျွန်တော့်အဖို့ ကြည့်မ၀ နိုင်စရာ
သဘာဝအလှ ရှုခင်းဖြစ်သည်။
ပထမဆုံးကမ်းခြေခရီးကို ၂၀၀၈ ဧပြီလအတွင်းက သွားဖြစ်သည်။
ကျောင်းတုန်းက သူငယ်ချင်း အချို့ နှင့် လက်ထောက် ကထိက၊ ဌာနမှူး
အပါအ၀င် ၁၄
ယောက်ခန့် ရှိသည်။ သံတွဲသို့ အလုပ်ကိစ္စဖြင့် မကြာ ခဏ
ရောက်တတ်သည့် သူငယ်ချင်း
ကျောင်းသားဟောင်း တစ်ဦး မှ ဦးဆောင်
စီစဉ်ကာ ခေါ်သွား ခြင်း ဖြစ်၍ ခရီးလမ်း
အဆင်ပြေသည်။
အားလုံးမှာ ကျောင်းပြီး ထားကြသူများ ဖြစ်သည်။ ပညာသင်နှစ်
မတူသော်လည်း ခင်မင်ရင်းနှီးနေကြသောကြောင့် ခရီးသွားရန် စုစည်း
ချိတ်ဆက်
မိပြီး ဌာနမှူးပါ အပါခေါ်၍ ထွက်လာကြ ခြင်း ဖြစ်၏။
ရန်ကုန်မှ ၂
နာရီခန့်ထွက်ပြီး ဘုရင့်နောင်တံတားကိုဖြတ်ကာ
ဧရာဝတီတိုင်းမှ တဆင့်
ရခိုင်ကမ်းမြှောင်အတိုင်း သံတွဲထိ တက်မည့်
လမ်းကြောင်းဖြစ်သည်။
မနက်မိုးလင်း တွင် သံတွဲ သို့ ရောက်မည်ဟု
သိရသည်။
ဧရာဝတီတိုင်းထဲရှိ ထမင်းဆိုင်တွင် ည ၁၀ နာရီခန့်၌ ရပ်နား၍
ညစာ
စားကြသည်။ တစ်ညလုံးမောင်း၍ ရခိုင်ရိုးမ တောင်ကြောပေါ် သို့
တက်လိုက်ဆင်းလိုက် ကွေ့လိုက်ဖြင့် ပုံမှန်မောင်းသည်။ သူငယ်ချင်းများနှင့်
စကားပြော၊ သီချင်းနားထောင်ရင်း အိပ်ပျော်သွားပြီး မနက်ဝေလီဝေလင်း
၅
နာရီခွဲခန့်တွင် ကျွန်တော်နိုး လာသည်။ ညကနှင့်မတူ အပြင်မြင်ကွင်းကို
မြင်နေရပြီ။ ဧပြီလဖြစ်သော်လည်း တောင် ခိုးတောင်ငွေ့
ပင်လယ်ရေခိုး
ရေငွေ့တို့ကြောင့်ထင်သည်။ အေးစိမ့်စိမ့် မှုန်ပြပြနှင့်
ကျွန်တော်တို့ဆီမှ
ဆောင်းတွင်းမြင်ကွင်း လိုဖြစ်နေသည်။ ကားပေါ်မှနေ၍
အနောက်ဘက်
ခပ်ဝေးဝေမှ မှုန်ပြပြ ပင်လယ်ကမ်းရိုးတန်းကို မကြာမကြာ မထင်မရှား
တွေ့နေရသည်။
ထိုခဏ ကျွန်တော့်စိတ်ထဲ၌ ထူးခြားသည့် စိတ်ခံစားမှု
အပြောင်းအလဲ
တစ်ခု ဖြစ်မိသည်။ ကိုယ့်ဇာတိနှင့် ရေမြေပတ်ဝန်းကျင်နှင့်
အတော်လေး
ခြားနားသွားသောကြောင့် ဖြစ်မည်။ ပြည်တွင်းခရီးပင် ဖြစ်သော်လည်း
ကွဲပြားသော ရေမြေ အပြောင်းအလဲကြောင့် တစ်တိုင်းတစ်ပြည်သို့
ရောက်နေသည်နှင့်သာ တူနေသည်။
ကားပေါ်တွင် မှေးလိုက်လာရင်း ကိုယ်သွားမည့် ဒေသ
လူသူပုဂ္ဂိုလ်များ၊
အတူလာကြသော မိတ်ဆွေ သူငယ်ချင်း၊ ခရီးသည် များနှင့်
ကိုယ်အပါအ၀င်
ဘေးအန္တရာယ် ကင်းရှင်းစေရန် မေတ္တာပို့နေမိသည်။ အတန်ငယ်ကြာတော့
မိုးစင်စင်လင်းပြီ။ စာအုပ်ထဲမှာသာ မြင်ဖူး ဖတ်ဖူးသော အိမ်ကြီးရခိုင်
ဟူသကဲ့သို့ ရိုးရာဆောက်လုပ်မှု ပုံစံဖြင့် ရခိုင်အိမ်ကြီး အိမ်ငယ်များကို
တွေ့ရသည်။ စိတ်ထဲဝမ်းသာမိ သွားပြီး လိုက်လံ ကြည့်ရှုနေမိသည်။
အပေါင်းအသင်းများလည်း နိုးလာကြပြီး လူအားလုံးနီးပါးမှာ ဤဒေသ
မရောက်ဖူးကြ၍
မြင်ကွင်းသစ် များ ကို ကြည့်နေကြသည်။
တစ်ချက်တစ်ချက် ရွာများ၏ နောက်မှ
အိမ်များ၊ သစ်ပင်များကြား မြင်ကွင်း
ရှင်းသည့်နေရာ အရောက် ပင်လယ်ကမ်းခြေကို
ဖွေးကနဲတွေ့လိုက်လျှင်
အားလုံးလိုက်ကြည့်ကာ ဂနာမငြိမ် လှုပ်စိလှုပ်စိ
ဖြစ်နေကြသည်။
တစ်ယောက်တစ်ပေါက် ပထမဆုံးသော ကမ်းခြေခရီးကို ကြုံဖူးသူတိုင်း
ထို စိတ် အခြေအနေကို နားလည်ပေလိမ့်မည်။ တစ်ယောက်မြင်သည့်
အရာကို တစ်ယောက်
ညွှန်ပြ ရင်း မနက်မိုးလင်းလင်းချင်း အသံဗလံများဖြင့်
ကားနောက်တွင်
လက်ပံပင်ဆက်ရက်ကျနေသောကြောင့် ဆရာမက
ကားရှေ့ထိုင်ခုံမှ လှမ်းအော်သည်။
ခေတ္တငြိမ်သွားပြီ။ မကြာမီ ပြန်ပြီး ကျွတ်စီကျွတ်စီ
ဖြစ်နေကြပြန်သည်။
ဆရာမ ထက်မပြောတော့။ ကားလည်း မကြာမီ သံတွဲသို့ ၀င်တော့မည်။
ကားလမ်းတစ်လျှောက် ငေးကြည့်ရင်း မနက် ၇ နာရီခန့် သံတွဲသို့
ရောက်သည်။ ကားမှာ သံတွဲမှ ကမ်းခြေ အရောက်ထိ တိုက်ရိုက်လိုက်ပို့
ပေးသည်။
ပို့မယ့်ပို့ ကူးတို့ရောက်အောင်ပို့ ဟူသည့်အတိုင်း ပင်လယ် ထဲ
မခုန်ဆင်းရယုံ
တစ်မယ် ဘန်ဂလိုများအနီး အုန်းပင်များအကြား ကမ်းစပ်နှင့်
ပေအနည်းငယ် အကွာထိ
လိုက်ပို့၏။ ကားပေါ်မှပင် ကမ်းစပ်ကို မြင်ရ
သည်မှာ အထင်းသား။ ဒီရေ
တတ်နေသဖြင့် ဝေါကနဲ ပြေးတတ်လာသော
လှိုင်းကြီးများ နှင့် လှိုင်းခေါင်းဖြူများ
ကိုကြည့်ရင်း ဘယ်ခေတ် ဘယ်ကာလ
ကတည်းက သည်နေရာရောက်ဖို့ အံတကြိတ်ကြိတ်နှင့်
ကြိုတင်ကြံစည်
ထားသည်မသိသော သူငယ်ချင်းတစ်ချို့ ကားပေါ်မှ အိတ်များ
ဘန်ဂလို
သို့ပင် မသယ်အားတော့ပဲ ပစ်ချကာ နောက်မှ ကျားလိုက် သကဲ့သို့
ကမ်းခြေကို ခုန်ဆင်းပြေးကြသည်။ ကျွန်တော်လည်း တဒင်္ဂမင်သက်စွာ
ကြည့်နေရင်း
ပြေးမည် အလုပ် အဖွဲ့ကို တာဝန်ယူထွက်လာသည့်
လက်ထောက် ကထိက ဆရာမ မှ ဟန့် သည်။
ခရီးဆောင်အိတ် များ
အရင်သယ်ကြဖို့ နေရာချထားပြီးမှ ရေထဲဆင်းကြဖို့ ပြောသော
ကြောင့်
ကိုယ်ရှိန်သတ်လိုက်ရသည်။
ခဏအကြာ ကျွန်တော်ကမ်းစပ်သို့ ဆင်းသည်။ တ၀ုန်းဝုန်း တက်လာသော
လှိုင်းများနှင့် ပင်လယ် သည် ကျွန်တော့်အား အခိုက်အတန့် ငေးမောနေ
စေခဲ့သည်။
ယခင်က ပင်လယ်ဟူသော အသံကိုကြားလျှင် လှိုင်းပုတ်သံကို
ကြားယောင်တတ်သော
ကျွန်တော်သည် ယခု ကမ်းခြေ တွင် ခြေချမိပြီ။
မိုးကုတ်စက်ဝိုင်း၊ ပင်လယ်၏ ရေပြင်ညီ အနားသတ်မျဉ်း၊
ဆည်းဆာနေ၊
ရေ လေ ရှုခင်း တို့ဖြင့် လှချင်တိုင်း လှနေသည့် သာယာလှသော ငပလီ..။
ရှုမောဖွယ် ကောင်းလေစွ..။
ငပလီ ကမ်းခြေမှာ တော်တော်လှပသည်။
ကမ္ဘာ့အကောင်းဆုံး ကမ်းခြေ ၈ ခုတွင် ငပလီသည် တစ်ခုအပါအ၀င်
မဟုတ်ပါလား ဖြူလွနေသော
သဲသောင်ခုံနှင့် စိမ်းပြာပြာ ပင်လယ်၏
အနားသတ် ကမ်းခြေသည် ကမ
္ဘာလှည့်ခရီးသွားများ နှစ်သက်သည့်
ကမ်းခြေဖြစ်သည်။ အခြားသော ပြည်တွင်း ရှိ
ကမ်းခြေများနှင့် စာလျှင်
သွားရသည်တော့ ခရီးဖင့်သည်။ အချိန်ပေးရသည်။
ဧရာဝတီတိုင်းကို
ဖြတ်၍ ဂွ၊ ကျိန္တလီ တို့မှ ဖြတ်ကာ ရခိုင် ကမ်းရိုးတမ်း
အတိုင်း သံတွဲသို့
တက်သွားသောလမ်း နှင့် ရန်ကုန် မှ ပဲခူးတိုင်းကိုဖြတ်၍
ပြည်၊ ပြည်မှ
တဆင့် ပန်းတောင်း တောင်ကုတ်မှ သံတွဲ လမ်းလည်း ရှိသည်။
ကျွန်တော်တို့ လာကြသည်မှာ သုံးညအိပ် လေးရက်ခရီး ဖြစ်သည်။
တစ်နေ့ ညနေခင်း
နေ သာသောကြောင့် ရောက်တုန်းရောက်ခိုက်
ခပ်ဝေးဝေး ထိ လွတ်လပ်ပေါ့ပါးစွာ
လမ်းလျှောက်ထွက်ဖြစ်သည်။
သူငယ်ချင်းများက ရေကူး ကျန်ရစ်ကြသည်။
ဒေသခံကလေးငယ်လေးများ ၀မ်းစာရေးအတွက် ပင်လယ်ထွက်
ကမ်းခြေထွက်
အမှတ်တရ ပစ္စည်းလေး များ လာရောင်းကြသည်။
ခရုကမာ သော့ချိတ်လေးများ၊ အမှတ်တရ
ပစ္စည်းလေးများပြုလုပ်ထား
သည်မှာ ၀ယ်ချင်စရာ။ ကမ်းရိုးတန်းတစ်လျှောက်
အုန်းပင်တန်းများ
စိမ်းစိုနေသည်။ မြောက်ဘက်ပိုင်း တွင် ကျောက်ဆောင် များ
ပိုမို
ပေါများသည်။ ရပ်ဝေးမှ အနားယူ အပန်းဖြေလာသူ မိသားစု၊ လူအစုစု
များကို
အနည်းငယ်တွေ့ရသည်။ နိုင်ငံခြားသား ကမ္ဘာလှည့် ခရီးသည်
တစ်ချို့ကိုလည်း
တွေ့ရသည်။
သဘာဝကို ချစ်ခင်တန်ဖိုးထားတတ်သော သူများအနေနှင့်
ပင်လယ်သည်
များစွာသော စိတ်ခံစား မှု အတွေးစဉ် ကို ပေးနိုင်သည်။
သည်နေရာမျိုးကို
ထို့ကြောင့် လူတွေ နှစ်သက်ကြသည်ပဲ။ ကမ်းရိုးတန်း တစ်လျှောက်
ကျွန်တော် တစ်ယောက်တည်း အေးဆေးလွတ်လပ်စွာ လျှောက်ရင်း
ကျောက်ဆောင် တစ်နေရာ ၊
သောင်ပြင် တစ်နေရာတွင် ထိုင်ကာ
အပန်းဖြေ အနားယူရင်း ပင်လယ်ရှုခင်းကို
ငေးမော ကြည့်ရှု ရင်း ဟိုတွေး
သည်တွေး။ အတွေးများက မိုးကုပ်စက်ဝိုင်းဆီသို့
ပြေးနေမိသည်။
သင်လာစဉ်
ပင်လယ်လမ်းမှာဖြင့် မုန်တိုင်းလေ လှိုင်းရေ ကြမ်းသော်ကြောင့် ပန်းခဲ့သူ
စင်ရော်ငှက်ကိုလ..၊ ကြောထက်ဝယ် ဆောင်ယူသယ်၍ ဖောင်သဖွယ် သင် ကူမတယ်လို့
တွေးဆကာ သည်အလွမ်းရယ်နဲ့ဝမ်းမြောက်တယ်လေး။
ဆရာ ဇော်ဂျီ၏ လှိုင်းကလေးသင် ကဗျာလေး စိတ်ထဲ ရေရွတ်မိသည်။
ဘ၀ခရီးတစ်လျှောက် ကိုယ်စီ ဖြတ်သန်းကြရင်း တစ်ဦးအပေါ်တစ်ဦး
ဖေးမကူညီလျက်
ကောင်းမြတ်သော စိတ်နှလုံးကို ဖော်ဆောင်ပေးသည့်
လှိုင်းကလေးသင်
ကဗျာလေးနှင့်အတူ ငယ်ငယ်က ကြည့်ခဲ့ဖူးသော
ရခိုင်ပြည်နယ်ကမ်းခြေတနေရာတွင် ယူနီဖောင်း ဖြူဖြူ
ဖြင့် လမ်းလျှောက်
နေသော ဦးဝင်းဦး ရုပ်ရှင်ကားကိုလည်း သတိရသည်။ ဆရာ
မြသန်းတင့်၏
ဓားတောင်ကိုကျော်၍မီးပင်လယ်ကိုဖြတ်မည် ထဲမှ ဇာတ်ကောင်
ပင်လယ်ပျော်
ကိုသံချောင်းကို သတိရ သည်။ ကမ္ဘာကျော် ပင်လယ်
စွန့်စားခန်းမှတ်တမ်းကို
မွေးဖွားသူ ရော်ဘင်ဆင်ခရူးဆိုး အကြောင်း
စဉ်းစား မိသည်။ ပင်လယ်ပျော်
တိုင်းရင်းသားတို့ အကြောင်း ဟိုတွေးသည်တွေးဖြင့်
။ ပင်လယ် သမုဒ္ဒရာ၏
ဟိုမှာ ဘက်ကမ်း မှာလည်း မတူညီသော ယဉ်ကျေးမှုတွေ
ရှိနေကြသည်။
ကိုယ့်မိသားစု ကိုယ့်အသိုက်အမြုံ လေး များကို ခင်တွယ်လျက်
ဤ
မိုးကုတ်စက်ဝိုင်းအောက်တွင် ရှိနေကြဦးမည်။
ငေးမျှော်ကြည့်ရင်း နေလုံးကြီးက ပင်လယ်အောက်
ငုပ်လျှိုးတော့မည်ကဲ့သို့
နေ့တစ်နေ့၏ ဆည်းဆာ ပန်းချီကို ရေးဆွဲနေသည်။
တစ်နေ့ပြီး တစ်နေ့ကုန်
ဆုံးသွားရင်း လောကသဘာဝနိယာမအတိုင်း
အချိန်ကာလရွေ့လျားမှုအောက်တွင်
အရာအားလုံး တည်ရှိနေသည် သာ။ လောကတွင်
ထာဝရ တည်မြဲ .နေသော
အရာ တစ်ခုသာ ရှိသည်။ ထိုအရာမှာ မတည်မြဲခြင်း ဟူသော တရား
ပင် ဖြစ်၏။
ကမ္ဘာကျော် မျက်ဖြေလင်္ကာ တွင် အနန္တသူရိယ စပ်ဆိုသည်။ လူ့ဘဝ
လူ့စည်းစိမ် မင်းချမ်းသာသည် သမုဒ္ဒရာ ရေမျက်နှာပြင်ထက် ခဏတတ်သည့်
ရေပွက်ပမာ .။
ကျွန်တော်တို့ ကိုယ်တိုင်သည် လည်း ရေပွက် ကလေးများ ကဲ့သို့ပင်.။
တိုတောင်းလွန်း သော လူ့ဘ၀မှာ အချိန်တော်တော်များများကို
ကျွန်တော်တို့
ဘယ်လိုနေခဲ့ကြပါသလဲ။ ကိုယ့်ဘ၀ကို မေးခွန်းထုတ်ချင်စရာ။
ဓမ္မပဒ ၌ ..
လူအပေါင်းတို့တွင် သံသရာတည်းဟူသော သမုဒ္ဒရာ၏ ထိုမှာဘက်စွန်း
နိဗ္ဗာန်ကျွန်းသို့ ကူးမြောက်သော သူ နည်းပါးကုန်၏၊ နိဗ္ဗာန်မရောက်ပဲ
ကျန်နေကြသော လူအများတို့သည် သက္ကာယဒိဋ္ဌိတည်းဟူသော ဤမှာ
ဘက်ကမ်းသို့သာ
အလျင်အမြန် ပြန်လာကြကုန်၏..
ကောင်းစွာ ဟောအပ်သော တရားတော်ကို ကြားနာကြ၍ တရားတော်နှင့်
အညီ
ကျင့်ကြံနေထိုင် ကုန်သော သူတို့သည်ကား အလွန်ကူးမြောက်နိုင်ခဲသော
သေမင်း၏
နေရာ သံသရာတည်းဟူသော သမုဒ္ဒရာကို ကူး၍ နိဗ္ဗာန်တည်း
ဟူသော ကမ်းတစ်ဖက်သို့
ရောက်ကုန်၏.. ဟု ဖွင့်ဆိုထားလေသည်။
လူ့ဘ၀ ရရှိခြင်း၊ လူ့ဘ၀တန်ဘိုး ကြီးမားခြင်းကို
ပင်လယ်သမုဒ္ဒရာ၊ လိပ်ကန်းနှင့်
တံပိုး ဥပမာနှင့် စပ်လျဉ်းသော မြတ်ဗုဒ္ဓ
မိန့်ဆိုချက်ရှိသေးသည်။ ကျယ်ပြောသော
သမုဒ္ဒရာတွင် အပေါက်များနှင့် တံပိုး
တစ်ချောင်းသည် ဟိုမှသည်မှ မျောပါနေသည်။
ထိုသမုဒ္ဒရာတွင်ပင်
ရေမျက်နှာပြင်ထက်သို့ နှစ်တစ်ရာတွင် တစ်ကြိမ်သာပေါ်သော
မျက်စိမမြင်သည့်
လိပ်ကန်းကြီးသည်လည်းရှိသည်။ ထိုသို့ နှစ်တစ်ရာကြာမှသာ
ရေမျက်နှာပြင်
ထက်သို့ တစ်ခါပေါ်သော လိပ်ကန်းကြီး ဦးခေါင်းနှင့် သမုဒ္ဒရာ
အတွင်း
ဟိုမှသည်မှ လှည့်လည်မျောပါ နေသော တံပိုးပေါက်တို့ အမှတ်မထင်
ဆုံမိ
စွပ်မိသည်က ဖြစ်ကောင်း ဖြစ်နိုင်သေးသည်။ လူအဖြစ်ကို ရဖို့က ထိုထက်
ပို၍
ခဲယဉ်းသည် တဲ့။
ထိန့်လန့်စရာ သံဝေဂ ရစရာ ကောင်းသလို တန်ဖိုးထားဖွယ်
ကောင်းသော
ရှင်သန်နေသည့် လူ့ဘ၀ကို ဆင်ခြင်မိစေသော ဗုဒ္ဓ ၏ ဟောကြားချက်
ဖြစ်သည်။
တန်ဖိုးရှိသော လူ့ဘ၀ကို တန်ဖိုးနားလည်သော လူမှသာ ကိုယ့်ဘ၀ကို
ကိုယ့်
အသက်ရှင်နေမှုကို အသုံးချတတ် ခံစားတတ်မည် နေထိုင်တတ်မည်။
ဟိုသည် စဉ်းစားရင်း မှောင်စပျိုးလာသောကြောင့်
ဘန်ဂလိုဘက်သို့ လမ်းလျှောက်
လာခဲ့သည် ။ နေ၀င် ရီတရော တွင် ပင်လယ်အတွင်း
ခပ်ဝေးဝေးမှ တလက်လက်နှင့်
မီးရောင်လေးများကို မြင်ရ သည်။
မှောင်လာသည်နှင့်အမျှ မီးများ ထိန်နေအောင်
ထွန်းထားသော လှေများ ဖြစ်သည်ကို
သိသော်လည်း ညနေစောင်းက သူတို့ရှိ
နေသည်ကို သတိမထားမိပါ။ အနီးမှ
ကောင်လေးတစ်ယောက်အား မေးကြည့်ရာ
ငါးဖမ်းလှေများ ဖြစ်ကြောင်း သိရသည်။
မီးရောင်များ ထင်ထင်ရှားရှား တွေ့နေရသဖြင့်
လှေများဆီ ရေကူး သွားရင်
ရောက်လား ဟုမေးကြည့်မိရာ ရခိုင်သံဝဲ၀ဲနှင့်
ကောင်လေးက “မရောက်.. မရောက်..”
တဲ့။ “ရော့.. မယုံ..အစ်ကိုကြီး ဒီ ရာဘာကျွတ်
ဘောကွင်းနဲ့ ကူးသွား
မနက်လင်းတောင် မရောက်.. ရောက်ရင် လည်ပင်းဖြတ်” တဲ့..။
သူ့မေးမိပါမှ ဇနက ဇာတ်ခင်းရဦးမည်။ ရေလည်း ကောင်းကောင်း မကူးတတ်ပါ ။
ရေနစ်လျှင်လည်း မေခလာ
လာကယ်မည် မဟုတ်။ သေရွာသို့သာ သွားရမည်။
ကျွန်တော့်ကို ဆက်ပြီး
အတင်းမကူးခိုင်းရန် သူ့ ပြောပြ သည်ကိုသာ လက်ခံ
ပေးလိုက်သည်။ မြင်နေလျက်နှင့်
သွား၍ ရောက်သည် မရောက်သည်ကတော့
သူက ပို၍ သိမည်သာ။
ညဘက် ဘန်ဂလိုပိုင်ရှင်က ဂစ်တာတစ်လုံးရှာယူလာပေးသည်။
ကမ်းခြေညသည်
ဂီတသံဖြင့် ပိုမိုလှပသယောင်။ ကျွန်တော်ပဲ ပင်တိုင်တီးဖြစ်သည်။
သီဆိုဖြစ်ကြသည့်
သီချင်းအများစုထဲမှ မှတ်မှတ်ရရ တစ်ပုဒ်အနေနှင့်
...အဏ္ဏ၀ါ သမုဒ်မင်ပြာတွေ
ကုန်စေ့မည်... အာကာတစ်ခွင်လုံး သုံးတော့ ပေလွှာ တွေ မဆုံးပြီ ....ဟူသော
“ဘယ်ပန်းချီ ရေးလို့မမှီ” သီချင်းလေး ဆိုဖြစ်ကြသည်။ ရာထူးရာခံများနှင့် အလုပ်
ခွင်ထဲ စည်းမျဉ်း
ဘောင်ထဲနေရသော ဆရာဆရာမများ လွတ်လပ်ပေါ့ပါးစွာ
သီဆိုနားထောင်ကြပြီး တီးကြ ဆိုကြနှင့်
ပျော်ရွှင်စရာ ကောင်းသော ကမ်းခြေ
ညချမ်းလေး တစ်ည ဖြစ်ခဲ့သည်။
နောက်တစ်ရက်တွင် သံတွဲမြို့ပေါ်သွား၍ လည်ပတ်ဖြစ်သည်။
ဈေးထဲတွင် ရခိုင်
ဒေသထွက် စားကုန် များ ၀ယ်သည်။ နေ့လည်စာကို
မြို့အနောက်ဘက်ရှိ ရခိုင်
ထမင်းဆိုင်တွင် စားဖြစ်ကြသည်။ ရခိုင်ထမင်းဟင်း
အစပ်အဟပ်မှာ ကျွန်တော်
တို့အကြိုက် ပင်ဖြစ်၏။ မြို့ပတ်ပတ်လည်တွင်
တောင်သုံးလုံးဝန်းရံထားပြီး
ထိုတောင်များပေါ်တွင် ဘုရားများ တည်ထားရှိသည်။
ကြုံကြိုက်ခဲသော ခရီး
ဒေသဖြစ်၍ အားလုံးသွား၍ ဖူးဖြစ်ခဲ့သည်။ မပုပ်မသိုးသော
ဆရာတော်တစ်ပါး၏
ရုပ်ကလပ်တော် ကိုလည်း ဖူးမြင်ခဲ့ရသည်။
ထိုနေ့ နောက်ဆုံးညတွင် သောင်ပြင်တွင် မီးဖိုး၍ ငါးကင်စား
ကြသည်။
မီးဖိုနှင့်ကင်ခြင်းမဟုတ်၊ ကင်ပြီးသား ၀ယ်စားခြင်းပါ။ ကမ်းခြေ
အနီးအနားမှ
ရင်းနှီးနေသော ဈေးသည်လေး များက ကျွန်တော်တို့ မနက်ဖန်
ပြန်ကြမည်သိရ၍
အပို ထည့်ပေးကြသည်။ ဆာလောင်နေကြသော အပေါင်းအသင်းတသိုက် အပို
ဟိတ်ဟန်မရှိ ကြိုက်သည့်ဟာ ယူစား၊ လုစားဖြင့် မနက်ဖြန်လည်း ပြန်ကြ
တော့မည်
ဖြစ်၍ အတိုးချ စားကြ သည်။ စားသောက်ပြီး ခဏနားသူနား၊
လမ်းလျှောက်သူ
လျှောက်နှင့် သည်တစ်ညကို ပျော်ရွှင်စွာ ဖြတ်သန်းရင်း အချိန်
ကုန်စေဖို့
စဉ်းစားစီစဉ်နေကြသည်။
ပင်လယ်သည် လရောင်ဟပ်လျက် ကမ်းခြေ သည် လှိုင်းသံ သဲ့သဲ့ဖြင့်
ရှိ၏။
ဧပြီည ကောင်းကင်သည် ကြယ်များဖြင့် တလက်လက် ရှိနေသည်။ သည်နေ့ညလည်း
ဂီတာတီး သီချင်းဆိုကြဖို့ အစီစဉ်ရှိသည်။ မကြာမီ လူစုံတက်စုံ ပြီ ဖြစ်၍
ကျွန်တော်
တို့၏ ဂီတလှေလေး စတင်လှော်ခတ်ကြသည်။
“ရေပြင်ညီ လှိုင်းခွပ်တွေ ကမ်းစပ်မှာ တေးဖွဲ့သလား လွမ်းညနေ နှစ်ယောက်ရင်ထဲ
မယုံနိုင်အောင်”
ခင်မောင်တိုး သီချင်းဖြင့်
စဖွင့်လိုက်သည်။ ထို့နောက် မေတ္တာရေလှိုင်း၊ မျက်သွယ်၊
ဂန္ဓ၀င်ဆည်းဆာ၊ အမေ့ အိမ်၊
လမင်းနှင့်ပင်လယ်၊ ပန်းချစ်သူ၊ ၀တ်မှုန်၊ ခွန်အားဖြည့်
မိငယ်၊
နေရာတိုင်းမှာ၊ ကိန္နရာ ချောင်းခြား အမှာ စကား၊ ဒဏ္ဍာရီ၊ ၊ မငြိမ်းသောမီး ၊
လေးညှို့ရှင် စသည့် ကျွန်တော်တို့ အကြိုက် သီချင်းကောင်းလေးများ ကမ်းခြေ တွင်
သီဆို လွင့်ပျံ ခဲ့သည်။ ညဦးပိုင်း ဂီတာတီး သီချင်းများ ဆိုကြတီးကြပြီးခဏနားကာ
.. သောင်ပြင် တွင် ဖွင့်သော ကော်ဖီ ဆိုင်လေး တွင် ခုံပုလေးများနှင့်
ထိုင်ရင်း
ကျွန်တော်တို့ စကားပြော ကြသည်။ အနောက်ဘက် ကမ်းရိုးတန်း
ပင်လယ်
ကမ်းခြေ၏ ဆိတ်ငြိမ် အေးချမ်းမှုကို ခံစားရင်း ထိုညက ကျွန်တော်တို့
ညနက်မှ
အိပ်ရာဝင်ဖြစ်ကြသည်။
ပြန်မည့် နောက်ဆုံးရက် ဖြစ်သည်။ နေ့ခင်း မွန်းလွဲပိုင်း
ကားထွက်မည်။
ကမ်းခြေတွင် ဓာတ်ပုံရိုက်သူ ရိုက်ကြသည်။ မပြန်သေးခင်
နေ့လည်နေ့ခင်း
ကျွန်တော်တို့အားလုံး အုန်းပင်တန်းများကြားမှ ကမ်းခြေ ကို
လာကြည့်သည်။
တည်ငြိမ် ခမ်းနားသော ငပလီ၏ လှိုင်းသံတို့သည် တုံ့ပြန်နှုတ်ဆက်နေ
သယောင်ယောင်။
ရန်ကုန်ပြန်ဖို့ သံတွဲမှ အဝေးပြေးကားကြီး ကမ်းခြေကို လာကြိုသည်။ ကားပေါ်မှနေ၍ ပင်လယ် လှိုင်းခတ်သံ တို့ ဝေး၍ ဝေး၍ ကျန်ခဲ့သည်။
နေရစ်တော့ ကမ်းခြေရေ။
အခွင့်အခါ ကြုံလျှင် တစ်နေ့တော့ ပြန်လာခဲ့ဦးမည်။
နှုတ်ဆက်ခဲ့သည် ငပလီ….။
ကျောင်းတော်မှသူငယ်ချင်းများနှင့် ငပလီကမ်းခြေသို့ အမှတ်တရ
July 3, 2012 ( 1:00 AM )