2 3 4 5 6 7 8 9 10

Sunday, November 18, 2012

တံဆိပ် ( အကြည်တော် )


            ခလောက်နီကျေးရွာတွင်ဖြစ်သည်။
ခလောက်နီရွာသား မောင်ကျော်ကြားမှာ အလွန်အကြွားထူသူဖြစ်၏။ သူ့တွင် စက်ဘီးရှိလျှင် ဆိုင်ကယ်ဖြစ်အောင် ပြောသည်။ သူ့တွင် ထော်လာဂျီရှိလျှင် ပါဂျဲရိုးဖြစ်အောင် ပြောနိုင်သူဖြစ်သည်။
            ယုတ်စွအဆုံး သူ့မိန်းမ ဂွတိုမကိုပင် နတ်သမီးတမျှ လှပသယောင် ပြောနိုင်စွမ်းရှိသည်။
            သူသည် မြို့ကြီးသို့ အရောက်အပေါက်လည်းများသူမို့ ဘယ်နေရာတွင် ဘာရပြီး ဘယ်နေရာတွင် ဘာပစ္စည်း များ ပေါချောင်ကောင်း ရနိုင်သည်ကို သိသည်။.

Saturday, October 6, 2012

စိတ်ကောင်းလေးတစ်ခု


လမ်းထဲကို စ ၀င်လိုက်ကတည်းက ကလေးတွေရဲ့ ကစားသံက ဆူညံနေတော့တာပဲ… အော်.. သတိထား လိုက်တော့မှ ဒီနေ့က စနေနေ့ကိုး…. အော်. ဒါ့ကြောင့်လဲအလုပ်က ခပ်စောစော ပြန်ခဲ့တာပဲ…  အခုမှပြန် သတိရတယ်…
            ရက်ကွက်ထဲမှာ ကစားစရာနေရာမရှိတဲ့ ကလေးတွေကတော့ အိမ်ရှေ့တွေမှာ အားလုံးစု… လမ်မပေါ်မှာစု…။ ကလေးတို့သဘာဝ နည်းမျိုးစုံနဲ့ ကစားနေကြတာမို့… ပျော်စရာတော့ကောင်းသား.. .ကျွန်မတောင်..ငယ်မူပြန်ချင်သွားသလိုပဲ………။

သာသနာကွယ်လျှင် ဗုဒ္ဓအသုံးအဆောင်များ ရှိမရှိ


မေး။         ။ အရှင်ဘုရား။ မသိလို့မေးလျှောက်ခွင့်ပြုပါ။ တပည့်တော်လေ့လာမိသလောက်ဆိုရင် ဘုရားရှင်တစ်ဆူရဲ့ သာသနာကွယ်တယ်ဆိုရင် ထိုဘုရားရှင်၏ ဓါတ်တော်၊ မွေတော်၊ အသုံးအဆောင် တို့သည် မြူမှုန်စာမျှမရှိအောင် ကွယ်တယ်လို့သိရပါတယ်။ ဒါဟုတ်ပါသလားဘုရား။ ဟုတ်တယ်ဆိုရင်လဲ ရွှေတိဂုံစေတီတော်မှာ ဘုရားလေးဆူရဲ့အသုံးအဆောင်တွေက ဘာလို့မကွယ်ဘဲ ရှိနေရတာလဲဘုရား။ နောက်ပြီး ကမ္မ၀ါစာက ဘုရားဟောပါလားဘုရား။ ဘာလို့အရမ်း အစွမ်းထက် တာလဲဆိုတာ သိပါရစေဘုရား။ တပည့်တော် မရှင်းတာလေးတွေမို့ပါ။

Sunday, September 30, 2012

တော်သလင်း လပြည့်နေ့ ( ဂရုဓမ္မအခါတော်နေ့ )





                     “ဂရုဓမ္မ ဆိုသည်မှာ အလေးအနက်ပြု၍ လေးလေးစားစား စောင့်ထိန်းလိုက်နာအပ်သည့် သီလ တရားဖြစ်သည်။ ရှေးဘုရားလောင်း သူတော်ကောင်းကြီးများ ရိုရိုသေသေ ကျင့်သုံးခဲ့သည့်အတွက် ဂရုဓမ္မတရား ဟု အမည်ရခြင်း ဖြစ်သည်။   

လူသားမှန်လျှင် လိုက်နာကျင့်သုံးရမည့် ဓမ္မတရားဖြစ်သောကြောင့် ဓမ္မတာသီလ 
သူတော်ကောင်းတို့ အလေးဂရုထား၍ ကျင့်သုံးအပ်သောကြောင့် ဂရုဓမ္မသီလ
စကြာမင်းတို့ ဓမ္မသတ်သဖွယ် ကျင့်သုံးသောကြောင့် စက္က၀တ္တိဓမ္မသတ်
ကုရုတိုင်းနေ လူတို့လိုက်နာကျင့်သုံးသော တရားဖြစ်၍ ကုရုဓမ္မသီလ
အရေအတွက် ငါးပါးရှိသောကြောင့် ပဉ္စသီလ
လူပုဂ္ဂိုလ်တို့ အမြဲနိစ္စစောင့်သုံးအပ်သောကြောင့် နိစ္စသီလ
မြတ်စွာဘုရားက ဟောကြားတားမြစ်သောကြောင့် ၀ါရိတ္တသီလ
အရိယာပုဂ္ဂိုလ်တို့ နှစ်သက်မြတ်နိုးအပ်သောကြောင့် အရိယကန္တသီလ
ကျင့်သုံးအပ်၊ ကျင့်သုံးသင့် ကျင့်သုံးထိုက်သောကြောင့် သိက္ခာ ပဒသီလ 
ဟူ၍ အဋ္ဌာကထာဆရာတော်ကြီးများက ဖွင့်ဆိုကြသည်ကို မှတ်သားရပါသည်။

Thursday, September 27, 2012

ပုဂံ


ဈေးကပြန်လာပြီလား (သမီးဖတ်ဖို့စာများ) - မောင်သာချို



သမီးရေ.....။
    အဲဒီမနက်က ဖေဖေတို့ အိပ်ရာထတော့ သမီးတစ်ယောက် မနိုးတတ်လှသေးဘူး။ ဂွမ်းစောင် အမွေးပွပွကြီးထဲမှာ ကွေးလို့။
ဖေဖေက လမ်းလျှောက်ထွက်ရအောင် နှိုးတော့ သမီးက အလျင်နေ့တွေကလို တက်တက်ကြွကြွ မရှိလှတဲ့အပြင် စောင်ခြုံထဲကမထွက်ဘဲ
တအင်းအင်း တအဲအနဲ့ ညဉ်းလို့။ သမီးမေမေက အနွေးထည် ၀တ်နေရင်းကနေ တစ်ရက်တလေ အိပ်ပါစေလေတဲ့။ ဒါနဲ့ ဖေဖေလည်း ညက လူကြီးတွေ အိပ်တဲ့အထိ မအိပ်ဘဲ ရုပ်မြင်သံကြားအစီအစဉ်ပြီးတဲ့အထိကြည့်ပြီး ညဉ့်နက်မှအိပ်ရာဝင်ခဲ့တဲ့ သမီးကို သနားကာ နှိုးမနေ
တော့ဘဲ ထားခဲ့ဖို့ ဆုံးဖြတ်လိုက်ရတယ်။ အဲဒီ မနက်ခင်းကတော့ သမီးမပါဘဲနဲ့ ဖေဖေရယ်၊ မေမေရယ် နှစ်ယောက်တည်း လမ်းလျှောက်
ထွက်ဖြစ်တဲ့ မနက်ခင်းပါပဲ။
    အပြင်မှာတော့ နှင်းတွေက ဖွေးဖွေးလှုပ်ပဲ သမီးရေ။ နေလုံးကြီးကို မမြင်ရပေမဲ့ နှင်းထုကိုဖောက်ပြီး ဇွတ်တိုးဝင်လာတဲ့ မနက်ခင်း
နေရောင်ခြည်ရဲ့အောက်မှာ မြို့ကလေးဟာ တောက်ပလို့ လှချင်တိုင်းလှနေတော့တာပါပဲ။ ထုံးစံအတိုင်းပဲပေါ့။ ဖေဖေရယ်၊ မေမေရယ် မြို့ပတ်လမ်းအတိုင်း ဟိုးမြို့ပြင်ကို ရောက်တဲ့အထိ လျှောက်ဖြစ်ကြတယ်။ အဲဒီမှာက ကြည့်မဆုံးတဲ့ လယ်ကွင်းပြင်ကြီးရှိတယ။ စပါးတွေက ရိတ်သိမ်းဖို့အသင့်မောင်းညိုကာ ငိုက်စင်းလို့။ လေက မွှေးလို့၊ သန့်လို့။
    ဖေဖေတို့ ပြန်လာကြတော့ အိမ်ကိုမ၀င်သေးဘဲနဲ့ ဈေးအထိ ဆက်လျှောက်သွားရင်ကောင်းမယ်လို့ စဉ်းစားမိကြတယ်။ အိမ်နဲ့ မနီးမဝေး
မှာက ဖေဖေတို့ တစ်ခါတစ်ခါဝယ်နေကျ ရပ်ကွက်ဈေးလေးရှိတယ်လေ။ ဈေးကြီးလို လိုချင်တာအကုန်မရပေမဲ့ ဟင်းချက်စရာ သီးနှံ၊ သားငါး လတ်လတ်ဆတ်ဆတ်တွေက ဒီဈေးကလေးမှာ အပြည့်ပေါ့။
    လမ်းပေါ်မှာကတော့ ဈေးကပြန်လာသူတွေတောင်မှ ပြန်လာနေကြပါပြီ။ မျက်နှာစိမ်းတွေရော၊ မျက်နှာကျက်တွေရော။ သမီးမေမေ ကတော့ သူ့အသိမိတ်ဆွေတွေကိုတွေ့တိုင်း နှုတ်ဆက်ရတာအမော။
    ''ဈေးက ပြန်လာပြီလား''.... တဲ့။
    ဟုတ်တယ်။ အဲဒီမနက် လမ်းတစ်လျှောက်လုံး သမီးမေမေ သူ့အသိမိတ်ဆွေတွေကို နှုတ်ခွန်းဆက်နေပုံက ''ဈေးက ပြန်လာပြီလား'' ချည်းပါပဲ။

သမီးရေ...။
    အဲဒီမနက်က ဈေးကိုသွားရာ လမ်းတစ်လျှောက်လုံး သမီးမေမေနှုတ်ဆက်သွားတဲ့ ''ဈေးက ပြန်လာပြီလား'' ဆိုတဲ့မေးခွန်းဟာ သာမန်ကြည့်ရင် ''ဈေးက ပြန်လာပြီလား'' ပဲပေါ့။ ဒါပေမဲ့ သမီးမေမေ ဒီစကားကို သတိလက်လွတ် ပြောချခဲ့တာလား။ ဒါမှမဟုတ် ဒီမနက်ခင်း ဒီလမ်းပေါ်မှာ ဒီစကားလောက်ပဲ ပြောမယ်လို့ အသေအချာဆုံးဖြတ်ပြောခဲ့တာလား။ ''ဈေးက ပြန်လာပြီလား'' ကို ''ဈေးက ပြန်လာပြီလား'' မှာ ဘာကြောင့် မေမေရပ်နားပစ်ခဲ့သလဲ၊ ဖြတ်တောက်ပစ်ခဲ့သလဲ။ တခြား ဆက်ရန်မေးခွန်းတွေ မရှိတော့ဘူး လား။ ဥပမာ ''ဘာတွေဝယ်လာခဲ့သလဲ'' စတဲ့မေးခွန်းမျိုး။
    ဖေဖေ တစ်ခုယုံကြည်တယ် သမီးရေ။ သမီးမေမေဟာ ဘယ်သောကာလမှ ''ဈေးက ပြန်လာပြီလား'' နောက်မှာ တစ်ခြားမေးခွန်းတွေ ကို ဆက်မေးလိမ့်မယ် မဟုတ်ဘူး။ သူ တွက်ချက်ပြီးသား၊ သူ ဆုံးဖြတ်ပြီးသား၊ သူချိန်ဆပြီးသား။ သူ့အတွက် ဒီမနက်ခင်းမျိုးမှာ ''ဈေးက ပြန်လာပြီလား'' နဲ့တင် လုံလောက်တယ်။ပြည့်စုံတယ်။ '' ဘာတွေဝယ်ခဲ့သလဲ '' အစချီမေးခွန်းတွေဟာ ဖေဖေတို့အတွက်
မေးစရာလည်းမလို၊ ဖြေစရာလည်း မလိုအပ်လှဘူးလို့ ဖေဖေတော့ ယူဆမိတယ်။
    တကယ်တော့ သမီးရယ်၊ ဖေဖေတို့ ကမ္ဘာလောကကြီးဟာ မလိုလားအပ်တဲ့ နှုတ်ခွန်းဆက် အမေးစကားတွေကြားမှာ အသက်ရှု ခဏခဏ ကျပ်ခဲ့ရတယ်လို့ ဖေဖေတော့ ထင်မိတယ်။ မထင်မှတ်ဘဲနဲ့ပဲဖြစ်ဖြစ်၊ တမင်ရည်ရွယ်ချက်နဲ့ပဲဖြစ်ဖြစ် ဘာတွေဝယ်ခဲ့သလဲ ကို မေးသူတွေက မေးခဲ့ကြတယ်။ ဖြေသူတွေကလည်း ဖြေခဲ့ရတယ်။
    ကြက်သား ၀ယ်လာတာကို ကြက်သားဝယ်လာပါတယ်လို့ ဖြေဆိုဖို့ တစ်ချို့လူတွေမှာ အသက်ရှုကျပ်မသွားနိုင်ဘူးလား။ ငါးပိရည်၊ တို့စရာလေးမျှကို ၀ယ်နိုင်ခဲ့သူက ငါးပိရည်၊ တို့စရာပဲ ၀ယ်ခဲ့ပါတယ်လို့ ဖြေဆိုဖို့ တစ်ချို့လူတွေမှာ အသက်ရှုကျပ်မသွားနိုင်ဘူးလား။ ဒါဆိုရင် ဖြေမယ့်သူမှာ ဝေဒနာ တစ်စုံတစ်ရာဖြစ်သွားစေမဲ့ ဘာတွေဝယ်ခဲ့သလဲ ဆိုတဲ့မေးခွန်းမျိုးကို ဖေဖေတို့ မေးဖို့ရာ လိုအပ်/မလိုအပ်။ သမီးမေမေကတော့ ''ဈေးက ပြန်လာပြီလား'' ဆိုတဲ့ သူ့ရဲ့နှုတ်ဆက်မေးခွန်းကို ရပ်ရမဲ့နေရာမှာ တိတိကျကျရပ်လို့၊ သူ့မိတ်ဆွေတွေ
ကို ဖြတ်သန်းသွားခဲ့ပြီ။ သူ့မိတ်ဆွေတွေကလည်း '' ပြန်လာပြီ ညီမရေ '' စသဖြင့် အော်ဟစ်နှုတ်ဆက်ကာ ဖြတ်သန်းသွားကြပြီ။ ဘာမှ
အသက်ရှုကျပ်စရာ မလိုဘဲ၊ ဘာမှ စိတ်ကို ဒဏ်ရာအနာတရ မဖြစ်စေဘဲ၊ ဘာမှ ကြွားလုံးထုတ်စရာမလိုဘဲ၊ ဘာမှ မုသားဆိုစရာ မလိုဘဲ။

    တကယ်တော့ သမီးရယ်။ လောကရဲ့ နေရာတိုင်းမှာ ဖေဖေတို့၊ သမီးတို့တွေ ကိုယ့်မိတ်ဆွေတွေနဲ့ တွေ့ဆုံကြတိုင်း နှုတ်ခွန်းဆက်
စကားတွေ ဆိုနေခဲ့ကြရတယ်။ဈေးသွားဈေးပြန် လမ်းမပေါ်မှာ။ အိမ်ခြံစည်းရိုးအစပ်မှာ။ ညနေခင်း အညောင်းပြေအညာပြေ လမ်းပေါ်မှာ။ ဘတ်စ်ကား မှတ်တိုင်မှာ။ ရုံးခန်းစားပွဲမှာ။ စင်္ကြလမ်း အချိုး တစ်နေရာမှာ။ လက်ဖက်ရည်ဆိုင်ထဲမှာ။ ဘုရားရင်ပြင်တော်ပေါ်မှာ။
    ဖေဖေတို့ဟာ ဖေဖေတို့မိတ်ဆွေတွေကို နှုတ်ဆက်စကားဆိုကြတဲ့အခါ သူတို့တစ်တွေ လွတ်လပ်ပေါ့ပါးလို့ သွားကြပါစ။ အသက်ရှုချောင် လို့ သွားပါစ။ နှလုံးစိတ်ဝမ်း ညှိုးနွမ်းခြင်းမှ ကင်းပါစ။
    ဖေဖေတို့ဟာ '' ထမင်းစားပြီးပြီလား '' မှာတင် ရပ်တန့်လိုက်သင့်ပါရဲ့နဲ့ ဘာဖြစ်လို့ '' ဘာဟင်းနဲ့စားလဲ '' အထိ ဆက်ချင်ကြရပါသလဲ။ '' ချက်ပြီးကြပြီလား '' မှာတင်တစ်ခန်းရပ်သင့်ပါရဲ့ ဘာဖြစ်လို့ '' ဘာဟင်းချက်သလဲ '' အထိ ဇာတ်ရှည်သွားချင်ရပါသလဲ။ သည်လိုပါပဲ ဖေဖေတို့တစ်တွေ နှုတ်ခွန်းဆက် အမေးစကားတွေ ဆိုနေကြလိုက်တာ။
'' ညက T.V ကြည့်ဖြစ်သေးလား '' ။ '' ဘယ်နှစ်က ကျောင်းပြီးတာလဲ '' ။ '' လခ ဘယ်လောက်ရလဲ '' ။ မရေတွက်နိုင်တဲ့ မေးခွန်းများ။
    သမီးရယ် တချို့တချို့သော မိတ်ဆွေတွေအတွက် ဒီ နှုတ်ဆက်မေးခွန်းတွေဟာ အဖြေရကျပ်လှပါတယ်။ '' အိမ်မှာ T.V မရှိပါဘူး '' လို့ ဖြေဖို့ သူတို့ ဘယ်လောက်နာကျင်သွားရမလဲ။ '' ကျွန်မ ဘွဲ့မရပါဘူး '' လို့ဖြေဖို့ သူတို့ ဘယ်လောက် ထိခိုက်သွားရမလဲ။ '' လခ မကောင်းလှပါဘူး '' လို့ဖြေဖို့ သူတို့ ဘယ်လောက် သိမ်ငယ်သွားကြမလဲ။ မေးသူတွေက မေးနေကြလို့ ဖြေသူတွေက ဖြေခဲ့ရရှာပြီ။
ဖေဖေတို့ဟာ ဖေဖေတို့ရဲ့စကားတွေနဲ့ အသိမိတ်ဆွေတွေကို မလောင်မြိုက်သွားစေသင့်ဘူးလား။

    အိမ်ပြန်ရောက်ရင်ဖြင့် ဖေ့ဖေ့သမီး အိပ်ရာက နိုးလောက်ပြီ။ သမီးနဲ့စကားပြောဖြစ်တဲ့အခါ ဈေးကပြန်လာတဲ့ မိတ်ဆွေတွေကို ''ဘာတွေ ၀ယ်ခဲ့သလဲ " ဆိုတဲ့မေးခွန်းမမေးမိဖို့ ဖေဖေ ပြောရဦးမယ်။ ပြီးတော့ ဘာဟင်းချက်လဲ မမေးမိဖို့၊ T.V ကြည့်ဖြစ်လား မမေးမိဖို့၊ လခ ဘယ်လောက်ရလဲ မမေးမိဖို့။

မောင်သာချို

post by Chaw Kalhyar 

ကမ္ဘာသစ် မြန်မာ Fan Page 

Thursday, September 13, 2012

မြတ်ရွှေတိဂုံ


မြတ်ရွှေတိဂုံ၊ လက်ကြာငုံဖြင့်
ဂုဏ်တော်ဗုဒ္ဓ၊ ရည်မှန်းဆ၍
ဦးချရွှင်လန်း၊ ကန်တော့ခန်းမှာ
ဆွမ်းပန်းရေလှူ၊ သစ်သီးလှူလျက်
မွှေးနံ့သာလှူ၊ ဆီမီးလှူလျက်
အဖြူစင်ဆုံး၊ ကိုယ်စိတ်နှလုံးကို
ကျင့်သုံးအလှ၊ စောင့်သီလနှင့်
ဗုဒ္ဓဘာသာ၊ မျိုးမြန်မာဟု
အခါကောင်းခြင်း၊ မင်္ဂလာအဆင်းဖြင့်
လာခြင်းကောင်းခဲ့သည်တကား...။

မြေလတ်မောင်မြင့်သူ

Wednesday, September 12, 2012

ရေသပ္ပါယ်ခြင်း ( ဘာသာရေး အမေးအဖြေများ )











မေး။   ။ အရှင်ဘုရား

မြတ်စွာဘုရား ဆင်းတုတော်များ ရေလောင်းသပ္ပာယ်နေသည်ကို ရွှေတိဂုံဘုရားပေါ်၌ အများဆုံးတွေ့ရပါသည်။ တချို့က ဦးခေါင်းတော်ပေါ်မှစ၍သော်လည်းကောင်း၊ လည်ပင်းနားမှစ၍သော်လည်းကောင်း ရေလောင်းကြပါသည်။ မည်သည့်နေရာမှ ရေလောင်းသပ္ပာယ်လျှင် မည်သို့ စိတ်ထားရမည်။ မည်သို့သော အကျိုးရမည်ကို ဖြေကြားပေးတော်မူပါ ဘုရား။

ဖြေ။  ။ ရွှေတိဂုံ ဘုရားပေါ်၌ ဘုရားရေသပ္ပာယ်ကြသူများမှာ အချိန်အခါ ဟူ၍ မရှိပါ။ ဗေဒင်ဆရာများက ယတြာချေခိုင်းလျှင်  ဘုရားရုပ်ပွားတော်များကို သင်္ကြန်ရေလောင်းသကဲ့သို့ လောင်းနေကြသည်မှာ ကုသိုလ်မရ။ အပြစ်ရဖွယ်သာ ဖြစ်စရာ ရှိပါသည်။ အမှန်တကယ် ရေသပ္ပာယ်လိုသော စေတနာရှင်များမှာ ရွှေတိဂုံဘုရားပေါ်သို့ပင် သွားနေစရာမလို။ ကိုယ့်အိမ်ရှိ၊ ဘုရား ရုပ်ပွားတော် ( ကြေးဆုတု၊ ကျောက်ဆင်းတု ) ကို နွေလအခါ ပူသော အချိန်တွင် ကျောင်းဆောင်မှ ပင့်၍ အိမ်ဦးတွင် ချေးညှော်စင်အောင် ချေးချွတ်ဆေး၊ ဆပ်ပြာ၊ အ၀တ်သန့်သန့်၊ ရေသန့်သန့်ဖြင့် သင့်လျော်ရာနေရာမှ လောင်း၍` ရိုသေလေးစားစွာ ရေသပ္ပာယ် ကုသိုလ်ယူသင့်ပါသည်။ သင်္ကြန်အခါ နှစ်သစ်ကူးသောအခါတို့တွင် ကျောင်း၊ ကန်၊ ဘုရားတို့၌ ဥပုသ်စောင့်ကြသော ဥပုသ်သည် ကျား၊ မ မဟူ ညနေပိုင်းတို့တွင် ကျောင်းရှိ ကြေးဆင်းတု၊ ကျောက်ဆင်းတုများကို ရိုသေစွာ ရေသပ္ပာယ်ကြသည်ကို တွေ့ရ၊ ကြုံရလေ့ရှိပါသည်။ အချို့ ရေအေးအေးတွင် အမွှေးနံ့သာများ ထည့်၍ ရေသပ္ပာယ်ကြသည်ကိုလည်း တွေ့ရပါသည်။ ထိုကဲ့သို့ ကုသိုလ်ဖြစ်အောင် ရေသပ္ပာယ်သင့်ပါသည်။

ဆရာတော် ဦးတိလောကသာရ ( ရဝေထွန်း - မြတ်မင်္ဂလာ )



Tuesday, September 11, 2012

စစ်ကိုင်းမြို့တွင် ရှေးဟောင်းဘုရားများ ရောင်ခြည်တော်ကွန့်မြူးခြင်း




စစ်ကိုင်း၊ စက်တင်ဘာ ၉




        စစ်ကိုင်းမြို့ ရွှေမင်းဝံရပ်ကွက် ရှေးဟောင်းသုခ၀ဟ ပေါ်တော်မူ စေတီများမှ ရောင်ခြည်တော်ကွန့်မြူးသည် ဟူသော သတင်းကြောင့် ဘုရားဖူးပရိသတ်များ နေ့ညမပြတ် စည်ကားလျက်ရှိကြောင်း သိရသည်။ ရှေးဟောင်း သုခ၀ဟ ပေါ်တော်မူ စေတီတော်ဘုရားစုအတွင်းရှိ စက်တော်ရာပါဒစေတီတော်မှ ၀ါခေါင်လပြည့်နေ့ညတွင် ရောင်ခြည်တော် စတင်ကွန့်မြူးခဲ့သည်ကို သတိပြုမိပြီး ဓာတ်ပုံရိုက်ကူးမှတ်တမ်းတင်ခဲ့ကြောင်း ဆရာတော်ဦးဣန္ဒက မှ မိန့်ကြားသည်။ စက်တင်ဘာ ၅ ရက် ညနေ ၃ နာရီ ၄၉ မိနစ်ခန့်တွင် သပိတ်ပိုက် ဘောဇန၀ိဟာရစေတီစိန်ဖူးတော်မှ ရောင်ခြည်တော်ထပ်မံ ကွန့်မြူးကာ စက်တော်ရာပါဒစေတီ၊ အလိုတော်ပြည့်စေတီ၊ လေးမျက်နှာစေတီတော်များသို့ ကူးယှက်ကာ နှစ်နာရီခန့် ရောင်ခြည်တော်များ ထပ်မံကွန့်မြူးခဲ့ကြောင်း လူအများအပြား လာရောက်ဖူးမြော်ကြကြောင်း စိန်ဖူးတော်များမှ အ၀ါရောင်၊ အနီရောင်၊ အပြာရောင်များ လင်းလက်တောက်ပခြင်း ဖြစ်ကြောင်း ဆရာတော်က မိန့်ကြားသည်။
ရွှေမင်းဝံရပ်ကွက်ရှိ ရှေးဟောင်းသုခ၀ဟ ပေါ်တော်မူဘုရားများသည် ညောင်ရမ်းခေတ်နှင့် ကုန်းဘောင်ခေတ်ဦး လက်ရာများဟု ယူဆရပြီး ရှေးဟောင်းနံရံဆေးရေးပန်းချီလက်ရာမွန်များ တည်ရှိကာ ရှေးဟောင်းသုတေသန၊ အမျိုးသား ပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနမှ ထိန်းသိမ်းစောင့်ရှောက်ထားခြင်းဖြစ်ကြောင်း သိရသည်။ ဘောဇန၀ိဟာရစေတီ လှိုဏ်အတွင်းတွင် ရှားပါးတွေ့မြင်ရခဲသည့် သပိတ်ပိုက်ဆွမ်းဘုဉ်းပေးနေတော်မူဟန် ပတ္တမုဒြာ ဗုဒ္ဓရုပ်ပွားတော်နှင့် ရဟန္တာ ရုပ်တုလေးဆူကို ဖူးတွေ့ရသည်။.

စက်တင်ဘာ ၁၀ ရက်၊ ကြေးမုံသတင်းစာ။


Monday, September 10, 2012

မိရိုးဖလာ ဗုဒ္ဓဘာသာ ( ဘာသာရေး အမေးအဖြေ )




မေး။     ။ အရှင်ဘုရား မိရိုးဖလာ သဘောထက် သာလွန်၍ သက်ဝင်ယုံကြည် ကိုးကွယ်သည် ဆိုရာ၌
( ၁ ) မိရိုးဖလာသဘော သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်မှု ဟူသည် အဘယ်နည်း။
( ၂ ) မိရိုးဖလာသဘော သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်မှုသည် အဆင့်အတန်း နိမ့်ကျပါသလား။
( ၃ ) သာလွန်၍ သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်မှုဟူသည် အဘယ်ပါနည်း။
ဖြေကြားပေးတော်မူပါရန် လေးစားစွာ လျှောက်ထားအပ်ပါသည် ဘုရား။





ဖြေ။

( ၁ ) ရိုးရိုးမိဘတို့ ကိုးကွယ်မှု ထုံးစံအတိုင်း သရဏဂုံသီလ ခံယူ၍ ကျောင်းကန်ဘုရား သွားလာလှူဒါန်းခြင်း၊ ဥပုသ်စောင့်ခြင်း၊ ရှင်ပြု၊ ရဟန်းခံခြင်းတို့ထက် မပိုသော ကိုးကွယ်မှုကို မိရိုးဖလာကိုးကွယ်မှုဟု ဆိုပါသည်။
( ၂ ) ထိုမိရိုးဖလာ ကိုးကွယ်မှုကို မပျက်မကွက် မှန်မှန်ကန်ကန် အသိရှိရှိဖြင့် ကိုးကွယ်သူအဖို့ အပါယ်လေးပါး မလားရေးတို့၌ အတော်အတန် စိတ်ချရ၍ အဆင့်အတန်း နိမ့်ကျသည်ဟု မဆိုနိုင်။
( ၃ ) ထိုမိရိုးဖလာကိုးကွယ်မှုကို အားမရ၍ ပညာရှင် ဆရာတော်၊ သံဃာတော်များထံ ချဉ်းကပ်၍ နက်နဲသော ဘာသာရေးတရားများကို လေ့လာခြင်း၊ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာများကို အားထုတ်ခြင်း၊ မဂ်တရားး၊ ဖိုလ်တရားများကို ရအောင်ကြိုးစားခြင်း စသည့် ပြုလုပ်မှုကို မိရိုးဖလာထက် သာလွန်၍ သက်ဝင်ယုံကြည်ကိုးကွယ် ဆည်းကပ်သူဟု ဆိုရပါသည်။


ရဝေထွန်း ( မြတ်မင်္ဂလာ ဘာသာရေးအမေးအဖြေများ )  


Wednesday, September 5, 2012

အိမ်သုံး သကြားနှင့် သိမှတ်ဖွယ်ရာ






            ယနေ့ခေတ် လူကြီးလူငယ်များနှင့် ကလေးသူငယ်အများစုသည် သကြားအသုံးပြုသော အချိုဓာတ်ပါဝင်သည့် အစားအစာ များကို ခုံမင်နှစ်သက်စွာ စားသုံးလေ့ ရှိကြသည်။ သကြားအသုံးမပြုသော မုန့်မျိုးစုံမှာ ယနေ့ခေတ်တွင် နည်းပါးလှ သည်။ သကြားကိုအလွန်အကျွံစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် မလိုလားအပ်သော ဆိုကျိုးများကို ဖြစ်စေနိုင်သည်။
သကြားကို အလွန်အကျွံစားသုံးပါက အ၀လွန်ရောဂါ၊ ဆီးချို၊ သွေးချိုရောဂါနှင့် နှလုံးသွေးကြောကျဉ်းရောဂါ စသည်တို့ကို ဖြစ်ပွားစေနိုင်ပြီး သွားဖုံးနာခြင်း၊ သွားကိုက်ခြင်း၊ သွားပိုးစားခြင်းများကိုလည်း ဖြစ်စေသည်။ အဆိုပါရောဂါများ ခံစားနေရ သူများအား ဆရာဝန်များက အဆီနှင့် အချိုဓာတ်ပါသော အစားအစာများ လျော့စားရန် ညွှန်ကြားလေ့ ရှိသော်လည်း လိုက်နာဆောင်ရွက်ကြသူများ ရှိသလို အမှုမဲ့အမှတ်မဲ့ စားသုံးကြသူများလည်း ရှိသည်။
           ထို့အတူ သကြားကိုစနစ်တကျအသုံးပြုခြင်းနှင့် စနစ်တကျသုံးပါက ကျန်းမာရေးအတွက် သင့်လျော်ရုံသာမက မိမိ ပတ်ဝန်းကျင်၌ ရှိသော အရာဝတ္ထုများကိုပါ အသုံးဝင်စေသည်။ သကြားမပါသော မုန့်ကြွပ်၊ သကြားမထည့်သော မုန့် အမျိုးမျိုးကို သကြားနှစ်ဇွန်းထည့်ပြီး ထုပ်ပိုးသိမ်းဆည်းထားပါက အနံ့အသက်ကင်းစေပြီး ကြာရှည်ခံစေသည်။ 
          ထို့အပြင် ဆီများပေကျံနေသော အိုးခွက်ပန်းကန်များကို ဆေးကြောသုတ်သင်ထားသော်လည်း ဆီများကျန်ရှိနေသေး သည်ကို လူတိုင်း သတိမထားမိကြပေ။ ဆီများပေကျံသော အိုးခွက်ပန်းကန်များကို သကြားအနည်းငယ်မျှထည့်ပြီး ပုရွက်ဆိတ် လွတ်ကင်းသော နေရာတွင် လုံလုံခြုံခြုံ ဖုံးအုပ်ထားပါက ပေကျံနေသော ဆီများကို စုပ်ယူပေးပြီး အနံ့အသက်များ သက်သာ ပျောက်ကင်းစေသည်။
ထို့ပြင် ပူစပ်ပူလောင်ဖြစ်စေသော အစားအစာများကို စားသုံးခြင်းဖြင့် မထင်မှတ်ဘဲ လျှာပူလောင်ခြင်း၊ လျှာကျက်သွားခြင်း များ ဖြစ်ပါက ပူလောင်သွားသောနေရာတွင် သကြားအနည်းငယ် တင်ထားပေးခြင်းဖြင့် အပူလောင်ခြင်းကို သက်သာ ပျောက် ကင်းစေသည်။
           ထို့ကြောင့် မိမိတို့နေ့စဉ်ဘ၀တွင် သကြားစားသုံးခြင်းသည် ကျန်းမာရေးအတွက် ဆိုးကျိုးများ ဖြစ်စေနိုင်သလို ကောင်းကျိုး များကိုလည်း အထောက်အကူ ဖြစ်စေနိုင်သည့်အတွက် အိမ်တိုင်းအိမ်တိုင်းတွင် မရှိမဖြစ် အသုံးပြုနိုင်သည့် ပစ္စည်းတစ်ခု အဖြစ် ရေးသားဖော်ပြလိုက်ပါသည်။

( ဇင်ဘို )

Saturday, September 1, 2012

ပန်းပွင့်လိုလူ



ပန်း၏သတင်း
မွှေးပျံ့ ခြင်းတို့
လေညင်းဆောင်ရာ ပျံ့ နှံ့ပါ၏..။
လူ၏သတင်း
လူဆန်ခြင်းတို့
လူချင်းဆောင်ရာ ပျံ့ နှံ့ပါ၏..။
ပန်းသို့မွှေးစေ လူ့ဖြစ်ထွေကို
လူတွေပြုစု
လူမှုဗေဒ ဒဿနများ..။
အမှန်တရား စံထားအစဉ်
ပီပြင်လှပ လူ့ဘ၀မှာ
လူဟာ လူလို အသိပို၍
လူလိုတွေးကာ လူ့ကမ္ဘာတွင်
မေတ္တာပန်းပွင့် ပနံတင့်သော်
အသင့်ဂုဏ်သတင်း မွှေးပျံ့ ခြင်းသည်
တသင်းသင်းကြူ ပန်းမဉ္ဖူ ...။       

ဖုန်းမြိုင်

Thursday, August 30, 2012

နံနက်သဘင်

 

နံနက်ခင်းဝယ်
မိုးမင်းဗျူဟာ၊ ဆုတ်တုံ့ခွာသော်
ရာဇာပီပီ၊ နေနီနီသည်
နေခြည်သရေ၊ ဖြန့်လွှတ်ဝေ၏။

တေးတျာချိုနု၊ ငှက်ဆွေစုသည်
ညုတုံ နွဲ့တုံ၊ ၀ိုင်းတော်ချုံမှ
တီးဗုံ ပတ်သာ၊ နှဲတံမြွာသို့
ညံစာကြွေးရင့်၊ တင့်လည်းတင့်၏။

ဝင်းဝင့်ပြိုးပြောင်၊ ဤ ပညောင်၌
နေရောင်ပြေးလျှပ်၊ ငွေရောင်ခတ်သော်
မိုးနတ်သူဇာ၊ ဤအခါဝယ်
ဘုံသာဆောင်မှ၊ ဆင်းလာကြွ၍
သီက နေမည် ထင်မိ၏။

ဇော်ဂျီ ( ၁၉၃၂ )

Monday, August 20, 2012

အချစ်စစ်ဆိုတာ ( ခင်မောင်တိုး )♪ ♫

မြတ်ဗုဒ္ဓ၏ ကျေးဇူးဂုဏ်တော်



 


အကယ်၍သာ မြတ်ဗုဒ္ဓသည်၊ 
လူ့ရွာထင်ရှား၊ မပွင့်ငြားက
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ မသိရ
များလှ အပြစ်တွေ...။
ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍
ဟောဖေါ်သွန်ကြား၊ မြတ်တရားကြောင့်
ဤကားကုသိုလ်၊ အကုသိုလ်နှင့်
ထိုထိုဘုံဘ၀၊ သိကြရ
များလှကျေးဇူးပေ...။ 
ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို
ဦးတင်မပြတ်၊ ကျေးဇူးဆပ်ဖို့
အမြတ်ရတနာ၊ သာသနာ၏
နိုင်ရာဝန်ထမ်း၊ ကိုယ်စီစွမ်း
ကြိုးပမ်းကြပါလေ...။

အရှင်ဇနကာဘိဝံသ



 


Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>