***
အိပ်မက်မင်္ဂလာနှင့် စလေငခွေး…
“ပေါ်ဦးရဲ့…အယူတော်မင်္ဂလာ တင်လျှောက်ချက်တွေ
မှန်ကန်ပုံကဖြင့် များစွာ ချီးမွမ်း အံ့သြဖို့ ကောင်းပါကလား မောင်မင်း”
…ညီလာခံမှာ တင်စရာရှိတာတွေတင်၊ မင်းတရားကြီးကလည်း မေးစရာရှိတာမေး
မိန့်စရာရှိတာ မိန့်ကြားတယ်။ အရေးကြီးတာတွေ အပြီးမှာ
ဘိုးတော်မင်းတရားကြီးအနေနဲ့ တစ်စုံတစ်ရာကို သတိရဟန်နဲ့ ဖြတ်ပြီး
မိန့်တော်မူလိုက်တာပဲ ဖြစ်တယ်။
…ကိုယ်တော်ရှင်မြတ် မြင်မက်တော်မူတဲ့ အိပ်မက်ကို နိမိတ်ကောက်ပြီး
သမီးကညာ လေးယောက်ဆက်သပါလိမ့်မယ် ဆိုတဲ့ နိမိတ်ဖတ်ချက်အတိုင်း ဝေသာလီပြည်က
သမီးကညာ လေးယောက်ပြည့်အောင် ဆက်သလာတယ်။
“ချီးမွမ်းဖွယ်ရာ ဖြစ်ကြောင်းပါဘုရား”
“တစ်ခါ ဆင်ဖြူတော် နှစ်စီး ရောက်လာမယ်ဆိုတဲ့ နိမိတ်ဖတ်စကားလည်း
မှန်တာပဲဟဲ့”
“အံ့သြဖွယ် ကောင်းကြောင်းပါဘုရား”
“နောက်ထပ်တစ်ဖန် နိမိတ်ဖတ်တာက ဓာတ်တော် မွေတော်များကို ပူဇော်ကိုးကွယ်
ရလိမ့်မယ်တဲ့၊ ဟော…..တိုက်တိုက်ဆိုင်ဆိုင် သီဟိုဠ်ကျွန်းက သရီရဓာတ်တော်များ
ကြွရောက်လာလို့ ပူဇော်ရတယ်ဟဲ့”
“ဘုန်းတော်ကြောင့် ၀မ်းမြောက်ဖွယ် ဖြစ်ကြောင်းပါဘုရား”
“အဲသလို တစ်သွေမတိမ်း မှန်ကန်အောင် နိမိတ်ကောက်ဖတ် လျှောက်နိုင်တဲ့အတွက်
အယူတော်မင်္ဂလာကို လွန်စွာ အံ့သြဖို့ ကောင်းပေတယ်ဟဲ့ ပေါ်ဦးရဲ့…”
“မှန်လှပါ၊ အရှင်မင်းမြတ် မြင်မက်တော်မူသော အိပ်မက်ကို
အယူတော်မင်္ဂလာနိမိတ်ကောက် လျှောက်ထားတဲ့အတွက် သနားတော်မူတဲ့ဆုဟာ
နည်းတယ်ထင်ကြောင်းပါဘုရား”
“အေး…အဲဒီလိုချည်းပဲ၊ နင့်ကို စလိုက်ရင် အတွန့်ကလေးနဲ့”
…အယူတော်မင်္ဂလာ ဦးနိုးရဲ့ နိမိတ်ကောက် လျှောက်ထားမှုနဲ့
စပ်လျဉ်းတဲ့ကိစ္စတွေ ကြီးကျယ်လွန်းလို့သာ ဘုရင်ပေးတဲ့ဆုကို နည်းတယ်လို့
ပြောဝံ့တာဖြစ်တယ်။
“မှန်လှပါဘုရား၊ အိပ်မက်များ အတိတ်များကို နိမိတ်ကောက်ယူရာမှာ များစွာ
အရေးကြီးကြောင်းပါ ဘုရား၊ အိပ်မက်ပင်ကောင်းသော်လည်း နိမိတ်ကောက်သူက
ပညာနုံနဲ့ရင် အိပ်မက်ရဲ့ နိမိတ်ကို တစ်ဝက်တစ်ပြက်သာ ကောက်ယူတတ်တဲ့အတွက်
အိပ်မက်ရှင်မှာ တစ်စိတ်တစ်ဒေသသာ အကျိုးခံစားရတတ်ပါသဖြင့် နိမိတ်ဖတ်သူကိုပင်
ရန်ရှာတတ်ကြောင်းပါဘုရား”
“အင်း…ပေါ်ဦးတို့ တင်လိုက်မှဖြင့် စိတ်ဝင်တစားရှိအောင် တင်တတ်ပါပေ့ကွယ်”
“မှန်လှပါ၊ ဘုန်းတော်ကြောင့် သက်သေ သာဓက အထောက်အထားနဲ့
တင်ခြင်းဖြစ်ကြောင်းပါဘုရား”
…မင်းတရားကြီး မရယ်သော်လည်း ရယ်တော့မတတ် ရွှင်ပြစွာနဲ့ မိန့်တော်မူတယ်။
“အေးပါ၊ မင်းရှာကြံပြီး သံတော်ဦး တင်မယ်ဆိုတာ ငါကိုယ်တော်မြတ်
သိပြီးသားပါလေ”
…ဦးပေါ်ဦးကို သရော်ရာက အမတ်တွေကို ဝေ့၀ဲ ရှုစားတော်မူပြီးတော့လည်း
မိန့်တော်မူသေးတယ်။
“သူရဲ့ ဆင်ခြေဆင်လက် ဆင်နားရွက်တွေကို နားထောင်လိုက်ကြစမ်းပါ
မင်းကြီးတို့ရယ်”
…ဒါလိုမိန့်တော်မူပြီးမှ ဦးပေါ်ဦးကို “ကဲ…ကဲ တင်စမ်းပါဦး” ရယ်လို့
မေးဆတ်ပြီး မိန့်တော်မူတယ်။ ဦးပေါ်ဦးကလည်း သူ့သခင် သရော်တာကို
နည်းနည်းလေးမျှ မကြားလေဟန်နဲ့ ဆက်လက် လျှောက်တင်တယ်။
…ဦးပေါ်ဦးတင်တဲ့ အကြောင်းအရာက လှေထိုးသားဘုရင် စလေငခွေးမင်း
အကြောင်းလေ။
…အစက ဒီလိုပါ။
…ပုဂံပြည်မှာ သိန်းခိုမင်းနဲ့ ညီတော်တို့ကို အမျက်ပွားပြီး စစ်ထိုးရာမှာ
ညီတော် စစ်ရှုံးတယ်၊ ညီတော် အနေ နဲ့ မယားကို ခေါ်ယူထွက်ပြေးပြီး
စလေဆိုတဲ့အရပ်မှာ တိမ်းရှောင်နေရတယ်။ ဒီလို တိမ်းရှောင်နေရင်းက သား တစ်ယောက်
ဖွားမြောက်တယ်။
…အထည်ကြီးပျက် မင်းသားကျဖြစ်လို့မို့ မလုပ်မကိုင်တတ်တာက တစ်ကြောင်း
လူမြင်သူမြင် ထင်ထင်ပေါ်ပေါ် မသွားမလာဝံ့တာကလည်း တစ်ချက်တို့ကြောင့်
အရမ်းဆင်းရဲတယ်။ ထမင်းတောင် နပ်မှန်အောင် မစားကြရဘူး။
…ဒါကြောင့် သူတို့သားကလေး ထမင်းနပ်မှန်မှန် စားရေး နည်းလမ်းရှာတော့
သူဌေးကို တွေ့တယ်။ ဒါနဲ့ပဲ သားကလေးကို သူဌေးအိမ်မှာ ထမင်းစားကျွန်ခံဘ၀နဲ့
အပ်နှံထားလိုက်ကြရတယ်။
…သူဌေးအိမ်မှာတော့ ဘယ်လိုပဲ ပင်ပန်းကြီးစွာ လုပ်ရလုပ်ရ ထမင်းလောက်တော့
နပ်မှန်အောင်စားရတယ်။ သူငယ်လေးရဲ့ အမည်က ငခွေးတဲ့လေ။
…ငခွေးဟာ ဘယ်လောက်ပဲ ပင်ပန်းကြီးစွာ လုပ်ရပေမယ့် တစ်နေ့ကို ခေါင်းသုံးခါ
ဖြီးတယ်။ ၀တ်ကောင်း စားကောင်း နံ့သာပျောင်း ကြိုက်လိုက်ပုံများကလည်း လူနဲ့
မလိုက်ဘူး။
…သူဟာ လယ်ထဲယာထဲကို မလိုက်ရဘူး။ ထိုးဝါးမနိုင်ခင်ကတည်းက လှေမှာ
ထမင်းချက်လိုက်ရတယ်။ အလှအပ ကြိုက်တဲ့သူနဲ့ လှေသမားဘ၀ဟာ သင့်မြတ်ပါပေ့။
…အဲထိုးဝါးကို နိုင်ပြီ၊ ရေတိုင်းနိုင်ပြီဆိုတဲ့ အခါကျတော့
လှေထိုးသားကြီးအစစ် ဖြစ်သွားပြီ။ လှေထိုးသား ငခွေးအနေနဲ့
ကျောက်ပစ်ကျောက်တင်လည်း ရပါတယ်။ ရွက်တင်ရွက်ချလည်း အလျဉ်းသင့်သလို
ဝင်တာပါပဲ။ အများဆုံးလုပ်ရတာ ကတော့ လှေထိုးအလုပ်။