၁။
ဂျပန်ကို ချယ်ရီပွင့်တဲ့တိုင်းပြည်လို့ သိထားပါတယ်။ ဂျပန်ပြည်ရောက်ရင်တော့ ချယ်ရီတွေဝေနေတဲ့ ဂျပန်ကို တွေ့ရမှာပဲလို့ အားခဲမိတယ်။ တကယ်ကျတော့ ဆောင်းရောက်ပြီမို့ ရိုးတံငေါက်တောက်သာ ကျန်တော့သမို့ ချယ်ရီအလှ မပန်သရတော့ပါကလား။
၂။
တိုကျိုရဲ့ ဟနေဒါလေဆိပ်မှာဆင်းတော့ ဟေမန်ဦးမို့ အေးစိမ့်စိမ့်။ ဆစ်ဒနီအပူဒီဂရီ (၄၀) တ၀ိုက်က လာသူမို့ ရာသီအပြောင်းအလဲနဲ့ ရင်ဆိုင်လိုက်ရတယ်။ မြန်မာဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါက်တာ မင်းညိုရဲ့အကို ဆရာကိုကျော်ဝင်းရဲ့ စံရာ ချီးဗားမြို့တောင်တန်းပြာတွေရဲ့အကြားမှာ စံစားရတယ်။ ရောက်စကတော့ အအေးဒဏ်က မပြင်း။ နော်ဝေ အော်စလို နှင်းတောင်ပေါ်မှာတောင် ငါနေခဲ့သေးတာပဲ လို့ ခပ်တင်းတင်း။
ဒါပေမယ့် တစတစ တိုကျိုဆောင်းက လက်စွမ်းပြတယ်။ နှင်းကလေးဖွဖွ ပ၀ါစကလေးခြုံတော့ မလုံ့တလုံမို့ ခိုက်ခိုက်တုန်လာတယ်။ တိုကျိုမြို့တော်မှာ မြေပေါ်မြေအောက် မီးရထားတွေကလဲ အချိန်မှန် ပြေးလွှားနေတယ်။ အနွေးထည်တွေ အထပ်ထပ်ဝတ်ပေမယ့် လေကလေးက အတိုက်ချင်သားမို့ အပြင်သွားဖို့တောင် ခပ်ခက်ခက်။ အနွေးစက်ပေးတဲ့ အခန်းမှာပဲ နေချင်တယ်။
ရော…ခက်ကပြီ။ ဆောင်းရာသီအစွမ်းပြတော့ တိုကျိုအလှကို ၀၀မခံစားရဲ။ တခါတလေ နဂါးနီ မြန်မာ ထမင်းဆိုင်ထဲရောက်မှ ရေနွေးပူပူတခွက်သောက်ရင်း အမောဖြေရတယ်။ တိုကျိုမြို့တော်ကြီးကတော့ မီးရောင်စုံတွေနဲ့ လျှပ်လျှပ်ပြေး။ တနေရာနဲ့ တနေရာကလဲ ခပ်ဝေးဝေး။ အော်စလိုဆောင်းနှင်းပွင့်တွေ လောင်းနေပေမယ့် ငါကောင်းကောင်းခံနိုင်ရည်ရှိပါရဲ့။ ဘာဖြစ်လို့ တိုကျိုဆောင်းဒဏ် ငါမခံနိုင်ရမှာလဲ။ အားခဲတယ်။ အံတင်းတယ်။
ကိုရော်နီတို့ ယိုကိုဟားမား တညသွားအိပ်။ ကမာကူရဘုရားကြီးဝင်ဖူးခဲ့တယ်။ ဘယ်နေရာမှာ ရောက်ရောက် စိမ့်စိမ့်အေးမြ ဟေမန္တရဲ့လှံဖျားကို ငါမရှောင်ရှားနိုင်ပါတကား။ ခေတ်မီစက်မှုလက်မှု မြို့တော်ကြီးရဲ့ ညရှုခင်း။ တံတားတွေအစင်းစင်းနဲ့။ သင်္ဘောဆိပ်နဲ့ လှလိုက်တဲ့မြို့တော်တိုကျို။ သို့သော်လဲ ငါငိုချင်တယ်။ စိတ်လိုလက်ရ ခံစားခွင့်မရအောင် နှိပ်စက်လှတဲ့ တိုကျိုဟေမန္တ။
တိုကျိုနန်းတော်၊ တိုကျိုလွှတ်တော်၊ ဇီးကွက်ရုပ်ဘူတာ၊ ဂင်ဇာလမ်းမ၊ တိုကျိုတက္ကသိုလ် နေရာထိုထို တွေကို ရောက်ပါရဲ့။ ကိုသောမတ်စ်ရဲ့ကားတစင်းနဲ့ ခရီးပြင်းလှည့်ခဲ့ပါရဲ့။ မတ်တတ်ရပ်ကိုယ်တော်ကိုလဲ ဖူးမြော်ခဲ့ပါရဲ့။ တိုကျိုဆောင်းကြောင့် တိုကျိုကြောက်ရောဂါ စွဲစပြုလာတယ်။ မြက်ဖျာကလေးတွေရဲ့ ရသကို မကြည်နူးနိုင်အောင် ဖြစ်လာတယ်။ အနိမ့်အမြင့် အဆင်းအတက်များတဲ့ တိုကျိုရဲ့ ပျားပန်းခပ် လူတွေအကြားမှာ ဗျာများနေမိပါတော့တယ်။
၃။
တိုကျိုက မြန်မာမိသားစုတွေရဲ့ မေတ္တာကတော့ နွေးထွေးလှပါရဲ့။ အနွေးထည်တွေ တထည်ပြီးတထည်ယူလာပြီး ၀တ်ဆင်ပေးကြတဲ့ အာဟာရစာကြည့်တိုက်က မတင်တင်ဝင်းတို့၊ မလေးတို့အုပ်စုကိုတွေ့တော့ အားနာလောက်အောင် နွေးနွေးထွေးထွေး ပြုစုဂရုစိုက်ကြတဲ့ နယူးယောက်က မငြိမ်းခေါ် မစောနန်းတို့ကို သတိရမိတယ်။
နောက် … ဟောပြောပွဲ။ စာပေစိတ်ဝင်စားသူတွေ အပြည့်အလျှံ။ နောက် … တိုကျိုပင်ကလပ်က ရှီဘိုးတို့ တတွေ ရဲ့ ဧည့်ဝတ်ကျေပွန်မှု၊ တိုကျို ဒီမိုကရက်တစ်ပါတီခေါင်းဆောင်များ စသဖြင့် တိုကျိုသားတွေ ရဲ့ နွေးထွေး တဲ့မေတ္တာ ကို ခံစားရတော့ နှင်းကျနေပေမယ့် နွေးသလိုလို။
ရွှေမော်ကွန်းက ကိုသိန်း၊ ကိုခင်မောင်ထိုက်တို့တတွေကလဲ တာဝန်ကျေကြပါပေ့။
သို့သော်… သို့သော်… တိုကျိုမြို့တော်မှာတော့ နေလို့မပျော်။ မွန်းနေသလိုလို ခံစားမိတယ်။
၎။
နာဂိုယာကို ခရီးဆက်ရပြန်တယ်။ နာဂိုယာမှာ စာပေပွဲနွှဲရပြန်တယ်။ နာဂိုယာမှာ ရွှင်ရွှင်လန်းလန်း ဖြစ်လာတယ် ။ ဒေါက်တာမင်းညိုတို့ နာဂိုယာအုပ်စုရဲ့ အစီအစဉ်အရ အိုဆာကာ၊ ကျိုတိုကို လိုက်ပို့တယ်။
အို…. ငါ့ဟဒယ နိုးကြားလာပြီ။ ဂျပန်နိုင်ငံရဲ့အလှ ငါမြင်ရပြီ။ ကျိုတိုဆိုတဲ့ ဒုတိယမြို့တော်ဟာ မန္တလေး လို ရှေးဟောင်းမြို့တော်။ ဘယ်လိုကဘယ်လို ဖြစ်သွားသည်မသိ။ ကျိုတိုမှာ ထာဝစဉ်နေချင် မိအောင် ပျော်မိတယ်။ တောင်တန်းတွေကလဲလှ၊ ဂျပန်ရှေးဟောင်းမြို့တော်ရဲ့ ရှေးအလှနဲ့ ဖွံ့ဖြိုးလာတဲ့ ခေတ် အလှ နှစ်ထွေရောစပ်လို့ ပြေပြစ်ညီညွတ်တဲ့အလှနဲ့ ပြည့်စုံတဲ့အရပ်။
“ကျိုတိုသာမရောက်ခဲ့ရင် ဂျပန်နိုင်ငံရောက်တယ်လို့ မဆိုနိုင်ပါ” လို့ ပြောရမလိုပါ။ လှပါပေ့ အိုဆာကာ။ လှပါပေ့ ကျိုတို။
လှပါပေ့ ဟာမမတ်စု။ အံသြ၊ ရွှင်မြူး၊ ကြည်နူး၊ နိုးကြွ…ခံစားလို့မ၀။ ကဗျာရေးချင်တဲ့ စိတ်ဝင်လာပြီ။ ဒေါ်အောင်ဆန်းစုကြည်နေခဲ့တဲ့အခန်းကို သီးသန့်ပြခန်း၊ ကမ္ဗည်းစာတမ်းနဲ့ထိုးထားတဲ့ ကျိုတိုတက္ကသိုလ် (နိုင်ငံခြားဘာသာသင်) ကိုလဲ ရောက်ခဲ့၊ ပေါက်ခဲ့၊ ကြည်နူးခဲ့။ ဒီတော့ နှလုံးသား လှုပ်ရှားလာပြီး ကဗျာဖွဲ့ဖြစ်ပါတော့တယ်။
“ချစ်စွာသော ကျိုတို”
၁။
ဂန္ထ၀င်နဲ့ မော်ဒန်အတွေး
ရှေးဟန်နဲ့ ခေတ်သစ်ကို
ဆေးစပ်တဲ့ကျိုတို။
ကုန်းမြင့်ကမိုမို
ပြာညိုတဲ့တောင်တန်း။
အောင်ဆန်းစုကြည်နေခဲ့ရာ
နိုင်ငံခြားဘာသာတက္ကသိုလ်၌
ကြည်ညိုစွ ကမ္ဗည်းထိုး
မညှိုးတဲ့ပန်း။
၂။
သစ်ပင်တွေ ဆိုင်းဆို့ဆို့
မှိုင်းညို့ညို့အလယ်မှာ
ရွှေကျောင်းမဟာ
ကန်သာယာ၊ ကဗျာရဲ့အလား။
အကွေ့ဝင်္ကပါနဲ့
ကြည့်စရာကျောင်းသင်္ခမ်း
ငြိမ်းချမ်းပေ့တကား။
၃။
ဂျပန်လက်ရာ အလှဆန်း
ဈေးတန်းကွဲ့ပျော်စရာ
မင်းတက်ခဲ့ပါ။
တိုင်တရာ၊ သာယာဘိတောင်း။
ရှေးမြို့တော် ကျိုတို…တဲ့
ကုသိုလ်တွေဝေငှလို့
အလှတွေစုကာပေါင်း
ရှေးဘုရားကျောင်း။
၎။
တောင်ခါးပန်း တိုင်တရာ
ရွှေမြို့တော်အပေါ်စီးက
ကြည့်လေလေ မျှော်မငြီးနိုင်ဘု
အံ့ချီးဖွယ်သာ။
ကျိုတိုမရောက်ရင်ဖြင့်
ဂျပန်ပြည်ရောက်တယ်မဆိုသာ
ဝတိံသာဘုံနန်း။
အလှအယဉ်ကိုဖြင့်
မြင်တတ်ပေ သည်လူမျိုးကိုပ
တိုး၍သာချစ်ခင်မိ
အထိကရစခန်းပေမို့
သတိတရလွမ်း။
(ကျိုတိုမြို့အမှတ်တရ)
တင်မိုး
၂၉၊ ၁၊ ၂၀၀၀ ( ခေတ်ပြိုင်ဂျာနယ် )

No comments:
Post a Comment