2 3 4 5 6 7 8 9 10

Saturday, April 27, 2013

ရွက်လွှင့်ခြင်း .. ♫

ဇရာထောင်းလာသော မြေကမ္ဘာ



အာရှစီးပွားရေး အကျပ်အတည်း ကိုကြုံတွေ့ခဲ့ကြရသည်။ လွန်မြောက် အောင်စွမ်းဆောင်နိုင်ခဲ့ကြသည်။ ယခု အမေရိကန်မှ စတင် သည့် စီး ပွားရေးအကျပ်အတည်းကို ရင်ဆိုင် ကြုံတွေ့ကြ ရပြန် သည်။ ဤအကျပ် အတည်းသည်လည်း ပြေလည်စပြု လာပြီဖြစ်သည်။ စီးပွားရေးအကျပ် အတည်းကဲ့သို့ပင် အရေးကြီးသော၊ စီးပွားရေး အကျပ်အတည်း ထက် ကြီးမားသော၊ စီးပွားရေးအကျပ် အတည်း ထက် ဖြေရှင်းရခက်သော သို့သော် လူအများ သတိ မမူ ကြ သေးသော ပြဿနာတစ်ရပ်ရှိနေပါ သည်။ ကမ္ဘာသူ ကမ္ဘာသား များသည် ပို၍အိုမင်းလာနေခြင်းဖြစ်သည်။ တစ် နည်းပြင်ဆင်၍ပြော ပါက ကမ္ဘာသူ ကမ္ဘာသားများ အသက်ပို၍ရှည်လာ ခြင်းဖြစ်သည်။


        အသက်ပိုရှည်လာခြင်းသည် ဝမ်းမြောက်ဖွယ်သတင်းစကားဖြစ်ပါ သည်။ သက်ရှိအားလုံးပင် အသက် ရှည်စွာ နေထိုင်လိုကြပေသည်။ အသက်ရှည်ခြင်းကို လူအများပင် အလိုရှိကြပေသည်။ သို့သော် လူအ များ အသက်ရှည်လာကြခြင်း၏ နောက်ကွယ်တွင် ပြဿနာများစွာရှိ နေပါသည်။ နိုင်ငံတော်အနေဖြင့် အငြိမ်းစားလစာများထုတ်ပေးရသည်။ ကျန်းမာရေးပြုစု စောင့်ရှောက်ပေးရ သည်။ မိသားစုအနေဖြင့်လည်း အဖေ၊ အမေ၊ အဘိုး၊ အဘွားတို့ကို ပြုစုစောင့်ရှောက်ကြရသည်။ အငြိမ်း စားလစာဖြင့် လူမှုအသုံးစရိတ် မမျှတ သူများကို ထောက်ပံ့ကူညီကြရပေ သည်။ 


Friday, April 26, 2013

မဃဒေ၀လင်္ကာ ဆုံးမစာများ ( ၄ )



မရေမရာ၊ ပညာမရှု၊ မင်းတို့မှုကို၊ ဂရုမစိုက်၊ ထုံးမလိုက်လင့်၊ ဘေးရိုက် ဘ,ရာ၊ နွယ်လိုက်ဖြာလျက်၊
မဟာသမ္မတ၊ ကမ္ဘာစ က ၊ ဗြဟ္မာ့မျိုးရင်း၊ မင်းတို့တန္တီ၊ ပဝေဏီနှင့်၊ ညီစေအစဉ်၊ နတ်လမ်းယှဉ်၍၊ ဓမ္မဉ္စရ၊ ဟောပြတတ်သူ၊ ညွတ်ကြည်ဖြူလော့၊ လူ မဟုတ်သေး၊ သမင် ခွေးနှင့်၊ ကျေးသား ဆက်ရက်၊ ခင်ပုပ်ငှက်က၊ ဆတ် ၀က် ဥဒေါင်း၊ ဗောဓိလောင်းတို့၊ ကျင့်ကောင်းဟောရာ၊ မြတ်နိုးစွာဖြင့်၊
လိုက်နာမချို့၊ နှစ်လိုမြှောက်ခြီး၊ နန်းနှင့်ထီးပါ၊ ပြည်ကြီးပူဇော်၊ နတ်ပြည်ကျော်သည်၊ သူတော်တကာ၊ များရာဇာတို့၊ နတ်ရွာဆုယူ၊ မှတ်တည်မူလော့၊ လူတို့သဘော၊ မနောစင်ဖြူ၊ ကောင်းသောသူနှင့် ၊ ပေါင်းဘက်သင့်က ၊ ကောင်းကျင့်ကောင်းမူ၊ မကောင်းသူနှင့်၊ အတူပေါင်းမှု၊ မကောင်းတုကို၊ လိုက်ပြုတတ်စွ၊ ဤလောကနှိုက်၊ တံငါ့အိမ်ပါး၊ တံငါလားဟု၊ ဆိုငြားမှန်ဘိ၊ ယွင်းမယှိတည့်၊ တမိဝမ်းအောင်း၊ ရသေ့ကျောင်းနှင့်၊ ဆိုးတောင်းယုတ်မာ၊ ခိုးသူ့ရွာသို့၊ ရောက်ရှာကုန်ကြ၊ သူဝနှစ်ကောင်၊ ကျေးညီနောင်တို့၊ တကောင်မှာသော်၊ သူတော်အလေ့၊ သိမ်မွေ့လိမ္မာ၊
တကောင်မှာမူ၊ ၀ါစာဖရုသ်၊ ကြမ်းကြုတ်စရိုက်၊ ရုန့်ရင်းမိုက်ရှင့်၊ မှတ်ပိုက်တဖြာ ၊ ရှေးသော့ခါနှိုက်၊
မဟိလာ မုခ၊ ပြောင်မုန်လှနှင့်၊ ပဏ္ဍ၀ မည်လျှင်း၊ စီးတော်မြင်းလည်း၊ နီးရင်းနေသူ၊ စောင့်ထိန်းလူကို၊ အတူသင်နိုး၊ တုလိုက်ခိုး၍၊ နင်းချိုးသတ်ပုတ်၊ လွန်ကြမ်းကြုတ်နှင့်၊ ခုတ်ခုတ်ခြေသံ၊ နာခံမကောင်း၊ အသွားပြောင်း၍၊ နှောင်းမှပြုပြင်၊ သွန်သင်သဖြင့်၊အသင့်ဖြစ်ပြန်၊  တိရစ္ဆာန်မျိုး၊ ကောင်း,ဆိုး ရိုင်း,ယဉ်၊ ဂုဏ်ထူးယှဉ်၏၊ ၀ိညာဉ်မဲ့ဘိ၊ စိတ်ယှိသတ္တ၀ါ၊  မဟုတ်စွာသေး၊ တမာ ခွေးတောက်၊ မြစ်ရှောက်ရောယှက်၊ တူနှောဘက်၍၊ သရက်ချိုမြ၊ ဘန္တရလျက်၊ ကွယ်ပအပြီး၊ အခါးသီး၏၊
မနီး စကောင်း၊ မပေါင်းစထိုက်၊ သူမိုက်ဟူသည်၊ ကျင့်မူနှီးနှော၊ဖျက်တက်သောကြောင့်၊
သဘောမကြည်၊ ဆိပ်မျိုးရည်နှင့်။ မြား ကျည် ငါးပုပ်ပမာတည်း။

မန်လည်ဆရာတော်ဘုရားကြီး
မဟာသုတကာရီ မဃဒေ၀လင်္ကာ ပုတ္တောဝါဒခဏ်း

ဘာသာတရား လိုက်နာကျင့်သုံးခြင်း၏ ရည်ရွယ်ချက် ( အပိုင်း - ၃ )










ဗုဒ္ဓမြတ်စွာ လက်ထက်တော်အခါ ကာလက အသိဉာဏ်အလွန်ထက်မြက်ကြတဲ့ ရှင်သာရိပုတ္တရာနဲ့ ရှင်မဟာကောဋ္ဌိက တို့ အမေးအဖြေပြုထားတဲ့ သုတ္တာန်တစ်ခုကို ဘုန်းကြီးတို့တစ်တွေ မှတ်သားနာယူကြမှာ ဖြစ်တယ်။ သုတ်ရဲ့ နာမည်ကို “ကောဋ္ဌိကသုတ်” လို့ ခေါ်တယ်။ ကောဋ္ဌိက ဆိုတဲ့ ရဟန်းတော်တစ်ပါးဟာ အင်မတန် အမေးအမြန်းထူတယ်။ သူက ရဟန္တာ ပုဂ္ဂိုလ်ဆိုတော့ သူမေးချင်လို့မေးတာ ဟုတ်ပုံမရဘူး ၊ နောင်လာနောက်သားတွေ မှတ်သားဖို့အတွက် မေးမြန်းတာ ဖြစ်နိုင်တယ်။ ဒီလို ယူဆရမယ်။ သူ့မှာ မေးခွန်းတွေ အမြဲတမ်းရှိနေတယ်။
    စနစ်ကျတဲ့မေးခွန်းတွေ တန်ဖိုးရှိတဲ့ မေးခွန်းတွေ မေးဖို့ဆိုတာ လွယ်တာတော့ မဟုတ်ဘူး။ ရှေးတုန်း ကတော့ မေးခွန်းမေးတာ လွယ်တယ်လို့ ဆိုတဲ့ အယူအဆနဲ့ “အမေးကျွဲကျောင်း အဖြေဘုရားလောင်း” လို့ ဆိုကြတယ်။ ကျွဲကျောင်းနဲ့ဘုရားလောင်လို့ ဒီလို ပြောကြတယ်။ သို့သော် စဉ်းစားကြည့်စမ်းပါ။ ကျွဲကျောင်းသားမေးတဲ့ မေးခွန်းဟာ ဘယ်လောက် အဆင့်ရှိမှာတုန်း “ဘယ်နားမှာ ကျွဲကျောင်းလို့ရလဲ” ဆိုတဲ့ မေးခွန်းမျိုးပဲ ရှိမှာပေါ့နော်။ လေးနက်တဲ့ မေးခွန်းကို သူ ဘယ်မေးတတ်မလဲ။ အဲဒီတော့ မေးခွန်းမေးတယ် ဆိုတာလည်း အရည်အချင်းရှိတဲ့ ပုဂ္ဂိုလ်ကမှ မေးနိုင်တယ်၊ ဒါမှ လေးနက်တဲ့ မေးခွန်း ဖြစ်မှာပေါ့။

Thursday, April 25, 2013

ဘုရားရှိခိုး ပရိတ်ရွတ်ခြင်းများ ( ဘာသာရေး အမေး၊ အဖြေများ )




မေး။    ။ ဆရာတော်ဘုရား၊ ဘုရားရှိခိုးခြင်း၊ ပရိတ်တော်ရွတ်ခြင်း၊ မေတ္တာပို့ခြင်း၊ ပုတီးစိတ်ခြင်းနှင့် တရား ထိုင်ခြင်း အားဖြင့် မည်ကဲ့သို့သော အကျိုးကျေးဇူးများ ရရှိပါသနည်း။ ဖြေကြားပေးတော်မူပါ ဘုရား။
                                                                                     မကေသီ၊ ပန်းတောင်းမြို့၊ ပဲခူးတိုင်း။


ဖြေ။    ။ လူ့ဘ၀တွင် အိမ်ရာတည်ထောင်၍ သားမယား၊ လင်သား၊ စီးပွားအိုးအိမ်တို့ဖြင့် နေထိုင်ကြသူ
ဟူသမျှတို့မှာ အရွယ်ထောက်၍ ကွယ်လွန်ခါနီးအချိန်သို့ ရောက်လာကြသောအခါတွင် မိမိသားမယား၊
လင်သား၊ စီးပွားအိုးအိမ်တို့နှင့် ခွဲခွာရန် အလွန်စိုးရိမ် ပူပန်ကြရသည်။ သေခါနီး၌ ၀ိုင်းဝန်းပြုစုနေသော သားသမီး စသည်တို့ကြောင့် အသေမဖြောင့်နိုင်ဘဲ ရှိကြရသည်။ ထိုစဉ် သေလွန်သွားလျှင် ကောင်းရာသုဂတိသို့ အလွန်ရောက်ခဲပြီး ဒုဂ္ဂတိဖြစ်သော နိရယ ပေတ တိရစ္တာန် ဂတိများသို့သာ ရောက်သွားကြရကုန်၏။ ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် သူတော်စင်တို့ကား မိမိအသက်အရွယ် ငယ်စဉ်ကာလမှ စ၍ ဘုရားရှိခိုးခြင်း၊
ပရိတ်တော်ရွတ်ခြင်း၊ မေတ္တာပို့ခြင်း၊ ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်းတို့ကို ထပ်ခါတလဲလဲ အထုံပါရမီစွဲအောင် အမြဲပြုလုပ်လာခဲ့ကြသဖြင့် ထိုသေခါနီး အချိန်ကာလတွင် သားမယား၊ လင်သား၊ စီးပွားအိုးအိမ်
စည်းစိမ်ချမ်းသာ စွဲလမ်းစရာများကို ကျော်လွှား၍ ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါးနှင့် တတ်အားသမျှ ပြုလုပ်ခဲ့သော ဒါန၊ သီလ၊ ဘာဝနာတရားများ၊ ဘုရားရှိခိုးမှု၊ ပရိတ်ရွတ်မှု၊ ကုသိုလ်ကောင်းမှုများသာ ထင်မြင်၍ ကောင်းမွန်သော ကံ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်၍ လူ့ရွာနတ်ရပ် ကောင်းမြတ်သည့်
သုဂတိဘ၀များသို့ ရောက်နိုင်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မှန်သမျှ နိစ္စဓူဝ ဘုရားရှိခိုးခြင်း
စသည်များကို ပြုနေကြခြင်းဖြစ်ကြောင်း အမြင်ရှင်းကြရန် လိုပေသည်။

  ဆရာတော် ဦးတိလောကဿရ
                                                            
                                                              မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ    
                             

Tuesday, April 23, 2013

မဃဒေ၀လင်္ကာ ဆုံးမစာများ ( ၂ )


လူမိုက်ပညာ၊ ရတုံပါလည်း၊ ဂုဏ်ဝါမထူး၊ ကျေးဇူးမနက်၊ ကိုယ်သာပျက်၏၊ ချင့်းလက်စိန်ရောက် ၊ 
တောမျောက် အုန်းသီး၊ ရချည်းနှီးတည့်၊ ကျီးနှင့်တူစွာ၊ သူယုတ်မာတို့၊ ကာကာကီကီ၊ ပလီလျပ်ဝါး ၊
 နှုတ်လျှာပါးနှင့်၊ စကားအတင်း၊ တရားကင်းလျက်၊ ခုံငြင်းလေ့လာ၊ ၀ါသနာဖြင့်၊ ရန်ရှာခိုက်ထိ၊ 
အဓိကရုဏ်း၊ ရောက်တိုင်းအုန်း၏။ အနှုန်းမသိ၊ ဆုံးမယှိဘဲ၊ ပြောမိပြောရာ၊ တဘွာဘွာနှင့်၊ 
ပညာခွေးမြီး၊ လူမိုက်ကြီးလည်း၊ မပြီးအကျိုး၊ လက်ရုံးမိုး၍ ကိုးရိုးကားရား၊ ထောင်လွှားမာန၊ 
ဝင့်တတ်စွတည့်၊ သုတပညာ၊ နည်းတုံပါလျက်၊ ၀ါစာနှုတ်ကောင်း၊ တထောင်းထောင်းနှင့်၊ ဒေါင်းမယှိက၊ ကျီးနက်လှသို့၊ ဗာလလူဝါ၊ ဉာဏ်မဲ့ရာဝယ်၊ ငါသာပဏ္ဍိ၊ ပညာယှိဟု၊ မိုးရှိစိတ်က၊ မြင့်တက်စွတည့်၊ 
ဗာလဟူသော၊ လူ့ငှက်ပျောကား၊ နှုတ်ပြောမျှသာ၊ နှစ်မပါဘူး၊ ပညာမဲ့ကင်း၊ လူ့အဖျင်းတို့၊ အဖျင်းဖျင်းသာ၊ 
ပညာယှိသူ၊ လူတို့မူလည်း၊ လူပညာချင်း၊ ပေါင်းသင်းကြစွာ၊ ဓာတ်တိုင်းသာရှင့်၊ ထင်ရာဖုန်ဖုန်၊ 
ဥဒါရုဏ်နှင့်၊ ရွှေယုန်ရွှေကျား၊ ရှေးစကားကို၊ နည်းပါးဉာဏ်ချို့၊ သူငယ်တို့မျှ၊ မှတ်ယုံကြသို့၊ ဗာလချင်းသာ၊ 
ယုံကြည်ရာ၏၊ ပညာယှိသူ၊ အဘယ်မူလိမ့်၊ မှတ်ယူမထိုက်၊ လျှာဒုစရိုက်နှင့်၊ သူမိုက်စကား၊
 ရာထောင်များလည်း၊ စီးပွားကင်းဘိ၊ ကျိုးမရှိရှင့်၊ အသိပညာ၊ မဲ့တို့မှာကား၊ ပြည်ရွာမနီး၊
 ကြီးသည့်ကြက်လို၊ နေ့ညကိုလျှင်၊ပဟိုရ်မသိ၊ တွန်မိတွန်ရာ၊ တွန်တတ်စွာသို့၊ အခါအရာ၊
မလိမ္မာတည့်၊ ဆရာမသင်၊ မြင့်းအသွင်ဖြင့်၊ တောတွင် ဆတ်ပြေး၊ သမင် ပြေးနှင့်၊
 ခွေးပြေးဝက်ပြေး၊ ပေါက်လွှတ်ပြေးလည်း၊ အရေးမလှ၊ သုံးမကျဘူး၊ ထိုမျှအပြား၊
သူမိုက်များကို၊ ငါ့သားသည်းချာ၊ ဝေးစေရာ၏။

❁ မန်လည်ဆရာတော်ဘုရားကြီး ❁
မဟာသုတကာရီ မဃဒေ၀လင်္ကာ ပုတ္တောဝါဒခဏ်း

မဃဒေ၀လင်္ကာ အဆုံးအမများ ( ၁ )


အနေက ဇာ၊ သံသရာက၊ ၀ါသနာသိမ်မွေ့၊ ကံမျိုးစေ့ကြောင့်၊ ကောင်းလေ့ကောင်းနည်း၊ နိဿရည်းကို၊ ခမည်းဆုံးမ၊ သြ၀ါဒတိုင်း၊ မချနားဝယ်၊ နာစလွယ်၍၊ မပယ်မသွေ၊ ခံသောထွေဖြင့်၊ ကောင်းနေ ကောင်းစံ ၊ ကောင်းကြံ ကောင်းပြော၊ ကောင်းသဘောနှင့်၊ တင့်မောဆင်းဝါ၊ လမင်းသာသို့၊ မျက်နှာရွှေဥ၊ ချစ်ဘွယ်စုသည့်၊ နန်းသူ့မျက်ချယ်၊ ဘသက်လယ်။ နားဝယ်နှစ်သိမ့်၊၊ သားချစ်စိမ့်လော့၊ ရွှေအိမ့်သခင်၊ နန်းကြီးရှင်တို့၊ လူတွင်လူနတ်၊ လူမြတ်ထွတ်ဖျား၊ လူဘုရားတည့်၊ မမှားဓမ္မ၊ နေ့နေ့ညဖြင့်၊ လုံ့လမချွတ်၊ ကင်းမလွတ်ဘဲ၊ မင်းဝတ်ပြည်ရေး၊ မြော်ရှုတွေးလျက်၊ ရှေးဥပဒေ၊ ထုံးပဝေကို၊ ဖျက်သွယ်ပယ်ရှောင်း၊ လိုရာပြောင်း၍၊ ထပ်လောင်း သစ်ဆင်၊ ထူးမပြင်လင့်၊ ပြည့်ရှင်မင်းမြတ်၊ အမတ်တပါး၊ အခြား နန်းနေ၊ ချစ်မိတ်ဆွေက ၊ ရွှေငွေကျီကြ၊ တိုင်းရဋ္ဌနှင့်၊ မြို့ပြခဲခက်၊ ရဲမက်ဗိုလ်ပါ၊ သင်္ချာခုနစ်အင်၊ ဤရဇ္ဇင်လည်း၊ စုံလင် ဘယ်ခါ၊ မချို့ရာဘူး၊ သည်းချာမှတ်စိမ့်၊ နားနှစ်သိမ့်လော့၊ ပျော်ချိမ့်မြူးချိမ့်၊ ယစ်မူးပိမ့်ဟု၊ ခြိမ့်ခြိမ့်သဲသဲ၊ သောက်စားပွဲနှင့်၊ ပျော်ပွဲသဘင်၊ ကြူးမရွှင်လင့်၊ တိုင်ပင်မန္တ၊ ဥဿာဟကား၊ လုံ့လရဲခြင်း၊ ဆင်မြင်းသေနာ၊ ဗိုလ်ပါဗလ၊ ပ ဘာဝဟု၊ ရာဇသတ္တိ၊ သုံးပါးယှိ၏။ နှိုင်းညှိဆင်ခြင်၊ ပြည့်စုံလင်လျက်၊ တွင်းပြင်နီးဝေး၊ တိုင်းပြည်ရေးနှင့်၊ မင်းရေးဆန်းကြယ်၊ ဤနှစ်သွယ်ကို၊ လွဲပယ်မမေ့၊ မငြီးငွေ့ဘဲ၊ ကြံစေ့လုံ့လ၊ မပျင်းရဘူး၊ ရာဇဗျူဟာ၊ မင့်မာယာနှိုက်၊ လိမ္မာရေးကျံ၊ ကြေးမုံအလား၊ မြဲရှုစားတည့်၊ အားထုတ်ထိုက်စွာ၊ အရာရာကို၊ မထောင်းတာမှု၊ ဖျက်ဆီးပြု၏၊ ရှေးသူ့စကား၊ မောင်မှတ်သားလော့၊ နဂါးတသုန်၊ ဂဋ္ဌုန်တတန်၊ ကုမ္ဘဏ်တတိုက်၊ ရက္ခိုသ်တထပ်၊ ဂန္ဓဗိတသင်း၊ ငါးတန်ကင်းနှင့်၊ တောင်မင်းထိပ်ချာ၊ ၀တိံသာသို့၊ သူရာစစ်အင်၊ တက်စီးဝင်ခဲ့၊ သို့လျှင်ထို့ကြောင့်၊ ဘကောင်းသားချစ်၊ ဉာဏ်ဖြင့်စစ်လျက်၊ မဖြစ်စရိုး၊ မမှတ်နိုးနှင့်၊ မိုးမပြိုတန်၊ ဆိုသော့ဟန်သို့၊ မေ့ကျန်မယှိ၊ သတိကိုယ်ယုံ၊ အမြဲလုံသည်။ ရေးပုံမလစ်စေရာတည်း။


❁ မန်လည်ဆရာတော်ဘုရားကြီး ❁
မဟာသုတကာရီ မဃဒေ၀လင်္ကာ ပုတ္တောဝါဒခဏ်း

Sunday, April 21, 2013

မေတ္တာဟူသည်

ဆို - စန္ဒရားအောင်ဝင်း   (- တေးရေး ဘိုကလေး(ဦး)တင့်အောင် )

ရွှေမော်ဓော


Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>