2 3 4 5 6 7 8 9 10

Wednesday, April 22, 2015

သစ်ပင်စိုက်ပါ တို့ကမ္ဘာ


             မြန်မာတို့ရဲ့ စကားပုံများမှာ သစ်တစ်ပင်ကောင်းလျှင် ငှက် တစ်သောင်း နားနိုင်သည်၊ အရိပ်နေနေ၊ အခက်ချိုး ချိုးမလုပ်နဲ့၊ သစ်နှစ်ပင် ကြားဝါး ပေါက်၊ သစ်ငုတ်မြင့်တုံ၊ မြက်မြင့်တုံစတဲ့ သစ်ပင်နဲ့ပတ်သက်တဲ့ စကားပုံ တော်တော်များများရှိပါတယ်။ မြန်မာတို့ဟာ သစ်ပင်ကို တယုတယ စိုက်တဲ့လူမျိုးဖြစ်ပါတယ်။ ကုသိုလ် ကောင်းမှုပြုဖို့ ငွေကြေးမတတ်နိုင်လျှင် သစ်ပင် စိုက်ပါဆိုတဲ့ အဆိုလဲ ရှိပါတယ်။ သစ်ပင်တွေကို ထိန်းသိမ်းစောင့်ရှောက်တတ်ပြီး သစ်ပင် ချစ်တတ်တဲ့ လူမျိုးတွေပါ။ ကျေးလက် တောရွာတွေရဲ့ရွာဦး၊ ရွာထိပ်မှာ ကြီးမားလှတဲ့ ညောင်ညိုပင်ကြီးတွေ၊ ကုက္ကိုပင်ကြီးတွေ၊ မန်ကျည်းပင် ကြီးတွေ ရှိတတ်ပါတယ်။ ကျေးလက်တောရွာ အမည်နဲ့ မြို့နာမည်တွေကို ပေးထားတဲ့ အမည်တွေကိုက ထနောင်းကုန်း၊ လက်ပံကုန်း၊ မန်ကျည်းကုန်း၊ သရက်တော၊ ကုက္ကိုတော၊ ကြံတောစု၊ မအူပင်၊ စစ်ကွင်း၊ ညောင်တုန်းစတဲ့အမည်တွေ တော်တော်များများရှိပါတယ်။
               လူတို့နေထိုင်ရာ ကမ္ဘာမြေရဲ့ ရာသီဥတု၊ မြေဆီလွှာ၊ လေထု၊ ရေထု သန့်ရှင်းရေးမှာ သစ်ပင်၊ သစ်တောရဲ့ စွမ်းဆောင်မှုက ကြီးမားလှပါတယ်။ သစ်ပင်တို့ရဲ့ အမြစ်တွေဟာ ရွာနေတဲ့ မိုးရေ၊ ဒလဟော စီးဆင်းမသွားအောင်ရေးစီးအားကိုလဲ ထိန်းပေးပါတယ်။ မြေဆီလွှာ တိုက်စားမှုကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။ ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ ဆိုတဲ့ စကားပုံ လိုပါပဲ။ မြစ်၊ ချောင်းများအတွင်း ရေစီးအားလျင်မြန်စွာ စီးဆင်းမှု မဖြစ်ရအောင် စွမ်းဆောင်နိုင်တယ်။ သစ်တောများက လေဒဏ်ကိုလဲ ကာကွယ်ပေးတဲ့အပြင် သစ်ရွက်ဆွေး များကလဲ ပိုက်ဆံမကုန်ဘဲ အလကားရတဲ့ ဓာတုပစ္စည်းလွတ် သဘာဝ မြေသြဇာတွေ ပါပဲ။ ကျေးလက်တောရွာမှ လယ်သမားကြီးများဟာ နွေရာသီမှာ ရွာထဲက အမှိုက်ဆွေး၊ သစ်ရွက်ဆွေးတွေကို လှည်းနဲ့တိုက်ပြီး လယ်ယာမြေ ထဲမှာ မြေသြဇာအဖြစ်ချပါတယ်။ ဒါ့ကြောင့် လယ်လုပ်ငန်းကို ရွာထဲက အမှိုက်အပြင်ပို့၊ ရွာပြင်က အမှိုက် အိမ်ထဲပြန်ပို့လို့ဆိုတဲ့ စကားတောင်ရှိပါတယ်။ သစ်ရိပ်၊ ဝါးရိပ်များဟာ အေးမြတဲ့ အရိပ် အာဝါသ ကို ပေးစွမ်းနိုင်တယ်။ လူတို့ရဲ့ စိတ်ကိုလဲ ကြည်လင်လန်းဆန်းစေနိုင်တယ်။ လေထုထဲက ရေငွေ့ကို ထိန်းထားနိုင်တဲ့ အတွက် အပူရှိန်ကိုလဲ သက်သာစေနိုင်တယ်။ အပူရှိန် လွန်ကဲမှုတွေ၊ မိုးသည်းထန်စွာ ရွာသွန်းမှုတွေ ကိုလဲ ကာကွယ်ပေးနိုင်ပါတယ်။


             သစ်ပင်များမှ လူတွေရဲ့ အစားအစာ၊ အဝတ်အထည်၊ နေအိမ် အဆောက်အအုံ၊ ဆေးဝါး၊ လောင်စာ၊ ဆိုးဆေး၊ စက္ကူနဲ့ လူ့အသုံးအဆောင် အများအပြားကို ပေးစွမ်းနိုင်ပါတယ်။ သစ်ပင်များဟာ မရှိမဖြစ်၊ မသုံးမဖြစ် လိုအပ်နေမှာပါ။ ဒါ့ကြောင့် ခုတ်ယူ သုံးစွဲမှုရှိသလို၊ စိုက်ပျိုးမှုလဲ ရှိကြရပါမယ်။ ခုတ်ယူသုံးစွဲတဲ့ဘက်ကများပြီး စိုက်ပျိုးတဲ့ဘက်က နည်းနေရင်လဲ ချိန်ခွင်လျှာလို တစ်ဘက်စောင်းသွားတဲ့အခါ သစ်ပင်၊ သစ်တောတွေ ပျက်စီးလာပြီး ရာသီဥတုတွေ ဖောက်ပြန်တတ်တာမျိုး၊ တောနေသတ္တဝါများ မျိုးပြုန်းတီးသွားတာ မျိုးတွေနဲ့ လူတို့ရဲ့ စားဝတ်နေရေးတွေ ပါဆက်တိုက် အခက်အခဲဖြစ်လာ တတ်ပါတယ်။ သစ်ပင်၊ သစ်တောစတဲ့ သဘာဝပတ်ဝန်းကျင်တွေဟာ လူသားတို့ရဲ့ အကျိုးစီးပွားကို ဖြည့်စွမ်းနိုင်တာမို့ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားမှ ပြန်လည်ပြုပြင်ရ တာလဲ ငွေကုန်၊ အချိန်ကုန်တာမျိုးဖြစ် တတ်ပါတယ်။ ဒါ့ကြောင့် မပျက်စီးခင်က ထိန်းသိမ်းစောင့်ရှောက်ကြ ရမှာဖြစ်ပါတယ်။

              စာရေးသူတို့ မြန်မာနိုင်ငံအောက်ပိုင်းမှာ အချိန်တိုတိုနဲ့ ကြီးထွားမှုမြန် ဆန်တဲ့ အပင်ကတော့ ကုက္ကိုပင်ပဲ ဖြစ်ပါတယ်။ အပင်ကြီးမျိုးဖြစ်ပြီး ကွင်းပြင်လို၊ လယ်ကွင်း ထဲလို နေရာမျိုးတွေမှာ လွတ်လွတ်လပ်လပ် ရှင်သန်ခွင့်ရရင် သုံးလေးနှစ်အတွင်းမှာ ခုတ်ယူ သုံးစွဲလို့ရနိုင်ပါပြီ။ အကိုင်း၊ အခက်၊ အရွက် ဝေဝေဆာဆာရှိတာမို့ လယ်တော၊ ယာတောနဲ့ လမ်းဘေး တွေမှာ အရိပ်ရရန် စိုက်ကြပါတယ်။ နွေဦးကာလ ရွက်ဟောင်းတွေကြွေပြီး ရွက်သစ်နုချိန်မှာ ကုက္ကိုရွက်နု ကလေးတွေဟာ အစိမ်းနုရောင် ရှိနေတာမို့ နွေဦးရဲ့ သဘာဝ အလှကို ဖြည့်စွမ်းပေး သလိုပါပဲ။ သူရဲ့အသီးဟာ ချိုတဲ့အရသာရှိလို့ နွားတွေ စားတတ်ပါတယ်။ အသီးစားပြီး မစင်ပြန်စွန့်တဲ့အခါ အစေ့တွေ ပြန်ပါလာပြီး နွားချေးထဲက အစေ့တွေက မိုးဦး ကျရင် နေရာအနှံ့ပြန်ပေါက်တတ်ပါတယ်။ တကူးတက စိုက်စရာ မလိုဘဲ လဲ ပေါက်ရောက် တတ်ပါတယ်။ အပင်ကြီးက အကိုင်းကို မြေကြီးထဲမှာ ထိုးစိုက်ထားရင်လဲ ရှင်ပါတယ်။ အဖျားကို မိုးရေမဝင်အောင် ကောက်ရိုးထုံးနဲ့ စည်းထားတတ်ကြပါ တယ်။

               ငါးသိုင်းချောင်း၊ ကျုံပျော် ကားလမ်းဘေးတစ်လျှောက်မှာ ပေါက်နေတဲ့ ကုက္ကိုပင်ကြီးတွေ ဆိုရင် သက်တမ်းရာကျော် ရှိလောက်ပါပြီ။ စီတန်းပြီး ရှိနေတာ ကြည့်လို့ကောင်းလှပါတယ်။ အရိပ်လည်း ရတဲ့ အပြင် ကြွေကျလာတဲ့ အသီးတွေက စေးကပ်တဲ့ အတွက် ကားတွေဖြတ်နင်းသွားတဲ့အခါ ကတ္တရာနဲ့ တစ်သား တည်းဖြစ်သွားပြီး လမ်းသား ထူလာပါတယ်။ အဲဒီရည်ရွယ်ချက်နဲ့ စိုက်ခဲ့ကြသလားလို့ တောင်မှတ်စရာပါ။ အပင်ကြီးတွေဟာ ကြီးမားပြီး အခက်အလက် ဝေဝေဆာဆာရှိနေတာမို့ မြင်ရသူတိုင်း စိတ်ကြည်နူးမှုရှိစေပါတယ်။
                ကုက္ကိုပင်ကို အများအားဖြင့် ထင်းအဖြစ်သာ အသုံးများပါတယ်။ သက်တမ်းရင့်လှတဲ့ အပင်တွေကို ခွဲစိတ်ပြီး အိမ်တိုင်၊ ကာပျဉ်၊ ထောင်ပျဉ်၊ ဆင့်တို့နဲ့ ပရိဘောဂအဖြစ်လဲ သုံးတတ်ကြပါတယ်။ မိုးရေနဲ့ မြေလွတ်ရင် နှစ်တော်တော်ကြာကြာ ခိုင်ပါတယ်။ အိမ်တိုင်အဖြစ်သုံးတဲ့အခါ မြေနဲ့မထိအောင် အုတ်ဖိနပ်ခံပြီး ဆောက်ကြပါတယ်။ အဲဒီ အိမ်ဟာ နှစ် ၅ဝ လောက်ရှိတာတောင် ကောင်းနေဆဲပါ။ ကုက္ကိုရွက်ကို ကွမ်းစိုက်ပျိုးသူတွေ က မြေသြဇာ အဖြစ် ကျွေးတတ်ကြပါတယ်။ ကုက္ကိုစေ့ကို နိုင်ငံခြားတင်ပို့တာတွေလဲ ရှိပါတယ်။ ဆေးဝါး အဖြစ်လဲ ထုတ်လုပ်နိုင်ပါတယ်။ ကုက္ကိုသီးယိုကိုတော့ အာရပ်နိုင်ငံက သူဋ္ဌေးတွေက ပွဲလမ်းသဘင်တွေမှာ အမြတ်တနိုး စားသုံးကြတယ်လို့လဲ သိရတယ်။ တောသူတောင်သားများဟာ အလုပ်လုပ်ရင်း ထိခိုက်ရှနာဖြစ်ကြတဲ့အခါ ကုက္ကိုရွက်ကို ရေစင်စင်ဆေးပြီး အနာထဲ ညှစ်ထည့်တတ်ကြပါတယ်။ သူလဲ အနာထဲထည့်တဲ့ တင်ချာဆေးဝါးလို အစွမ်းထက်ပါတယ်။
              ရွာမှာ ဘကြီးထွန်းဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူဟာ သူ့နွားတွေကို စားကျက် ထဲမှာ ကျောင်းနေရင်း အလကားမနေဘူး။ ကုက္ကိုပင်ပေါက်တွေကို လိုက်စိုက်တယ်။ တိရစ္ဆာန်တွေ မတိုးနိုင်အောင် ဆူးခက်တွေနဲ့ ကာရံထားတယ်။ စားကျက်ကလဲ ကျယ်တာဆိုတော့ အပင် အတော်များများကို စိုက်ဖြစ်တယ်။ ဆယ်နှစ်၊ ၁၅ နှစ်လောက် ကြာတဲ့အခါ သူစိုက်ခဲ့တဲ့ အပင်ကြီးတွေဟာ လက်ညှိုးထိုးမလွဲပါပဲ။ အကိုင်း၊အခက်တွေနဲ့ အပင်အချို့ ကိုရောင်းပြီး ရွာမှာ သိမ်ကျောင်းကြီး တစ်ကျောင်းကိုတောင် ဆောက်လုပ် ပြီးလှူဒါန်းနိုင်ခဲ့ပါတယ်။ သူ့စားဝတ် နေရေးနဲ့ အလှူအတန်းကိစ္စတွေ အတွက် အပူအပင်မရှိ နေနိုင်ခဲ့တယ်။ သူ့အပင်တွေကို သားစဉ်မြေးဆက်အထိ အကျိုးခံစားခွင့်ရကြတယ်။ ဒါ့ကြောင့် တစ်သက်လုံးပျော်ရွှင် ချမ်းသာလိုလျှင် သစ်ပင်စိုက်ပါလို့ ဆိုကြ တယ်။ ဤသို့သစ်ပင်အကြောင်း စဉ်း စားနေစဉ် အိမ်ရှေ့ခန်းဆီမှ-
              သစ်ပင်ကလေးတွေ စိုက်ကြမယ်၊ တို့ကမ္ဘာလေး၊ လှဖို့ကွယ်၊ သစ်ပင်စိုက်ပါ၊ တို့ကမ္ဘာ၊ သာယာလှပ၊ စိမ်းမြမြ ဟူသော သစ်ပင်စိုက်ပါကဗျာလေးကို မပီမသရွတ်ဆိုနေတဲ့ သူငယ်တန်းတက်စ သမီးငယ်ရဲ့အသံကို နားထဲမှာချိုကြည်စွာ ကြားလိုက်ရပါတော့တယ်။

KM အေး

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>