မိုးသံလေသံကြားတော့ စိတ်က အိမ်ကိုရောက်သွားမိတယ်။
အိမ်မှာ ရှေးရေဒီယို အဟောင်းကြီးတစ်လုံးရှိတယ်။
အသံလှိုင်းမိပြီး ငြိမ်နေပြီဆိုရင် အနားနားကို လူကိုယ်တိုင် ထိုင်ပြောနေသလား ထင်ရတယ်။
နှစ်ပေါင်းကြတော့ ၀ါယာတွေပျက်တာပျက်၊ ခလုတ်တွေချောင်နဲ့ ခုတော့ မကောင်းတော့ပါဘူး။
ကလေးဘ၀တုန်းကတော့ နားထောင်စရာ ဒါပဲရှိတာဆိုတော့ ဟိုလှည့်သည်လှည့်နဲ့ ဖွင့်နားထောင်ခဲ့ဖူးတယ်။
တေးလက်ဆောင်ကဏ္ဍတို့ စတာတွေလာရင် ခုလို မိုးဦးကျ၊ မိုးတွင်းတွေဆို တိမ်တမန် သီချင်းလာတတ်တယ်။
အဖေက အညာသားမို့လားမသိ။ မိုးရွာတာမြင်ရင် စိတ်ပျော်တယ်ထင်တယ်။
“ရွာပါစေ ဒါမှ လယ်သမားတွေ စိတ်ချမ်းသာကြမှာ.. ဆန်ရေစပါးပေါများမှာ..” လို့ ပြောတတ်တယ်။
ကျွန်တော်တို့နယ်ဘက်က လယ်ယာစိုက်ပျိုးရေး ဖြစ်ထွန်းတော့ အများစုက စိုက်ပျိုးရေးအတွက် မိုးကိုမျှော်ရတယ်။
စာဖွဲ့ကြတာတော့ အသူရာနဲ့သိကြားစစ်ခင်းတယ်တဲ့။ ဂျိုးတဂျိမ့်ဂျိမ့် အသံကြားရင် မိုးသက်လေရနံ့က
လူကို လန်းဆန်းစေတာတော့ အမှန်ပါ။ ဘုရားရှင်တို့
အာနုဘော်ကြောင့်ရွာတဲ့ စိုစွတ်စေလိုသူကို စိုစေပြီး၊ မစိုစွတ်လိုသူတွေကို မိုးရေမစိုတဲ့
ပေါက္ခရ၀ဿ မိုးဆိုတာလည်း ကြားဖူးသေးတယ်။ ဒီဘ၀တော့ ကြုံရမှာလည်း မဟုတ်ပါဘူး။
မိုးမိလိုက်တာနဲ့ ကြွက်စုတ်ဖြစ်တာချည်းပါပဲ။သဘာဝနဲ့လောကသရုပ်ကို မြင်မြင်ထင်ထင်
အတွေ့အရအများဆုံးဟာ မိုးအခါပဲ။ ရာသီသဘာဝကိုက မိုးရွာပြီဆိုရင် အသံပါတယ်၊
အေးတဲ့အထိအတွေ့ပါတယ်၊ လေမှာ မိုးနံ့ ရေခိုးရေနံ့လည်းပါတယ်၊ အသံဗလံကတော့ အစုံပဲ။
ပြီးတော့ ဆက်စပ်ပြီး ပန်းတွေပွင့်တော့မယ် အပင်တွေ အညွှန့်အဖူးတွေ
လှိုင်တော့မယ် ဆိုတဲ့ စိတ်အသိကလည်း ပါတယ်။ ညကျရင်လည်း ဖားတွေ အော်ပါလိမ့်မယ်။