2 3 4 5 6 7 8 9 10
Showing posts with label အမေးအဖြေ. Show all posts
Showing posts with label အမေးအဖြေ. Show all posts

Monday, June 22, 2015

သတ္တ၀ါ အနန္တ ( ဘာသာရေး အမေး၊ အဖြေများ )


မေး။    ။ အရှင်ဘုရား
      မြတ်စွာဘုရား တစ်ဆူလျှင် ဝေနေယျသတ္တ၀ါပေါင်း ၂၄ သင်္ချေ၊ ကုဋေ ခြောက်ဆယ်၊ ဗိုလ်ခြေတစ်သိန်း ကျွတ်တမ်းဝင်အောင် တရားဓမ္မ ဟောပြခဲ့သည်ဟု ဖတ်ရှု မှတ်သားရပါသည်။ ထို့သို့ဆိုက နောက်လာမည့် ကမ္ဘာ အသင်္ချေ၌ ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြမည့် ဘုရားရှင်တို့က ဤမျှ များပြားသော သတ္တ၀ါတို့ကို ချွတ်သွားကြလျှင် သတ္တ၀ါများ ကုန်ခန်း၍ သွားစရာသာ ရှိပါသည်။ အကယ်၍ သတ္တ၀ါများ ကုန်ခန်းသွားလျှင် နောက်ထပ်သတ္တ၀ါများ မည်သို့ ဖြစ်လာနိုင်မည်ကို သိလိုပါသည် ဘုရား။
                                                                                              မောင်လှဝေ၊ မိတ္ထီလာမြို့။

ဖြေ။    ။ ဗုဒ္ဓစာပေတွင် အနန္တလေးပါးဟု ရှိပါသည်။ အဆုံးအပိုင်းအခြား မရှိ။ မကုန်နိုင်၊ မခန်းနိုင်သော အရာများဟု ဆိုပါသည်။ ၎င်းမှာ ( ၁ ) အာကာသ အနန္တ၊ ( ၂ ) စက္က၀ါဠ အနန္တ၊ ( ၃ ) သတ္တ၀ါ အနန္တ၊ ( ၄ ) ဉာဏ်တော် အနန္တ ဟူ၍ ဖြစ်ပါသည်။ ကောင်းကင်ကြီးကို ဤ၍ ဤမျှကျယ်သည်ဟု တိုင်းတာ၍မရ။ စကြ၀ဋ္ဌာ ဤမျှ များသည်ဟု ရေတွက်၍မရ။ သတ္တ၀ါ ဤမျှ အရေအတွက်ရှိသည်ဟု ဂဏန်းချပြ၍မရ။ မြတ်စွာဘုရားရှင်တို့၏ ဉာဏ်တော် ဤ၍ ဤမျှ ကြီးကျယ်သည်ဟု နှိုင်းယှဉ်၍ မရ။



    ဤတွင် သတ္တ၀ါ အနန္တကို ဆိုရသော် သတ္တ၀ါတို့တွင် လူသတ္တ၀ါသည် အနည်းဆုံးပင် ဖြစ်သည်။ ဤကမ္ဘာ တွင် ကြည့်လျှင် လူဦးရေသန်းပေါင်း ၇၀၀၀ ဟုဆိုသည်။ တိရစ္တာန်တစ်မျိုး၏ အရေအတွက်မျှပင် မရှိသေး။ ပုရွက်၊ ခြပုန်း စသော တိရစ္တာန်များ နှိုင်းယှဉ်၍လည်းကောင်း၊ အ၀ီစိ ငရဲကြီးတွင် အကြားမရှိ တည်နေသော သတ္တ၀ါတို့နှင့် ယှဉ်၍ လည်းကောင်း ကြည့်နိုင်သည်။ ထို့အတူ အသင်္ချေပေါင်းများစွာသော နတ်ဗြဟ္မာများလည်း ရှိသေးသည်။ သံသရာ ရှည်လွန်းလှ၍သာ ဘုရားပေါင်း ဂင်္ဂါဝါဠု သဲစုမကဟု ဆိုရသည်။ ဘုရားတစ်ဆူ တစ်ဆူ ပွင့်ဖို့ရာကလည်း ကမ္ဘာအသင်္ချေ တွက်ရေမှန်းဆ ဂဏန်းချ၍ မပြီးအောင် စောင့်ရပါမည်။ ထို့ကြောင့် သတ္တ၀ါတွေ ကုန်ခန်းသွားလိမ့်မည်ဟု ကြံစည်မိခြင်းပင် လွန်လှပြီ။ သတ္တလောက၌ သတ္တ၀ါများ မည့်သည့်အခါမှာမျှ ကုန်ခန်းသွားလိမ့်မည် မဟုတ်ဟု မှတ်သားသင့်ပါသည်။


ဦးတိလောကဿရ 
( မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ )
ကမ္ဘာသစ် မြန်မာ Fan Page



Saturday, May 2, 2015

အိမ်၌ ပဌာန်းရွတ်ခြင်း ( ဘာသာရေး အမေး၊ အဖြေများ )


မေး။       ။ အရှင်ဘုရား
               တပည့်တော်အား ဘာသာရေးလိုက်စားနေသော မိတ်ဆွေတစ်ဦးက ပဌာန်းအကျယ် ပစ္စယ နိဒ္ဒေသ ကို အိမ်မှာ မရွတ်ကောင်းဘူး။ ဓမ္မာရုံ ( သို့မဟုတ် ) ဘုရားများမှာမှ ရွတ်ကောင်းကြောင်း၊ အိမ်မှာရွတ်ရင် မနာခံဝံ့ သော နတ်သေး နတ်မွှားများက ပင်လယ်ဝသို့ ထွက်ပြေးပြီး ရွတ်ဖတ်ပြီးဆုံးမှ ပြန်လာရကြောင်း အဲဒီလို ခဏခဏ ထွက်ပြေးနေရတော့ စိတ်ဆိုးပြီး ရွတ်သောသူကို ဒုက္ခ အမျိုးမျိုး ရောက်အောင် ကျိန်ဆဲတတ်ကြောင်း ပြောပါသည်။ အဲဒါ ဟုတ်မဟုတ်။ တကယ်လို့ ဟုတ်ခဲ့လျှင် မည်သို့ တောင်းပန်ပြီး ရွတ်ရမည်။ ဒါမှမဟုတ် မရွတ်ရဘူးဟု ကွဲပြားအောင် ဖြေရှင်းပေးပါရန် လျှောက်ထားအပ်ပါသည်ဘုရား။




ဖြေ။        ။ ပရိတ်ကြီး ( ၁၁ ) သုတ်၊ ဓမ္မစကြာ၊ အနတ္တလက္ခဏသုတ်၊ ပဌာန်းသည်တို့မှာ ဗုဒ္ဓ၏ နှုတ်တော်ထွက် ဒေသနာတော်တ်များ ဖြစ်ပါသည်။ ကျက်သရေ မင်္ဂလာတိုး၍ အန္တရာယ်အမျိုးမျိုးမှ ကင်းဝေးအောင် အစဉ်အမြဲ ရွတ်ဆိုနေသင့်သော တရားတော်များ ဖြစ်ပါသည်။ ၎င်းတို့ကို ရွတ်ဆို၍ ထွက်ပြေးရသူ တို့မှာ နတ်ကောင်းနတ်မြတ်များမဟုတ်၊ နတ်ဆိုးနတ်ဝါးများသာ ဖြစ်ပါလိမ့်မည်။ နတ်ကောင်း နတ်မြတ်တို့သည် ထိုကဲ့သို့သော ဒေသနာတော် မြတ်များကို နာကြားလို၍ အစဉ်အမြဲ ရှာဖွေသွားလာ၍နေကြကြောင်း၊ ရွတ်ဆိုသံ ကြားလျှင် လာရောက်နာယူ၍ ရွတ်ဆိုသူအား စောင်မစောင့်ရှောက်ကြကြောင်း ကျမ်းဂန်လာရှိပါသည်။ နတ်ဆိုး နတ်သေးများ ထွက်ပြေးရခြင်းမှာ ရွတ်ဆိုသံကြောင့် မဟုတ်။ နတ်ကောင်း နတ်မြတ်များလာ၍ မနေ၀ံ့ကာ ထွက်ပြေးရခြင်း ဖြစ်ဟန်တူပါသည်။ ထိုနတ်ဆိုးများ ပြန်မလာဝံ့အောင် နေ့စဉ်ရွတ်ဆို၍ နေသင့်ပါသည်။ ပဌာန်း ဆို၍ ပြောရပါဦးမည်။ ပဌာန်း ၂၄ ပစ္စည်း ပစ္စယုဒ္ဒေသကို အိမ်တနင်္ဂနွေထောင့်မှ၍ ၃ ပစ္စည်းစီ တစ်တန်းတည်း ရေးကာ ( အထက်အောက်မရေးရ ) တနင်္လာ၊ အင်္ဂါမှ ပတ်၍ သောကြာ ( မြောက်အရပ်ထိ ) ပစ္စည်း ၃ ပစ္စည်းစီရေး၍ ကပ်ထားလျှင် ဘေးရန်ဟူသ၍ ကင်းဝေးရကြောင်း ရှေးဆရာမြတ်တို့ မိန့်ကြားပါသည်။ ( အချို့တိုက်များတွင် ဆောက်လုပ်စကပင် လက်သမားကို စာလုံးဖော်၍ လုပ်ခိုင်းထားသည်ကို တွေ့ဖူးသည် ) ထို့ကြောင့် ပဌာန်းတရားတော်မှာ အန္တရာယ် ဟူမျှကို ကင်းဝေးစေနိုင်၍ အစဉ်ရွတ်ဖတ်သင့်ကြောင်း ဖြေကြားလိုပါသည်။

ဆရာတော် ဦးတိလောကဿရ
မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ

အန္တရာယ်ကင်းဂါထာများနှင့် တန်ခိုး


အန္တရာယ်ကင်းဂါထာများနှင့် တန်ခိုး

မေး။    ။ အရှင်ဘုရား
          အန္တရာယ်ကင်း ဂါထာများကို ရွတ်ဆို၍ အန္တရာယ်ကင်းရခြင်းသည် ဂါထာပါ စာလုံး အက္ခရာများက တန်ခိုးရှိနေ၍လော၊ ဂါထာ၏ အဓိပ္ပါယ် ( ဘုရား၊ တရား၊ သံဃာ ) တို့က တန်ခိုးရှိနေ၍လော သိလိုပါသည် ဘုရား။
                                                                                          ဦးဘမောင် ( သာကေတ )


ဖြေ။    ။ အန္တရာယ်ကင်းဂါထာ ( ဥပမာ - သမ္ဗုဒ္ဓေဂါထာ ) ၌ သမ္မာသမ္ဗုဒ္ဓ ဘုရားပေါင်း ၅၁၂၀၂၈ ဆူ တို့နှင့် ထိုဘုရားများ ဟောကြားသော တရား၊ ထိုဘုရားရှင်တို့၏ တပည့်သံဃာ ရဟန္တာတို့၏ တန်ခိုးတေဇော်အာနုဘော်၊ ထိုမျှမက ဂင်္ဂါဝါဠု သဲစုမက များပြားလှသော ဘုရားရှင်များနှင့် ထိုဘုရားရှင်တို့၏ တရား သံဃာရတနာတို့၏ အာနုဘော်၊ မေတ္တာတော်၊ တန်ခိုးတော်တို့ကြောင့် အန္တရာယ်ဟူသမျှ ကင်းပကွယ်ပျောက်ပါစေဟု ဆိုလိုရာ ဘုရားတစ်ဆူကို ရှိခိုးရ၊ ကြည်ညိုရခြင်းသည်ပင် မဂ်တရား၊ ဖိုလ်တရား၊ နိဗ္ဗာန်တရားတို့ကို မျက်မှောက်ပြုနိုင်သဖြင့် ( အသောကမင်းကြီး၏ မိဖုရားကြီး အသန္ဓိမိတ္တာ သည် ကရ၀ိတ်ငှက် အသံကို နားထောင်၍ တိရစ္ဆာန်ငှက်အသံပင် ဤမျှသာယာလျှင် မြတ်စွာဘုရားအသံတော်ဆိုက ပြောဖွယ်ရာမရှိဟု အသံတော်ကို မှန်းဆ ကြည်ညို ၍ သောတာပန် ဖြစ်ရသည်ကို ထောက်ဆ၍ ) သာမည မျက်မှောက်ဘေးအန္တရာယ်ကင်းရုံမျှ ဆုတောင်းခြင်းကြောင့် ဘေးကင်းရခြင်းမှာ နည်းပင် နည်းပါသေးသည်။ စကြာမင်းအဖြစ်၊ ဧကရာဇ်မင်းအဖြစ် ရနိုင်ပါလျက်နှင့် မပြောပလောက်သော အသပြာ တစ်ထောင်မျှလောက်၊ နိဗ္ဗာန်တိုင်အောင် အကျိုးရနိုင်ပါလျက် မျက်မှောက် အန္တရာယ် ကင်းရုံမျှလောက် ဆုတောင်း၍ အန္တရာယ်ကင်းရသည်မှာ မထူးဆန်းတော့ပါ။ ဤသည်ကို ထောက်၍ အန္တရာယ်ကင်းဂါထာတို့ကြောင့် အန္တရာယ် ကင်းရပုံကို သိသာနိုင်လောက်ပါသည်။

ဆရာတော် ဦးတိလောကဿရ
မြတ်မင်္ဂလာ


Tuesday, May 13, 2014

ရေစက် ( ဘာသာရေး အမေးအဖြေများ )


မေး။       ။ အရှင်ဘုရား ရေစက် ဆိုတာ ဘာကိုခေါ်ပါသနည်း။ နောင်ဘ၀တွင် တစ်ဦးနှင့်တစ်ဦး ပြန်လည် ဆုံဆည်းနိုင်ဖို့ရန်အတွက် ရေစက်အတူတကွ ချရမည်လား၊ သို့မဟုတ် သည်ဘ၀တွင် ပြုလုပ်သည့် ကုသိုလ် ညီမျှမှသာ ပြန်လည်ဆုံစည်းနိုင်မည်လား။ သည်ဘ၀တွင် မိသားစုတစ်စုအဖြစ် ဆုံစည်းနေကြ သည်မှာ အတိတ်ဘ၀က ရေစက်အတူချခဲ့၍လား။ ကုသိုလ်ချင်းညီမျှခဲ့၍ပေလား။ သိလိုပါ၍ ဖြေကြားပေးတော်မူပါ ဘုရား။      ( သဉ္ဖာ - ရန်ကုန် )

ဖြေ။       ။ရှေးရှေးဘ၀များက အတူကုသိုလ်ပြုခဲ့၊ ဆုတောင်းဆုယူ ပြုခဲ့ဖူးကြသည်ကိုပင် ရေစက်ဆုံသည် ဟု ပြောဆိုကြပါသည်။ ကုသိုလ်အတူပြု၍ စိတ်တူကိုယ်တူ ရေစက်ချခဲ့ကြသည်ဟု ဆိုလိုပါသည်။ ဘ၀ပေါင်းများစွာ မိသားစုအဖြစ် တွေ့ကြကြုံကြလိုလျှင်
( ၁ ) သမသဒ္ဓါ = ယုံကြည်မှု တူမျှခြင်း
( ၂ ) သမသီလ= အကျင့်သီလ တူမျှခြင်း
( ၃ ) သမစာဂ  = စွန့်ကြဲလှူဒါန်းမှု တူမျှခြင်း
( ၄ ) သမပညာ = ကမ္မသကတပညာ = အသိဥာဏ်ခြင်း တူမျှခြင်း များရှိဖို့လိုကြောင်း ဘုရားဟော ရှိပါ သည်။ အလွန်တူမျှနိုင်ခဲပါသည်။ ဘုရားလောင်းနှင့် ယသော်ဓရာအလောင်းတို့ပင် အတူတကွ ဆုတောင်း ခဲ့သော်လည်း ဘ၀တိုင်း မတွေ့ရ၊ မဆုံဆည်းရပါ။ ဤသည်မှာ ဘုရားလောင်း၏ သဒ္ဓါ၊ သီလ၊ စာဂ၊ ပညာ တို့ကို ယသော်ဓရာ အလောင်းက မမီနိုင်၍ ဖြစ်ပါသည်။ အရှင်မဟာကဿပအလောင်းနှင့် ဘဒ္ဒါကာပိလာနီ အလောင်းမှာ အားလုံးတူမျှ၍ လူ့ပြည်တွင်လည်းကောင်း၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့တွင် လည်းကောင်း ၊ နောက်ဆုံးနိဗ္ဗာန်ဝင်ရာမှာလည်း မကွဲမကွာ ဖြစ်ရကြောင်း အဆိုရှိပါသည်။ ၎င်းကိုပင် ရေစက်ဆုံသည်ဟု ဆိုရမည် ဖြစ်ပါသည်။ ဤသို့ဖြင့် ရေစက် ဆိုသည်ကို မှတ်သားထားနိုင်ပါသည်။

ရဝေထွန်း 
(ဘာသာရေး အမေးအဖြေများ၊ မြတ်မင်္ဂလာ )

Friday, May 24, 2013

ဘုရားပြစ်မှားသူ မာရ်နတ် မြေမျို မမျို ( ဘာသာရေး အမေး၊ အဖြေများ )

မေး။        ။ မြတ်စွာဘုရား၏ အသက်ကို လုပ်ကြံသူ ဒေ၀ဒတ် မြေမျို၍ အ၀ီစိကျရ၏။ လူပုံအလယ်၌ မြတ်စွာဘုရားကို အရှက်ခွဲသည့် စိဉ္စမာနလည်း မြေမျို၍ အ၀ီဝိသို့ ကျရ၏။ သို့ရာတွင် လက်ရုံး တစ်ထောင် ဖြင့် မြတ်စွာဘုရားအား စစ်ခင်းကာ အစဉ်နှောင့်ယှက်နေသူ မာရ်နတ်မှာ အဘယ်ကြောင့် မြေမျို၍ ငရဲမကျ ပါသလဲ အရှင်ဘုရား ဖြေကြားပေးတော်မူပါဘုရား။

ကိုဟန်ဝင်း
၅၇၄၊ လှိုင်သဇင်လမ်း
၁၂ ရပ်ကွက်၊ လှိုင်မြို့နယ်၊ ရန်ကုန်။

ဖြေ။       ။ မာရ်နတ်သည် နတ်ပြည်ခြောက်ထပ် အထက်ဆုံး ၀သ၀တ္တီနတ်ဘုံမှ ဖြစ်၍
တန်ခိုးလည်း ကြီးမား သည်။ ထိုတန်ခိုးကြီးနတ်ဘုံသားတို့သည် မိမိတို့ နတ်ဘုံမှအပ
အခြားလူ့ပြည်စသည်တို့၌ စုတေသေလွန် ရသော ထုံးစံမရှိ။ မိမိတို့ နတ်ဘုံမှာသာ စုတေရမြဲ ဖြစ်သည်။ ထို့ကြောင့် မာရ်နတ်သည် မြတ်စွာဘုရားအား ပြစ်မှားသော်လည်း မြေမျိုခြင်း စသော
လူ့ဘုံ၌ဖြစ်သည့် ဘေးဒုက္ခနှင့် စုတေကွယ်လွန်ရခြင်းမျိုး မဖြစ်ဟု မှတ်ရာ၏။
သို့သော် ယင်းအကုသိုလ်ကံများကြောင့် ၀သ၀တ္တီနတ်ပြည်သို့ပြန်၍ သက်တမ်းမကုန်မီ ဖြစ်စေ၊
အသက်တမ်းကုန်၍ ဖြစ်စေ ကွယ်လွန်၍ အ၀ီစိငရဲသို့ ဖြစ်စေ၊ အ၀ီစိနှင့်အလားတူသော
ငရဲသို့ ဖြစ်စေ ကျရောက်ရပေလိမ့်မည်။
            သာဓကမှာ ဒူသီ မည်သော မာရ်နတ်သည် ဤကမ္ဘာ၌ အစဦးဆုံးပွင့်တော်မူသော
ကကုသန် မြတ်စွာဘုရား၏ လက်ယာတော်ရံ အရှင်ဝိဓုရအား ဦးခေါင်းကွဲအောင် နှိပ်စက်၍
ကကုသန်မြတ်စွာဘုရားက "ဤ ဒူသီမာရ်နတ်သည် မိမိ၏ အတိုင်းအရှည်ကို မသိစွတကား" ဟု
မိန့်တော်မူ၏။ ထိုအခါ မာရ်နတ်သည် မိမိအား မြတ်စွာဘုရား သိတော်မူပြီဟု ၀သ၀တ္တီ
နတ်ပြည်သို့ ပြန်သွား၏။ နတ်ပြည်သို့ရောက်၍ မကြာမီပင် နတ်သက်တမ်းကြွေကာ ဆဖဿာတနိယ
ငရဲကြီးဟူ၍လည်းကောင်း၊ သင်္ကုသမာဟတ ဟူ၍လည်းကောင်း ပစ္စတ္တဝေဒနီယ ဟူ၍
လည်းကောင်း သုံးမည်ရသော ( အ၀ီစိတမျှ ဒုက္ခခံစားရမှု ပြင်းထန်ဆိုးဝါးလှသည့် )
ငရဲ ၌ ဖြစ်ရလေသည်။ 
( အကျယ် မူလသဏ္ဏာသ၊ မာရတဇ္ဇနီယသုတ်၊ မဟာ ဗုဒ္ဓ၀င် တတိယ ၆၆၆ )

 ဘာသာရေး ပြဿနာ အမေးအဖြေများ
ရဝေထွန်း ( မြတ်မင်္ဂလာ )

Monday, May 20, 2013

မြတ်စွာဘုရားတို့ သက်တမ်းနှင့် အသင်္ချေအကြောင်း ( ဘာသာရေး အမေး၊ အဖြေများ )


မေး။    ။ အရှင်ဘုရား
    မြတ်စွာဘုရားတို့၏ သက်တမ်းသည် အမြဲတမ်း တစ်သိန်းတန်းတွင် ပွင့်ကြပါသည်။ နောင်ပွင့်မည့် အရိမေတ္တယျ မြတ်စွာဘုရား လည်း တစ်သိန်းတန်းတွင် ပွင့်မည်ဟု သိရပါသည်။ ဂေါတမမြတ်စွာဘုရား တစ်ဆူတည်းသာ အသက်တစ်ရာ တန်းမှာ ပွင့်တာ ဘာကြောင့်ပါလဲဆိုတာ သိလိုပါသည်ဘုရား။ ထို့ပြင် လေးသင်္ချေနှင့် ကမ္ဘာတစ်သိန်း စသော အရေအတွက် များကို ယခုခေတ် ကွန်ပျူတာစနစ်နှင့် အတိအကျ တွက်ချက်၍ ရနိုင်၊ မရနိုင်သိလိုပါသည်။                                          

ဖြေ။    ။ ပထမ ကကုသန်မြတ်စွာဘုရားသည် လေးသောင်းတန်းတွင် ပွင့်တော်မူသည်။ ကောဏဂုံ မြတ်စွာဘုရား သည် သုံးသောင်းတန်းတွင် ပွင့်တော်မူသည်။ ကဿပ မြတ်စွာဘုရားရှင်သည် နှစ်သောင်းတန်းတွင် ပွင့်တော် မူသည်။ ဂေါတမ မြတ်စွာဘုရားသည် အစဉ်အတိုင်းဆိုက တစ်သောင်းတန်းတွင် ပွင့်ရမည် ဖြစ်သည်။ သို့သော် လူတို့ အနှစ် တစ်သောင်းတန်း အခါ၌ ဂေါတမမြတ်စွာဘုရားအလောင်းတော်မှာ ပါရမီပြည့်ရန် လိုသေး၍ မပွင့်နိုင်ဘဲ ရှိခဲ့သည်။ ထို့နောက် နှစ်တစ်ရာတန်းကျမှ ပွင့်တော်မူသည်ဟု ဆိုပါသည်။
     နောင်ပွင့်မည့် အရိမေတ္တေယျ ဘုရားရှင်မှာ အနှစ် ရှစ်သောင်းတန်းတွင် ပွင့်ပါမည်။ မြတ်စွာဘုရားတို့သည် အာယုဝေ မတ္တ ( အသက် အတိုအရှည်ကွာခြားမှု ) ရှိသဖြင့် သက်တမ်း မတူကြပါ။ လေးသင်္ချေနှင့် ကမ္ဘာ တစ်သိန်း စသည်မှာ မြတ်စွာဘုရားတို့၏ သဗ္ဗညုတ ဉာဏ်အရာသာ ဖြစ်ပါသည်။ အရှင် သာရိပုတ္တရာ စသည် တို့ပင် တစ်သင်္ချေမျှသာ မြင်နိုင်ပြီး အရှင်အနုရုဒ္ဓါ စသော သာဝကတို့ပင် ကမ္ဘာ တစ်သိန်းသာ မြင်နိုင်သည်။ ထို့ကြောင့် အသင်္ချေ ဆိုသည်ကို မည်သည့် ကွန်ပျူတာနှင့်မျှ တွက်ချက်၍ ရနိုင်ဖွယ် မရှိပါ။

ဦးတိလောကဿရ
မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ


Friday, May 17, 2013

အလှူဒါန ( ဘာသာရေး အမေး၊ အဖြေများ )


မေး။    ။ အရှင်ဘုရား
      အလှူဒါနကို စေတနာသုံးတန်ဖြင့် အချိန်အခါမရွေး ကြုံလျှင် ကြုံသလို တွေ့လျှင်တွေ့သလို မည်သည့် ပုဂ္ဂိုလ်ကို မဆို လှူဒါန်းခြင်းထက် အကျင့်သီလနှင့် ပြည့်စုံသော ပုဂ္ဂိုလ်တို့ကို ရွေးချယ်ပြီးမှ လှူဒါန်းခြင်းတို့တွင် မည်သည့် လှူဒါန်း ခြင်း မျိုးက ပိုပြီးမြတ်၊ ပိုပြီး ကုသိုလ် ရပါသလဲ ဘုရား ၊ ဖြေကြားပေးတော်မူပါ ဘုရား။
ဦးခင်မောင်သန်း၊ ရန်ကုန်။


ဖြေ။    ။ သာသနာတော်တွင်း၌ လဇ္ဇီပေသလ သိက္ခာကာမဖြစ်သော အလှူခံပုဂ္ဂိုလ်တို့ကို ရွေးချယ်လှူဒါန်းခြင်းမှာ သာသနာပြု ဒါန ဖြစ်၍ မြတ်သည်ဟု ဆိုနိုင်ပါသည်။ သို့သော် ဘုရားအလောင်းတော်တို့ ဒါန ပါရမီအရာ၌ မိမိ၏ စိတ် စေတနာကိုသာ ပဓာနထား၍ အလှူခံပုဂ္ဂိုလ်၊ အလှူပစ္စည်းတို့ကို ရွေးချယ်မနေဘဲ အခြေအနေအရ လာသမျှ ပုဂ္ဂိုလ်၊ လိုသမျှ ပစ္စည်းတို့ကို ပေးလှူခြင်း၊ အယုတ်အလတ် အမြတ်မရွေး ပေးကမ်းခြင်းတို့ကိုလည်း ကုသိုလ် မရဟု မဆိုနိုင်ပါ။ သာသနာအပ အခါ၌ ဇူဇကာလို ဒုဿီလ ပုဂ္ဂိုလ်များကိုပင်လည်း မယား၊ သား၊ သမီးတို့ကို လှူဒါန်းနိုင်သော ဒါန ပါရမီကို ပြုနိုင်မှသာ ပါရမီစိတ်ထား ဖြစ်နိုင်ကြောင်း စဉ်းစား၍ တရားသဘောအရ သင့်လျော်သလို နှလုံးသွင်းနိုင်ရန် အရေးကြီး လှပါသည်။

ဆရာတော်ဦးတိလောကဿရ
မြတ်မင်္ဂလာဘာသာရေး အမေးအဖြေများ

Tuesday, May 7, 2013

မဏိမေခလာ နတ်သမီး ( ဘာသာရေး အမေး၊ အဖြေများ )


မေး။    ။ အရှင်ဘုရား
      ဘုရားလောင်း ဇနကမင်းသားကို ကယ်တင်ခဲ့သော မဏိမေခလာ နတ်သမီး သည် အလောင်းတော်၏ ယခင် ဘ၀များနှင့် တွေ့ဆုံ၍ ပါရမီဖြည့်ခြင်း ရှိခဲ့ပါသလား၊ အလောင်းတော် ဇနကမင်းသား ဘုရားဖြစ်ချိန်တွင် မဏိမေခလာ နတ်သမီးသည် အဘယ်သူဖြစ်ပါသနည်း။ သမုဒ္ဒရာ၌ပင် အစောင့်အဖြစ် ရှိနေပါသလား။ မဏိမေခလာ နတ်သမီး၏ ဘ၀ကြောင်းရာကို သိလိုပါသည်ဘုရား။

                                                                  ကျိုက္ကဘာစန္ဒ၊ ဖျာပုံမြို့  ။


ဖြေ။    ။ “တဒါ သမုဒ္ဒရက္ခိတာ ဒေ၀ဓီတာ ဥပ္ပလ၀ဏ္ဏာ အဟောသိ” ဟု ဇာတ် အဋ္ဌကထာ ( ဇာ - ဋ္ဌ ၆၊ ၈၄ ) ၌ ပါရှိ၍ မဏိမေခလာမည်သော သမုဒ္ဒရာစောင့် နတ်သမီးသည် ဥပ္ပလ၀ဏ္ဏာထေရီမ ( တန်ခိုးအရာ၌ ဧတဒဂ် ရ သော လက်ဝဲတော်ရံ ရဟန္တာမ ) ဖြစ်ပါသည်။ ဥပ္ပလ၀ဏ္ဏာထေရီမသည် လွန်ခဲ့သော ကမ္ဘာတစ်သိန်းက ပဒုမုတ္တရ မြတ်စွာဘုရားထံတွင် ဆုတောင်း ခဲ့ပြီး ငါးရာ့ငါးဆယ် ဇာတ်တော်တို့တွင် ဘုရားလောင်းနှင့် ထပ်ခါ တလဲလဲ တွေ့ဆုံ၍ အကူအညီပေးခဲ့ပုံ တို့ကို တွေ့နိုင်ပါသည်။

ဆရာတော် ဦးတိလောကဿရ

မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ

Sunday, May 5, 2013

လျှပ်စစ်မီးနှင့် ဖယောင်းတိုင် ( ဘာသာရေး အမေး၊ အဖြေများ )



မေး။    ။ အရှင်ဘုရား
      ဘုရားဆီမီးပူဇော်ခြင်းနှင့် ပတ်သက်၍ နေ့လယ်ပိုင်းအလင်းရောင် ရှိနေစဉ်နှင့် မီးချောင်း၊ ရောင်ခြည်တော် တို့ဖြင့် ပူဇော်ထားလျှင် ထပ်မံ၍ ဖယောင်းတိုင် ဆီမီးဖြင့် ပူဇော်ခြင်း မပြုရပါ ဆိုသည်ကို ဖြေကြားပေးတော်မူပါ ဘုရား။
 
 ဒေါ်အေးအေး၊ ရန်ကုန်။

ဖြေ။    ။ နေ့လယ်နေရောင် ထွန်းလင်းနေချိန်၌ ဖယောင်းဆီမီး ပူဇော်ခြင်းမှာ အခါနှင့် ပူဇော်လှူဒါန်းမှု လွဲချော်နေ၍ ကုသိုလ်အထူး ဖြစ်ဖွယ် မရှိပါ။ သို့သော် ညအခါ၌ လျှပ်စစ်မီးရောင် ထိန်လင်းနေသော်လည်း ဖယောင်းဆီမီး ညှိထွန်း ပူဇော်မှုကား အဓိပ္ပာယ်မရှိ မဟုတ်ပါ။ ဘုရား လက်ထက်တော်ကပင် အခြားသူများ အဖိုးတန်ပန်းများ လှူဒါန်းထားသော်လည်း ( နတ်များက မန္ဒာရ နတ်ပန်းများဖြင့် ပူဇော်ထားသော်လည်း ) ဆင်းရဲသူမကလေး တစ်ဦးက အဖိုးမတန်သော သပွတ်ခါးပန်းကလေးဖြင့် စေတနာ ထက်သန်စွာ လှူဒါန်းသဖြင့် ကွယ်လွန်ပြီး နောက်ဘ၀တွင် တန်ခိုးကြီးသော နတ်သမီး ဖြစ်ရကြောင်း ၀တ္ထုရှိပါသည်။ သူဌေးသူကြွယ်များ အဖိုးတန်သော ဆွမ်းများဖြင့် ပူဇော် လှူဒါန်း ထားသည့်ကြားမှ မိမိတတ်အားသမျှ ၀င်ရောက် လှူဒါန်း သည်ကို လည်း မတားမြစ်အပ်ပါ။ ထို့အတူ လျှပ်စစ်မီးများ ပူဇော်ထားသည့်ကြားမှပင် ဖယောင်းတိုင် စသည်တို့ဖြင့် ထွန်းညှိပူဇော်ခြင်းမှာ ပြုသင့်ပြုထိုက်သော လှူဒါန်ဒမှုပင် ဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

ဆရာတော် ဦးတိလောကဿရ
မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ

Thursday, May 2, 2013

ဆည်းလည်း ဆွဲလဲ ( ဘာသာရေး အမေး၊ အဖြေများ )


မေး။    ။ အရှင်ဘုရား
      စေတီတော်တို့၏ ထီးတော်အောက်ဆုံးအဆင့် သံခွေ၌ ချိတ်ဆွဲပူဇော်ထားသော အသံသာယာစွာ မြည်တတ်သည့် အရာဝတ္ထုများကို အချို့က ခေါင်းလောင်း၊ အချို့က ဆွဲလဲဟု အငြင်းပွားလျက် ရှိကြပါသည်။ သို့ အတွက်ကြောင့် အမည်နာမ အမှန်ကို အငြင်းပွားသူတို့ စိတ်နှလုံးအေးလောက်အောင် ဖြေကြားပေးတော်မူပါဘုရား။

                                                         ဒကာတော်များ၊ အင်းမမြို့၊ မကွေးတိုင်း။




ဖြေ။    ။ “ခေါင်းလောင်းသံညည်း၊ ရွှေဆည်းလည်း၊ ချည်းချည်းသံလွင်လွင်” ဆိုသည့် အတိုင်း ခေါင်းလောင်းနှင့် ဆည်းလည်း ( ဆွဲလဲ ) သည် ပုံစံတူဖြစ်လျက် အကြီးအသေးသာ ကွာခြားပါသည်။ စေတီတော်တို့၏ ထီးတော်၌ ဆွဲထားသော ခေါင်းလောင်းငယ်ကို ခေါင်းလောင်းဟု မခေါ်၊ ဆည်းလည်း ဟုသာ ခေါ်ပါသည်။ တွဲလဲဆွဲသည် ဟူသော မြန်မာဝေါဟာရ စကားသံအတိုင်း အများအားဖြင့် ဆွဲလဲဟု ခေါ်ကြပါ၏။ မြန်မာ အဘိဓာန်တွင် “ဆည်းလည်း - န/ဆွဲလဲ/ ၁။ လေတိုက်လျှင် လှုပ်ခတ်ရန် ညောင်ရွက်ဆွဲ အဆန်ထည့်ထားသည့် ခေါင်းလောင်း ငယ် ( စေတီထီးတော်တွင် ဆွဲတပ်လေ့ရှိသည် ) “လေညင်းလာက၊ ပဉ္စင်္ဂလည်း၊ မြမြချည်းချည်း ၊ ရွှေဆည်းလည်းနှင့် ၊ နုရည်း မြူးကွန့်” ဟု ဖော်ပြထားပါသည်။ ထို့ကြောင့် စေတီတော်တို့၌ ဆွဲထားသည့် ခေါင်းလောင်းငယ်ကို ခေါင်းလောင်းဟု မခေါ်၊ ဆည်းလည်း ( စကားသံဖြင့် ဆွဲလဲ ) ဟု ခေါ်ကြောင်း မှတ်သားထားသင့်ပါသည်။
ဆရာတော်  ဦးတိလောကဿရ
မြတ်မင်္ဂလာ ဘာသာရေးအမေးအဖြေများ

Monday, April 29, 2013

သေရည်သောက်သူနှင့် ရောင်းသူ ( ဘာသာရေး အမေး၊ အဖြေများ )









မေး။    ။ အရှင်ဘုရား
       တပည့်တော်သည် သေရည်သေရက် သောက်သူများနှင့် သေရည်သေရက်ဆိုင်များ အများအပြား တွေ့ခဲ့ဖူး ပါသည်။ သေရည်သေရက် သောက်သူများ သူရာမေရယကံ ထိုက်သည်ဆိုတာကတော့ စာပေများ ၌ တွေ့ဖူး ပါသည် ဘုရား။ သေရည်သေရက် ရောင်းသူများမှာမူ အဘယ်ကံထိုက်၍ မည်သို့သောအပြစ်များ ရပါသလဲ ဘုရား။ တပည့်တော် မရှင်းမလင်း ဖြစ်နေပါ၍ ဖြေကြားပေးစေချင်ပါသည်။ ဘုရား။
ရဲဝင်းနိုင်၊ မလှိုင်မြို့နယ်၊ မန္တလေးတိုင်း။

ဖြေ။    ။ ဗုဒ္ဓစာပေများတွင် ဥပါသကာတို့ မရောင်းရသော ကုန်ငါးပါးဟူ၍ ရှိပါသည်။ ယင်းတို့မှာ -
( ၁ ) လက်နက်ရောင်းခြင်း
( ၂ ) လူကို ရောင်းခြင်း
( ၃ ) ကြက်၊ ၀က် စသော ရောင်းခြင်း
( ၄ ) အရက် စသော ယစ်မျိုး ရောင်းခြင်း
(  ၅ ) အဆိပ်ရောင်းခြင်း      စသော ကုန် ၅ - မျိုး ကို ရောင်းချ၍ စီးပွားရှာသူများမှာ ဥပါသကာဂုဏ် ပျက်ယွင်း၍ အကုသိုလ် အမြဲတိုးပွားနေသူများ ဖြစ်ကြသည်။ သူတော်ကောင်းစာရင်းမှ ပယ်ဖျက်ခံရသူများဖြစ်၍ ထိုကုန် ငါးမျိုးဖြင့် စီးပွားရှာသူများအား ရပ်မိရပ်ဖ၊ လူကြီးမိဘ စသည့် နေရာများ၊ ရွေးကောက်ပွဲများမှ အပယ်ခံ ကြရ ပါသည်။

ဆရာတော် ဦးတိလောကဿရ
မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ

Thursday, April 25, 2013

ဘုရားရှိခိုး ပရိတ်ရွတ်ခြင်းများ ( ဘာသာရေး အမေး၊ အဖြေများ )




မေး။    ။ ဆရာတော်ဘုရား၊ ဘုရားရှိခိုးခြင်း၊ ပရိတ်တော်ရွတ်ခြင်း၊ မေတ္တာပို့ခြင်း၊ ပုတီးစိတ်ခြင်းနှင့် တရား ထိုင်ခြင်း အားဖြင့် မည်ကဲ့သို့သော အကျိုးကျေးဇူးများ ရရှိပါသနည်း။ ဖြေကြားပေးတော်မူပါ ဘုရား။
                                                                                     မကေသီ၊ ပန်းတောင်းမြို့၊ ပဲခူးတိုင်း။


ဖြေ။    ။ လူ့ဘ၀တွင် အိမ်ရာတည်ထောင်၍ သားမယား၊ လင်သား၊ စီးပွားအိုးအိမ်တို့ဖြင့် နေထိုင်ကြသူ
ဟူသမျှတို့မှာ အရွယ်ထောက်၍ ကွယ်လွန်ခါနီးအချိန်သို့ ရောက်လာကြသောအခါတွင် မိမိသားမယား၊
လင်သား၊ စီးပွားအိုးအိမ်တို့နှင့် ခွဲခွာရန် အလွန်စိုးရိမ် ပူပန်ကြရသည်။ သေခါနီး၌ ၀ိုင်းဝန်းပြုစုနေသော သားသမီး စသည်တို့ကြောင့် အသေမဖြောင့်နိုင်ဘဲ ရှိကြရသည်။ ထိုစဉ် သေလွန်သွားလျှင် ကောင်းရာသုဂတိသို့ အလွန်ရောက်ခဲပြီး ဒုဂ္ဂတိဖြစ်သော နိရယ ပေတ တိရစ္တာန် ဂတိများသို့သာ ရောက်သွားကြရကုန်၏။ ဗုဒ္ဓဘာသာ သမ္မာနွယ်ဝင် သူတော်စင်တို့ကား မိမိအသက်အရွယ် ငယ်စဉ်ကာလမှ စ၍ ဘုရားရှိခိုးခြင်း၊
ပရိတ်တော်ရွတ်ခြင်း၊ မေတ္တာပို့ခြင်း၊ ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်းတို့ကို ထပ်ခါတလဲလဲ အထုံပါရမီစွဲအောင် အမြဲပြုလုပ်လာခဲ့ကြသဖြင့် ထိုသေခါနီး အချိန်ကာလတွင် သားမယား၊ လင်သား၊ စီးပွားအိုးအိမ်
စည်းစိမ်ချမ်းသာ စွဲလမ်းစရာများကို ကျော်လွှား၍ ဘုရား၊ တရား၊ သံဃာ ရတနာမြတ် သုံးပါးနှင့် တတ်အားသမျှ ပြုလုပ်ခဲ့သော ဒါန၊ သီလ၊ ဘာဝနာတရားများ၊ ဘုရားရှိခိုးမှု၊ ပရိတ်ရွတ်မှု၊ ကုသိုလ်ကောင်းမှုများသာ ထင်မြင်၍ ကောင်းမွန်သော ကံ ကမ္မနိမိတ်၊ ဂတိနိမိတ်များ ထင်၍ လူ့ရွာနတ်ရပ် ကောင်းမြတ်သည့်
သုဂတိဘ၀များသို့ ရောက်နိုင်ပါသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်မှန်သမျှ နိစ္စဓူဝ ဘုရားရှိခိုးခြင်း
စသည်များကို ပြုနေကြခြင်းဖြစ်ကြောင်း အမြင်ရှင်းကြရန် လိုပေသည်။

  ဆရာတော် ဦးတိလောကဿရ
                                                            
                                                              မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ    
                             

Monday, March 18, 2013

ပရိတ်ရွတ်၍ ကျန်းမာခြင်း


မေး။    ။ အရှင်ဘုရား
       လူများသည် ကံ၊ စိတ်၊ ဥတု၊ အာဟာရ မညီမျှမှုကြောင့် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယော ဓာတ် များ ဖောက်ပြန်ကြပြီး ကျန်းမာရေးချို့တဲ့ကြပါသည်။ ပရိတ်ရွတ်ခြင်းဖြင့် ကျန်းမာလာနိုင်ပါသလားဘုရား။
မသင်းသင်းအေး၊ ဒဂုံမြို့သစ်မြောက်ပိုင်း။

ဖြေ။    ။ ပရိတ် မေတ္တာဘာဝနာတရားတို့သည် ကံ အလုပ်များ ဖြစ်ကြ၏။
     ကုသလကမ္မ၊ ကောင်းသော ကံ အလုပ်ကို လုပ်ကိုင်နေသူများအဖို့ စိတ်ကလည်း ကြည်လင်ရွှင်ပျလာသည်။ စိတ်၏ ကြည်လင်ရွှင်ပျမှုကြောင့် ပူမှု၊ အေးမှု၊ ဥတု ( အထူးသဖြင့် ခန္ဓာကိုယ်တွင်းရှိ ဥသ္မာ တေဇောဓာတ် ) ညီညွတ် မျှတမှုကြောင့် စားသောက်သော အာဟာရကိုလည်း ပါစက တေဇောက ကြေကျက်စေသည်။ ကျန်သော အာပေါ၊ ၀ါယော ဓာတ်တို့ကလည်း အညီအမျှ လှုပ်ရှားကောင်းမွန်စေ၍ စိတ်၏ ကျန်းမာခြင်း၊ ကိုယ်၏ ချမ်းသာ ခြင်း တို့လည်း ဖြစ်ပေါ်လာရပါသည်။ ဗောဇ္ဈင် ၇ ပါး တရားကြောင့် ကံ၊ စိတ်၊ ဥတု၊ အာဟာရနှင့် ဓာတ်ကြီးလေးပါး ညီမျှစေကြောင်း၊ ဣနြေ္ဒတို့ ကြည်လင်စေကြောင်း မြတ်စွာဘုရား ကိုယ်တော်တိုင် ဟောထားချက် ရှိပါသည်။

ဆရာတော် ဦးတိလောကသာရ ( ရဝေထွန်း )                  မြတ်မင်္ဂလာ ဘာသာရေး အမေးအဖြေများ


ဗောဇ္ဈင်္ဂသုတ် ( မင်းကွန်း ဆရာတော်ဘုရားကြီး )


Wednesday, September 12, 2012

ရေသပ္ပါယ်ခြင်း ( ဘာသာရေး အမေးအဖြေများ )











မေး။   ။ အရှင်ဘုရား

မြတ်စွာဘုရား ဆင်းတုတော်များ ရေလောင်းသပ္ပာယ်နေသည်ကို ရွှေတိဂုံဘုရားပေါ်၌ အများဆုံးတွေ့ရပါသည်။ တချို့က ဦးခေါင်းတော်ပေါ်မှစ၍သော်လည်းကောင်း၊ လည်ပင်းနားမှစ၍သော်လည်းကောင်း ရေလောင်းကြပါသည်။ မည်သည့်နေရာမှ ရေလောင်းသပ္ပာယ်လျှင် မည်သို့ စိတ်ထားရမည်။ မည်သို့သော အကျိုးရမည်ကို ဖြေကြားပေးတော်မူပါ ဘုရား။

ဖြေ။  ။ ရွှေတိဂုံ ဘုရားပေါ်၌ ဘုရားရေသပ္ပာယ်ကြသူများမှာ အချိန်အခါ ဟူ၍ မရှိပါ။ ဗေဒင်ဆရာများက ယတြာချေခိုင်းလျှင်  ဘုရားရုပ်ပွားတော်များကို သင်္ကြန်ရေလောင်းသကဲ့သို့ လောင်းနေကြသည်မှာ ကုသိုလ်မရ။ အပြစ်ရဖွယ်သာ ဖြစ်စရာ ရှိပါသည်။ အမှန်တကယ် ရေသပ္ပာယ်လိုသော စေတနာရှင်များမှာ ရွှေတိဂုံဘုရားပေါ်သို့ပင် သွားနေစရာမလို။ ကိုယ့်အိမ်ရှိ၊ ဘုရား ရုပ်ပွားတော် ( ကြေးဆုတု၊ ကျောက်ဆင်းတု ) ကို နွေလအခါ ပူသော အချိန်တွင် ကျောင်းဆောင်မှ ပင့်၍ အိမ်ဦးတွင် ချေးညှော်စင်အောင် ချေးချွတ်ဆေး၊ ဆပ်ပြာ၊ အ၀တ်သန့်သန့်၊ ရေသန့်သန့်ဖြင့် သင့်လျော်ရာနေရာမှ လောင်း၍` ရိုသေလေးစားစွာ ရေသပ္ပာယ် ကုသိုလ်ယူသင့်ပါသည်။ သင်္ကြန်အခါ နှစ်သစ်ကူးသောအခါတို့တွင် ကျောင်း၊ ကန်၊ ဘုရားတို့၌ ဥပုသ်စောင့်ကြသော ဥပုသ်သည် ကျား၊ မ မဟူ ညနေပိုင်းတို့တွင် ကျောင်းရှိ ကြေးဆင်းတု၊ ကျောက်ဆင်းတုများကို ရိုသေစွာ ရေသပ္ပာယ်ကြသည်ကို တွေ့ရ၊ ကြုံရလေ့ရှိပါသည်။ အချို့ ရေအေးအေးတွင် အမွှေးနံ့သာများ ထည့်၍ ရေသပ္ပာယ်ကြသည်ကိုလည်း တွေ့ရပါသည်။ ထိုကဲ့သို့ ကုသိုလ်ဖြစ်အောင် ရေသပ္ပာယ်သင့်ပါသည်။

ဆရာတော် ဦးတိလောကသာရ ( ရဝေထွန်း - မြတ်မင်္ဂလာ )



Monday, September 10, 2012

မိရိုးဖလာ ဗုဒ္ဓဘာသာ ( ဘာသာရေး အမေးအဖြေ )




မေး။     ။ အရှင်ဘုရား မိရိုးဖလာ သဘောထက် သာလွန်၍ သက်ဝင်ယုံကြည် ကိုးကွယ်သည် ဆိုရာ၌
( ၁ ) မိရိုးဖလာသဘော သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်မှု ဟူသည် အဘယ်နည်း။
( ၂ ) မိရိုးဖလာသဘော သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်မှုသည် အဆင့်အတန်း နိမ့်ကျပါသလား။
( ၃ ) သာလွန်၍ သက်ဝင်ယုံကြည် ကိုးကွယ်ဆည်းကပ်မှုဟူသည် အဘယ်ပါနည်း။
ဖြေကြားပေးတော်မူပါရန် လေးစားစွာ လျှောက်ထားအပ်ပါသည် ဘုရား။





ဖြေ။

( ၁ ) ရိုးရိုးမိဘတို့ ကိုးကွယ်မှု ထုံးစံအတိုင်း သရဏဂုံသီလ ခံယူ၍ ကျောင်းကန်ဘုရား သွားလာလှူဒါန်းခြင်း၊ ဥပုသ်စောင့်ခြင်း၊ ရှင်ပြု၊ ရဟန်းခံခြင်းတို့ထက် မပိုသော ကိုးကွယ်မှုကို မိရိုးဖလာကိုးကွယ်မှုဟု ဆိုပါသည်။
( ၂ ) ထိုမိရိုးဖလာ ကိုးကွယ်မှုကို မပျက်မကွက် မှန်မှန်ကန်ကန် အသိရှိရှိဖြင့် ကိုးကွယ်သူအဖို့ အပါယ်လေးပါး မလားရေးတို့၌ အတော်အတန် စိတ်ချရ၍ အဆင့်အတန်း နိမ့်ကျသည်ဟု မဆိုနိုင်။
( ၃ ) ထိုမိရိုးဖလာကိုးကွယ်မှုကို အားမရ၍ ပညာရှင် ဆရာတော်၊ သံဃာတော်များထံ ချဉ်းကပ်၍ နက်နဲသော ဘာသာရေးတရားများကို လေ့လာခြင်း၊ သမထဘာဝနာ၊ ၀ိပဿနာဘာဝနာများကို အားထုတ်ခြင်း၊ မဂ်တရားး၊ ဖိုလ်တရားများကို ရအောင်ကြိုးစားခြင်း စသည့် ပြုလုပ်မှုကို မိရိုးဖလာထက် သာလွန်၍ သက်ဝင်ယုံကြည်ကိုးကွယ် ဆည်းကပ်သူဟု ဆိုရပါသည်။


ရဝေထွန်း ( မြတ်မင်္ဂလာ ဘာသာရေးအမေးအဖြေများ )  


Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>