2 3 4 5 6 7 8 9 10

Friday, June 29, 2012

ဝိဇ္ဇာသိပ္ပလူ့ကိစ္စ ( မောင်သာချို )

ဝိဇ္ဇာသိပ္ပလူ့ကိစ္စ

…ထိုနေ့က စကားဝိုင်းတွင်ကား ဆရာမောင်ကြည်သစ်က သူ့ဘ၀ကိုယ်တွေ့အကြောင်းအရာများကို အခြေခံကာ ပညာရေးအကြောင်းကို တော်တော်ကလေးပြောပါသည်။ သူက ဒဿနိကဗေဒ ပါမောက္ခဘ၀ဖြင့် အငြိမ်းစားယူခဲ့သူဖြစ်ရာ သူဆယ်တန်းအောင်စဉ်က
ဒဿနိကဗေဒ ဘာသာရပ် လျှောက်ဖြစ်ခဲ့ပုံအကြောင်း ကလေးကို သောရင်းမောရင်း ပြန်ပြောပြပါသည်။
သူတို့ ဆယ်တန်းအောင်စက လော်ဂျီ (Logy)တို့၊ ဆော်ဖီ(Sophy)တို့နှင့်
ဆုံးသော ဘာသာရပ်တွေကို ဘာမှန်းမသိဘဲ အထင်ကြီးနေမိကြပါလေသတဲ့။ ဥပမာ သတ္တဗေဒ (Zoology)၊ ဘူမိဗေဒ (Geology)၊ စိတ်ပညာ (Psychology)၊ ဒဿနိကဗေဒ (Philosophy)၊ ရှေးဟောင်းသုတေသန (archaeology)၊ မနုဿဗေဒ (Anthropology)
စသည့်ဘာသာရပ်များ၊ English, Chemistry, Maths, Physics စသည့်တို့သည် ဆယ်တန်းတွင် သင်ယူခဲ့ဖူးပြီးသော ဘာသာရပ်များဖြစ်ရာ အဆင့်နိမ့်ပြီး လော်ဂျီ၊ ဆော်ဖီပါသော ဘာသာရပ်များသည် နာမည်ကြီးတွေကအစ ထူးဆန်းနေသဖြင့်
အဆင့်မြင့်ပုံရပေရာ လူငယ်တို့ ဘာသာဘာဝ အထင်ကြီးမိကာ မိမိအနေနှင့် ဖီလော်ဆော်ဖီ (Philosophy) ဆိုသည်ကြီးကို ယူလိုက်မိခြင်းဖြစ်ကြောင်း ပြောပါသည်။ ထို့နောက်တွင်မှ ဆရာမောင်ကြည်သစ်က နောက်ပိုင်းတွင်ကား သင်ရင်းသင်ရင်းနှင့် ထိုဘာသာရပ်ကို ချစ်သွားမိကြောင်း အမောဖြင့် ၀န်ခံပါသည်။ တော်ပါသေးရဲ့ ဟု ကျွန်တော်က အောက်မေ့ရပါတယ်။

                ကျွန်တော်တို့ လူမှုဝန်းကျင်၌ သည်လိုပြဿနာမျိုးကလေးတွေက အင်အားကောင်းပါသည်။ ကိုယ့်စိတ်နှင့် ကိုယ့်ကိုယ် စဉ်းစားတွေးခေါ်ကာ ပညာရှာသူတွေက လူနည်းစုဖြစ်ပါသည်။ သူများက ဆေးတက္ကသိုလ်မို့ ကိုယ်က ဆေးတက္ကသိုလ် လိုက်ရသူ၊ သူများက ရေကြောင်းတက္ကသိုလ်မို့ ကိုယ်က ရေကြောင်းတက္ကသိုလ် လိုက်ရသူ၊ ကိုယ့်သူငယ်ချင်းက ရူပဗေဒမို့
ကိုယ်ကရူပဗေဒ၊ ကိုယ့်မိဘဆရာသမားက LCCI စမ်းပါဆို၍ စိတ်မပါဘဲ LCCI လိုက်ရသူ၊ ရှိသမျှဘာသာတွေ တန်းစီရေးချပြီး ကျလာ ရလာတဲ့ ဘာသာတက် လိုက်တာပေါ့ဟု ဆိုသူ အမျိုးမျိုးပဲဖြစ်ပါသည်။ ဥပဒေဘာသာရပ်မှနေ၍ သမိုင်းဘာသာရပ်သို့ ပြောင်းလာသော ကျောင်းသားတစ်ယောက်နှင့် တွေ့ဆုံရစဉ် သူဘာ့ကြောင့် ပြောင်းလာရသလဲဆိုတာကို ကျွန်တော်မေးကြည့် မိပါသည်။
သူ့ချစ်သူက သမိုင်းမယူလျှင် လမ်းခွဲတော့မည်ဟု ရာဇသံပေး၍ ဆိုပါ့လား။ ရယ်လိုက်ရသော်လည်း ကျွန်တော် မပျော်ရွှင်ပါ။
…ထိုနေ့က ဆရာမောင်ကြည်သစ်ပြောသော စကားထဲမှာ ပို၍ သတိပြုသင့်သောစကားက ၀ိဇ္ဇာနှင့်သိပ္ပံကိစ္စ ဖြစ်ပါသည်။ ၀ိဇ္ဇာက နိမ့်တာ သိပ္ပံက မြင့်တာ စသော အယူအစွဲတွေက ခေတ်နောက်ပြန်လွန်းလှပါသည်။ “စနစ်တကျ လေ့လာ သင်ယူခြင်းသည်ပင်
သိပ္ပံ၏အနက်” ဖြစ်ရာ ဘာသာစကားကိုပဲ သင်သင်၊ သမိုင်းကိုပဲ သင်သင်၊ ပထ၀ီကိုပဲ သင်သင် သိပ္ပံပဲ ဖြစ်ပါသည်။



…တချို့နိုင်ငံတွေက သင်္ချာကို ၀ိဇ္ဇာဘွဲ့(B.A) ပေးပါသည်။ တချို့နိုင်ငံတွေက ပထ၀ီကို သိပ္ပံဘွဲ့ (B.Sc) ပေးပါသည်။ ဘာက နိမ့်လို့ ဘာက မြင့်နေလေသလဲ။ နာမည်ဆိုတာက ပညတ်။ အိန္ဒိယနိုင်ငံကတော့ ကျွန်တော်တို့ ၀ိဇ္ဇာဟုခေါ်နေသော ဘာသာရပ်များကို Arts ဟု မခေါ်။ Humanities ဟူမနတီတဲ့။ လူမှုရေးသိပ္ပံဘာသာရပ်များဟူသော အနက်။
“ သိပ္ပံက နှစ်မျိုးရှိတာ ဟေ့လူရဲ့။ Natural Science နဲ့ Social Science ။ လူမပါတဲ့ အပင်တွေ၊ အကောင်တွေ၊ ဓာတ်ငွေ့တွေ၊ အရာဝတ္ထုတွေ လေ့လာတာ သဘာဝသိပ္ပံ (Natural Science)ပေါ့။ သမိုင်းတွေ၊ ၀တ္ထုတွေ၊ ကဗျာတွေ၊ စိတ်တွေ၊ အတွေးအခေါ်တွေ၊ နိုင်ငံရေးတွေ၊ နိုင်ငံတကာ ဆက်ဆံရေးတွေကျတော့ လူပါလာတာမို့ လူမှုရေးသိပ္ပံ (Social Science) ပေါ့ဗျာ။ မှန်ပါသည်။      ဆရာမောင်ကြည်သစ်၏ စကားက အခုခေတ်လူငယ်တွေ နှလုံးသွင်းသင့်သော စကားဖြစ်ပါသည်။ အပြိုင်ဖွံ့ဖြိုးသင့်သည့် ဘာသာရပ်တွေကို ဘာ့ကြောင့်အနိမ့်အမြင့် ခွဲနေကြရလေသလဲ။ မိမိအာရုံကျရာ ဘာသာရပ်ကို ပေါက်မြောက်အောင်သင်၊ ၀ိဇ္ဇာဘွဲ့ရသဖြင့် ဗိုလ်ချုပ်အောင်ဆန်းက အလကားလူ ဖြစ်မသွား။ သမိုင်းကို သင်ခဲ့သောကြောင့် ဒေါက်တာသန်းထွန်းက လူညံ့မဟုတ်။
နိုင်ငံရေးနှင့် အတွေးအခေါ် ဘာသာရပ်ကို ယူခဲ့၍ ဟင်နရီကစ်ဆင်းဂျားက ပေါချာချာဖြစ်မသွား။ ပန်းချီပညာရပ်ကို လိုက်စားမိ၍ ပီကာဆိုတို့ ပေါ်ဦးသက်တို့ သုံးမရ၊ စားမရ မဖြစ်။ ဆရာမြို့မငြိမ်း ဂီတပညာကို လိုက်စားတာ မမှား။   ဂျူး ဆရာဝန် မလုပ်ဘဲ စာရေးတာလည်း မမှား။ ကိုယ်ရပ်တည်ထားသည့် ဘာသာရပ်နယ်ပယ်ကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ကာ လူ့အဖွဲ့အစည်းကို ပေးဆပ်ကြခြင်းသည်သာ အရေးအပါဆုံး မဟုတ်ပါလား။

မောင်သာချို …
ပြောသူ- မောင်ကြည်သစ်
ပြောသောနေရာ-အင်းလျားကန်
ပြောချိန်-၃၁.၉.၂၀၁၀
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>