2 3 4 5 6 7 8 9 10

Monday, October 17, 2011

မေတ္တာခရီးသည်ကြီး၏ လွမ်းစရာ့ကဗျာများ

...``မေတ္တာလက်နက်´´....မေတ္တာလက်နက်ဆိုတာ
ပကတိမျက်စိဖြင့် ကြည့်လို့မမြင်နိုင်ဘူး. သိမ်မွေ့နက်နဲတယ်.
ကိုင်ပြစရာမရှိဘူး. မိမိစိတ်ထဲကဖြစ်စေရတယ်. သတ္တ၀ါအားလုံးကို
ချမ်းမြေ့စွာရှိကြရန် ဆန္ဒကြီးမားရတယ်. ချစ်ခင်ခြင်း. ကြင်နာခြင်း.
သနားတတ်ခြင်းဆိုတဲ့ စိတ်ထား မိမိ၏စိတ်သန္တာန်၌ အမြဲကိန်းဝပ်နေစေတယ်.
ဒီလိုအမြဲကိန်းဝပ်နေစေရခြင်းကို မေတ္တာလက်နက်ဆောင်တယ်လို့ခေါ်တယ်
. ဒီလိုလက်နက်ကိုင်ဆောင်ခြင်းကို အလေ့အထပြုယူကြလျှင် လူတိုင်းရနိုင်ပါတယ်.
မခက်ခဲပါဘူး. မေတ္တာဓါတ်ကို မိမိစိတ်အာရုံ၌ ထုံနေအောင်
နေရာမလပ်ပွားများနေရတယ်. တကယ်သန့်ရှင်းသော မေတ္တာစိတ်ဖြင့်
သတ္တ၀ါအားလုံးတို့အပေါ် လွှမ်းခြုံ၍ မေတ္တာပွားပေးရတယ်. အလေ့အထပြုဖန်များတော့
ပျော်စရာကြီးတစ်မျိုးကဲ့သို့ ခံစားကြရပါလိမ့်မယ်´´...
...``ခရီးသွားလာရာတွင် ဘေးရန်ကင်းစေလိုလျှင် မိမိသွားလိုသောခရီးလမ်းတစ်လျှောက်စီသို့ စိတ်အာရုံညွှတ်၍ မေတ္တာပို့လွတ်ရတယ်. သတ္တလောကကြီးတစ်ခုလုံး မိမိစိတ်တွင်
ရန်သူဟူ၍ တစ်စုံတစ်ယောက်မျှ ရှာမရသည့်အထိ သတ္တ၀ါအားလုံးအပေါ်
အညီအမျှကြည်လင်သော မေတ္တာစိတ်ကိုဖြစ်စေရတယ်. လိုရင်းလိုက်နာရမှာက ဒါပါဘဲ...´´
ချင်းဒကာများအဖို့ တစ်ကြိမ်တစ်ခါမျှ မကြားရစဖူးသော တရားဆန်း.စကားဆန်းဖြစ်နေ၍
စိတ်ပါဝင်စားစွာ နားထောင်နေကြသည်။ ချင်းဒကာများသည် တရားဟောနေသည့်
ဘုန်းကြီး၏မျက်နှာကို ကြည့်ကာကြည့်ကာနှင့် မီးလှုံနေကြရင်း
သူတို့အချင်းချင်း ``တကယ်အံ့သြစရာကောင်းတဲ့ စကားထူးတွေပါဘဲနော်´´ ဟူ၍
တီးတိုးချီးမွမ်းစကားတွေကို ပြော၍ မဆုံးနိုင်အောင်ရှိနေကြတယ်. `` ငါတို့မြန်မာပြည်ရဲ့ တိုင်းရင်းဗုဒ္ဓဘာသာဆိုတာ အရင်းခံလိုရင်းတရားဟာ သနားကြင်နာတတ်ခြင်း. ကိုယ်ချင်းစာနာတတ်ခြင်း. ရိုးသားစွာချစ်ခင်ခြင်း.
ဝမ်းမြောက်တတ်ခြင်း. အကြောင်းရင်းကြောင့် အကျိုးဆက်ဖြစ်ခြင်း. ကံတရားသဘာဝကို နားလည်ကြတယ်. ယုံကြည်ထားကြတယ်. မေတ္တာ.ဂရုဏာ.မုဒိတာ.ဥပက္ခောဆိုတဲ့ ဗြဟ္မာဝိဟာရတရားလေးပါးရှိတယ်. အဲဒီတရားမြတ်လေးပါးနဲ့ သတ္တ၀ါအချင်းချင်း.လူအချင်းချင်း. လုနှင့်တိရိစ္ဆာန်တို့ ကြင်နာစွာဆက်ဆံနေကြရမယ်လို့ ဆုံးမညွှန်ကြားထားတယ်´´
ဟူ၍ နိဂုံးချုပ်ဟောကြားပြီးချိန်တွင် ချင်းဒကာတို့၏ မျက်နှာသွင်ပြင်များသည် အားရချက်.ကြည်နူးချက်.
ယုံကြည်ချက်တွေပြည့်လျှမ်းလျက်...တောက်ပသောမျက်ဝန်းများနှင့် ငေးကြည့်နေကြသည်မှာ သနားဂရုဏာ...သက်ဖွယ်ရာ...

...ထိုကဲ့သို့ ရိုးသားလွန်းလှသော ချင်းလူမျိုးများအား အရိုင်းမှ အယဉ်သို့ဖြစ်အောင်
ထားရှိရမည့်မေတ္တာစိတ်ထားကို အခြေခံမှစ၍ ဆုံးမဟောကြားပေးတတ်သော...
´´ ဒီဆရာတော်ကြီးပရိတ်ရေကိုသောက်ရင် သာမန်ရောဂါမဆိုထားနဲ့ ကင်ဆာရောဂါတောင်ပျောက်သတဲ့´´ ဟု မြန်မာတစ်ပြည်လုံး
ဟိုးလေးတစ်ကျော်ကျော်ဖြစ်နေခဲ့သော...
...ကျွန်မတို့အား မေတ္တာတရားများ ရှင်သန်ပွားများအောင် မျိုးစေ့ပျိုးထောင်ပေးခဲ့သော
နယ်ခြားတောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရပင်ဖြစ်ပါသည်။ ဆရာတော်ကြီး၏
ချင်းတောင်.နာဂတောင်. အာသံမဏိပူရ.တစ်ခွင်သို့ သာသနာပြုခရီးသွားစဉ်
အတွေ့အကြုံများနှင့် ဆရာတော်စပ်ဆိုထားခဲ့သော လွမ်းစရာ့ကဗျာများအား ``
ဘ၀အောင်မြင်ရေး လမ်းညွှန်ဒေသနာ´´ နှင့် ဓမ္မာစရိယဦးဌေးလှိုင်၏
မေတ္တာခရီးသည်ကြီး ကိုယ်တွေ့မှတ်တမ်းများမှ ကောက်နှုတ်၍ ကမ္ဘာသစ်
သူငယ်ချင်းများလည်း ကြည်ညိုသဒ္ဓါပွားများနိုင်စေဖို့
မျှဝေပေးလိုက်ပါတယ်နော်...

...နယ်ခြားတောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး
ဦးဥတ္တမသာရသည် လွတ်လပ်ရေးမရမီ တစ်နှစ် (၁၃၀၈-ခုနှစ်၊ တန်ခူးလဆန်း ၈
ရက်)ကပင် တီးတိန်သို့ခက်ခဲစွာ တက်ရောက်ခဲ့သည်။ ထို့နောက် ဟားခါး. ဖလမ်း.
ထိုမှတစ်ဖန် အာသံနယ်ခြား နာဂတောင်တန်း. ခရီးကြမ်းမိုင်သုံးရာကျော်
ခြေလျင်ကြွတော်မူရသည်။ သေလုမြောပါး ငှက်ဖျားကြောင့် ဆေးရုံတစ်လ
တက်ရောက်ကုသရသည်။ ရောက်လေရာရာတွင် ချင်းတောင်.နာဂတောင်မှာ မြန်မာဘုန်းကြီး
ပထမဆုံးတက်ရောက်ခြင်း. တွေ့မြင်ရခြင်းပါဘဲဟု ဒေသခံတို့က ကောင်းချီးပေး
ကြိုဆိုကြသည်။ ၁၃၀၈ ခုနှစ်. တန်ခူးလပြည့်ကျော် ၄ ရက်နေ့.
မာဆောချင်ရွာမှ ရိုးခွားရွာသို့အသွား နေ၀င်ရီတရောအချိန်တွင် နီညိုရောင်သင်္ကန်းကြီးခြုံလျက်
တောင်ဝှေးထောက်ကာ တလှုပ်လှုပ်သွားနေသော ဆရာတော်အား လူလား.နတ်လား.
တိရစ္ဆာန်လား မကွဲပြား. မမြင်ဖူးသေးသော သတ္တ၀ါကြီးတစ်မျိုးဟု ယူဆကာ
ချင်းတစ်ယောက်က သေနတ်ဖြင့် ပစ်ခြင်းကိုပင်ခံခဲ့ရသေးသည်။ ဆရာတော်သည်
ရောက်လေရာရာအရပ်တွင် သာသနာရေး အကြိုဆွေးနွေးပွဲများလုပ်ခဲ့သည်။
နယ်စပ်ရွာခံဆရာတော်များ. အုပ်ချုပ်ရေးဆိုင်ရာ ပုဂ္ဂိုလ်များတို့နှင့်
ဆွေးနွေးကာ သာသနာပြုရေး စီမံကိန်းချတော်မူခဲ့သည်။ ၁၃၀၉-ခု နတ်တော်လ
လွတ်လပ်ရေးမရမီကပင် ချင်းတောင် တောင်ပိုင်း ကန်ပက်လက်၊ မြောက်ပိုင်းဖလမ်းနှင့် နာဂတောင်၌
နောက်ပါတပည့်များနှင့် ကျောင်းသုံးကျောင်းကို ပထမဆုံး ဆောက်လုပ်ခဲ့သည်။
လွတ်လပ်ရေးနေ့ (၁၃၀၉ ခု၊ ပြာသိုလပြည့်ကျော် ၉ ရက်)တွင် ချင်းတောင်ပေါ်၌
စေတီတစ်ဆူနှင့် သိမ်တစ်လုံးကို အုတ်မြစ်ချကာ သာသနာ ရေသောက်မြစ်ကြီး
ချတော်မူနိုင်ခဲ့သည်။ ၁၃၁၃-ခုနှစ် မဏိပူရ၊ အာသံပြည်သို့
ကြွရောက်သာသနာပြုတော်မူခဲ့သည်။

...၁၃၀၈-ခုနှစ် ဆရာတော်ကြွစဉ် မြေပြန့်၌ ရဟန်းရှင်လူ မည်သည့်အသင်းအဖွဲ့မျှ မရှိကြသေးချေ။
တောင်တန်းသာသနာပြုအသင်းအဖွဲ့ ပေါ်ပေါက်လာသောအခါတွင်လည်း
စီမံကိန်းများရေးဆွဲတင်ပြကာ ကိုယ်တော်တိုင် ပထမဆုံးဦးဆောင်၍
သာသနာပြုကြွတော်မူခဲ့သည်။ ဆရာတော်တောင်စဉ်တစ်လျှောက်၌ တစ်ကိုယ်တော်
လိုက်လံစည်းရုံး ဟောပြောနေသော ၁၃၀၈-ခုနှစ်(၁၉၄၇)သည် သာသနာရေး
အရသာလျှင်မဟုတ်၊ တိုင်းပြည်နိုင်ငံရေးအရလည်း တောင်ပေါ်နှင့် မြေပြန့်
စည်းရုံးချစ်ကြည်ရေးသည် အရေးအပါဆုံးဖြစ်ပေသည်။ ထိုနှစ်မတ်လ ၄.၅.၆ ရက်နေ့တွင်
ထီးလင်းမြို့၌ ချင်းဗမာ ချစ်ကြည်ရေး စည်းဝေးပွဲကြီးလုပ်ကာ ကျောက်တိုင်စိုက်ထူခဲ့ကြသည်။ ပြန်ကြားရေးဝန်ကြီး ဒီးတုတ်ဦးဘချို တက်ရောက်ခဲ့ပြီး တောင်တန်းသာသနာပြု ဆရာတော်များလည်း
ကြွရောက် ဟောပြောကြသည်။ ရှေးဦးတောထွင်ခဲ့သော ဆရာတော် ဦးဥတ္တမသာရ၏
လုပ်ဆောင်ချက်များသည် သာသနာရေးအရသာလျှင်မဟုတ် တိုင်းပြည်နှင့်လူမျိုးအတွက်ပါ
အကျိုး ကျေးဇူးကြီးမားခဲ့ပေသည်။ ဆရာတော်ကား
မိမိ၏ လုပ်ဆောင်ချက်များအတွက် ဂုဏ်ယူဝါကြွားပလွှားခြင်းမရှိပါ။ သူချစ်သော တောင်ပေါ်သားတို့အကြားတွင်သာ
ဘ၀ကို အဆုံးသတ်မြုပ်နှံရန် ဆုံးဖြတ်ခဲ့လေသည်။
...ဆရာတော်ဦးဥတ္တမသာရသည် လူများအား ဘ၀ဒုက္ခမှ လွတ်မြောက်ရေး. ဘ၀အောင်မြင်တိုးတက်ရေး.ကြီးပွားချမ်းသာရေးတို့ကို အစဉ်လိုလားသောစိတ်ထားရှိတော်မူသည်။ သာသနာပြု ဒေသန္တရခရီးကြွရာ၌ တွေ့ကြုံရချက်များကို လေးလေးနက်နက်စူးစမ်းလေ့လာလျက် တွေ့ရှိချက်များကို တစ်ဆင့်ဖြန့်ဖြူးပေးလိုသော စေတနာကောင်းထားရှိတတ်သည့်
အရှင်မြတ်ကြီးဖြစ်ပေသည်။

...ဆရာတော်ကြီး၏စာများသည်...
(၁) ဘ၀အမြင်၊ လောကအမြင် (ရှုမြင်နည်း)ကိုပေး၏။
(၂) ချမ်းမြေ့စွာ ဘ၀နေနည်းကို သင်ပြ၏။
(၃) ဇွဲ-သတ္တိရှိရေး မွေးမြူပေး၏။
(၄) သူတစ်ပါးအကျိုးဆောင်မှုကို တွန်းပြ၏။
(၅) ငြိမ်းအေးမှု သန္တရသကို ပေး၏။
(၆) လောကကြီးတစ်ခုလုံးအပေါ် ခွင့်လွှတ်ခြင်း၊ စာနာမှု၊ အတုယူစေရန် စံပြထား၏။
(၇) စိတ်ချမ်းသာရေးသာမက ရုပ်ကျန်းမာရေးအတွက်လည်း ဘယ်ဆေးကျမ်းများတွင်မျှ မတွေ့ရသော
လက်တွေ့ဆေးနည်းအဖိုးတန်များကို ညွှန်ပြပေးတတ်ပေသည်။

...ဆရာတော်ကြီးသည် စာပေအရေးအသားတွင်သာ ပြောက်မြောက်လှသည်မဟုတ်...ကဗျာစပ်ဆိုရာတွင်လည်း မိမိအတွေ့အကြုံများကို ထင်ဟပ်ပြစေနိုင်လောက်သော ရိုးရှင်းသည့်အရေးအဖွဲ့များဖြင့် ဖတ်ရသူ၏ စိတ်နှလုံးကို
သိမ်းကြုံးယူငင် ဆွဲဆောင်နိုင်စွမ်းရှိလှပေသည်။
ဆရာတော်ကြီး၏ လွမ်းစရာ့ကဗျာများကို ဖတ်ပြီး သာသနာပြုလုပ်ငန်းများကို
စွမ်းစွမ်းတမံလုပ်ဆောင်ခဲ့သော ကျေးဇူးတရားများအား ဦးထိပ်ပန်ဆင်မိပါတော့သည်။


(၁) သပိတ်ကိုယ်မှာ လွယ်၍...
…တစိုက်စိုက်ကယ်နှင့်
တောတစ်ဝိုက် တောင်သွယ်သွယ်
သပိတ်ကိုယ်မှာ လွယ်၍
ခရီးသည် ဘယ်မှာ အိပ်မှာလိမ့်
မိုးရိပ်ကဆွယ်။
နာမကျန်းသော်လဲ
ပင်ပန်းလှကိုယ်ြ့ဖစ်ဝယ်
ပြုဖွယ်က သာသနာရေး
ပြည်ကြီးကို ခြံ
မြို့ရိုးပုံသဏ္ဍာန်သို့
သာသနံ လက်လက်ဝင်းရန်ဖို့
ချင်းတို့ထံ လက်ဆက်နှင်းရတယ်ကွယ်…
မင်းမြတ်ကူသေး။...
...ဤလေးဆစ်ကဗျာလေးမှာ အင်္ဂလိပ်အစိုးရလက်ထက်
နာဂတောင်ခြေခရီးသွားရင်း အဖျားကတက်၊ မိုးလေတွေကဆင်၊ တောကြီးအလယ်၌
ဒုက္ခရောက်နေစဉ်ရေးပြီး ဒီးဒုတ်ဂျာနယ်သို့ပို့သော ဆောင်းပါးမှ
ကဗျာလေးဖြစ်သည်။ ထိုကဗျာလေးကိုဖတ်၍ ဆရာတော်ဘုရားအား ချစ်ခင်ကြသည့်
စာဖတ်သူဒကာ.ဒကာမများ မျက်ရည်ကျမိကြရသည်တဲ့...

(၂) မီးလင်းဖိုကဗျာ…
…မီးမတောက်နိုင်ဘူး
ထင်းခြောက်ကယ်က
ထုံတာတေ။

အခိုးတစ်လူလူနှင့်၊
မှုတ်ရသူ
ဖားဖိုကျလောက်ကဲ့၊

ပါးပွလို့
ပြာသာပေ။

အချမ်းမပျောက်နိုင်စရာပ၊
နှင်းတစ်ဖျောက်ဖျောက်ကယ်နှင့်၊

မိုးပေါက်က ပိုက်ခါစွေ၊
လေပြေက သုန်ချီသွင်း
နေကိုတ, သော်လဲ

ဌာန ဤရွှေတောင်သို့
မလာပေါင် ရက်တွေ ညောင်းခဲ့ပေါ့
ဘယ်စောင်းကာ
ညာပြန်နှင့်

စီဝရံ ဖျင်ထည်ကို
လွှမ်းပါလို့

ကျောင်းခန်း
တောင်ယံမြေ၌

သာသနေ ပြုစု
ပြီးပါရ
ခါတလေ ခုမူဖြင့်
ဆိုးလှတယ်ဟယ်…

ဖိုးအနဂ္ဃ
အခင်းပေမို့သာ (ကွယ်)

ကြိုးရလက်ငင်း။...
...ဤကဗျာကား မြန်မာပြည် လွတ်လပ်ရေးရပြီးစနှစ် တစ်ဝါတွင်းကာလ အဖျားတက်နေရာမှ မီးလင်းဖိုနဘေး၌ ရေးထားခြင်းဖြစ်သည်။
တောင်တန်းတရားစာအုပ်နှင့် သင့်ဘ၀မဂ္ဂဇင်းတို့တွင်ပါရှိ၍ ဖတ်ကြရသောအခါ
ကြည်ညိုလက်စ ဒကာ.ဒကာမများနှင့် သီတင်းသုံးဖော်ရဟန်းသံယာများကပါ
ဆရာတော်ဘုရားအား သနားဂရုဏာသက်မိကြသည်ဟုသိရပါသည်။
(၃) တောထွက်တော့မယ်……စိတ်ပုတီးရယ်နှင့် ရိပ်ကြီးကိုတဲ့
ခိုတော့မယ်။

မြတ်ကမ္မဋ္ဌာန်းကိုလ
တောင်တန်းဝနာဗွေ၌

ယာပထေ မျှကာဖြေ့(ဖြည့်)မယ်
လောင်းဓလေ့နွယ်။
…မဟာဇနက ထုံးကိုဖြင့်
နှလုံးပြု စိတ်ကြံရွယ်
အို…ဖြတ်မယ်တဲ့
သံယောဇဉ်တရား။

…မြိုင်ကြီးကိုမှီ
လူမနီး နယ်မြေဆီသို့

ပါရမီ ဘာဂီ လေ့ရန်ပ
သုမေဓာ ဈာန်ယာဉ်မွေ့သို့နှယ်
အို၍ ဇရာမပွားခင်က

ကြို၍ ဧကစာ သွားတော့မကွယ့်
ဘာဝနာ နယ်မြေခြား။
...ဤလေးချိုးငယ်ကား
ဆရာတော်ဘုရားနောက်ဆုံးတောထွက်ရန် စိတ်အကြံဖြစ်ပြီးသော ၁၃၁၆ ခုနှစ်၊
နွေရာသီတွင် ရေးသားခဲ့ခြင်းဖြစ်သည်။ နွေရာသီအချိန်ထူး တန်ခူးလ အခေါင်တောတောင်၌ ပန်းမျိုးစုံပွင့်၍ ပရစ်ဖူးစ ငှက်မြူးကြွသည့်
သမယ၀ယ် တစ်ပါးတည်း မှန်ကူးပင်ကြီးအောက်၌ ထိုင်နေစဉ် ရှေးအခါက တောထွက်တော်မူကြသော ဘုရားအလောင်းတော်ကြီးတို့ကို သတိရကာ လွမ်းဆွတ်အားကျ၍ စိတ်ဝင်စားလှသောကြောင့် ဤနိဗ္ဗိန္ဒတေးထပ်ကို ရေးစပ်လိုက်ကြောင်းသိရပါသည်။...ဆရာတော်ကြီးသည်
ရှေးသူတော်ကောင်းတို့၏ တောထွက်သည့် ထုံးပေါင်းများစွာကို
အောက်မေ့ပြီးလျှင် အထူးနှစ်သက်ရွှင်လန်းလေသည်။ မိမိကိုယ်ကို မားမားရပ်လျက် နောက်ဆုံး ဆုံးဖြတ်ချက်ဖြင့် *ငါတောထွက်တော့မယ်* ဟုရေရွတ်လိုက်လေသည်။
...* ယခုငါ၏အသက် (၄၅)နှစ်ရှိပြီ. အသက်(၉၀)နေရပါမှ (၄၅)နှစ်သာ ကြွင်းတော့သည်။
ထိုအတွင်း ဖျားနာခြင်း၊ ဗျာဓိဘေးဝင်ပေအုံးမည်။ သို့မဟုတ်ဘဲ အသက်(၈၀)နေရက
ငါ၏အသက် (၃၅)နှစ်သာ ကြွင်းတော့သည်။ ဇရာဘေး၊ ဗျာဓိဘေးကရှိသေးသည်။
ငါအသက်(၇၀)နေရပါမှ (၂၅)နှစ်သာကျန်တော့သည်။ သို့မဟုတ် အသက်(၆၀)နေရသော်
(၁၅)နှစ်သာ ကြွင်းတော့သည်။ အကယ်၍ ငါ၏အသက် (၅၀)သာနေရသော် (၅)နှစ်မျှသာ
ကြွင်းတော့သည်။ သြော်...သေရမည့်အရေးက မဝေးတော့တကား...
...ဇရာဘေးကြီးတို့သည် ကျောပိုး၍နေသည်။ သေမင်းတမန်သည် ငါ၏ထံပါး၌ ကပ်၍နေပြီ။
ယခုငါ၏သက်တမ်းက ချိန်ခွင်အလယ်ဗဟို၌ တည်ရှိနေသည်။ ကိုယ့်ခြေလက်ကို ကောင်းစွာ
သယ်နိုင်သွားနိုင်သေးသည်။ ကမ္မဋ္ဌာန်းကို မပင်မပန်း အားထုတ်နိုင်သေးသည်။
ထို့ကြောင့်တောတောင်၌နေ၍ ဗြဟ္မ၀ိဟာရဖြင့် ယာပထမျှကာနေရန် အခါကောင်း
အခွင့်ကောင်းတည်းဟု ဆုံးဖြတ်ချက်ချကာ ရှေးဘုရားလောင်း သူတော်ကောင်းတို့
တောထွက်သည့်နည်းအလား မြေပြန့်မှ အလွန်ဝေးကွာသော မြန်မာပြည်နယ်ဆုံး
အိန္ဒိယပြည်နယ်ခြားရှိ တီအိုမြစ်ကမ်းတွင် တောင်ကြီးတစ်ခုကို မှီ၍
ဗြဟ္မ၀ိဟာရဖြင့် ချမ်းသာစွာ အသက်ရှည်သမျှ ကာလပတ်လုံး နေထိုင်သွားရန်
ရဟန်းသိက္ခာ (၂၅) ၀ါ. သက်တော် (၄၅)နှစ်. မြန်မာသက္ကရာဇ် ၁၃၁၇
ခုနှစ်.ပထမ၀ါဆိုလဆန်းတစ်ရက်. တနလာင်္နေ့ (၂၀.၆.၁၉၅၅)တွင် တစ်ပါးတည်း
တောထွက်တော်မူခဲ့သည်။
...ဤ *တောထွက်တော့မယ်*ကဗျာအားရေးပြီးစတွင်
ဆရာတော်ဘုရားမှာ ကြေကွဲလွမ်းဆွတ်သကဲ့သို့လည်းကော
င်း.
တောကြီးတောင်ကြီးများကို မြင်ယောင်၍ ပျော်မွေ့သကဲ့သို့လည်းကောင်း.
ရှေးအခါက အလောင်းတော်ကြီးများကို အားကျကာ တောထွက်ရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်
ကြောင်းသိရသည်မှာ
ဆရာတော်ဘုရားအား ပို၍ လွမ်းဆွတ်သတိရမိသလိုရှိပါသည်။ ဆရာတော်ကြီး၏
မိမိကိုယ်မိမိဆင်ခြင်သုံးသပ်ပုံမှာလည်း ကြည်ညိုလေးစား အတုယူဖွယ်ကောင်းလှပါသည်။
...ဆရာတော်ဘုရားကြီးသည် လူ့လောကနယ်မြေမှ ဖဲခွာကာ တောကြီးတောင်ကြီးထဲသို့ ရောက်နေခဲ့သော်လည်း
စာပေရေးသားခြင်းသံယောဇဉ်ကိုကား မဖြတ်နိုင်ခဲ့ပေ။ သင့်ဘ၀မဂ္ဂဇင်း. ဗုဒ္ဓဓမ္မလောကစာစောင်တို့တွင် လစဉ် နယ်ခြားသာသနာပြုလုပ်ငန်း အတွေ့အကြုံများ.အခက်အခဲမျိုးစုံ ရင်ဆိုင်ကြုံတွေ့ရပုံများနှင့်
တောတောင်သဘာဝအလှအပများကို ကြည်နူးဖွယ်ရာ ခံစားရပုံတို့ကို ရေးသားခဲ့သည်မှာ
မိမိကိုယ်တိုင် တောကြီးတောင်ကြီးသို့ ရောက်ရှိသွားသည့်အလား နက်ရှိုင်းစွာ ခံစားရလောက်အောင်
အရေးအသားများက ကောင်းမွန်လှပါသည်။
...ဆရာတော်ဘုရားကြီး ပျံလွန်တော်မူသွားသော်လည်း ဆရာတော်ဘုရားကြီး၏ နယ်ခြားသာသနာပြု
လုပ်ဆောင်ချက်များ. သတ္တ၀ါတိုင်းအပေါ်တွင် မေတ္တာတရားပွားများစေရေး.လူသားတိ
ု့အတွက် စိတ်ဓါတ်ရေးရာ ပြည့်ဝစေရေး.ကောင်းမွန်တိုးတက်စေရေး ရှေ့ရှုရေးသားထားသော စာပေများကိုကား တန်ဖိုးမဖြတ်နိုင်သောရတနာများအဖြစ် အလေးထား မြတ်နိုးမိပါတော့သည်။

...သူတော်ကောင်းဓါတ် တရားမြတ် လွှမ်းပတ်ကမ္ဘာတည်စေသော်...

မေတ္တာဖြင့်...


Posted by ayeayemoemeeku on May 23, 2010 at 6:00am 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>