ဟောင်ကောင်၊ မကာအိုသွားစဉ်က သွားချင်သည့်နေရာ သွားလို့ မရခဲ့ပါ။ ထိုစဉ်က တရုတ်ပြည်မကြီး လက်အောက် မရောက်သေးပေ။ ကျွန်တော်သွားချင်တာက ကမ္ဘာ့အကြီးဆုံး ကြေးသွန်း ဘုရားကြီး၊ လှေပေါ်ဈေး၊ ရှောဘရာသား စတူဒီယို။ ဘာကြောင့်မှန်းမသိ လိုက်မပို့ ကြပေ။
ဟော..ဒီတစ်ခါတော့ စာပေတာဝန်ဖြင့် အလွန်လွတ်လပ်ပါသည်ဆိုသော အမေရိကား.. ။ ပြီးတော့ ကိုယ်ပိုင်လွတ်လပ်ခွင့် လည်ပတ်ခွင့်က( ၁၄)ရက် ရပါသေးသည်။ နှိပ်ဟဟု စိတ်ချလိုက်သည်။
၂၇.၈.၂၀၀၁ ရက်နေ့ တွင် IOWA တက္ကသိုလ်သို့ ရောက်သည်။ နိုင်ငံစုံ စာရေးဆရာများနှင့်အတူ ဧည့်ရိပ်သာမှာ
တည်းရသည်။ ရောက်စမို့ အလုပ်ကလည်း မည်မည်ရရ မရှိသေးပေရာ လွတ်လပ်နေ၏။ ပြဿနာကား ရိပ်သာအတွင်းမှာရောကိုယ့်အခန်းထဲမှာပါ ဆေးလိပ်မသောက်ရ။ ဆေးလိပ်သောက်ချိန်ကို နားနေခန်းမှာ အချိန်အကန့်အသတ်ဖြင့်ပေးသည်။
ကျွန်တော့်လို ဆေးပေါ့လိပ် လက်ကမချသူအဖို့  ဒါသည် ဒုက္ခပင်။( ယူသွားသော ဆေးပေါ့လိပ်တွေကိုလည်း စိန့် ပေါလ် လေဆိပ်မှာ အသိမ်းခံလိုက်ရပြီ ) ထို့ ကြောင့် စီးကရက်ဖြင့် အာသာဖြေနေရ၏။
ကန့် သတ်ချိန်အတွင်းမှာသာ သောက်ရသောကြောင့် အာသာမပြေပေ။ သည်လိုနှင့် နံနက်ပိုင်းစောစော လွတ်လပ်ချိန်တွင် တက္ကသိုလ်ဝင်းထဲမှထွက်ပြီး မြို့ ထဲလမ်းလျှောက်ရသည်။ နာရီဝက်လောက်လျှောက်ရသည်။ စီးကရက်ကလည်း မြို့ ထဲမှာ ၀ယ်လို့ ရသည်။ တစ်ဘူး တစ်ဒေါ်လာ။ သူတို့ ဆီကတော့တစ်ကျပ်ပေါ့လေ။

တစ်ယောက်တည်းလမ်းလျှောက်လာသူ မြန်မာဆိုလို့  ကျွန်တော်တစ်ယောက်ပဲ ရှိသည်။ တက္ကသိုလ်နယ်မြေထဲမှာက အရေးမကြီး။ မြို
့ထဲဆိုတော့ ယောင်လည်လည်ဖြစ်ရသည်။ ကံကောင်းထောက်မစွာ အာရှတိုက်သူလေး တစ်ယောက် လမ်းပြသဖြင့်စတိုးဆိုင်လေးတစ်ခုမှာ စီးကရက်ဝယ်လို့ ရလေသည်။ နံနက်အစောကြီး ဖွင့်သည်မို့  ဟန်ကျသည်။
သည်တော့ လမ်းတွေမှတ်ပြီး မနက်တိုင်းလမ်းလျှောက်ထွက် စီးကရက်ဝယ်။ မြို့ ထဲမတော့ လမ်းမသလားရဲသေး။
သည်တော့ လမ်းတွေမှတ်ပြီး မနက်တိုင်းလမ်းလျှောက်ထွက် စီးကရက်ဝယ်။ မြို့ ထဲမတော့ လမ်းမသလားရဲသေး။
သည်လိုနှင့် ၁၁.၉.၂၀၀၁ ရက်နေ့ အများသိတော်မူကြသည့်အတိုင်း အမေရိကန်၏ ဂုဏ်ယူဖွယ် စီးပွားရေးညီနောင်ကို ဘင်လာဒင်လေယာဉ်ဖြင့် ၀င်တိုက်သည့် ကိစ္စပေါ်လာသည်။
ဒါသည် တစ်ကမ္ဘာလုံးနှင့် သက်ဆိုင်သော တုန်လှုပ်ဖွယ်မို့ 
အမေရိကန်တွေ ဘယ်သို့ ရှိမည်ကို စဉ်းစားကြည့်ပေရော့။ ထိုဖြစ်ရပ်ပေါ်ပေါ်ခြင်းမှာကျွန်တော်တို့ က အုပ်စုလိုက် TV ကြည့်နေချိန်။ အသံတိုးတိုးလေးဖွင့်ထားသောကြောင့် နားလေးသော ကျွန်တော်က ရုပ်ရှင်ပြနေသည်ဟုပဲ ထင်နေမိ၏။ ခဏခဏ ပြလေမှ “ ဟ..တကယ်ဆော်ပါလား ‘’ ဟု သဘောပေါက်ရတော့သည်။

ပြောချင်တာက ထိုအကြမ်းဖက်မှုနှင့် ကျွန်တော် ပတ်သတ်နေရခြင်းပင်။ ကြီးကျယ်သည် မထင်ကြပါနှင့်။ နံနက်မြို
့ထဲထွက် စီးကရက်ဝယ်ရာမှာ ကျောမလုံတော့ခြင်း ဖြစ်၏။ ကင်းလှည့် ပုလိပ်ကားတွေ ပိုများလာသောကြောင့် ဖြစ်သည်။ ပုလိပ်တွေက ကျွန်တော့်ကို ပို၍ မျက်စိကစားကြသည်။
ကျွန်တော့်ရုပ်ကလည်း အရှေ့ အလယ်ပိုင်းသား ရုပ်မဟုတ်လား။ မှတ်မှတ်ရရ ထိုနေ့ က တနင်္ဂနွေနေ့ ဖြစ်သည်။ ထုံးစံအတိုင်း မနက် ၆ နာရီခွဲလောက်လမ်းလျှောက်ထွက်ခဲ့သည်။ လူသွားလူလာ ရှင်းနေသည်။ ဘုရားကျောင်းတက်သူတို့သာ တွေ့ ရသည်။
ဟောဗျာ..၀ယ်နေကျစတိုးဆိုင်လေးက မဖွင့်သေးပါလား။ နံနက်(၉)နာရီမှ ဖွင့်မည်ဟု စာကပ်ထားသည်။ သည်တော့ စီးကရက်ရှာပုံတော်ဖွင့်သည်။ မြို့ ထဲ လျှောက်လေ့လာမည်ဟု ဆုံးဖြတ်လိုက်ရသည်။
သည်လိုနှင့် ဟိုဟိုသည်သည် လျှောက်သွားရာ စတိုးဆိုင်တိုင်းလိုလို နံနက်(၉)နာရီမှ ဆိုင်ဖွင့်မည်ဟု စာကပ်ထားသည်နှင့်သာ ကြုံရလေသည်။ စတိုးဆိုင်ရှာပုံတော် ဖွင့်လေရာ လမ်းတွေမှတ်မထားမိသဖြင့်ယောင်လည်လည်ဖြစ်ရတော့သည်။ ရောက်ပြီးသားနေရာတွေ ပြန်ရောက်လိုရောက်၊ ပတ်ချာလည်နေသည်။
လမ်းလျှောက်ရတာ ညောင်းသဖြင့် တွေ့ ကရာနေရာ ထိုင်လိုထိုင်၊ အချိန်ဖြုန်းနေရလေသည်။ ထိုင်နေလိုက်၊ လမ်းသလားလိုက်နှင့် တစ်နေရာရောက်လေသော် ဘယ်ချောင်ကထွက်လာမှန်းမသိသော ပုလိပ်ကားတစ်စီး ကျွန်တော့်နား ကျွိကနဲ ထိုးရပ်လာပါတော့သည်။

“..လူကြီးမင်း…ဘာလုပ်နေတာလဲ…’’
“..လမ်းလျှောက်နေတာပေါ့…”“..ဒါပေမယ့်.. ပတ်ချာလည်နေတယ်.. ဘာအကြောင်းထူးရှိသလဲ…’’
“..စီးကရက်ဝယ်မလို့ …”
“..အဓိပ္ပါယ်မရှိဘူး… လူကြီးမင်း ဘယ်သူလဲ…”
“..ငါ.. စာရေးဆရာပဲ.. မြန်မာပြည်က လာတာ…”
“..ဘာကိစ္စအတွက်လဲ…”
“..နိုင်ငံတကာ စာပေအလုပ်ရုံ ဆွေးနွေးပွဲ.. I.W.P…”
“..အထောက်အထားပြပါ…”
ကံကောင်းတာက သွားလေရာမှာ ဖိတ်စာကတ်နှင့် ပတ်စပို့  ဗီဇာက ပါသွားသည်မို့  ထုတ်ပြလိုက်တော့….
“..ကျေးဇူးပြုပြီး ကားပေါ်တတ်ပါ….”
ဟိုက်..၊ ရဲကားပေါ် တက်ခိုင်းသဖြင့် ပြဿနာတွေ တက်ပြီဟု ထိတ်ခနဲ ဖြစ်သွားရသည်။ ကားပေါ်ရောက်ရောက်ချင်း..။“..ကျေးဇူးပြုပြီး ဒီရက်ပိုင်းမှာ တစ်ယောက်တည်း လျှောက်မသွားပါနဲ့ ….ခင်ဗျားနေတဲ့
ရိပ်သာကို ပြန်ပို့ ပေးပါ့မယ်…”
ဟူး..၊ တော်ပါသေးရဲ့ ..၊ ဒါပေမယ့် တော်တော်ဆိုးတဲ့ အကြမ်းဖက်သမားတွေ၊
စီးကရက်တော့ ငတ်ပါပြီ ..။
သုမောင်
No comments:
Post a Comment