2 3 4 5 6 7 8 9 10

Friday, May 1, 2015

လူငယ်နဲ့ ပညာသည်စိတ် ( လူထုစိန်ဝင်း )



              တစ်လောက ကျောင်းသားဟောင်းနှစ်ဦး
 ရောက်လာပြီး ကိစ္စတစ်ခု တိုင်တည်ပါတယ်။
 လွန်ခဲ့တဲ့ ၅ နှစ်က သူငယ်ချင်း ၅ ယောက် အချိုးညီ အစုငွေ
ထည့်ပြီး တည်ထောင်ခဲ့ကြတဲ့လုပ်ငန်းကြီး
 ပိတ်သိမ်း ရတော့မယ့် အခြေအနေ ရောက်နေပြီဖြစ်ကြောင်း
 ပြောပြရင်း ကျန်သူ ၃ ယောက် ပြောမရ
ဆိုမရ ထင်ရာ စိုင်းတက်ပုံတွေအကြောင်းပါ တိုင်ပါတယ်။  
သူတို့ ၅ ယောက်စလုံး ရင်းနှီးတဲ့တပည့်တွေ
 ဖြစ်တဲ့အတွက် လုပ်ငန်းလုပ်ကြဖို့ စိတ်ကူးရကြတဲ့ 
အချိန်ကတည်းက အစအဆုံး တိုင်ပင်ကြပါတယ်။
သူငယ်ချင်းချင်း ဘယ်လောက်ပဲ ရင်းနှီးလည်း စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုရင် စီးပွားရေးနဲ့ တူအောင် ကတိဝန်ခံချက် စာချုပ်စာတမ်းနဲ့ တိတိကျကျ လုပ်ကြဖို့ သတိပေး
ပါတယ်။
 တစ်ဦးချင်းရဲ့ တာဝန်နဲ့လုပ်ပိုင်ခွင့်များ ကိုလည်း စာနဲ့ရေးသားချမှတ်ပြီး သဘောတူ လက်မှတ်ရေးထိုး ဖို့လိုကြောင်းလည်း ပြောပြပါတယ်။ “အချင်းချင်းတွေပဲ ဒီကိစ္စလောက်က ပြောစရာမလိုပါဘူး” ဆိုတဲ့ စကားကို
လုံးဝရှောင်ကြဉ်ဖို့လိုကြောင်းလည်း သေသေချာချာ မှာကြားပါတယ်။


            လူငယ်များပီပီ စိတ်အားထက်သန်စွာနဲ့ လုပ်ငန်းစတင်ထူထောင်ပြီး ၅ ယောက်စလုံး တက်ညီ
လက်ညီ လုပ်ကိုင်ကြပါတယ်။ သိန်းထောင်ချီ မတည်ခဲ့တဲ့ သူတို့လုပ်ငန်းလည်း တော်တော်လေး
အသားကျ သွားပါပြီ။ ဟော.. အခု ၅ နှစ်ကြာတော့ ပိတ်သိမ်းပစ် ရပါတော့မယ်တဲ့။ လုပ်ငန်းက
သိပ်ပြီးအခြေအနေ ဆိုးဆိုး ရွားရွားကြီးဖြစ်နေတာ မဟုတ်ပေမယ့် သူငယ်ချင်း ၅ ယောက်က ညှိနှိုင်းလို့
 မရအောင် စိတ်ဝမ်း ကွဲနေကြတော့ ဆက်လုပ်လို့ မဖြစ်နိုင်တော့ဘူးလို့ ပြောကြပါတယ်။
            သူတို့လာပြီး သိပ်မကြာခင်ရက်ပိုင်းလောက်အတွင်းမှာပဲ တခြား  ၃ ယောက် ရောက်လာကြပြီး အလားတူ တိုင်တန်းကြပါတယ်။ ထုံးစံအတိုင်း တစ်ဖက်က ၂ ယောက်ကို အပြစ်တင်ကြပါတယ်။ သူတို့ အခြေအနေက တော်တော် တင်းတင်းမာမာ ဖြစ်နေကြပါပြီ။ ပုဂ္ဂိုလ်ရေးနဲ့ ငွေကြေးအရှုပ်အရှင်း ကိစ္စတွေ လည်း တော်တော်များများ ဖြစ်နေတာဆိုတော့ စေ့စပ်ဖြန်ဖြေလို့ ရနိုင်ဖွယ် မရှိတော့ဘူးလို့ ယူဆမိတယ် ။ စေ့စပ်ပေးလည်း အခိုက်အတန့်သာ ခံမယ့် အခြေအနေထိ ရောက်နေပါပြီ။ အဲဒါကြောင့် စေ့စပ်ဖြန်ဖြေဖို့
မကြိုးစားတော့ဘဲ လုပ်ငန်းတစ်ခုလုံးကို စနစ်တကျနဲ့ လက်လွှဲရောင်းချပြီး သဘောတူ စာချုပ်ရှိတဲ့အတိုင်း အညီအမျှ ခွဲဝေယူကြဖို့ စာရင်းစစ်များး ရှေ့နေများနဲ့ တိုင်ပင်လုပ်ဆောင်ကြဖို့သာ ပြောလိုက်ပါတယ်။
            တပည့်ကျောင်းသူကျောင်းသားတွေချင်း ကျောင်းသားဘ၀ ရင်းနှီးချစ်ခင်ကြရာက စီးပွားရေး
လက်တွဲလုပ်ဆောင် ကြတာမျိုး ၁ ဒါဇင်ထက်မနည်း ရှိခဲ့တာကို သတိထားမိပါတယ်။ ၀မ်းနည်းစရာကောင်း တာက နောက်ဆုံးမှာ အမုန်းနဲ့ အဆုံးသတ်သွားကြတာချည့်ပါပဲ။ မအောင်မြင်လို့ သူ့အပြစ်တင် 
ကိုယ့်အပြစ်တင်လုပ်ပြီး လမ်းခွဲသွားကြတာမျိုးတွေ ရှိသလို၊ အောင်မြင်ကြီးပွားနေရာက ရုတ်တရက်ကြီး
လမ်းခွဲ ပိတ်သိမ်းသွားတာမျိုးလည်း တွေ့ခဲ့ဖူးပါတယ်။ ဆုံးရှုံးရတဲ့ အခါမှာ သူ့အပြစ် ငါ့အပြစ် ပြောတတ်
ကြသလိုပဲ အောင်မြင်တဲ့ အခါမှာလည်း ငါတော်လို့ ငါလုပ်လို့ဖြစ်တာ သူ့ကြောင့် ဖြစ်တာမဟုတ်ဘူး ဆိုတဲ့ အသားယူမှုမျိုးတွေကြောင့် စည်းလုံးမှု ပျက်ပြား သွားရပါတော့တယ်။
            တစ်ခါကလည်း တပည့် ၃ ယောက်ပေါင်းပြီး မြို့လယ်လမ်းမကြီးပေါ်မှာ စားသောက်ဆိုင်ကြီး
တစ်ဆိုင် ဖွင့်ပါတယ်။ ကြာတော့ကြာပါပြီ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကဆိုတော့ ခုလောက် 
စားသောက်ဆိုင်တွေ မပေါလှသေးပါဘူး။ ရန်ကုန်ပေါက် တရုတ်ဟင်းချက်ဆရာက တော်တော်ကျွမ်းကျင်တာကြောင့် လက်ရာကောင်းတယ်ဆိုပြီး နာမည်ကြီးပါတယ်။ ဆိုင်လည်း အမြဲတမ်း လူစည်ကားနေပါတယ်။ ဆိုင်ရှင်တွေကလည်း တက္ကသိုလ်ကျောင်းပြီးခါစ လူငယ်လေးတွေဆိုတော့ တက္ကသိုလ်ကျောင်းသူ
..ကျောင်းသား သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ပါပဲ။ အဲဒီလို သူငယ်ချင်းတွေ တရုန်းရုန်းနဲ့ လာစားလိုက်ကြ၊
 ဖိတ်ပြီးကျွေးလိုက်ကြနဲ့ပဲ ၅ နှစ်လောက် ကြာတော့ အရင်းပျောက်ပြီး ဆိုင်ပိတ်သွားပါတော့တယ်။
လူစည်ကား အောင်မြင်နေပေမယ့် စည်းမရှိဝါးမရှိ ပျော်ပွဲစားထွက်သလို အလှူကြီးပေးနေသလိုမျိုးဆိုတော့ ဘယ်ခံနိုင်တော့မလဲ။ အလုပ်ကို အလုပ်နဲ့တူအောင် မလုပ်တတ်ကြတာကိုး..။
            စားသောက်ဆိုင်အကြောင်း တွေးမိတော့ သူတို့နဲ့ ဆန့်ကျင်ဘက် စားသောက်ဆိုင်တစ်ဆိုင်ကိုပါ
 ပြန်ပြီး အမှတ်ရမိပါတယ်။ တပည့်မလေး တစ်ယောက်ရဲ့အဖေနဲ့ မိတ်ဆွေများ အစုစပ်ဖွင့်ကြတဲ့ဆိုင်ပါ။
ဆိုင်ဖွင့်စမှာ တပည့်မလေးရဲ့ အဖေက ဖိတ်ကျွေးလို့ ကျောင်းသူကျောင်းသား ၁၀ ယောက်လောက်နဲ့
 သွား စားကြပါတယ်။ ကောင်းပေ့ဆိုတဲ့ ဟင်းတွေ ဆယ့်လေးငါးမျိုးလောက်နဲ့ 
ရက်ရက်ရောရောကျွေးပါတယ် ။ တော်လောက်ပါပြီလို့ ပြောလို့ကို မရပါဘူး။ တစ်မျိုးပြီးတစ်မျိုး
 ရောက်လာတော့တာပါပဲ။ အားလုံးစားသောက်ပြီးတဲ့အခါကျတော့ ဖိတ်ကျွေးတဲ့ကျောင်းသူလေးက
သူ့အဖေထိုင်နေတဲ့ကောင်တာမှာ သွားပြီးငွေရှင်းတာကို တအံ့တသြတွေ့ရပါတယ်။ သမီးစားပွဲရှိရာ
ပြန်လာတော့ အဖေက ကောင်တာက ထလိုက်လာပြီး စားသောက်ကောင်းရဲ့လားလို့ ပဋိသန္ဓာရစကား
ဆိုရင်း နှုတ်ဆက်ပါတယ်။
            သူတို့စားသောက်ဆိုင်ဟာ လေးငါးနှစ်အတွင်းမှာ အထူးအောင်မြင်ပြီး ရန်ကုန်မြို့နေရာ
အနှံ့အပြား မှာ ဆိုင်ခွဲတွေ အတော်များများ ဖွင့်နိုင်သွားပါတယ်။  အလုပ်ကို  အလုပ်နဲ့တူအောင်  
စည်းစနစ်နဲ့ လုပ်ကြတော့ အောင်မြင် မှာပေါ့..။ ကိုယ်ဖိတ်ကျွေးတဲ့ဧည့်သည်အတွက်
 ကျသင့်ငွေကိုတောင် ကိုယ့် အိတ် ထဲ က ထုတ်ပေးကြတာလေ။ ဆိုင်ပိုင်ရှင်ဆိုပေမဲ့ ကိုယ့်တစ်ဦးတည်းပိုင်မဟုတ်၊ အစုစပ်လုပ်ကြတာ မဟုတ်လား။ ဒီတော့ သူ့စည်းကိုယ့်စည်းနဲ့ သတ်မှတ်ပြီး စည်းကမ်းအတိုင်း တိတိကျကျလုပ်ကြတယ်။ အငြင်းပွားစရာမရှိ၊ ပြဿနာမရှိ၊ နှစ်ကာလရှည်ကြာစွာ အတူလက်တွဲပြီး 
လုပ်နိုင်ပါတယ်။
            ဒီနေ့လူငယ်တွေဟာ အလုပ်ကိုအလုပ်နဲ့တူအောင် စည်းစနစ်ကျကျ လုပ်တဲ့ဘက်မှာ
အားနည်းကြ ပါတယ်။ Professionalism “ပညာသည်စိတ်ဓာတ်” ဆိုတာ တော်တော်များများက
ဘာမှန်းမသိကြပါဘူး။ ၀ါသနာအရ အပျင်းပြေသဘောလုပ်သမျိုး ခပ်ပေါ့ပေါ့သာ တချို့က
သဘောထားတတ်ကြတယ်။ တချို့ကျတော့လည်း ထမင်းစားဖို့ ငွေရှာဖို့ အလုပ်အကိုင် လုပ်တဲ့
သဘောထက် ဘာမှပိုပြီး အလေးအနက် မရှိပါဘူး။
            “ပညာသည် စိတ်ဓာတ်” ဆိုတာ ငွေကြေးရသည့် အလုပ်ဖြစ်စေ မရသည် ဖြစ်စေ ကိုယ့်အလုပ်ကို တန်ဖိုးထား လေးလေး စားစားရှိပါတယ်။ ဘယ်တော့ ဘယ်အခါမဆို ပြီးပြီးရော သဘောမျိုးမလုပ်ပါဘူး။ အလေးအနက် ဂရုတစိုက် လုပ်ပါတယ်။ ကိုယ့်အလုပ် ကိုယ် တန်ဖိုးထားသလို ကိုယ့်ရဲ့
“ပညာသည်ဖြစ်ခြင်း” ကိုလည်း တန်ဖိုးထားပါတယ်။ “ပညာသည်စစ်စစ်” ဟာ ထမင်းတစ်လုပ်အတွက်
ကိုယ့်ရဲ့  “ပညာသည်ဘ၀” ကို ရောင်းမစားပါဘူး။ နောက်ပြီးတော့ “ပညာသည်စစ်စစ်” တို့ဟာ တခြားပညာသည် များကို လည်း လေးစားရိုသေပါတယ်။ ငါ့အလုပ်ကမှ မွန်မြတ်တယ်၊ ငါ့အလုပ်ကမှ ပိုအဖိုးတန်တယ်ဆိုတဲ့ စိတ်ဓာတ်မျိုး မရှိပါဘူး။
            တိုင်းပြည်တစ်ပြည် တိုးတက်ဖို့၊ လူမျိုးတစ်မျိုး အသရေတင့်ဖို့အတွက် လူငယ်တွေကို “ပညာသည် စိတ်ဓာတ်”ရှိအောင် လေ့ကျင့် ပျိုးထောင်ပေးဖို့ လိုပါတယ်။ ဒါမှ ဘယ်အလုပ်မျိုးမဆို အလုပ်ကိုအလုပ်နဲ့
တူအောင် စည်းစနစ်ကျကျ လုပ်တက်ကိုင်တတ်လာမှာ ဖြစ်ကြောင်း နှိုးဆော်လိုက်ချင်ပါတယ်။
            လူထုစိန်ဝင်း
ကမ္ဘာသစ် မြန်မာ Fan Page 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>