2 3 4 5 6 7 8 9 10

Sunday, October 16, 2011

အနှိုင်းမဲ့ ရဟန်း


မြတ်စွာဘုရားရှင် သာဝတ္ထိမြို့ ၊ ဇေတ၀န်ကျောင်းတိုက်မှာသီတင်းသုံးတော်မူနေစဉ်တုန်းကညတစ်ညရဲ့သန်းခေါင်ယံအချိန်မှာ အနာထပိဏ်သူဌေးကနေ ဘ၀ပြောင်းသွားတဲ့ အနာထပိဏ်နတ်သား မြတ်စွာဘုရားရှင်ထံရောက်လာပြီး သူလျှောက်ထားလိုတဲ့စကား
တွေ လျှောက်ထားသွားခဲ့ပါတယ်။ သူ့ရဲ့ လျှောက်ထားချက်တွေထဲကတစ်ခုကတော့...
“ဘုန်းတော်ကြီးတော်မူသောမြတ်စွာဘုရား၊ မြတ်စွာဘုရားရှင်ရဲ့ တပည့်သားရဟန်းတော်တွေအားလုံးထဲမှာအရှင်သာရိပုတ္တရာ မထေမြတ်ဟာ ပညာဂုဏ်အားဖြင့်ရော၊ သီလဂုဏ်အားဖြင့်ရော၊ ကိလေသာငြိမ်းအေးမှုဂုဏ်အားဖြင့်ရော အသာဆုံး၊ အမြတ်ဆုံးဖြစ်ပါ
ဘုရား၊ သံသရာတစ်ဖက်ကမ်း နိဗ္ဗန်နန်းကို အပြီးတိုင်ဆိုက်ရောက်တော်မူကြတဲ့ရဟန်းတော်တွေအားလုံးထဲမှာ အရှင်သာရိပုတ္တရာ မထေမြတ်သည်သာအသာဆုံး၊အမြတ်ဆုံးဖြစ်တော်မူပါပေတယ်ဘုရား”အနာထပိဏ်နတ်သားရဲ့လျှောက်ထားချက်ကိုမြတ်စွာဘုရားရှင်က လုံဝငြင်းဆန်ခြင်းမပြုပဲ သဘောတူလက်ခံခဲ့တဲ့အတွက်“ရဟန်းတော်တွေအားလုံးထဲမှာ အရှင်သာရိပုတ္တရာမထေမြတ်ဟာ
အသာဆုံး၊အမြတ်ဆုံးပဲ”၊“အရှင်သာရိပုတ္တရာ ရဟန်းမြတ်ဟာ အနှိုင်းမဲ့ရဟန်းပဲ” ဆိုတဲ့စကားဟာ မြတ်စွာဘုရားအတည်ပြုပြီးသားစကားဖြစ်သွားပါတယ်။တစ်နည်းအားဖြင့်မြတ်စွာဘုရားရှင်ကိုယ်တော်တိုင်မိန့်တော်မူတဲ့စကားဖြစ်သွားပါတယ်။
လောကမှာရှိရှိသမျှ ရဟန်းတော်တွေအားလုံးထဲမှာ အရှင်သာရိပုတ္တရာမထေမြတ်ဟာ အနှိုင်းမဲ့ရဟန်းဖြစ်ပါတယ်။ ဘာလို့လဲဆို
တော့ အရှင်သာရိပုတ္တရာမထေမြတ်ထက် ပညာပိုကြီးပါတယ်၊အကျင့်ပိုထူးပါတယ်လို့ နှိုင်းရှင်စရာ၊ထပ်တူပြုစရာ တခြားရဟန်းမရှိတော့
လို့ပါပဲ။
သိစရာအားလုံးကို အကုန်အစင် အကြွင်းအကျန်မရှိ သိမြင်တော်မူတဲ့ သဗ္ဗညုမြတ်စွာဘုရားရှင်ကလွဲရင် အရှင်သာရိပုတ္တရာမထေမြတ်ဟာလောကမှာပညာဉာဏ်အကြီးမားဆုံးပါပဲ။ခက်ခဲနက်နဲတဲ့တရားသဘောတွေဆိုတာအသာထား၊လူတွေရဲ့ ပကတိမျက်စိနဲ့မြင်နိုင်တဲ့ရုပ်ဝတ္ထုတွေကို သိစွမ်းနိုင်တဲ့ ပညာဉာဏ်အရာမှာတောင် ဘယ်သိပ္ပံပညာရှင်မှလိုက်မမှီနိုင်အောင် အံ့မခန်း ထက်မြတ်လှပါတယ်။
တစ်ကမ္ဘာလုံးတစ်ပြိုင်တည်းမိုရွာသွန်းနေတဲ့အချိန်မှာ“မဟာသမုဒ္ဒရာထဲကျတဲ့မိုးရေပေါက်ကဘယ်လောက်အရေအတွက်ရှိတယ်၊
မြေကြီးပေါ်ကျတဲ့မိုးရေပေါက်အရေအတွက်ကဘယ်လောက်ရှိတယ်၊တောင်ပေါ်ကျတဲ့မိုးရေပေါက်ကဘယ်လောက်အရေအတွက်ရှိတယ်”
လို့ ဂဏန်းထိုးပြနိုင်လောက်အောင် တစ်ကမ္ဘာလုံးကမိုးရေပေါက်တွေကို တစ်ချိန်တည်းတစ်ပြိုင်တည်းရေတွက်ပြနိုင်ပါတယ်။
ဒီနေ့ခေတ် တော်လှပါတယ်၊ထက်လှပါတယ်ဆိုတဲ့ ဘယ်သိပ္ပံပညာရှင်မှ အရှင်သာရိပုတ္တရာမထေမြတ်လို ရေတွက်မပြနိုင်ပါဘူး။
တကယ်လို့ရေတွက်ပြနိုင်ရင်လည်းစက်အားကိုးနဲ့ ခလုပ်နှိပ်ရေတွက်ပြနိုင်မှာပါ။ စက်အကူအညီမပါပဲ စိတ်သက်သက်၊ဉာဏ်သက်သက်
နဲ့တော့ ရေတွက်ပြနိုင်မှာမဟုတ်ပါဘူး။


မြတ်စွာဘုရားရှင် သက်တော်ငါးဆယ့်ငါးနှစ်ကျော်တဲ့အချိန် မိမိကိုအမြဲပြုစုလုပ်ကြွေးမဲ့ရဟန်းတစ်ပါးရွေးချယ်ဖို့ သံဃာ့ပရိသတ်
ကိုမိန့်တော်မူတော့ အရှင်သာရိပုတ္တရာမထေမြတ်က မိမိအမြဲပြုစုလုပ်ကျွေးမဲ့အကြောင်းအရင်ဦးအောင်လျှောက်ထားပါတယ်။အဲဒီအခါ
မြတ်စွာဘုရားရှင်က...
“ချစ်သား သာရိပုတ္တရာ၊ ငါဘုရားကို သင်ချစ်သား အမြဲပြုစုလုပ်ကြွေးဖို့ မသင့်တော်ပါဘူး၊ ဘာလို့လဲဆိုတော့ သင်ချစ်သား
နေလေရာအရပ်တိုင်းဟာ တကယ့်ကိုတရားမဆိတ်သုံးတဲ့နေရာ ဖြစ်နေလို့ပါ၊ဟုတ်တယ်လေ၊ သင်ချစ်သားရဲ့ဆုံးမဩ၀ါဒဟာ ငါဘုရား
ရဲ့ အဆုံးအမဩ၀ါဒနဲ့ အတူတူပါပဲ၊ ဒါကြောင့် သင်ချစ်သားမှာ ငါဘုရားကို အမြဲပြုစုလုပ်ကျွေးဖို့ အကြောင်းမရှိပါဘူး”
လို့ မိန့်ကြားတော်မူပြီး အရှင်သာရိပုတ္တရာမထေမြတ်ရဲ့  ဗုဒ္ဓဝေရာဝစ္စ အမြဲပြုလုပ်ခွင့်ကို ပယ်မြစ်တော်မူခဲ့ပါတယ်။
သာသနာအတွက် အားကိုးနိုင်လောက်အောင် ဉာဏ်စွမ်း ဉာဏ်စ ထက်မြတ်ပြီး စာပေပရိယတ်ကို တကယ်လိုလိုလားလား ကြိုးစားအားထုတ်နေတဲ့ တပည့်ရဟန်း၊သာမနေတွေကို ဆရာဘုန်းကြီးတွေက ကိုယ့်အနားမှာ အမြဲနေခိုင်းပြီး ကိုယ့်ဝေယာဝစ္စတွေကို
အချိန်ပြည့် လုပ်ခိုင်းတာမျိုး လုံးဝရှောင်ကြင်သင့်တယ်ဆိုတာ ဒီအဖြစ်အပျက်ကသက်သေပြနေပါတယ်။ ဆရာသမားကောင်းတစ်
ယောက်ဆိုတာ ကိုယ့်တပည့်ကို ကိုယ့်အကျိုးအတွက် အသုံးမချဘဲ အများအကျိုး၊ သာသနာ့အကျိုးအတွက်ပဲ အသုံးချသင့်ပါတယ်။
မိဘတွေလည်း သားသမီးအပေါ်နည်းတူ သဘောထားရမှာပါပဲ။
အရှင်သာရိပုတ္တရာရဲ့ အဆုံးအမဟာ မြတ်စွာဘုရားရှင်ရဲ့  အဆုံးအမနဲ့ ထပ်တူထပ်မျှ ဖြစ်နေတာကိုကြည့်ရင် အရှင်သာရိပုတ္တရာ
ဟာ ဉာဏ်ပညာသိပ်ကြီးမားတယ်ဆိုတာ ထင်ရှားပါတယ်။အချိန်ကြာကြာတရားရှည်ဟောရလို့ မြတ်စွာဘုရားခါးညောင်းတော်မူပြီဆိုရင် “ငါဘုရားခါးညောင်းတယ်၊ ခါးဆန့်လိုက်ဦးမယ်ချစ်သားသာရိပုတ္တရာ ဆက်ဟောလိုက်ပါဦး” လို့ မိန့်တော်မူပြီးတရားဟောပုလ္လင်နောက်ကွယ်က သီးသန့်အခန်းငယ်လေးထဲမှာမြတ်စွာဘုရား ခါးဆန့်လဲလျောင်းပြီး အညောင်းအညာဖြေတော်မူရပါတယ်။မြတ်စွာဘုရား ခါးညောင်းဖြေနေချိန်၊ ခါးနာသက်သာအောင်
လဲလျောင်းနေချိန်မှာ အရှင်သာရိပုတ္တရာက မြတ်စွာဘုရားဟောလက်စတရားကို မြတ်စွာဘုရားဟောပြောလိုတဲ့အဓိပ္ပယ်အတိုင်း
တစ်သဝေမတိမ်း ရှေ့ ဆက်ဟောကြားတော်မူပါတယ်။
မိမိဟောလိုတဲ့အတိုင်း ဟောနေတဲ့အရှင်သာရိပုတ္တရာရဲ့ တရားတော်ကို မြတ်စွာဘုရားရှင်က ကန့်လန့်ကာနောက်ကွယ်ကနေ
ခါးညောင်းဖြေနေရင်း နှစ်နှစ်ခြိုက်ခြိုက်လေးလေးစားစား နာကြားတ်ာမူပါတယ်။မြတ်စွာဘုရား ဟောနေဆဲတရားကို မြတ်စွာဘုရား
အလိုကျချွတ်စွပ် ဟောနိုင်တဲ့ အရှင်သာရိပုတ္တရာမထေမြတ်ရဲ့ ဉာဏ်ပညာတော်ကတော့အံ့မခန်းကြီးကြယ်လှပါတယ်။
မြတ်စွာဘုရားရှင် ခုနှစ်ဝါမြောက် တာဝတိံသာနတ်ပြည်မျာ ၀ါတွင်းသုံးလပတ်လုံး အဘိဓမ္မာတရားဟောကြားတော်မူတုန်းက
နေ့စဉ်နေ့တိုင်းဆွမ်းခံချိန်ရောက်ပြီဆိုရင် နိမ္မိတဗုဒ္ဓရုပ်ပွားတော်ကိုတရားဆက်ဟောခိုင်းထားခဲ့ပြီး မိမိကိုယ်တိုင်ကတော့လူ့ပြည်ဆင်း၊
အနောတတ်အိုင်မှာရေချိုး၊ မြောက်ကျွန်းကို ဆွမ်းခံကြွ၊အနောတတ်အိုင်ကမ်းနဘေးမှာ ဆွမ်းဘုန်းပေးပြီး နေ့သန့်စင်ဖို့(နေ့ပိုင်းသီတင်း
သုံးဖို့)အတွက် စန္ဒကူးတောကိုကြွတော်မူပါတယ်။စန္ဒကူးတောမှာ နေ့သန့်စင်နေတဲ့မြတ်စွာဘုရားရှင်ကို အရှင်သာရိပုတ္တရာက ဝေယျာ
ဝစ္စ လာရောက်ပြုလုပ်ပေးပါတယ်၊ အရှင်သာရိပုတ္တရာ ဝေယျာဝစ္စပြုလုပ်ပြီးတာနဲ့ မြတစွာဘုရားရှင်က အဲဒီတစ်နေ့တာ နတ်ပြည်မှာ
ဟောခဲတဲ့ အဘိဓမ္မာတရားအကျယ်ကို အကျဉ်းဆုံးချုပ်ပြီး အရှင်သာရိပုတ္တရာကို နမူနာပေးဟောကြားတော်မူပါတယ်။
မြတ်စွာဘုရားအကျဉ်းချုပ်ပေးတဲ့ အဘိဓမ္မာတရားကို အရှင်သာရိပုတ္တရာက ကမ်းနားမှာရပ်ပြီး မဟာသမုဒ္ဒရာကို လက်ဆန့်
ညွှန်ပြခံရသလို နည်းအကျယ်ရပြီး နည်းရာထောင်ပေါင်းများစွာ၊ နည်းသောင်းသိန်းပေါင်းများစွာနဲ့ အကျယ်တ၀င့်ချဲ့ ထွင်သိမြင်တော်
မူသွားပါတယ်။မိမိအကျယ်သိတဲ့ အဘိဓမ္မာတရားကို လင်းနို့သားငါးရာဘ၀တုန်းက အဘိဓမ္မာတရားနာကြားခဲ့ဖူးတဲ့ အတူနေတပည့်ရ
ဟန်းငါးရာကို မကျဉ်းမကျယ် အလယ်အလတ်နည်းနဲ့ နေ့စဉ်ပြန်ဟောပြပါတယ်။“အဘိဓမ္မာပိဋကတ်”ဆိုပြီး ဒီကနေ့လေ့လာနေကြတဲ့
အဘိဓမ္မာတရားဟာ မြတ်စွာဘုရားအလိုကျ အရှင်သာရိပုတ္တရာ ပြန်ဟေယပြထားတဲ့ တရားတွေပါပဲ။
မြတ်စွာဘုရားအကျဉ်းချုပ်ဟောပြတဲ့တရားကို မြတ်စွာဘုရား အကျယ်ဟောခဲ့တဲ့အတိုင်း ထပ်တူထပ်မျှထိုးထွင်းချဲ့ထွင် သိမြင်
နိုင်တဲ့ အရှုင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ဉာဏ်ပညာတော်ကြီးကတော့ လူသားတွေမဆိုထားနဲ့ နတ်တွေ ဗြဟ္မာတွေတောင် ဘယ်လို
နည်းနဲ့ မှလိုက်မမီ နိုင်လောက်အောင် ကြီကျယ်ခမ်းနားလွန်းလှပါတယ်။ဒါတွေကြောင့်လည်း အနာထပိဏ်နတ်သားက“ပညာဂုဏ်အား
ဖြင့်လည်း အရှင်သာရိပုတ္တရာသာ အသာဆုံး၊အမြတ်ဆုံး အနှိုင်းမဲ့ရဟန်း”လို့မြတ်စွာဘုရားရှင်ကိုလျှောက်ထားခဲ့တာပါ။မြတ်စွာဘုရား
ရှင်ကလည်း ဟုတ်မှန်ကြောင်းအတည်ပြုခဲ့တာပါ။
တစ်ခါတော့ အရှင်သာရိပုတ္တရာဒေသစာရီလှည့်လည်ရင်း စတုဒီသာရုံတစ်ခုမှာ မကျန်းမမာဖြစ်နေပါတယ်။အဲဒီ စတုဒီတာရုံက ကပ်လှူတဲ့ဆွမ်းကို တစ်ရက်သာဘုန်းပေးပြီး နောက်နေ့တွေမှာတော့ ဆွမ်းလုံးဝဘုန်းမပေးတော့ပဲ ဆွမ်းအငတ်ခံတော်မူပါတယ်။နေ့
ရက်များစွာ စတုဒီတာကြွေးတဲ့ အလှူမဏ္ဍပ်ကြီးတွေမှာ ရဟန်းတော်တွေအနေနဲ့ တစ်ရက်သာ အလှူခံခွင့်၊တစ်ရက်သာဆွမ်းစားခွင့်
ရှိတဲ့အတွက် ၀ိနည်းဥပဒေတော်ကို လေးစားလိုက်နာတဲ့အနေနဲ့ အခုလိုအရှင်သာရိပုတ္တရာ ဆွမ်းအာဟာရဖြတ်တောက်ထားလိုက်
သာပါ။မြတ်စွာဘုရားသိသွားတဲ့အခါမှာတော့ မကျန်းမာရင် နေ့စဉ်အလှူခံ ဘုန်းပေးနိုင်ကြောင်း ထပ်လောင်းဖြည့်စွက်ခွင့်ပြုချက်
ထတ်ပြန်တော်မူလိုက်ပါတယ်။
တောအုပ်တစ်ခုမှာ အရှင်မဟာမောဂ္ဂလ္လာန်နဲ့အတူ သီတင်းသုံးတော်မူခဲ့စဉ်တုန်းက အရှင်မှာလေနာရောဂါဖြစ်ပြီး အပြင်းအထန်
ဒုက္ခဝေဒနာ ခံစားခဲ့ရဖူးပါတယ်။လူ့ဘ၀တုန်းက လေနာရောဂါဖြစ်ရင်ထောပတ်၊ပျားရည်၊သကြားစသည်နဲ့ ရောစပ်ချက်ထားတဲ့ နို့ဃနာ
ထမင်းစားပြီး ရောဂါပျောက်ကင်းခဲ့ဖူးကြောင်း အရှင်သာရိပုတ္တရာ ပြောပြတဲ့အတွက် နောက်ရက်မှာ နို့ဃနာထမင်းရကိုရရမယ် ဆိုတဲ့
ယုံကြည်ချက်နဲ့ အရှင်မဟာမောဂ္ဂလ္လာန် ဆွမ်းခံထွက်တော်မူပါတယ်။အရှင်မြတ်နှစ်ပါး စကားပြောသံကိုကြားရတဲ့ ရုက္ခစိုးနတ်က ဆွမ်း
ခံအိမ်တစ်အိမ်က သားတစ်ယောက်ကို ၀င်ပူးပြီးကြိုပြောထားတဲ့အတွက် အဲဒီနေ့မှာအဲဒီအိမ်ကနေ နို့ဃနာဆွမ်း အလှူခံရရှိတော်မူပါ
တယ်။ဒါပေမဲ့ အဲဒီနို့ဃနာဆွမ်းကို အရှင်သာရိပုတ္တရာက လုံးဝဘုဉ်းပေးတော်မမူပါဘူး။တစ်စုံတစ်ယောက်ကကြားခံဒလံလုပ်ပြီး နှုတ်မြွက်တိုက်တွန်းလို့ ရလာတဲ့ ဆွမ်းမို့ဝိနည်းနဲ့ မညီဘူးဆိုပြီး အာလယပြတ် ပယ်မြစ်တော် မူခဲ့ပါတယ်။
အရှင်သာရိပုတ္တရာ လုံးဝလက်မခံတဲ့ အဲဒီနို့ဃနာဆွမ်းကို အရှင်မဟာမောဂ္ဂလ္လာန် မြေကြီးပေါ်စွန့်သွန်လိုက်တဲ့အခါမှာတော့
နို့ဃနာဆွမ်းမြေကြီးပေါ်ကျတာနဲ့ တစ်ပြိုင်နက် အရှင်သာရိပုတ္တရာရဲ့ လေနာရောဂါယူပစ်လိုက်သလို လုံးဝပျောက်ကင်းသွားပါတယ်။
နောက်လေးဆယ့်ငါးနှစ်ကြာ ပရိနိဗ္ဗန်စံတဲ့တိုင်အောင် လေနာရောဂါဘယ်တော့မှထပ်မဖြစ်တော့ပါဘူး။ဂိလာနရဟန်းတော်တွေအနေ
နဲ့ ညစာထဲမှာ အကျုံးဝင်တဲ့ ပေါ့ပေါပါးပါး စားဖွယ်၊သောက်ဖွယ်တွေကို ကျန်းမာရေးအကြောင်းပြ၊ဆေးမစားခင်အစာခံတာအကြာင်း
ပြပြီး မွန်းလွဲပိုင်းစားတော့၊သောက်တော့မယ်ကြံတိုင်း အရှင်သာရိပုတ္တရာမထေမြတ်ကိုအထူးသတိရသင့်ပါတယ်။စာကျက်ရတာ၊စာပြန်
ရတာကိုအကြောင်းပြ၊ လုပ်အားပေးရတာ၊ ဝေယျာဝစ္စလုပ်ရတာကို အကြောင်းပြပြီး လေးလေးလံလံစားဖွယ်တွေ၊ ဆွမ်းအစစ်ကြီးတွေ
ကို မွန်းလွဲပိုင်းတွေမှာ အပီကိုင်တော့မယ်ဆိုရင်တော့ ပိုလို့တောင် သတိရသင့်တာပေါ့။
ဥကို အသက်ပေးကာကွယ်တဲ့ ရစ်မလို၊မြီးဆံကိုအသက်ပေးစောင့်ရှောက်တဲ့ စာမရီသားကောင်လို ၀ိနည်းစည်းကမ်းကို အသက်
ပေးလိုက်နာတဲ့ အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့  ကိုယ်ကျင့်သီလကတော့ နောင်လာနောက်သားသီလမြတ်နိုးသူတွေအတွက်စိတ်
ထက်သန်စရာ အားဆေးကြီးတခွက်ပါပဲ။ ဒါတွေကြောင့်လည်း အနာထပိဏ်နတ်သားက“သီလဂုဏ်အားဖြင့်လည်း အရှင်သာရိပုတ္တရာ
သာ အသာဆုံး၊ အမြတ်ဆုံး၊ အနှိုင်းမဲ့ရဟန်း” လို့ မြတ်စွာဘုရားရှင်ကို လျှောက်ထားခဲ့တာပါ။ မြတ်စွာဘုရားရှင်ကလည်းဟုတ်မှန်
ကြောင်း အတည်ပြုခဲ့တာပါ။
တစ်ခါတော့ အခန့်မသင့်လို့ သင်္ကန်းဝတ်ပုံ မညီမညာဖြစ်နေတဲ့ အရှင်သာရိပုတ္တရာကို ခုနစ်နှစ်အရွယ် ကိုရင်လေးတစ်ပါးက
“အရှင်ဘု၇ား သင်္ကန်းဝတ်တာ မညီပါလား” လို့ လျှောက်ထားတဲ့အတွက် ချက်ချင်းပြင်ဝတ်ပြီး“ဒီလောက်ဆိုအဆင်ပြေပါပြီလားဆ၇ာ“
လို့ ကိုရင်လေးကို လက်အုပ်ချီလျှောက်ထားခဲ့ဖူးပါတယ်။“ဒီနေ့မှကိုရင်ဖြစ်တဲ့ ခုနစ်နှစ်အရွယ် ကိုရင်လေးကပဲ ဆုံးမလာပါစေ၊ အဲဒီ
အဆုံးအမကို ဦးထိပ်တင်ခံယူပါတယ်” လို့လည်းကျူးရင့်ခဲ့ပါတယ်။
လူကြီးဆုံးမတာကိုလူငယ်တွေအလွယ်တကူခံယူလေ့ရှိပေမဲ့ လူငယ်က အမှားပြင်ပေးတာကိုတော့လူကြီးတွေ အလွယ်တကူ
ခံယူလေ့မရှိပါဘူး လူငယ်ကစေတနာနဲ့ အမှားပြင်ပေးတာကို“သူနားမလည်လို့ ပြောတာပါ၊သူနားမလည်သေးလို့ပြောတာပါ”ဆိုပြီး
ခွင့်လွှတ်သလိုလို ဘာလိုလိုနဲ့ ကိုယ့်အမှားကိုဇွတ်အတင်းအမှန်လုပ်ပစ်တတ်ကြပါတယ်။ ကိုထက်အသက်ငယ်တဲ့ရဟန်းတော်တွေက
ဘုရားအလိုကျအမှားပြင်ပေးတာကိုပဲ စပ်စွဲသယောင်ယောင်၊ စော်ကားသယောင်ယောင်သတ်မှတ်ပြီး လုံးဝလက်မခံတဲ့ သက်ကြီးရွယ်
အို လူဝတ်ကြောင်တွေအများကြီးရှိပါတယ်။
အရှင်အဿဇိရဲ့ တရားကိုနာပြီး သောတာပန်ဖြစ်ခဲ့ရတဲ့အတွက် အရှင်သာရိပုတ္တရာဟာ သောတာပန်ဖြစ်တဲ့အချိန်ကစပြီး
အသက်ထက်ဆုံး အိပ်တိုင်းအပ်တိုင်း အရှင်အဿဇိရှိရာအရပ်ကို ရည်မှန်းလက်အုပ်ချီရှိခိုးပြီးမှ အရှင်အဿဇိရှိရာဘက်ကို ဦးခေါင်း
ထားအိပ်လေ့ရှိပါတယ်။ လောကမှာဘယ်အသိတရားမဆိုဆရာနဲ့ကင်းပြီးရရိုးထုံးစံမရှိပါဘူး သက်ရှိဆရာဖြစ်ဖြစ်၊သက်မဲ့ဆရာဖြစ်ဖြစ်
ဆရာတဦးရဲ့ တိုက်ရိုက်သင်ကြားပေးမှု၊သို့မဟုတ် သွယ်ဝိုက်သင်ကြားပေးမှုကြောင့်သာ အသိတရားတွေတဖြည်းဖြည်း ရင့်ကျက်လာခဲ့
ရတာပါ။ သံသ၇ာဇာတ်သိမ်း ဒုက္ခငြိမ်းတဲ့အထိ အသိဉာအလင်းဖွင့်ပေးတဲ့ ဆရာဆိုရင်တော့ ကျေးဇူးအကြီးမားဆုံးဖြစ်လို့ မီးပူဇော်တဲ့
သူ မီးကို မပြတ်တောက်စေသလို ကျေးဇူးရှင်ဆရာကိုလည်း မပြတ်ဦးတိုက် ပူဇော်နေသင့်ပါတယ်။
ဆွမ်းခံချိန်ရောက်လို့ ရဟန်းသာမဏေတွေ မြို့ တွင်း ရွာတွင်း ဆွမ်းခံကြွသွားကြပြီဆိုရင် အရှင်သာရိပုတ္တရာမထေရ်မြတ် ကျောင်းတိုက်တစ်တိုက်လုံး လှည့်လှည်ကြည့်ရှုပြီး တံမြက်မလှည်းရသေးတဲ့ နေရာတွေတံမြက်လှည်း၊ ရေကုန်နေတဲ့သောက်ရေအိုး
သုံးရေအိုတွေကိုရေဖြည့်၊ နေရာတကျမထားတဲ့ ခုတင်,ကုလားထိုင် စတဲ့ အသုံးအဆောင်ပစ္စည်းတွေနေရာတကျသိမ်းဆည်း၊
လုပ်သင့်လုပ်ထိုက်တဲ့ သန့်ရှင်းရေးတွေ၊ ဝေယျာဝစ္စတွေ တစ်ခုမကျန် လိုက်လုပ်ပြီးမှ နောက်ဆုံး ဆွမ်းခံကြွတော်မူပါတယ်။
မြတ်စွာဘုရားရှင်နဲ့အတူ ရဟန်းသံဃာတော်တွေ ခရီးဒေသစာရီ ကြွချီတော်မူကြတဲ့အခါတိုင်းမှာလည်း“ငါဘုရားလက်ယာရံပဲ” ဆိုပြီး
ရှေ့ ဆုံးကနေဘုရားနားကပ်မလိုက်ပဲ သံဃာ့ပရိသတ် နောက်ဆုံးကနေ ဖြေးဖြေးနှေးနှး လိုက်ပါလာကြတဲ့ နာမကျန်းရဟန်းတွေ၊
သက်ကြီးရွယ်အိုတွေကို လိုအပ်တာကူညီစောင့်ရှောက်ပေးရင်း သံဃာ့ပရိသတ်နောက်ဆုံးကနေ အရှင်သာရိပုတ္တရာ လိုက်ပါတော်မူ
ပါတယ်။
သားကြီးတို့၊ တပည့်ကြီးတို့ဆိုတာ မိဘတို့၊ ဆရာသမားတို့ရဲ့  လက်လွဲရလောက်အောင် အားကိုးထိုက်တဲ့ ခေါင်းဆောင်ကောင်း
တွေဖြစ်သင့်ပါတယ်။ခေါင်းဆောင်ကောင်းပီသဖို့ဆိုတာကလည်း အမိန့်ပေးနေရုံ၊လမ်းညွှန်နေရုံနဲ့ မပြီးဘဲ ကိုယ်ကိုယ်တိုင် လုပ်သင့်တဲ့
အလုပ်တွေကို လူမြင်ရာရှေ့ နားကနေပဲဖြစ်ဖြစ်၊လူကွယ်ရာနောက်နားကနေပဲဖြစ်ဖြစ် စေတနာပါပါ၊ မေတ္တာပြည့်ပြည့်နဲ့ စေ့စေ့စပ်စပ်
လုပ်ဆောင်သွားတတ်ဖို့ အထူးလိုအပ်ပါတယ်။
တစ်ခါတော့မြို့ တွင်းခေတ္တကြွနေတဲ့ ရဟန်းငယ်တစ်ပါးရဲ့ မုန့်ဝေစုကို အဲဒီရဟန်းငယ်နေအတော်ကြီးမြင့်တဲ့အထိ ကျောင်းပြန်
ရောက်မလာတဲ့အတွက် မုန့်ဝေစုယူလာတဲ့ ရဟန်းတော်တွေက အရှင်သာရိပုတ္တရာကို ဆက်ကပ်လိုက်ပါတယ်။ အရှင်သာရိပုတ္တရာ
အဲဒီမုန့်ဘုဉ်းပေးပြီးတဲ့အချိန်မှာပဲ အဲဒီရဟန်းငယ်ကျောင်းပြန်ရောက်လာပါတယ်။ရဟန်းတော်တွေကဒငါ့ရှင်ရဲ့ မုန့်ကို အရှင်သာရိပုတ္တရာ
ဘုဉ်းပေးလိုက်ပြီဓ လို့လည်းပြောရော၊ အဲဒီရဟန်းငယ်က“ဩော်... လောကမှာ အကောင်းမကြိုက်တဲ့သူရယ်လို့ အရှင်သာရိပုတ္တရာကို
စောင်းချိတ်ပြီး ကဲ့ရဲ့ စကားဆိုလိုက်ပါတယ်။ အရှင်သာရိပုတ္တရာလည်း သံဝေဂအကြီးအကျယ်ရပြီး အဲဒီနေ့ အဲဒီအချိန်ကစလို့ မုန့်ခဲဖွယ်
ကို လုံးဝမဘုဉ်းပေးတော့ပါဘူး။ရဟန်းသံဃာတော်တွေဆွမ်းဘုဉ်းပေးပြီးရင် မုန့် သစ်သီး စတဲ့ ခဲဖွယ် ဘုဉ်းပေးကြတာ အစဉ်အလာ
ထုံးစံ ဖြစ်နေပေမဲ့ အရှင်သာရိပုတ္တရာကတော့ ဘယ်လောက်ကောင်းမြတ်တဲ့ခဲဖွယ်တွေကို ဘယ်လောက်ပဲရင်းနှီးတဲ့ ဒကာ ဒကာမ
ကပဲကပ်ကပ် လုံးဝဘုဉ်းပေးတော်မမူတော့ပါဘူး။ ရုတ်တရက်ကြည့်လိုက်ရင်“စိတ်ဆိုးတတ်လိုက်တာ စိတ်ကောက်တတ်လိုက်တာ”
လို့ထင်ထင်ရပေမယ့် အရှင်သာရိပုတ္တရာမှာ ဒသကိလေသာ လုံးဝမရှိတော့တဲ့ အတွက် ဘာကြောင်းကြောင့်မှ စိတ်ဆိုးစရာ၊ စိတ်ကောက်စရာ၊စိတ်ညစ်စရာ၊ စိတ်ပျက်စရာ မရှိတော့ပါဘူး အားလုံးအပေါခွင့်လွှတ်နိုင်ပါတယ်။အားလုံးအပေါသည်းခံနိုင်ပါတယ်။
တကယ်တော့မုန့်ခဲဖွယ်လုံးဝဘုဉ်းမပေးတော့တာဟာ အရှင်သာရိပုတ္တရာရဲ့ ပြတ်သားမှုပါ။ ကိုယ်နှုတ်အမူအရာမှာ ကိလေသာအရိပ်
အယောင်သန်းတာကိုလုံးဝမလိုလားတဲ့ တိကျပြတ်သားမှုပါ။ သံယောဇဉ်နွယ်တဲ့ လုပ်ရပ်တွေကို ရွံရှာစက်စုပ်တဲ့ ခိုင်မာတိကျပြတ်သား
မှုပါ။
သံယောဇဉ်ပြတ်တာကို မေတ္တာကင်းမဲ့တယ်လို့ သံယောဇဉ်ပျော် ကိလေသာသမားတွေက ကဲ့ရဲ့ ရှုတ်ချကြပေမယ့် တကယ်တော့
သံယောဇဉ်ပြတ်တာဟာ ပညာရှိသူတော်ကောင်းတွေရဲ့  ကိလေသာငြိမ်းအေးခြင်းဂုဏ်တစ်မျိုးပါ။သံယောဇဉ်ပြတ်တာနဲ့ မေတ္တာကင်းမဲ့
တာလည်း လုံးဝမတူပါဘူး။ သံယောဇဉ် ဆယ်မျိုးရှိတဲ့အထဲက လူတွေပြောပြာနေတဲ့ သံယောဇဉ်ဆိုတာ ကာမရာဂသံယောဇဉ်ဆိုတဲ့
တဏှာကိုပြောတာဖြစ်လို့ တဏှာဆိုတာပြတ်လေ ကောင်းလေပါပဲ။ တဏှာပြတ်လေ၊ မေတ္တာကြီးမားလေမို့ သံယောဇဉ်ပြတ်တဲ့သူတွေ
ဟာ အမှားကောင်းကျိုးတွေကို လိုလားတဲ့မေတ္တာတရား ပိုအားကောင်းတတ်ပါတယ်။သံယောဇဉ်ပြတ်တဲ့သူရဲ့  အများကောင်းကျိုး
ဆောင်ရွက်ချက်အားလုံးဟာလည်း ကိုယ်ကျိုးမျှော်လင့်ချက်လုံးဝမပါတဲ့ သန့်သန့်စင်စင် မွန်မွန်မြတ်မြတ်တွေချည်းပါပဲ။
ကာမရာဂသံယောဇဉ်မှာပါတဲ့ ကာမရာဂဆိုတာ ဖိုမဆိုင်ရာ ကာမရာဂတစ်ခုတည်းကိုပဲပြောတာမဟုတ်ပါဘူး သက်ရှိသက်မဲ့ ဘယ်အာ
ရုံပေါ်မဆို သာယာနှစ်သက်နေရင်၊သဘောကျကျေနပ်နေရင်၊ ခင်မင်တွယ်တာနေရင်၊စွဲလန်းမြတ်နိုးနေရင် ကာမရာဂပါပဲ။
အရပ်ထဲမှာသုံးနှုန်းတဲ့ တဏှာနဲ့ ဓမ္မနယ်ပယ်မှာသုံးနှုန်းတဲ့ တဏှာ လုံးဝမတူပါဘူး။ အရပ်ထဲမှာတော့ စကားလှအောင်၊ နားခံသာ
အောင် တဏှာကိုလည်း မေတ္တာလို့သုံးနှုန်း၊ သံယောဇဉ်ကိုလည်းမေတ္တာလို့သုံးနှုန်းကြပါတယ်။ ဓမ္မနယ်ပယ်မှာတော့ မေတ္တာသံယောဇဉ်
လုံးဝမရှိပါဘူး။ တစ်ဘက်သားအပေါ် တွယ်တာတာ၊ တစ်ဘက်ဝတ္ထုအပေါ် နှစ်သက်တာမှန်သမျှ တဏှာတွေ ချည်းပါပဲ။
သံသရာမှာပျော်ချင်ရင် တဏှာကိုမေတ္တာ လို့ လှည့်စားခွင့်ရှိပေမယ့် သံသရာကလွတ်ချင်၇င်တော့ တဏှာကို တဏှာလို့ အမှန်အတိုင်း
မြင်ဖို့ လိုအပ်ပါတယ်။“ငါ့မေတ္တာကို တဏှာလို့ပြောရကောင်းလား”ဆိုပြီး ဆတ်ဆတ်လူးဖြစ်ရင်တော့ သူတော်ကောင်းတရားနဲ့ရော၊
မဂ်ဖိုလ်နိဗ္ဗာန်နဲ့ပါ အဝေးကြီးဝေးနေဦးမှာပါပဲ။
မုန့်ခဲဖွယ်တည်းဟူသောကာမဝတ္ထုအပေါမှာ သံယောဇဉ်လုံးဝကင်းပြတ်တာကိုကြည့်ခြင်းဖြင့် အရှင်သာရိပုတ္တရာရဲ့ ကိလေသာ
ငြိမ်းအေးမှုအစွမ်းသတ္တိ ဘယ်လောက်ကြီးမားတယ်ဆိုတာ သိနိုင်ပါတယ်။ ကိလေသာရဲ့  ဝါသနာအငွေ့အသက်ကို ဗုဒ္ဓဘုရားရှင်တို့သာ
ပယ်နိုင်တယ်ဆိုပေမယ့် အရှင်သာရိပုတ္တရာရဲ့  သန္တာန်မှာ ကိလေသာကင်းစင်နေပုံကလည်း ဝါသနာအငွေ့အသက် မရှိသလောက်
နီးပါးပါပဲ။
မျောက်ဘဝက လာခဲ့လို့ အရှင်သာရိပုတ္တရာမြောင်းတွေ့ရင် ခုန်ချင်တယ်၊ ချောင်းတွေ့ရင်ခုန်ကူးချင်တယ် ဆိုတဲ့စကားဟာ
ထေရဝါဒပိဋကတ်တော်တွေမှာ လုံးဝမပါဝင်တဲ့ တစ်ဆင့်ကြား ပါးစပ်ရာဇဝင်စကားသာဖြစ်ပါတယ်။တစ်နည်းအားဖြင့် မဟာယာန
ကျမ်းတစ်ကျမ်းမှာပါတဲ့ ဘုရားလောင်းဝါဒစည်းရုံးသိမ်းသွင်းမှုသာဖြစ်ပါတယ်။အရှင်သာရိပုတ္တရာကို သက်သက်သိက္ခာချတဲ့စကားပါ
လုံးဝမမှန်ပါဘူး။အရှင်သာရိပုတ္တရာရဲ့  သန္တာန်မှာ တဏှာဆိုတဲ့ကိလေသာ ဝါသနာအငွေ့အသက်မရှိသလောက်ကင်းစင်တာ မဟုတ်
ပါဘူး။ဒေါသ၊ မာန စတဲ့တခြားကိလေသာတွေအားလုံးလည်း ဝါသနာအငွေ့အသက်မရှိသလောက်ကင်းစင်ပါတယ်။
“သည်းခံမှုအား သိပ်ကောင်းတယ်”ဆိုတာ ဟုတ်မဟုတ်စမ်းသပ်တဲ့ အနေနဲ့ ဆွမ်းခံထွက်နေစဉ် ကျောပြင်ကို လက်ဝါးနဲ့
တအားရိုက်နှက်ခဲ့ပုဏ္ဏားတစ်ယောက်ကိုလည်း လုံးဝစိတ်မဆိုးပဲ အရှင်သာရိပုတ္တရာ ခွင့်လွှတ်ခဲ့ဖူးပါတယ်။ မတော်တစ်စ သင်္ကန်းစွန်း
နဲ့ ထိမိတာကို ရန်ငြိုးဖွဲ့ပြီး ပြဿနာရှာတဲ့ ရဟန်းတစ်ပါးကိုလည်း လုံးဝစိတ်မခုပဲ ဆောင့်ကြောင့်ထိုင် လက်အုပ်ချီပြီး သည်းခံခွင့်လွှတ်
ဖို့ အရှင်သာရိပုတ္တရာ တောင်းပန်ခဲ့ဖူးပါတယ်။
အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့  ဆိုဆုံးမလွယ်မှု၊ ဆရာသခင်ကျေးဇူးရှင်ကို ဦးထိပ်တင်မှု၊ ခေါင်းဆောင်ကောင်းပီသမှု၊
ိစိတ်ဓာတ်ပြတ်သားမှု၊ သည်းခံခွင့်လွှတ်နိုင်မှု ... စတဲ့ စွမ်းရည်သတ္တိတွေကို ရည်ညွှန်းပြီးတော့ပဲ အနာထပိဏ်နတ်သားက
“ကိလေသာငြိမ်းအေးမှုဂုဏ်အားဖြင့်လည်း အရှင်သာရိပုတ္တရာသာ အသာဆုံး၊ အမြတ်ဆုံးဟန်း၊ အနှိုင်းမဲ့ရဟန်း” လို့ မြတ်စွာဘုရားရှင်
ကို လျှောက်ထားခဲ့တာပါ။ မြတ်စွာဘုရားရှင်ကလည်း ဟုတ်မှန်ကြောင်းအတည်ပြုခဲ့တာပါ။
တစ်လောကလုံးရဲ့  အနှိုင်းမဲ့ကျေးဇူးရှင်ဖြစ်တဲ့ မြတ်စွာဘုရားရှင်က အရှင်သာရိပုတ္တရာဟာ အနှိုင်းမဲ့ရဟန်း ဖြစ်ပါတယ်လို့
“သာရိပုတ္တောဝ ပညာယ၊ သီလေန ဥပသမေန စ။ယောပိ ပါရင်္ဂတော ဘိက္ခု၊ ဧတာဝ ပရမော သိယာ” ဆိုတဲ့စကားတော်နဲ့
အနာထပိဏ်နတ်သားရဲ့  လျှောက်ထားချက်ကို အတည်ပြုသောအားဖြင့် ဟောကြားညွှန်ပြထားတာမို့ လူသားတိုင်း လူသားတိုင်း
အနှိုင်းမဲ့ရဟန်းဖြစ်တဲ့ အရှင်သာရိပုတ္တရာရဲ့  စိတ်ဓာတ်နဲ့ လုပ်ရပ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာမှတ်သာဲးပြီး စွမ်းအားရှိသမျှ
အတုယူကျင့်သုံး နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

(အရှင်ဆန္ဒာဓိက ရေးသားပူဇော်သော “အနှိုင်းမဲ့ရဟန်း” စာအုပ်မှကူးယူဖော်ပြသည်) 

Posted by kosaijonathan on December 22, 2009 at 2:51pm 

ကမ္ဘာသစ် စာစုများကို facebook တွင် မိတ်ဆွေ သူငယ်ချင်းများအား မျှဝေလိုပါလျှင် အောက်တွင် ပါရှိသော facebook like icon အား Click နှိပ်၍ အလွယ်တကူ Share လုပ်နိုင်ပါသည်။  
 

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>