ပုံပြင်စာအုပ်ဖတ်ကြစို့
ကျွန်မရဲ့တစ်ဦးတည်းသောသာ တက်တဲ့မူကြိုကျောင်းက ကလေးများကျောင်းပိတ်ရက်
ဖတ်ဖို့ ဆိုပြီး ( အမှန်က မိဘတွေက ဖတ်ပြဖို့ပေါ့ ) သောကြာနေ့တိုင်း ပုံပြင်စာအုပ်လေးတွေ
တစ်အုပ်စီ ထည့် ထည့်ပေးလိုက်တတ်တယ်။ တနင်္လာနေ့ကျတော့ ပြန်ပေးရတာပေါ့။
ဒီတော့လည်း ကျွန်မမှာ ပုံပြင်တွေ ဖတ်ပြရတဲ့တာဝန်က တိုးလာပြန်ပေါ့။
ကျွန်မသားဟာ အရင်တုန်းကဆို ပုံပြင် ဖတ်ပြရင် စိတ်မ၀င်စားပေ မယ့် ခုတော့စိတ်ဝင်တစား
နားထောင်လာလို့ ၀မ်းသာ ရပေမယ့် ထူးဆန်းပြီး ဘ၀င်မကျဖြစ်မိတာက ခုချိန် ထိ ထည့်ပေးသမျှမှာ
မြန်မာဘာသာနဲ့ပုံပြင်တွေ မပါလာသေးတာပါပဲ။ ယုန်ကလေး ဂျက်နဲ့ဂျော်ဂျီ၊
Come along,daisy! It’s mine! စတဲ့ အင်္ဂလိပ်ဘာသာနဲ့ရောင်စုံရုပ်ပုံလေးတွေပါတဲ့ စာအုပ်တွေပဲ
ဖြစ်နေပါ တယ်။ အင်္ဂလိပ်စာလုံးလေး တစ်လုံးကိုပဲ ထပ်ခါတလဲလဲ ပုံပြင်ထဲမှာ ထည့်ပေးထားတတ်လို့
ကလေးတွေ အနေနဲ့ အင်္ဂလိပ်စာကို နားရည်ဝတာတော့ ကောင်းပါတယ်။ ကျွန်မတို့မြန်မာဘာသာနဲ့
ထုတ်ဝေတဲ့ ကလေး စာအုပ်လေးတွေရှိပေမယ့် သိပ်ပြီးမတွင်ကျယ်လှသေးဘဲ
မူကြိုကျောင်းတွေမှာလောက်ပဲ ထားပြီး ဖတ်နေ ကြ တာ တွေ့ရပါတယ်။ အမှန်အတိုင်းပြောရရင်
ကျွန်မကတော့ ကျွန်မတို့လူမျိုးဘာသာဓလေ့တွေနဲ့ ထုံမွှမ်း ရောစပ်ထားတဲ့ ပုံပြင်စာအုပ်လေးတွေကို
ပိုပြီးတောင့်တ မိပါတယ်။ အဲဒီလိုမြန်မာဘာသာနဲ့ စာအုပ်လေးတွေ များများထွက်လာရင် ကောင်းမှာ၊
ကျွန်မကိုယ်တိုင် အားတတ်သရော ဖတ်ပြဖြစ်မယ် ထင်တယ်။
ဒါဆိုရင် ကျွန်မသားကို ‘မြန်မာ’ လူမျိုးရဲ့စရိုက်၊ အမျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်တွေကို တကူးတက ရှင်းပြနေစရာမလိုဘဲ ကျွဲကူးရေပါ မှတ်သားပြီးသား ဖြစ်သွားလိမ့်မယ် ထင်ပါတယ်။ တကူးတက ရှင်းပြရင် လည်း ဘယ်ကလေးမှ စိတ်ပါဝင်စားလိမ့်မယ် မထင်ပါဘူး။
ဒီတော့ ကျွန်မတို့ငယ်စဉ်တုန်းက ဖတ်ခဲ့ရတဲ့ ဦးဘကြည်တို့လို ပန်းချီဆရာကြီးတွေရဲ့လက်ရာတွေနဲ့ ဝေေ၀ဆာဆာ ထွက်ရှိခဲ့တဲ့ ရွှေသွေး၊ တေဇ၊ မိုးသောက်ပန်း စတဲ့ ကလေးစာပေစာအုပ်လေးတွေ၊
ပေါ်ဦးသက်ရဲ့ချစ်စရာ သရုပ်ဖော်ပုံလေးတွေပါတဲ့ ‘ထီးကလေးနဲ့မနီ’ စတဲ့ ကဗျာစာအုပ်လေးတွေကို
လွမ်းမိတာပါပဲ။ ခုခေတ်မှာတော့ ထွက်သမျှကလေး စာပေတွေဟာ အနောက်တိုင်း နာမည်တွေ၊
ဂျပန်တရုတ်နာမည်တွေ၊ ရုပ်ပုံတွေနဲ့ချည်းမို့ ဖတ်ဖို့မပြောနဲ့ အရုပ်ကြည့်ရတာနဲ့တင် ခေါင်းမူးနောက်
နိုင်လှပါတယ်။
ပုံပြောပြပါ ဖေဖေ..
ငယ်စဉ်ကလေးဘ၀က ကျွန်မတို့မောင်နှမတွေ စာကျက်ပြီးချိန်တွေဆို ခုချိန်များလို
တီဗီလည်းမရှိ၊ ဗီဒီယိုဂိမ်းလည်း မကစားရ၊ မြို့ထဲလမ်းသွယ်မှာ နေထိုင်ကြီးပြင်းခဲ့ရတော့
ကားအသွားအလာကိုကြောက်ပြီး အိမ်ပြင်လမ်းမပေါ်တောင် ထွက်ကစားရဲတဲ့ အကျင့်က မရှိနဲ့
မောင်နှမတွေ အားပြီဆိုတာနဲ့ ကျွန်မဖေဖေ စာရေးနားတာကို စောင့်ပြီး ပုံပြောပြခိုင်းတော့တာပါပဲ။
ဖေဖေကလည်း အဲဒီလို ပုံပြောခိုင်းရင် ဘယ်တော့မှ မငြင်းဆန်တဲ့အပြင် ပုံပြောဖို့ အကြောင်းအရာကို တကူးတကစဉ်းစားနေရတယ်ဆိုတာလည်း သိပ်မရှိခဲ့ ပါဘူး။ မေမေကလည်း ကျွန်မတို့အိပ်ယာဝင်ရင်
ပုံပြောပြလေ့ရှိပေမယ့် ရွှေယုန်ရွှေကျားထက် ထူးဆန်းပြီး ဇာတ်လမ်း ဇာတ်ကွက်တွေ၊
အချိတ်အဆက်၊ အလှည့်အပြောင်း တွေ ပါဝင်တဲ့ ဖေဖေ့ရဲ့ပုံပြင်ထဲက ဇာတ်ကောင် နာမည်တွေက
ကျွန်မတို့မောင်နှမတွေ အပေါ် မေမေ့ပုံပြင်တွေထက် ပိုပြီး ဆွဲဆောင်နိုင်ခဲ့ ပါတယ်။
ဖေဖေပုံပြောရင် အသံနေအသံထားတွေနဲ့ရော မျက်နှာအမူအရာအပြင်
လက်ဟန်ခြေဟန်တွေ ပါ ပေါင်းစပ်ပြီး အားကြိုးမာန်တက် ပြောတတ်တာမို့ နားထောင်ရတာ
သိပ်ဝင်စားဖို့ကောင်းပါတယ်။ ဒါပြီးရင် ဘာဖြစ်မလဲ၊ ဘာလာဦးမလဲဆိုတာလည်း သိချင်ဇောနဲ့
စိတ်လှုပ်ရှားမှုက အမြဲရှိနေပြီးပုံပြင်ထဲမှာ မျော ပါနေကြတာပါ။ ဖေဖေ အများဆုံးပြောလေ့ရှိတာက
မြန်မာ့သမိုင်းထဲက ဘုရင်တွေအကြောင်း သူရဲကောင်းတွေ အကြောင်းပါ။ ရှေးက ဘုရင်တွေ
အချင်းချင်း စီးချင်းထိုးကြပုံတွေ၊ သူရဲကောင်းတွေ စစ်ချီတက်ကြပုံတွေကို မာန်ပါပါ ပြောပြရင်းက
ပုဂံခေတ်သူရဲကောင်းလေးယောက်ဖြစ်တဲ့ ကျန်စစ်သား၊ ငထွေရုး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး၊
မွန်ဘုရင် ဗညားဒလ၊ မွန်သူရဲကောင်း အဲမွန်ဒယာ၊ စစ်သူကြီးဂါမဏိ၊ အုတ်လှကြီး အုတ်လှငယ်
ညီအစ်ကိုအကြောင်းစတဲ့ နာမည်ဆန်းတွေကို ဦးနှောက်ထဲ စွဲမြဲခဲ့ကြတယ်။ စာဖတ်တတ်လို့
စာအုပ်တွေထဲမှာ အဲဒီနာမည်တွေ တွေ့တဲ့အခါမှာ အစိမ်းသက်သက်မဟုတ်တော့ဘဲ ရင်းနှီးပြီးသား
ဖြစ်နေရုံမက သူတို့ရဲ့နောက်ကြောင်းရာဇ၀င်တွေကိုပါ မှတ်မိသိရှိပြီးဖြစ်နေလို့ မြန်မာ့သမိုင်း
ကွင်းဆက် တွေကို ပုဂ္ဂိုလ်တစ်ဦးချင်းအပေါ် စိတ်ဝင်စားမှုကနေတစ်ဆင့် ချိတ်ဆက်လေ့လာမိမှန်းမသိ
လေ့လာပြီးသား ဖြစ်သွားပါတယ်။ အဲဒီအကျိုးဆက်အဖြစ် ကျောင်းက ကျက်စာဆိုရင်
ပျင်းတတ်လွန်း တဲ့ ကျွန်မဟာ သမိုင်းဘာသာ ( အထူးသဖြင့် မြန်မာ့သမိုင်း) ကိုတော့
စိတ်ဝင်တစား ကျက်တတ်ခဲ့ပါတယ်။
အနီးမှုန်ကလေးငယ်များ မဖြစ်စေဖို့
လူ့လောကကြီးအကြောင်း စူးစမ်းချင်စိတ် ထက်သန်နေတဲ့ ကလေးဘ၀ အရွယ်မှာ
စာကလည်း မဖတ်တတ်သေးတော့ ကလေးအရွယ် နားလည်လွယ်တဲ့ စကားလုံးတွေ သုံးပြီး
ပြောပြတဲ့ပုံပြင်တွေ၊ ရွတ်ဆိုရတဲ့ အသံသာတဲ့ ကလေးကဗျာလေးတွေဟာ သူတို့ လေးတွေ လောကကြီးတဲ့လှမ်းကြည့်ဖို့အတွက် ပြတင်းပေါက်များပဲ ဖြစ်ပါတယ်။ ကလေးငယ်ဟာ သူ့ရဲ့အနီးကပ်ဆုံး
ပတ်ဝန်းကျင်ကို စတင် စိတ်ဝင်စားလေ့ ရှိပြီးမှ တစ်ဆင့်ချင်းသူ့ရဲ့ ကမ္ဘာ ကို ချဲ့ထွင် သွားတာပါ။
သည်အရွယ်မှာ လိုရာပုံသွင်းလို့ရတဲ့ ဖယောင်းလေး များနဲ့ တူတဲ့အတွက် လက်ဦးဆရာဖြစ်တဲ့
မိဘက သူတို့ရဲ့ စိတ်နေစိတ်ထား၊ အမူအရာနဲ့ အသိဥာဏ် ကြွယ်ဝမှုကို ထိန်းကွပ်လမ်းပြပေးဖို့
တာဝန် အပြည့်ရှိနေပါတယ်။ ဒီအတွက် ကလေးစာပေ ဆိုတာ ဟာ ပဲ့ကိုင်ရှင်မိဘတို့ လက်စွဲပြု
အထောက်အကူပြုရမယ့် လက်နက် ကိရိယာ တစ်မျိုးပါပဲ။
ကျွန်မအနေနဲ့ ခုခေတ်ကြီးဟာ ကမ္ဘာရွာခေတ် ကြီးမို့ ကမ္ဘာ့စာပေ ဗဟုသုတကို နှံ့စပ်ရမယ်၊
ရင်ပေါင်တန်းနိုင် အမြင်ကျယ်ရမယ် ဆိုတာ လက်ခံပေမယ့် ငယ်ရွယ်သေးတဲ့ ကလေးငယ်တွေကိုတော့
ကိုယ်ဟာ ဘာလူမျိုး၊ ဘယ်နိုင်ငံထဲမှာ နေတယ်၊ ရိုးရာဓလေ့တွေ က ဘာဆိုတာ သူတို့လေးတွေရဲ့
ဦးနှောက်ထဲထိ သံမှိုစွဲသလို သိခွင့်မပေးရသေးဘဲ ကမ္ဘာကြီးကို လှမ်းကြည့်ခိုင်းဖို့ မသင့်သေးဘူး
ထင်ပါ တယ်။ သိပ်ကိုစောလွန်းပါသေးတယ်။ နေရာတကာ ကော်ပီတွေချည်း ဖုံးလွှမ်းနေတဲ့အချိန်မှာ
ကလေးစာပေမှာပါ ကော်ပီအရိပ် အယောင်တွေ လွှမ်းနေတာ ၀မ်းနည်းစရာပါ။ ကျွန်မတို့ခေတ်တုန်းက ရိုးရာယဉ်ကျေးမှု အပြည့်အ၀ ထည့်ပေးထားတဲ့ ကလေးစာပေ မျိုးတွေ ဖတ်ခဲ့ရလို့ ကျွန်မသားထက်
ကျွန်မ ပိုကံကောင်းတယ် ဆိုရမှာပါ။ ဘာပဲပြောပြော ကိုယ့်စာပေ၊ ကိုယ့်ယဉ်ကျေးမှု
ဓလေ့ထုံးစံတွေကိုပဲ ကလေးများ အရင်ဆုံး ရှင်းလင်းစွာ သိကြပါစေ..။
ကမ္ဘာကြီးအကြောင်းပြောပြဖို့တော့
အချိန်တွေ အများကြီး ရှိပါသေးတယ် လို့ တွေးမိပါရဲ့ …။
ဆရာမ လွတ်လပ်စိုး၏ ဆောင်းပါးကို မျှဝေ ဖော်ပြပါသည်။
No comments:
Post a Comment