2 3 4 5 6 7 8 9 10

Tuesday, March 26, 2013

မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်များ

   သက္ကရာဇ် ၁၂၁၉ - ခုနှစ်တွင် မင်းတုန်းမင်း တရားကြီးသည် မန္တလေးတောင် အနီး မြေကောင်း မြေမြတ် လက္ခဏာနှင့်ပြည့်စုံ၍ လူမျိုးစုံတို့၏ မျက်စိကိုဆွဲဆောင်နိုင်သော မြို့၏ တန်ဆာလက္ခဏာတို့ဖြင့် ခြံရံကာ အထူးထူးသော ရတနာတို့နှင့် ပြည့်စုံ၍ လူမျိုးစုံကုန်သည်တို့၏ စုဝေးပေါင်းစုံရာ ဖြစ်သော ရတနာပုံမည်သော ရာဇဌာနီ မင်း နေပြည်တော်ကြီးကို တည်ထောင်တော်မူသည်။



  

မင်းတုန်းမင်းတရားကြီးသည် တရားကို မြတ်နိုး၍ တရားကိုကျင့်သော ဓမ္မစာရီဖြစ်တော်မူသဖြင့် တိုင်းသူ ပြည်သားတို့သည်လည်း တရားတော်ကို မြတ်နိုးခင်တွယ် စင်ကြယ်သော ဓမ္မစာရီများ ဖြစ်ကြကုန်သည်။ ထို့ကြောင့် ရဟန်း သံဃာများနှင့် ပြည်သူအပေါင်းတို့က နှစ်ထောင်းအားရ ၀မ်းမြောက်ကြလျက် သာသနာတော်ကြီးသည်လည်း နေလို လလို ထွန်းလင်းပြောင်ခဲ့ရလေသည်။


    မင်းတုန်းမင်းတရားကြီး၏ တောင်ညာစံ မိဖုရားခေါင်ကြီးသည်လည်း ကုသိုလ်တရားတို့ကို အမြဲအားထုတ်၍ ပိဋကတ်ကျမ်းစာများကို အမြဲမပြတ် သံအံကျက်မှတ်တော်မူလေ့ ရှိသည်။
    သက္ကရာဇ် ၁၂၃၀ ပြည့် ပြာသိုလမှစ၍ မင်းတုန်းမင်းတရားကြီးသည် ဘုရားဟော ပါဋ္ဌိတော် အဌကထာဋီကာ ကျမ်းများကို ရွှေရေး၊ မင်ရေး၊ ကညစ်ရေးဖြင့် ရေးသားပြီးလျှင် ပိဋကတ်တိုက်တော်သို့ သွင်းတော်မူ သည် ။ ပေစာတို့ မည်သည်ကာ လျင်မြန်စွာ ပျက်စီးတတ်သော သဘောရှိရကား သာသနာ ၅၀၀၀ ကာလ တိုင်အောင် တည်တံ့စေခြင်းငှာ မင်းအဆက်ဆက် မပြုလုပ်ဖူးသော စကျင်တောင်မှ ဖြစ်သည့် သလင်းကျောက်ဖြူတော် များကို တူးဖော်ခွဲစိတ်ချောမွတ် စေ၍ ရွှေနန်းတော်အတွင်း၌ တန်ဆောင်းကြီး ဆောက်လုပ်ပြီးလျှင် ကျမ်းတက် ကျမ်းပြု သီလသမာဓိနှင့် ပြည့်စုံတော် မူသော အရှင်ဇာဂရာဘိဝံသ တိပဋဓရ မဟာဓမ္မရာဇာဓိရာဇဂုရု၊ ဘုရားကြီးဆရာတော် အရှင်နရိန္ဒာဘိသီရိသဓမ္မ ဇောတိ ပါလဓဇ မဟာဓမ္မရာဇာဓိရာဇဂုရု၊ ဆီးဘန်းနီဆရာတော် အရှင်သုမင်္ဂလသာမိ သီရိပ၀ရမဏိဓဇ ရာဇာဂုရု ဆရာတော် သုံးပါးနှင့်တကွ အတွင်းဝန် ခန်းပတ် မြို့စားကြီး မဟာဥဇနာ၊ ယောမြို့စားကြီး မင်းလှမဟာစည်သူ၊ သံတော်ဆင့် မိုင်းခိုင်း မြို့စား မဟာသီရိဇေယျသူ၊ သံတော်ဆင့် နေမျိုးရာဇစည်သူတို့ကို စာပြင်ဆင်မှု၌ အကြီးအမှူး ပြုလုပ်စေ၍ ( ၅ ) နှစ်ကျော် ထုလုပ်စေပြီးလျှင်၊ ၀ိနည်းငါးကျမ်း ပါဋ္ဌိတော် ကျောက်ချပ်ရေ ( ၂၀၈ ) ချပ်တို့ကို ကုသိုလ်တော် မဟာလောကမာရဇိန် ဘုရား အတွင်း၌ အုတ်ပြသာဒ်ဂူ ( ၇၂၈ ) လုံးကို တည်၍ ကျောက်ချပ်တို့ကို ထည့်သွင်းပြီးလျှင် သေလက္ခရ ကျောက် ထက်အက္ခရာ တင်ထား ကိုးကွယ်တော်မူခဲ့သည်။


    သက္ကရာဇ် ၁၂၃၃ ခု၊ နှောင်းတန်ခူးလဆုတ် ၁၀ ရက်နေ့တွင် မန္တလေးရွှေမြို့တော်မှ ဆရာတော် သံဃာတော် အပါး ( ၂၄၀၀ ) ကို စာပြန်ဆိုရန် အပိုင်းကဏ္ဍခွဲခြားထား၍ လေ့ကျက်ထားစေသော ဆင်စွယ်တံဆိပ်တော်ရ ဆရာတော် အပါး ( ၆၂၀ )တို့သည် ကိုယ့်အပိုင်းနှင့်ကိုယ် စုပေါင်းညီညာရွတ်ဆိုသဖြင့် ပဉ္စမ သင်္ဂါယနာ တင်ပွဲကြီးကို ဆရာဒကာ ညီညွတ်စွာဖြင့် အောင်မြင်ပြီးမြောက် ဆင်နွှဲခဲ့ကြပါသည်။

    ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးသည် ကုသိုလ်တော်၌သာ မွေ့လျော်တော်မူသည့်အတိုင်း မြန်မာပြည် အနှံ့ သာသနာ့ကျက်သရေကို ဆောင်နိုင်သော ဘုရားတန်ဆောင်း ဂူကျောင်း ပြသာဒ် အရပ်ရပ်တို့ကိုလည်း လှူဒါန်းတော် မူသည်။
မန္တလေးတောင်စောင်းတန်းတော်ကြီးနှင့် တောင်ပေါ်ရှိ ရွှေရပ်တော်ကြီးဘုရား၊ မဟာသကျ မာရဇိန် ကျောက်တော် ကြီး ဘုရား၊ အရှေ့စန္ဒာမုနိဘုရား၊ လောကမာရဇိန် ကုသိုလ်တော်စေတီတော်ကြီး၊ ရန်ကင်းတောင်ခြေ၊ ထူပါရာမကျောက်စေတီတော်၊ ဘုရားပွင့်တော်မူရာ အိန္ဒိယမဇ္စျိမဒေသ ဗောဓိပင်အနီးတွင် ( ၆ ) ခန်းတွဲ အုတ်ဇရပ်ကြီး ဆောက်လုပ်လှူဒါန်းခြင်း၊ တူရကီနိုင်ငံမကာမြို့၌ စတုဒိသာတည်းခိုရန် အုတ်ဇရပ်ကြီး၊ စကုမြို့ စက်တော်ရာ ပါဒစေတီတွင် ရွှေဆိုင်း ( ၇၀၀၀ ) ကျော် မွမ်းမံဆောက်လုပ်သည့် ပြာသာဒ်ကြီး၊ မန္တလေး သုဓမ္မာဇရပ်တော်ကြီး ပဋ္ဌာန်းဟော သိမ်ဇရပ်တော်ကြီး၊ မန္တလေး မဟာဝိဇရာယာမ တိုက်တော်ကြီးအတွင်း၌ အတုမရှိ အုတ်ကျောင်းတောင်ကြီး၊ မန္တလေး တောင်ခြေ၌ ပိဋကတ်တိုက်တော်ကြီး၊ မဟာအတုလ ဘုံစံ ရွှေကျောင်းတော်ကြီး၊ ကျောင်းအရံ ၂၀ ကျော်နှင့်တကွ မဟာ ဇောတိကာရာမတိုက် ရတနာ ဘုံစံကျောင်းတော်၊ ရှမ်းကလေးကျွန်းတွင် ဆောက်လုပ်လှူဒါန်းသည့် ကျောင်းတော်၊ ကုသိုလ်တော် ဘုရား ပတ်လည်တွင် အုတ်ဇရပ်တော် ၃၆ ဆောင်၊ မြို့တော်အတွင်း ပြည်သူပြည်သားတို့ ဥပုသ်စောင့်ရန် ဇရပ်တော် ၁၁ ခု၊ မြို့တံခါး ၁၂ ရပ်တွင် ဆောက်လုပ်ထားသည့် တရားတင်းကုတ် ၁၂ ခု စသည့် လှူဒါန်းထားသော ဇရပ် တန်ဆောင်းတို့မှာ များပြားလှပေသည်။
    ထို့အပြင် လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် သက္ကရာဇ် ၁၁၃၆ ခု၊ တပေါင်းလပြည့်နေ့
 ( 15.3.1775 ) က ဆင်ဖြုရှင်မင်းကြီး၏ ရွှေထီးတော်သည် ၉၅ နှစ်အကြာကာလ၌ ဟောင်းနွမ်းချို့ယွင်း လာခဲ့ သဖြင့် ထီးတော်အသစ် လဲလှယ်တင်လှူရန် အခါအခွင့် သင့်ပြီဖြစ်ကြောင်း ရန်ကုန်မြို့နေ ဆရာတော် သံဃာတော် အရှင် သူမြတ်များ ဘဏ္ဍာတော်ထိန်း အဖွဲ့ဝင်များနှင့် ရန်ကုန်မြို့နေ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးများ ညှိနှိုင်း တိုင်ပင် ကာ မိမိတို့ အင်အားဖြင့် ထီးတော်သစ်တင်လှူရန် မဖြစ်နိုင်သောကြောင့် ရတနာပုံ မန္တလေးနေပြည်တော်မှ ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီးထံသို့ သံတော်ဦး တင် လျှောက် ထားခဲ့ကြလေသည်။ 
    မင်းတုန်းမင်းတရားကြီးသည် ဗြိတိသျှအာဏာပိုင်များ၏ မြန်မာဘုရင်ကိုယ်တိုင် ထီးတော်တင်ခွင့်မရှိဟူသော ဆုံးဖြတ်ချက်ကို ဘာသာရေးသာသနာရေးကိစ္စဖြစ်၍ ခွင့်လွှတ်လက်ခံခဲ့ပြီး ဘုံခုနှစ်ဆင့်ပါသော ထီးတော် သစ်ကြီး ကို သံချက်ဝန်ပညာသိဒ္ဓိကျော်သူ ဦးမှို အား ကြီးကြပ်ဆောင်ရွက်စေခဲ့ရာ ၁၈၁၇ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့ တွင် အောင်မြင်ပြီးစီးခဲ့သည်။


    မင်းတုန်းမင်းတရားကြီး လှူဒါန်းသည့် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရွှေထီးတော်သစ်ကြီသည် ဘုံခုနှစ်ဆင့် အနက် အောက်ဆုံးပထမဘုံသည် အချင်း ( ၁၄ပေ၊ ၉ လက်မ ) ကျယ်၍ အမြင့် ( ၂ပေ၊ ၆ လက်မ ) ရှိသည်။ ဘုံဆင့် များသည် အထက်သို့မြင့်လေ ကျဉ်းမြောင်းသွာလေဖြစ်ရာ ထိပ်ဆုံး သတ္တမဘုံသည် အချင်း ( ၃ ပေ၊ ၄ လက်မခွဲ ) ကျယ်၍ အမြင့်( ၂ ပေ၊ ၆ လက်မ ) ရှိသည်။ ထီးတော်သစ်ကြီးကို ရွှေသားအချိန် ( ၂၀၂၂၂၉ ) ကျပ် ( ၄ ) မူးသားဖြင့် ပြုလုပ် ထားပြီး န၀ရတ်ကိုးပါးနှင့် ကျောက်ကောင်း၊ ကျောက်မြတ်များ အလုံးပေါင်း ၃၆၄၁၁ လုံး ပါဝင်ပါသည်။
    မင်းတရားကြီးသည် မင်း၊ မိဖုရားစုံညီစွာဖြင့် ရွှေနန်းတော်ကြီးအတွင်း၌ ထီးတော်သစ်ကြီးကို ကြည်ညို ပူဇော်ပြီး ရေစက်သွန်းချ လှူဒါန်းခဲ့ပါသည်။ ( ယခုအခါ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အရှေ့ မြောက်ဘက်တွင် မင်းတုန်းမင်းကြီးကုသိုလ်ဖြစ်သော ထီးတော်ဟောင်းကြီးကို တွေ့မြင်နိုင်သည်။ )
    ထီးတော်သစ်ကို ပုပ္ပါး ၀န်ထောက် မင်းကြီး မဟာမင်းကျော်မင်းထင် ဦးဆောင်သော ထီးတော်ပင့်ဆောင် တင်လှူ ရေး အဖွဲ့အား မန္တလေးနေပြည်တော်မှ အင်္ဂလိပ်တို့သိမ်းပိုက်ထားသော အောက်မြန်မာပြည် ရန်ကုန်မြို့သို့ ရေနန်းစကြာ သင်္ဘောဖြင့် ပင့်ဆောင်စေပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး၌ ၁၈၇၁ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်နေ့တွင် အောင်မြင်စွာ တင်လှူ စေခဲ့ပါကြောင်း ပဉ္စမသင်္ဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ ကုသိုလ်တော်များကို မှတ်တမ်းပြု တင်ပြ အပ်ပါသည်။

မင်္ဂလာဝင်း

ကမ္ဘာသစ် မြန်မာ Fan Page

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>