2 3 4 5 6 7 8 9 10

Saturday, February 16, 2013

လူငယ်နှင့် ပေါင်းသင်းဆက်ဆံရေး (ဒေါက်တာကျော်စိန်)

အသုံးချစိတ်ပညာရှင်တို့ အလိုအရမူ မိတ်ဆွေဖြစ်ရေးတွင် အပြုသဘောထားရှိမှု၊ အသိအမှတ်ပြုလိုအင်နှင့် ပေါင်းသင်းလိုအင်တို့ကို ဖြည့်ဆည်းပေးမှုသည် အရေးပါ၏။




ဆက်ဆံရေး တုံ့လှယ်ပြုမူမှု ဖွံ့ဖြိုးခြင်း…
လူဟူသည် အချင်းချင်း ပေါင်းသင်းဆက်ဆံရင်း ကြီးထွားဖွံ့ဖြိုးတတ်သည့် သတ္တ၀ါမျိုးဖြစ်ရာ မွေးကင်းစကပင် အာရုံခံအင်္ဂါတို့ဖြင့် တုံ့ပြန်တတ်သည့်သဘောရှိ၏။ မွေးကင်းစမှ ရက်သားဘ၀တွင်မူ အချိန်နှင့်အမျှ အိပ်နေတတ် သည်ဖြစ်၍ အာရုံနှင့် အကြောဆိုင်ရာ တုံ့ပြန် မှုတို့ တက်ကြွမှု မရှိသေးဟု ဆိုနိုင်သည်။ သို့သော် လသားကလေး ဖြစ်လာသည့်အခါ မျက်စိဖြင့် တုံ့ပြန်တတ်၏။ အသံလာရာသို့ စူးစမ်း တတ်၏။ အတွေ့အထိ၏ သာယာမှု၊ မသာယာမှု၊ နူးညံ့ပျော့ပျောင်းမှု၊ ကြမ်းတမ်းခက်မာမှု၊ သွေ့ခြောက်နွေးထွေးမှုနှင့် စိုစွတ်အေးစက်မှု စသည်တို့ကို လိုလားသည့်အမူအရာ၊ မလိုလားသည့် အမူအရာတို့ဖြင့် တုံ့ပြန်တတ်၏။ အိပ်နေရာမှ နိုးလာသော လသားကလေးသည် အနှီး ထဲတွင် ကျင်ကြီးကျင်ငယ်တို့ စွန့်ထားသောကြောင့် အေးစက်စွတ်စိုနေသည်ကို မလိုလား၍ အော်ဟစ်ခြင်း၊ ငိုယိုခြင်း၊ ကိုယ်ကို တွန့်လိမ် လှုပ်ရှားခြင်းတို့ ပြုမူ၏။ ထိုအခါ လူကြီးဖြစ်သူတို့က အညစ်အကြေးများကို သန့်စင်ကာ ပေါင်ဒါရိုက်၍ ခြောက်သွေ့နူးညံ့သော အနှီးသစ်ဖြင့် လဲလှယ်ထုတ်ပိုးလိုက်၏။ ကလေးသည် မျက်လုံးများ ကြည်လင်တောက်ပကာ ၀ူးဝူးဝဲ၀ဲ အသံပြုခြင်း၊ ခစ်ခစ် ရယ်မောခြင်းဖြင့် သာယာမှုကို တုံ့ပြန်တတ်ပေသည်။


လသားမှ နှစ်သားကလေးဘ၀ တစ်နှစ် နှစ်နှစ်သို့ရောက်သောအခါတွင်မူ သာယာမှု၊ မသာယာမှုတို့ အပြင် မိမိနှင့်ရင်းနှီးကျွမ်းဝင်သည့် အတွေ့အထိ၊ ဟန်ပန်လေသံ၊ အမြှူအချော့၊ အကြိမ်းအမောင်း စသည့် ပတ်ဝန်းကျင်မှ လူကြီးများ၏ လှုံ့ဆော်မှုတို့ကိုပါ ခွဲခြားတုံ့ပြန် တတ်စ ပြုလာသည်။ ကလေး စိတ်ပညာ သုတေသနများအရသော် မိသားစုအတွင်း ကလေးကို ချီပိုးယုယ ချော့မြှူသူများခြင်းသည် ဆက်ဆံရေးတုံ့လှယ်မှုပြုရန်  အခွင့်အလမ်း များစွာကို ဖန်တီးပေးရာရောက်သောကြောင့် စိတ်လှုပ်ရှားမှုနှင့် ဆက်ဆံရေး ဖွံ့ဖြိုးမှုတို့အတွက် လွန်စွာ အရေးပါကြောင်း သိရသည်။ သို့သော် အသက်နှစ်နှစ်တစ်ဝိုက်တွင် တွေ့ရသော ကလေး၏ တုံ့ပြန်ပြုမူမှုတို့မှာ အတ္တဗဟိုပြု (Egocentric) ဖြစ်နေတတ်၏။ သက်ရွယ်တူအုပ်စု(peer group)ကိုလည်း မတုံ့ပြန်တတ်သေးပေ။ လူကြီးများ၏ အမူအရာ အသံတို့အပေါ် မူတည်၍လည်းကောင်း၊ ပတ်ဝန်းကျင်ရှိ ကစားစရာများအပေါ် မူတည်၍ လည်းကောင်း နှစ်သက်လိုလားမှု၊ မနှစ်သက် မလိုလားမှု သဘောမျိုးဖြင့်သာ တုံ့ပြန်တတ်သေး၏။

 အသက်သုံးနှစ်ကျော်သောအခါတွင်မှ သက်ရွယ်တူအုပ်စုအပေါ် စိတ်ဝင်စားကာ ဆက်ဆံရေး တုံ့လှယ်မှု ပြုတတ်၏။ ဆက်ဆံရေး တုံ့လှယ်မှု (Social Interaction)ဆိုသည်မှာ အခြားသောပုဂ္ဂိုလ် တစ်ဦး၏ အပြုအမူ အပြောအဆိုက မိမိအပေါ်လှုံ့ဆော်မှုသဘော သက်ရောက်၍ ယင်းကို မိမိက သင့်လျော်လျောက်ပတ် သည့် အပြုအမူမျိုးဖြင့် ပြန်လည်တုံ့ပြန်ခြင်းကို ရည်ညွှန်းသည်။ သက်ရွယ်တူ အုပ်စု၌ အပြန်အလှန် တုံ့လှယ်ခြင်း ၏ ဆင်တူမှုရှိတတ်ရာ ပုံစံပြရသော် “ဟေ့…..ခွေးကောင်….. ဘယ်လဲကွ” ဟူသော ခပ်ကြမ်းကြမ်း အမေးကို “အေး…..နှမပေး ဒီနားပဲကွ” ဟု ခပ်ရမ်းရမ်း တုံ့ပြန်သည့်သဘော ပါဝင်၏။
 မည်သို့ပင်ဖြစ်စေ ဆယ်ကျော်သက်အရွယ်မှစ၍ကား အပေါင်းအသင်းဖြစ်သော သက်ရွယ်တူ အုပ်စု၏ လွှမ်းမိုးမှုသည် လွန်စွာအရေး ပါသော အချက်တစ်ခုဖြစ်လာ၏။ ဆယ်ကျော်သက်အရွယ်တို့၏ ဆံပင်ပုံစံ၊ ၀တ်စားဆင်ယင်မှု၊ သုံးစွဲသောပစ္စည်းများ၊ စကားအပြော အဆိုနှင့် အယူအဆသဘောထား စိတ်ဝင်စားမှု တို့သည် ခေတ်၏ကြေးမုံပြင်ဖြစ်၏။ လူငယ်တို့၏ လက်ရှိ ဘ၀အခြေအနေကို ရောင်ပြန်ဟပ် တတ်၏။ ခေါင်းပေါင်း ဘီအေပေါင်းသည်လည်းကောင်း၊ ဆံပင်ပုံစံ ဗယ်လင် တီနိုကရော့နှင့် အောင်ကျော် ဆံတောက် သည်လည်းကောင်း စစ်မဖြစ်မီက လူငယ် လူလတ်တို့၏ ထုံးဖွဲ့မှုနှင့် ဆံပင်ပုံစံအပေါ် ခေတ်၏ လွှမ်းမိုးမှုကို ဖော်ပြ၏။ စစ်ပြီးခေတ် ၁၉၆၀ တစ်ဝိုက်တွင်မူ အင်္ဂလန် မှ ဘီတယ်ခေါ် လူငယ်တေးဂီတ၀ိုင်းတစ်ခု၏ လှုံ့ဆော်မှုကြောင့် ဆံရှည် ကုပ်ထောက် လည်ဝဲများ ယောက်ျားကလေး အသိုင်းအ၀ိုင်း တွင် ခေတ်စားခဲ့၏။ ယောက်ျားကလေးတို့၏ ဆံပင်က ရှည်လာ၍ မိန်းကလေးတို့၏ ဆံပင်တိုသွားခြင်းသည်လည်းကောင်း၊ အင်္ကျီ ဘောင်းဘီ ပါးပါးကျပ်ကျပ် ၀တ်ရာမှ ထူထူပွပွသို့ ပြောင်းသွားခြင်းသည်လည်းကောင်း သက်ရွယ်တူအုပ်စု၏ လွှမ်းမိုးမှု များစွာ ပါဝင်၏။ ဆယ်ကျော်သက်အရွယ်၌ သက်ရွယ်တူအုပ်စု၏ “စံ” ကို လိုက်နာကျင့်သုံးရခြင်းသည် သေရေးရှင်ရေးတမျှ အရေးပါ၏။ ယင်းသို့ အရေးပါပုံကို အောက်ဖော်ပြပါ ဥပမာတို့ဖြင့် ထင်ရှားစေပါအံ့။
…ကျွန်တော့်မိတ်ဆွေ ဆရာဝန်တစ်ဦးတွင် အသက်(၁၆)နှစ်အရွယ် သားတစ်ယောက်ရှိ၏။ ဖခင်ဖြစ်သူကား အထက်တန်းကျောင်းသား ဘ၀ကပင် ဘဲမြီးခေါ် ကတုံးဆံထောက်ထားသူဖြစ်၏။ ထို့ကြောင့် သူ့သား ဆံပင်ရှည်ထားသည်ကို နည်းနည်းလေးမှ ကြည့်၍မရပေ။ အဖေနှင့်သား တကျက်ကျက်ဖြစ်နေ၏။ တစ်နေ့တွင်မူ ဖခင်က သူကိုယ်တိုင် ကြီးကြပ်၍ ဆံပင်ညှပ်ဆိုင်သို့ ခေါ်သွားပြီး ခပ်တိုတို ညှပ်ပေး လိုက်၏။ သူ့အနေဖြင့် အောင်မြင်ပြီဟု ယူဆကာ ပြုံးပြုံးကြီးပြန်လာ၏။ သားက ဘာလုပ်သည်ထင်ပါသနည်း။ မိဘများမသိအောင် ခွင့်အမျိုးမျိုး လိမ်လည်တိုင်ကြားကာ ဆံပင် မရှည်မချင်း ကျောင်းမတက်ဘဲနေ၏။ ဖခင်၏ ဓားမိုးမှုအောက်တွင် အညှပ်ခံခဲ့ရသော သူ၏ တိုနန့်နန့် ခေတ်မမီသည့် ဆံပင်ပုံစံကို သက်ရွယ်တူအုပ်စုဝင် သူငယ်ချင်းများ မမြင်စေလိုပေ။ ထို့ကြောင့် ကျောင်း မတက် ဘဲ ရှောင်နေခြင်းဖြစ်ပေ၏။
ဤတွင် လူငယ်တို့၏ ဆက်ဆံရေးတုံ့လှယ်ပြုမူမှု ပုံမှန်ဖွံ့ဖြိုးရေးတွင် လူကြီးတို့၏ သဘောထား ရပ်တည်ချက်သည် လွန်စွာ အရေး ပါကြောင်း သိသာထင်ရှား၏။ ကလေးဘ၀က ဆက်ဆံရေး လှုံ့ဆော်မှုများကို တုံ့ပြန်ရာတွင် လူကြီးတို့၏ နမူနာပြခြင်း၊ သွန်သင်ဆုံးမခြင်း၊ ကွပ်ကဲလမ်းညွှန် ခြင်းသည် လိုအပ်၏။ ဆယ်ကျော်သက်အရွယ် တစ်ဝိုက်တွင်မူ သက်ရွယ်တူအုပ်စုက ဆက်ဆံရေး တုံ့လှယ်မှုတို့ကို လွှမ်းမိုးတတ်ရာ ယင်းလွှမ်းမိုးမှုများ လမ်းမှန်ကမ်းမှန် ဖြစ်စေရေးအတွက် လူကြီးမိဘ ဆရာသမားများက စနစ်တကျ ကွပ်ကဲလမ်းညွှန်ရ မည်ဖြစ်သည်။ သို့သော် ဇွတ်အတင်း အမိန့်အာဏာ သုံးစွဲကွပ်ညှပ်ခြင်းဖြင့်လည်း မိမိတို့လိုချင်သော အကျိုးသက်ရောက်မှုကို မပေးနိုင်ကြောင်း သတိပြု သင့်၏။ မိမိက လူကြီးဖြစ်သည်ဟူသော အယူအဆဖြင့် ဇွတ်အတင်း ဓားမိုး၍ ကွပ်ကဲခဲ့ပါက မလိုလား အပ်သော အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်တတ်ပေ၏။
…သင်သည် လူငယ် ဆယ်ကျော်သက်အရွယ် ဖြစ်ပါက မိမိ၏ အပြောအဆို အပြုအမူနှင့် ၀တ်စား ဆင်ယင်မှုတို့ကို ပြန်လည်ဆန်းစစ်ပါ။ သက်ရွယ်တူအုပ်စု၏ သတ်မှတ်စံနှင့် ကိုက်ညီအောင် ပြုပြင် ထားခြင်းဖြစ်ပါက ယင်းတို့သည် ယဉ်ကျေးမှုလူ့အဖွဲ့အစည်းနှင့် လူကြီးမိဘတို့ သတ်မှတ်ထားသော စံနှင့် မည်ရွေ့မည်မျှ ဆန့်ကျင်ကွဲလွဲနေသနည်းဟူသည့်အချက်ကို ဆန်းစစ်ပါ။ အကယ်၍ အပြောအဆို၊ အပြုအမူ၊ ၀တ်စားဆင်ယင်မှု တစ်ရပ်သည် သက်ရွယ်တူ အုပ်စုစံနှင့် ကိုက်ညီ သော်လည်း လူ့အဖွဲ့အစည်းနှင့် လူကြီးမိဘတို့၏ စံအရမူ အန္တရာယ်ဖြစ်လောက်အောင် ဆန့်ကျင် ကွဲလွဲနေကြောင်း တွေ့ရပါက ယင်းကို ပယ်ဖျက်နိုင်အောင် ကြိုးပမ်းရမည်ဖြစ်ပေသည်။

အဆွေခင်ပွန်းဟူသည်…
…အင်္ဂုတ္တရပါဠိတော် အဋ္ဌကထာတွင် ယခုမျက်မှောက်ဘ၀၌ ချမ်းသာဘောဂနှင့် ပြည့်စုံခြင်း၊ တမလွန်၌ ချမ်းသာကြောင်းဖြစ်ခြင်းတရား ရှစ်ပါးကို ဖော်ပြထားရာ ယင်းတို့မှာ-
(၁) ဥဌာနသမ္မဒါ - ထကြွလုံ့လ ၀ီရိယနှင့် ပြည့်စုံမှု ၊
(၂) အာရက္ခသမ္မဒါ - ရပြီးဥစ္စာကို သိမ်းဆည်းတတ်မှု ၊
(၃) ကလျာဏမိတ္တာ - အပေါင်းအသင်းဆန့်မှု ၊
(၄) သမဇီဝိတတာ - ချွေတာရေးတတ်မှု ၊
(၅) သဒ္ဓါသမ္မဒါ - သဒ္ဓါနှင့် ပြည့်စုံမှု ၊
(၆) သီလသမ္မဒါ - သီလနှင့် ပြည့်စုံမှု ၊
(၇) စာဂသမ္မဒါ - စွန့်ကြဲပေးကမ်းတတ်မှု ၊
(၈) ပညာသမ္မဒါ - နေရာတကာ သိတတ်မှု ဖြစ်သည်ဟု ဆရာတော် အရှင်သြဘာသဘိဝံသ၏ သုတေသန သရုပ်ပြအဘိဓာန်တွင် ဖော်ပြထား၏။ ထို့ကြောင့် ကလျာဏမိတ္တာ-အပေါင်းအသင်းဆန့်မှု (၀ါ) အဆွေခင်ပွန်းကောင်းရှိမှုသည် လောကီကြီးပွားရေးအတွက် လွန်စွာအရေးပါကြောင်း သိသာ ထင်ရှားပေသည်။ ထို့အပြင် လောကနီတိကျမ်း၌လည်း “အမိတ္တဿ-အဆွေခင်ပွန်း မရှိသောသူအား ကုတောသုခံ-ချမ်းသာအဘယ်မှာ ရအံ့နည်း။ အသုခဿ-ချမ်းသာ မရှိသောသူအား၊ ကုတောပုညံ- ကောင်းမှု အဘယ်မှာ ပြုအံ့နည်း။ အပုညဿ-ကောင်းမှု မရှိသောသူအား၊ ကုတောနိဗ္ဗာနံ-နိဗ္ဗာန်ကို အဘယ်မှာ ရနိုင်အံ့နည်း” ဟု ဖော်ပြထားရာ အမြင့်မြတ်ဆုံးသော နိဗ္ဗာန်သို့ရောက်ရှိရေး ကွင်းဆက်တွင်ပင် အဆွေခင်ပွန်းကောင်းများ ရှိခြင်းသည်လည်း အရေးပါ အဓိကကျသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း သိရပေသည်။
 
…အရှင်သြဘာသဘိဝံသက မိတ်ဆွေမျိုးအပြား သုံးပါးကို ဤသို့ ဖော်ပြထား၏။ ဤသို့ မိတ်ဆွေမျိုး သုံးပါးတွင် အစဉ်အတိုင်း တစ်ပါးထက်တစ်ပါး ပိုမိုရင်းနှီးမှုရှိသည်ဟူ၏။
(၁) သန္ဒိဌ မိတ်ဆွေ - အချင်းချင်း တွေ့ကြုံသွားလာပြောဆိုဖူးသော မိတ်ဆွေမျိုး ၊
(၂) သမ္ဘတ္တ မိတ်ဆွေ - အတူတကွ ထမင်းလက်ဆုံ စားဖူးသည်ထိအောင် ရင်းနှီးသော မိတ်ဆွေမျိုး ၊
(၃) သမသိက္ခိတ မိတ်ဆွေ - ကျောင်းနေဖက်၊ ကစားဖက်၊ တစ်ကျောင်းတည်းထွက် မိတ်ဆွေ၊ တရားကျင့်သုံး သီတင်းသုံးဖက်မိတ်ဆွေ၊ ဆရာတူ တပည့်မျိုး  ဟူ၍ ဖြစ်ပေသည်။
…ထို့အပြင် ဟိတောပဒေသကျမ်းမှ ထုတ်နုတ်၍လည်း မိတ်ဆွေမျိုးအပြား လေးပါးဟူ၍ ဆရာတော်က ထပ်ဆင့်ဖော်ပြခဲ့ရာ ယင်းတို့မှာ-
(၁) သြရသ - ရင်၌ဖြစ်သော သားချစ်သမီး ပင်ကိုယ်ပြီးသော မိတ်ဆွေ ၊
(၂) ကတသဗ္ဗန္ဒ - ထိမ်းမြားလက်ထပ် စေ့စပ်၍ ပြုအပ်သော ချွေးမ သမက် ခမည်းခမက်စသော မိတ်ဆွေ ၊
(၃) ၀ံသက္ကမာဂတ - မျိုးရိုးမပျက် ဆင်းသက်လာသော အစဉ်အဆက်ဖြစ်သော မိတ်ဆွေ ၊
(၄) ဗျာသနာရက္ခတ - ပစ္စည်းဥစ္စာ ပျက်သောအခါ၌ လာရောက်စောင့်ရှောက် ကူညီကာကွယ် ပေးတတ်သော မိတ်ဆွေသစ် ဟူ၍ဖြစ်ပေသည်။
…အင်္ဂုတ္တရပါဠိတော် သတ္တကနှင့် ဥဒါန်းအဋ္ဌကထာတို့ကို ကိုးကား၍ မိတ်ဆွေကောင်းတို့၌ ရှိထားရမည့် အင်္ဂါခုနှစ်ပါးကို ဖော်ပြထားရာ-
(၁) ဒုဒ္ဒတံဒဒါတိ - ပေးနိုင်ခက်သော ၀တ္ထုပစ္စည်းကို ပေးခြင်း ၊
(၂) ဒုက္ကရံကရောတိ - ပြုနိုင်ခက်သော ၀တ္တရားကိုပြု၏။
(၃) ဒုက္ခမံခမတိ - အလွန်အမင်း သည်းခံ၏။
(၄) ဂုယှမဿ ပရိဂုယှတိ - လျှို့ဝှက်အပ်သောအမှုကို မပေါ်အောင် လျှို့ဝှက်ထားတတ်၏။
(၅) ဂုယှမဿအာဝီကရောတိ - လျှို့ဝှက်အပ်သောအမှုကို သူ့အား လျှို့ဝှက်ရန် ပြောကြားပေး၏။
(၆) အာပဒါသု န၀ိဇဟတိ - ဘေးရန်ကြုံသောအခါတို့၌ မစွန့်မပြစ်ထားခဲ့၏။
(၇) ဓနခိဏေန နာတိမညတိ - ပစ္စည်းမွဲတေ ဆင်းရဲနေသော်လည်း မထေမဲ့မြင် မပြုဟူ၍ ဖြစ်၏။
…စာရေးဆရာကြီး ဦးသုခကမူ သူ၏ “သုခမှတ်စု”တွင် အနုကမ္မ-မိတ်စစ်လေးယောက်နှင့် အနုပီယဘာဏ-ခင်ပွန်းတုလေးယောက်ကို ဤသို့ ခွဲခြား ဖော်ပြထားသည်။
မိတ်စစ်လေးယောက်ကား-
(၁) မိမိ၌ ဥစ္စာမရှိက စိတ်ဆင်းရဲသူ ၊
(၂) မိမိ၌ ဥစ္စာရှိက ၀မ်းမြောက်သူ ၊
(၃) မိမိ၏ ကျေးဇူးမဲ့ကို ကြားက မနာလိုဘဲ ဟန့်တားပိတ်ပင်သူ ၊
(၄) မိမိ၏ ကျေးဇူးကို ချီးမွမ်းပြောဆိုသူ ဟုဖြစ်ပြီး
ခင်ပွန်းတု လေးယောက်မှာမူ-
(၁) မကောင်းမှုဖြစ်သော်လည်း မိတ်ဆွေအလိုသို့လိုက်၍ ပြောတတ်သူ ၊
(၂) ကောင်းမှုပြုသည်ကို မနှစ်သက်ခြင်း လက္ခဏာရှိတတ်သူ ၊
(၃) မျက်မှောက်တွင်သာ ချီးမွမ်းခြင်းပြုတတ်သူ ၊
(၄) မျက်ကွယ်တွင် ကဲ့ရဲ့ခြင်းပြုတတ်သူ ဟူ၍ ဖြစ်ပေသည်။ ဒုတိယအမျိုးအစားဖြစ်သော အနုပီယ-မိတ်ဆွေတုမျိုးကို အဆိပ်ပါသောပျားရည်ကို မသောက်ဘဲ ရှောင်သကဲ့သို့ ရှောင်ကြဉ်ရန် စံကျောင်း ဆရာတော်က “လောကနီတိဖွင့် အကျယ်လက်စွဲကျမ်း”တွင် “မိတ္တံ-အနုပီယ၊ မိတ္တခေါ်ညွှန်း၊ အဆွေခင်ပွန်းကို၊ ၀ိသကုမ္ဘေ-အသက်အန္တရာယ်၊ ရွံ့ဖွယ်လန့်ထိတ်၊ အဆိပ်တို့ဖြင့်ပြည့်သောအိုး၌၊ မဓုံ-နှုတ်လျှာစိုဆိမ့်၊ ချိုမြိန်သော အရသာရှိသော ပျားရည်ကို၊ ၀ဇ္ဇေယျထော-မသုံးဆောင်ဘဲ၊ သွေရှောင်လွှဲ၍ ကြဉ်ဖဲရာသကဲ့သို့၊ ၀ိဇ္ဇေယျ-မပေါင်းသင်းဘဲ၊ ရှောင်လွှဲသွေခါ၊ ဖဲကြဉ်ရာ၏” ဟု ဆုံးမ နှိုးဆော်ထားပေသည်။
…ယင်းစံကျောင်းဆရာတော်ကပင် လောကနီတိ၊ မိတ္တကဏ္ဍ၊ ဂါထာအမှတ် (၉၂)ကို အဓိပ္ပါယ် ဖွင့်ဆိုကာ အဆွေခင်ပွန်းကောင်းမည်သည် ဤသို့သော ဂုဏ်အင်္ဂါရပ်များရှိသင့်သည်ဟု အောက်ပါအတိုင်း မိန့်ဆိုထား၏။
“ဤလောက၌ တစ်ဦးနှင့်တစ်ဦး အရေးကြီးသောကိစ္စ တစ်ခုကြုံလျှင် မှီခိုအားထားလောက်အောင် ကောင်းမြတ်သော အဆွေခင်ပွန်းကား အလွန်နည်းပါး၏။ ထို့ကြောင့် ကျန်းကျန်းမာမာ ရှိသောကာလ ရွှင်ရွှင်ပြုံးပြုံးနှင့် ထွက်ဝင်သွားလာခြင်းကို မပြတ်ပြုလုပ်ကြသော်လည်း အကြင်အခါကာလ ပလိပ်ရောဂါ၊ ၀မ်းရောဂါစသော တစ်စုံတစ်ခုသော အနာဆိုး ရောဂါဆိုးကြီးများ နှိပ်စက်ခြင်းကို ခံရသောအခါကာလ ရှေးယခင်ကကဲ့သို့ ထွက်ဝင်သွားလာ မေးမြန်းလျက် အသိလုပ်မည့်သူဟူ၍ တစ်စုံတစ်ယောက်မျှ ရှိကြတော့သည် မဟုတ်ချေ။ ထို့ကြောင့် ထိုကဲ့သို့ အနာရောဂါ ရောက်သော အခါတို့၌ ကူညီကြည့်ရှုဖော်ရသော အဆွေခင်ပွန်းများကိုလည်း အဆွေခင်ပွန်းကောင်းဟူ၍ပင် ခေါ်ဆိုရချေမည်။ ထိုမှ တစ်ပါးလည်း ၀ပြောသာယာစဉ်အခါက အသိအမှတ်ပြု၍ မိတ်ဆွေတော်စပ် မည့်သူ များပြားသော်လည်း ငတ်မွတ်ခေါင်းပါးသောကာလ အသိအမှတ်ပြု၍ မိတ်ဆွေပြုလုပ်မည့် သူကိုပင် ရှာဖွေမရ ဖြစ်ချေသည်။ ထို့ကြောင့် အကြင် အဆွေခင်ပွန်းသည် ငတ်မွတ်ခေါင်းပါးသော အခါတို့၌လည်း မိမိကို စွန့်ပစ်မသွားခဲ့သည် ဖြစ်အံ့။ ထိုသူသည် အဆွေ ခင်ပွန်းကောင်းပင်မည်၏။ ဤနည်းတူစွာ ရန်သူနှိပ်စက်သောအခါ၊ ရုံးပြင်ကနားသို့ သွားရောက်ဖို့ ရှိသောအခါ၊ သုဿန်သင်္ချိုင်းသို့ ပို့ရန်ကိစ္စကြုံသောအခါတို့၌ စွန့်ခွာ၍ မသွားမူ၍ ကူညီ မ-စ ဖေးမကြ ကုန်သော အဆွေခင်ပွန်းတို့ကိုသာလျှင် အဆွေခင်ပွန်းကောင်းတို့ဟူ၍ မှတ်ယူကြကုန်ရာ၏။”ဟု ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြတော်မူခဲ့၏။
…မိတ်ဆွေဟူ၍​ ဖြစ်လာသည်နှင့် မိတ်ဆွေတို့ကျင့်အပ်သော ၀တ္တရားများသည်လည်း နောက်ပါး ပါလာ၏။ သိင်္ဂလောဝါဒသုတ်လာ မိတ်ဆွေဝတ်ငါးပါးမှာ-
(၁) အလိုရှိသောအခါတိုင်း မိတ်ဆွေအား ပေးကမ်းချီးမြှင့်ခြင်း၊
(၂) မိမိနှင့် တစ်တန်းတည်းထား၍ ပေါင်းသင်းဆက်ဆံခြင်း၊
(၃) သူ၏စီးပွားကို လိုလားဆောင်ရွက်ပေးခြင်း၊
(၄) ပီယ၀ါစစကားနှင့် ပြောဆို၍ ဆန့်ကျင်ဘက်မဖြစ်အောင် ကြိုးစားခြင်း၊
(၅) တော်မှန်သောစိတ်ထား အမြဲရှိခြင်း ဟူ၍ဖြစ်ရာ ဆောင်ပုဒ်လင်္ကာအဖြစ်မူ-
(၁) ပေးကမ်းချီးမြှင့် (၂) ကိုယ်နှင့်ယှဉ်ထား၊ (၃) စီးပွားဆောင်ရွက်၊ (၄) နှုတ်မြွက်ချိုသာ၊
(၅) သစ္စာမှန်စေ၊ ၀တ်ငါးထွေ၊ ကျင့်လေမိတ်သဟာ-ဟု မှတ်သားလိုက်နာကြရာသတည်း။

မိတ်ဆွေဖြစ်နည်း အမျိုးမျိုး…
…ကျွန်ုပ်တို့သည် ငယ်ရွယ်စဉ်ကာလတွင်မူ ညီအစ်ကို၊ မောင်နှမ၀မ်းကွဲများသည် ကျွန်ုပ်တို့၏ သက်ရွယ်တူ မိတ်ဆွေများပင် ဖြစ်ကြသည်။ ထိုမှတစ်ဖန် ကျောင်းနေ၍ စာသင်သောအခါ အတန်းတူ မိတ်ဆွေ၊ စာကျက်ဖော်မိတ်ဆွေ၊ ကစားဖော်မိတ်ဆွေ၊ ဆက်ဆံရေးလှုပ်ရှားမှု အတူပြုမိတ်ဆွေဟူ၍ အမျိုးမျိုးဖြစ်လာသည်။ ထိုမှတစ်ဆင့် အလုပ်ခွင်သို့ ၀င်ရောက်သည့်အခါတွင် အလုပ်တူမိတ်ဆွေ၊ ရာထူးတူမိတ်ဆွေ၊ ရပ်ကွက်တူမိတ်ဆွေ၊  ၀ါသနာတူမိတ်ဆွေ၊ ဘာသာရေးကျင့်ကြံမှုမိတ်ဆွေ၊ နိုင်ငံရေးမိတ်ဆွေ၊ စာပေမိတ်ဆွေ စသည်ဖြင့် အမျိုးမျိုး ဖြစ်ပေါ်လာပေသည်။
…စခန်းကြီးလှသော အင်္ဂလိပ်လူမျိုးတို့မှာမူ ကြားလူတစ်ဦးဦးက မိတ်ဆက်ပေးမှသာ မိတ်ဆွေအရာ ရောက်သောဟူ၏။ “တစ်ခါက သင်္ဘောပျက်၍ ပင်လယ်ထဲတွင် ကူးခတ်နေသော အင်္ဂလိပ်နှစ်ဦးသည် မိတ်ဆက်ပေးမည့်သူ မရှိသောကြောင့် ရေကူးရင်း စကားပြောခြင်း၊ တိုင်ပင်ခြင်း၊ အားပေးကူညီ ခြင်းပင် မပြုနိုင်ကြပေ” ဟူသော သနားစရာပုံပြင်တစ်ပုဒ် ကြားဖူး၏။ ကျွန်ုပ်တို့ မြန်မာလူမျိုးများကား မိမိဘာသာမိတ်ဆက်ဖို့လည်း ၀န်မလေးတတ်ကြပေ။ သင်္ဘော၊ မီးရထားတို့ဖြင့် ခရီးသွားရင်း သူ့ဟင်း ကိုယ့်ဟင်း လဲလှယ်စားခြင်း၊ သူ့အကြောင်း ကိုယ့်အကြောင်း ပြောခြင်းတို့ဖြင့် မိတ်ဆွေဖြစ်လွယ်ကြပေ၏။
…“မိတ်ဆွေ”နှင့် ပတ်သက်၍ ဤစာရေးသူကိုယ်တိုင် တစ်ခါက ဤသို့  ရေးခဲ့ဖူး၏။ “လောကတွင် အကြီးမားဆုံးသော စိတ်ချမ်းမြေ့မှုကို ပေးစွမ်းနိုင်သည့် အရည်အချင်းတစ်ရပ်သည် လူတိုင်း လက်လှမ်းမီနိုင်သော အဆင့်တွင်ရှိ၏။ ၄င်းသည်ကား ခင်မင်နှစ်လိုဖွယ် မိတ်ဆွေသင်္ဂဟ ပေါများခြင်း ပင်တည်း။ အရေးကြုံပါက ကြင်ကြင်နာနာနှင့် စာနာကူညီတတ်သော မိတ်ကောင်းဆွေကောင်းများ ပတ်ပတ်လည်တွင် ၀ိုင်းရံခြင်းခံရသူလောက် စိတ်ချမ်းသာနိုင်သူ လောကတွင် ရှိအံ့မထင်ပေ။ မိတ်ဆွေပေါ များခြင်း၊ မိတ်ဆွေရှားပါးခြင်းဟူသည် ဘ၀ကံကြမ္မာကြောင့်လည်းကောင်း၊ တစ်စုံ တစ်ဦးသော တန်ခိုးရှင်၏ ဖန်တီးမှုကြောင့်လည်းကောင်း မဟုတ်ပေ။ မိမိ၏ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်ခြင်း၊ ညံ့ဖျင်းခြင်းတို့ကြောင့်သာ ဖြစ်ပေသည်။ ပေါင်းသင်းဆက်ဆံရေး ပြေပြစ်မှုဟူသည် မှာလည်း  သူ့အလိုအလျောက် အမိဝမ်းတွင်းမှ ပါရှိလာသည်မဟုတ်၊ ဘ၀သက်တမ်းတစ်လျှောက် အတွေ့အကြုံပေါ်မှီ၍ သင်ခန်းစာယူရသော ကိစ္စတစ်ရပ်ဖြစ်ပေသည်။ ဘ၀ဟူသည် တစ်ဦးတည်းနေ၍ ပြည့်စုံသည်မဟုတ်၊ အများနှင့် ပေါင်းသင်းဆက်ဆံမှသာ အဓိပ္ပါယ်ရှိ၍ ပြည့်စုံပျော်ရွှင်ဖွယ် ကောင်းသော ဘ၀တစ်ခု ဖြစ်လာနိုင်သည်။ ထို့ကြောင့် အခြားသူများနှင့် အဆင်ပြေစွာ မဆက်ဆံနိုင် သူတစ်ဦးသည် ဘ၀ပျော်ရွှင်မှုသုခကို ခံစားရလိမ့်မည် မဟုတ်ပေ”။
…ဒေးကာနက်ဂျီကမူ သူ၏ “မိတ်ဆွေဖွဲ့နည်းနှင့် သူတစ်ပါးအပေါ် သြဇာညောင်းနည်း” လူပေါ်လူဇော် လုပ်နည်း (၀ါ) မိတ္တဗလဋီကာတွင် လူကြိုက်များအောင်လုပ်နည်း ခြောက်နည်းကို တင်ပြခဲ့ရာ ယင်းတို့မှာ-
(၁) အခြားလူများအပေါ်တွင် အဟုတ်တကယ် စိတ်ဝင်စားပါ၊
(၂) ပြုံးပါ၊
(၃) လောကတွင် သုတိ အသာယာဆုံးသောအသံသည် မိမိနာမည်ကို အခြားသောလူတစ်ဦးက ခေါ်လိုက်သောအခါ ကြားရသော အသံပင်ဖြစ်ကြောင်း သတိပြုပါ၊
(၄) တစ်ဘက်သား စကားပြောနေစဉ် ဂရုတစိုက် နားထောင်ပါ၊ တစ်ဘက်သားတို့အား သူတို့အကြောင်းကို ပြောပြရန် အားပေးပါ၊
(၅) တစ်ဘက်သား စိတ်ဝင်စားလျက်ရှိသည့် ကိစ္စဘက်မှနေ၍ ဆွဲပါ၊
(၆) တစ်ဘက်သားအား သူ့ကိုယ်ကိုသူ အထင်ကြီးအောင် လုပ်ပါ၊ ဤသို့လုပ်ရာ၌ စိတ်ရောကိုယ်ပါ လုပ်ပေးပါ၊ ဟူ၍ ဖြစ်ပေသည်။
…အသုံးချစိတ်ပညာရှင်တို့အလိုအရမူ မိတ်ဆွေဖြစ်ရေးတွင် အပြုသဘောထားရှိမှု (Positive attitude)၊ အသိအမှတ်ပြုလိုအင် (Need for recognition)နှင့် ပေါင်းသင်းလိုအင် (Need for affiliation)တို့ကို ဖြည့်ဆည်းပေးမှုသည် အရေးပါ၏။ ပြုံးခြင်းသည် အပြုသဘောဆောင်သော အမူအရာတစ်ရပ်ဖြစ်၏။ ပြုံးနေသူတစ်ဦးသည် လိုက်လျောခြင်း၊ လက်ခံခြင်း၊ နှစ်သက်ခြင်း၊ သာယာ ကြည်နူးခြင်း စသည့် လက္ခဏာတို့ကို ဖော်ပြနေ၏။ ထို့အတူပင် မိမိနှင့် မိတ်ဆွေဖြစ်ရမည့်သူ၏ ကောင်းကွက်ဟူသမျှကို ရှေ့တန်းတင် ရှုမြင်တတ်၍ ပျော့ကွက်၊ ညံ့ကွက်၊ အားနည်းချက်တို့ကို နောက်ခံကားအဖြစ် မှေးမှိန်ထားတတ်ခြင်းသည်လည်း အပြုသဘောထားပင်ဖြစ်၏။
…မိမိနှင့် မိတ်ဆွေဖြစ်ရမည့်သူကို ကြည့်၍ “ထိပ်ကြီးက ပြောင်လို့၊ မျက်နှာကလည်း ၀က်ခြံတွေနဲ့၊ သွားကလည်း ခေါလိုက်တာ၊ အသံကလဲ ပြာတာတာနဲ့၊ အသားကလည်း မည်းပါပေ့” စသည့် အဖျက်သဘော အမြင်များသာ ပွားနေပါက မိတ်ဆွေဖြစ်ရေးမှာ လုံးဝ မလွယ်ကူတော့ပေ။ ယင်းလူကိုပင် “သူ့ခမျာ ဆံပင်ပါးရှာတယ်၊ လူငယ်ဆိုတော့ မျက်နှာမှာ အဆီများတဲ့အချိန်ပဲ၊ သွားလေးတွေက ရှေ့ထွက်နေပေမယ့် ဖြူဖြူစင်စင်ရှိသား၊ အသံကလေးက တစ်မျိုးသနားစရာ၊ အသားကတော့ အာရှတိုက်သားပီပီ အညိုရင့်ရင့်ထဲကပဲ” ဟူ၍ အပြုသဘော ရှုမြင်တတ်မှသာ မိတ်ဆွေဖြစ်ရေး အစဉ်ပြေလိမ့်မည်ဖြစ်၏။
…ထို့အတူ နာမည်ကိုခေါ်၍ စကားပြောခြင်း၊ သူပြောသည်ကို လေးလေးစားစား နားထောင်ခြင်း၊ ချီးကျူးစရာရှိပါက လှိုက်လှိုက်လှဲလှဲ ချီးကျူးခြင်း၊ သူ၏ အရည်အချင်းကောင်းဟူသမျှကို စိတ်ရောကိုယ်ပါ ဖော်ထုတ်ဂုဏ်တင်ခြင်း စသည်တို့ကား တစ်စုံတစ်ဦး၏ အသိအမှတ်ပြုခံ လိုအင်ကို ဖြည့်ဆည်းခြင်းပင်ဖြစ်၏။ ကျွန်ုပ်တို့အားလုံးသည် “လူတစ်ကိုယ် ထင်တစ်လုံး” များ ဖြစ်ကြ၏။ သို့သော် ကိုယ့် “ထင်” ကို သူများက “ထင်” မှသာ ကျေနပ်မှု ရနိုင်ပေသည်။ ထို့ကြောင့် တစ်ဘက်သားတွင်ရှိသော အထင်ကြီးစရာ အရည်အချင်း ဂုဏ်ပုဒ်ဟူသမျှကို မချန်မခြွင်း ထုတ်ဖော် ချီးကျူးရန် လက်မနှေးပါစေနှင့်။
…မိတ်ဆွေဖြစ်ရေးတွင် တော်ဖြောင့်မှန်ကန်သောစိတ်ထား အမြဲရှိခြင်း၊ သစ္စာရှိခြင်းသည် အရေးကြီး၏။ ယင်း၏ ဆန့်ကျင်ဘက်ကား သစ္စာမဲ့ခြင်း၊ ဟန်ဆောင်ခြင်းပင်ဖြစ်၏။ ထို့ကြောင့် “ဟန်ဆောင်သော မိတ်ဆွေသည် ရန်သူထက်ဆိုး၏” ဟူသောစကား ပေါ်လာရပေသည်။ မိမိ၏ အကြံအစည်၊ အပြောအဆို၊ အပြုအမူ အားလုံးသည် တော်မှန်သောစိတ်ဓာတ်နှင့် ယှဉ်တွဲနေရမည် ဖြစ်၏။ မိမိ၏ပြုံးခြင်းသည် လှိုက်လှဲသောအပြုံးဖြစ်ရမည်။ မိမိ၏ ချီးကျူးမှုသည် မိတ်ဆွေ၏ ဂုဏ်အစစ်အမှန်ကို အလေးအနက် ယုံယုံကြည်ကြည် ဖော်ထုတ်ခြင်းဖြစ်ရမည်။ မိမိ၏ တုံ့ပြန်မှု ဟူသမျှသည် စစ်မှန်သည့် လှုံ့ဆော်မှုတို့ပေါ်တွင် အခြေခံရမည်။ သို့မှသာ (သစ္စာမှန်စေ ၀တ်ငါးထွေ) ဟူသော မိတ်ဆွေဝတ္တရား နံပါတ်ငါးနှင့် ကိုက်ညီလိမ့်မည် ဖြစ်ပေသည်။
…လူငယ်တို့အဖို့ မိတ်ဆွေဖွဲ့ရန် အခြေအနေရော အချိန်ကာလပါ ခွင့်ပြုလျက်ရှိ၏။ လူငယ် ကျောင်းသားဘ၀တွင် မိမိကျောင်းနှင့် အခြားကျောင်းမှလူများ၊ မိမိကျောင်းနေဘက်သူငယ်ချင်းများနှင့် သူတို့၏အစ်ကိုအစ်မ ကောလိပ်၊ တက္ကသိုလ်မှ ကျောင်းသားကြီးများ၊ မိမိရပ်ကွက်တွင်းရှိ ကစားကွင်း၊ ဘုရားကျောင်းကန် ဇရပ်တို့တွင် တွေ့ဆုံမိတ်ဖြစ်ခဲ့ရသည့်​ လူငယ်များ၊ ၁၂ ရာသီပွဲတော်များတွင် ကျောင်း၊ ရပ်ကွက်၊ မြို့နယ်အလိုက် ပါဝင်ဆောင်ရွက်ရင်း တွေ့ကြုံရသော မိတ်သစ်လူငယ်များ၊ ကျိုက်ထီးရိုးကဲ့သို့သော တစ်နယ်တစ်ကျေးမှ တန်ခိုးကြီးဘုရားသို့ သွားရောက်ဖူးမြော်ရာတွင် လမ်းခရီး၌ဖြစ်စေ၊ တည်းခိုရာ၌ဖြစ်စေ၊ တွေ့ကြုံသိကျွမ်းခဲ့ရသူများ၊ ကြက်ခြေနီ၊ မီးသတ်စသော အခါအားလျော်စွာ ပြုလုပ်သည့် သင်တန်းများတွင် တွေ့ဆုံသိကျွမ်းခဲ့ရသူများ၊ မိမိကောလိပ် တက္ကသိုလ်သို့ ရောက်သည့်အခါ ဘာသာတွဲတူသူ၊ တစ်ဆောင်ထဲနေသူ၊ အသင်းအဖွဲ့အားကစားတို့၌ အတူတူလှုပ်ရှားသူ စသည်ဖြင့် လူအရပ်ရပ် နတ်အထွေထွေနှင့် တွေ့ဆုံမိတ်ဖြစ်နိုင်သည့် အခွင့်အလမ်း များလှပေသည်။ လူငယ်ဘ၀တွင် ယင်းအခွင့်အရေးကို အပြည့်အ၀ အသုံးချကာ မိတ်ဆွေများသော၊ အပေါင်းအသင်းဆန့်သော၊ လူငယ်တစ်ယောက်ဖြစ်ရေးအတွက် အစွမ်းကုန် ကြိုးပမ်းကြပါဟု တိုက်တွန်းလိုပေသည်။
…မိတ်ဆွေသစ်များ ထပ်ပွားရရှိရေးကို ဆောင်ရွက်သကဲ့သို့ မိတ်ဆွေဟောင်းများ မဆုံးရှုံးရေးကိုလည်း အထူးဂရုပြု စောင့်ရှောက်ရမည်ဖြစ်ပေသည်။ မြန်မာနီတိကျမ်းများ အဆိုအရ မိတ်ဆွေချင်း မုန်းတီး ပျက်ပြားကြောင်းတရား လေးပါးရှိရာ ယင်းတို့မှာ-
(၁) ပရီးပတား ပြောကြားနေထိုင်ခြင်း၊
(၂) တစ်ဦးထံတစ်ဦး လည်ပတ် ၀င်ထွက်သွားလာမှု မရှိခြင်း၊
(၃) ပစ္စည်းဥစ္စာ ပေးယူဆက်ဆံမှု မရှိခြင်း၊
(၄) အခါမဟုတ်သည်၌ တောင်းယူချေးငှား များလွန်းခြင်း ဟူ၍ဖြစ်ပေသည်။
…ထို့အပြင် ဟိတောပဒေသကျမ်း၌လည်း မိတ်ဆွေ၏ အပြစ်ခုနှစ်ပါးကို ဖော်ပြထားရာ ယင်းအပြစ် ခုနှစ်ပါးတွင် တစ်ပါးပါးရှိသူကိုပင် မိတ်ဆွေ မဖွဲ့အပ်ချေဟု ဆိုထားသောကြောင့် ယင်းအချက်ကိုလည်း မိတ်မဖွဲ့မီကပင် အလေးအနက် ထည့်သွင်း စဉ်းစားကာ ရှောင်ကြဉ်သင့်ကာ ရှောင်ကြဉ်ခြင်းဖြင့် မိတ်ဖြစ်ပြီးမှ ပျက်ရသည့်ဘေးကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်ပေသည်။ ယင်းအပြစ်ခုနှစ်ပါးကား-
(၁) လျှို့ဝှက်သိုသိပ်အပ်သော အကြောင်းအချက်တို့ကို ထုတ်ဖော်ဖွင့်ချခြင်း၊
(၂) အတောင်းအရမ်းများခြင်း၊
(၃) ကြင်နာမဖက် ရက်စက်ကြမ်းကြုတ်ခြင်း၊
(၄) စိတ်ဓာတ်မတည်ခြင်း၊
(၅) ဒေါသကြီးခြင်း၊
(၆) မဖြောင့်မှန်ခြင်း၊
(၇) လောင်းတမ်းကစား အပျော်အပါးများခြင်း ဟူ၍ ဖြစ်ပေသည်။
…စံကျောင်းဆရာတော်က “လောကနီတိဖွင့် အကျယ်လက်စွဲကျမ်း”တွင် “ရွှေအိုးများသည် ကွဲလည်းကွဲခဲ၍ အကယ်၍ ကွဲခဲ့ငြားသော်လည်း ပြန်၍စပ်ခြင်းငှာ လွယ်ကူသကဲ့သို့ ထိုနည်းအတူ မိတ်ဆွေကောင်းအချင်းချင်း ပေါင်းသင်းဆက်ဆံကြရာ၌ တစ်ယောက်ကိုတစ်ယောက်က အနာခံ၍ ပေါင်းသင်းဆက်ဆံတတ်သောကြောင့် တစ်ယောက်နှင့်တစ်ယောက် ကွဲလည်းကွဲခဲ၏။ အကယ်၍ သဘောအယူအဆ ကွဲလွဲ၍ စိတ်အခန့်မသင့် မိကြသည့်အခါ အထင်လွဲ၍ ကွဲခဲ့ငြားသော်လည်း မကြာမီ ပြန်၍ သင့်တတ်ကုန်၏။ ဤကဲ့သို့ မိတ်ဆွေများကား အလွန်နည်းပါးချေ၏။” ဟု ရေးသား တော်မူခဲ့၏။ ထို့ကြောင့် လူငယ်တို့သည်လည်း အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးကာ ရွှေအိုးနှင့်တူသော ဘ၀တစ်သက်တာ သစ္စာစွဲမြဲစွာ တည်တံ့သည့် ဂုဏ်အင်္ဂါလက္ခဏာတို့နှင့် ပြည့်စုံသော မိတ်ဆွေကောင်းများ ရရှိရေးအတွက် အစွမ်းကုန်ကြိုးပမ်းကြပါဟု နှိုးဆော် တိုက်တွန်း လိုက်ပါသတည်း။
လူတိုင်းနှစ်သက်သည့် အင်္ဂါရပ်များ…
…လူအချင်းချင်း ပေါင်းသင်းဆက်ဆံရာတွင် လူများစု မည်သည့်အင်္ဂါရပ်များကို နှစ်သက်လက်ခံ ကြသနည်း ဟူသောအချက်ကို သိထားသူသည် အောင်မြင်သူဖြစ်၏။ အထူးသဖြင့် အပြုအမူ ဆိုင်ရာနှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အင်္ဂါရပ်အချို့သည် လူများစုအဖို့ လိုလားနှစ်သက် လက်ခံဖွယ်ရာ ဂုဏ်သတ္တိတို့နှင့် ပြည့်ဝ၏။ ယင်းအင်္ဂါရပ်တို့ မိမိတွင် ဖွံ့ဖြိုးအောင် လေ့ကျင့်ပျိုးထောင် နိုင်ပါက မိတ်ဆွေပေါများရေးတွင် များစွာ အထောက်အကူ ပြုနိုင်ပေသည်။
…အသုံးချဆက်ဆံရေး စိတ်ပညာရှင်တို့ အလိုအရမူ လိုလားနှစ်သက်ဖွယ်ဖြစ်သော ဆက်ဆံရေး အင်္ဂါရပ်တို့မှာ​ အောက်ပါအတိုင်း ဖြစ်ပေသည်။
(၁) ယဉ်ကျေးဖော်ရွေခြင်း- အပြောအဆို၊ အပြုအမူတို့ဖြင့် တစ်ဘက်သား စိတ်ချမ်းသာအောင် ပြုမူခြင်း၊
(၂) ပါးနပ်လိမ္မာခြင်း- စကားအရာ ပြေပြစ်ချေငံခြင်း၊ အခါအခွင့် သိတတ်ခြင်း၊ အကြမ်းမှုကို အနုဖြင့် အောင်စေတတ်ခြင်း၊ ကာလ ဒေသ အချိန်အခါအလိုက် ဆက်ဆံပြုမူတတ်ခြင်း၊
(၃) မိတ်ဆွေဖြစ်လွယ်ခြင်း- လူများအပေါ် စိတ်ဝင်စားကြောင်း၊ ခင်မင်ကြောင်း ပြသခြင်း၊ တွေ့သည့်အခါ အမည်ကို ဖော်၍ဖြစ်စေ၊ ရာထူးကိုဖော်၍ဖြစ်စေ နှုတ်ဆက်ခြင်း၊ သူ့စကားကို စိတ်ဝင်စားစွာ နားထောင်ခြင်း၊ လိုက်လျောညီထွေစွာ ကျင့်ကြံခြင်း။
…ဆက်ဆံရေးစိတ်ပညာရှင်တို့ကမူ ဆက်ဆံရေးလက်ခံခြင်း(Social acceptance)ဟူသော စကားကို သုံးစွဲခဲ့၏။ ဆက်ဆံရေးအရ လက်ခံမှုမြင့်မားသူများသာ မိတ်ဆွေဖြစ် လွယ်ကူနိုင်ပေသည်။ အသက် ၁၃ နှစ်မှ ၁၅ နှစ်အတွင်း ဆယ်ကျော်သက် လူငယ်တို့အဖို့ ဆက်ဆံရေးလက်ခံခြင်းနှင့် ဆက်နွယ်သည့် ဥာဏ်ရည်နှင့် ကိုယ်ရည်ကိုယ်သွေးဆိုင်ရာ အချက်အလက်များ ဆက်ဆံပုံကို သုတေသနပြုခဲ့ရာ ပေါ်ထွက်လာသော ရလဒ်များမှာ ဤသို့ဖြစ်၏။ ဆက်ဆံရေးလက်ခံမှုတွင် လိုအပ်သော အင်္ဂါရပ်များမှာ-

(၁) ဥာဏ်ရည်တွင် သာမန်အထက်ဖြစ်ခြင်း၊
(၂) ဆက်ဆံရေး ပြေပြစ်ခြင်း၊
(၃) အခြားသူများကို အနှောက်အယှက် မပေးခြင်း၊
(၄) တရားမျှတခြင်း၊
(၅) တိုးတိတ်ညင်သာခြင်း၊
(၆) ဟာသဓာတ်ခံ ရှိခြင်း၊
(၇) အားကစားစိတ်ဓာတ် ရှိခြင်း၊
(၈) ကူညီတတ်ခြင်း၊
(၉) ဘ၀င်မမြင့်ခြင်း၊
(၁၀) ပေါင်းသင်းရ လွယ်ကူခြင်း၊
(၁၁) အလေးအနက် ထားတတ်ခြင်း၊
(၁၂) အရှက်အကြောက် ရှိခြင်း၊
(၁၃) ယောက်ျားပီသခြင်း၊
(၁၄) ရိုးသားခြင်း၊
(၁၅) သန့်ရှင်းခြင်း၊
(၁၆) ဒုက္ခမပေးတတ်ခြင်း၊
(၁၇) စကားအရာ လိမ္မာခြင်း၊
(၁၈) သူတစ်ပါးနှင့် ခိုက်ရန် မဖြစ်ပွားတတ်ခြင်း၊
(၁၉) ကြင်နာတတ်ခြင်း၊
(၂၀) ယုံကြည်စိတ်ချရခြင်း၊
(၂၁) အခြားသူများနှင့် အဆင်ပြေစွာ နေတတ်ခြင်း၊
(၂၂) ခေါင်းဆောင်မှုပေးခြင်း၊
(၂၃) ပျော်ရွှင်တတ်ခြင်း၊
(၂၄) ပူးပေါင်းဆောင်ရွက်တတ်ခြင်း၊
(၂၅) ပညာလိုလားခြင်း၊
(၂၆) စိတ်ဝင်စားမှု တူညီခြင်း၊
(၂၇) စိတ်ဝင်စားဖွယ် ကောင်းခြင်း၊
(၂၈) ဣနြေ္ဒစောင့်စည်းခြင်း၊
(၂၉) သဘောထား တိုက်ဆိုင်ခြင်း၊
(၃၀) နောက်ပြောင် ကျီစယ်မှုကို လက်ခံတတ်ခြင်း၊
(၃၁) စိတ်ဓာတ်ရင့်ကျက်ခြင်း၊
(၃၂) ရက်ရောခြင်း၊
(၃၃) ရုပ်ရည်တင့်တယ်ခြင်း၊
(၃၄) စာရိတ္တကောင်းခြင်း၊
(၃၅) နားလည်မှုရှိခြင်း၊
(၃၆) အများနှင့် ပါဝင်လှုပ်ရှားခြင်း၊
(၃၇) တည်ငြိမ်ခြင်း၊
(၃၈) သစ္စာရှိခြင်း၊
(၃၉) သပ်ရပ်စွာ ၀တ်စားဆင်ယင်ခြင်း ဟူ၍ဖြစ်ကြောင်း တွေ့ရှိရပေသည်။
…အချုပ်ဆိုရသော် အထက်က တင်ပြခဲ့သော အင်္ဂါရပ် (၃၉)ခုအနက် အများဆုံးပြည့်စုံသူများကို သူ၏ သက်ရွယ်တူအုပ်စုက မိတ်ဆွေ အဖြစ် ဆက်ဆံရေး လက်ခံမှုရှိကြောင်းနှင့် ယင်းဂုဏ်သတ္တိ အရေအတွက် များလေလေ မိတ်ဆွေဦးရေလည်း များလေလေဖြစ်ကြောင်း .. တွေ့ရပေရာ ကလျာဏမိတ္တာ အဆွေခင်ပွန်းကောင်းများလိုသူ လူငယ်အပေါင်းသည် အဆိုပါ အရည်အချင်းများ ပြည့်ဝရေးအတွက် နည်းမျိုးစုံဖြင့် ကြိုးပမ်းကြပါကုန်ဟု လူငယ်တို့အတွက် နည်းလမ်းကောင်းများ ပေးလိုပါသည်။

...ဆရာကြီး ဒေါက်တာကျော်စိန်၏  "လူငယ်လမ်းညွှန်"  မှ ဖော်ပြပါသည်...

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>