2 3 4 5 6 7 8 9 10

Wednesday, April 3, 2013

မြန်မာ့ရိုးရာ ယွန်းလုပ်ငန်း

ယွန်းလုပ်ငန်းတွင် အဓိက လုပ်ငန်းပိုင်းကြီးသုံးရပ် ရှိသည်။ ၁။ အဖြူ ထည်လုပ်ငန်း ၂။ အနက်ထည်လုပ်ငန်း ၃။ ယွန်းထိုး၊ ယွန်းခွဲဆေး ရောင်သွင်းလုပ်ငန်း တို့ဖြစ်သည်။ လုပ်ငန်းပိုင်း သုံးခု ကွဲပြားကြသလို ထုတ်လုပ်သူတို့ကိုလည်း လုပ်ငန်း အလိုက် အစွဲပြု၍ ရှေးခေတ်ကပင် အမည်ခွဲခြားပေးပြီး ခေါ်ဝေါ်ခဲ့ ကြသည်မှာ ယနေ့အထိဖြစ်သည်။



အဖြူထည် ထုတ်လုပ်သူတို့ကို အဖြူ သမား၊ အနက်ထည် ထုတ်လုပ်သူ တို့ကို တိုက်သမား၊ ယွန်းထိုး၊ ယွန်း ခွဲ သူတို့ကို ယွန်းသမား၊ ကြိုးတိုက် သူတို့ကို ကြိုးသမားဟူ၍ ခွဲခြားခေါ် ကြသည်။ ထုတ်လုပ်သည့် ပစ္စည်းတို့ ကိုလည်း အဖြူထည်၊ အနက်ထည်၊ ယွန်းထည်ဟူ၍ သုံးမျိုးခွဲခြားထားခဲ့ ကြသည်။

အဖြူကိုင်ဝါး
ဝါးအဖြူထည်လုပ်ငန်း အတွက် ခွေထည်၊ ရက်ထည်၊ ထုတ် လုပ်ရန်အသုံးပြုသော ဝါးကို အဖြူ ကိုင်ဝါးဟု ခေါ်သည်။ ဝါးထွက်ရာ အရပ်ဒေသကို အစွဲပြု၍ ရွှေလီဝါး၊ သပိတ်ကျင်းဝါး၊ စင်ခမ်းဝါး၊ ရွှေကျင် ဝါး၊ နောင်ပုံဝါး၊ ကိုးတန်ဝါး၊ ပျဉ်း မနားဝါး၊ မဲတင်းခါးဝါးဟု ခွဲခြား ခေါ်ဝေါ်ကြသည်။

ရှေးခေတ်က အဖြူသမားတို့ သည် ရွှေလီမှလာသော ရွှေလီ တင်း ဝါးကိုသာ ရက်ထည်၊ ခွေထည်ပြု လုပ်ရန် အသုံးပြုခဲ့ကြသည်။ ရွှေလီ တင်းဝါးမှာ ၁၃ တောင်ခန့်ရှည်ပြီး အလုံးချော၊ ရင်ဖျားညီ၊ အဆစ်ရှည် ဝါးဖြစ်၍ ဝါးမျက်စိကျဉ်းကာ ဝါး သားကျစ်၍ ချောသည်။ နှီးကိုင်၊ နှီး ဖြာ၊ နှီးစိတ်၊ နှီးတုပ်ရာတွင် လုပ် ငန်းအတွက် အစစအဆင်ပြေသည်။

ယခုအခါ ရွှေလီဝါးများ အလာ ကျဲသွားသဖြင့် ၁၆ တောင်မှ ၁၉ တောင်အထိရှည်သော မဲတင်းခါးဝါး ကို ရက်ထည်၊ ခွေထည်အဖြစ် အသုံး ပြုလျက်ရှိကြသည်။ ဝါးအဖြူထည် ထုတ်လုပ်သော အဖြူသမားများသည် အဖြူကိုင်ဝါးကို ဝါးကပ်ထရံလုပ်ငန်း ရှင် (ဝါးထောင်ပိုင်ရှင်)တို့ထံမှ တစ် ဆင့် ဝယ်ယူကြရသည်။

ဝါးကပ်ထရံလုပ်ငန်းရှင်တို့ သည် ဧရာဝတီ၊ ချင်းတွင်းမှ မျှော လာသော ဝါးဖောင်များမှ ဖောင်စည်း လုံးချုပ်၍ သော်လည်းကောင်း၊ ဝါးပျစ်များကို စိတ်ကြိုက်ရွေးချယ်၍ သော်လည်းကောင်း ဝယ်ယူ၍ မြစ်ကမ်းမှ သယ်ယူကာ အိမ်၌ ဝါးထောင်များအဖြစ် ပြုလုပ်ထားကြသည်။ ထိုသို့ဝါးစင်များဆောက်၍ ဝါးများထောင်ရာတွင် ရေစိုဝါး၊ ရေလွတ်ဝါး ခွဲခြားထောင်ထားလေ့ ရှိသည်။ အခွေသမားတို့က ပိုတမ်းဝါးခေါ် ရေလွတ်ဝါးကို ကြိုက်ကြပြီး ရက်ထည်သမားတို့က ရေစိုဝါးကို ကြိုက်ကြသည်။ ဝါးထောင်ပိုင်ရှင်တို့က အဖြူ သမားများကို လုံးကောက် ရောင်းသည်။

သစ်စေးသမား
ယွန်းလုပ်ငန်းသည် သစ်စေးကို အဓိကထား၍ ရေလဲသုံး၍ ထုတ်လုပ်ကြရသည်။ အနက်ထည် ထုတ်လုပ် သူ တိုက်သမားများသည် နိစ္စဓူဝ သစ်စေးကို ကိုင်တွယ်၍ အလုပ်လုပ်ကြရသူများ ဖြစ်သည်။ တိုက်သမားသည် သစ်စေးနှင့်ဖက်၍ အလုပ်လုပ်ရသူတို့ ဖြစ်သောကြောင့် လုပ်ငန်းအတွေ့ အကြုံအရ သစ်စေးအကြောင်း နော ကျေနေအောင် သိနေကြသည်။

တိုက်လုပ်ရင်း သစ်စေးအကြောင်း၊ သစ်စေးသဘာဝ ကုန်စင်အောင် သိသူတို့ ဖြစ်လာကြရာမှ တိုက်သမားအပြင် သစ်စေးသမားလည်း ဖြစ်လာကြတော့သည်။ အချို့ဆိုလျှင် ရှမ်းပြည်နယ်မှ ပအို့ဝ်သစ်စေး ကုန်သည်များနှင့် အဆက်အသွယ်ဖြစ်ပြီး ရောင်းပြီးငွေ ချေစနစ်ဖြင့် သစ်စေးကုန်သည်ပွဲစား များပင်ဖြစ်ကာ ကြီးပွားချမ်းသာလာသူ တို့ရှိကြသည်။ တိုက်သမားတဖြစ်လဲ သစ်စေးသမား ဖြစ်သွားကြသည်။

တိုက်လုပ်ရင်း သစ်စေးသမား ဖြစ်နေသူများလည်းရှိသည်။ ယွန်း လုပ်ငန်းရှင်ကြီးများက မိမိဆီ လုပ် ကိုင်သော တိုက်သမားကို သစ်စေး သမားအဖြစ် အဝယ်တော် ခန့်အပ်ထားခြင်းဖြစ်သည်။ အဝယ်တော် သစ်စေးသမားတို့သည် သစ်စေးအမျိုး အစား အဆင့်ခွဲရာ၌ ကျွမ်းကျင် သည်။

ရှမ်းပြည်နယ်၊ ကျိုင်းတောင်း၊ ကျိုင်ပန်၊ မောက်မယ်၊ ကဒူးကြီး၊ ကဒူးကလေးဒေသမှ လာသော သစ်စေးတို့ကို ပထမတန်းစား၊ ထိုပထမ တန်းစားသစ်စေးများအနက်မှ ယွန်းလုပ်ငန်းအတွက် အကောင်းဆုံး သစ်စေးအဖြစ် ကျိုင်းတောင်းသစ်စေးကို သတ်မှတ်ကြသည်။

ဗန်းမော်၊ ကသာ၊ ရပ်စောက် သစ်စေးတို့ကို ဒုတိယတန်းစား။ နေပြည်တော်ပျဉ်းမနား၊ လယ်ဝေး၊ ရေနီ၊ ယောသစ်စေးတို့ကို တတိယတန်းစား စသည်ဖြင့် သစ်စေးသမားများက ခွဲ ခြားထားကြသည်။



သစ်စေးစမ်းသပ်မှုတွင်လည်း ပညာသားပါကြသည်။ သစ်စေးပုံးများသည် လေးထောင့်ပုံးများဖြစ်ကြ သည်။ ထောင့်တစ်ထောင့်တွင် တစလက်မခွဲခန့် ဓားဦးဖြင့် ထိုးဖောက်ထားသည့် အပေါက်၌ ထိုးတံခေါ် ဝါးတုတ်တံ တစ်ခုစီပါသည်။ ကျွမ်း ကျင်သော သစ်စေးသမားသည် ထိုး တံကို တစ်ချက်၊ နှစ်ချက် အထက်မှ အောက်သို့ ထိုးကြည့်ရုံနှင့် သစ်စေး အကောင်း၊ အညံ့ ခွဲနိုင်သည်။

ကြံသကာရည်ရောခြင်း၊ ရေ ထိုးခြင်း၊ ကညင်ဆီရောခြင်း၊ အင် ဇော်ပါခြင်းတို့ကို ပြောနိုင်သည်။ နောက်တစ်နည်းမှာ သစ်စေးအနံ့ခံ၍ အကောင်း အညံ့ကို ရှေးက သစ်စေး သမားတို့ ခွဲနိုင်ကြသည်။ ထိုသစ် စေးမျိုးဆိုလျှင် အဖုံးဖွင့်၍ စစ်စရာ မလို ထိုးတံနှင့် ထိုးကြည့်ရုံ၊ အနံ့ခံ ကြည့်ရုံနှင့် သိကြသည့်အလျောက် မိမိတို့လုပ်ငန်းရှင်တို့အား ဝယ်ယူကြ ခြင်းမပြုရန် အကြံပေး၍ ပြန်အပို့ ခိုင်း တတ်ကြသည်။

သစ်စေးကောင်း၊ မကောင်းပုံးကို ဖောက်စစ်နည်းများလည်း ရှိသည်။ သစ်စေးပုံးကို ဖောက်ပြီးသည်နှင့် အဖုံးသံပြားအတွင်း မျက်နှာပြင်အနှံ့ ကျောက်ခက် ကျောက်ပန်းကဲ့သို့ တွဲရရွဲကျနေက သစ်စေးကောင်းသည်ဟု သတ်မှတ်၍ ဗြုတ်ရှပ်ခဲဖြစ်ပြီး မာကျစ်နေက သစ်စေးညံ့ဟု သတ်မှတ်ကြသည့် စစ်ဆေးနည်းတစ်မျိုး။

သစ်စေးအနည်းငယ်ကို လင်ဗန်းထဲထည့်ကာ ဖြန့်ပြီးနောက် လင် ဗန်းဖင်ကို မီးမြှိုက်ကြည့်က သစ်စေးအမြှုပ်ထ(ဘောစီး)လျှင် သစ်စေးညံ့။ အမြှုပ်မထဘဲ သစ်စေးသား ကျ ပြီး ကျဲလာက သစ်စေးကောင်းဟု သတ်မှတ်သည့် စစ်ဆေးနည်းတစ်မျိုး။

သစ်စေးပုံးထဲသို့ နှီးကျောပြား အဆုံးထိ ထိုးနှစ်၍ ဖြည်းဖြည်းချင်း အထက်သို့ ပြန်ဆွဲယူပြီး ကြည့်က သစ်စေးကောင်းလျှင် နှီးကျောပြားတွင် သစ်စေးပါးလျှညီညာစွာ သုတ်လိမ်းထားသကဲ့သို့ ပါလာပြီး သစ်စေးညံ့လျှင် အပျစ်အခဲလိုက် ကပ်ညိပါ လာတတ်သည့် စစ်ဆေးနည်းတစ် မျိုး။

သစ်စေးအခြောက်မြန်ခြင်း၊ အခြောက်နှေးခြင်းကိုလည်း နှီးကျောပြားတွင် သုတ်လိမ်းပြီး တိုက်အိပ်ခံ ကြည့်သည့် စစ်ဆေးနည်းတစ်မျိုး လည်းရှိသေးသည်။ သစ်စေးကောင်း က အလျင်အမြန် ခြောက်လွယ်ပြီး သစ်စေးညံ့က အပေါ်ယံတင်း၍ စေးထန်းထန်းနှင့် မခြောက်လွယ်ဘဲ ဖြစ်နေတတ်သည်။

ထိုစစ်ဆေးနည်းများမှာ အပိုင်ဝယ်ပြီး သစ်စေးပုံးကို ယွန်းလုပ်ငန်း၌ မသုံးစွဲမီ သစ်စေးကောင်း၊ ညံ့ စစ်ဆေးနည်းများဖြစ်ကြသည်။ သစ်စေးပုံး ဖောက်ပြီးလျှင် ပုံးထဲ၌ပင် သစ်စေးအိပ်(ခြောက်)တတ်သဖြင့် အပေါ်ယံ ရေအမြဲ ဖြည့်ပေးရသည်ကို သစ်စေးရေ တင်းသည်ဟု ခေါ်သည်။


အနက်ထည်လုပ်ငန်းသုံး ဝေါဟာရများ
ယွန်းထည် ထုတ်လုပ်ရာတွင် လက်မှုအနုပညာပိုင်းဖြစ်သောကြောင့် အနက်ထည်နှင့် ယွန်းထည် ကွဲပြားသည်။ အနက်ထည်မှာ လက်မှုပညာသက်သက် ထုတ်လုပ်မှုအပိုင်း၌ ပါဝင်သည်။ တိုက်သမားများထုတ် လုပ်ထားသည့် အနက်ထည်အပေါ် ယွန်းသမားတို့က ယွန်းလက်မှု အနုပညာဖြင့် ယွန်းထည်ပစ္စည်းများအဖြစ် မွမ်းမံထုတ်လုပ်ခြင်းဖြစ်သည်။ အနက် ထည်ပြုလုပ်ရာတွင် အောက်ပါအတိုင်း အဆင့်ဆင့် ပြုလုပ်ယူရ သည်။

၁။ စဥ့်ဖတ်ဆွဲ(စစ်မတ်ဆွဲ)
၂။ ဆွတ်
၃။ စဥ့်ဖတ်ထေး(ချက်ဖာချက်ထေး)
၎။ ဓားကောက်ခြစ်
၅။ မြေခံ (မြေသိပ်)ခဲခံ
၆။ အတွင်းရှပ်(အတွင်းခံ၊ ခဲစား)
၇။ အပြင်ရှပ်(အပြင်ခံ၊ ခဲစား)
၈။ နွံချော(သားရိုးချော)
၉။ အတွင်းအချောခံ(ကျောက်စား)
၁ဝ။ အပြင်အချောခံ(ကျောက်စား)
၁၁။ နားပန်းပတ်(ခွာထည့်)
၁၂။ ခွာထိုး
၁၃။ အဖုံးနားပန်းတင်
၁၄။ သားရိုးချော(အတွင်းသားရိုးချော)
၁၅။ သားရိုးချော(အပြင်သားရိုးချော)
၁၆။ အတွင်းအရောင်ခံ
၁၇။ အပြင်အရောင်ခံ
၁၈။ မြေလက်(အပြင်)
၁၉။ မြေလက်(အတွင်း)
၂ဝ။ ယွန်းထပ်
၂၁။ ယွန်းသုတ်
၂၂။ ယွန်းလက်
၂၃။ ယွန်းချော
၂၄။ မီးသွေးရှင်း
၂၅။ မီးသွေးထိုး
၂၆။ နားပန်းကြွက်မြီးဖောက်ဆက်
၂၇။ နားပန်းချိတ်ဆတ်
၂၈။ နားပန်းတေ့ဆက်

ယွန်းဆေးရောင်များ ဖော်စပ်နည်း
ယွန်းဆင်၊ ယွန်းခွဲပြုလုပ်ပြီး ဆေးရောင်များသွင်းခြင်းကို ယွန်း သွတ်သည်ဟု ခေါ်သည်။ ယွန်းသွတ်ရာ၌ အသုံးပြုသော ဆေးရောင် များမှာ အနီ၊ အဝါ၊ အစိမ်း၊ စကား ဝါရောင်၊ အနက်ရောင်တို့ဖြစ်သည်။ အနီရောင်ကို ဟင်္သာပြဒါး၊ အဝါရောင်ကို ဆေးဒါန်း၊ အစိမ်းရောင်ကို ဆေးဒါန်းနှင့် မဲနယ်ရောစပ်၊ စကားဝါရောင်ကို ဟင်္သာပြဒါးနှင့် ဆေးဒါန်း ရောစပ်၊ အနက်ရောင်ကို ကျောက်မီး သွေးတို့မှ ဖော်စပ်ရရှိသည်။

ဟင်းရိုင်း
ယွန်းလုပ်ငန်းသုံး ဟင်္သာပြဒါးခေါ် ရွေးမှာ တရုတ်ပြည်မှ တင်သွင်းစဉ်က အရိုင်းတုံးများအဆင့်ဖြစ် သည်။ ဟင်္သာပြဒါးဖြစ်မည့် အရိုင်း တုံးများကို ဟင်းရိုင်းတုံးများဟု ခေါ် သည်။

ရွေးဆေးခြင်း
ဟင်းရိုင်းတုံးများကို အခန်း အလုံပြုလုပ်ထားသည့် မောင်းဆုံတွင်ထည့်၍ ထောင်းရသည်။ ထောင်းပြီး ဟင်းရိုင်းတုံး အကြေအမွများကို ရေအပြည့်ထည့်ထားသော စဥ့်အိုးကြီးများနှင့် ရေစိမ်ပြီး အနှစ်ကျ ခံရသည်။ ရေစီသည်ဟု ခေါ်သည်။

ပထမအဆင့်ပိုင်းနှင့် ရေစီထား သည့် ဟင်းရိုင်းများကို အနှစ်ချန်ကာ ဆယ်ယူ၍ ဒုတိယ စဥ့်အိုးတွင် ပြောင်း၍ ရေစီရပြန်သည်။ ထိုနည်း အတိုင်း တတိယစဥ့်အိုးသို့ ပြောင်း၍ ရေစီရပြန်သည်။ ထိုသို့ ညသိပ်ရေစီ ပြီး အပေါ်ယံရှိ အကာ အဖြုန်းများ ကို ဆယ်ယူ၍ ဖယ်ထားရသည်။ ပထမ စဥ့်အိုး၊ ဒုတိယ စဥ့်အိုး၊ တတိယ စဥ့်အိုးထဲမှ ရေများကို ခပ်ထုတ်ပြီးလျှင် အနည်ထိုင်နေသော ဟင်းအရိုင်းနှစ်များအား ခပ်၍ ပထမ၊ ဒုတိယ၊ တတိယ ခွဲခြားကာ စဥ့်အင်တုံကြီး သုံးလုံးဖြင့်ထည့်၍ ရေမြုပ်အောင် လောင်းပေးရသည်။

ထို့နောက် ပထမအင်တုံထဲက ဟင်းရိုင်းအနှစ်များတွင် ကျန်ရှိနေသည့် ဟင်းရိုင်းကျောက်စများ၊ အမှော်အမည်းများအား ခပ်ခွက်နှင့် ရမ်းပြီးဖယ်ရှားပစ်ရသည်။ ဒုတိယ အင်တုံ၊ တတိယအင်တုံအတွင်းရှိ ဟင်း ရိုင်းများကိုလည်း ထိုနည်းအတိုင်း ပြုလုပ်ပေးရသည်။ ကျင်ပြီး ကျန်ရှိသော ဟင်းရိုင်းနှစ်တို့ကို ပထမ၊ ဒုတိယ၊ တတိယခွဲ၍ ကြေးလင်ပန်း ကြီးသုံးချပ်တွင် ထည့်၍ အခြောက်ခံရသည်။ ရွေးဆေးသည်ဟု ခေါ်သည်။ ယခုအခါ ကြေးလင်ပန်းများအစား သစ်စေးနှီး လင်ပန်းများကို အသုံးပြုကြသည်။ လင်ပန်းထဲမှ အနှစ်ရည်များ ခြောက်ခန်းပြီး ပတ်ကြားအက်သည်အထိ ထားပြီး မောင်းဆုံ၌ ထည့်ကာ တစ်ပြန်ထောင်းရ ပြန်သည်။ ထောင်းပြီး ဟင်းရိုင်းမှုန့်များကို အင်တုံကြီးများတွင်ထည့်၍ ရေနှင့်ဖျော်မွှေပေးရသည်။ တစ်ဖန်အဝတ်နှင့် စစ်ယူပြီး အနှစ်ရည်ပုံများကို တိမ်ထားရသည်။ ပထမစဥ့်အိုးမှ အနှစ်ရည်များသည် အကောင်းဆုံး ရွေးအဖြစ်ရသည်။ ဒုတိယ စဥ့်အိုးမှ အနှစ်ရည်များသည် ဒုတိယရွေး အဆင့်ရပြီး တတိယစဥ့်အိုးမှ အနှစ်ရည်များမှာ စကားရောင် နီဖျော့ဖျော့ ရွေးအဆင့်ရသည်။ ရွေးဆေးပြီး ကျန်ရှိသော ဟင်းရိုင်းကို အညံ့အဖျင်း ဆုံးအဖြစ်နှင့် ပြဒါးဖုတ်ရာတွင်အသုံး ပြုကြသည်။

ဟင်းရိုင်းတုံး တစ်ပိဿာကို ဆေးပြီး ရွေး ၈ဝ ကျပ်သားရသည်။ စကားရောင်ကို၂ဝ ဆေးမှ ၁ဝ သား ရသည်။ ဆေးပြီးရွေးမှာ သိပ်သည်း၍ အချိန်စီးပြီး တန်ဖိုးလည်းကြီးသည်။ ရှေးခေတ်က ယွန်းသမား လောကသားတို့ ရွေးအရောင်းအဝယ် လုပ်ရာ၌ ရွှေကဲ့သို့ တန်ဖိုးထားကာ ရွှေချိန်သည့် ကြေးချိန်ခွင် အလေးများဖြင့် ချိန်တွယ်ပြီး အရောင်းအဝယ် လုပ်ကြသည်။

ချိန်တွယ်သည့်အလေးအဖြစ် ရွေးစေ့လေးများဖြင့် ချိန်သည့်အခါ ၁ဝ ရွေး၊ တစ်ကျပ်သာ နှုန်းသတ်မှတ်သည်။ ရွေးကို မိုင်းကိုင်စက္ကူဖြင့် ထုပ်၍ အရောင်းအဝယ် ပြုလုပ်လေ့ရှိ ပြီး ရွေးတစ်ကျပ်သား အထုပ်ကလေး တစ်ထုပ်ဆိုလျှင် လျက်ဆားထုပ်ငယ် တစ်ခုမျှသာ ရှိသည်။

ဆေးဒါန်းကြိတ်ခြင်း
ယွန်းဆေးရောင်သွင်းရန် အဝါရောင်ကို ဆေးဒါန်းမှရသည်။ ရှေးခေတ်က ကျောက်ဆေးဒါန်းကို ကျောက်ပြင်ကြီးပေါ်တွင် လက် ကြိတ်ကျောက်တုံးဖြင့် ထုခွဲပြီးမှ သံပရာရည် ဖျန်း၍ ရေပေးကာ ကြိတ်ရပါသည်။ ဆေးဒါန်းမှုန့်အဖြစ် သုံးကြိမ်ခန့် ကြိတ်ယူရသည်။ ပထမ အကြိမ်ကြိတ်ပြီး ဆေးဒါန်းအနှစ် ရည်များကို လင်ပန်းဖြင့်ထည့်ကာ နေပြထားရသည်။ ခြောက်၍ပတ် ကြားအက်လာမှ ဒုတိယအကြိမ် ကြိတ်ရပြန်သည်။ ကြိတ်ပြီး ပြန့်ကျဲ နေသည့် ဆေးဒါန်းမှုန့်များကို လက်ခတ်ခေါ် ပေရွက် သို့မဟုတ် ထန်းရွက်ပြားလေးဖြင့်ခြစ်ပြီး စုပုံ၍ တတိယအကြိမ်မြောက် ကြိတ်ပေးပြီးလျှင် ပေါင်ဒါကဲ့သို့ မှုန့်ညက်နေသော ဆေးဒါန်းမှုန့်အဆင့် ရရှိရန်အတွက် အဝတ်ပါးနှင့် အမှုန့်ချရပြန်သည်။ ထို အဆင့်ပြီးက ဆေးဒါန်းအဝါမှုန့်ကို ယွန်းဆေးအဖြစ် အသုံးပြုနိုင်ပြီဖြစ်သည်။


ယွန်းဆေးစိမ်းဖော်စပ်ခြင်း
ယွန်းထည်ပေါ် ဆေးစိမ်းရောင် သွင်းရန် ရှေးခေတ်က ယခုလို ဓာတုဗေဒ ဆေးစိမ်းမပေါ်ရှိသေးသဖြင့် ဆေးဒါန်း ၁ဝ သားလျှင် မဲနယ် ငါးကျပ်သားရောပြီး သံပရာသီး အရည်တစ်လုံးစာထည့်ကာ ဆေးဒါန်းကြိတ်သည့်နှယ် ကျောက်ပြားပေါ်၌ ကြိတ်နယ်ပေးရသည်။ ရရှိလာသည့် ဆေးစိမ်းမှုန့်ကို ရေနှင့်ဖျော်၍ နေလှန်းအခြောက်ခံပြီး နောက်တစ်ပြန်ကြိတ်ပြီးက ယွန်းဆေး သွင်းနိုင်သော အဆင့်ရရှိပြီး ဖြစ်သည်။

အနက်ရောင်ဖော်စပ်ခြင်း
အနီ၊အညိုခံ ယွန်းထည်များကို အနက်ထည်များအား ပထမဆုံး အနီရောင် ဆေးသွင်းသကဲ့သို့ အနက်ရောင်ဆေးကို သွင်းကြရသည်။ နောက်ယွန်းခွဲအဆင့်မှ အဝါရောင်၊ ပြာစိမ်းရောင် ဆေးများသွင်းကြရသည်။

အနက်ရောင်ဆေးအတွက် ရှေးခေတ် ယွန်းသမားတို့က ကျပ်ခိုးစင်၌ စွဲကပ်နေသော ကျပ်ခိုးကိုဆီနှင့် သမအောင်မွှေကာ ကျောက်ပျဉ်ပေါ် ကြိတ်ပြီးမှ အခြောက်ခံနောက် တစ်ဖန်ထပ်ကြိတ်ပြီး အမှုန့်ပြုလုပ်ကာ အနက်ရောင်ဆေးအဖြစ် ဖော်စပ်အသုံးပြုကြသည်။ ယခုအခါ ကျောက်မီးသွေးကိုကြိတ်ပြီး အသုံး ပြုနေကြပြီဖြစ်သည်။

ကျောက်ဆွေးမှုန့်
ယွန်းထိုးမည့် အနက်ထည်များကို မီးသွေးမရှင်းမီ ဆီငွေ့၊ လက်ဆီ ငွေ့များကင်းအောင် ပထမ ကျောက်ဆွေးမှုန့်ဖြင့် ပွတ်တိုက်ပေးရသည်။ ယွန်းထိုး ဆေးရောင်သွင်းပြီး ယွန်းထည်များကိုလည်း မီးသွေးထိုး အရောင်တင်ပြီးနောက် ကျောက်ဆွေး မှုန့်နှင့်ပွတ်တိုက်၍ နောက်ဆုံး အရောင်တင် ကျောက်နှိပ်ပေးရသည်။ ထိုကျောက်ဆွေးမှုန့်အတွက် အင်ကြင်းကျောက်ဆွေးကို ကြိတ်ပြီးသုံးစွဲကြသည်။

မီးသွေး
မီးသွေးရှင်း၊ မီးသွေးထိုးရန် တွေ့ရာမီးသွေးကို သုံး၍မရ။ ကျွန်းသား မီးသွေးကိုသာ အမှုန့်ကြိတ်သုံးကြရသည်။ ကျွန်းသား အတုံးအစလေးများကို သံပြားပေါ်တင်၍ ပြာအဖြစ် မလောင်ကျွမ်းအောင်ဖုတ်ရသည်။ ဖုတ်ပြီး မီးသွေးခဲများကို ကျောက်ပျဉ်ပေါ် ရေပေး၍ မီးသွေးမှုန့်ဖြစ်အောင် အကြိမ်ကြိမ် ကြိတ်ပေးရသည်။

မြင်းမြီးယွန်းရေခွက်
ရှေးခေတ်က မြင်းမြီးရေခွက်ကို ယွန်းထိုးအဆင့်အထိ ထုတ်လုပ်ခဲ့ကြသည်။ ယခုအခါ မြင်းမြီး ရေခွက်ထုတ်လုပ်မှု နည်းခဲ့ပြီ ဖြစ်သည်။ အချို့ ယွန်းလုပ်ငန်းရှင်တို့ မြင်းမြီးရေခွက် ထုတ်လုပ်မှု ရှိသော်လည်း အနက် ထည်အဆင့်သာ ထုတ်လုပ်ကြတော့သည်။ မြင်းမြီးရေခွက် ရက်လုပ်သူလည်း ရှားပါးခဲ့ပြီဖြစ်သည်။



မြင်းမြီးရေခွက် ရက်လုပ်ရာတွင် အတိုင်ပင်ကို ဝါးနှီးပြားကလေးများကို အသုံးပြု ရက်လုပ် ကြရ သည် ။ မြင်းမြီးရေခွက်လုပ်မည့် နှီးပြားလေးများမှာ ရိုးရိုးဝါးနှီးအဖြူ ထည်ရက်လုပ်သည့် အတိုင်းပင် ပါးလျားသည်။ တိုင်ပင်နှီးပြားသေးရသည်။

မြင်းမြီးခွက်ကို ရက်လုပ်ရာ၌ သစ်သားပုံစံ ထောင်ခုံနှင့်ပင် ရက်လုပ်ကြသည်။ မြင်းမြီးခွက်ကို ကြောင်လိမ် ရက်နည်းဖြင့် နှစ်ပင်လိမ်၊ သုံးပင် လိမ်ရက်ရသည်။ မြင်းမြီးရေခွက်ရက် ရာတွင် ခက်ခဲသဖြင့် စိတ်ရှည်ရှည် အချိန်ယူရက်လုပ်ရသော ပညာရပ် ဖြစ်သည်။

မြင်းမြီးခွက် ရက်လုပ်ပြီးနောက် အနက်ထည် အဆင့်ဆင့်ကို စိတ်ရှည် စွာပြုလုပ်ကြရသည်။ စိတ်မရှည်၍ လုံးဝမဖြစ်။ မြင်းမြီးနှင့်သာ ရက်လုပ်ထားခြင်းဖြစ်၍ ကိုင်တွယ်ရာ၌ ဝါးနှီး ထည်လိုမဟုတ်။ ပျော့အိနေသဖြင့် သစ်သားပုံစံ၊ စိပုံစံခံပြီး အနက်ထည် အဆင့်ဆင့်ပြုလုပ်ကြရသည်။ ရှေးခေတ်က မြင်းမြီးခွက်ကို ယွန်းထိုး ရာတွင် အတွင်းက သစ်သားပုံ အဝတ်စများ ခုခံ၍ထိုးကြရသည်။ အနက်ထည်အဆင့်၊ ယွန်းထိုးပြီး အဆင့်၊ မြင်းမြီးရေခွက် နှုတ်ခမ်းနှစ် ခုကို လက်နှင့်ထိအောင် ဖိနှိပ်ကိုင် တွယ်ခံသည်အထိ ပျော့ပျောင်းသည်။

ထိုသို့ လက်မှုအနုပညာမြောက် ယွန်းထည်လက်ရာများ ထုတ်လုပ်သောကြောင့် ယွန်းလုပ်ငန်းဟုခေါ်သည်။ ယွန်းလက်ရာ၊ ယွန်းထည် ပစ္စည်းဟု ခေါ်သည်။

ယခုအခါ ကမ္ဘာက သတ်မှတ်ထားသော အဆင့်အတန်းမှာ သစ်စေးနှင့် ပြုလုပ်ထားသည့် ပစ္စည်းမှန်သမျှ ယွန်းထည်လက်ရာ၊ ယွန်းပစ္စည်းများအဖြစ် သိနေကြသည်။ ခေါ်ဝေါ်သုံးစွဲနေကြသည်။

အမှန်စစ်စစ်အားဖြင့် ရှေးခေတ်က တိုက်သမားကြီးများ၊ ယွန်းသမားကြီးများ၏ လုပ်ငန်းအခေါ်အရ မူလကပင် သစ်စေးထည်နှင့် ယွန်း ထည် ကွဲပြားပြီးဖြစ်သည်။

သစ်စေးအနီ၊ သစ်စေး အနက်သုတ်၍ ထုတ်လုပ်ရောင်းချသော ပန်း၊ ဆန်ခါများကို သစ်စေးပန်း၊ သစ်စေးဆန်ခါ၊ သစ်စေးအနီ၊ အနက် သုတ်ထားသည့် တောင်း၊ ခွက်တို့ ကို သစ်စေးတောင်း၊ သစ်စေးခွက်ဟု ပင်ခေါ်လေ့ရှိသည်။

ယွန်းအဆင့် မမည်သေးသောကြောင့် ရှေးက ယွန်းတပ်၍ မခေါ်ခဲ့ကြခြင်းဖြစ်သည်။

ဥပမာ ယွန်းကားချပ်ပြုလုပ်ရန် ရည်ရွယ်၍ သစ်စေးအနက် သုတ်လိမ်းထားပြီး ကားချပ်တစ်ခု။ ထိုကားချပ်ပေါ်တွင် ယွန်းထိုး အရောင်သွင်းခြင်းမပြုမီ သစ်စေးကားချပ် အဆင့်၊ အနက်ထည်အဆင့်သာ ဖြစ်သည်။ ယွန်းကားချပ်မဟုတ်သေး၍ ယွန်းကားချပ်မမည်ပါ။

ယင်းကားချပ်ပေါ်၌ အရုပ်၊ ပန်းခက်ဝေဝေဆာဆာ အနုပညာမြောက် ယွန်းထိုးပြီး ဆေးရောင်သွင်းလိုက် သောအခါတွင် ယွန်းကားချပ်အဖြစ် သို့ရောက်သွားတော့သည်။ သစ်စေးကားချပ် အနက်ထည် အဆင့်မှာလည်း အလိုအလျောက် ပျောက်ကွယ်သွားသကဲ့သို့ပင် ဖြစ်သည်။ ထို့အတူ သစ်စေးသုတ် အဆင့်သာပြု လုပ်ထားသော အနက်ထည်၊ အနီထည်၊ ယွန်းပစ္စည်းများကိုလည်း ယွန်းလက်ရာ၊ ယွန်းထည်ဟု မခေါ် နိုင်သကဲ့သို့ဖြစ်သည်။

စင်စစ် မြန်မာ့ရိုးရာ ပန်းဆယ်ဖြာကို လက်ခံမည်ဆိုက ထိုပန်းဆယ် ဖြာ၌ ပန်းယွန်းဟု တိတိပပ ပါဝင်သဖြင့် သစ်စေးထည်နှင့် ယွန်းထည် ကွဲပြားခြားနားလှသည်။ ယွန်းဟူသည် အရုပ်၊ ပန်းခက်ထိုး၍ ဆေးရောင်စုံသွင်း အနုပညာလက်ရာ မြောက် ပစ္စည်းများကိုသာ ယွန်း မည်သည်။

ယွန်းထိုးခြင်းအစ ပထမမှာ တမာရွက်၊ နှင်းဆီရွက်၊ ပိုးဇာရွက်၊ သြဇာရွက် သဏ္ဌာန်ယူထိုးခဲ့ကြပြီးမှ ပန်းပွား၊ ပန်းခက်၊ ကနုတ်၊ ခြူးနွယ်၊ သဇင်ခွေ၊ ဇင်းမယ်(ယိုးဒယား)ပန်းတို့ကို အခြေခံ ဆင့်ပွား သဏ္ဌာန်တူ ထိုးခဲ့ကြရာကစ၍ ပန်းယွန်းဖြစ်လာ သည်။ ထို့နောက် ပန်းခက်ကြားညှပ် ရုပ်ကြီး၊ ရုပ်သေး၊ နန်းထိုင် အခန်းနှင့် ၁၂ ရာသီ ဂြိုဟ်ရုပ်များ၊ တိရစ္ဆာန် ရုပ်အမျိုးမျိုးတို့ ဆင့်ပွား သဏ္ဌာန် ယူ ထိုးခဲ့ကြသည်။ ထို့ကြောင့် ယွန်း ထိုးလက်ရာ၊ ရွှေဇဝါယွန်းလက်ရာ၊ သရိုးပန်းကိုင်ရွှေချလက်ရာ ဖော်ကျူး ထားသော ပစ္စည်းများကိုသာ ပန်းယွန်း(ယွန်းထည်)ဟုခေါ်ဆိုနိုင်ပေသည်။

ယွန်းဟူသည်
တိတိဝန်းဝန်း ထိုးသည့် ယွန်း၊ အုတ်ခွက်ထိုးသည့်ယွန်း၊ ယွန်းထည်တို့သာ ယွန်းလုပ်ငန်းနှင့်ဆိုင်သည်။ ယွန်းလူမျိုး၊ ယွန်းယိုးဒယားနှင့် ဇင်း မယ်ယွန်း၊ ရှမ်းယွန်းတို့မှာ ယွန်းလုပ် ငန်းနှင့်မဆိုင်။ လူမျိုးနှင့် တိုင်းပြည်တို့ကို ရည်ညွှန်းသော အမည်တို့သာ ဖြစ်သည်။ ဂျပန်ယွန်း၊ တရုတ်ယွန်း၊ ယိုးဒယားယွန်း၊ မြန်မာယွန်းတို့မှာ ယွန်းထုတ်လုပ်သော လူမျိုးနှင့် နိုင်ငံကို အစွဲပြု အမည်များဖြစ်သည်။

ပုဂံခေတ်က ရာဇဝင် ထင်ရှား စောလူးမင်း၏သား စောယွန်း(စော ယွမ်း)မင်းသားနှင့် ကျောက်စာ၌ ထင်ရှားသော ကြွာမ်း (ဂျွမ်း၊ ခမာ)အရေး အသားတို့မှာလည် လူမျိုးအမည်နှင့် လူအမည်တို့သာဖြစ်သည်။ ယွန်းလုပ်ငန်း၊ ယွန်းထည်နှင့်မဆိုင်။ ယွန်းဟူသည် အဘယ်နည်း။ သစ်စေးထည်၊ သစ်စေးသုတ် အရာဝတ္ထုများအပေါ် ထိုးသည်ကို ယွန်း၊ ယွန်းထိုးဟု ခေါ်သည်။ ယွန်းထိုးခြင်းကို သံစုတ် နှင့်ထိုးရသည်။

သံစုတ်နှင့် ယွန်းထိုးရာ၌ ဗြိခနဲ နေအောင် သံစုတ်ကို လိုရာစွဲယူပြီး အရုပ်ပန်းခက်ဖော်၍မရ။ တဗြိဗြိနှင့် သံစုတ်အား ရှေ့သို့လိုရာ ယွန်းရွေ့ ယွန်းရွေ့ထိုးယူရမည့် အတတ်ပညာကို ယွန်းထိုး၊ ယွန်းထိုးပညာဟု ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။ ယွန်းဟူသည် ယွန်းထိုးလုပ်ငန်း၏ ပြုလုပ်ခြင်း အစွဲ ပြု ဝေါဟာရတစ်ရပ်ဖြစ်သည်။


ယွန်းထိုးအတတ်မှာ နက်နဲခက် ခဲ၍ ပညာပါသည်။ စုတ်ရာကို တိတိဝန်းဝန်း ထိုးတတ်ရသည်။ စုတ်ရာ မထောင့်မယွန်းအောင် ထိုးနိုင်ရသည်။ ယွန်းထိုးပညာ ပေါ်ဦးစက စက်ဝိုင်းကဲ့သို့ အဝန်းအဝိုင်း ဒီဇိုင်းများသာ ထိုးကြရသည်။ ဂေါက်သုံး၍ အခန်း ဖွဲ့ယွန်းထိုးခြင်းမှာ နောက်မှ ဆန်း သစ်လာသော ဒီဇိုင်းများဖြစ်သည်။

ယွန်းထိုးသည့် သံချွန်ကို စုတ်ဟုခေါ်ပြီး ပေစာရေးသည့် သံချွန်အား ကညစ်ဟု ခွဲခြားခေါ်ဆိုထားသည် ။ ထို့ပြင် သံချွန်ကို သုံးစွဲပြုလုပ်ခြင်း အတူတူ ယွန်းထိုးသည်။ ပေစာရေး သည်ဟု ကွဲပြားနေပြန်သည်။

ပေစာရေးထိုး သည်ဟူသော ဝေါဟာရထက် ပေထက် အက္ခရာ တင်သည်။ ပေစာရေးကူးသည်ဟုသာ အသုံးများသည်။


ပုဂံခေတ် မြန်မာကျောက်စာများတွင် ကျောက်စာထုသည်။ ကျောက်စာထိုးသည်ဟု နှစ်မျိုးတွေ့ရသည်။ ကျောက်စာကို ထွင်းထုခြင်း၊ ရေး ထိုးခြင်း ဝေါဟာရဆိုင်ရာ ကွဲပြားမှု ဖြစ်သည်။ ကျောက်စာကိုလည်း သံစို့နှင့် ထွင်းထုရေးထိုးကြသည်။ ယွန်းလုပ်ငန်း၌ သံစုတ်ဖြင့် အရုပ်ပန်းခက် ပုံဖော်ခြင်းကို ယွန်းထိုးသည်ဟု ဝေါ ဟာရတစ်မျိုးတည်းသာ ခေါ်ဆိုခဲ့ကြ သည်မှာ ထူးခြားသည်။

ယွန်းထိုးခြင်းမှာ သံစုတ်ကို အသွားဖော်ထားသည့် အထက်နားမှ ညာလက်မကို အတွင်းမှထား၍ အပြင်မှ လက်ညှိုး၊ လက်ခလယ် တို့ဖြင့် ညှပ်ကိုင်ပြီး ဘယ်လက်မထိပ်က ကိုင်ထားသည့် စုတ်တံ အောက်ခြေကို တွန်းပေးကာ အနက်ထည် မျက်နှာပြင် သစ်စေးသားကို ထိုးခွဲလျက် အရုပ်၊ ပန်းခက်များ ဖော် ယူခြင်းဖြစ်သည်။

သို့သော် ယွန်းဟူသည် ထိုစုတ်ထိုးပညာရပ်ကို ယွန်းဟု သတ်မှတ်ရုံနှင့် ပြီးပြည့်စုံပြီလော။ မေးစရာရှိ လာသည်။ ယွန်းလုပ်ငန်းတွင် ယွန်း ထိုးအဆင့်မှာ အဓိကကျသော်လည်း သစ်စေးနှင့် ပြုလုပ်ထားသော အရာ ဝတ္ထုပစ္စည်းများပေါ်တွင် ယွန်းထိုး ခြင်း အတတ်ဖြင့် ဖော်ကျူးပေးမှ သာ ပန်းယွန်း၊ ယွန်းထည်ဟူ၍ အမည်တပ်ခေါ်ဆိုနိုင်သည်။

ထိုယွန်းထိုးအတတ်နှင့် အခြား အရာဝတ္ထုတစ်ခုခုအပေါ် ဖော်ကျူးပေးသော်လည်း ယွန်းလက်ရာ၊ ယွန်းထည်ပစ္စည်း ဖြစ်မလာနိုင်။ အောက်ခံ အရာဝတ္ထုပစ္စည်းပေါ်မူတည်၍ အမည် အမျိုးမျိုးဖြစ်ပေါ်လာနိုင်သည်။ ဥပမာ ပေပေါ်အရုပ်၊ ပန်းခက် ရေးထိုးပါက ပေရေးပန်းချီ၊ သစ်သားပြားပေါ် အရုပ်၊ ပန်းခက် ရေးထိုးပါက သစ်ရေး၊ သစ်ထွင်းပန်းချီဖြစ်သွားသကဲ့ သို့ဖြစ်သည်။ သို့ဆိုလျှင် သစ်စေးဖြင့် ပြုလုပ်သည့် ပစ္စည်းတိုင်း ယွန်ပစ္စည်းများဟူ၍ ခေါ်ဆိုနိုင်ပြီလော။ ဤတွင် သစ်စေးထည်တိုင်းအား ယွန်းတပ်၍ ခေါ်ဆိုနိုင်သောအပိုင်းနှင့် ယွန်းမမည်သော ပစ္စည်းများ အပိုင်းဟူ၍ တွေ့ရသည်။ ယွန်းမမည်သော သစ်စေးသုတ် အဆင့်ရှိပစ္စည်း များကို ရှေ့တွင် ဖော်ပြခဲ့ပြီ။

ယွန်းထိုးရန် သတ်မှတ်ထားသည့် အနက်ထည်များကို အချောခံ အဆင့်ကပင် ယွန်းဝေါဟာရ သုံး၍ စတင်ခေါ်ဆို ခဲ့သည်။ ယွန်းချော၊ ယွန်းကိုင်၊ ယွန်းခံ၊ ယွန်းထပ်၊ ယွန်းလက်ပြီး အနက်ထည်တို့ကို ယွန်းဝေါဟာရထည့်၍ ယွန်းပစ္စည်းများအဆင့် ခေါ်ဆိုနေကြပြီဖြစ်သည်။

ထိုသို့ ယွန်းအဆင့်ပြုလုပ်ရန် သတ်မှတ်ထုတ်လုပ်သည့် ယွန်းအနက်ထည်ပေါ်တွင် ယွန်းထိုးအတတ်ဖြင့် ယွန်းထိုး၊ ယွန်းဆင်၊ အရုပ်ပန်းခက်များ ဖော်ဆောင်လိုက်သောအခါ ယွန်းလက်ရာ ယွန်းထည် ပစ္စည်း အဆင့် သို့ ရောက်သွားတော့ သည်။

ယွန်းဟူသည် သစ်စေးနှင့် ယွန်း အတတ်ပညာ နှစ်ရပ်ပေါင်းစပ်မှုမှ ဖြစ်ပေါ်လာသော ဝေါဟာရဖြစ်သည်။ ထိုပေါင်းစပ်မှုနှစ်ရပ်မှ ဖြစ်ပေါ် လာသည့် လုပ်ငန်းအဆင့်ဆင့်ကို ယွန်းလုပ်ငန်းဟု ခေါ်ဆိုခြင်းဖြစ် သည်။

မှတ်သားရန်မှာ သစ်စေးတောင်း၊ သစ်စေးဆန်ကော၊ သစ်စေး ဆန်ခါကဲ့သို့ ပစ္စည်းများသည် ယွန်း ထိုးရန် ထုတ်ခြင်းမဟုတ်ပါ။ အကြမ်းထည်များဖြစ်၍ ယွန်းထိုး၍ မရပါ။ ယွန်းထိုးမည့် ပစ္စည်းများက သီးခြားထုတ်လုပ်ရသည်။ သစ်စေးနှင့် ဖက်စပ်ပြုလုပ်ထားသော်လည်း ယွန်း မမည်သောအရာများစွာရှိသည်။ သား ရိုးနှင့်သစ်စေးရောစပ် ပြုလုပ်ထာသည့် ရုပ်ပွား ဆင်းတုစေတီ ပုထိုးများကို သားရိုးဘုရား၊ သစ်စေးပုထိုး၊ သစ်စေး သားရိုးမံ၍ပြုလုပ်သော ရုပ် ပွားဆင်းတုတော်များကို မံဘုရား၊ သစ်စေးအတွင်း အပြင် သုတ်လိမ်း ထားသည့် ပုံး၊ ခွက်တို့ကို သစ်စေး ပုံး၊ သစ်စေးခွက် အမည် ခွဲခြားသတ် မှတ်ခေါ်ခဲ့ကြသည်။
ပုဂံခေတ်ကလည်း သစ်စေးနှင့် ရောစပ်ပြုလုပ်ထားသော ပုထိုးတို့ကို ဟင်္သာပြဒါးပုထိုး၊ ဆေးဒါန်းပုထိုး စသည်ဖြင့် ဟင်္သာပြဒါး၊ ဆေးဒါန်း အစွဲပြု ဝေါဟာရအမည်များကို တွေ့ ရသည်။

ပုဂံခေတ်တွင် ပန်းဆယ်မျိုး စလုံးအပြည့်အစုံ မတွေ့ရသေးပါ။ ပန်းဘဲ (ပန်းပဲ)၊ ပန်းခီ(ပန်းချီ)၊ ပန်းထျာန်(ပန်းထိမ်)၊ ပုရာမ်(ပန်းရံ)၊ ပန်းရန်ထိုမျှသာ ကျောက်စာ၌တွေ့ရ သည်။ အင်္ဂတေပန်း၊ အင်္ဂတေရုပ် ထုလုပ်သူတို့ကိုလည်း ပန်းတော့ဟု ဝေါဟာရ မရှိသေးပါ။

အမတ် ညာဏပိစည် (၅၉၉) ကျောက်စာတွင် ပန်းရံသမား၊ ပန်းချီ သမားတို့၏ အမည်ကိုတွေ့ရသည်။ ဂူပန်းရံ သမား ဗုဒ္ဓလင်္ကာနှင့် ပန်းချီ သမား စိတ္တရာဗိစည်တို့ဖြစ်သည်။ ဂူထွက်သမား၊ ဘုရားသမား၊ အင်္ဂတေ အသုံးအခေါ်ကိုလည်း တွေ့ရသည်။ ပန်းဆယ်မျိုးအတတ်ပညာ အပြည့် အစုံစတင်ဖော်ပြသော ခေတ်မှာ အင်းဝနှင့် ညောင်ရမ်းခေတ်မှဖြစ် သည်။

ဒုတိယ အင်းဝခေတ် (ညောင် ရမ်းခေတ် ၉၅၉-၁၁၁၃) ပခန်းကြီး အရှင်ကုမာရကဿပ၏ ဓမ္မရာသီပျို့ တွင်-
'စိအုဉ်ပန်းရန်၊ ကောင်းမွန်ပြေ ပြစ်
အင်္ဂတေအတတ်၊ မည်မှတ် ပန်းတော့
တမော့ကားကျောက်၊ လက်ရာ မြောက်လွန်း
ဤတသွန်းကား၊ ထူးဆန်း ရုပ်ထု
ပန်းပုခေါ်မည်၊ ရေးသည်ပန်းချီ
လုံးညီခံမှတ်၊ ပန်းပွတ်တဖြာ
ပူတာလုပ်ငြား၊ ပန်းခေတ်များက
တခြားဝေဖန်၊ ဤတသွန်နှင့်
ထက်ချွန်လှံ ဓား၊ သံအားခိုင်မြဲ
ပန်းပဲတရေ၊ ကြေးမှတ်တတ်သည်
ပန်းတဉ်းမည်၏။ အရည်လျှံထွေ
ရွှေ၊ ငွေကစ၊ တတ်သမျှကား
မည်ရသဘော
ပန်းထိမ်လောသား၊ ဖော်နှောရုံးမှု

ဤအစုသည်' ဟုတွေ့ရသည်။ ဤတွင် ပူတာ ပန်းခက် အတတ်ဟုသာ ပြဆိုသေးသည်။ ပန်းယွန်း အတတ်ဟု မပြဆိုသေးပါ။ ပူတာကို ဆရာယုဒသန်က အဖုံးပါသော တောင်း၊ တံတင်းပူတာအား ကျော် အောင်စံထား ဆရာတော်က ဥစ္စာ သိုမှီရာ၊ သစ်ဘဏ္ဍာ၊ နှီးဘဏ္ဍာ၊ ဆရာကြီး ဦးဖိုးလတ်က ပူတာ ဆိုသည် ဝါးနှီးရက်ထည် ပစ္စည်းစသည် ဖြင့် ဖွင့်ဆိုကြသည်။ ပူတာ ပန်းခတ် အတတ်မှာ ပန်းယွန်းအတတ်ပညာ ရှေ့ပြေးဟု ယူကောင်းယူရမည်ထင် သည်။ သို့သော် ပန်းယွန်းအသုံးကိုမူ ကုန်းဘောင်ခေတ်နောက်ပိုင်းမှ သုံး လာခဲ့သည်။

သို့နှင့် သစ်စေးနှင့်ပြုလုပ်ထားသည့် ပစ္စည်းအမျိုးမျိုးပေါ်တွင် ပန်းယွန်းအတတ်၊ ရွှေရေး၊ ရွှေချအတတ်၊ သားရိုးခင်း အတတ်ပညာတို့ဖြင့် ဖော်ကျူးထားသော အနုပညာ လက်ရာပါမှသာ ပန်းယွန်းဟူသော အသုံးအနှုန်းကိုမူ ကုန်းဘောင်ခေတ် နောက်ပိုင်းမှ လှိုင်လှိုင် သုံးလာခဲ့ကြသည်။

နိဂုံး
သို့ဖြင့် သစ်စေးနှင့်ပြုလုပ်ထားသည့် ပစ္စည်းအမျိုးမျိုးပေါ်တွင် ပန်း ယွန်းအတတ်၊ ရွှေရေး၊ ရွှေချ အတတ်၊ သားရိုးခင်းအတတ် ပညာ တို့ဖြင့် ဖော်ကျူးထားသော အနုပညာ လက်ရာပါမှသာ ပန်းယွန်း၊ ပန်းထည် မည်သည်။

သို့ဆိုလျှင် ယနေ့ သစ်စေးနှင့် ပြုလုပ်သမျှ ပစ္စည်းမှန်လျှင် ယွန်းထည်ဟု ခေါ်ဆိုနေကြသည်မှာ မမှန် တော့ပြီလား။

မှန်ပါသည်။ ထိုလုပ်ငန်းကြီးများ၏ များစွာသော လက်မှုပညာ အဆင့်ဆင့်တွင် ပန်းယွန်းလက်မှု အတတ်ပညာမှာ အနက်နဲဆုံးနှင့် အခက်ခဲဆုံး ဖြစ်သည့်အပြင် ထင်ရှားပေါ်လွင်သော လုပ်ငန်းပိုင်းလည်း ဖြစ်သည်။ အဓိကကျသော ပညာရပ်လည်းဖြစ်သည်။ ထိုပန်းယွန်း ပညာလုပ်ငန်းပိုင်းကို အစွဲပြု၊ ဂုဏ်ပြု ခေါ်ဆိုသောအားဖြင့် ယွန်းထည် လုပ်ငန်း၊ ယွန်းပညာ၊ ယွန်းထည် စသဖြင့် အမည်များဖြစ်လာပြီးနောက် ယွန်းလုပ်ငန်းကြီးမှ သစ်စေးနှင့် ပြုလုပ်သမျှ ပစ္စည်းမှန်သမျှကိုလည်း ယခုအခါ ယွန်းဟူ၍ အစွဲပြု အမည်အဖြစ် ခေါ်ဝေါ်နေကြခြင်းသာ ဖြစ်ကြောင်းတင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။

ကညစ်ယွန်း ဒီဇိုင်းများ
 ပန်းဒီဇိုင်း
 ၁။ တစ်လိပ်ပန်း(သဇင်ခွေ)
 ၂။ ကြာဖတ်
 ၃။ ကြာပွင့်
 ၄။ ကြာစိတ်
 ၅။ ရွက်လှပန်း
 ၆။ ပန်းပေါက်
 ၇။ ပန်းပွား
 ၈။ ဇာပန်း
 ၉။ နဂါးလိမ်
 ၁ဝ။ ခိုနန်းခန်းပြတ်
 ၁၁။ ဇင်းမယ် (ယိုးဒယားပန်း)
 ၁၂။ ရွှေပြည်ကြီး(တမာရွက်ပုံ)
 ၁၃။ မြတဘက်(နှင်းဆီရွက်ပုံ)
 ပန်းယွန်းအမျိုးအစား
 ၁။ ကြည်တော်မူယွန်း
 ၂။ ရုပ်ကြီးယွန်း
 ၃။ ရုပ်သေးယွန်း
 ၄။ အခန်းယွန်း
 ၅။ ရှောက်ယွန်း
 ၆။ တို့ယွန်း
 ၇။ ရွှေဇဝါယွန်း(ရွှေရေး)
 ၈။ သားရိုးပန်းယွန်း
 အရုပ်ဒီဇိုင်း
 ၁။ ရုပ်ကြီး
 ၂။ ရုပ်သေး
 ၃။ ရုပ်သေးစုံ
 ၄။ ရုပ်သေး ရုပ်ပြ
 ၅။ ဂြိုဟ်ကြီးရှစ်လုံး
 ၆။ (၁၂)၊ ရာသီရုပ်
 ၇။ ရုပ်လှ၊ ပန်းကြွ
 ၈။ ထွက်စည်ဝင်စည်
 ၉။ ရုပ်ကြီးနန်းထိုင်
 ၁ဝ။ ရုပ်လုံးကြီးနန်းထိုင်
 ၁၁။ ရာမဇာတ်
 (ညောင်ရမ်းခေတ်)
 ၁၂။ ဇာတ်ကြီးဆယ်ဘွဲ့
 (အင်းဝခေတ်)
 ၁၃။ ငါးရာငါးဆယ်
 (ရတနာပုံခေတ်)
 ၁၄။ ဖွားတော်မူခန်း(ပုဂံခေတ်)
 ၁၅။ တောထွက်ခန်း(ပုဂံခေတ်)
 ၁၆။ ဆံတော်ပယ်ခန်း(ပုဂံခေတ်)
 ၁၇။ နံရံပန်းချီမျိုးစုံ
 (ခေတ်လေးခေတ်)
 ယွန်းဆင်
 ၁။ အကြမ်းဆင်
 ၂။ ရုပ်သေးဆင်
 ၃။ ရုပ်ကြီးဇာတ်ကွက်ဆင်
 ၄။ အခန်းဆင်
 ၅။ ဇာယွန်း
 ၆။ ကွင်းယှက်
 ၇။ မြင့်မိုရ်
 ၈။ ဆီးကြိုဆယ်
 ၉။ နဂါးလိမ်
 ၁ဝ။ ရုပ်စုံ
 ၁၁။ ရုပ်သေးရုပ်စုံ

 မောင်ကြည်ပန်း ( မြင်းကပါ )

  ကမ္ဘာသစ် မြန်မာ Fan Page

No comments:

Recent Posts

လစဉ်အလိုက် တင်ခဲ့သော ပိုစ့်များ

Popular Posts

မြန်မာ့မြေ

erer-outer'>