မဟာရန်ကုန်မှ အထက်ဘက် မိုင် ၂၈၀ အကွာတွင် ကျွန်တော်၏ဇာတိမြို့ကလေး ရှိသည်။ တောင်တွင်းကြီး ဟု ခေါ်သည်။ ရန်ကုန် - ပြည်လမ်းအတိုင်း သွားရ၏။ ရန်ကုန်မှ ပြည်၊ ပြည်မှ အောင်လံ၊ အောင်လံ ပြီးလျှင် တောင်တွင်းကြီး ဆီသို့ ရောက်သည်။ ရန်ကုန်မှ ည ၇ နာရီ ကားစီး လျှင် တောင်တွင်း သို့ မနက် ၅ နာရီ ( သို့မဟုတ် ) ၆ နာရီခန့်ဆိုလျှင် ရောက်တတ်သည်။
ရန်ကုန်မှအထွက် မှော်ဘီ၊ တိုက်ကြီးမြို့များရောက်လျှင်ပင် လယ်ကွင်းစပါးခင်းများ တပြန့်တပြူး ရှုမျှော် မဆုံး တွေ့ရမည်။ ပြည်မြို့နားရောက်တော့ ဧရာဝတီမြစ်ကြီးကို တွေ့ရမည်။ သစ်တော သစ်ပင် မြင်ကွင်းများ စိမ်းလန်းစိုပြေသည်။ ပြည်မြို့မှ အောင်လံမြို့ကြားတွင်လည်း အောက်ပိုင်းမှာလောက် လယ်ကွင်းစပါးခင်းများမှာ မျက်စိတဆုံး မတွေ့ရ သော် လည်း သစ်ပင်ကြီးငယ် ၊ ချောင်းများ မြောင်းများ ဖြင့် တောရိပ်တောင်ရိပ်ကို တွေ့နေ ရသေးသည်။
အောင်လံမြို့အလွန် ကျွန်တော်တို့တောင်တွင်းဘက် ရောက်ခါနီးကျတော့ ရှုမျှော်ခင်းက အပြောင်းလဲ ကြီး ပြောင်းလဲသွားတော့၏။ အောက်ပိုင်းမှာ စပါးခင်းတွေ မျက်စိတဆုံးမြင်ရသလို ကျွန်တော်တို့ မြို့အ၀င်တွင် မျက်စိတဆုံး မြင်တွေ့လိုက်ရသည်ကတော့ “လွင်တီးခေါင် လိပ်ကျောကုန်းကန္တာမြေ” သာ ဖြစ်တော့သည်။ ရန်ကုန်၊ ပြည်၊ အောင်လံနှင့် ကျွန်တော်တို့မြို့ကလေးကို စည်းခြားထားသော နယ်ခြားထားသော အရာမှာ အရပ်ရှစ်မျက်နှာ မိုင် ၂၀ ၀န်းကျင် ကျယ်ပြန့် သော ထို “ လွင်တီးခေါင် ကန္တာရ” ဖြစ်တော့သည်။
အောင်လံမြို့နယ်ကို လွန်၍ မိုင် ၃၀ ခန့်အရောက်တွင် ထိုခြောက်သွေ့သော လွင်တီးခေါင်လိပ်ကျောကုန်းများကို ကြည့်လေရာရာ မျက်စိတဆုံး မြင်တွေ့ရပေလိမ့်မည်။
ကန္တာရ၏ အရှေ့ဘက်အစွန်တွင် ပဲခူးရိုးမရှိ၍ ကန္တာရ၏ အနောက်ဘက်တွင် ဧရာဝတီမြစ်ကြီးရှိနေသည်။ တကယ်တော့ သည်ကန္တာရမြေသည် ဆင်ပေါင်ဝဲမြို့နယ်နှင့် တောင်တွင်ကြီးမြို့နယ် နှစ်ခုစလုံးတွင် ပါဝင်သည်။ သို့သော် ဆင်ပေါင်ဝဲမြို့က ပြည်လမ်းပေါ်တွင်မရှိ။ မရှိရခြင်း အကြောင်းမှာလည်း သည်နေရာက ကန္တာရမြေ ဖြစ်နေခြင်းကြောင့်ဟု ကျွန်တော် စဉ်းစားမိသည်။ ထို့ကြောင့် ဆင်ပေါင်ဝဲမြို့ကလေးသည် ပြည်လမ်းနှင့်လည်း ၁၀ မိုင်ခန့်ဝေး၊ ဧရာဝတီမြစ်ကြီး နှင့်လည်း ငါးမိုင်ခန့်ဝေးသော နေရာတွင် အထီးတည်း တည်နေရလေသည်။
သည်နေရာ ရောက်လေတိုင်း သည်လွင်တီးခေါင်ကို ဖြတ်ရတိုင်း အဆိုတော် လက်ပံတန်းသန်းတင်၏ “မေတ္တာမိုးခေါင် သဲသောင်ကန္တာရမှာ ပန်းမျိုးစေ့ကို ပျိုးမိသလိုညီ..” ဆိုတဲ့ သီချင်းလေးတစ်ပုဒ်ကို နားထဲတွင် ကြားယောင်နေမိတတ်သည်။
ကျွန်တော် အသက်အရွယ်ငယ်စဉ် သည်ကန္တာရကို ဖြတ်ရသည့်အခါတိုင်း ငြီးငွေ့စရာပါတကား၊ စိတ်မချမ်းမြေ့ စရာပါတကားဟု အောက်မေ့ကာ အဆိုးမြင်တတ်လေ့ ရှိ၏။ သစ်ပင်မရှိ၊ သက်ရှိသတ္တ၀ါ၏ အရိပ်အယောင် မတွေ့ရ၊ ဘာမျှ မရှိသော လိပ်ကျောကုန်းများကို ဖြတ်သန်းရတိုင်း ငြီးငွေ့မှုနှင့်အတူ စိတ်ပျက်ခြင်း၊ သိမ်ငယ်ခြင်း၊ အားလျော့ခြင်း ခံစားမှုများ ဖြစ်ပေါ်တတ်လေ့ရှိသည်။ သည်လို မြင်ကွင်းမျိုးကို မမြင်လို မတွေ့လို ဖြစ်ခဲ့သည်။
ငယ်စဉ်ကဆိုသော်လည်း အတိအကျ ပြောရလျှင် အသက် ၄၀ အရွယ်လောက်ထိ ဖြစ်သည်။ သို့သော် အသက် ၄၀ အရွယ်ရောက်တော့ သည် လွင်တီးခေါင်ကို ဖြတ်သန်းနေရသည့် အခိုက်တွင်ပင် အမြင် တစ်မျိုး ပြောင်းလဲသွား တော့၏။ လောက ဆိုသည်မှာ စိမ်းလန်းနေသည်ချည်း မဟုတ် ၊ ခြောက်သွေ့နေသည်ကိုလည်း ကြုံရမည်။ သစ်တော သစ်ပင် မြစ်ချောင်း အင်းအိုင်ကိုချည်း တွေ့ရမည် မဟုတ်။ အရိပ်အာဝါသ ကင်းမဲ့သော လူသူတိရစ္ဆာန်ကင်းမဲ့သော ကန္တာ ရ များကိုလည်း ကြုံဆုံရမည်မှာ ဓမ္မတာ ဖြစ်သည်ဟု ဖြေတွေးတွေးကြည့်ခဲ့သည်။
ပြီးတော့ လွင်တီးခေါင်၏ အလှကို ရှာကြည့်သည်။ ဆံကေသာရွှေဝါရောင်၊ မျက်လုံးပြာလဲ့၊ အသားဖြူ ခန္ဓာကိုယ် ဖွံ့ဖြိုးသော အင်္ဂလိပ်မတွင်မှ အလှရှိသည်မဟုတ် အသားမဟူရာ၊ နှုတ်ခမ်းထူထူ၊ ခန္ဓာကိုယ်သွယ်နွဲ့သော ကပ္ပလီမ တွင်လည်း အလှရှိသည်။ အသားဝါသော မျက်ပေါက်ကျဉ်းသော ၀၀ကစ်ကစ် တရုတ်မလေးတွင်လည်း အလှရှိသည်။ ထို့အတူပဲ သစ်တောသစ်ပင်တွင် အလှရှိသလို ရေခဲတောင်တွင် အလှရှိသလို သဲကန္တာရတွင်တလည်း သူ့အလှနှင့်သူ ရှိသည်ဟု ကျွန်တော် မြင်လာတော့သည်။
လွင်တီးခေါင်တွင် လူမရှိ၊ သစ်ပင်မရှိသဖြင့် တိတ်ဆိတ်မှုက သိသိသာသာ ကြီးစိုးသည်။ ဟင်းလင်းပြင် ခံစားမှုက လယ်ကွင်းများ၏ ခံစားမှုနှင့်မတူ၊ အထီးကျန် အဖြစ်ဆုံး ခံစားမှုကို ရသည်။ ထို့အတူ ပုဂ္ဂလိက ဘ၀သည် ထင်ရှားလာသည်။ လွင်တီးခေါင်တွင် အသက်ဇီဝ အစအနပင် မမြင်ရသဖြင့် မိမိ၏ အသက်ရှိမှုသည် အဖြူပေါ်တွင် မင်စက်တစ်စက်ကျသလို ထင်ရှားလာသည်။ အသက်ရှင်သန်နေရခြင်း၏ ထူးထွေသော ၊ ထွေပြားသော၊ အမည်ဖော်၍ မရသော စိတ်ခံစားမှုကို ရသည်။
ထိုသို့ အသွင်မတူ အမြင်ကွဲပြားသော လွင်တီးခေါင် ကန္တာရကို အတန်ကြာဖြတ်သန်းပြီးသောအခါ ကျွန်တော်တို့ မြို့နား နီးလာသောအခါ သစ်ပင်တောတန်း အစအနကို မြင်လာရသည်။ လယ်ကွင်းနှင့် ထန်းတော၊ ရေကန်နှင့်ချောင်းများ ကို မြင်လာရပြီး တောအုပ်စိမ်းစိုသော “တောင်တွင်းကြီး” မြို့ကလေးအတွင်းသို့ ရောက်တော့သည်။ ကျွန်တော်၏ မြို့ကလေးကို ကန္တာရ၀န်းရံထားသော အိုအေစစ်ဟူ၍ပင် တင်စားရပေတော့မည်။
ယခုအခါ ရန်ကုန်မှ တောင်တွင်းသို့ ပြန်လေတိုင်း ကျွန်တော်မြင်လို တွေ့လို စူးစူးစိုက်စိုက် ကြည့်လိုသော အရာမှာ ဤ လွင်တီးခေါင် ကန္တာရသာ ဖြစ်တော့သည်။ ယခုအခါ ကျွန်တော်သူ့ကို ကြည့်ပုံသည် မနှစ်သက်ရာမှ ပို၍ ခင်မင် နှစ်လိုဖွယ်ကောင်းလာသော မိတ်ဟောင်းဆွေဟောင်း တစ်ယောက်ကို ကြည့်နေပုံမျိုး ဖြစ်လိမ့်မည် ထင်သည်။
ထွန်းဝေမြင့်
ဇူလိုင်၊ ၂၀၀၆၊ ချင်းတွင်းမဂ္ဂဇင်း
ဗိဿနိုးမြို့ဟောင်းရာ |
No comments:
Post a Comment